Wednesday, October 13, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၃)

တတိယထပ် ညာဘက်ခြမ်း အပေါ်လွှာ

နံနက်ငါးနာရီခွဲ သံတံခါးဆွဲဖွင့်သံဟာ ဒေါ်လေးရဲ့ နိုးတစ်ဝက် အိပ်မက်ထဲမှာတော့ ငလျင်လှုပ်ပြီး တော်လဲ သံ ဖြစ်နေတတ်တယ်။ ကြောက်စိတ်ကို အတင်းချိုးနှိမ်ရင်း ဖျတ်ခနဲ ပေါ်လာတဲ့ အသိစိတ် ထဲမှာ ဒါ ငါးနာရီခွဲ၊ ဟိုဘက်ခန်းက လူ့ခွစာကြီး မိန်းမလေး ရေခလုတ် ဆင်းဖွင့်တာပါလို့ မှတ်နေ ရင်းကနေ တဝေါဝေါ မြည်တဲ့ ငလျင်သံကို ပြောင်းလဲသွားပြန်တယ်။

ဘုရား ... ဘုရား ငလျင်လှုပ်တော့မယ်။ ငလျင် လှုပ်တော့မယ်။ ငလျင်များ လှုပ်လို့ကတော့ ကန်ထရိုက် တိုက် တွေ အကုန်သွားမှာပဲတဲ့။ အပေါ်ဆုံးထပ်နေတဲ့ သူကတော့ အရိုးအသားတောင် ရှာတွေ့မှာ မဟုတ်ဘူး တဲ့။ ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ရေ၊ မောင်းမကြီးတို့ တူဝရီးကို ပစ်မထားပါနဲ့ဘုရား။ ကယ်တော်မူပါ့ ဘုရာ့။ ကိုကြီးကျော်ရေ၊ ဖေကြီးကျော်ရေ ... ကြည့်မနေနဲ့နော်။ နံကရိုင်းမယ်တော်ကြီး ဘုရာ့၊ သမီးတော် တို့ကို စောင့်ရှောက်တော်မူပါဘုရား။

မွန်၊ မွန်၊ အငယ်လေး၊ တူမလေး ပစ္စည်းတွေ သိမ်းဟဲ့။ ဟိုအထုပ်ကို အလျင်ယူလေ။ ဒီအထုပ်လေး ပါမှ ညည်း နဲ့ ငါ ရှေ့ဘ၀ခရီး ဆက်နိုင်မှာ သိရဲ့လား။ မစားရက် မသောက်ရက် တို့တူဝရီး စုခဲ ဆောင်းခဲ့ သမျှ လေးတွေ၊ စုခဲ့ဆောင်းခဲ့သမျှလေးတွေ။ မွန် ... တူမ၊ မီးပူလဲယူ၊ ပန်ကာလဲယူ၊ အ၀တ်အစားလဲ ယူနော်၊ စက်ခေါင်း လဲ ဖြုတ်ယူခဲ့၊ အမယ်လေး ... နှမြောဆုံးကတော့ ရှိုးကေ့စ် ဗီရိုထဲက ပန်းကန်ခွက်ယောက် တွေပါပဲ၊ အဖေတို့ အမေတို့ လက်ထက်ကတည်း မသုံးရက် မစွဲ ရက် သိမ်းထားခဲ့တာတွေ။ ဒါတွေကို ဘယ့်နှယ် လုပ်မလဲ။ ထားပစ်ခဲ့ရလို့ကတော့  အကုန် မွမွကြေ မှာပဲ။ ဘယ့်နှယ်များ လုပ်ရပါ့မတုံး။ ငါ့ကြောင် လေး တွေရော ဘယ့်နှယ်လုပ်မလဲ။ ငါ့သားသမီးလေး တွေ သေရရှာတော့မယ်။

ကိုကြီးနဲ့ ကိုလေးရေ ... တို့ တူဝရီး ခုလို ဒုက္ခရောက်ရတာ နင်တို့ကြောင့်ဟဲ့၊ နင်တို့ကြောင့်။ သြော် ... တကယ် ဆို ငါ့အစ်မ၊ ငါ့ညီမနဲ့ ငါတို့တူမ မိမဲ့ ဖမဲ့လေး၊ အားကိုးမရှိတာ မရှိ သနားပါတယ်၊ တစ်သက်လုံး နေခဲ့တဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာပဲ နေပါစေတော့။ မိဘခေါင်းချတဲ့ နေရာလေးကိုလဲ ခြေရာလက်ရာ မပျက် စေနဲ့၊ ဒါကို ထုခွဲပြီးတော့ဖြင့် တို့မယူဘူး ရယ်လို့များ မရှိဘူး၊ အဖေတို့ အမေ တို့သဘော နှစ်ပတ်လည် ပါစေဦးလို့ တောင်းပန်ယူရတဲ့အထိ၊ အိမ်နဲ့မြေကို ရောင်းချ ခွဲယူဖို့ တပြင် ပြင် လုပ်တာလေ၊ မကောင်းလိုက် ကြတဲ့ ဟာတွေ၊ ကိုယ့်မှာဖြင့် ငိုရတာ မျက်ရည်နဲ့မျက်ခွက်။

အလို ... မီးချောင်းတွေ၊ မီးလုံးတွေ အရမ်းခါလို့ပါလား။ ငလျင်လှုပ်နေပြီ ထင်တယ်၊ ဟုတ်တယ်၊ ငလျင် လှုပ်နေပြီး တိုက်ကြီး ပြိုတော့မယ် ထင်တယ်၊ ဒီတိုက်ကြီးပြို၇င် လှည်းတန်းဈေးကြီးလဲ ပြိုမှာပေါ့၊ ဈေးပြိုရင် ဆိုင်ပါပြိုပြီ၊ ဆိုင်မှာ ပစ္စည်းတွေ အများကြီး၊ အထည်တွေ၊ သနပ်ခါးတုံးတွေ၊ ပုံရည်ကြီးထုပ်တွေ၊ သရက်သီး သနပ် ပုလင်းတွေ၊ မလုပ်ပါနဲ့ ဈေးကြီး မပြိုပါနဲ့၊ မွန် ... မွန်ရေ ... လုပ်ပါဦး၊ ကြီးမေ  ကြောက်လိုက်တာ။

"ကြီးမေ၊ ကြီးမေကလဲ ဖြစ်ပြန်ပြီ၊ ကြီးမေလို့ဆို"
ပါးစပ်ကနေ မပီမသတွေ ၀ူးဝူးဝါးဝါးအော်နေတဲ့ ဒေါ်ခင်လေး ခန္ဓာကိုယ်ပိန်ပိန်လေးကို မယဉ်မွန်က ခပ်ကြမ်းကြမ်း လေး လှုပ်နှိုးလိုက်တယ်။
ဒေါ်ခင်လေး မျက်လုံးတွေ ပွင့်လာတယ်၊ ထုံးစံအတိုင်း "အင်"၊ "အယ်"နဲ့ ဖြစ်နေပြီ ရုတ်တရက် ထလိုက် တယ်။
"ဘုရား ...၊ ဘုရား ... မောလိုက်တာ၊ ကြီးမေကို ရေတစ်ခွက် ပေးစမ်းမွန်"

ခုတင်ဘေး စားပွဲပေါ်က မြေရေတကောင်းထဲကနေ ဒန်ရေခွက်ထဲကို မယဉ်မွန် ရေတစ်ခွက် ငှဲ့ရ တယ်။ အရက်သမား များလို ရေကို အိပ်ရာဘေးမှာ ဒေါ်ခင်လေး ထားအိပ်ရတယ်လေ။ မြေရေ တကောင်းကို လေး လို့ တူမလုပ်သူ က ပလတ်စတစ် ရေချိုင့်သုံးဖို့ အကြံပေးပေမယ့် ဒေါ်ခင်လေး က မသုံး၊ ပလတ်စတစ် စော်နံသတဲ့၊ တကယ်တော့ ပလတ်စတစ်က ဈေးကြီးပြီး မြေရေ တကောင်းက ဈေးပေါလို့ပါ၊ ရေခွက်လဲ တော်ပါပြီ၊ ဒန်ရေခွက်လေးဆို၊ စတီးခွက်သေးတွေ ဘာတွေ ၀ယ်မနေပါဘူး၊ စတီးခွက်လတ်တစ်လုံး ၀ယ်ထားတာ ဧည့်ခန်းရှိုးကေ့စ်ဗီရိုထဲမှာ ရှိသား ပဲ။ ဧည့်သည်လာလို့ ရေသောက်ချင်တယ်ဆိုရင် ခပ်ပေး ဖို့ပေါ့။ လူနှစ်ယောက်တည်းပဲ ဖြစ်ဖြစ်၊ နှစ်ဖဲ့တည်းဖြစ်ဖြစ် ဒီခေတ်ကြီးမှာ ချွေတာနိုင်မှ၊ စစ်စီနိုင်မှ တော်ရုံ ကျမယ်လေ။

"ကြီးမေကလဲ ပက်လက်မအိပ်ပါနဲ့ဆို ပြောမရဘူး။ ပတ်လက်အိပ်ရင်း ကြီးမေ ဒီလိုဖြစ်တာပဲ"
"ဟုတ်ပါဘူးအေ၊ အိပ်မက်ပါ၊ အိပ်မက်ဆိုးတွေ မက်ရင်း ဒီလိုဖြစ်တာပဲ"
ချွေးရွှဲ နေတဲ့ ဘိုးတော်ဘုရားလက်ထက်က ဆွယ်တာအနီပိုးပေါက်အကျပ်ကို ဒေါ်ခင်လေးက ချွတ် လိုက်တယ်၊ ဘယ်လောက် ဟောင်းဟောင်း အရောင်မပြယ် မလွင့်တဲ့ သိုးမွေးချည်ကို ဒေါ်ခင်လေး ဂုဏ်ယူ နေကျ၊ သူရဲ့ ဆောင်းတွင်းလက်စွဲ ည၀တ်အင်္ကျီလေ။

မယဉ်မွန်က အဒေါ်လုပ်သူရဲ့ ကြားနေကျ ငလျင် အိပ်မက်ကို ရှောင်တိမ်းဖို့အတွက် အိပ်ခန်း ပြင်ဘက်ကို ထွက်တယ်။
"ကြီးမေ ... မွန် ကြောင်စာအိုး တည်ထားခဲ့တယ်၊ ကြီးမေ သားသမီးတွေက တောင်းလှပြီ"
သူ့အိပ်မက် ကို မပြောလိုက်ရပေမယ့် ကြောင်တွေရဲ့ အသံကို ကြားရတာနဲ့ ဒေါ်ခင်လေးမျက်နှာ ကြည်လင် သွားတယ်။ သူ့ရဲ့အသံ ညှောင်ညိညိလေးနဲ့ မြည်မြည်" လုပ်လိုက်ခါရှိသေး အရွယ်စုံ ကြောင်ဆယ်ကောင် အော်ပြေး လာကြတယ်။

"ဖိုကဲလေးတွေ၊ မိကဲလေးတွေနော်၊ မလင်းသေးဘူး ဆာပြီ နင်တို့က ဒီမှာ ... ကြီးမေဖြင့် အိပ်မက် မက်ရတာ မောလို့၊ ငလျင်လှုပ်တာ သိလား ... အိပ်မက်ထဲမှာ"
ကောင်းတယ်၊ ကောင်းတယ်၊ ကြီးမေ အိပ်မက်အကြောင်း နားထောင်မယ့်သူတွေ ရှိသွားပြီ၊ အိပ်ခန်း သန့်ရှင်းရေး လုပ်ရင်း ကြီးမေကပြော ...၊ ကြောင်တွေက ဘေးကနေ ၀ိုင်းပြီး တညောင်ညောင်အော်ကြ၊ နို့မိုဆို မယဉ်မွန် ဘေးနားမှာ ကြီးမေ တအိအိ လုပ်နေရင် အလုပ်တွေ က ပြီးမှာ မဟုတ်တော့ဘူး။

အလုပ်မပြီးရတဲ့ထဲ ကြီးမေ အိပ်မက် မက်တဲ့နံနက်ဆို သွားနှိုးရ၊ ရေခပ်တိုက်ရ၊ ပြောရဆိုရနဲ့ အလုပ်တစ်ခု ပိုပြန်ရော၊ ညဦးပိုင်းတို့၊ ညသန်းခေါင်တို့မက်တာ ကောင်းတယ်၊ ကြီးမေ ၀ူးဝါး၊ ၀ူးဝါး ဖြစ်လာရင် နှိုးလိုက်၊ ရေတိုက် လိုက်၊ ပြီးတော့ ဘုရားစာရွတ်ပြီး တူဝရီးနှစ်ယောက် ပြန်အိပ်ကြ၊ ပြီးရော။

ခု နံနက်မှာက အလုပ်တွေနဲ့ နံနက်လေးနာရီခွဲမှာ မယဉ်မွန် အိပ်ရာ ထတယ်။ အိပ်ရာထတာနဲ့ မယဉ်မွန် ပထမဆုံး လုပ်ရတဲ့ အလုပ်က ဆေးသောက်ရခြင်းပဲ၊ ဘာဆေးလဲ ဆိုတော့ ၀မ်းနုတ်ဆေး လဲဖြစ်၊ ဗိုက်ချပ်ဆေး လဲဖြစ်တဲ့ ဆားခါး၊ နွယ်ချို၊ လျက်ဆားနဲ့ ရှောက်ရည်တို့ကို အချိုးကျရောနှော ဖျော်စပ် ထား တဲ့ ဆေး၊ ဒီဆေးကို နေ့စဉ်မှန်မှန် သောက်သုံးခြင်းအားဖြင့် ၀်းချုပ်သူ ၀မ်းပျော့ပျော့ သွားပြီး ဗီုက်ပူသူ၊ ၀နေသူများလဲ ဗိုက်ချပ်၍ ပိန်သတဲ့၊ ဈေးထဲကပရဆေးရောင်းတဲ့ အစ်မကြီးရဲ့ လမ်းညွှန်လေ၊ မယဉ်မွန်က ၀မ်းချုပ် တတ်တယ်၊ ဈေးထဲမှာ တစ်နေကုန် အညောင်းထိုင်ရလို့ လား၊ ဈေးအိမ်သာကို ရွံ့ပြီး မသွားဘဲ တစ်နေကုန် အောင့်ထားရင်ကပဲ ဖြစ်သွားသလား မဆိုနိုင်ပါဘူး။

ဝမ်းချုပ်တာမှ တစ်ခါ တစ်ခါ (မရိုသေစကား) လေးငါးရက်နေ့မှ သွားတော့တယ်။ သွားဖို့ရာ အတွက်လဲ ၀မ်းကို အမျိုးမျိုး ချူရတယ်။ ရေနွေးတွေ များကြီးသောက်ချူရတယ်။ ရေအေးတွေ အများကြီး သောက်ချူ ရတယ်။ ဒါတောင် မရပါဘူး။ မရတာများတယ်။ မရတော့ ဘာလုပ်ရလဲဆို တော့ နိုင်ငံခြားက လာတဲ့ ၀မ်းချူလုံး နဲ့ ချူရတယ်။ ဒါမှ ရတယ်။ ဒါပေမယ့် ပြဿနာက အဲဒီ ၀မ်းချူလုံးနဲ့ ခဏခဏချူရင် စအိုကင်ဆာ ဖြစ်တတ်တယ် လို့ ပြောကြပြန်ရော။

ပြီးတော့ ၀မ်းချူလုံးသွားဝယ်ရင် မယဉ်မွန် စိတ်ညစ်ရတဲ့ ပြဿနာ၊ ဈေးအောက်ထပ် ဆေးကုလား လေးဆိုင်မှာ "၀မ်းချူလုံး တစ်လုံး"လို့  ဆိုလိုက်ရင် ပြန်မေးပြီ၊ "လူကြီးလား၊ ကလေးလား အစ်မ" တဲ့၊ (၀မ်းချူအလုံးက ကလေး နဲ့ လူကြီးအတွက် အသေးနဲ့အကြီး ရှိတာကိုး) အဲဒီအချိန်မှာ လူကြီး လို့ ပြန်ပြောရမှာကို မယဉ်မွန် ရှက်ပြီး။ မျက်နှာနီနီနဲ့ မယဉ်မွန် ရှက်ပြီး "လူကြီး၊ လူကြီး"လို့ စိတ်တို သလို ပြောလိုက်တိုင်းလဲ ဆေးကုလား လေးက ပြုံးစိစိနဲ့ ဆေးဗီရိုကို ဖွင့်တတ်တယ်။ ၀မ်းချူလုံး စက္ကူအိတ်လေးကို လှမ်းပေးတော့လဲ ပြုံးစိစိ။

ဒါထက် အဓိကကျတာကတော့ ဈေးကြီးခြင်းပါပဲ။ လူကြီး ၀မ်းချူလုံးက တစ်လုံးကို ငါးကျပ်တောင်၊ သူ့ကျန်းမာရေး အတွက် နေ့တိုင်းချူရမယ်ဆိုရင် နေ့တိုင်း ငါးကျပ်ကုန်မယ်၊ ၀မ်းတစ်ခါသွားဖို့အတွက် ငါးကျပ် ကုန်ရမယ်ဆိုတာကတော့ မဟုတ် သေးဘူးဆိုပြီး ကြီးတော်လုပ်သူက တူမရောဂါ အတွက် အကုန်အကျ သက်သာတဲ့ ဆေးရှာတယ်။ အဲဒီမှာ ဈေးထဲ ပရဆေးဆိုင်က ကိုယ်နဲ့ မျိုးတူစု အပျိုကြီးဆီက ဆေးရခဲ့ တာပဲ။ နွယ်ချုလျက်ဆား နှစ်ကျပ်ဖိုး၊ ဆားခါးနှစ်ကျပ်ဖိုးဆို လေးခွက်စာရတယ်၊ ရှောက်သီး တစ်ခြမ်း က နှစ်ကျပ်ဆိုတော့ အားလုံး ခြောက်ကျပ်၊ တစ်ခွက်ကို တစ်ကျပ်ခွဲပဲ ကျမယ်။ ကဲ ... အများကြီး သက်သာ မသွားဘူး လား။ ပြီးတော့ ဒီဆေးက ဗိုက်ချပ်ပြီး လူကိုလဲ ပိန်စေဦးမတဲ့လေ။

မယဉ်မွန် မနှစ်ကစပြီး ၀လာတယ်။ ဗိုက်ခေါက်လခဲ ထူလာတယ်။ အသက်အရွယ်ကြောင့်လဲပါမှာ ပေါ့ (ကြီးမေ ငါးဆယ့်ခုနှစ်ဆိုတော့) မယဉ်မွန် သုံးဆယ်ခုနှစ်၊ ဒါပေမယ့် သူများတွေလို ကလေးလဲ မမွေးရဘဲနဲ့ အပျိုကြီး တန်မဲ့ ဗိုက်ပူ မခံနိုင်ပေါင်တော်၊ အပျိုဆိုတာ အအိုတွေနဲ့ တူနေလို့ ဘယ်ဖြစ် မှာလဲ၊ အပျိုပီပီ ဗိုက်ချပ် ရမယ်၊ ခန္ဓာကိုယ် သွယ်လျနေရမယ်။ ကြီးမေက ပြောတယ်။ ဘယ်လောက်အသက်ကြီးကြီး အပျိုဂုဏ် ကို ထိန်းထားနိုင်ရမယ်တဲ့။

ကြီးမေဟာ ခုထိ မျက်ခုံးမွေ ဆွဲ၊ မိတ်ကပ်လိမ်းမြဲ၊ နှုတ်ခမ်းနီဖျော့ဖျော့လေးဆိုးမြဲ၊ အရောင်နုနု လေးတွေ ကိုလဲ ၀တ်မြဲ၊ ငယ်ငယ် ကလို ခန္ဓာကိုယ်ကလဲ ပိန်သွယ်မြဲ။ (အဲဒီကြားထဲက ကြီးမေ ဗိုက်ခေါက်ထူးနေတယ်) အဲဒါ ဘာဖြစ် လို့လဲ။ မိန်းမတွေဟာ ပျိုပျို၊ အိုအို အသက် ကြီးလာရင် ဗိုက်ခေါက်ထူ၊ ဗိုက်ကြီးတွေ ပူလာ ကြတာပဲ လား။ ဒီလိုဆို ပျိုတာနဲ့အိုတာ ဘာထူးတော့လို့လဲ။ ဟင်း ... အိုရတာမှ အိမ်ထောင်အရသာ။ အို ... မဟုတ် ပါဘူး၊ သဘောပြောတာပါ။ ကြီးမေများ သိလို့ကတော့ စိတ်ကူးတောင် အမှုန့်ဖြစ် ဖြစ်သွား တယ် နော် ...  မရွှေမွန်။

ကြီးမေဟာ သူ့ဘ၀ကို မယဉ်မွန်အတွက် စတေးခဲ့တာတဲ့။ မယဉ်မွန်ကို ချစ်လွန်းလို့တဲ့။ ကြီးမေ ညီမ မယဉ်မွန် အမေ မီးဖွားပြီး ဆုံးကတည်းက မယဉ်မွန် ကြီးမေလက်ထဲ ရောက်ခဲ့ရတာပေါ့။ တကယ်တော့ ကြီးမေ ဟာ မယဉ်မွန်ရဲ့ အမေလဲ အမေပါပဲလေ။ ကြီးမေစကားကို မယဉ်မွန် နားထောင်ရမှာပါ။ ကြီးမေ တစ်သက် သူ့ကိုခွဲမသွားရဘူးဆိုတဲ့ ကြီးမေစကားကို မယဉ်မွန် နားထောင်ရမှာပါ။ ကြီးမေကို မယဉ်မွန် ကြောက်လဲ ကြောက်တယ်။ (တစ်ခါတစ်ခါ စိတ်ပျက်မိတာ က လွဲရင်) ချစ်လဲချစ်တယ်လေ။ ခုထိ အသက်ရှိ ထင်ရှား (နောက်အိမ်ထောင်နဲ့) ရှိနေသေးတဲ့ ဖေဖေ့ထက်ကို မယဉ်မွန် ကြီးမေကို ချစ်ပါတယ်။

ကြီးမေရဲ့ ဆေးဟာ မယဉ်မွန်အတွက် မဆိုးပါဘူး။ ခုချိန်ထိတော့ ဟုတ်နေတယ်။ နံနက် အိပ်ရာ ထထချင်း သောက်လိုက်ရင် လေးဆယ့်ငါးမိနစ်လောက်နေပြီးတော့ သွားရော။ တစ်ခါပဲ၊ နောက် မသွားတော့ဘူး။ ဈေးအိမ်သာ မှာ ထပ်သွားဖို့လဲ မလိုဘူးဆိုတော့ မယဉ်မွန် သဘောကျတယ်။

လေးနာရီခွဲ အိပ်ရာထ၊ ဆေးသောက်ပြီးတာနဲပ မယဉ်မွန် မျက်နှာသစ်၊ သွားတိုက်တယ်။ မယဉ်မွန် တို့ တူဝရီး ရဲ့ သွားတိုက်ဆေးက အကောင်းစား။ မိတ်အင် ဒေါ်ခင်လေး၊ ဆားနဲ့ ဖွဲပြာမှုန့်ကို ညက်ညက်ပါအောင် ပလင်း နဲ့ လှိမ့်ထား ထားသာ သွားတိုက်ဆေး။ ဒီသွားတိုက်ဆေးဟာ သူတို့ ဘိုးစဉ်ဘောက်ဆက် သုံးခဲ့ပြီး အကောင်းဆုံး သွားတိုက်ဆေးလို့ ဒေါ်ခင်လေးက ဆိုတယ်။ သွား တိုက်တံကတော့ ဘယ်သောအခါမှ ၀ယ်စရာ မလိုတဲ့ ကိုယ်ပိုင် လက်ညှိုးသွားတိုက်တံ။

မျက်နှာသစ်တဲ့အခါမှာ (ကြီးမေရဲ့ စည်းစနစ်အရ) မယဉ်မွန် ဆပ်ပြာနဲ့ မသစ်ဘူး။ ခြောက်နာရီ ကျော်ရင် ရေချိုးမှာ ဖြစ်တဲ့အတွက် ဆပ်ပြာကို နှစ်ခါမကုန်ရအောင်ပေါ့။ သုံးတဲ့ ဆပ်ပြာကလဲ ကျန်းမာရေးနဲ့ ညီညွတ် အောင် ကာဘော်လစ်။

မျက်နှာသစ်ပြီးတော့ မယဉ်မွန် ထမင်းအိုးဆန်ဆေးတယ်။ ဆန်က ပေါ်ဆန်းမွှေးနဲ့ ဧည့်မထကို ရောထားတဲ့ ဆန်။ သမဆိုင်ကရတဲ့ ဧည့်မထကို ရောင်းပြီး ပေါ်ဆန်းလေးပဲ ၀ယ်စားကြပါစို့ဆိုလဲ မရဘူး။ ထမင်းအိုးကိုလဲ လျှပ်စစ် ထမင်းအိုး အသေးဝယ်ရအောင် မြန်တယ်လို့ ပြောလဲ မရဘူး။ လျှပ်စစ် ထမင်းအိုးနဲ့ ချက်တဲ့ ထမင်း မကြိုက်ဘူး။ ခဲတဲတဲကြီးတဲ့။ လျှပ်စစ်ထမင်းအိုး ဈေးကိုလဲ ဒေါ်ခင်လေး မကြိုက်ဘူးပေါ့လေ။ ပေါ်ဆန်းချည်း မစားတာ ကလဲ အကုန်အကျများမှာစိုးလို့။

သူ့စကားအတိုင်း ဒီခေတ်ကြီးက ချွေတာနိုင်မှ၊ စစ်စီနိုင်မှ တော်ရုံကျမယ်လေ။ ဒါပဲ။
လျှပ်စစ်မီးဖိုနဲ့ ချက်ဖို့တောင် တော်တော် ပြောရတာ၊ မီးသွေးပဲတဲ့ သူက။ လျှပ်စစ်မီးဖိုဖိုး တွက်နေ တာလေ။ မီးသွေးဈေး နဲ့ မီတာခနှုန်း ယှဉ်ပြလိုက်တော့မှ လျှပ်စစ်မီးဖိုဖိုး ထွက်လာတော့တယ်။ ဒါတောင် ခု မီးတွေ ပျက်တော့ မီးသွေးနဲ့ ချက်ရတဲ့အချိန် ခဏခဏ ညည်းသေးတယ်။

ဒီလိုကျ လျှပ်စစ်မီးဖိုကြီးက ဘာသွားလုပ်မှာလဲတဲ့။ ပြီးတော့ ထမင်းအိုးကိုလဲ ညကတည်းက ဆန်ဆေး ရေထည့်ပြီး ထားပါမယ်ဆို မရဘူး။ နံနက်ကျမှပဲ တည်ရမယ်တဲ့။ တည်တဲ့အခါမှာလဲ မျက်နှာ မသစ်သေးဘဲ မတည် ရဘူး။ မျက်နှာသစ်ပြီးမှ တည်ရမယ်။ မျက်နှာမသစ်ဘဲ မတည်ကောင်းဘူး တဲ့။
ထမင်းအိုး တည်ပြီးရင် ထမင်းကြော်ဖို့နဲ့ ကြောင်စာအိုး ပြင်ရမယ်။ ကြက်သွန်နီတစ်လုံး ပါးပါးလှီး ထား၊ ထမင်းကြမ်း ကို ဆားနဲ့ နယ်ထား။ ကုလားပဲခြမ်းကြော်ဘူး အဆင်သင့်ထား (ပဲပြုတ်ကို တိုက်အောက်ထပ်ထိ နံနက် အစောကြီး ဆင်းဝယ်ဖို့ တူမကို စိတ်မချတဲ့အတွက် ပဲပြုတ် ဈေးကလဲ တစ်ဆယ်သား ငါးကျပ်ဖြစ် တဲ့ အတွက် ထမင်းကြော်ထဲမှာ ဒေါ်ခင်လေး ကုလားပဲခြမ်းကြော် နည်းနည်းပဲ ထည့်တော့တယ်)။

ကြောင်စာအိုးကတော့ အထူးတထွေ မပြင်ရပါဘူး။ ဆန်ကွဲနဲ့ ပုစွန်ခွံမှုန့်ကို ဆားလေးနဲ့ ရောကျိုတာ ပါ။ မိုးတွင်း ငါး၊ ပုစွန်လေးပေါရင်တော့ ငါး ပုစွန်ပေါက်စလေးတွေနဲ့ ရောကျိုတယ်။ တစ်ခါတစ်လေ ဒေါ်ခင်လေး စေတနာ သဒ္ဓါတရား ထက်သန်ရင် အထူးအခွင့်အရေးအနေနဲ့ အမဲသား၊ အစလေး တွေနဲ့ ရောကျိုး ပေးတယ်။ အဲဒီ အိုးနှစ်အိုး ပြင်ပြီးတာနဲ့ မယဉ်မွန်လုပ်တဲ့ အလုပ်က ကြောင်ချေး ကျုံး၊ ကြောင်စားခွက် ဆေးရတဲ့အလုပ်။ ကြောင်တွေကို မီးဖိုခန်းထဲမှာပဲ ထောင့်လေးမှာ ဂုန်နီအိတ် နှစ်လုံးခင်းပြီး အိပ်စရာ လုပ်ပေး ထားတယ်။ ရေခွက်၊ စားခွက်တွေ ချပေးထားတယ်လေ။ ဒါပေမယ့် ကြောင်အကုန်လုံး မီးဖိုခန်းထဲ မှာ မအိပ်ပါဘူး။ ကြီးမေနဲ့ မယဉ်မွန်ချစ်တဲ့ ကြောင်ထီးလေး ညီအစ်ကို နှစ်ကောင်ရယ်၊ မအေ ကြောင်မကြီး ရယ်က မယဉ်မွန်တို့ တူဝရီး ခုတင်ပေါ်မှာပဲ လာအိပ်ကြတယ်။ တော်သေးတယ်။ ခုတင်ပေါ်မှာ အီးယိုတာ၊ ရှူးပေါက် တာ မလုပ်လို့။ မီဖိုးခန်းထဲ သွားလုပ်ရင်လုပ်၊ မလုပ်ရန် ၀ရန်တာဘက် သွားေ၇ာ။

အဲ ... ဟိုဘက်ခန်းက ၀ရန်တာကိုလဲ ခုန်ကူးပြီး သွားသွားပါလို့ အားနာစရာ။ ၀ရန်တာတံခါးကို ပိတ်ရင် ပိတ်မှ၊ မပိတ်ရင် သွားတာပဲ။ ကြီးမေကလဲ ညအိပ်ခါနီး အိပ်ခန်း အလုံပိတ်ထားရင် အသက်ရှူမ၀ဖြစ်ပြီး နေလို့ ထိုင်လို့မရ ဖြစ်တတ်တယ်။ အဲဒီတော့ ၀ရန်တာတံခါးဟဟလေး လုပ်ထားရတယ်။ ၀ရန်တာ တံခါးမှ ဖွင့်မထားရင်လဲ ဖွင့်စရာ အပေါက် ဘာမှ မရှိဘူးလေ။ မယဉ်မွန်တို့ အခန်းက ညာဘက်ခြမ်းဆိုတော့ ခေါင်းရင်း က အလုံ။ ခြေရင်းမှာတော့ အလင်းရောင် နဲ့ လေရဖို့အတွက် တရုတ်ကတ် မှန်ပေါက်လေးတွေ တပ်ထား ပါရဲ့။ အပျိုကြီးနှစ်ယောက် ခုတင် ခြေရင်းနဲ့ တရုတ်ကတ်မှန်ပေါက်နဲ့ ဟိုဘက်ကပ်လျက် တိုက် ပြတင်းပေါက် နဲ့က ကပ်လို့ ဆိုတော့ မဖြစ်ရေးချ မဖြစ်။ ဒေါ်ခင်လေး ဒါကျ ပိုက်ဆံ မနှေမြောဘူး။ မှန်တရုတ်ကတ် တွေ ဖြုတ်ပြီး အုတ်နဲ့ အသေပိတ်လိုက်တယ်။

ဟ ထားတဲ့ ၀ရန်တာ တံခါးကနေ ဟိုဘက် ၀ရန်တာကို ကူးရုံတင်ဆို တော်သေးတယ်၊ ဖိုကဲလေး တု့က။ ၀ရန်တာတင် မဟုတ်ဘဲ ဟိုဘက်က အိပ်ခန်းထဲ ထိများ ၀င်ပြီဆို သွားပြီး။ ဟိုဆရာကြီး (ကြီးမေခေါ်တဲ့ လူ့ခွစာကြီး) မုန်တိုင်းကျတော့တာပဲ။ လိုက်ဟ၊ ဆီးဟ၊ ဖမ်းဟ၊ ရိုက်ပါနဲ့။ ဘာလို့ များ ကြောင်လေးတွေကို ဒါလောက် သူ မုန်းပါလိမ့်။ ကြည့်ဦး ယူထားတဲ့ မိန်းမငယ်ငယ်ကျတော့ မျက်လုံး ၀ိုင်းဝိုင်းစက်စက်လေးတွေနဲ့ ဆံပင်တို ဖွားဖွားလေးနဲ့၊ ချစ်စရာ မွေးစုတ်ဖွား ကြောင်မလေး နဲ့ တူကတူနဲ့။ ဒီလောက် ဒေါသကြီးပြီး ကြောင်လေး တွေကို ရန်ရှာတတ်တဲ့ အသက်ကြီးကြီး လူကြီး တစ်ယောက်ကို ဘာကြောင့်များ လတ်လတ် ဆိုတဲ့ ကြောင်မလေးက လက်ထပ်ယူခဲ့ပါလိမ့်နော်။ အင်း ... ချစ်တဲ့စတ်ဟာ ဆန်းကြယ်ဆိုတာ ဒါမျိုး နေမှာပေါ့လေ။

မယဉ်မွန် ကြောင်စားခွက်ဆေးနေချိန်နဲ့ ကြီးမေ အသံကြားတဲ့အချိန်နှစ်ချိန်ဟာ ဖိုးကဲလေးတို့ မိကလေးတို့ အကဲ့ဆုံးအချိန်ပဲ။ ကြောင်စားခွက်ဆေးတဲ့ ဘေးကနေ ပွတ်သီးပွတ်သပ် တိုးဝှေ့ကြ ပြီး တညောင်ညောင် အော်ကြ တော့တာပဲ။ ဆာကုန်ကြပြီလေ။ မယဉ်မွန် သွားတဲ့ နောက်ကို တကောက်ကောက် လိုက်နေ ကြတော့တာပဲ။ ထမင်းအိုး မဆူခင် မယဉ်မွန်က အိပ်ခန်းထဲ ပြန်ဝင် ပြီး အ၀တ်လျှော်ဖို့ အ၀တ်ညစ်တွေ သွား.ူတော့လဲ နောက်က တညောင်ညောင်နဲ့ လိုက်ကြ။ ရေချိုး ခန်းထဲ ၀င်ပြီး ဆပ်ပြာတိုက်တော့လဲ ဘေးနားမှာ သူတို့ကို ရေစိုမှာစိုးလို့ တဟဲ့ဟဲ့ လုပ်ရတာက တစ်မျိုး။ ဆူစပြုတဲ့ ထမင်းအိုး သွားဖွင့်ပြီး မွှေရတာ က တစ်မျိုးနဲ့ တော်တော် အားပေးတဲ့ ဟာလေး တွေ။ ရေပီပါပေါ်ခုန်တတ်တဲ့ကောင်က ခုန်တတ် လို့  ပီပါ ထဲ ကျမှာစိုးလို့ ဆွဲချရတာက ရှိသေးတယ်။

ရေကတော့ ပီပါနှစ်လုံးနဲ့ ညအိပ်ရာ ၀င်ခါနီး ဖြည့်ထားရင် မယဉ်မွန်တို့ တူဝရီး တစ်နေ့စာတော့ လောက်တယ်။ နံနက်ဘက် အ၀တ်လျှော် ရေချိုး၊ သုံးစရာရှိတာ အကုန်သုံး၊ ညနေဘက် ရေမိုးချိုး ဖို့ထိ ပီပါနှစ်လုံးက လောက်တယ်။ နံနက်ဘက် အစောကြီး ရေခလုတ် ပြေးဖွင့်စရာ မလိုဘူ။ ဖွင့်လို့ လဲ မရ ဘူးလေ။  ဘယ်အချိန် သွားကြည့်ကြည့်၊ အောက်လွှာက လူတွေကလဲ ကြည့်ဦး။ ရှစ်ယောက် ကိုးယောက် လောက် ရှိမယ် ထင်တယ်။ ကလေးတွေရော၊ ဘာတွေရောဆိုတော့ ရေက ကုန်မှာပေါ့။ မယဉ်မွန်တို့ အပေါ်လွှာ ကလဲ သူတို့လိုသာ လူများရင် ရေပြဿနာနဲ့ နေ့တိုင်း နောင်ဂျိန်ချရမှာပဲ။
မယဉ်မွန် အ၀တ်လျှော်ပြီး၊ ထမင်းအိုးလဲ နှပ်ပြီးတဲ့အချိန်မှာ ငါးနာရီခွဲပြီ။ မယဉ်မွန်ရဲ့ ဗိုက်လဲ အစွမ်းပြပြီး။ အဲဒီအချိန်မှာ ကြီးမေကလဲ နိုးလာတတ်တယ်။

ဆက်ရန်
.

3 comments:

လင်းဦး(စိတ်ပညာ) said...

ဖတ်လို့ကောင်းသဗျ... ဆက်လက် တင်ပေးပါ...

အဆင်ပြေပါစေ

မြသွေးနီ said...

မြသွေးခုနပဲ(၂)ဖတ်ပြီးတာ..
အခု(၃)တက်လာတာ သူများဆိုက်လင့်ခ်မှာတွေ့လို့...
ဘယ်ရမလဲ...ပြန်လာဖတ်တာပေါ့..။

ကိုဇော် said...

ထုံးစံအတိုင်း အတွဲလိုက်တော့ တပိုင်းချင်းစီနဲ့ ဖွဲ့ရေးတော့မယ် ထင်ပါရဲ့။