ဆန်နီက သူအမေအိပ်ရာကိုသိမ်းတယ်။ နှစ်ယောက်အိပ်ခုတင်အကြီးကြီးက အခန်းမှာတော်တော် နေရာ ယူတယ်။ ခုတင်ဘေးစားပွဲပေါ်က စီးကရက်ပြာတွေကို ဆန်နီကရှင်းလင်းတယ်။ စိပ်ပုတီး နဲ့စီးကရက်ပြား တွေ ကရောလို့။
စားပွဲပေါ်မှ သူ့အမေအလွန်မြတ်နိုးတဲ့ ဓာတ်ပုံ တစ်ပုံထောင်ထားတယ်။ သူတို့လင် မယားနှစ် ယောက်ပုံ လေ။ အင်္ဂလိုအင်ဒီးယန် လမ်းဗိုလ်ကြီး မစ္စတာ ရစ်ချက်မာတင်နဲ့ မစ္စက်မာတင်(ခေါ်) ဒေါ်ရီရီပေါ့။ မစ္စတာ မာတင်ရဲ့ ချစ်စနိုးအခေါ် မေရီပေါ့။
ဓာတ်ပုံထဲမှာ မစ္စတာမာတင်က အင်္ဂလိပ်လိုကျကျနန၀တ်ထားပြီး မစ္စမက်မာတင်က ဘီးဆံထုံးနဲ့၊ ပန်းနဲ့၊ အင်္ကျ လက်ရှည် နဲ့ချိတ်ထဘီ လှလှကို ၀တ်ဆင်ထားတယ်။
ဝတ်ပုံစားပုံချင်း မတူပေမယ့် သူတို့နှစ်ယောက်မှာ တူညီနေတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ပြုံးနေတဲ့ အပြုံး နှစ်ခု။ ကြည်ကြည်နူးနူး ပြုံးနေတဲ့ နှစ်ခုကတော့ တူနေပါတယ်။
ဆန်နီမမှတ်မိလိုက်တဲ့အဖေဟာ ဆန်နီနဲ့ တော်တော်တူတာပဲ။ အဖေ့ကိုဆန်နီချစ်ပါတယ်။ အဖေသာရှိရင် ကုသို့ မရဘူးဆိုတဲ့ ဆန်နီရဲ့ ဆွှံ့အနားမကြား ရောဂါကို နိုင်ငံခြားမှာ သွားကုပေး ချင်း ပေးမှာပေါ့နော်။
မျက်တောင်တွေကို ဆန်နီ တဖျပ်ဖျပ် ခတ်ပစ်လိုက်ပြီ။ အပေါ်လွှာကြမ်းပြင်ကို တံမြတ်စည်း လှည်းတယ်။ သူအမေ ကြိုးတန်းက အ၀တ်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ခေါက်တယ်။ ပြီတော့ ဘုရားစင်က ပန်းအိုး ကိုရေလဲတယ်။ အပေါ်လွှာ ရေချိုးခန်းနဲ့ အိမ်သာကိုဆေးကြော တယ်။
ဆေးကြောရင်းနဲ့ဆန်နီရေချိုးတယ်။ သူ့ကိုယ်ပေါ်က အ၀တ်တွေကို တစ်ခါတည်း လျှော်တယ်။ အပေါ်လွှာ မီးဖိုရေ တွေ တစ်စက်စက်ကျမနေအောင် အောက်က အ၀တ်လျှော်ဇလုံကို ခံတယ်။
ရေချိုး ပြီးတော့ ဆန်နီ အ၀တ်အစားလဲတယ်။ ဆန်နီ ဗီရိုပုလေးထဲမှာ အ၀တ်အစားနည်းနည်းလေး ပေမယ့် အားလုံး ဟာ စီစီရီရီ သပ်သပ်ရပ်ရပ်။
အ၀တ်အစားလဲပြီးတော့ ဆန်နီသူ့အမေ ဗီရိုကိုဖွင့်တယ်။ ဆန်နီ ဘယ်လောက်ပဲ ရှင်းပေးပေး၊ အမြဲ ရှုပ်ပွ နေတတ်တဲ့။ ဗီရိုအပေါ်ဆင့်က ရေမွှေးပုလင်းကို ယူပြီး ဆွတ်လိုက်တယ်။
ဆန်နီ၊ ဒုက္ခပဲ....... ရေမွှေးတွေ ဆွတ်နေပြန်ပြီထင်တယ်။
အန်တီမေရီက လှေကားရင်းကနေ ထုံးစံအတိုင်းလှမ်းအော်ခေါ်ပြီး ညည်းညူနေပြန်သည်။ မကြားပေမယ့် သူ့အမေ ဘယ်နားမှာဆိုတာ ဆန်နီသိတယ်။ စီးကရက်နံ့ စူးစူးကို သူသိတယ်။
သန့်ရှင်း သပ်ရပ်မွှေးကြိုင်နေတဲ့ သားလုပ်သူဆင်းလာတာကို စိးကရက်မိးခိုးတွေကြားကနေ အန်တီမေရီ က ကြည့်တယ်။ လူချောကလေ။ သူ့ဒက်ဒီနဲ့လဲ တူကတူနဲ့။ သူ့ဒက်ဒီမှာ အကြီးသုံး ယောက် မိန်းကလေး တွေချည်း မို့ ယောက်ျားလေးလိုချင်းလိုက်တာ အလွန်။
ဆန်နီ ကို မွေးတော့ အန်တီမေရီအသက်က လေးဆယ့်သုံးတောင်ရှိပြီ။ လေးဆယ် ကျော်မှ ကံပေါ်တယ် ဆိုပြီး ၀မ်းသာ လိုက်ရတာ။ အင်း၊ သူ့ဒက်ဒီကတော့ သူ့သားအဖြစ်ကို မသိလိုက်ရတာ ကံကောင်းတယ် ဆိုရမှာ ပေါ့။ ဆန်နီအခါမလည်ခင် ဆုံးရှာတယ်လေ။ အစီခံမပါတဲ့ ဒူးယားစီးကရက် နောက်တစ်လိပ်ကို အန်တီမေရီ မီးညှိလိုက်ပြန်တယ်။ ဆန်နီက နောက်ဖေးမီးဖိုခန်းက မက်ခွက်ယူလာပြီး အန်တီမေရီ ကို လက်ဝါး ဖြန့်တယ်။ နံရံက ရှေးဟောင်း တိုက်ကပ်နာရီကြီးကို အန်တီမေရီ မော့်ကြည့် လိုက်တယ်။ အလို .....ခြောက်နာရီ တောင် ခွဲပါပေါ့လား။
ဆန်နီကို လက်ဟန်ခြေဟန်ပြပြီး အပေါ်ကို တက်ခိုင်းရပြန်တယ်။ ခေါင်းအုံးအောက်က ပိုက်ဆံ အိတ် ယူခဲ့ဖို့လေ။ ဆန်နီသွားယူလာပြီး မအေ့လက်ထဲထည့်တယ်။ ဆန့်နီမှာ ချစ်စရာကောင်းတဲ့ အကျင့်လေး တစ်ခု က ပစ်စလက်ခတ်ထားထား၊ မအေမသိအောင်ပိုက်ဆံကို ဘယ့်တော့မှမယူဘူး။
အန်တီမေရီဆီက ပိုက်ဆံနှစ်ဆယ်ကို ယူပြီး ဆန်နီအိတ်ထောင်ထဲ ထည့်တယ်။ ပြီးတော့ အိမ်ရှေ့ ခေါက်တံခါး ကို ဖွင့်တယ်။ သော့ခက်ထားတဲ့ပန်းတံခါးကိုဖွင့်တယ်။ သံပန်းတံခါးကနေ ခြေလှမ်း သုံးလေး လှမ်း လောက် လှမ်းလိုက်ရင် လမ်းကိုရောက်တာပဲ။ သစ်သား ၀င်းထရံ အနိမ့်လေးနဲ့ ၀င်းတံခါး သေးသေးလေး ကိုတော့ အရံအကာအနေနဲ့ လုပ်ထားသေးတယ်။ သော့တော့ မခက်ပါဘူး။ ည ကျရင်တော့ ကိုယ်အခန်းကိုယ် သော့သေသေချာချာ ခက်အိပ်ကြ တယ်။
ဆန်နီတို့ မြစိမ်းပြာ လမ်းသွယ်အလယ်ခေါင်လောက်မှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင် မှာ နံနက်တိုင်း လက်ဖက်ရည်ဝယ်ရတဲ့ အလုပ်ဟာဆန့်နီ အလုပ်တစ်ခုပဲ။ အန်တီ မေရီ ရော၊ ဆန်နီ ပါ လက်ဖက်ရည်ချိုးတွေ၊ နံနက်တိုင်း မသောက်ရမနေနိုင်ကြဘူး။ အိပ်ဖျော်ကိုလဲ မကြိုက်ကြဘူး။ မဖျော် တတ်တာ လဲပါတာပေါ့။ တကယ်တော့ ဟိုစဉ်အခါတုန်းက မစ္စတာမာတင်နဲ့ အကြောင်းဆက် မပေါင်းဖက် ခင်တုန်းက ရီရီဘ၀တုန်းက လက်ဖက်ရည် ကော်ဖီကို အန်တီမေရီ တစ်ယောက် မသောက် တတ်ပါ။ မစ္စတာမာတင်နဲ့ အကြောင်းဆက်ပေါင်းဖက်မိတော့မှ သောက်တတ်ပြီး ကြိုက်တတ်လာတာ။ မစ္စတာမာတင်က လက်ဖက်ရည်အလွန်ကြိုက်။ ဖျော်လဲအဖျော်ကောင်း၊ လက်ဖက်ခြောက်ကို တစ်နေကုန် နှပ်ထားပြီး တစ်နေကုန်ဖျော်သောက် တတ်တဲ့သူ.......။
ဟိုတုန်း ကတော့ လက်ဖက်ခြောက်ကလဲ အကောင်းစားလစ်ပတန်တို့၊ ဘရွတ်ဘွန်းတို့ အကောင်းစား လက်ဖက်ခြောက် တွေ။ နို့်ဆီးကလဲ ကုလားမခြင်းဆွဲ နို့ဆီဘူးတွေ၊ နို့စိမ်းဘူးတွေ ကလဲအလျှံပယ်။ သောက်ချင်း တိုင်း သောက်ပါလေ့။ အဲဒီမှာ အန်တီမေရီ လက်ဖက် ရည်စွဲတယ်။ အန်တီမေရီကတစ်ဆင့် ဆန်နီ့ ကိုစွဲတယ်။
လက်ဖက်ရည်ဆိုင်မှာ ရှယ်မဟုတ်တဲ့ရိုးရိုး လက်ဖက်ရည်ကျဆိမ့် ချိုင့်ဆွဲနှစ်ခွက်နဲ့၊ အီကြာကွေး နှစ်ချောင်း ဆန်နီ ၀ယ်တယ်။ လက်ဖက်ရည်က ဆယ့်နှစ်ကျပ်၊ အီကြာကွေးက ခြောက်ကျပ်၊ ဆယ့်နှစ်ကျပ် ကျတယ် ဆိုတာ၊ နှစ်ကျပ်ပြန်အမ်းရမယ်ဆိုတာ ဆန့်နီသိတယ်။ နေ့တိုင်း ၀ယ်လို့ ၇တယ်မဟုတ်ဘူး။ ပိုက်ဆံ တွေကို ဆန်နီသိတယ်။ ဘယ်လောက်ပေးပြီး ဘယ်လောက်ပြန်အမ်းရ မယ်ဆိုတာလဲသိတယ်။ အပေါင်းအနုတ် ဂဏန်းတွေ ကို ဆန်နီသိတာကိုး။
ဆွံ့အနားမကြား ကျောင်းမှာ ဆန်နီအကြာကြီး သွားတက်သေးတယ်လေ။ ဆန်နီစာလဲဖတ်တတ်၊ ရေးတတ် တယ်။
လက်ဖက်ရည်ဆိုင်ကနေ လေတချွန်ချွန်နဲ့ မက်ခွက်လေးကိုင်းပြီး ဆန်နီပြန်လာတဲ့အချိန်မှာ အန်နီမေရီက ရေမိုး ချိုးတယ်။ မိတ်ကပ်ရဲရဲလိမ်းမယ်။ မျက်ခုံးမွှေးသေးသေး မျှင်မျှင်လေးဆွဲတယ်။ နှုတ်ခမ်းပန်းရောင် ဖျော့ဖျော့ဆိုးတယ်။ ဆေးဆိုးထားတဲ့ ဆံပင်ကို ဘိုကေပုံကို ကျကျနနဖြီးတယ်။ အင်္ကျီဆိုလဲ အန်တီမေရီက ဘလောက်စ်ခါးတင်လက်ပြတ်ပွပွ ဟော့ရှော့ပုံကို ၀တ်တတ်တယ်။ သူ့ခန္ဓာကိုယ်၀၀နဲ့ အဲဒါမှ နေလို့ ထိုင်လို့ ကောင်းပြီး၊ ဆံပင်ပုံနဲ့ လိုက်ဖက်သတဲ့။ အရွယ်တင် နုပျိုသတဲ့။ ဒါပေမယ့် အန်တီမေရီမှာ အောက်သွား၊ ရှေ့သွားနှစ်ချောင်းနဲ့ အပေါ်သွား တစ်ချောင်းကျိုးနေတာက ရှိတော့ ရှိရင်း အသက် ခြောက်ဆယ် ထက် ကြီးတယ်ထင်ရမြဲ။
ဆန်နီဝင်ပေါက်ဝရောက်လို့ရှိရင် အမြဲတမ်း၊ ဆုံတတ်တာ တိုက်ပေါ်ဆုံးထပ်ကလတ်လတ်၊ ဆန်နီရဲ့ တစ်ခု တည်း သော ဘာသာစကား အာပါပါ။ အာပါပါးဆိုတာနဲ့ ၀မ်းသာအားရ နှုတ်ဆက်တော့တာပဲ။
ကိုယ်ခန္ဓာ သေးသေးသွယ်သွယ်လေးကို အမြန်ရွေ့လျားနေတဲ့ လတ်လတ်က ခေါင်းညိတ်ပြီး ပြန်ပြုံးပြရင်း သွားဖို့ ကြိုးစားပေမယ့် ကိုရွှေဆန်နီက စကားပြောလို့မဆုံးသေးဘူး။ အာပါပါး လုပ်လို့မဆုံးသေးဘူး။ လတ်လတ် ရဲ့အင်္ကျီထဘီလှကြောင်း၊ လတ်လတ်ပိုက်ဆံအိတ်လှကြောင်း၊ ရေမွှေးနံ့မွှေးကြောင်း၊ သူလဲ ဆွတ်ထားကြောင်းတို့ကို အဆက်မပြတ်ပြောတော့တယ်။ ပြီးတော့ တိုက်ပေါ်မှရေသလားမီးလာသလား၊ မလာရင် ပြောသူလုပ်ပေးမယ်တဲ့လေ။ သူက မြေပိုရှင်း။ တစ်လတစ်ရာပေးပြီး သူမြေပေါ်မှာနေသူများ အဆင်ပြေဖို့ သူ့မှာ တာဝန်ရှိပေတယ်လ။
လတ်လတ်မှာ အမြဲတမ်း ခေါင်းတွင်တွင်ညိတ်၊ စကားဖြတ်ပြီး ပြေးရမြဲ၊ တစ်ခါတစ်လေ အန်တီမေရီ ကြားပြီး ထွက်ခေါ်မှပဲ ဆန်နီက ၀င်တော့တာ။
လေတချွန်ချွန်နဲ့ ဆန်နီအိမ်ထဲ ၀င်ဝင်လာတယ်။ မီးဖို့ထဲက စားပွဲမှာ စိးကရက်တဖွာဖွာနဲ့ ထိုင်စောင့်နေတဲ့ အန်တီမေရီက လက်ဖက်ရည်ပန်းကန်တွေ အဆင်သင့်ချထားတယ်။ ပြီးတော့ သားအမိနှစ်ယောက် လက်ဖက်ရည် သောက်ကြတယ်။ လက်ဖက်ရည်သောက်ရင်း အန်တီမေရီက သူသွားစရာရှိတဲ့ အကြောင်း လက်ဟန်ခြေဟန် နဲ့ ပြောပြတယ်။ ဆန်နီခေါင်းတညိတ်ညိတ်နဲ့ပဲ နားထောင်နေတယ်။ သူ့အမေ သွားစရာ ရှိတယ်ဆိုတာ ဆန်နီအတွက် ရိုးနေပြီးလေ။ သူ့အမေ နေ့တိုင်းအပြင်သွားနေတာပဲဟာ။ အလုပ် ကိစ္စ နှစ်ခုကြောင်း သွားတာလဲ သူသိတယ်။ တစ်ခုက စီးပွားရေးကိစ္စ နောက်တစ်ခုက အပွင့်လေး တွေပါတဲ့ စက္ကူချပ် လေ တွေကိစ္စ။
သူ့အမဟာ လက်ဖက်ရည်မသောက်ရ မနေနိုင်သလိုပဲ ဖဲမကစားရ မနေနိုင်တာကကို ဆန်နီသိတယ်။
အန်တီမေရီက လက်ဖက်ရည် မြန်မြန်သောက်တယ်။ ခုနှစ်နာရီလောက် အိမ်ကထွက်နိုင်မှဖြစ်မှာ။ မြတ်မြတ် နဲ့ချိန်းလိုက်တာက ခုနှစ်နာရီခွဲ၊ ဒီပွဲစားမဟာ ၀ီရီယကို ကောင်းလွန်းတယ်။ မြေလိုက် ကြည့်မယ့် လူက ရုံးမသွားခင် သွားချင်လို့တဲ့။ စီးပွားရေးကိစ္စဆိုတော့လည်း သွားရမှပေါ့လေ။ ပွဲစားအလုပ်ဟာ ဒီလိုပဲပေါ့။ ဘယ်အချိန်ချိန်ရှိပါ့မလဲ။ မြေက အန်တီမေရီ မိတ်ဆွေတစ်ယောက်ရဲ့ မြေပါ။ ကိုးမိုင်ဘက်မှာ အရောင်း အ၀ယ်ဖြစ်လို့ ပွဲခရရင်တောင် နည်းမှာပါ။
ကိုယ့်မိတ်ဆွေလည်း ဖြစ်ပြန်၊ ၀ယ်သူခေါ်လာတဲ့ မြတ်မြတ်နဲ့လည်း ခွဲယူရဦးမယ်လေ။ ရပါတယ်လေ ဒီလိုပေါ့။ သူ့ကျေးဇူးလဲ ကိုယ့်မှာရှိပါတယ်။ ဒီမြေပေါ်မှာ ကန်ထရိုက်တိုက်ဆောက်ဖို့ အကြံပေးတာရယ်။ စိတ်ချရတဲ့ကန်ထရိုက် ရှာလာတာရယ်၊ မြတ်မြတ်ကျေးဇူးရှိပါတယ်။ တကယ်တော့ စီးပွားရေးအ လုပ်ကို အန့်တီမေရီက ဘာမှမသိတာမဟုတ်ဘူး။ တစ်ချိန်လုံးယောက်ျာပဲ အားကိုးပြီး ယောက်ျားရှာတာ ဖွေတာနဲ့ မကြောင်းမကြနေခဲ့တာ။ သမီးသုံးယောက် တစ်ယောက်ပြီး တစ်ယောက်မွေးပြီး လက်ဖက်ရည် သောက်လိုက်၊ ပိုကာလေးဆွဲလိုက်နဲ့ ဒီလိုနေခဲ့တာပဲ။ ဟို တုန်းက လမ်းဗိုလ်ကြီးလခဟာ တစ်အိမ် ထောင် လုံး ကို ထိန်းနိုင်ပါတယ်။
သမီးအကြီးနှစ်ယောက် အိမ်ထောင်ကျပြီး ယောက်ျားလခစားတွေနောက် လိုက်သွားကြတော့ အန်တီမေရီ တာဝန် ပိုတောင်ပေါ့သွားသေးတယ်။ ဆန်နီ့ကိုမွေးပြီးတော့နောက် ဆုံးသမီးတစ် ယောက် အိပ်ထောင် ကျတယ်။ ဆန်နီအခါမလည်ခင်မှာ သူ့ဒက်ဒီ ဆုံးတယ်လေ။ အဲဒီတုန်းက ခံစားခဲ့ရတဲ့ အားကိုးရာမဲ့ ပြီး ဆောက်တည်ရာ မရပူပြင်းလောင်မြိုင်မှုမျိုးကို ကိုယ်လိုမုဆိုးမချင်းမှ စာနာနိုင်လိမ့်မယ်။
အန်တီမေရီမှာ ဘာမှလဲ မလုပ်တတ်မကိုင်တတ်။ ရှိသမျှအထုပ်ကလေးကလဲ သေးသေးလေးရယ်။ တစ်ထပ်တိုက်အိပ်လေးတစ်လုံးနဲ့ မြေကလေးတော့ဖြင့်ရှိလို့ နေစရာ အခြေမပျက်ဘူပေါ့။ အဲဒီအချိန်မှာ သား အတွက် အပူသလဲ အန်တ်ီမေရီ ရင်ထဲမှာ ၀င်စပြုနေပြီနေပြီလေ။ ဆန်နီက ငယ်သေးလို့ တစ်ခြားသူ တွေ မသိသသေးပေမယ့် မိခင်ကတော့ ရင်ထဲမှာ သိနေပြီ။ ဆန်နီအိပ်နေတဲ့ အခါမျိုးတော့မှာ ဘေးအိမ် တွေက ဆူညံတာ၊ အန်တီမေရီ တစ်ခုခုလွတ်ကတာ မျိုးတော့ ဖြစ်တယ်။ ဒါပေမယ့် ဘယ်လောက် အသံ ကျယ်ကျယ် ဆန်နီကတော့ ဘယ်တော့မှ လန့်မနိုးဘုး။ ခဏခဏကြုံတော့ အန်တီမေရီက စိတ်ထင့်ပြီး စမ်းကြည့်တယ်။ ဆန်နီအိပ်နေတဲ့ ပုခက်နားမှာ ကျောက်ပျဉ်ကို လွှတ်ချကြည့်တာ။ ဆန်နီကတော့ အိပ်လျက်ပဲ။
နောက်တော့လဲ ဆန်နီလေးမျော တဖြည်းဖြည်းနဲ့ သိသာလာတပေါ့လေ။ အန်တီမေရီ ထင်ခဲ့တာက နားမကြားတာလို့ပဲ ထင်ခဲ့တာ။ စကားပါ မပြောတတ်ပဲ နေလိမ်မယ့်လို့ မထင်ခဲ့မိ ဘူးပေါ့။ အန်တီမေရီလဲ ရှိသမျှလေးထုခွဲပြီးတော့ ကိုဆန်နီကိုကုပါတယ် ဒါပေမယ့် မွေးရာပါပဲ။ ဘယ်ရမှာလဲ။ နောက်ဆုံးတော့ ဗုဒ္ဓဘာသာတရားတော်နဲ့ဆို ၀ဋ်၊ ကိုယ်ဝဋ် သူ့ကံ၊ကိုယ်ကံပေါ့။ ဆန်နီတို့ ဒက်ဒီက ဘာသာအရ ဆိုရင်တော့ ဘုရားသခင်ရဲ့အလိုတော် အတိုင်းပေါ့။ အန်တီမေရီဘာတတ်နိုင်မှာလဲ။
ဆန်နီတို့ဒက်ဒီုဆုံးပြီး တော်တော်ကြာကြာထိ အန်တီမေရီ ဒီတိုင်း ထိုင်စားနေခဲ့တာ။ သမီးတွေ ကလဲ သူတို့်အိမ်ထောင်နဲ့ သူတို့ဆိုတော့ အန်တီမေရီကို ဘယ်လာကူနိုင်ပါ့မလဲ။
ရှိပစ္စည်းအားလုံး ကုန်ပြီ ဆိုမှ အန်တီမေရီ ဘာလုပ်ရမလဲလို့ စဉ်းစားမိတယ်။ အဲဒီမှာ အပေါင်း အသင်းမိတ်ဆွေတွေက အားနေတဲ့အန်တီမေရီကို ကမာရွတ်တစ်ဝိုက်မှာ အိမ်ငှားအိမ်ဝယ် စုံစမ်း ခိုင်ဲးရာက အန်တီမေရီ တစ်ယောက် လမ်းဗိုလ်ကတော်ဘ၀ကနေ အိမ်မြေပွဲစားဘ၀ ရောက်ရ တော့တာပဲ။ အစကတော့ အန်တီမေရီ မလုပ်တတ်ပါဘူး။ နောက်တော့လဲ အလုပ်က သင်သွား တာပေါ့။ အန်တီမေရီရဲ့ နဂိုမူလစပ်စုတတ်တဲ့၊ သူတစ်ပါးနားဝင်အောင်ပြောတတ်တဲ့ အရည်အချင်း ကလဲ အထောက်အကူဖြစ်စေ သပေါ့။
ဒါပေမယ့် အန်တီမေရီ အလုပ်က သားအမိနှစ်ယောက်၊ စားလောက်ရုံပဲ။ ပုံမှန်ဝင်ငွေမှ မရှိတာကိုး ပြီးတော့ အန်တီမေရီ ရှာ သမျှကို အန်တီမေရီရဲ့ နဂိုမူလ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ အကျင့်နဲ့ တဖြည်းဖြည်း မြင့်မားလာတဲ့ ရန်ကုန်လူနေမှု စရိတ်က စားလောက်ရုံအဆင့်ကမတတ်အောင် အမြဲ စီမံ ခန့်ခွဲ ပေးနေ တယ်လေ။
အဲဒီအချိန်မှာ ကန်ထရိုက်တိုက်တွေ အရင်းမစိုက်ရဘဲ နည်းလမ်းတွေကို ရှာကြံလာကြတယ်။ အချက်အလက်ကျတဲ့ မြို့နယ်တွေက နေရာဟောင်းတွေမှာ မြေတွေကိုလိုက်ရှာတယ်။ ဘယ်လို မြေမျိုးလဲဆိုတော့ မြေကတော်အသင့်ကျယ်ဝန်းပြီး အိမ်စုတ်လေးနဲ့ စီးပွားပျက်နေတဲ့ မြေမျိုးပေါ့။ ဥပမာ ဆောင်ရရင်အန်တီမေရီတို့လို မြေမျိုးပေါ့လေ။
ကန်ထရိုက်က အဲဒီမြေပေါ်မှာ သူတိုက် ဆောက်မယ်။ ဘယ်နှစ်ထပ်ပဲဖြစ်ဖြစ် ဆောက်မယ်။ ရှင်ကို ကြိုက်ရာအခန်းတစ်ခန်းပေးမယ် (ထပ်ခိုးမပါဘဲ အလွှာလိုက်တွေ ဆိုရင်လဲ နှစ်လွှာပေးမယ်) ကျန်တဲ့ အခန်းတွေကို သူရောင်းစားမယ်။ ကျန်တဲ့အခန်းတွေဆီက (အပျောက်ခန်းတွေ ဖြစ်တဲ့ အတွက်) ရမယ့် တစ်လ တစ်ရာစီကို မြေပိုင်ရှင်ရမယ်။ အခန်းတွေကို ၀ယ်ယူနေထိုင်သူများဟာ မိမိအခန်းကို ရောင်းချင် ရောင်း၊ ပေါင်ချင်ပေါင်၊ မြေပိုင်ရှင်က ၀င်ရောက်စွက်ဖက်ခွင့်မရှိ။ အကယ်၍ အဆောက်အအုံ မီးလောင် ရင်တော့ အခန်းဝယ်သူများဆုံး၊ မြေပိုင်ရှင်ကတော့ ကိုယ့်မြေကို ပိုင်လျှက်ပဲပေါ့။
ဆက်ရန်
.

1 comment:
အမရေ..
နည်းနည်း ဘီးဇီးသွားလို့ အခုမှပဲ ပေါင်းဖတ်သွားတယ်။
Post a Comment