Wednesday, October 20, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၇)

အခန်း(၃၇)

သူတို့သည်ရှေးဦးစွာ ပျက်နေသော လေယာဉ်အတွင်းမှ အသုံးဝင်မည့်ပစ္စည်းများကို ရှာဖွေ ထုတ်ယူလိုက် ကြသည်။
ရှေးဦးသူနာပြုဆေးသေတ္တာ၊ လေယာဉ်ပျက်ကျလျှင်လတ်တလော အသုံးပြုနိုင်သော (စည်သွတ် အစား အစာဘူး၊ ဆေးဝါး စသည်တို့ပါသည့်) အသက်ကယ်သေတ္တာ၊ အေကေ ၄၇ ရိုင်ဖယ်နှင့်အပိုကျည်ဆန်များ၊ ပစ္စတိုလ် သေနတ်၊ သတ္တ ရေဘူး၊ လက်နှိပ်ဓာတ်မီး၊ မြေပုံများပါသည့်အိတ်တို့အပြင် အရှေ့၊ အနောက်၊ တောင်၊ မြောက် သိနိုင်သည့်(ကွန်ပါ) ကိရိယာ ကိုပါ ဖြုတ်ယူလိုက်ကြသည်။

ခရိတ်နှင့် တွန်ဂါတာတို့က နှစ်ယောက်အင်အားဖြင့်ပြုပ်ကျပျက်စီးနေသော လေယာဉ် တောင်ပံ အစိတ်အပိုင်း များကို ဘေးနားရှိသစ်ပင်ချုံပုတ်များအတွင်းသို့ သယ်ယူပြီးသစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ် မှတ်ထား လိုက်ကြသည်။
    လေယာဉ်ကိုယ်ထည်ကြီးကိုမူသယ်ယူရန် မဖြစ်နိုင်သောကြောင့်သစ်ကိုင်း သစ်ခက်များဖြင့် ဖုံးအုပ် ထားလိုက်ကြသည်။
    သူတို့ အလုပ်လုပ်နေကြစဉ် နှစ်ကြိမ်တိုင်တိုင်ကောင်းကင်မှ လေယာဉ်စက်သံကြားရလေသည်။ အင်ဂျင် နှစ်လုံးတပ် လေယာဉ်ဖြစ်ကြောင်းသိသာသဖြင့် -
    ဆယ်လီက -
    ဒါကိုတာလေယာဉ်သံပဲ ထင်တယ်’’ ဟုပြောလိုက်သည်။

    ဟုတ်တယ်၊ ငါတို့ကိုလိုက်ရှာနေတာဖြစ်မယ်’’
    ခရိတ်ကပြောလိုက်လျှင် ဆယ်လီကပင် -
    ကျွန်မ တို့ မြေပြင်ကိုပြန်ရောက်တာသူတို့သိမှာမဟုတ်ဘူးရှင့်’’ ဟု ပြောပြန်သည်။
 ဒီလိုလည်း တထစ်ချတွက်လို့မရဘူးကွဲ့။ သူတို့အနေနဲ့ငါတို့ဟာ နယ်ခြား ကို ဦးတည် သွားမှာဘဲ ဆိုတာတော့ တွက်မိလိမ့်မယ်။ ငါတို့လေယာဉ်ဟာဆက်မပျံနိုင်ဘဲ မြေပြင် ကို ပြန်ရောက် နေနိုင်တယ် ဆိုတာ လည်း ထည့်တွတ်ကြမယ်။ ဒါကြောင့် ငါတို့ကိုလိုက်ရှာဖို့ ခြေလျင်တပ်တွေ လွှတ်လိုက်ပြီ လို့ တောင် ငါထင်မိတယ်’’

    ဒါဖြင့် ကျွန်မတို့ဒီနေရာက အမြန်ဆုံးထွက်သွားဖို့ကောင်းတယ်’’
    သွားတာကဟုတ်ပါပြီ ဘယ်ကိုသွားကြမှာလဲ’’
    ဤတွင်ဆာရာက၀င်၍ ဆွေးနွေးတင်ပြလေသည်။
    ကျွန်မ တစ်ခုအကြံပြုပါရစေ။ ကျွန်မတို့မှာအစာရေစာနဲ့ လမ်းပြတစ်ယောက်လည်းလိုလိမ့်မယ်။ ကျွန်မအနေနဲ့ ဒီနေရာ က ကျွန်မရဲ့ဖခင်ကြီးကျေးရွာကိုရောက်အောင် ရှင်တို့ကို လမ်းပြ ခေါ်သွား နိုင် ပါတယ်။ ဟိုရောက်သွားတယ်ဆိုရင် ကျွန်မတို့ကို လုံလုံခြုံခြုံဝှက်ထားပေးပါလိမ့်မယ်။ ကျွန်မတို့ အတွက် လမ်းပြကောင်းကောင်းတစ်ယောက်ရပြီးခရီးဆက်ဖို့ အသင့်ဖြစ်ချိန် အထိ သူပဲ စောင့်ရှောက် ပေးပါလိမ့် မယ်’’

    ခရိတ်သည် တွန်ဂါတာအားလှမ်းကြည့်လိုက်သည်။
    ဘယ်လို သဘောရသလဲသူငယ်ချင်း၊ ကျုပ်ကတော့ဆာရာအကြံပေးတာသင့်တယ်လို့ ထင်မိတယ်။ ခင်ဗျား ကန့်ကွက် စရာရှိသေးလား’’
    တွန်ဂါတာ ကလည်း မကန့်ကွက်ဘဲသဘောတူသဖြင့်ဆာရာပြောသလိုလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်။
    မထွက်ခွာမီ ခရိတ် သည်ဆယ်လီအားနှစ်ယောက်ချင်းခပ်တိုးတိုးပြောလေသည်။
    ဒီမယ် ဆယ်လီမင်းစိတ်ထဲတော်တော်ဝမ်းနည်းမှာပဲနော်။ စက်ဆနာလေယာဉ်က အလွန် နှမျော ဖို့ကောင်းတာ အမှန်ပဲ’’
    သို့သော ဆယ်လီကခေါင်းခါပြလေသည်။

    ကျွန်ကလေယာဉ်စက်ကိရိယာ ပစ္စည်းတစ်ခုပေါ်တိုင်း အကြီးအကျယ်သံယောဇဉ်မထားပါဘူး။ တစ်ချိန် ကတော့ စက်ဆနာလေယာဉ်ဟာ အလွန်အသုံးဝင်ခဲ့တာတော့မှန်တယ်။ ဒါပေမယ့်အခုပျက်စီးပြီး သုံးလို့ မှ မရတော့ သံယောဇဉ်ဖြစ်နေလို့ အပိုပေါ့။ ကိုင်း .... ကျွန်မတို့သွားကြစို့လား။
    သို့နှင့်ပင် သူတို့သည် လေယာဉ်ပျက်ကိုစွန့်ခွာလျက် ထွက်လာခဲ့ကြလေသည်။

    ခရိတ် သည် ရှေ့ပြေးကင်းသဘောဖြစ်စေရန် ကျန်လူများ၏ရှေ့ဆုံးမှ မိုင်ဝက်ခန့်ခွာလျက် အေကေ ၄၇ ရိုင်ဖယ်သေနတ် ကို အသင့်ကိုင်ကာလျှောက်သွားလေသည်။
    တွန်ဂါတာက နောက်ဆုံးမှလိုက်ပြီး မိန်းကလေးနှစ်ယောက်ကိုအလယ်မှထားလျက် ဆက်သွား ကြလေ သည်။
    ထိုနေ့ညနေစောင်းသော် သူတို့သည် ခြောက်ခန်းနေသောချောင်းတစ်ခုတွင် စခန်းချကြပြီး အသင့် ပါလာ သည့် အရေးပေါ်ရိက္ခာထဲမှ မော့လ်(မုယော) ဆေးပြားတစ်ပြားစီ အာဟာရ အဖြစ် စားလိုက် ကြသည်။   

    ညအိပ်ကြသောအခါအလှည့်ကျကင်းစောင့်ရန်လိုအပ်သဖြင့် အမျိုးသမီးနှစ်ဦးက ညဦးပိုင်းတာဝန်ယူပြီး ခရိတ် နှင့် တွန်ဂါတာတိုက သန်းခေါင်ကျော်မှ အရုဏါတက်ချိန်အထိတာဝန်ယူစောင့်လျက် အလှည့် အိပ်ကြ လေသည်။
    နောက်တစ်နေ့ နံနက်စောစောတွင် ခရီးဆက်ကြရာခရိတ်ကလူတွေသွားနေကျ လမ်းတစ်ခု တွေ့သဖြင့် ထိုလမ်း အတိုင်း လိုက်သွားကြလေသည်။ ထိုလမ်းကိုမြင်သည်နှင့် ဆရာကချက်ချင်းမှတ်မိသဖြင့် သူမ ကပင် ရှေ့ဆောင်၍ ဆက်သွားကြလေသည်။

    နောက်နှစ်နာရီခန့်ကြာသောအခါ သူတို့သည်အဘိုးကြီးဗူဆာမန်ဇီ၏တောင်ပေါ် ကျေးရွာ ကလေး အနီး သို့ ရောက်သွား ကြလေသည်။
    ကျန်သုံးဦးကပြောင်းခင်းများထဲ၌ ၀င်ပုန်းနေပြီးဆာရာကသူမ၏ဖခင်ကြီးအား ရှာရန် ထွက်သွား လေသည်။
    မကြာမီဆာရာပြန်ရောက်လာသောအခါ အဘိုးကြီးပါလိုက်ပါလာလေသည်။
    ဗူဆာမန်ဇီ သည် တွန်ဂါတာအားမြင်မြင်ချင်းအနီးသို့ကပ်ပြီး ဒူးထောက်၍လေးပြုလေသည်။

    အို .... အရှင်သခင်၊ ဘုရင်တို့၏သားတော်၊ ကျွန်ုပ်သည်သခင့်အား မြင်ရပါ၏။ အို... အရှင် မီဇီလီကာဇီ ၏ အနွယ်တော် ကျွန်ုပ်သည် သင်၏ကျေးကျွန်ဖြစ်ပါ၏။
    ဤသို့ အဘိုးကြီးကမာတာဘယ်လီဘာသာဖြင့် ပြောရာတွန်ဂါတာက အဘိုးကြီးအားဆွဲထူလိုက်သည်။
    အို .... အသင်အဘိုးကြီး ပြန်ထ၍ မတ်တတ်ရပ်နေပါလော့ ’’

    အို ... အသင် သခင်၊ လောလောဆယ်စားသောက်ဖွယ်များဖြင့် တည့်ခင်းဧည့်ခံခြင်းမပြုသည်ကို ကျွန်ုပ်အား ခွင့်လွှတ် ပါလော့၊ ဤနေရာကလုံခြုံရေးအတွက် စိတ်မချရပါ။ နေရာတကာ တွင် ရှိုနာစစ်သား တွေ ရှိနေ ကြကုန်၏။ လုံခြုံသော တစ်နေရာသို့ ကျွန်ုပ်ခေါ်သွားပြီးမှသာ စားသောက်အနားယူသင့်ပါသည်။ ထို့ကြောင့် ကျွန်ုပ် နှင့်အတူလိုက်ခဲ့ပါလော့ အို...သခင်’’
    ပြောပြောဆိုဆိုအဘိုးကြီးသည် သူ၏အသက်အရွယ်နှင့်အလိုက်အောင်ပင် လျင်မြန် သွက်လက်စွာ လျှောက် ထွက်သွား လေရာ ခရီတ်တို့လူစူသည် မနည်ကြိုးစား၍မီအောင် လိုက်စွားကြရလေသည်။

    သူတို့သည်နှစ်နာရီခန့်မရပ်မနားလျှောက်သွားကြရလေသည်။ ဒုတိယနာရီတွင်သူတို့သည် ဆူးချုံများ ပေါများသော နေရာ၊ ကျောက်တုံးကျောက်ခံများဖြင့်အတိပြီးသော မြေပြင်တိုကိုဖြတ်သွားကြရသည်။ လူသွားလမ်း ဟူ၍မရှိ။ ရှေ့မှသွားသူ အဘိုးကြီးဗူဆာမန်ဇီ၏ နောက်သို့သာလိုက်သွားကြရလေသည်။
    ကျုပ်တော့ ဒီနေရာကိုသဘောမကျမိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးမှာတိရစ္ဆာန်တွေ၊ ငှက်တွေ လုံးဝ မတွေ့ရဘူး။ ကျုပ်စိတ်ထဲမှာ ဒီအရပ်ဟာမကောင်းဆိုးဝါးတွေရှိနေသလို၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အန္တရယ် တစ်ခုခု ရှိနေသလို ထင်နေမိတယ်’’

    တွန်ဂါတာက ခရိတ်အားခပ်တိုးတိုးပြောလိုက်သည်။
    ခရိတ်လည်းပတ်ဝန်းကျင်သို့ လှည့်ပတ်အကဲခတ်ကြည့်လိုက်မိရာ ကျောက်တုံးကျောက်ခဲများသည် သံရည်ကျိုစက် မှ မီးဖိုကြီးထဲမီးဖုတ်ထားသကဲ့သို့ အရောင်အသွေးမှေးမှိန်နေသည်ကို သတိပြု မိလေ သည်။
    တွန်ဂါတာပြောသလို ပတ်ဝန်းကျင်၌သက်ရှိသတ္တ၀ါများ၏ အရိပ်အယောင်လုံးဝမတွေ့ရ။ ငှက်အော်သံ၊ တိရစ္ဆာန်ငယ် များသွားလာလှုပ်ရှားသံများလည်း အလျှင်းမကြားရချေ။ ထို့ကြောင့် ခရိတ် ကိုယ်တိုင်လည်း ကျောချမ်း မိလေသည်။
    ခင်ဗျားလည်းကျုပ်လိုပဲ ခံစားမိတယ်မဟုတ်လား’’
    တွန်ဂါတာကခရိတ်ကိုအကဲခတ်သလိုကြည့်ရင်း ပြောလိုက်စဉ်အဘိုးကြီးဗူဆာမန်ဇီသည် သူတို့၏ မျက်စိအောက် မှ ရုတ်တရက်ပျောက်သွားလေသည်။ ကျောက်တုံးကြီးများကြားထူးဆန်းစွာ ပျောက်ကွယ် သွားသည် ဟု ထင်ရလေသည်။

    ခရိတ်နှင့်တွန်ဂါတာတို့သည် အလွန်အံ့အားသင့်နေမိကြသည်၏
    သည်ဘက် ကို လာလှည့်ကြပါလော့၊ ကျောက်တုံးကြီး၏အစွန်းဘက်မှ ကွေ့ပတ်၍လာကြကုန်လော့’’
    အဘိုးကြီး ၏ အသံကိုကြားရသဖြင့် သူတို့သည်အသံကြားရာဘက်သို့ လျှောက်သွားကြရာ ကျောက်တုံးကြီး ၏ နံရံ တစ်နေရာ၌ လူတစ်ယောက်သာဝင်နိုင်သည့် အပေါက်ငယ်တစ်ခုကို တွေ့ရ လေသည်။ ဂူပေါက်ဝကဲ့သို့ဝင်ပေါက်မျိုးဖြစ်နေ ပေသည်။

    အတွင်းသို့ဝင်ခဲ့ကြပါလော့’’
    အဘိုးကြီး က ခေါ်လိုက်သဖြင့် သူတို့လည်းမရဲတရဲနှင့် ၀င်ပေါက်မှဝင်လိုက်ကြသည်။ အဘိုးကြီး သည် ၀င်ပေါက် အနီး တစ်နေရာတွင်အသင့်ရှိသောရေနံဆီမီးအိမ်တစ်ခုကို ထွန်းညှိလိုက်သည်။
    ဤကျောက်ဆောင်များ အတွင်း၌ လျှို့ဝှက်သော လိုဏ်ဂူများ၊ အတွင်းလမ်းများရှိပါ၏။ ဤသည်တို့ကား သဘာဝ အလျောက်ဖြစ်ပေါ်သောဂူများသာ ဖြစ်၏။
    အဘိုးကြီးကပြောရင်းရှေ့ဆောင်၍ ခေါ်သွားလေသည်။

    ကိုက်တစ်ရာ့ငါးဆယ်ခန့်သွားမိသောအခါ သူတို့သည်လမ်းကျဉ်းကလေးမှထွက်မိပြီး ကျယ်ဝန်းသော သဘာဝ အခန်းကျယ် တစ်ခု သို့ရောက်သွားကြလေသည်။
    ယင်းအခန်းကြီး၏အမိုးမျက်နှာကြက်ဆီ၌ အပေါက်တစ်ခုရှိပြီး အလင်းရောင်ထိုးဝင်လျက်ရှိလေသည်။ အဘိုးကြီး သည် ရေနံဆီမီးအိမ်ကိုငြိမ်းသတ်၍ ကျောက်သားဖြင့်ပြီးသော ခုံကဲ့သို့ နေရာတွင် ချထား လိုက် သည်။

    တစ်နေရာ တွင် ထုံးကျောက်များဖြင့် ပြုလုပ်ထားသော မီးဖိုဟောင်းတစ်ခုတွေ့ရပြီးအနီးတွင်လည်း ထင်းများ စုပုံ ထား လေသည်။
    အဘိုးကြီးကရှင်းပြလေသည်။
    ဤနေရာကား ကျွန်ုပ်တို့လူမျိုးများ အတွတ်အမြတ်ထားသောနေရာပင်တည်း။ မျက်လှည်ဆရာ (မှော်ဆရာ) များသည် လေ့ကျင့်သင်ကြားနေသည့်ကာလအတွင်း ဤနေရာ၌နေကြရကုန်၏။ ကျွန်ုပ် ကိုယ်တိုင် ငယ်စဉ် က ဤနေရာ၌နေ၍  ကျွန်ုပ်၏ ဖခင်ကြီးထံမှအတတ်ပညာများ သင်ယူခဲ့ရ၏။
    ဤတွင် အဘိုးကြီး က အားလုံးကိုထိုင်ခိုင်းသဖြင့် ထိုင်လိုက်ကြရလေသည်။

    ဤနေရာသည် အထူးလုံခြုံစိတ်ချရသောနေရာပင်ဖြစ်ပါ၏။ စစ်သားများအနေဖြင့် မည်သည့် နည်းနှင့်ရှာတွေ့နိုင်မည် မဟုတ်ပါ။ ရက်သတ္တတစ်ပတ်ခန့်ကြာ၍ စစ်သားများငြီးငွေ့ပြီး သင်တို့အား လိုက်မရှာ တော့ဘဲ လက်လျှော့ပြန်သွားလျှင် သင်တို့သည်ဆက်လက်ထွက်ခွာသွားနိုင်မည် ဖြစ်၏။ ထိုအခါ သင်တို့ အတွက် လမ်းပြတစ်ဦးကိုလည်း ကျွန်ုပ်ကစီစဉ်ပေးပါမည်။
    အဘိုးကြီးကမာတာဘယ်လီစကားဖြင့်ပြောလိုက်သည်ကို ခရိတ်က အင်္ဂလိပ်ဘာသာပြန် ပြောပြ လိုက်သော အခါ ဆယ်လီသည်ကြက်သီးထဟန်ဖြင့်-
    ကျွန်မ တော့ကျောထဲကအလိုလိုစိမ့်ပြီးကြောက်မိတယ်ရှင့်’’ ဟု ခပ်တိုးတိုးပြောရှာလေသည်။

    မကြာမီ ကျွန်ုပ်၏ အမျိုးသမီးများကစားသောက်ဖွယ်များ ယူဆောင်၍လာကြမည်ဖြစ်၏။ သူတို့သည် ဤနေရာတွင် ရှိနေစဉ်ကာလအတွင်းနှစ်ရက်တစ်ကြိမ် လာကြမည်ဖြစ်၏။ လာသည့်အခါသူတို့က သင်တို့ အတွက် စားသောက်ဖွယ်ရာများနှင့် သတင်းများပါယူဆောင်လာကြမည် ဖြစ်ပါ၏။

    အဘိုးကြီးကဤသို့ပြောပြီးနောက် ညနေမစောင်းမီမှာပင် ဆာရာ၏ဖအေတူမအေကွဲ ညီမငယ် နှစ်ဦး ရောက်ရှိလာကြ သည်။ သူတို့သည်အထုပ်အပိုးများကို ဦးခေါင်းပေါ်ရွက်၍ လာကြပြီး ခရီး ရောက်မဆိုက် မှာပင် ရယ်ကာမောကာဖြင့်စားသောက် ဖွယ်ရာများချက်ပြုတ်တော့ရာ ခရိတ်တို့အဖို့စိတ်ဓာတ်ကျခြင်းမှ အနည်းငယ် သက်သာရာရသလို ရှိလာလေသည်။
    ဆယ်လီ မင်းက အမျိုးသမီးတွေနဲ့စားရလိမ့်မယ်။ ဒါကသူတို့လူမျိုးရဲ့ဓလေ့ဖြစ်တယ်။ မင်းက သူတို့ အမျိုးသမီး တွေနဲ့ မစားရင် အဘိုးကြီးခမျာစိတ်မကောင်းဖြစ်လိမ့်မယ်’’
    ခရိတ် က အင်္ဂလိပ်လိုရှင်းပြလိုက်ရာ ဆယ်လီသဘောကျဟန်မတူချေ။

    ဒီအဘိုးကြီးကလည်းရှင် အပြင်ပန်းကအလွန်ရည်မွန်ပုံရပေမယ့် တကယ်ကျတော့သူဟာလည်း တခြား တိုင်းရင်းသား တွေလို အမျိုးသမီးတွေ ကို နှိမ်ချင်တဲ့စိတ်ရှိတာပဲကိုး’’
    ဆယ်လီကအင်္ဂလိပ်လိုပြန်ပြောလိုက်သော်လည်း တိုင်းရင်းသူများနှင့်အတူ အစား မစားနိုင်ကြောင်း အတင်း အကျပ် မပြော ပါချေ။
    ယောက်ျားသုံးယောက်တို့သည် ဘီယာအိုးကိုတစ်ယောက်တစ်လှည့်စီလက်ဆင့်ကမ်း၍ သောက်ကြပြီး နောက် စားစရာ များကိုလည်းအလယ်တွင်ချထားသော ဇလုံကြီးတစ်ခုအတွင်းမှ အတူတူနှိုက်စား ကြလေသည်။ အဘိုးကြီးဗူဆာမန်ဇီက ပလုပ်ပလောင်းစားနေရင်းကရံဖန်ရံခါ စကားပြောလေသည်။

ကျွန်ုပ်နှင့်သင်တို့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းကို ၀ိညာဉ်လောကမှပုဂိုလ်တွေကဟန့်တားလဲ့လေသည်။ ထိုညက ကျွန်ုပ်တို့သည်သင်တို့အလာကို စောင့်ဆိုင်းနေခဲ့ပါသောလည်းသင်တို့ရောက်မလာကြပါ။ ရှိုနာစစ်သား များကသင်တို့အား ဖမ်းဆီးသွားခဲ့ကြသ်ည။ သို့သောယခုတော့မူ ပုဂိုလ်တွေ စိတ်သဘော ထား ပြောင်းသွားကြပြီဖြစ်၍ သင်တို့အားရှိုနာလူမျိုး လက်တွင်းမှ လွတ်မြာက်စေပြီး ကျွန်ုပ်တို့ထံ သို့ ရောက်ရှိ လာအောင်ကူညီဖန်တီးပေးခဲ့ကြပါ၏။ ရှေ့လျှောက်ကျွန်ုပ်တို့လူမျိုးများ နှင့် ပတ်သတ် ၍ အရေးကြီးသောကိစ္စများကို သင်တို့နှင့်ဆွေးနွေးစရာ ရှိနေပါ၏’’

    တွန်ဂါတာကလည်း သူ၏အာဘော်ကိုပြောလေသည်။
    အသင် ဗူဆာမန်ဇီကျွန်ုပ်ရှိုနာလူမျိုးတို့လက်မှ လွတ်မြောက်အောင်နာမ်လောကမှ ပုဂိုလ်များက ကူညီ မစခဲ့သည့်ဟု သ်ငဆိုပါ၏။ သို့ဖြစ်ပါမူ ဤမျက်နှာဖြူ(ခရိတ်အားညွှန်ပြလျက်) လူမျိုးသည် ထိုပုဂိုလ်တို့၏ ကိုယ်စားလှယ် ဖြစ်ရပေမည်။ သူနှင့်တကွသူ၏အမျိုးတိုက် အသက်စွန့်၍ ကျွန်ုပ် လွတ်မြောက်အောင် ကူညီ ကယ်ဆယ် ခဲ့ကြ၏’’
    သို့တစေလည်း ဤသူသည်မျက်နှာဖြူလူမျိုး ဖြစ်နေပါ၏’’
    အဘိုးကြီးက ခရီတ်နှင့်တကွမျက်နှာဖြူလူမျိုး အားလုံးတို့အားမုန်းတီးစက်ဆုပ်ဟန်ဖြင့်ပြောလိုက်ခြင်း ဖြစ်လေ သည်။

    တွန်ဂါတာက ခရိတ်ဘက်မှရှေ့နေလိုက်သလိုပြောပြန်သည်။
    အို ... အသင်ဗူဆာမန်ဇီ သူ၏မိသားစုသည် ဤမြေပြင်ပေါ်တွင်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာခန့် ပင်ရှိပြီ ဖြစ်၏။ သူသည် ကျွန်ုပ်နှင့်ညီအစ်ကိုလည်းတော်စပ်၏’’
    သခင့်အနေဖြင့် ဤမျက်နှာဖြူလူမျိုးအားစိတ်ချရပါမည်ဟု အာမခံပါသလော၊ တာဝန်ယူပါသလော’’
    အဘိုးကြီး က ခရိတ်အားသံသယရှိသလို မေးပြန်ရာ တွန်ဂါတာကလည်း -
    ကျွန်ုပ်တာဝန်ယူပါ၏။ ယခုဤနေရာတွင် စုဝေးရောက်ရှိနေသူအားလုံးသည် ယုံကြည် စိတ်ချရသော မိတ်ဆွေ များချည်း ဖြစ်ပါ၏။ ဟုပြောလိုက်လေသည်။

    သည်တော့မှ အဘိုးကြီးသည်သက်ပြင်းချလျက်-
    အရှင်သခင်၏သဘောအတိုင်းရှိပါစေလော့’’ ဟုပြောပြီးရုတ်တရက် တစ်စုံတစ်ခုကို သတိရဟန်ဖြင့်-
     အို... အရှင်သခင် အရှင်သည်ဘုရင်မင်းမြတ်၏ သင်္ချိုင်းဂူကို တာဝန်ထူစောင့်ရှောက်နေရသူ မဟုတ် ပါလော့’’ ဟု မေးလိုက်သည်။
    ဤတွင် တွန်ဂါတာ သည် အံ့အားသင့်သွားသည်။

    အို .... အသင် အဘိုးအို၊     ဤအကြောင်းကို သင်သည် မည်မျှသိပါသနည်း’’
    ကျွန်ုပ် သိသလေက်ကိုပြောရလျှင် ကူမာလိုအဆက်အနွယ်တို့၏ သားများအရွယ်ရောက်လာသောအခါ သူတို့အား ဘုရင်၏ သင်္ချိုင်းဂူရှိရာသို့ ခေါ်ယူပြသဖြင့် သင်္ချိုင်းဂူကို စောင့်ရှောက်ရန် ကျမ်းသစ္စာ ကျိန်ဆို စေရကြောင်း ကျုပ်သိပါ၏။
    အဘိုးကြီးကပြောလိုက်လျှင် တွန်ဂါတာကခေါင်းညိတ်လိုက်သည်။

    ဤအတိုင်း ဖြစ်နိုင်ကောင်းပါပေ၏’’
    ဤအကြောင်းနှင့်ပတ်သတ်သော အတိတ်တဘောင်ကိုအရှင်သိပါ၏လော’’
    အဘိုးကြီးကမေးမြန်းရာ တွန်ဂါတာကလည်း ခေါင်းညိတ်လိုက်ပြန်သည်။
    မာတာဘယ်လီလူမျိုးတို့ အကျပ်အတည်းနှင့်တွေ့၍ လိုအပ်သည်ရှိသော်ဘုရင်ကြီး၏ ၀ိညာဉ်က လာရောက် ၍ ကူညီ စောင့်ရှောက်လိမ့်မည်။ တဘောင်က ဤသို့ဆိုသည် မဟုတ်ပါလော’’
    လိုဘင်ဂူလာ ၏ ၀ိညာဉ်သည်မီးတောက်မီးလျှံကဲ့သို့သော အသွင်ဖြင့်လာရောက်ကူညီမစလိမ့်မည်။

    အဘိုးကြီးကအတိတ်တဘောင်ကို အတိအကျပြောလိုက်သည်။
    မှန်ပါ၏။ လိုဘင်ဂူလာ၏မီးလျှံကလာရောက်ကူညီမစလိမ့်မည်ဟု အဆိုရှိခဲ့ကြောင်းကျွန်ုပ် သိပါ၏။
    ထိုမျှသာအဟုတ်သေး၊ ရှေးအစဉ်အဆက်ကရှိခဲ့သော အတိတ်တဘောင်နှင့်ပတ်သတ်၍ များစွာ ရှိသေး၏။ အရှင် သိပါ၏လော။
    အို .... အဘိုအို ကျွန်ုပ်အားပြောပါလေလော့’’

    ကောင်းလှပါပြီအရှင်၊ ကျွန်ုပ်ပြောပါအံ့။ အတိတ်တဘောင်က ဤသို့ဆိုပါ၏။ ကျားသစ်ငှက် သည် ရှေးဦးစွာ ကျမ်းသစ္စာ ကျိန်ဆိုချက်ကိုဖောက်ဖျက်သည်။ ထို့နောက်၎င်းအား တုပ်နှောင် ထားသော နှောင်ကြိုး တို့ကိုလည်း ဖြတ်ထွက်လိမ့်မည်။ ထိုအခါကျားသစ်ငှက်သည် လင်းယုန် ကဲ့သို့ ပျံသန်း လိမ့်မည်။ ရေထဲမှငါးကဲ့သို့လည်းကျင်လည်စွာ ရေကူမည်။ ယင်းသို့ ဖြစ်ပျက်ပြီးသောအခါ လိုဘင်ဂူလာ၏ မီးလျှံသည် အမှောင်ထုအတွင်းမှ လွတ်မြောက်ကာသူ၏ပြည်သူတို့အား ကယ်တင် လိမ့်မည်။ ဤသို့လျှင် တဘောင်က ဆိုပါ၏’’

    အားလုံးတိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ကြစဉ် အဘိုးကြီးကပင်ဆက်လက်၍-
    ကျားသစ်၏သားရေသည်ကူမာလိုမင်းဆက်၏ အမှတ်အသားပင်ဖြစ်၏။ ထို့ကြောင့် အတိတ်တဘောင် မှ ကျားသစ်ငှက် ဟူသည်ယင်းမင်းဆက်၏ အနွယ်တော်တစ်ဦး ဖြစ်ရပေမည်’’ ဟုပြောလိုက်သည်။
    တွန်ဂါတာကမူ ဆိတ်ဆိတ်နေလိုက်သည်။
    ''အို....အရှင်သခင် သူသည် ကျမ်းသစ္စာ ကျိန်ဆိုချက်ကို ဖောက်ဖျက်ခဲ့ပြီဟု ကျွန်ုပ် မသိပါ။ သို့ရာတွင် သင်သည် ရှိုနာလူမျိုးတို့က သင့်အား တုပ်နှောင်ထားသည့် နှောင်ကြိုးများကိုကား သင်သည် ဖြတ်တောက် ၍ ထွက်လာခဲ့ပြီ ဖြစ်ပါ၏။ ''

    အဘိုးကြီးက ဤသို့ပြောပြန်ရာ ခရိတ်က ခေါင်းညိတ်ရုံ ညိတ်လိုက်သည်။
    ''အရှင်သခင် သင်သည်  ရှိုနာလူမျိုးတို့၏ အနှောင်အဖွဲ့မှ ထွက်ပြေးလွတ်မြောက်ခဲ့ရာတွင် လင်းယုန်ဌက် ကဲ့သို့ အင်ဒေကီ စက်ယန္တရားဖြင့် ပျံသန်းလွတ်မြောက်လာခဲ့သည် မဟုတ်ပါလော ''
    တွန်ဂါတာသည် အဘိုးကြီးအား ခေါင်းညိတ်ပြပြီးနောက် ခရိတ်ဘက်သို့ လှည့်၍ အင်္ဂလိပ်ဘာသာဖြင့် ခပ်တိုးတိုး ရှင်းပြလေသည်။
    ''ကျုပ်တို့ လူမျိုးတို့ရဲ့ အတိတ်တဘောင်တွေ ထူးခြားပုံတစ်ခုက တကယ်ဖြစ်ပျက်လာတာ မှန်သမျှကို တဘောင် နဲ့ ကိုက်ညီအောင် ကြံဖန် ဆွဲယူထောက်ပြလို့ရတယ်။ တစ်ခုတော့ ရှိတာပေါ့။ အတိတ်တဘောင် တွေကို သားစဉ် မြေးဆက် တစ်ဆင့်ပြီးတစ်ဆင့် ပြောကြရာမှာ နည်းနည်းပါးပါး အပြောင်းအလဲ ရှိလာ တတ်တယ် ''
    ဤသို့ပြောပြီးမှ တွန်ဂါတာသည် အဘိုးကြီးအား မာတာဘယ်လီဘာသာဖြင့်လှည့်ပြောပြန်သည်။

    ''အို....အသင် အဘိုးအို သင်ကား ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံပါပေ၏။သို့ဖြစ်လင့်ကစား ရေထဲမှ ငါးကဲ့သို့ ကျင်လည်စွာ ရေကူးခြင်းအကြောင်းကိုလည်း သင် ကြိုသိထားစေချင်ပါ၏။ ကျွန်ုပ်အနေဖြင့် ရေနစ်ပြီး သေဆုံးရမည်ကို အလွန်ကြောက်ပါ၏။ ထို့ကြောင့် သင်သည်အခြားသော ငါးတစ်ကောင်ကို ရှာရ ပေမည် ''
    အဘိုးကြီး ဗူဆာမန်ဇီသည် ဘာမျှမပြောဘဲ ဆိတ်ဆိတ်နေရာ တွန်ဂါတာကပင် ဆက်ပြောပြန်သည်။

    ''ကျွန်ုပ်အနေဖြင့် သင့်အားပြောပြစရာတစ်ခု ရှိသေး၏။ ကျွန်ုပ်သည် လိုဘင်ဂူလာ၏ သင်္ချိုင်းဂူအတွင်းသို့ ၀င်ရောက် ခဲ့ပြီးပါပြီ။ အတွင်း၌ ဘာမျှမရှိ၊ ဗလာနတ္ထိ ဖြစ်နေပါ၏။ လိုဘင်ဂူလာ၏ရုပ်ကလာပ်လည်း မရှိ တော့ပါ။ ထို့ကြောင့် ရှေးကရှိခဲ့သော အတိတ်တဘောင်သည် ရှေးပဝေဏသီကပင် ပျက်ပြယ်ချေပြီဟု ဆိုရ မလို ဖြစ်နေပါ၏ ''
    တွန်ဂါတာ၏ စကားကို ကြားလျှင် အဘိုးကြီးသည် စိတ်မချမ်းသာ ဖြစ်သွားပုံမရချေ။ သို့သော် သူ၏ လည်ပင်း တွင် ဆွဲချိတ်ထားသော တိရ စ္ဆာန်ဦးချိုမှ အဖုံးကို ဖွင့်လိုက်သည်။(တိရ စ္ဆာန်ဦးချိုမှာ တိုင်းရင်းသား တို့ နှာမှုန့် ထည့်ရာ၌ အသုံးပြုလေ့ရှိသောဦးချိုတစ်ခုပင် ဖြစ်သည်။)

ဆက်ရန်
.

No comments: