"ဗမာတွေ အချို့လာတယ်၊ လာတော့ ကြည့်ပြီး ငိုကြတာပဲ၊ ဗမာတွေလာတော့ အံ့သြနေတယ်၊ ကုလားတွေအားလုံး ၀င်းတော်ထဲ ၀င်လာရင် ဟိုဝင်းအ၀ကစပြီး ဒူးတုပ်ဝင်လာရတာ၊ ခစားတဲ့အခါမှာ လည်း ၀ပ်နေတာပဲ။ စုဘုရားတို့လည်း ဘုန်းတော်ကြီးရှေ့မှာ နေ့စဉ်နှင့်အမျှ ၀ပ်ပြီး ခစားနေရတာပဲ၊ တန်ခူးလကျရင် ဘုန်းတော်ကြီးဘုရားနဲ့ မယ်တော်တို့ ရေသပ္ပာယ်တဲ့အခါမှာ တိတ်စေလို့ အမိန့်တော် ရှိလိုက်ရင် အားလုံး တိတ်နေကြတာ၊ ရေသံသာ ကြားရတယ်။ ကုလားတွေကို ဒီလို ၀ပ်ဟဲ့၊ ဒီလို ဒူးတုပ်ဟဲ့၊ ဒီလို ရှိခိုးဟဲ့နဲ့ ခိုင်းတော်မူတဲ့အတိုင်း လုပ်တတ်ကြတော့ လာတဲ့ ဗမာတွေက အံ့သြတာ ပေါ့။ တောထဲက ကြက်တူရွေးတောင် သင်ရင် ရသေးတာပဲလို့ အရှင် နန်းမတော် ဘုရားက ပြောတော်မူတယ်"
"ကုလားပြည်မှာ စံနေခိုက် ဘယ်လိုများ ၀တ်ဆင်နေပါသလဲ ဘုရာ့း"
"ဗမာအတိုင်းပဲ ၀တ်တယ်၊ ကုလားမလို ဆာရီ မ၀တ်ဘူး၊ ထိုင်မသိမ်းအင်္ကျီနဲ့ ထဘီဝတ်တယ်၊ ရန်ကုန် က ကိုဘရှင်က ပို့ပေးတယ်၊ ထိပ်စုဘုရား ဒုတိယမိဖုရားက အချုပ်အလုပ် တတ်တယ်၊ အ၀တ်အစား တွေ အကုန်လုံး သူပဲ ချုပ်လုပ်တော်မူတယ်။ ထိုင်မသိမ်းအင်္ကျီ နို့ကလေးနှစ်ခုချပြီး ပန်းနုရောင် ရင်စည်းနဲ့ စိန်ဒလက်ကလေးတွေ တပ်ထားတယ်၊ နားထွင်းတုန်းက အင်္ဂလိပ်က ငွေတစ်သိန်း ဆက် တယ်၊ ပွဲလမ်းလုပ်ရင် ထိုင်မသိမ်းနဲ့ ထဘီဝတ်ပြီး အိမ်မှာ နေ့တိုင်းတော့ တရုတ်ပွ အင်္ကျီနဲ့ထဘီ ၀တ်နေကြတယ်"
"အိမ်တော်မှာ ပွဲလမ်းသဘင် လုပ်ပါသလား"
"သီတင်းကျွတ်နဲ့ တန်ခူးလတိုင်း ပွဲလုပ်တယ်၊ လူတွေ အားကြီးလာကြည့်တယ်၊ မဏ္ဍပ်ပုံစံကို ဘုန်းတော်ကြီးကျောင်းဘုရားက ပုံရေး သနားတော်မူပြီး ပြဿာဒ်ကြီးတွေ အထပ်ထပ် လုပ်တာ တကယ့်အိမ်ကြီးပဲ။ မုခ်လေးမုခ်နဲ့ လုပ်ထားတယ်၊ တကတဲ ရွဲလုံးတွေ ရွဲလုံးတွေဆွဲလို့၊ ဘုန်းတော်ကြီး ဘုရားဟာ လက်သမားလည်း ကောင်းကောင်း တတ်တယ်"
ကျွန်မတို့မှာ ဣနြေ္ဒမဆည်နိုင်ဘဲ ရယ်နေကြသည်။
"ဘုန်းတော်ကြီးဘုရားဟာ စောင်းကောက်လည်း တီးတယ်၊ စန္ဒရားလည်း တီးတယ်၊ စန္ဒရားကြီး လေးလုံး တောင် ရှိတယ်။
"ဘုန်းတော်ကြီးဘုရားက စန္ဒရားတီးပြပြီး သီချင်းသံကို တယောနဲ့ လိုက်ယူခိုင်းတယ်၊ စန္ဒရား တီးနေ တော်မူတဲ့အခါများ ဆိုရင် အမယ်လေး သိပ်သာယာတော်မူတာပဲ"
ကျွန်မမှာ မပီ့တပီ ပြောနေသော အသံကိုင် အင်္ဂလိပ်၏ ဖျက်ဆီးခြင်း တစ်ရပ်ကဲ့သို့ ခံစားနေရတော့ သည်။ အင်္ဂလန်ပြည့်ရှင် ဘုရင်မ အယ်လစ်ဇဘက် မင်းသမီးကို မြင်ယောင်လိုက်မိသည်။ အဖြစ်ချင်း လဲ၍ ခံစားကြည့်ကြမည်ဆိုလျှင် အင်္ဂလိပ်ဘုရင်မ၏ ဘ၀မှာ ဘယ်လိုနေလိမ့်မည်နည်းဟု တွေးခေါ် ကြည့်မိ လေသည်။
'သမီးတော်တွေကော သင်မပေးဘူးလား ဘုရား'
'မသင်ရဘူး၊ သမီးတော်တွေ သီချင်းဆိုရင်၊ လေချွန်ရင်အရှင်နန်းမတော်ဘုရားက တစ်ခါတည်းပါးဖဲ့တယ်။ မိန်းကလေးလေမချွန်ရဘူးတဲ့'
အပါး တရိုတသေထိုင် ခစားနေကြသော မြေးတော်ကလေးများသည် တောက်ပသော မျက်လုံး ကလေးတွေနှင့်ဘွားအေကို စိုက်ကြည့်နေကြသည်။ ရယ်ချင်ကြလျှင် ပါးစပ်ကိုလက်ကလေးနှင့် ပိတ်ကာ အသံမထွက်အောင် ကျိတ်ရယ်ကြလေသည်။
"ပျို့၊ ရတု၊ ကဗျာ၊ လင်္ကာ မသင်ပြဘူးလား ဘုရား"
"မသင်ဘူး၊ ဘုန်းတော်ကြီးဘုရားပဲ ပျို့ရတုတို့ ရွတ်ဆိုနေတယ်၊ သူများနိုင်ငံမှာ ဘယ်သူရှိလို့တုံး၊ ဒီသားသမီးလေးဦးရှိတာ၊ ရွတ်ဆိုပြတာက ဘာတဲ့၊ ပျို့တစ်ခုဟာ။ ဇာတိ၊ ပုည၊ ဂုဏ်မာန တဲ့။ ရွတ်တော်မူတဲ့အခါများ သိပ်သာယာတော်မူတာပါပဲ"
"ပါတော်မူသွားတော့ ဘုရားဆင်းတုတော်တွင် ပါသွားပါသလား"
"ပါတာပေါ့၊ ဘုန်းတော်ကြီးဘုရားဟာ ဘုရားကို အင်မတန် ၀ါသနာပါတယ်၊ စုဘုရားတို့ ဘုရားဝတ် တက်ရတယ်၊ ရေကပ်ရတယ်။ ဘာခေါ်ပါလိမ့်၊ ဘုရားမျက်နှာကြီးက အဖြူကြီး၊ သိပ်ဖြူတယ်၊ တစ်ခါ တစ်လေ ဘုန်းတော်ကြီးဘုရား ဘုရားကို ချက်ခုံးမွေး ဆေးထည့်ပေးတော်မူတယ်"
ကျောက်ဆင်းတုတော်ဘုရားကိုပင် မည်သို့ ခေါ်ဝေါ်ရမှန်း မသိရှာဘဲ မျက်ခုံးမွေး ဆေးထည့်ပေး တယ်ဟု နားလည်တော်မူသလို၊ ပြောတတ်သလို မပြောတတ် ပြောတတ် ပြောနေခြင်းပင် နားထောင် သူများအတွက် ကြေကွဲစရာ ကောင်းနေပေသည်။ ကုလားစကား အသုံးအနှုန်းကို မြန်မာလို ဘာသာ ပြန်လျက် ပြောသည့်အခါလည်း ပြော၏။
"စုဘုရားတို့ ဖိနပ်ဆိုရင် ဘယ်နေရာမှန်းတောင် မသိဘူး၊ အရှင်မိဖုရားခေါင်ကြီးဟာ ဖိနပ်ဆိုရင် အင်မတန် ရွံတယ်၊ နေမကောင်းတော်မူတဲ့အခါများ အင်္ဂလိပ်နပ်စ်မတွေ လာရင် သူတို့ ဖိနပ်သံ ဒေါက်ဒေါက်ဒေါက် ကြားရတယ်၊ သူတို့ဖိနပ်သံကို နားခါးလိုက်တာဟယ်လို့ ဆိုတော်မူတယ်"
"ရတနာဂီရိမှာ စံနေစဉ်က မျက်နှာကို လူးတာ လိမ်းတာ ဘယ်လိုအရာမျိုးနဲ့ လိမ်းပါသလဲ ဘုရား"
"သနပ်ခါးပဲ လူးတာပဲ၊ သနပ်ခါးနဲ့ ငါးပိကို ရန်ကုန်က ကိုဘရှင်ဆီမှာ မှာရတယ်"
ကျွန်မက မေးခွန်းတစ်ချက် တို့လိုက်လျှင် အခြားသိသင့်စရာ အရာများပါ တွဲပါလာတတ်သော ပွင့်ပွင့် လင်းလင်း ပြောတတ်နိုင်ခြင်း ရှိသည်။ တစ်ခွန်းနှစ်ခွန်း စလိုက်ရုံနှင့် သိစရာများ အကုန်တသီကြီး သိခွင့်ရသည်။
"စုဘုရားတို့ ပေါင်ဒါလူးရင် အရှင်နန်းမတော်ဘုရား သိပ်စိတ်ဆိုးတော်မူတယ်၊ ပေါင်ဒါဆိုရင် ဘယ်တော့မှ မလူးရဘူး၊ သနပ်ခါးမှတစ်ပါး ဘာမှ မလူးရဘူး၊ အမယ်လေး ... ဘယ်တော့မှ မလူးဘူး၊ အခုပေါ်တဲ့ အိုက်စကရင်ဆိုတာမျိုး ဘယ်တော့မှ မလူးဘူး။ ဒီနေ့ထိ မလူးဖူးဘူး၊ အခုခေတ်တော့ မပြောနဲ့တော့၊ အမျိုစုံ အမျိုးစုံ"
မလူးဘူး၊ မလိမ်းဘူးဟု ပြောသည့်အသံမှာ မာလွန်းလှချေသည်။ စိတ်ထဲမတွေ့လျှင် မတွေ့သည့် အတိုင်း ထန်ထန်ကလေး ဒေါနှင့်မောနှင့်ပင် အသံမာမာ ပြောချလေသည်။ ကုလားပြည်နေတော်မူစဉ် က ဗမာနှင့် အဆက်ပြတ်ရုံသာမက မြန်မာပြည်တွင်လည်း ဗမာနှင့် အဆက်ပြတ်နေသော အသွင် လက္ခဏာတို့ကို တစ်ချိန်လုံး အကဲခတ်၍ရသဖြင့် ဘ၀တစ်ခုတွင် တသီးတခြား အသက်ရှင်နေ သကဲ့သို့ ဖြစ်နေရှာသည်။
"အရှင်မိဖုရားခေါင်းကြီးဟာ အင်္ဂလိပ်ရဲ့အမူအရာ တစ်စက်မှ မရှိဘူး၊ အင်္ဂလိပ်ဆိုရင် ဆဲနေတယ်"
"ရှေးရှေးက နန်းတော်ထဲမှာ မင်းသမီးတွေ ခေါင်းကို အုန်းဆီပဲ သုံးပါသလား ဘုရား"
"အုန်းဆီ မသုံးဘူး၊ နှမ်းဆီ သုံးတယ်။ မြတ်လေးပန်းကို ထုပ်၊ နှမ်းဆီထဲမှာ ထည့်ထားတယ်၊ နှမ်းစိမ်းနဲ့ မြတ်လေးပန်းကို အထပ်ထပ်သပ်ပြီးမှ ကြိတ်ပြီး၊ မြတ်လေးဆီထုတ်ပြီး လိမ်းကြတယ်။ သနပ်ခါးကို လှဲသွေးတာ မလူးဘူး၊ သနပ်ခါးတုံးကို မတ်တတ်ထောင် သွေးမှ လူးတယ်၊ တစ်နေ့လုံး ထိုင်သွေးမှ ပန်းကန်လေးတစ်လုံးပဲ ရတယ်၊ အရှင်ဘုရာုးက ငါ့သမီးများ သွေးကြ၊ ၁ကျပ်ပေးမယ် အမိန့်ရှိလို့ စုဘုရားတို့လေ တစ်နေ့လုံး ထိုင်သွေးနေကြတာပဲ"
ရယ်စရာ ပြောရတော့မည်အခါဆိုလျှင် မပြောမီ ပြုံးရယ်ပြီးမှ ပြောတတ်လေသည်။ ပြုံးရယ်သွားသည့် အခါ ချစ်စရာ သိမ်မွေ့ ကြည်လင်သွားသော မျက်နှာပြင်ကို စိုက်၍ ကြည့်မိသည်။
"ရေမွှေးကော မသုံးပါဘူးလား ဘုရား"
"ရေမွှေး မလိုဘူး၊ သရဖီပန်း အဆံတွေ နေလှန်းပြီး ကြိတ်၊ အခဲကလေးလို၊ နေပူပြန်လှန်း၊ ခြောက် သွားတော့ နှင်းရည်နဲ့ သွေးလူးလိုက်တယ်၊ မွှေးကြိုင်နေတာပဲ။ အရှင်မိဖုရားခေါင်ကြီး ဘုရားဟာ အင်္ဂလိပ်အသုံးအဆောင် ဘာမှမလုပ်ဘူး၊ တစ်ခါက သီတင်းကျွတ်လ ပန်းစက္ကူလေးတွေ ထိုင်ညှပ်နေ တုန်း "သခင်လာပြီ၊ ဘုရား၊ ဘုရား"လို့ ကုလားအစေခံတွေက လာပြောတော့ ဟဲ့ သွား၊ မလာဘူး။ ဒီအင်္ဂလိပ်ဆီကို ငါမလာဘူးလို့ အော်လွှတ်လိုက်တာလေ"
စုဘုရား၏ အသံမှာ မာချင်သည့်အခါ၌ မာလှသော်လည်း သာယာညင်းပျောင်း ပြောရမည့် နေရာများတွင် ထူးထူးခြားခြားပင် အသံပြောင်းသွားလျက် ကရုဏာရသ ပြည့်ဝသောအသံနှင့် သာယာညင်းပျောင်း ထွက်ပေါ်လာလေသည်။
ဘုန်းတော်ကြီးဘုရားဟာ နေ့တိုင်းပဲ မေတ္တာပို့တယ်၊ ညနေတိုင်း နေ၀င်ချိန်မှာ လက်ပိုက်ပြီး မေတ္တာပို့နေတယ်။ အဟံ၊ အကျွန်ုပ်သည် လို့ ဆိုလိုက်တာများ သိပ်နားထောင်ကောင်းတာပဲ။ အင်္ဂလိပ် ဟာ ငါတို့ရန်သူတဲ့။ သူတို့ကြောင့် ဆွေမျိုး၊ စည်းစိမ်၊ ဥစ္စာနဲ့ တိုင်းပြည်ကို ပစ်ခဲ့ရတယ်လို့ ပြောပြီး နေ၀င်ချိန်တိုင်း လက်ပိုက်ပြီး အင်္ဂလိပ်ကို မေတ္တာပို့နေတယ်"
"ရှေးက နန်းတော်ထဲမှာ နန်းတော်သူတွေ အင်္ကျီ လက်ပြတ်တွေ ၀တ်တာ မန္တလေးဦးကိုကိုလတ် သိမ်းထားတဲ့ ရေးဆေးပန်းချီပုံတွေထဲမှာ တွေ့ခဲ့ရပါတယ် ဘုရား"
"အဲဒါ ကိုယ်ကုပ်အင်္ကျီ ဖြစ်မယ်၊ ပထမသမီးတော် ဘုရားဟာ ကိုယ်ကျပ်အင်္ကျီဝတ်ရင် အမယ်လေး ငါ ဗမာဖြစ်ရတာ ကြောက်စရာကောင်းလိုက်တာလို့ ဆိုတယ်၊ ဗမာရဲ့ ကိုယ်ကျပ်ဟာ ကြောက်စရာပါ။ နောက်ကနေပြီး တစ်ယောက်က ခါးကို ဒူးနဲ့ တိုက်ပြီး အတင်း ချည်ပေးရတာပဲ"
"အင်္ဂလိပ်ရှင်ဘုရင်မနဲ့ နန်းတော်သူတွေလည်း ခါးသေးအောင် ဒီလိုပဲ နောက်က တစ်ယောက်က တုပ်ချည်ဝတ်ပေးရတာပဲ ဘုရား၊ ဗမာမှာလည်း ခါးသေးအောင် ဂရုစိုက်ရပါကလား"
"ဗမာလည်း ဂရုစိုက်ရတာပေါ့၊ ခါးသေးလေလေ လူလှလေလေပဲ။ စုဘုရား ကိုယ်ကျပ်ဝတ်ရင် "အမယ် လေး သေတော့မှာပဲ" လို့ အော်တာပဲ။ အသက်ကို မရှူနိုင်ဘူး၊ ကျပ်လွန်းလို့။ ကိုယ်ကျပ်ဝတ်ပြီးမှ ခေါင်းပေါ င်းပိုးပ၀ါ၊ မိန်းမအင်္ကျီထိုင်မသိမ်းထပ် ၀တ်လိုက်ရတယ်။ ခါးလေးကို သေးသေးကလေး ဖြစ်သွားတယ်။ အရှင် မိဖုရားခေါင်ကြီး ဘုရားတော့ ကိုယ်ကျပ်အမြဲ ၀တ်ဆင်တော်မူတယ်၊ ညအိပ် တော့လည်း ကိုယ်ကျပ်နဲ့ပဲ စက်တော် ခေါ်တယ်၊ နန်းတော်ထဲမှာ ကိုယ်ကျပ်နဲ့ ၀င်ရတယ်လို့ အမိန့် တော်ရှိတယ်။ လင်ရှိရင် ရင်စည်းတဲ့ မိန်းမဟာ အနက်ရောင် စည်းရတယ်၊ လင်မရှိတဲ့ အပျိုတွေက ကိုယ်ကျပ်ကြိုးထိုး ၀တ်ပြီး ၀င်ရတယ်တဲ့"
ကိုယ်အလှအပ ဂရုစိုက်ခြင်း ရှိသော နန်းတွင်းသူတို့၏ ခါးသေးရင်ချီသော အလှကို ကြောက်စရာ ကောင်းလိုက်တာဟု ပြောရင်း တစ်ကိုယ်လုံး တုန်သွားလေ၏။ ကျွန်မတို့မှာ ရယ်နေကြရသည်။
"ထိုင်မသိမ်းအင်္ကျီလက်က အရှည်ကြီးပဲ ချုပ်ရတယ်၊ လက်လျှိုဝတ်တော့မှ တစ်တောင်လောက်အထိ မှာ တွန့်တွန့်၊ တွန့်ပြီးမှ လျှိုဝတ်ရတယ်။ ပြီးတော့ ပန်းနုရောင် ရင်စည်းပြီး ရင်ဖွင့်ထားတယ်၊ အရှင် မိဖုရားခေါင်ကြီးဘုရား အမိန့်တော် ရှိတယ်။ "ငါတို့ ဗမာလူမျိုးဆိုတာ မိန်းမဆိုရင် ပေါင်သားတစ်စက်မှ မပေါ်ရဘူး" တဲ့၊ စုဘုရားတို့ အခုထက်ထိ အင်္ကျီဝတ်ရင် တင်ပါဖုံး ၀တ်ရတယ်၊ အခုတော့ ဘာအရောင်အဆင်းမှ မ၀တ်တော့ဘူး။ ရသေ့ဝတ်နဲ့ နေတာ ခု ၂နှစ် ရှိပြီ"
"ရတနာဂီရိကု ပို့တော့ မိဖုရား ဘယ်နှပါး ပါပါသလဲ ဘုရား"
"မိဖုရား သုံးပါး ရှိတယ်၊ သူတို့ကို ဒိပြင်လင်နဲ့ ပေးစားဖို့ အမျိုး မရှိဘူး၊ စုဘုရားတို့ မယ်တော်ဘုရားက မိဖုရားအကြီးကို သဘောမတူဘူး၊ ညီမသာ သဘောတူတော်မူတယ်၊ အစ်မတော် ဘုရားက သဘော မတူ မှန်း ရိပ်မိတော့ မယ်သီလရင် လုပ်သွားတယ်၊ ဒီရာဇ၀င် ကြားဖူးတယ် မဟုတ်လား"
ကျွန်မမှာ ပြုံုးနေလိုက်လေသည်။
"ရတနာဂီရိကနေပြီး ဆင်ဖြူရှင်ဘုရားနဲ့အတူ အစ်မဖုရားကြီး ပြန်သွားတယ်၊ နတ်ရွာစံတော့ သူ့ဂူဟာ ကြည့်မြင်တိုင်မှာ ရှိတယ် ပြောတယ်၊ ဆင်ဖြူရှင်ဘုရားကတော့ မန္တလေးနန်းတော်ထဲမှာ ဘိုးတော် ဘုရားဂူနဲ့ အတူတူ ထားတယ်"
"ဒုတိယသမီးတော် လတ်သခင်နဲ့ လက်ထပ်တော်မူတာ ရတနာဂီရိမှာလား ဘုရား"
"လက်ထပ်တာ မဟုတ်ဘူး၊ ရန်သူဖြစ်ပြီး ခိုးသွားတာ၊ ဘုန်းတော်ကြီးဘုရားက လတ်သခင်ကို ယုံလို့ ဓားနဲ့ သေနတ် သနားတော်မူပြီး ၀င်ချင်တဲ့အချိန် ၀င်၊ ထွက်ချင်တဲ့အချိန် ထွက်၊ ဒီတော့ သမီးတော် တစ်ပါး ပါသွားရော၊ ပြီးရော၊ အေးရော"
သံခုတင်ပေါ်၌ မိန်းမပီပီ ပုံ့ပုံ့ကြီး ထိုင်နေတော်မူလျက် လက်ဟန်ခြေဟန် မပါဘဲနှင့် ပြောနေပုံမှာ လက်ဟန်ခြေဟန်နှင့် ပြောသည်ထက်ပင် ဟန်ပါသေး၏။ တစ်ခါတစ်ရံ ကလေးနှင့် တူသလို ကျွန်မ စိတ်ထဲ ထင်မိသည်။
"အဲဒီတုန်းက တစ်အိမ်လုံး ဗြောင်းဆန်ပြီး မကောင်းလိုက်တာ၊ ၀က်မစွတ်ဝန်ထောက်ကို ဘုန်းတော် ကြီးဘုရားက အမိန့်တော် ရှိတယ်။ ခင်မောင်လတ်ကို သေခန်းဖြတ်၊ တကယ်ဆိုရင် ငါ့ကို ပြောပါ တော့၊ သမီးတော် လိုချင်ပါတယ်လို၊ ငါသဘောတူမှာပေါ့၊ အခုတော့ ဘာမှ မပြောမဆိုဘဲ ခေါ်သွား တယ်၊ အင်္ဂလိပ်က ဖွက်ထားတယ်။ မီးမယူနဲ့၊ ရေမယူနဲ့လို့ ၀က်မစွတ် ၀န်ထောက်ကို ရေးသနားလိုက် တယ်"
"ပထမသမီးတော် ရန်ကုန်ပြန်တော့ ပါလာပါသေးသလား"
"ပါလာတယ်၊ သူ့ကိုလည်း ချော့ပြီး ခေါ်လာရတယ်၊ သူ့လင်က တံခါးစောင့်၊ တစ်လမှ ၁၅ကျပ်ပဲ ရတယ်၊ ဒါတောင် ကုလားဇာတ်ရှိလိုတဲ့၊ ကုလားက လက်မထပ်ဘူး။ ဘုန်းတော်ကြီးဘုရား နတ်ရွာစံ ပြီး မြန်မာပြည် ပြန်ကြတော့ သူ့ကို ပြန်ချော့ခေါ်နေရတဲ့အတွက် အာရံကိုလာ သင်္ဘောကြီးမစီးရဘဲ ဖယ်ရီကွင်း သင်္ဘောလေး နဲ့ ပြန်ခဲ့ကြရတယ်၊ မြန်မာပြည် လိုက်လာတော့ သူ့သမီးလေး ပါလာတယ်၊ မြန်မာပြည်မှာ မနေချင်ဘူး ဆိုပြီး အတင်း ကုလားပြည် ပြန်သွားတယ်၊ ဘုန်းတော်ကြီးဘုရားဟာ သမီးတော်တွေအတွက် နှလုံး ရောဂါ ဖြစ်ပြီး နတ်ရွာစံရတာ၊ ကုလားပြည်မှာ အားလုံး ကိုးရိုးကားရား ကြီးပဲ"
"ပထမ သမီးတော်၊ ဒုတိယ သမီးတော်တို့နဲ့ စာပေးစာယူ လုပ်သေးသလား ဘုရာ့း"
"စုဘုရားတို့ ရေးကြတယ်၊ စာရေးတော့ ကုလားလိုပဲ ရေးကြတယ်၊ ကုလားလိုရေးတော့ သူတို့ လင်တွေက စာမတတ်လို့ မဖတ်နိုင်ဘူး"
တစ်ခါတစ်ရံ ထီးမူနန်းဟန် စကားသံ ပျောက်သွားလေသည်။ ဆွေတော်မျိုးတော် မဟုတ်ဘဲ အရပ်သူ အရပ်သားနှင့် စကားအတူတူ ပြောသည့်အနေနှင့် ပြောနေမကျလှသော အရပ်သုံး အရပ်သားနှင့် စကားများကို လိုက်ပြောခြင်းကြောင့် ကျွန်မနား၌ပင် ရင့်သီး၍ သွားပေသည်။ သီပေါဘုရင် နတ်ရွာစံ ရပုံ အကြောင်း ကို ပြောပြသောအခါ၌ မျက်နှာတော် ပျက်လျက် မျက်ရည်များ ၀ဲနေလေသည်။
ဆက်ရန်
.

No comments:
Post a Comment