Saturday, October 2, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃ဝ)

အခန်း (၃ဝ)

မြွေကြီးသည် အလျားခြောက်ပေခန့်ရှည်ပြီး သံလှောင်ချိုင့်အတွင်း တစ်နေရာတွင် ခွေလျက်ရှိလေ သည်။ မျက်လုံးများ တောက်ပြောင်ပြီး ပါးစပ်မှလျှာကို ထုတ်လိုက်သွင်းလိုက် လုပ်နေပုံတို့ကြောင့် မြင်ရသူတိုင်းအဖို့ ထိတ်လန့်ကျောချမ်းဖွယ်ရာ ဖြစ်နေတော့သည်။ မြွေကြီးသည် အာဖရိကတိုက် တောင်ပိုင်း တွင် တွေ့ရတတ်သည့် အလွန် အဆိပ်ပြင်းသည့် အက်ဒါအမျိုးအစား မြွေကြီးတစ် ကောင်ပင် ဖြစ်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် မြွေလှောင်ချိုင့်အနီးတွင် ရပ်၍ တွန်ဂါတာအား မထီမဲ့မြင်ပြုံးလျက် စကားပြော လေသည်။
"'ဒီအစီအစဉ်က ကျုပ်က လုပ်တာ မဟုတ်ပါဘူး။ ခင်ဗျားကို ကုသဖို့ တာဝန်ယူထားတဲ့ ဒေါက်တာ ရဲ့ အစီအစဉ် တစ်ခု ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ကျုပ် နောက်ဆုံး စကားပြောခဲ့တာ ရက်ပေါင်း အတော် ကြာသွားပြီ။ ဒါထက်ပိုပြီး မစောင့်နိုင်တော့ဘူး။ ဒီနေ့ပဲ ခင်ဗျားရဲ့ သဘောတူညီချက် ကတိကို ကျုပ် လိုချင်တယ်"

တွန်ဂါတာအား လုံးဝ မလှုပ်ရှားနိုင်အောင် ကျွန်းသားကုလားထိုင်တစ်လုံးတွင် တုပ်နှောင်ထားလေ သည်။ အက်ဒါမြွေကြီးရှိသော သံလှောင်အိမ်က သူ၏ ရှေ့နားရှိ စားပွဲတစ်လုံးပေါ်တွင် တင်ထား သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စကား ဆက်ပြောလေသည်။

"ရဲဘော် ၀န်ကြီး တွန်ဂါတာ ခင်ဗျား တစ်ချိန်တုန်းက ခင်ဗျားဟာ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေး ဌာနမှာ အမှုထမ်းခဲ့ဖူးလေတော့ ဒီမြွေကြီးမျိုးကို သိဖူးပါလိမ့်မယ်။ အက်ဒါအမျိုး အစား ထဲကဖြစ်ပြီး အာဖရိကတိုက်က မြွေတွေအနက် အဆိပ်အပြင်းထန်ဆုံး မြွေဆိုတာလည်း သိ ပါလိမ့်မယ်။ ဒီမြွေမျိုး အကိုက်ခံရလို့ အဆိပ်ပြင်းထန်ပုံက မြွေဟောက်အကိုက်ခံရတာထက် ခံရ ခက်သေးတယ်။ မြွေကိုက်ခံ ရပြီး ခံစားရတဲ့ ဝေဒနာက ပြင်းထန်လွန်းတဲ့အတွက် လူမသေမီ စိတ် ဖောက်ပြန်ပြီး ရူးသွပ်သွား တတ်တယ်ဆိုတာလည်း အဆိုရှိတယ်"
ပြောပြောဆိုဆို ဖွန်ဂါဘီရာသည် သူ၏ လက်ကိုင်တုတ် ထိပ်ဖျားဖြင့် မြွေလှောင်အိမ် ထိပ်နားကို သွားတို့ လိုက်ရာ လှောင်အိမ်တွင်းမှ မြွေကြီးကမြင်ပြီး အံ့သြဖွယ်ကောင်းအောင် လျင်မြန်စွာ လှမ်း ပေါက် လိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာပင်လျှင် ရုတ်တရက် လန့်ပြီး ခုန်လိုက်သည်။
"ကျုပ် က မြွေဆိုရင် အလွန်အသည်းယားတယ်၊ အနားမကပ်ချင်ဘူး။ ခင်ဗျားကတော့ ဘယ်လိုလဲ"
ဖွန်ဂါဘီရာက တွန်ဂါတာအား မေးလိုက်သည်။

"ခင်ဗျားက အခု ကျုပ်ကို ခြောက်လှန့်နေတာပါ။ တကယ်တော့ ခင်ဗျား ကျုပ်ကို မြွေနဲ့တိုက်သတ် မှာ မဟုတ်ပါဘူး။ ခင်ဗျားအဖို့ ကျုပ်အသက်သေသွားရင် ဘာမှ အကျိုးမရှိနိုင်ဘူးဆိုတာ ခင်ဗျား အသိဆုံးပဲ။ အခု ဒီမြွေကြီးကိုလည်း ခင်ဗျားတို့ အဆိပ် ထုတ်ယူပြီးသားလို့ ကျုပ် ယူဆတယ်"
တွန်ဂါတာ၏ စကားအဆုံးတွင် ဖွန်ဂါဘီရာသည် မျက်နှာထား တင်းမာသွားလျက် ဒေါက်တာအား လှမ်းခေါ်၍ တစ်စုံတစ်ခု ပြောလိုက်လေသည်
ဒေါက်တာလည်း ထွက်သွားပြီး ခဏမျှအကြာတွင် ပြန်ဝင်လာသည်။ သူ၏လက်တွင် ကြွက်တစ် ကောင် ကိုင် ထားလေသည်။

ဆရာဝန်သည် လှောင်အိမ်ထိပ်ရှိ တံခါးပေါက်ကိုဖွင့်၍ ကြွက်ကို အတွင်းသို့ ပစ်ချလိုက်သည်။ ကြွက် သည် လှောင်အိမ်တွင်းမှပြေးရန် ထွက်ပေါက်လိုက်ရှာရင်း မြွေကြီးကိုမြင်လျှင် ကြောက်လန့် လျက် ထောင့်တစ်ထောင့် သို့ ပြေး၍ ကပ်နေလိုက်သည်။

မြွေကြီး သည် ကြွက်ကိုမြင်သည်နှင့် ခွေနေရာမှ ကြွက်ရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာလေ သည်။ ကြွက်နှင့် နှစ်ပေခန့်အလိုတွင် ရပ်လိုက်ပြီးနောက် ပါးပျဉ်ကြီးထောင်ကာ မျက်စိဖြင့် လိုက် ကြည့်၍ မမြင်နိုင်လောက်အောင် လျင်မြန်စွာ လှမ်းပေါက်လိုက်သည်။
ကြွက်သည် မြွေကိုက်ခံရပြီး လိမ့်ထွက်သွားလေသည်။ ပြင်းစွာ နာကျင်လျက် လူးလိမ့်ကာ ညည်း ညူနေပြီး မှ ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားတော့သည်။ တစ်မိနစ်ပင် မကြာဘဲ သေသွားခြင်း ဖြစ်လေသည်။

ဒေါက်တာသည် လှောင်အိမ်ကိုဖွင့်၍ ကြွက်သေကို သစ်သားညှပ်တစ်ခုဖြင့် ညှပ်ယူ၍ အခန်းတွင်းမှ ထွက်သွားလေသည်။
"ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကြွက်ရဲ့ကိုယ်နဲ့ နှိုင်းစာရင် အဆပေါင်းများစွာ ကြီးလေတော့ ကြွက်သေ သွား သလို မြန်မြန်ကြီး သေမှာမဟုတ်ဘူး။ သို့ပေမဲ့ သေတော့ ဧကန်မုချ သေမှာပဲ။ ချက်ချင်း မသေတဲ့ အတွက် အဆိပ်သင့်တဲ့ ဝေဒနာကို ခပ်ကြာကြာ ခံစားရလိမ့်မယ်။ ဒီမြွေက အဆိပ်ထုတ် ယူပြီးသား ဟုတ်မဟုတ် အခုခင်ဗျား မျက်မြင်ပါပဲ"
ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ စကားအဆုံးတွင် ဒေါက်တာသည် အခန်းတွင်းသို့ ပြန်ဝင်လာရာ သူနှင့် အတူ ကင်းစောင့်တပ်မှူး (ကက်ပတိန်)နှင့် စစ်သည်နှစ်ဦးတို့ လိုက်ပါလာကြသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ထိုလူများ ရောက်လာသောအခါ တွန်ဂါတာအား ပြုံးလျက် ပြောပြန် သည်။

"ဒီပစ္စည်းကိရိယာနဲ့ အသုံးပြုနည်းကို ဒေါက်တာကိုယ်တိုင် တီထွင်ဖန်တီးထားတယ်၊ အလွန် အသုံးဝင်တဲ့ နည်းပါပဲ"
စစ်သည်နှစ်ဦးက တွန်ဂါတာ၏ ကုလားထိုင်ကို မ၍ မြွေလှောင်အိမ်အနီးသို့ ရှေ့လိုက်သည်။ ထို့ နောက် ဓားသိုင်း ကစားသူများ ဆောင်းသည့် ခမောက်လို ဦးထုပ်တစ်ခုကို တွန်ဂါတာ၏ ဦးခေါင်း ပေါ်မှ စွပ်ပေးလိုက်သည်။ ခမောက်၏ ရှေ့မျက်နှာစာတွင် ပိုက်လုံးငယ် အပျော့တစ်ခုရှိရာ ထိုပိုက် လုံးငယ်ကို မြွေလှောင်အိမ် ဖွင့်သည့် တံခါးပေါက်နားတွင် တေ့ထားလိုက်သည်။
ပိုက်လုံး မရွေ့လျားအောင်လည်း ပိုက်လုံးအ၀နှင့် မြွေလှောင်အိမ်တံခါးဝကို ကလစ်များဖြင့် ညှပ် ထားလိုက်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာက ရှင်းပြလေသည်။
"လှောင်အိမ်တံခါးကို ဖွင့်လိုက်ရင် မြွေကြီးဟာ အဲဒီပိုက်ထဲကတစ်ဆင့် ခင်ဗျားရဲ့ မျက်နှာဆီကို လာလိမ့်မယ်။ သို့သော်လည်း ဒီအစီအစဉ်ကို ခင်ဗျားအနေနဲ့ ရပ်လိုက်နိုင်ပါတယ်"
"ခင်ဗျားရဲ့ အဖေရှိုနာကြီးဟာ တောခွေးရိုင်း နဲ့ ဘာမှမထူးဘူး"
တွန်ဂါတာက ဘုကျကျ ပြန်ပြောလိုက်သည်။

"မြွေကြီး လှောင်အိမ်ထဲကတစ်ဆင့် ပိုက်ထဲဝင်လာအောင် ကျုပ်တို့က လှောင်အိမ်ကို အပူဓာတ် ပေးလိုက်ရုံပဲ။ ဒါကြောင့် ခင်ဗျားစဉ်းစားပါ။ ကျုပ်တို့ကို လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူရှိရာကိုသာခေါ် သွားပါ"
"ဘုရင် လိုဘင်ဂူလာရဲ့ သင်္ချိုင်းဂူဟာ ဘာသာရေး အဆောက်အအုံတစ်ခုလို အလွန် မြင့်မြတ် တယ်"
တွန်ဂါတာသည် စကားစလိုက်သော်လည်း ဆုံးအောင် မပြောနိုင်ချေ။ သူသည် အလွန်အားအင် ချည့်နဲ့နေပြီ ဖြစ်သည်။ ထို့ကြောင့် လိုဘင်ဂူလာ၏ သင်္ချိုင်းဂူအကြောင်း လွှတ်ခနဲ စကားစလိုက်မိ ခြင်း ဖြစ်သည်။ စောစောပိုင်းကဆိုလျှင် သူသည် သင်္ချိုင်းဂူရှိကြောင်းကိုပင် မပြောဘဲ ငြင်းခဲ့သည်။

ယခုတော့ သင်္ချိုင်းဂူရှိကြောင်း ၀န်ခံလိုက်မိလေပြီ။ ဤသည်ကိုပင် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သဘောကျသွားပေသည်။
"ဟုတ်ပြီ၊ လိုဘင်ဂူလာသင်္ချိုင်းဂူ အမှန်ရှိကြောင်း သိရပြီ။ ဒီတော့ အဲဒီ သင်္ချိုင်းဂူရှိရာကိုသာ ကျုပ် တို့ကို ခေါ်သွားပါ။ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ချစ်သူ နှစ်ယောက်စလုံး နိုင်ငံခြားကို လေယာဉ်နဲ့ ထွက်သွား နိုင်အောင် ချက်ချင်း စီစဉ်ပေးပါ့မယ်"

"သဘောမတူဘူး၊ လိုက်မပြနိုင်ဘူး။ ခင်ဗျားကို ကျုပ် ရှုတ်ချတယ်။ ခင်ဗျားရဲ့အမေဟာ ပြည့်တန် ဆာမ တစ်ယောက်ဖြစ်တယ် မဟုတ်လား။ တွီ…တွီ"
တွန်ဂါတာက စိတ်တိုတိုဖြင့် ပြောလိုက်ရာ ဖွန်ဂါဘီရာသည် ဒေါသထွက်လာကာ-
"ဟေ့… မြွေလှောင်အိမ်တံခါးကို ဖွင့်လိုက်"ဟု အမိန့်ပေးလိုက်သည်။
တွန်ဂါတာ သည် သူ၏ မျက်နှာတွင် တေ့ထားကာ ပိုက်ကို ကြည့်နေမိသည်။

ထိုအချိန်၌ မြွေကြီးသည် လှောင်အိမ်အတွင်း၌ ခွေလျက်ပင် ရှိသေးသည်။
"မိတ်ဆွေကြီး စိတ်ပြောင်းဖို့ အချိန်ရှိပါသေးတယ်"
ဖွန်ဂါဘီရာက ထပ်၍ တိုက်တွန်းပြန်သည်။ သို့သော်လည်း တွန်ဂါတာက ဘာမှမပြောဘဲ မြွေကြီး လာမည့် ပိုက်လုံးကိုသာ ဆက်ကြည့်နေသည်။
"ဟေ့…ငါပြောထားတဲ့အတိုင်း ဆက်လုပ်"

ဖွန်ဂါဘီရာက အမိန့်ပေးလိုက်သောအခါ စစ်သည်တစ်ဦးက မီးသွေးမီးဖိုတွေကို မီးရဲရဲဖြင့် မြွေ လှောင်အိမ် အနီး စားပွဲပေါ်သို့ တင်လိုက်သည်။
မီးအပူရှိန်သည် တွန်ဂါတာ၏နေရာမှာပင် သိသိသာသာ ပူနေပေသည်။
အပူရှိန်ကြောင့် ခွေနေသော မြွေကြီးသည် ကိုယ်ကို ဆန့်လိုက်သည်။ မီးအပူရှိန်မှ ဝေးရာနေရာသို့ လိုက်ရှာရင်း ပိုက်လုံးငယ်အ၀ဆီသို့ ဖြည်းဖြည်းချင်း ထိုးလာလေသည်။
"ကိုင်း…ရဲဘော်ကြီး သဘောတူကြောင်း မြန်မြန်ပြောလိုက်ပါ၊ မြန်မြန်ပြောလိုက်ပါ။ ကျုပ်က မြွေကို ပြန်ဝေး စေနိုင်သေးတယ်"
ဖွန်ဂါဘီရာက ပြောလိုက်ချိန်တွင် တွန်ဂါတာသည် တစ်ကိုယ်လုံး ဇောချွေးများ ပြန်လျက်ရှိသည်။

မြွေကြီးသည် ပိုက်လုံးအ၀သို့ ရောက်လာလေ၏။ သို့သော် ချက်ချင်းမ၀င်သေးဘဲ ခေတ္တဆိုင်း လျက် ရပ်နေသည်။
"အချိန်ရှိပါသေးတယ် ရဲဘော်ကြီး၊ ဒီလို အသေဆိုးမျိုးနဲ့ မသေချင်စမ်းပါနဲ့။ ကျုပ်ပြောသလို သဘောတူ တယ်လို့သာ ပြောလိုက်ပါ"
ဖွန်ဂါဘီရာက ပြောပြန်သည်။ သို့သော် တွန်ဂါတာသည် မြွေကြီးကိုသာ မျက်တောင်မခတ်ဘဲ စိုက် ကြည့်နေမိသည်။ အနီးကပ် မြင်ရမှ မြွေ၏ ပမာဏ မည်မျှကြီးမားသည်ကို သိရတော့သည်။
ယခုဆိုလျှင် မြွေကြီး၏ ခေါင်းသည် တွန်ဂါတာ၏ မျက်နှာနှင့် ဆယ့်ရှစ်လက်မခန့်သာ ကွာဝေး တော့သည်။ မီးအပူရှိန်ကြောင့် မြွေကြီးသည် ရှေ့သို့ တရွေ့ရွေ့ တိုးလာနေသည်။
"ရဲဘော်ကြီး အချိန်နောက်မကျသေးဘူး။ ခင်ဗျားက သဘောတူတယ်လို့သာ ပြောစမ်းပါ။ ကျုပ်က မြွေခေါင်း ကို သေနတ်နဲ့ ပစ်လိုက်မယ်"

ဖွန်ဂါဘီရာက ပြောပြန်သည်။ သို့သော် တွန်ဂါတာသည် အားနည်းနေသည့်ကြားမှ ကြိုးစား၍-
"မပြောဘူး မပြောဘူး၊ ခင်ဗျားတို့ ရှိုနာလူမျိုးတွေ သေလိုက်"ဟု ခပ်တိုးတိုး ပြောလိုက်သည်။
အမှန်တော့ သူသည် အလွန်တုန်လှုပ်ချောက်ချားနေပြီ ဖြစ်သည်။ မြွေကြီးနှင့် နီးကပ်နေသော ကြောင့် အော်ဂလီဆန်ကာ အန်ချင်သလိုလည်း ဖြစ်လာသည်။ ကြိုးစား၍သာ တံတွေးမျိုချလိုက်ရ သည်။
တွန်ဂါတာသည် ရုန်းကန်ရန် ကြိုးစားသေးသော်လည်း ရှိုနာစစ်သားနှစ်ဦးက သူ၏ ပခုံးနှစ်ဖက်ကို အတင်းဖမ်းချုပ်ထားလိုက်သည်။

မြွေကြီး သည် မော်တော်ကားဘီးပေါက်သလို အသံမျိုးဖြင့် တွန်ရင်း တွန်ဂါတာအား ပေါက်ရန် ပါး ပျဉ်ထောင် လိုက်သည်။
တွန်ဂါတာ လည်း လုံးဝ မလှုပ်ရှားဘဲ ငြိမ်၍ နေလိုက်သည်။
သို့သော် မြွေကြီးသည် မပေါက်ဘဲ ပါးပျဉ်ကိုပြန်ချကာ တွန်ဂါတာ၏မျက်နှာပေါ်သို့ တက်လာလေ သည်။
တွန်ဂါတာသည် လုံးဝ မလှုပ်ရှားဝံ့တော့ချေ။

မြွေကြီးသည် သူ၏မျက်နှာပေါ် တက်ရုံမက သူ၏ ကိုယ်နှင့် ရစ်ပတ်ပြန်လေသည်။
အနီးကပ်လွန်းသဖြင့် တွန်ဂါတာအဖို့ မြွေကြီးကိုပင် ကောင်းစွာ မမြင်ရတော့ဘဲ မှုန်ဝါးဝါး ဖြစ်နေ သည်။ အရေးထဲ မြွေကြီးက သူ၏ပါးပြင်ကို လျှာဖြင့် လျက်နေသည်။
တွန်ဂါတာသည် စိတ်ဓာတ်ချောက်ချားလာကာ ရူးချင်စိတ်ပင် ဖြစ်ပေါ်လာမိသည်။ လုံးဝ မေ့မြော မသွားအောင် လည်း မနည်းကြိုးစား၍ သတိထားနေရသည်။
မြွေကြီးသည် သူ၏မျက်နှာကို ဆက်လက်ရစ်ပတ်နေလေရာ တွန်ဂါတာသည် မည်သို့မှ မတတ်နိုင် ဘဲ ငြိမ်နေရလေသည်။ ပါးစပ်မှ ဟစ်အော်ခြင်းလည်း မပြုဝံ့ချေ။
"ဟဲ…ဟဲ မြွေကြီးက ခင်ဗျားကို သဘောကျပုံ ရတယ်။ အခု ခင်ဗျားမျက်နှာပေါ်မှာပဲ အခြေတကျ နေတော့မယ် ထင်တယ်"

ဗိုလ်ချုပ် ဖွန်ဂါဘီရာက သရော်သလို ပြောလိုက်ပြီးနောက် သူကိုယ်တိုင် မီးသွေးမီးဖိုထဲမှ သံ ချောင်းငယ်တစ်ခု ထုတ်ယူလိုက်သည်။ သံချောင်းသည် မီးရဲရဲ ဖြစ်နေသည်။
"ကဲ…ရဲဘော်ကြီး ဒါဟာ ခင်ဗျားအတွက် နောက်ဆုံး အခွင့်အရေးပဲ။ ကျုပ်က မြွေကြီးကို မီးရဲရဲ သံ ချောင်းနဲ့ တို့လိုက်တာနဲ့ ဘာဖြစ်သွားမယ်ဆိုတာ သိရဲ့မဟုတ်လား"
တစ်ဖန် သူကပင် ဆက်၍-

"အခု လောလောဆယ် ခင်ဗျား စကားမပြောနိုင်တဲ့ အခြေအနေဖြစ်နေတော့ ကျုပ် ပြောတာကို သဘောတူတယ်ဆိုရင် မျက်လုံးကိုသာ အဆက်မပြတ် မျက်တောင်ခတ်ပြပါ"ဟု ပြောလေသည်။
တွန်ဂါတာ က မျက်တောင်မခတ်ဘဲ နေလိုက်သည်။

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူး ဆရာမရေ.
ဒီအပိုင်းလေးလည်း ဖတ်သွားပါပြီ

ခင်မင်စွာဖြင့်
ဇော်သိင်္ခ