နှလုံးသွေးပျက်ချင်စရာ အိပ်မက်ဆိုးများ
အရှေ့ပိုင်းတွင် ဂျာမန်တို့ စစ်ရေးစစ်ရာမှာ အခြေမလှဖြစ်လာခဲ့ပြီ။ သြဂုတ်လအတွင်းက စတာလင် ဂရက် မြို့ သိမ်းတိုက်ပွဲတွင် အရေးနိမ့်ခဲ့ရသည်။ ဤသည်မှာ ဆိုဗီယက်ကို သိမ်းဖို့ စီမံကိန်း စက္ကူစုတ် ဘ၀ရောက် သွားခြင်းဖြစ်၏။
အရိုးကွဲမတတ် အေးသောနေ့တစ်နေ့။ ဟယ်လင်နှင့် ကျွန်မမြို့ထဲတွင် မသိမသာ ဖြတ်သွား ဖြတ်လာရင်း သတင်း ဖလှယ်ကြသည်။ ဟယ်လင်ယောက်ျား ဟင်နရီသည် အသိဥာဏ် မြင့်မားသူ၊ ရည်မွန်သူဖြစ်၍ ရိုကီတာ ၏ အစေတော်ဖြစ်နေသည်ဆို၏။
ဟင်နရီသည် ရိုကီတာအား အရက်စပ်ပေးရသူလည်း ဖြစ်သဖြင့် သူတို့၏ အစီအစဉ်တွေကို ကျွန်မ လိုပင် အကျဉ်းစခန်း ထဲ ရောက်အောင် သတင်းပို့ပေးနိုင်လေသည်။ ဟယ်လင်နှင့် ကျွန်မ တတ်နိုင်သမျှ မကြာ မကြာ တွေ့ဖို့ အပြန်အလှန် ကတိပြုလိုက်ကြသည်။
ကျွန်မတို့ သွက်နိုင်သမျှ သွက်သွက်လှုပ်ရှားကြရတော့မည်။ တစ်နေ့တခြားတင်းကျပ်လာသော သူတို့၏ လုံခြုံရေး အစီအမံ များကိုလည်း မျက်ခြည်မပြတ်အကဲခတ်နေရမည်။ ၁၉၄၃ ခုနှစ် အစောပိုင်းတွင် နာဇီ တို့သည် ဂျူးမျိုးဖြုတ်ရေး စီမံကိန်းကို တက်သုတ်ရိုက်လာကြ၏။ ရိုကီတာနှင့် သူ၏ မုန်တိုင်း တပ်သား များသည် ဂျူးအကျဉ်းစခန်းများနှင့် အလုပ်ရုံများတွင် တစ်သုတ်ပြီးတစ်သုတ် သတ်ဖြတ်နေကြ၏။
" သူတို့တော်တော်များများ တောထဲကို ထွက်ပြေးလွတ်မြောက်သွားကြတယ် " ဟု ကျွန်မ၏ ပင်မင်း လုပ်သား တစ်ဦးဖြစ်သည့် ဟာရှယ်မော့က သတင်းပေးသည်။ " ငါတို့ညီအစ်ကို နှစ်ယောက်လည်း တောထဲ ပဲ လစ်မယ်၊ နင်ငါတို့ကို ကူညီမှဖြစ်မယ် အိုင်ရင်း "ဟုလည်း ဆိုလာ၏။
ဟယ်လင်က တာနိုမိုအပြင်ဘက်ရှိ ယာတောတစ်ခုကို ပြောင်းသွားပြီး မကြာခင် သူ့ဆီက လှည်းတစ်စီး ငှားဖို့ကို ကျွန်မ အစီအစဉ်လုပ်ထားသည်။ ဟာရှယ်နှင့်နာသန်မော့ညီအစ်ကိုရယ်၊ ပြီး တော့ သူတို့ မိန်းမတွေ ဖြစ်တဲ့ ပိုလာနှင့် မာရီယမ်ရယ်၊ အားလုံး ၄ ဦးကို ဂျာနောကာ တောနက်ကြီး ထဲအရောက်ပို့ဖို့ ကျွန်မ ကျိတ်ပြီး ကြံစည်နေသည်။
ကျွန်မ ဘာလုပ်နေသည်ကို ကျွန်မသိပါသည်။ အချိန်မရွေး ကျွန်မခေါင်းထဲကို ကျည်ဆန်တစ်တောင့် ဖြတ်သန်း သွားနိုင်ပါသည်။ သို့သော် " သိုး ခိုးခိုး၊ ဆိတ် ခိုးခိုး၊ မိလျှင် ကြိုးပေး ခံရမည်" ဟူသည့် ဆိုရိုး စကားကို သိသိကြီးနှင့် ကျွန်မလုပ်နေခြင်းဖြစ်ပါ၏။
လူ ၄ ယောက်လွတ်မြောက်ရေး ကျိတ်ကြံနေသည်ကိုရော၊ ခြံစည်းရိုးအောက်တွင် နေ့စဉ်ရိက္ခာပို့ နေသည့်ကိစ္စကိုပါ ဂျာမန်တို့ လုံးဝ မရိပ်မိကြပါ။
မေလတစ်မနက်ခင်းတွင် ရက်နားရသဖြင့် ကျွန်မအပြင် ထွက်ခွင့်ရသည်။ ညက မော့လင်မယားနှစ်စုံတွဲ စခန်းထဲမှ ခိုးထွက်နိုင်ခဲ့ကြသည်။ တာနိုပိုနှင့် တစ်ကီလိုမီတာလောက်ဝေး သည့် နေရာမှ လမ်းနံဘေးတွင် သူတို့တစ်ညလုံး ပုန်းနေခဲ့ကြ၏။
သူတို့ကို ကျွန်မ လှည်းပေါ်တင်ပြီး ကောက်ရိုးတွေဖုံးကာ တောထဲသို့ မောင်းပို့ခဲ့ပါသည်။ သူတို့ဘေး မသီ ရန်မခ လွတ်သွားကြ၏။
နောက် တနင်္ဂနွေနေ့ တွင်လည်း ကျွန်မ၏ မိတ်ဆွေနှစ်ယောက်ကို သူတို့ နည်းဖြင့်ပင် ကျွန်မ လွတ်လမ်း ရှာပေး နိုင်ခဲ့ပါသည်။
တစ်နေ့တွင် ဗိုလ်မှူးရုဂ်မာက ကျွန်မကို သူ့ရုံးခန်းထဲတွင် လာရောက်သတင်းပို့ဖို့ အခေါ်လွှတ်ပါသည်။ ကျွန်မ အစီအစဉ်တွေအားလုံး ဖရိုဖရဲဖြစ်ကုန်တော့၏။ ဗိုလ်မှူးကပြောသည်။
" အိုင်ရင်း၊ မြို့ထဲမှာ တို့အိမ်ကြီးတစ်လုံး ယူလိုက်ပြီ၊ အဲဒီကိုပြောင်းမယ်၊ ကြီးကြပ်ဖို့ အိမ်ဖော်တစ် ယောက် လိုတယ်၊ မင်းထက် သင့်တော်မယ့် မိန်းကလေး ငါတော့မမြင်ဘူး "
ကျွန်မရင်ထဲတွင် ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ကျွန်မစိတ်ထဲတွင် အ၀တ်လျှော်စက်ရုံတွင် ကျန်နေ သေးသည့် အီဒါနှင့် လေဇာဟော်လာတို့ လင်မယား၊ ကလာရာနှင့် တောမတ်စ်ဘောင်းဝါး၊ မိုးဇက်စ် စတိန်နာနှင့် ဖန်ကာဆီလ်ဘားမင်းတို့ မျက်နှာတွေ စီရရီပေါ်လာ သည်။ သည်က ပြောင်းရလျှင် သူ တို့ကို ကျွန်မ ဘယ်လို ကူညီနိုင်ပါတော့မည်လဲ။
ကြိုးစားပြီး ကျွန်မ ဣနြေ္ဒဆည်လိုက်နိုင်ပါသည်။
" အို ကျေးဇူးတင်ပါတယ် ဗိုလ်မှူး၊ ဒီအလုပ်ကို ကျွန်မ လုပ်နိုင်မယ်ထင်တဲ့အတွက်လည်း ၀မ်းသာ ပါတယ်ရှင် "
မီးဖိုခန်း ထဲကို စိတ်ပျက်လက်ပျက် ကျွန်မပြန်လာခဲ့ပါသည်။ အ၀တ်လျှော်ခန်းဆီသို့ ကျွန်မ မသွားရဲ တော့ပါ။ သူတို့မျက်နှာတွေကို ကျွန်မ မည်သို့ကြည့်နိုင်ပါတော့မည်လဲ။ ကျွန်မကို ယုံကြည် အားကိုး ကြသူများအား ကျွန်မဘာမှ လုပ်မပေးနိုင်တော့ပါ။
ထိုနေ့ညနေပိုင်းတွင် ရှုဇ်နှင့်ကျွန်မ အိမ်သစ်ကို ကြည့်ဖို့ ထွက်လာခဲ့ကြပါသည်။ အောက်ဆုံးထပ်ကို ဆင်းကြည့် ဖို့ ရှုဇ်နောက်က လိုက်သွားရင်း ကျွန်မ ရင်တွေခုန်နေသည်။
အိမ်ကြီးမှာ အစေခံတွေနေဖို့ပါ တစ်ပါတည်း ဆောက်ထားသည့် အိမ်ကြီးမျိုးဖြစ်၏။ အစေခံတွေ အတွက် အိပ်ခန်းတွေ၊ ရေချိုးခန်း၊ စတိုခန်းနှင့် ဘွိုင်လာခန်းလည်းပါ၏။ မီးသွေးခေါင်းတိုင်ကို နံဘေးသို့ ထုတ် ထားသည်။ လူအများကြီးနေနိုင်အောင် ကျယ်ဝန်းသည်။
ဟိုတယ်ပြန်ရောက်တော့ အ၀တ်လျှော်စက်ခန်းတွင် ကျွန်မ ကြည့်ခဲ့သည့် အိမ်ကြီးအကြောင်း သူတို့ကို ပြန်ပြောတော့ ကလာရာ ဘောင်းဝါးက လက်နှစ်ဖက်တင်းတင်းဆုပ်ပြီး " ဘုရားသခင်က တို့အတွက် ဖန်ဆင်း ပေးတာဖြစ်မယ်၊ တို့အားလုံး အဲဒီမှာ ပုန်းနေလို့ ရမလား "ဟုမေးပါသည်။
" အိုး၊ ရရမှာပေါ့ "လို့ ကျွန်မ ပြန်ပြောခဲ့ပါသည်။
အိမ်ကြီးကို ပြင်ဆင်ဆေးသုတ်ရသေးသဖြင့် ကျွန်မတို့ တော်တော်နှင့် မပြောင်းနိုင်သေးပါ။ လောလောဆယ်တွင်တော့ ရိုကီတာက သူ့အလုပ်ကို သူမြန်မြန်ပြတ်အောင် လုပ်နေသည့်ကိစ္စကိုသာ ကျွန်မ စဉ်းစားပူပင်နေပါတော့သည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗိုလ်မှူးရုဂ်မာနှင့် သူ ညစာလာစားသည်။ ထုံးစံအတိုင်း စားပွဲထိုးရင်း ကျွန်မ နားစွင့်နားသည်။
သူက " မကြာခင် ကျုပ်တို့ အောင်ပွဲခံရတော့မယ် ဗိုလ်မှူး" ဟု ပြောတော့ ရုဂ်မာက နားမရှင်းသလို ပြန်မေးသည်။
" ဘာအတွက်လဲဗျ "
ရိုကီတာက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီး
" ဗိုလ်မှူး သူငယ်ချင်းရေ ၂၂ ရက်ဆိုရင် တာနိုပိုဟာ ဂျူးတစ်ယောက်မှ မကျန်တဲ့မြို့ဖြစ်တော့မယ် လေ" ဟု ၀မ်းသာအားရ ပြောနေသည်။
လင်ပန်းကို ကောက်ယူပြီး ကျွန်မ ခပ်သွက်သွက်ထွက်လာခဲ့သည်။ ခေါင်းတွေ နောက်ကျုရီဝေနေ၏။ သူတို့ကို ကယ်ဖို့အချိန် သိပ်မရှိတော့ပါလား။
နောက်တစ်နေ့တွင် ကျွန်မအစီအစဉ်ကို သူတို့အား ချပြလိုက်သည်။ ဇူလိုင်လ ၂၁ ရက်နေ့ အလုပ်ပြီးချိန်တွင် အ၀တ်လျှော်စက်အခန်းထဲတွင်ပင် သူတို့ ဆက်နေရမည်။ အ၀တ်လျှော်စက် အခန်းတံခါး ကို အပြင်မှ သော့ခတ်ထားမည်။ နောက်တစ်နေ့တွင် အိမ်သစ်ကို သူတို့အားလုံး ရောက်အောင် ကျွန်မ ခိုးထုတ်မည်။
" ငါတို့အားလုံးရဲ့ အသက်ဟာ ဘုရားသခင်နဲ့အိုင်ရင်းရဲ့ လက်ထဲမှာပါကွယ်" ဟု လေဇာက ပြောတော့ သြော် သူတို့ သည်လောက်တောင် ငါ့အပေါ်အားကိုးနေရတာကိုးဆိုပြီး ကျွန်မ အတော် နေရကျပ်သွား ပါသည်။
ဘာပဲဖြစ်ဖြစ်၊ ကျွန်မသူတို့ကို ကတိပေးထားပြီး လုပ်ဖြစ်အောင် လုပ်ရတော့မည်။
နောက် ၅ ရက်မှာ အဆိုးဆုံးအိပ်မက်များကို ဖြတ်သန်းရသည့် ညများဖြစ်ပါသည်။ ဇူလိုင်လ ၂၁ ရက်နေ့ တွင် အစောင့် တဲနားက သူစောင့်နေကြောင်း ဟယ်လင် ကျွန်မဆီသတင်းပို့လာသည်။ သူ့ကို ကျွန်မ ၏ အိပ်ခန်းကျဉ်းကျဉ်းကလေးထဲရောက်အောင် ခေါ်သွားသည်။ အခန်းထဲရောက် ရောက်ချင်း သူပျော့ခွေ ကျသွားတော့၏။ ရိုကီတာက သည်ညခိုင်းစရာရှိ၍ ဟင်နရီကို စခန်းထဲတွင် အိပ်ရမည်ဟု အမိန့် ပေးထားသည်တဲ့။ " ကိုယ်ဘာလုပ်ရမလဲ အိုင်ရင်းရယ်၊ ကိုယ့်အခန်းက ကျဉ်း ကျဉ်းကလေးရယ်၊ သူ့ကို ဘယ်လို မှ ၀ှက်ထားလို့ ရမှာ မဟုတ်ဘူး"
ဟယ်လင်က နဖူးကို ထုလိုက် ငိုလိုက်နှင့်ပြောနေခြင်းဖြစ်သည်။ ဘုရား၊ ဘုရား၊ ဂျာမန်စစ်ဗိုလ်တစ် ယောက် ဖြတ်လျှောက်မလာပါစေနဲ့၊ သူ့ နားနားကိုကပ်ပြီး ကျွန်မ တိုးတိုးပြောလိုက်သည်။
" ဒီမယ် ဟယ်လင်၊ ဘမှမပူနဲ့၊ မနက်ဖြန်ဆို ကိုယ်တို့အိမ်ပြောင်းကြတော့မလို့၊ အဲဒီမှာဆို ဟင်နရီကို ကောင်းကောင်းဝှက်ထားလို့ရတယ်၊ ညမှောင်တာနဲ့ အိမ်နံဘေးမီးသွေးခေါင်းတိုင်ထဲက ၀င်ခဲ့လို့ သူ့ဆီ သွားပြောလို့ ရတယ်မဟုတ်လား၊ သွား မြန်မြန်သွား " ကျွန်မက အိမ်လိပ်စာကို တိုတိုး ပြောပြီး သူ့ကို ပြန်လွှတ် လိုက်သည်။
သူပြေးထွက်သွားသည်။ အချိန်မရှိတော့ဘူးမဟုတ်လား။
----------------------------
ဆက်ရန်
.
5 comments:
ဖတ်သွားပါတယ် အစ်မ ရွှေစင်..
လေဘယ်လေး လွဲနေသလားလို့ :-)
အဲ ဟုတ်ပ ပြန်ပြင်လိုက်မယ် ညီမ ကျေးဇူး
ရွှေစင်ဦး
ရင်ထိပ်သည်းဖိုပဲ..
ဆက်ရန်ကို မျှော်တလင့်လင့် အမရေး)
နောက်ဆုံး လက်ကျန်လေးတွေကို ကယ်ထုတ်တော့မယ်နော်. ဝမ်းသာစရာနဲ့ အသည်းယားစရာ အဖြစ်အပျက်ကလေးပဲနော်..
Post a Comment