ထိတ်လန့်စရာရုပ်ပုံလွှာ
စင်ဒီ၊ ဇန်န၀ါရီ ၂၀ ရက်။ တနင်္ဂနွေနေ့။
ငိုရလွန်းသဖြင့် မို့မောက်နေသည့် မျက်နှာကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် လုပ်ထားဖို့ ကျွန်မ ဆုံးဖြတ် လိုက်သည်။
ကလစ် ပျောက်ဆုံးနေသည်မှာ နာရီပေါင်း ၆၀ ပြည့်သွားပြီ။ ဘာမှမကြားရသေး။ တစ်နာရီပြီးတစ်နာရီ သူ အသက်ရှင်နိုင် ဖို့ အခွင့်အလမ်းက နည်းသည်ထက် နည်းလာသည်။
မနက် ၈ နာရီထိုးတော့ ကျွန်မ စိတ်လျှော့ချင်ချင်ဖြစ်လာ၏။ " သူပြန်လာတော့မယ်မထင်ပါဘူး " ဟူသည့် အသိမျိုး နှင့် ကျွန်မ မည်သို့ နေနိုင်ပါမည်လဲ။
ထိုစဉ် ဒွန်နှင့် ကေးတို့လင်မယား ရောက်လာကြပြန်သည်။ ကျွန်မကို အဖော်လုပ်ပေးဖို့ ထင်ပါရဲ့။ ဒွန်က ကျွန်မ နှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်သည်။
" ဟုတ်ပါပြီ၊ သူ့အလောင်းကို လေယာဉ်ပျက်နဲ့အတူ သူတို့ ရှာတွေ့ကြပြီထင်ပါရဲ့ "
ဒွန် စကားစသည်။
" ဒီမနက် သတင်းတစ်ခုရတယ် စင်ဒီ၊ ကိုယ့်အထင်တော့ ကလစ် အဖမ်းခံထားရမယ်၊ သုံ့ပန်းဘ၀ ရောက်နေတယ် ထင်တာပဲ။ ကလစ်နဲ့ အခြားသုံ့ပန်းတွေရဲ့ပုံကို ရုပ်မြင်သံကြားမှာ သူတို့ ဒီနေ့ လွှင့် လိမ့်မယ် လို့ ကိုယ်တို့ သတင်းရထားတယ် "
နောက် မိနစ် ၃၀ အကြာတွင် ကျွန်မ ဧည့်ခန်းထဲမှ တီဗွီရှေ့တွင် ရောက်နေပါပြီ။ သူထိုင်နေကျနေရာ မှာတော့ သူမရှိဘူး ပေါ့လေ။
သို့သော် ကျွန်မ ကြားချင်သည့်သတင်း ကို ရုပ်သံလွှင့်ကြေညာသူဆီက သေသေချာချာ ကြားလိုက် ရပါပြီ။
" ဒုဗိုလ်မှူးကြီး ကလစ်ဖို့ဒ်အေကရီးသည် ........... "
ကျွန်မကြားချင်သည်မှာ ဒါပဲဖြစ်ပါ၏။ ရှိုက်ကြီးတငင် ငိုချလိုက်မိ၏။ ဒူးနှစ်ဖက်ကို တင်းတင်းစေ့ပြီး ငိုနေမိခြင်း ဖြစ်ပါသည်။ ကျွန်မ၏ မျက်ရည်များက ပျော်လွန်းလို့ကျသည့်မျက်ရည်များပါ။ သူမသေ သေးဘူး လေ၊ သို့သော် ကျွန်မ၏ ယောက်ျားသည် စစ်သုံ့ပန်းတစ်ဦးအဖြစ် ရန်သူ့လက်တွင်းသို့ ကျရောက် လိမ့်မည် ဟု တစ်ခါမျှ ကျွန်မ မတွေးကြည့်ခဲ့ဖူးပါ။ ကျွန်မ ရင်တွေ တုန်နေ၏။
" ဒါဟာ သတင်းကောင်းပဲ စင်ဒီ ...အီရတ်တွေ သူ့ကို တာဝန်ယူရတော့မှာ သေချာနေပြီလေ "ဟု ဒွန်က ကျွန်မကို စိတ်သက်သာစေပါသည်။ သတင်းထောက်တွေ စုပြုံရောက်လာမည့်အကြောင်းကို လည်း သူသတိ ပေးသွားသေး၏။ သူနိမိတ်ဖတ်သည့်အတိုင်း တယ်လီဖုန်းသည် အဆက်မပြတ် မြည်နေ တော့သည်။ တွေ့ဆုံခွင့်တောင်းသည့် စာနယ်ဇင်းသမားတွေအပြင် အားပေးစကားဆိုလာ ပြီး နှစ်သိမ့်သူ တွေ လည်း မနည်းမနောပင်။
သည်စစ်ပွဲမဖြစ်ခင်က စစ်သည်တော်တို့၏ အိမ်သူဇနီးများကို လူတွေ ဤရွေ့ဤမျှ စိတ်ဝင်စား ကြပါရဲ့ လားဟု ကျွန်မတွေးပြီးသံသယဖြစ်နေမိ၏။
ခုတော့ ကျွန်မ၏သံသယတွေ ပိန်းကြာဖက်ပေါ်တွင် ရေမတင်သလို ကင်းစင်လွင့်ပျောက်သွားကြ ပါလေပြီ။ သည်လိုဖြစ်ရခြင်းအကြောင်းကိုလည်း ကြည့်ပါဦး။ ကျွန်မဆီကို ၁၅ နှစ်သမီးကလေးတစ်ယောက်က ဖုန်းဆက် လာသည်။ သူ့အသံကလေးက တုန်တုန်ယင်ယင်။ သူတို့ မိသားစုအနေဖြင့် သုံ့ပန်း တစ်ယောက် တည်း အတွက် ဘုရားသခင်ထံ ဆုပန်အသနားခံရမည်ဆိုလျှင် ကလစ်အတွက် ဆုတောင်းမည်ဖြစ်ကြောင်း ပြောလာသည်။
တယ်လီဖုန်းလိုင်းမှာ အားသည်မရှိတော့။
" ကျွန်မက တပ်မတော်သားတစ်ယောက်ရဲ့ ဇနီးပါ "
" အဒေါ့်သားနှစ်ယောက်စလုံး အဲဒီစစ်မြေပြင်မှာပါကွယ် "
" ကျွန်မက ဘာမှမဆိုင်ပါဘူး။ ဒါပေမယ့် ... "
စိတ်ဓာတ်တွေအကျကြီးကျနေချိန်တွင် သူတို့တတွေက ကလစ်ကို မေ့မထားကြောင်း သိရသဖြင့် ကျွန်မအား တက်ရပါသည်။
နောက်တစ်နေ့ ကျွန်မ သတင်းလာချိန်ကို စောင့်ကြည့်နေခဲ့ပါသည်။ တိုင်းမ်မဂ္ဂဇင်းက သည်မြင်ကွင်းကို " ထိတ်လန့် စရာရုပ်ပုံလွှာ" ဟု နာမည်ပေးလိုက်သည်။
ကျွန်မ မြင်လိုက်ရသည့်ကလစ်သည် ကျွန်မယောက်ျား ကလစ်မဟုတ်တော့ပါ။ သူ့တွင် ရှိနေကျ တောင့်တင်းခိုင်မာမှုမျိုး စိုးစဉ်းမျှ မရှိတော့ပါ။ ဦးခေါင်းကို အနိုင်နိုင် မတ်ထားရသည့်ပုံမျိုး။ ဇက်ကျိုးကျ မသွား အောင် အားတင်းထားရသည့်ပုံမျိုး။
စကားပြောပုံကို ကြည့်ပါဦး။ တစ်လုံးချင်း အားယူပြီး ပြောနေရမှန်းသိသာလှပါသည်။ သူ့ကို သူတို့ ဘယ်လိုလုပ်လိုက်ကြပြီလဲ။ စိုးရိမ်စိတ်တွေ ကျွန်မ ထိပ်အထိတက်လာသည်။
ကျွန်မ နှင့် အတူ ကြည့်နေသူများကို ကျွန်မ အခိုင်အမာပြောလိုက်သည်။
" သူ ဘာမှမဖြစ်ဘူး။ သူ့ကိုသူ ထိန်းနေတာ။ သူ့မျက်လုံးတွေကို ကျွန်မ နားလည်တယ် "
အီရတ်တို့၏ လက်တွင်းရောက်နေသော အခြားအမေရိကန် စစ်သုံ့ပန်းများက သည်စစ်ပွဲကို မတရားစစ်ပွဲ၊ ကျူးကျော်စစ် ဟု သူတို့ဝါဒဖြန့်ခိုင်းတိုင်း ပြောကြ၏။ ကလစ်က တစ်ခွန်းမျှ မပြော။
ပင်တဂွန် တွင် တာဝန်ထမ်းဆောင်နေသည့် ကလစ်၏ သူငယ်ချင်း တစ်ယောက်က ကျွန်မဆီ စာရေးသည်။
" သူခေါင်းမာမာနဲ့ တင်းခံထားတယ်၊ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာကို သူလုပ်နေတာ။ ပြီးတော့ မင်းကို ချစ်လွန်းလို့ သူသတ္တိတွေ မွေးနိုင်တာလို့ ကိုယ်သေသေချာချာယုံတယ်"
ကျွန်မ ယောက်ျားအတွက် ကျွန်မ ဂုဏ်ယူပါသည်။ ဒါပေမယ့် တိုင်းပြည်အပေါ် သစ္စာစောင့်သိလွန်း ခြင်းကြောင့် သူ့အသက် ဆုံးသွားလျှင်ကော၊ ကျွန်မ အရမ်းစိုးရိမ်နေမိပါသည်။
" နည်းနည်းလေးဖြစ်ဖြစ်၊ လျှော့လိုက်ပါလား မောင်ရယ် "
ကျွန်မ တိုးတိုးကလေး ဆုတောင်းနေမိပါသည်။
-----------------------------------
ကြိုးမျှင်ကလေး
ကလစ်၊ ဇန်န၀ါရီလ၊ ၂၂-၂၉
အစစ်ခံ၊ အမေးခံအခန်းထဲမှ ကျွန်တော့်ကို တွန်းထိုးဆွဲထုတ်သွားကြပြန်ပါသည်။ မျက်စိပိတ်လျက်၊ လက်ထိပ်ခတ် လျက်၊ ကားငယ် တစ်စီးပေါ် တွန်းတင်ပြီး အခြားအဆောက်အအုံတစ်ခုကို မောင်းပို့ ပြန်၏။
နောက်တော့ တစ်ယောက်က မျက်လုံးစည်းအ၀တ်ကို ဆွဲဖြုတ်ပေးသည်။ လက်ထိပ်ကို သော့ဖွင့် ပေးသည်။ ကျွန်တော့် လက်တွေ အလှုပ်ရခက်နေ၏။ ရက်ပေါင်များစွာ လက်ထိပ်ခတ်ခံထားရသဖြင့် ထုံကျင်နေ၏။
မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ စုတ်ပြန်နေသည့် သုံးမီတာပတ် လည်လောက်ရှိမည်။ ထောင်ထဲမှ ကြိုးတိုက်၊ အမှောင်တိုက်။
အီရတ်တစ်ယောက်က ရေနံဆီမှန်အိမ်နှင့် လိုက်ပို့ခြင်းဖြစ်၏။ တံခါးဆောင့်ပိတ်ပြီး ပြန်ထွက်သွား သည်။ ရေမြှုပ်မွေ့ရာ ပေါ်သို့ ကျွန်တော် အရုပ်ကြိုးပြတ်လဲကျသွား၏။ ပြီးမှ စောင်တစ်ထည် စမ်းမိ သည်။ ထုံကျင် ရောင်ကိုင်း နေသည့်လက်များဖြင့် တတ်နိုင်သမျှ ဆွဲလွှမ်းလိုက်သည်။
နောက်ပိုင်းတွင် ဆရာဝန်တစ်ယောက်က ကျွန်တော့်ကို လာကြည့်သည်။ သွေးတွေ၊ ဖုန်တွေနျင့် ခြောက်ကပ်နေသည့် ကျွန်တော့်နားနောက်မှ ပတ်တီးကို ဆွဲခွာပေးသည်။ စူးခနဲ နာသွား၏။
ပြီးတော့ ဇာဂနာနှင့် ဒဏ်ရာကိုနှိုက်သည်။ ချက်ချင်း အနာသက်သာသွား၏။ ဆရာဝန်က လခြမ်းပုံ သဏ္ဍာန် အစသေးသေးကလေး တစ်ခုကိုပြသည်။ ကျွန်တော်တို့ လေယာဉ်ကို ဖျက်ဆီးပစ်လိုက်သည့် ဒုံးဆန် အပိုင်းအစ ကလေး။
ကျွန်တော့် လမ်းမလျှောက်နိုင်သေးပါ။ တံခါးဝသို့ စားစရာလာချလျှင် ခပ်ကြမ်းကြမ်း ကျောက်သား ခင်းကြမ်းပြင် ပေါ်တွင် လေးဖက်တွားသွားပြီး ယူရသည်။
စစ်ကြောရေးစခန်းမှာတုန်းကလို မဟုတ်တော့ဘဲ တစ်နေကုန်ထမင်းနှစ်နပ်သာကျွေးသည်။ မနက်ပိုင်းတွင် ဆန်ပြုတ် နှင့် ပေါင်မုန့်ကြမ်း တစ်ချပ်ရသည်။ ထမင်းကျွေးသည့်အခါ ဟင်းမှာ ဂေါ်ဖီ ပြုတ်ဖြစ်၏။
အစာလည်း ကျွေးသည်။ ဆရာဝန်လည်းကြည့်ပေးသည် ဆိုတော့ ဘုရားသခင်၏ ကျေးဇူးတော်ဟုပင် အောက်မေ့ ရပါ၏။
နောက်တစ်နေ့တွင် အရောင်လွင့်ပြယ်နေပြီဖြစ်သည့် အ၀တ်တွေ ပိုက်ပြီး အီရတ် နှစ်ယောက်ဝင်လာသည်။ မထိုင်နိုင် သေးသဖြင့် ကျွန်တော့် လေသူရဲဝတ်စုံကို ခဲရာခဲဆစ်ဝတ်ရ သည်။ အင်္ကျီရင်ဘတ်တွင် " စစ်သုံ့ပန်း" ဟူသည့် အနကရောင် စာလုံးကြီး နှစ်လုံးရေးထိုးထား၏။
အ၀တ်လဲရသည်နှင့် အားအင်အတော် ကုန်ခန်းသွားသည်။ ခေါင်းပြန်ချလိုက်တော့ ဇက်ကြော တွေတက်၊ ခေါင်း တွေ အုံခဲနေ၏။
ကျွန်တော့်ကို ပိတ်လှောင်ထားသည့် " တိုက် " နံရံကို ကျွန်တော် လေ့လာကြည့်သည်။ ဘာနှင့်မျှ အဆက်အစပ် မရှိသည့် ငရဲခန်းပါကလား။ ကျွန်တော့်လို ဘ၀တူ အကျဉ်းသားသုံ့ပန်းများရှိရမည်။ တစ်နည်းနည်းဖြင့် အဆက်အသွယ်လုပ်ကြည့်ဖို့ ကျွန်တော် စိတ်ကူးရလာသည်။
တစ်ည တွင် နံဘေးအခန်းမှ အသံသဲ့သဲ့ကြားရ၏။ သေသေချာချာ နားစွင့်ကြည့်သည်။ သေချာပါ သည်။ အင်္ဂလိပ် ဘာသာနှင့် ပြောနေသည့်စကားသံ။
ကျွန်တော်တို့ကို တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် မလုပ်ရဟူ၍တော့ အမိန့်ထုတ် ထားခြင်း မရှိပါ။ သို့သော် သည်လို လုပ်ပိုင်ခွင့် မရှိသည်ကတော့ သေချာပါသည်။
ညစဉ် " တိုက် " တံခါးတွေကို စစ်ဆေးပြီး အဆောင်တံခါးကို ပိတ်ကာ အစောင့်တွေ ခြေသံခပ်ဝေး ဝေးတွင် ပျောက်ကွယ် သွားတတ်သည်။
နောက်တစ်ညတွင်လည်း တီးတိုးစကားသံများ ကျွန်တော် ဆက်ကြားနေရ၏။ တစ်ယောက်က အမေရိကန်သံ။ တစ်ယောက်က အင်္ဂလိပ်သံ။ ကျွန်တော် ဆက်နားစွင့်သည်။ ကြားရသည့် စကားလုံးတွေက ပြတ်တောင်း ပြတ်တောင်း။
အမေရိကန်ပုဂ္ဂိုလ်က လေတပ်မှ ဂျက်ဖ်တစ်။ အင်္ဂလိပ်ကိုတော့ သူ့နာမည် ဂျွန်ဆိုသည်မှလွဲပြီး ကျွန်တော် ဘာမှ ပိုမသိရ။ သူ့အသံကိုက လုံးဝမသဲကွဲ။ အဆောင်ထဲထွက်မလျှောက်နိုင်မချင်း ကျွန်တော်ဘာမှ တတ်နိုင်မည် မဟုတ်ပါ။ အချိန်စောင့်ရုံမှ တစ်ပါး အခြားမရှိပြီ။
တဖြည်းဖြည်း အချိန်ကြာလာတော့ ကံကောင်းထောက်မစွာဖြင့် ကျွန်တော် နေကောင်းစပြုလာသည်။ သို့သော် တပိုတပါးသွားလျှင်တော့ အစောင့်နှစ်ယောက် ကျွန်တော့်ကို တွဲပေးနေရဆဲ။
ကျွန်တော် မတ်တတ်ရပ်နိုင်ချင်လှပြီ။ ကိုက်ခဲနာကျင်နေသည့် လက်များကို အားပြုပြီး တောင့်တင်းနေသည့် ခြေထောက် တွေနှင့် ရပ်ဖို့ကြိုးစားကြည့်၏။ မရပါ။ ခေါင်းတွေ မခံနိုင်လောက် အောင်ကိုက်ခဲနေ၏။
နောက်တစ်နေ့ မနက်တွင် ကျွန်တော် ထပ်ကြိုးစားကြည့်သည်။ အလံတိုင်တစ်တိုင်ကို လေပြင်းတိုက် သလို ကျွန်တော့် ကိုယ်တွေ ယိမ်းထိုးနေ၏။ သို့သော် ကျွန်တော် ပြန်လဲကျမသွားတော့။ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းနိုင်လာသည်။
တရွေ့ရွေ့လှမ်းသွားပြီး နံရံတစ်ဖက်ဆီသို့ ကျွန်တော် ကပ်သွားသည်။ ဆန့်တန်းထားသည့် လက်နှစ်ဖက်နှင့် နံရံ ကို ကိုင်မိသည်။
မိနစ်များစွာကြာသွား၏။ ဘာသံမှမကြားရ။ စိတ်ပျက်လက်ပျက်နှင့် အိပ်ရာဆီပြန်လာခဲ့ရ၏။ စိတ် ဓာတ်အကျကြီး ကျလျက် ကျွန်တော် လဲပြိုကျသွားတော့၏။ နေ့လယ်စာ စားပြီးတော့ အားတင်းကာ မနက်က အတိုင်း ကျွန်တော် ထပ်လုပ်သည်။ သည်တစ်ခါတော့ စကားပြောသံသဲ့သဲ့ ကြားရ၏။ သို့သော် ကမန်တော် က အသံမထွက်ရဲ။
နောက်တစ်နေ့တင် အရဲစွန့်ပြီး ကျွန်တော် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း " တစ် "ကို ပြောလိုက် သည်။ ဂိုင်းဟန်တာဆိုသည့် နာမည်ကိုများ ကြားမိသလား မေးကြည့်သည်။ သူမကြားဖူးပါတဲ့။ သို့ သော် သူနှင့် ကပ်လျက် အခန်း က အင်္ဂလိပ်လူမျိုးအကြောင်းတော့ ပြောပြသည်။ ဂျွန်ပီတာဖြစ် ကြောင်းသိရ၏။
အဖမ်းခံရမည် ထင်သည့် ကျွန်တော်တို့၏ အပေါင်းအသင်းများ၏ သတင်းပတင်းများကို အချင်းချင်း မေးကြ၊ ဖလှယ် ကြသည်။
ဤသို့ဖြင့် ကျွန်တော့်စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာသည်။ ရက်တွေ တဖြည်းဖြည်းကြာလာ တော့ ကျွန်တော့် ဒဏ်ရာ ဒဏ်ချက်များလည်း အကင်းသေစပြုလာသည်။
တစ်နေ့မနက်တွင် အစောင့်နှစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို အပြင်ကွက်လပ်ထဲသို့ ခေါ် ထုတ်သွားကြ၏။ ယူနီဖောင်ဝတ် စစ်ဗိုလ်နှစ်ယောက်၊ ခါးတွင် ပစ္စတို တကားကားနှင့် ကျွန်တော့်ဆီ လျှောက်လာ နေကြ၏။
တစ်ယောက်က စကားစသည်။ ကလစ်ဘုတ်ဖိုင်တစ်ခုကို ရှေ့ထိုးပြရင်း " ကမ္ဘာ့ကြက်ခြေနီအစီ အစဉ်နဲ့ ဒီပုံစံ တွေကို ခင်ဗျားဖြည့်ရမယ် "
ကျွန်တော် ပုံစံကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
အမည်၊ လိပ်စာ၊ မြို့၊ စသည် စသည်တို့၏ အောက်တွင် အချက်အလက်ပေါင်းများစွာ။
" ခင်ဗျားရဲ့ အဖေအမေနဲ့၊ ခင်ဗျားမိန်းမရဲ့ လိပ်စာလည်း ကျွန်တော်တို့ လိုချင်တယ်၊ ခင်ဗျားအသက် ရှင်လျက် ရှိနေကြောင်း ခင်ဗျားမိသားစုကို သိစေချင်မှာပေါ့ "
တစ်ယောက် က ကျွန်တော့်ကို ဘောလ်ပင်တစ်ချောင်း ကမ်းပေးသည်။
ကျွန်တော် အသက်ရှင်လျက်ရှိနေကြောင်း ကျွန်တော့် မိသားစု သိစေချင်ပါ၏။ သို့သော် သူတို့ သည်လိပ်စာ တွေကို ရိုးရိုးသားသားတောင်းခံသည်ဟု ကျွန်တော် မထင်ပါ။
သူတို့ သိချင်တာတွေမေးဖို့ စာရေးချင်တာဖြစ်ချင်ဖြစ်မည်။ သို့မှမဟုတ် အမေရိကန်ရှိ သူတို့၏ အကြမ်းဖက် သမားများအား အကြောင်းကြားပြီး ကျွန်တော့် မိသားစုအား ရန်ရှာဖို့၊ အကျပ်ကိုင်ဖို့ ဖြစ်ချင်ဖြစ်မည်။
ကျွန်တော် ခေါင်းခါလိုက်သည်။
" ကျုပ် မဖြည့်နိုင်ဘူး "
စစ်သုံ့ပန်းဘ၀တွင် ငြင်းဆိုနိုင်ခြင်းမရှိကြောင်း ကျွန်တော် သိပါသည်။ သူတို့နှင့် ဗြောင်ဆန့်ကျင်ခြင်းမှာ အလွန် အန္တရာယ် များသည့် ကိစ္စဖြစ်ပါသည်။ စကားလုံး ရွေးချယ်တာက အစသိပ်သတိထားရသည်။ ကျွန်တော် ကမူ တောက်လျှောက် ဆန့်ကျင်လာခဲ့သည်။
သူတို့ ကျွန်တော့်ကို အတန်ကြာစည်းရုံးပါသေးသည်။ နောက်ဆုံး သူတို့ လက်လျှော့သွားကြ၏။ ကလစ်ဘုတ် ကို ချိုင်းကြားတွင် ညှပ်ပြီး
" ကဲ ဒါဆိုလည်း ခင်ဗျားထိုက်နဲ့ ခင်ဗျားကံပဲ။ ကျုပ်ဘာမှ မတတ်နိုင်တော့ဘူး"ဟု ပြောပြီး သူ့အဖော်နှင့် အတူ ထွက်သွားကြသည်။
ကျွန်တော့် အခန်းကလေးထဲ ပြန်ရောက်တော့ လိုချင်တာကို ရအောင်ယူဖို့ သူတို့ ပြန်လာကြလိမ့် ဦးမည်ဟု ကျွန်တော် တွက်ထားလိုက်သည်။
ယူနီဖောင်းဝတ် အီရတ်စစ်ဗိုလ်တွေက ကျွန်တော်တို့ကို တစ်တန်းတည်းထားပြီး တလေးတစား ဆက်ဆံဖော် ရကြသည်ဟု ကျွန်တော်ထင်သည်။ သို့သော် သည်လိုလည်း စိတ်ချ လက်ချနေလို့ မဖြစ် ကြောင်း တစ်ညတွင် ကျွန်တော့်ကိုယ်တွေ့ကြုံရတော့သည်။
ကျွန်တော့် အိမ်နီးချင်းလေသူရဲနှစ်ဦး စကားပြောနေသံ ကျွန်တော် ကြားရသည်။ မကြာခင် အစောင့်စစ်သား ပြေးထွက် သွားသံ ကြားရ၏။ ပြီးတော့ ဆင်းလာသည့် ခြေသံတွေ။
" ဟေး တစ်၊ ခင်ဗျားစကားပြောခွင့်မရှိဘူးဆိုတာ မသိဘူးလား "
ပီတာ့ အခန်းကိုလည်း အလားတူလှမ်းအော်ပြောသံကြားလိုက်၏။ ပြီးတော့ ခြေသံတွေ ပြန်ပျောက် သွားသည်။ ကျွန်တော်လည်း ပြန်အိပ်ပျော်သွား၏။
နောက်တစ်နာရီခန့်ကြာတော့ ကျွန်တော် အလန့်တကြား နိုးလာပြန်သည်။ ခြေသံတွေ၊ တံခါးသော့ ဖွင့်သံတွေ ဆူညီနေ၏။ ပြီတော့ အော်ဟစ်ညည်းညူသံများနှင့်အတူ ကျွန်တော့် အခန်းနီးချင်းတွေကို တရွတ်တိုက် ဆွဲထုတ်သွားသံများပါ ကြားလိုက်ရသည်။ ကျွန်တော့် အသားတွေ တဆတ်ဆတ်တုန်နေသည်။ အဆောင် အပြင် ရောက်သည်အထိ တစ်နှင့်ပီတာ့ကို သူတို့ ခွေးသေကောင်ဆွဲသလို ဆွဲသွားကြသည်။ သူတို့ အော်သံတွေ တဖြည်းဖြည်းဝေးသွာ၏။
နာရီများစွာကြာတော့ သူတို့ အခန်းတွေကို လာပိတ်ပြီး အပြင်မှ ဧရာမမောင်းတံကြီး ချလိုက်သံနှင့် အတူ သော့ခတ်သံ ကြားလိုက်၏။ ပဲ့တင်သံတွေ ငြိမ်သွားတော့ ကြောက်မက်ဖွယ် တိတ်ဆိတ်ခြင်း က ပြန်လည် စိုးမိုးလိုက်၏။ တိုရေရှားရေ ဆက်သွယ်ရေး ကြိုးမျှင်ကလေးပြတ်ထွက်သွားလေပြီ။
ဆက်ရန်
.
3 comments:
အခုလို ဘာသာပြန်ဝတ္ထုကောင်းကောင်းလေး မဖတ်ရတာ
တော်တော်ကြာပြီလေ၊ အချုပ်ထဲကနေ ထိုင်စောင့် ရတော့ 
မယ်....။ ယောင်္ကျားတစ်ယောက်ရဲ့  ခံနိုင်စွမ်းအား
ဘယ်လောက်ရှိသလဲဆိုတာ...။
ဒီတစ်ခါတော့ ၁ ကနေ စဖတ်လာတယ်..
နဲနဲလေးဖြစ်ဖြစ် လျှော့လိုက်ပါလားမောင်ရယ်တဲ့ ဟား..စာကိုဆက်မဖတ်နိုင်လောက်အောင်ပဲ ၅မိနစ်လောက်မှဆက်ဖတ်ဖြစ်တယ် အားပေးလျှက်
Post a Comment