Friday, October 22, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၁၂)

'ဦးချိန်တီး... ဦးချိန်တီး... အစာကြေဆေးလုံး... ဦးချိန်တီး... ပြည်သူအပေါင်းရဲ့... ဦးချိန်တီး... '
    အဲ... အဲ... လာပါပြဗျ၊ နောက်ထပ်ဖျော်ဖြေရေး အစီအစဉ် တစ်ခု။ အသက် သုံးဆယ်ဝန်းကျင်၊ ဆံပင် ရှည်ရှည် နေကာမျက်မှန်နဲ့ ဆေးလွယ်အိတ် နှစ်လုံး စလွယ်သိုင်းလွယ်ထားပြီး လက်တစ်ဖက် က နမူနာ ဆေးပုလင်း တစ်လုံးကို မြှောက်ကာ၊ မြှောက်ကာနဲ့ ဆတ်တောက် ဆတ်တောက်လမ်းလျှောက်တတ် တဲ့ လူ တစ်ယောက်။
"ဦးချိန်တီး.လျက်ဆားရမယ်၊ဆေးလုံးရမယ်၊လျက်ဆားရမယ်၊ဆေးလုံးရမယ်"

လူနှစ်ယောက် အော်နေလို အသံနှစ်မျိုး ပြောင်းပြီးအော်သွားတဲ့လူကို ဖိုးဘတင် ကြည့် ကောင်းကောင်းနဲ့ ကြည့်နေ မိတယ်။
ဝရန်တာမှာ မတ်တပ်ရပ်နေရာက ပြန်ထိုင်မယ်လုပ်တုန်း ဖိုးဘတင် တိုက်အောက်ကို ငုံ့ကြည့်မိတယ်။ကဲဗျာ မေ့လိုက်ပုံ ကတော့။ကြိုးတန်းလန်းက ညှပ်မှာ သတင်းစာ တွဲလောင်းလေး ရောက်နေပြီ။ အုန်းပင် ပြင်တယ်၊အုန်းသီးခူးတယ်ကို စိတ်ဝင်စားသွားလိုက်မိတာ။အလျင်နေ့တွေဆို သတင်းစာချိန် အောက်ကို ငုံကြည့် မျှော်ရတာက အမော။ သတင်းစာဟာလည်း ဖိုးဘတင်အ တွက် နံနက်ပိုင်း ဖျော်ဖြေရေုး အစီအစဉ် တွေထဲ မှာ တစ်ခုအပါအ၀င်ပဲ။

ကြိုးကလေး ကို ဆွဲတင်ပြီး ဖိုးဘတင် သတင်းစာကို ယူလိုက်တယ်။ ပက်လက်ကုလားထိုင်ပေါ်မှာ ကျကျနန ပြန်ထိုင်ပြီး သတင်းစာကို စတင်ဖတ် ရှုတော့တယ်။
ဖိုးဘတင် ထုံးစံအတိုင်း သတင်းစာကို နောက်က စလှန်တယ်။ နာရေးကြော်ငြာတွေကို အလျင် ဖတ်တယ်။ ဘာမျက်မှန် မှ ကူစရာမလိုဘဲ ဖိုးဘတင်ဖတ်နိုင်တယ်။ သားလုပ်တဲ့ကောင်လို သတင်းစာဖတ်ခါနီး မျက်မှန် ရှာရတဲ့ အလုပ် ဖိုးဘတင်လုပ်စရာမလိုဘူး။

သတင်းစာ မှာ နာရေးကြော်ငြာပြီးရင် ဖိုးဘတင်ဖတ်တဲ့ စာမျက်နှာက အယ်ဒီတာ့ ထံပေပေးစာ (အော်သုံအခန်း) ပေါ့။ ဖိုးဘတင် စိတ်ဝင်တစား ဖတ်တယ်။ ပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ 'မှန်တယ် မှန်တယ် နဲ့ ထောက်ခံနေတတ်သလို ဟာဆိုးတာပေါ့၊ ဒါမျိုးတွေက ဘယ်လှပ်သင့်မလဲ' ဆိုတာမျိုး တွေနဲ့ လည်း ခေါင်းတယမ်းယမ်း ကန့်ကွက်နေတတ်တယ်။
ရန်ကုန်မြို့မှာ ဒီနေ့သတင်းစာကို ဒီနေ့မြင်ရတာ တစ်ခုကို တော့ ဖိုးဘတင် ကျေနပ်တယ်။ နယ်မှာကတော့ သတင်းစာ ကို တစ်ပတ်စာပေါင်းပြီးမှ ဖတ်ရတာကို။ ရန်ကုန်ကနေ ရထားတစ်တန်၊ ကားတစ်တန် အဆင့်ဆင့် လာရတာဆိုတော့ ဒီနေ့ သတင်းစာကို ဒီနေ့ ဘယ်မြင်ရမလဲ။ နှစ်ရက်ခြား၊ သုံးရက်ခြား တန်သည်၊ တစ်ပတ်တန်သည် ကျမှ မြင်ကြရတာ။

သတင်းစာကို အမြီးပြန်ခေါင်းပြန် ဖတ်ရာကနေ ဖိုးဘတင် ထုံးစံအတိုင်း ခေါင်းပြန်အမြီးပြန် တစ်ခါ ဖတ်ပြန် တယ်။ လူပျောက် ကြော်ငြာ၊ နာမည်ပြောင်း၊ မွေးနေ့ဆုတောင်းတွေကို စေ့စေ့ စပ်စပ် တစ်ခါ ထပ်ဖတ် တယ်။ အင်္ဂလိပ် လိုတွေများလို့ ကျော်ဖတ်ခဲ့တဲ့ ဖက်စပ်ကုမ္ပဏီ ကြော်ငြာတွေကိုလည်း သေချာ ပြန်ဖတ်တယ်။ နိုင်ငံခြားကလာဖွင့်တဲ့ စီးပွားရေး ဖက်စပ်ကုမ္ပဏီတွေ ကြော်ငြာတွေပေါ့။ ဘာတဲ့…. သူတို့ ကုမ္ပဏီတွေက….။

'ကော်ဖိနပ်ပြတ်တွေဝယ်တယ်၊ ကတ္တီပါဖိနပ် ပြတ်တွေဝယ်တယ်'
ရုတ်တရက် ဖိုးဘတင်လက်ထဲက သတင်းစာ လွတ်ကျလု မတတ် ဖြစ်သွားတယ်။
အလွန် လန့်အောင် ထိတ်အောင် အော်နိုင်တဲ့ကောင်။ ဖိုးဘတင်အတွက် လာနေကျ ဖျော်ဖြေရေ၊ အစီအစဉ် တွေထဲက စိတ်ဝင်စာ စရာတစ်ခုလေ။

'ဘီယာဘူးခွံ တွေဝယ်တယ်၊ ပရိုမီနာဘူးခွံ တွေဝယ်တယ်၊ လက်သည်းဆိုးဆေး၊ လက်သည်းဖျက် ဆိုးဆေး ပုလင်းခွံ တွေ ၀ယ်တယ်၊ ချာလီရေးမွှေးပုလင်းတွေ ၀ယ်တယ်၊ မီးလုံးအကျွမ်းတွေ ၀ယ်တယ်၊ မီးချောင်း အကျွမ်း တွေ ၀ယ်တယ်၊ ရွှေရောင် ဖောင်တိန်အပျက်တွေဝယ်တယ်'
စုံပါပေ့ဗျာ၊ သူတို့တိုင်းပြည်မှာ ဘာမှ လွှင့်ပစ်ရတယ်လို့ မရှိပလား။

' သုတ… သုတ၊ ဟဲ့… မပြေးနဲ့လေ၊ ၀ရန်တာကနေ ထိုးကျလိမ်မယ်' သြော်… အထိတ်အလန့် ရှိလိုက်လေ၊ ဟိုဘက်ခန်း က အဘွားကြီးရဲ့ စိုးရိမ်းတကြီးအသံကြောင့် ဖိုးဘတင် ပက်လက်ကုလား ထိုင်ပေါ်က ထရပ် လိုက်မိတယ်။ ဟိုဘက် ၀ရန်တာမှာ ထွေးလုံးရစ်ပတ် အော်ဟစ်နေကြတဲ့ မြေအဘွားနှစ်ယောက်ကို ဖိုးဘတင် မြင်တယ်။ သုံးနှစ်သားလောက် မြေးကောင်ပေါက်စက အတော်သန်တဲ့ကောင်၊ ဘွားအေကြီး လက်ထဲ က လွတ်ထွက်သွာအောင် ရုန်းနိုင်ကန်နိုင်တယ်။ ရုန်းကန်ပြီးလွတ်ထွက် တာနဲ့ ဘာလုပ် တယ်မှတ်လဲ၊ ၀ရန်တာကို တွယ်တက်ဖို့ ကြိုးစားတယ်…ကဲ။ တကယ့်ကောင်၊ ဖိုးဘတင် အသည်း ယား လိုက်တာ။ ၀ရန်တာကနေ ထိုးကျ သွားမှဖြင့် ဘုရား…ဘုရား။

တော်သေးတယ်…တော်သေးတယ် ဒီလိုမြေးမျိုးတစ်ယောက်လောက်နဲ့ ဖိုးဘတင် မနေခဲ့ရ လို့။ နို့မို့ဆိုလို့ ကတော့ သူပါဝ့ရန်တာက လိမ့်ကျမလား၊ ကိုယ်ပဲ )ရန်တာက ထိုးချမိမလား မသိဘူး။ သုံးလေးနှစ် အရွယ်ဆိုတာ အတော်ထိန်းရ သိမ်းရခက်တဲ့ အရွယ်။ သားလုပ်တဲ့ ကောင် အာကာတို့ အဖေဒီအရွယ်ကလဲ ဒီလိုပဲ၊ ဒါပေမယ့် ဖိုးဘတင်တို့ အညာမှာက ခြံကျယ်တယ်၊ အိမ်ကျယ်တယ်။ လွတ်ထားလိုက်လို့ ရတယ်။ ကလေး လဲ စိတ်ကျယ်ဝန်းတယ်၊ လူကြီးလဲ စိတ်ချလို့ရတယ်။ ဒီမှာတော့ ဘယ်ရမလဲ၊ ကလေး ထွက် ဆော့စရာ ၀ရန်တာလေး တွေပဲရှိတယ်။ ၀ရန်တာက မတော်တဆ လိမ့်ကျလို့ကတော့ သွားစရာပဲ။

ဒီကလေးတွေခမျာ သနားစရာ ကောင်းပါတယ်။ တိုက်ခန်းကျဉ်း ရှည်မျောမျောလေးတွေ အဖြစ်နဲ့ ကလေးဘ၀ ကို ကုန်ဆုံး ကြရရှာတယ်။
သြော် ဒီလိုကြေးသာဆို ဖိုးဘတင်လဲ ဘာထူးလို့လဲ။ တိုက်ခန်းကျဉ်းရှည်မျောမျောလေးထဲမှာပဲ လူကြီးဘ၀၊ လူအိုဘ၀ကို ကုန်ဆုံးရမယ့် မြေမနင်းသားကြီး မဟုတ်ဘူးလား။ ဟုတ်တယ်… ဟုတ်တယ်၊ သိပ်ဟုတ်တယ်။ ဖိုးဘတင် မြေကြီးနဲ့ မထိရ၊မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ။ ဒီတိုက်ခန်းပေါ် ရောက်ကတည်းကပါပဲ။

နေပူရှိန်က တဖြည်းဖြည်းနဲ့ ပြင်းလာတယ်။ ဖိုးဘတင်အိုက်သလိုလို ဖြစ်လာတယ်။ ရန်ကုန် နေပူဆာဟာလဲ အညာနေပူဆာ နဲ့ မတူပါလား။ အရသာ ကင်းမဲ့လိုက်တာနော်။
'သုတ…ဘယ်ရောက်သွားပြန်ပြီလဲ၊ ဒီမှာ ဘွားဘွားကြီးနဲ့ ထမင်းစားမယ်လေ၊ ထမင်းစားပြီး ရင် အိပ်ရ မယ်နော် '
ဟိုဝရန်တာမှာ ထမင်းဇလုံလေးနဲ့ အဘွားကြီး ပေါ်လာပြန်တယ်။

စားဘူး…စားဘူး၊ အိပ်ဘူး…အိပ်ဘူး ဆိုတဲ့ အသံစူးစူးလေးက ဘွားအေနားမလာဘဲ လှည့်ပတ် ပြေးနေဟန် တူရဲ့။ အဘွားကြီး အိမ်ထဲပြန်ဝင်သွားပြီး တကြော်ကြော်နဲ့ လိုက်ဖမ်း နေတယ်။
အဲ…ဒီကောင်ဆိုးလေး ထမင်းကျွေးတဲ့အချိန်ဆို ဆယ်နာရီခွဲပဲ၊ ဖိုးဘတင်သိတယ်။ နာရီကြည့် စရာမလိုဘူး၊ ပတ်ဝန်းကျင် က အသံဗလံတွေကို နားထောင်ရုံနဲ့ ဘယ်နှစ်နာရီဆိုတာ ဖိုးဘတင် သိတယ်။ ဖိုးလတင် ပက်လက် ကုလားထိုင်ပေါ်က ထတယ်။

ခြေထောက်တွေ တောင့်နေလို့ တကျွတ်ကျွတ်နဲ့ စုတ်သပ်ရသေးတယ်။ လမ်းမလျှောက်ရတဲ့ အကျိုးကျေးဇူးတွေပေါ့။ အလျင် ဒီလိုဘယ်ဖြစ်မှာတုံး။
ဧည့်ခန်းက နာရီကိုကြည့်ပြီး ဖိုးဘတင်မီးဖိုထဲဝင်ခဲ့တယ်။ ထမင်းစားရမယ်လေ၊ ဒီအချိန်ဟာ ဖိုးဘတင်ရဲ့ ထမင်းစားချိန်။ တစ်သတ်လုံး မပျက်မကွက် မှန်မှန်စားလာခဲ့တဲ့ ထမင်းစားချိန်ပေါ့ (ဒါမေမယ့် ညနေ ထမင်းစား ချိန် နဲ့ စနေ၊ တနင်္ဂနွေ နံနက်စာ ထမင်းစားချိန်တွေကိုတော့ ဖိုးဘ တင် ပြောင်းလဲလိုက်ရပြီ)။

ညနေစာကို သူတို့ပြန်လာမှ ချက်ကြတာလေ၊ ညခုနှစ်နာရီလောက်မှ ညနေစာစားလို့ရတယ်။ ဟိုတုန်း ကတော့ ဖိုးဘတင်ရဲ့ ညနေစာ စားချိန်ဟာ လေးနာရီခွဲ၊ ငါးနာရီ။ စနေ၊တနင်္ဂနွေလို ပိတ်ရက်တွေ ကျတော့လဲ သူတို့က ဖြည်းဖြည်းဆေးဆေး ချက်ကြပြုတ်ကျကြတော့ ဆယ့်နှစ် နာရီ မထိုးရချင်း နံနက်စာ စားလို့ မရဘူး။
မီးဖိုထဲက ထမင်းစားပွဲ အုပ်ဆောင်းကို ဖိုးဘတင်ဖွင့်လိုက်တယ်။ ထုံးစံအတိုင်း အေးစက်စက် ဟင်းခွက် တွေကို မြင်ရတယ်။
မုန်လာဥချဉ်ရည်၊ ၀က်သားပါးပါးလှီးချက်၊ ပြီးတော့ ရန်ကုန်ထုံးစံအတိုင်း ငါးပိရည်တို့စရာ။

လျှပ်စစ် ထမင်းအိုးထဲက ထမင်းတစ်ပန်ကန်ကို ဖိုးဘတင်ကူးထည့်တယ်၊ ပြီးတော့ ထမင်းစား ပွဲမှာ ထိုင်တယ်။ အေးစက်စက် ချဉ်ရည်ဟင်းတစ်ဇွန်းကို သောက်လိုက်တယ်။ မန်ကျည်းမှည့်နံ့ စူးစူးကို မသိချင် ယောင်ဆောင်ရင် ထမင်းမြိန်အောင်ကြိုးစားရတယ်။ မျက်စိထဲ ပေါ်ပေါ်လာ တတ်တဲ့ အငွေ့ တထောင်းထောင်း နဲ့ အမယ်ကြီးရဲ့ ထမင်းပွဲကိုလဲ မစဉ်းစားမိအောင် ကြိုးစား ရင်းပေါ့။
ဒါတောင် ငါးပိရည်တစ်ဇွန်းကို အသာ ခပ်ရင်း အညာငရုတ်သီးထောင်းကို သတိရစိတ်က ဖြစ်လာ သေးတယ်။ ငရုတ်သီးထောင်းကို သတိရစိတ်က ဖြစ်လာသေးတယ်။ ငရုတ်သီး ထောင်ကို အမယ်ကြီးကလဲ သိပ်ကြိုက်တာ။ မြကြိုးနွယ် ငရုတ်သီးခြောက် ရှည်ရှည်လေး တွေကို သီတံနဲ့ ထိုးပြီးမီးဝေးဝေးကနေ ကြွပ်နေအောင် ကင်ထား၊ ပြီးတော့မှ ဆားနဲ့ ကြက်သွန် ဖြူ များများနဲ့ ထောင်း။ ဆီကလေး ဆမ်းပေါ့။ ချဉ်ရည်ဟင်း နဲ့ ဆို အလိုက်ပေါ့။

ငါးပိရည်ကို ဖိုးဘတင်မကြိုက်ဘူး၊ တစ်နပ်တလေဆိုရင်တော့ စားရပါသေးတယ်။ နပ်တိုင်း ဆိုလို့ကတော့ ဖိုးဘတင် နှာခေါင်းထဲ နံလာသလိုပဲ။ အနံ့ကို မခံချင်တော့ဘူး။ ဒီကလူတွေ ကတော့ ကြိုက်လိုက်ကြတာ။ ငါးပိရည် မပါရင် ထမင်းမစားကြဘူး။ ငါးပိရည်အိုးတည် ပွက်ပွက် ဆူတာနဲ့ နနွင်းခတ်ပြီး စားခါနီးတော့ ငရုတ်သီး လှော်မှုန့် ထည်းစားကြတာပဲ။
ဖိုးဘတင် တို့အညာက သူတို့ရန်ကုန် ငါးပိရည်ကို လုပ်စားပုံနဲ့မတူဘူး။ ဟိုမှာစားပုံက ငါးပိရည်ကို ကျိုပြီးရင် ဆီသတ်သေးတာ။ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူ ထောင်းပြီးသားကို ဆီသတ်ပြီးမှ ငါးပိရည်ထည့်။ ချခါနီးတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထောင်းပြီး ထပ်ထည့်သေးတာ။ ငါးပိရည်ကမွှေးပြီး ပိုစားလို့ကောင်းတာပေါ့၊ အေးလေ... ဟိုကတော့ တစ်ခါတလေကိုး၊ ဒီကတော့ နေ့စဉ်အမှုဆိုတော့ ဟိုလို အဆာ ပလာတွေ ဘယ်လုပ်နေ နိုင်ပါ့မလဲ။

ဆက်ရန်
.

No comments: