Sunday, October 17, 2010

သေလမ်းကို ဖြတ်သန်းခြင်း အပိုင်း (၃)

ပျော်ရွှင်မှုငယ်ငယ်ကလေးများ

တစ်ခါဆေးသွင်းပြီးလျှင် တစ်ပတ်လောက် ကျွန်မ ခွေနေရသည်။ အိမ်ထဲအောင်ပြီး ဆောင်းပါးတွေ ရေးဖန် များလာတော့ ကျွန်မ အရေးအသား တိုးတက်လာသည်။ အပြင်ထွက်ပြီး သတင်းနောက်မလိုက်ဘဲ ရေးကျင့် ရလာ၏။
သည်လို အခါမျိုးတွင် အားတက်လာလျှင် ဆေးသွင်းရမည့်အချိန်က ရောက်နှင့်နေပြီ။ ဤသို့ဖြင့် အဖန် တလဲလဲ သံသရာလည်နေခဲ့၏။
စတုတ္ထအကြိမ် ကုသမှုပြီးသည့် ရက်သတ္တပတ်တွင် ကျွန်မ လဲပြိုကျသွားတော့မတတ်ဖြစ်သွား သည်။ အမျိုးသား က ဆေးရုံပြန်ခေါ်သွားပြီးပြတော့ ကျွန်မကိုယ်ထဲတွင် ရေဓာတ်ခန်းခြောက်နေပြီ တဲ့။ ဆေးရုံ တက်ပြီး ဂလူးကို့စ်တွေ၊ အကြောဆေးတွေ သွင်းရပြန်၏။

ညနေပိုင်းတွင်မှ သားအဖတတွေ ဆေးရုံလိုက်လာပြီး ကျွန်မကို အိမ်ခေါ်ပြန်ကြသည်။ သူတို့အား လုံးနှင့် ပြန်ဆုံ တော့လည်း ကျွန်မ တသိမ့်သိမ့်ကြည်နူးရပါ၏။
ဇွန်လလယ်လောက်တွင် ရေးသည့် ကျွန်မ၏ နေ့စဉ်မှတ်တမ်းတွင် " နာမကျန်းဖြစ်ရသည်မှာ ခက်ခဲ ပင်ပန်း လှ၏။ ဆေးဝါးကုသရသည့်အခါ ပိုဆိုး၏။ သို့သော် စိတ်ဓာတ်မကျဘဲ ကျွန်မ ခရီး ဆက်ပါမည်" ဟု ရေးခဲ့၏။

ကျောင်းကြီးပိတ်တော့ မီလာတက်နေသည့် ဘဲလေးအကသင်ကျောင်းမှ ကဇာတ်တစ်ခုတင်ဆက် မည်။ ကဇာတ်အမည်က " ပဉ္စလက်ပုလဲရတနာ" တဲ့။ "ပုလဲ" လုံးကလေးအဖြစ် ကမည့်သူက မီလာ။ မအေကို လာကြည့်ဖို့ သူအရမ်းမျှော်လင့်နေရှာသည်။
ကျွန်မ ပျော့ခွေနေသည့်ကြားမှ သွားဖို့ဆုံးဖြတ်ထားပါသည်။
တီးဝိုင်း မှ ပျံတက်လာသည့် ဂီတသံနှင့်အတူ နတ်သမီးကလေးတွေ ဇာတ်စင်ပေါ်တွင် ၀ဲပျံကခုန် နေကြ သည်။ မီလာ့ထက်ကြီးသည့် အတန်းသူကလေးများဖြစ်၏။
ပြီးတော့မှ မီလာ ပေါ်လာသည်။ ငွေဖြူရောင် အရိပ်ကလေးတစ်ခုလို။ နတ်သမီးလေး များကြားထဲသို့ ပြေးဝင် လာသည်။

ဂီတသံ များ ငြိမ်သွားပြီး တစ်ကိုယ်တော် တယောသံနွဲ့နွဲ့ပေါ်လာ၏။ အဝေးကြီးမှလာသည့် အသံမျိုး၊ ကောင်းကင်ဘုံ မှ တငြိမ့်ငြိမ့်ဆင်းလာသည့်အသံမျိုး။
ပုလဲကလေးသည် ငှက်သွင်ပျံကြွတော့မလို ၀ဲပျံကခုန်နေလေပြီ။ လှလိုက်တဲ့သမီးကလေးရယ်။ ကျွန်မ ရင်ထဲ တွင် ဘုရားသခင်၏ ကျေးဇူးတော်ကို အမှတ်ရလိုက်မိ၏။ သည်သမီးကလေးကို ပေးသနားတော် မူသည့်အတွက် ကိုယ်တော့်အား တပည့်တော်မ ကျေးဇူးတင်လို့ ဆုံးမည်မဟုတ် တော့ပါ။ သည်သမီးကလေး လူလား မြောက်လာသည်အထိ အသက်ရှင်နေထိုင်ခွင့်ပေးသနားရန် လည်းဆုပန်လိုက်၏။

ကျွန်မ နေမကောင်းစဖြစ်ကတည်းက မီလာ မကြာခဏပြောတတ်သည်။ " မေမေ့လို မေမေမျိုး သမီးရတာ သိပ်ကံကောင်း လို့ပေါ့နော်။ မေမေဘယ်တော့မှ သမီးကို ခွဲမသွားပါနဲ့နော်"တဲ့။
ထိုနေ့က နေ့စဉ်မှတ်တမ်းတွင် " ကျွန်မသည် သမီးကလေး မီလာ့ အနားတွင် အမြဲရှိနေပါမည်။ သမီး ကလေး တစ်ခုခု လိုအပ်ချိန်တွင် ကျွန်မ အမြဲအသင့်ရှိနေစေရပါမည်" ဟုရေးခဲ့၏။
တစ်ညအိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့်နှင့် စဉ်းစားနေမိ၏။ ခုတော့ သည်ဝေဒနာရသည့် အတွက် ကျွန်မ ညည်းညည်း ညူညူ မလုပ်တော့ပါ။ ဘာကြောင့် ကျွန်မကိုမှ ရွေးပြီးလာဖြစ်ရတာပါ လိမ့်ဟုလည်း မစဉ်းစား တော့ပါ။

ကျွန်မသည် ဘ၀၏ အနှစ်သာရကို ခံစားနားလည်ခဲ့ပါပြီ။ သားနှင့်သမီးသည် ကျွန်မအား အချစ်နှင့် ပျော်ရွှင်မှု ကို ပေးခဲ့၏။ ထို့ကြောင့် မမျှော်လင့်သည့် အခက်အခဲများကို ကျွန်မ ရင်စီး ခံနိုင်ရမည်ပေါ့။
-------------------------------
တစ်ဆင့်တက်ပြီ

၁၉၉၄ ခုနှစ်၊ သြဂုတ်လလယ်တွင် ခံနိုင်ရည်ရှိဖို့ အလွန်အင်မတန်ခက်ခဲသော အဆင့်ကို တက်ရတော့မည်။
ဆေးသွင်း၊ ဓာတ်ကင်ခြင်းဖြင့် ကျွန်မ၏ ကင်ဆာကျိတ်များကို ကျုံ့သေးသွားအောင် လုပ်နိုင်ခဲ့ပြီ ဖြစ် သော်လည်း ယင်းတို့ကို ထုတ်ပစ်ရဦးမည်။
ခွဲမည့်နေ့တွင် မိုင်းလ်(စ်)က ကျွန်မကို ခွဲစိတ်ခန်းဝထိ လိုက်ပို့သည်။ " ဘာမှမဖြစ်စေရဘူး၊ အားလုံး ပြီးသွား မှာ "ဟု စိတ်ချ လက်ချ အာမခံသည်။
သို့သော် သူ့လက်ကို လွှတ်ပြီး ခွဲစိတ်ခန်းထဲ ၀င်လိုက်သည်နှင့် ကျွန်မတစ်ကိုယ်လုံး သောကမီးလျှံ ကြီးတစ်ခုထဲ သို့ ရောက်သွားသလို ခံစားလိုက်ရ၏။ ငိုချင်စိတ်ကို မနည်းထိန်းထားရ၏။ ကျွန်မ လုံးဝ ပျော့ခွေ နေပါပြီ။

စင်စစ် သူတို့နှင့် အပြီးအပိုင် ခွဲသွားရမည်ကို ကျွန်မ ကြောက်နေခြင်းဖြစ်၏။ အသိအာရုံတွေ မှိုင်းဝေ ထုံထိုင်း နေ၏။
ဆရာမတစ်ယောက်က ပြုမူဆောင်ရွက်ဖွယ်ရာအမှုများကို သင်ကြားပေးနေ၏။ စိတ်ကိုတည်ငြိမ် အောင် ထားပြီး မှတ်သား နေလိုက်သည်။
ခွဲစိတ်ခန်းကြီး ထဲတွင် အေးစိမ့်နေကြောင်း သတိရနေ၏။ ရှိရှိသမျှ အ၀တ်အားလုံး ကျွန်မချွတ်လိုက်ရသည်။ ဦးခေါင်းက ဆံပင်တုပါ မကျန် ဖယ်ရှားလိုက်ရ၏။ ဆေးရုံမှပေးသည့် ခွဲစိတ် ခန်းဝတ်စုံကို ၀တ်ရသည်။ ကျွန်မ သည် ခုချိန်အထိ ဆံပင်တုမပါဘဲ ဘယ်သူ့ရှေ့မှ မထွက်ခဲ့ ဖူးပါ။ သည်အကြိမ်မှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။

ခွဲစိတ်ပြီးစီးတော့ လွင်ပြင်ကျယ်ကြီးထဲတွင် ကျွန်မ လွင့်မြောနေခဲ့သည်။ မနိုးတစ်ဝက်၊ နိုးတစ်ဝက် နှင့် အရင်းနှီးဆုံး မျက်နှာ ၃ ခုကို ၀ိုးတ၀ါးမြင်လိုက်သလိုလို၊ ကလေးနှစ်ယောက်နှင့် ကလေးတို့ အဖ။
တစ်ခုခု ပြောဖို့ ကျွန်မကြိုးစားသည်။ သို့သော် စကား တစ်ခွန်းမျှ မထွက်နိုင်မီ ပြန်အိပ်ပျော်သွားသည်။
ဒုတိယ အကြိမ် နိုးလာတော့ မျက်နှာနှစ်ခုကို ၀ိုးတ၀ါးမြင်ရ၏။ ကျွန်မကို စိုးရိမ်တကြီးငုံ့ကြည့်နေကြ သည်။ သူငယ်ချင်း တင်ရှိုဟွီနှင့် သူ့ယောက်ျား ထိုင်ဝမ်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနမှူး ဂျိုးဘိုးရစ်ခ်ျ။

သူတို့တကူးတက ရောက်လာကြသည့်အတွက် ကျွန်မ ကျေးဇူးတင်ရသည်။ ဆေးရုံမှာ ၃ ရက်သာ ထားပြီး ကျွန်မ ကို အိမ်ပြန်ခွင့်ပေးသည်။
မကြာမီ အတွင်း China Times မှ ဒုတိယအယ်ဒီတာချုပ် ရောင်းဖူတီယံ ဖုန်းဆက်လာသည်။

ကုလသမဂ္ဂ တွင် ထိုင်ဝမ်ကိုယ်စားလှယ်ဖြစ်မည့်သူကို ခြေရာကောက်ပေးဖို့ ရောင်းက ကျွန်မကို တာဝန် ပေးချင်သည်။ ခွဲစိတ်ပြီးစမို့ ကျွန်မ မတ်တတ်ပင်မရပ်နိုင်သေးကြောင်း ဒုချုပ်ကို ပြန်ပြောရ သည်။
သူ စိတ်မကောင်း ဖြစ်မိကြောင်းပြောပြီး လုပ်နိုင်သည် နှင့် သည်တာဝန်ယူဖို့ထပ်ပြောသည်။ " ဖြစ်ဖို့ အလား အလာ အရှိဆုံးလူက မင်းသိတဲ့လူဖြစ်နေလို့ "ဟုလည်း နှတ်ကြောင်းပေးသေးသည်။
ကျွန်မငြင်းဖို့ သိပ်ခက်သွားပါပြီ။ ကုလကိုယ်စားလှယ်လောင်းကို ကျွန်မတို့ တိုက်ရိုက်ဆက်သွယ်၍ မရ သေးသော်လည်း ဘယ်သူ ဘယ်ဝါဆိုသည်ကို ကျွန်မတို့ စုံစမ်း၍ရပြီ။

သူက " ဘင်ဂျမင်လူ"။ မှန်ပါသည်၊ ကျွန်မနှင့် ရင်းနှီးဖူးပါသည်။ သူနှင့် လူတွေ့မေးမြန်းပြီး သူ့အကြောင်း ကျွန်မ သတင်းဆောင်းပါး ရေးဖူး၏။
" လိုချင်တဲ့ရက် တော့ သတ်မှတ်ထားပြီ၊ ဒါပေမယ့် မင်းနေကောင်းတဲ့အထိ တို့စောင့်မယ် "ဟု ရောင်းက အချိန် ပေးသည်။
အောက်ထပ်ရှိ ကျွန်ပျူတာခန်းသို့ ကျွန်မ မတင်းနိုင်သေးပါ။ ညာဘက်ရင်သားမှ ညာဘက် ချိုင်းအောက် အထိ ခွဲထုတ်ခဲ့ရသည့် ဒဏ်က ရုတ်တရက်အလုပ်ခွင်ပြန်ဝင်ဖို့ လွယ်မည် မထင်ပါ။ ကျွန်မ၏ ညာဘက် လက်မောင်း တစ်ခုလုံး လုံးဝမလှုပ်နိုင်သေးပါ။

ထို့ကြောင့် အိပ်ရထဲမှာပင် ဘယ်လက်ဖြင့် ဖြည်းဖြည်းချင်းရေးရသည်။ နောက်ဆုံးတွင် ကျွန်မ အပြီး သတ် နိုင်ခဲ့၏။ မျက်နှာဖုံးသတင်းဆောင်းပါးအဖြစ် တိုက်က နေရာပေးသည်။
ထူးခြားပြည့်စုံသည့် ကျွန်မဆောင်းပါးအတွက် ၀ါရှင်တန် စာနယ်ဇင်းသမားတွေ ကျွန်မဆီ ဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြု စကားဆိုကြသည်။
များမကြာခင် ရောင်းထံ မှ လက်ဆောင်ဖောင်တိန်တစ်ချောင်းနှင့် စာရွက်ပိုင်းကလေးရောက်လာ၏။

ရန်လျန်း
မင်းကို သိပ်သဘောကျတဲ့အကြောင်းပြောပါရစေ၊ အထူးသဖြင့် မင်းရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ သတ္တိကိုပေါ့။
-------------------------------
မေတ္တာအသင်္ချေ

ထိုရက်ပိုင်းတွင် ထူးထူးခြားခြား ကျွန်မသတိရနေသူမှာ ထိုင်ပေရှိ ကျွန်မအဖေဖြစ်ပါသည်။ ကျွန်မ အဖေ့ဆီ တစ်ပတ်တစ်ခါ ဖုန်းဆက်မြဲပါ။ ထို့ကြောင့် ကျွန်မ မခွဲစိတ်မီ စာနှစ်စောင်ကြိုရေးပြီး အစ်မ ခရစ္စတီးနာဆီကို ဖက်စ်ပို့ထားလိုက်ပါသည်။ အစ်မက အဖေ့ဆီ တစ်စောင်ချင်းပို့ပေးလိမ့်မည်။

မခွဲမီနှင့် ခွဲပြီးကာလ ကျွန်မ ဖုန်းမဆက်နိုင်သေးခင် အဖေ့ကို သည်နည်းဖြင့် ကျွန်မ ကျန်းမာရေး အကြောင်း ဖုံးဖုံး ဖိဖိ လုပ်ထားလိုက်ခြင်းဖြစ်သည်။
အဖေသည် ကြွက်သားများ အားနည်းသည့် ရောဂါသည် တစ်ဦးဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်တွင် အမေ ဆုံးတော့ အဖေ့ရောဂါ ပိုဆိုးလာတော့သည်။ နှစ်ပေါင်းများစွာ အမေက သူ့ကို ပြုစုလာခဲ့၏။
အမေမရှိတော့သည့် နောက်ပိုင်းတွင် လုံးဝ လေဖြတ်သွားပြီး ဖုန်းပြောလျှင် ငိုလို့သာနေတော့ သည်။ အဖေ့ အတွက် ကျွန်မ ရင်ကွဲနာ ကျလုမတတ် ခံစားရပါသည်။
ခုတော့ " ဖေဖေရယ် သမီးနဲ့ ဖေဖေ ဘ၀တူဖြစ်နေပါပြီ၊ ဖေဖေ့ကို သမီးနားလည်ပါတယ်"ဟု တိုးတိုးကလေး ပြောနေရုံ မှလွဲပြီး ကျွန်မ ဘာမျှ မတတ်နိုင်တော့ပါ။

အဖေ့တာဝန်တွေ ခရစ္စတီနာအပေါ်တွင် ပုံနေခြင်းအတွက်လည်း ကျွန်မစိတ်မချမ်းမသာဖြစ်ရပါ သည်။ မကြာ မကြာ ဖုန်းဆက်ပြီး ကျွန်မကို အားပေးရသည့် အလုပ်က တစ်ဖက်၊ စာအုပ်တွေ ပို့ပေး အစား အသောက် တွေ ပို့ပေးဖို့လည်း ခရစ္စတီနာ ဘယ်တော့မှ မလစ်ဟင်း။
ကျွန်မအ တွက် အားလုံး စိတ်ဆင်းရဲနေကြသော်လည်း ရောဂါကြောင့် ကျွန်မသည် မိသားစုနှင့်ပိုပြီး နီးစပ် သလို ဖြစ်လာခဲ့သည်။

ဆံပင် တွေ ကျွတ်လို့မဆုံးနိုင်အောင်ဖြစ်လာသောအခါ ကျွန်မ ခေါင်းတုံး တုံးပစ်လိုက်သည်။ ပြီးမှ ဦးထုပ် ဆောင်းချင်ဆောင်း ထားသည်။ ဆံပင်တုစွပ်ချင်စွပ်ထားသည်။ အိမ်သားများရှေ့မှာပင် ခေါင်းတုံးပြောင်နှင့် ကျွန်မ နေလေ့မရှိပါ။ ကျွန်မအတွက် အဓိပ္ပာယ်ရှိပါသည်။ သားကလေး၏ ရင်ကို မရွှင်မပျ မဖြစ်စေချင် သောကြောင့် ဖြစ်ပါသည်။
မီလာ က ကျွန်မကို မကြာခဏ အားပေးသည်။

" မေမေ ရာ စိတ်မပျက်ပါနဲ့၊ ဆံပင်ရှိရှိ၊ မရှိရှိ မေမေက လှပြီးသားပဲ "ဟု ဆိုလေ့ရှိ၏။
တစ်နေ့တော့ မီလာ ဘာစိတ်ကူးပေါက်သည်မသိ။ သူ့မောင်လေးကို စချင်သည်နှင့် မျက်လှည့်ပြ မည်ဟု ဆိုသည်။ သူနှင့်ကျွန်မ နှစ်ယောက်ထဲ မီးဖိုတွင်ရှိနေစဉ် မီလန်ဝင်လာသည်။
" မောင်လေး ဒီမှာကြည့်၊ မမ မျက်လှည့်ပြမယ် " ဘာမပြော ညာမပြောနှင့် ကျွန်မဆံပင်တုကို ဆတ်ခနဲ ဆွဲချွတ်ပြ လိုက်သည်။

ရုတ်တရက် ကျွန်မကြောင်နေသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ မီလန်ဘယ်လိုဖြစ်သွားမည်လဲ၊ သူ့တုံ့ပြန်မှု ကို ကျွန်မ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ ပထမသူ အထိတ်တလန့်ဖြစ်သွား၏။ ပြီးတော့ ချက်ချင်း အမူအရာ ပြောင်းသွားသည်။ အမေ့ကို ရင်ထုမနာ ဖြစ်နေသည့် မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့် နေ၏။

ကျွန်မဆီ လျှောက်လာပြီး သိုင်းဖက်ကာငိုချလိုက်သည်။ သားကလေး ငိုသည်ကို မမြင်ရသည်မှာ ကြာပြီ။ သူ့လုပ်ရပ် အတွက် သူ့ဘာသာသူ စိတ်မကောင်းဖြစ်နေသည့် အကြီးမကလည်း ငိုချလိုက် ပြီး " မေမေ သမီး ကို ခွင့်လွှတ်ပါမေမေ" ဟုပြောရှာသည်။
သည်သားနှင့် သည်သမီးကို ပေးသနားတော်မူခြင်းအတွက် ဘုရားသခင်ကို ကျွန်မ ထပ်မံကျေးဇူး တင်မိပြန် ပါ၏။
----------------------------------
ရွေးစရာလမ်း

ချုပ်ရိုးတွေဖြေရမည့် သြဂုတ်လကုန်တွင် ဒေါက်တာစန်းဂရစ်နှင့်တွေ့ဖို့ ကျွန်မထွက်လာခဲ့သည်။ ခွဲစိတ် ဖြတ်တောက်ပြီး ကတည်းက ကျွန်မ တမင် မသိကျိုးကျွန်နေခဲ့သည့် ကိစ္စပေါ်လာချေပြီ။ ကျွန်မတွင် ရင်သား တစ်ဖက်သာ ရှိတော့၏။
ဆရာဝန်က ပတ်တီးတွေကို သေသေချာချာဖြေသည်။ ချုပ်ရိုးတွေကို စနစ်တကျဖယ်ရှားပေးသည်။ ပြီးတော့ ကျွန်မ ၏ ညာဘက်ရင်သားကို ငုံ့ကြည့်လိုက်သည်။ ဘာမျှမရှိတော့။ အရေပြားပေါ်တွင် ကင်းခြေများကြီး ကပ်နေ သလို ချုပ်ရိုးတစ်ကြောင်းသာရှိတော့သည်။

သူ့ကို ကျွန်မ ကျောပေးပြီးရပ်နေသော်လည်း အတွေ့အကြုံရင့်ကျက်ပြီးသား ဆရာဝန်မို့ ကျွန်မ၀မ်း နည်း နေကြောင်း သိနေပုံရ၏။
" ခန္ဓာကိုယ်က အဓိကပါကွယ် " ဟု နှစ်သိမ့်ရှာသည်။

ခွဲစိတ်ကုသမှုအောင်မြင်သည်။ အားလုံးပြီးပြီ။ ကင်ဆာပါရဂူ ဆရာဝန်ကြီးဒေါက်တာကိုဟင်ဆီကို ကျွန်မ အကျိုး အကြောင်း သတင်းပို့လိုက်၏။
မမျှော်လင့်သည့်သတင်းဆိုးကို သူ့ဆီမှ ကြားရသဖြင့် ကျွန်မတို့ လင်မယား ပါးစပ်အဟောင်းသား နှင့် အသက်ရှူ ရပ်တော့မလို ဖြစ်သွားရပါသည်။
သူက လေအေးကလေးဖြင့် ရှင်းပြသည်။ ကျွန်မ၏ ကင်ဆာကျိတ်များက တတိယဆင့် ကို ရောက်နေ သည့် အကျိတ်မျိုး ဖြစ်၍ ဆက်လက် ကုသရဦးမည်တဲ့။ အမြစ်တွေ ပြန့်ထွက်လာဖို့ အလားအလာမှာ ၅၀ ရာခိုင်နှုန်း ရှိနေ သေးသည်တဲ့။

ဆရာဝန်ကြီးက ဆက်ရှင်းပြသည်။ ကျွန်မတွင် ရွေးစရာလမ်းနှစ်သွယ်ရှိသည်။ ဓာတ်ကင်ဆေးသွင်း နည်း အပြင် ကျွန်မကိုယ်တွင်းမှ ခြင်ဆီကို ထုတ်ယူပြီး ခြင်ဆီထဲက ပင်မသွေးနီဥများဖြင့် ကင်ဆာသွေးဥများကို တိုက်ဖျက်မည်။
ပြီးမှ ထုတ်ယူထားသည့် ခြင်ဆီနှင့် ပင်မသွေးနီဥတွေကို ပြန်ထည့်ပေးမည်။ ဤနည်းဖြင့် ကျန်းမာ သန့်ရှင်း သော သွေးနီဥတွေ ပြန်လည်ရှင်သန်လာစေမည်။
" ဟင့်အင်း တော်ပြီ၊ ကျွန်မ မတတ်နိုင်တော့ဘူး၊ မခံနိုင်တော့ဘူး "

အသံမထွက်ဘဲ ကျွန်မရင်ထဲက အော်လိုက်ခြင်းဖြစ်ပါ၏။ ဆရာဝန်ကြီးက ကျွန်မအခြေအနေကို အကဲခတ် မိပုံရသည်။ စကားလုံးနည်းနည်းဖြင့် မှန်သောသစ္စာစကားကိုဆို၏။ ခြင်ဆီလဲ ကုနည်းကိုသာ သူလုပ်စေချင် ကြောင်း၊ သည်ရောဂါ ပြန်မပေါ်အောင် အမြစ်ဖြတ်မည်ဆိုလျှင် သည်ကုထုံးသည် အားအကိုးရဆုံး ဖြစ်ကြောင်း များဖြင့် ကျွန်မတို့ကို နားချပြီး ခြင်ဆီလဲ အထူးကု ဒေါက်တာ အိုင်မက်တက်ဘရာဆီသို့ လွှဲပေး လိုက်သည်။ အိမ်အပြန်လမ်းတွင် ကျွန်မ အကြောက်ကန့်ငြင်းတော့သည်။

" ကျွန်မ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူး၊ ရှင် ကျွန်မဘက်က နေရမယ်"ဟု ယောက်ျားလုပ်သူကို အတင်း ပူဆာ သည်။
ရက်သတ္တ ပတ်ပေါင်းများစွာ ကျွန်မတို့ တိုင်ပင်ကြသည်။ စဉ်းစားကြသည်။ ခြင်ဆီလဲဖို့၊ ပြန်သွင်းဖို့ ကိစ္စတွေ၊ ကျွန်မ ၏ ခန္ဓာကိုယ်က ခံနိုင်ပါတော့မည်လား။
အောက်တိုဘာလနှောင်းပိုင်းတွင် ဒေါက်တာ ကိုဟင်၏ ရုံးခန်းသို့ ကျွန်မတို့ရောက်သွားကြပြန် သည်။ သည်တစ်ခါ တော့ ဆရာဝန်ကြီးက ခပ်ဆဆမပြောတော့ဘဲ အတင်းအကြပ်တိုက်တွန်းနေ သည်။
ကျွန်မ ဝေခွဲမရ ဖြစ်နေမှန်း သူရိပ်မိသွားတော့ အပြင်ထွက်ပေးပြီး လင်မယားနှစ်ယောက်တိုင်ပင်ဖို့ ထားခဲ့ သည်။ ခေါင်းငိုက်စိုက်ချထားလျက်က သူ့တီးတိုးသံကို ကျွန်မကြားနေရ၏။ သူအရမ်းစိုးရိမ် နေသည်။

အလောတကြီးလေသံဖြင့်
" မင်း သိပါတယ်၊ ကိုယ်မင်းကို အသေမခံနိုင်ဘူး၊ ကိုယ်တစ်ယောက်တည်း ဘယ်လိုကျန်ရစ်ရမှာ လဲ၊ ကလေးတွေ အတွက်ကော မစဉ်းစားတော့ဘူးလား၊ ပြန်စဉ်းစားပါဦး မိန်းမရယ်၊ ဆရာဝန်ကြီး စကားကို နားထောင် လိုက်ပါကွာ "
ဆေးရုံ မှ ထွက်လာတော့ ကျွန်မ၏ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်တွေ စီးကျနေ၏။
--------------------------------
ဆက်ရန်
.

5 comments:

ahphyulay said...

ဖတ်ပြီးတော့  ကိုယ့် မိသားစု ပါအဲ့ ဒီဇာတ်ထဲ
ဝင်ကနေသလို ခံစားလာရမိတယ်။ အတူမခွဲဘို့ 
ထူထောင်ခြဲ့  ကြပေမဲ့  အတူမမြဲတော့ ပဲ ခွဲရတော့ မဲ့ 
ခံစားချက်လေ..။
သိတယ်ဟုတ်....။


ခင်တဲ့ ....

Anonymous said...

ဖတ်မိတိုင်း ရင်ထဲမှာ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ ကိုယ်ခံစားနေရသလိုပဲ..

ltn

ချော(အစိမ်းရောင်လွင်ပြင်) said...

တတိယပိုင်း လာဖတ်သွားပါပြီ အစ်မရေ
စိတ်ဝင်စားဖို့ကောင်းတဲ့ ဆက်ရန်တွေကို မျှော်နေပါတယ်..
ကင်ဆာဆိုတဲ့ ရောဂါကြီးကို မုန်းတယ်..

မြစ်ကျိုးအင်း said...

အပိုင်း ၃ ဖတ်ပြီးကြောင်း...။

မြတ်နိုး said...

အမရယ်..ကြောက်လိုက်တာ..
ဆုတခုတောင်းရမလိုဖြစ်နေပီ..မေမေ့လို ဖြုတ်ခနဲပဲသေသွားချင်တယ်..

မသေခင်ဘာရောဂါမှ မခံစားချင်ဘူး....
ဘယ်သူ့ကိုမှလည်းမခံစားစေချင်ဘူး...