Monday, October 18, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃၆)

အခန်း(၃၆)

အာရ်ပီဂျီဒုံးကျည်လက်နက် ထိမှန်ခြင်းခံရသောပထမစစ်ကားမှာ ကား၏ရှေ့ပိုင်းလုံးလုံးပျက်စီးသွားပြီး ဒုတိယ စစ်ကားမှလည်း စက်သေနတ်ကြီးကျည်ဆန်များထိမှန်ထားသဖြင့် ပျက်စီးသွားပြီးဖြစ်လေသည်။ ကားနှစ်စီး စလုံး၏ဓာတ်ဆီတိုင်ကီများတွင်လည်း ဆီလက်ကျန်လုံးဝမရှိတော့ချေ။
တစ်နည်း အားဖြင့်ခရိတ်တို့အဖို့ ဆက်လက်သွားလာရန် ထိုယာဉ်နှစ်စီးစလုံးအသုံးပြုရန် မဖြစ်နိုင်တော့ သည့် အခြေအနေမျိုး ရှိနေပေသည်။
ခရိတ်သည် မိတ်ဆွေရင်းဖြစ်သူ ၀န်ကြီးတွန်ဂါတာအားပြည်ပသို့ထွက်ခွာသွားရန် အစီအစဉ်များကို အတို ချုပ်၍ ပြောပြလိုက်သည်။

လေယာဉ်နဲ့သွားကြစို့ စီစဉ်ထားတာမှန်ပေမယ့် အချိန်အတိအကျသတ်မှတ်ထားတာက ရှစ်နာရီတိတိ ဖြစ်တယ်။ ဒါ့ထက်နောက်ကျလို့တော့မဖြစ်ဘူး။ တကယ်လို့ကျုပ်တို့က ယာယီလေဆိပ်ငယ်ရှိရာကို ရှစ်နာရီ ထိုးလို့မှမရောက်ရင်တော့ ကျုပ်တို့အဖို့ ပြည်ပကိုထွက်ခွာတဲ့ တစ်ခုတည်းသောနည်းလမ်းက ခြေကျင် လျှောက်ကြရုံပဲဖြစ်တယ်’’
ခရိတ်ကပြောလိုက်ရာ တွန်ဂါတာကနားလည်ဟန်ဖြင့်ခေါင်းညိတ်လိုက်သည်။

လေဆိပ်ကမိုင်သုံးဆယ်လောက်ဝေးတယ်။ ဒီမှာကစီးသွားစရာဘာယာဉ်မှမရှိဘူး။ လင်းရိုဗာကားကိုလည်း လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဖွန်ဂါဘီရာကယူပြီး ထွက်သွားတယ်’’
ပျက်နေတဲ့ကားတစ်စီးရဲ့နောက်ဘီးတွေ ဖြုတ်ပစ်ပြီးကြံဖန်ပြင်ရင်ရနိုင်တယ်။ ဒါပေမဲ့ ပြဿနာက ဓာတ်ဆီ ပဲ။ ဓာတ်ဆီ လုံးဝမရှိဘူး’’
ခရိတ်ကပြောလိုက်ပြီးနောက် နှစ်ယောက်စလုံးသည် ဓာတ်ဆီသိုလှောင်သည့် တိုင်ကီကြီး မီးဟုန်းဟုန်း တောက်လောင် နေသည်ကို လှမ်းကြည့်ကြလေသည်။ မီးရှိန်အားကြီး၍ မီးတောက်မီးလျှံများသည် ကောင်းကင် သို့ အလွန်မြင့်မားစွာတတ်လျက် ရှိလေသည်။

ယင်းမီးတောက်မီးလျှံများ၏ အလင်းရောင်တွင် အတုံးအရုံးလဲကျသေဆုံးနေသူများ၏ အလောင်းများကို လည်းကောင်းစွာမြင်နေရပေသည်။ မာတာဘယ်လီပြောက်ကျားရဲဘော်များ၏ စက်သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ သေဆုံးနေကြသူ ရှိုနာစစ်သားတို့၏ အလောင်းများမှာမြင်မကောင်းအောင်ပင် ပုံပျက် ပန်းပျက် ကြေမွ နေတော့ သည်။

ဤတိုက်ပွဲတွင်လူမည်မျှသေဆုံးခဲ့ရလေသနည်း။ ဤသို့လျှင်ခရိတ်ကစဉ်းစားမိလေသည်။ ယခုလူတွေ သေဆုံးရခြင်း မှာ မိမိ၏ပယောဂကြောင့်ပင် ဖြစ်မည်ပါတကားဟုလည်းဆင်ခြင်သုံးသပ်မိသည်။
မာတာဘယ်လီခေါင်းဆောင်တွန်ဂါတာသည် ခရိတ်အား အကဲခတ်ကြည့်နေလေသည်။ သူသည် အခုတော့ ရှိုနာစစ်သားတို့၏ တန်းလျားအတွင်းမှ တွေ့ရှိသောယူနီဖောင်းဝတ်စုံကို ၀တ်ဆင်ထားလေ သည်။

ခင်ဗျားက အမြဲတမ်းဒီလိုပဲဖြစ်တတ်တာကိုး။ စိတ်မချမ်းမြေ့စရာတစ်စုံတစ်ခုတွေ့ရပြီး ခင်ဗျားဟာ သုံးလေး ငါးရက်လောက် ထမင်းမစားတော့ဘူး။ စိတ်ညစ်ပြီးငိုင်နေတတ်တာ ကျုပ်ကောင်းကောင်းမှတ်မိ တယ်။ တောဆင်ရိုင်း ကြီးတွေပစ်သတ် ပြီးလည်း ဒီလိုပဲခင်ဗျားဖြစ်တတ်တယ်’’
တွန်ဂါတာကဝေဖန်သလိုပြောလိုက်ရာ ခရိတ်သည်ထိုအကြောင်းဆက်မပြောလိုသဖြင့် -
ကျုပ်က မော်တော်ကားတစ်စီးကို မောင်းဖြစ်အောင်ကြိုးစားရင်ရမယ်ထင်တယ်။ အရင်ဆုံးကားဘီးတွေလဲ တပ်လိုက် မယ်။ ဒါပေမဲ့ခင်ဗျားကတော့ လောင်စာဆီရှာပေးရလိမ့်မယ်။ ဓါတ်ဆီရအောင် ရှာပေးမှ ဖြစ်မယ် ’’ ဟုပြောလိုက်သည်။

သူ၏စိတ်ထဲတွင်ကား တွန်ဂါတာသည် အလွန်အကင်းပါးစွာ မိမိစိတ်လှုပ်ရှားနေသည်ကို ချက်ချင်း ရိပ်မိ နေပါတကား ဟု အောက်မေ့မိလေသည်။
မည်သို့ပင်ဖြစ်စေ တွန်ဂါတာနှင့် ထိုအကြောင်ဆက်မဆွေးနွေးလိုသဖြင့် ပျက်စီးနေသော စစ်ကား တစ်စီး အနီး သို့ လျှောက်ထွက်သွားလေသည်။
ပြောက်ကျားခေါင်းဆောင်ရဲဘော်လွတ်ကောက်သည် သူ့အားရပ်စောင့်နေလေသည်။

ကူဖီလာ၊ ငါတို့ဘက်မှလူဆယ့်လေးယောက်ဆုံးရှုံးခဲ့ရသည်’’
ကျွန်ုပ်ဝမ်းနည်းပါ၏။ အသင်ရဲဘော်လွတ်ကောက်’’
ခရိတ် တကယ်ပင်စိတ်မကောင်းဖြစ်လျက် ပြောသော်လည်းရဲဘော်လွတ်ကောက်ကမူ ခေါင်းခါပြလေသည်။
အို....ကူဖီလာ၊ လူမှန်သမျှတစ်နေ့ကျရင် သေရမည်သာတည်း။ သည်အတွက်စိတ်မကောင်း မဖြစ်ပ်ါလင့်။ ယခု ငါတို့ ဘာဆက်လုပ်ကြမည်နည်း။

ခရိတ်သည် ဘာမှပြန်မပြောတော့ဘဲ ပျက်စီးနေသောစစ်ကားကို မောင်းနှင်ဖြစ်အေင် ပြုပြင်ရန်သာ စတင် ဆောင်ရွက် လေသည်။ ပြောက်ကျားရဲဘော်များ၏အကူအညီဖြင့် ကားကြီးကို ကြံဖန်ပြုပြင်နေခြင်း ဖြစ်သည်။
ထိုအတောအတွင်း သေနတ်ကျည်ဆန်ထိမှန်ထားသော သူ၏ခြေတုတစ်ဖက်ကိုလည်း ခေတ္တ ချွတ်ထား လိုက် သည်။
နောက်တစ်နာရီခန့်ကြာသောအခါ ခရိတ်တို့အလုပ်လုပ်နေရာသို့တွန်ဂါတာရောက်ရှိလာလေသည်။

ဆောရီးပဲ သူငယ်ချင်း၊ ဓာတ်ဆီဘယ်မှာမှရှာမရဘူး။ ကျုပ်တို့လူတွေစခန်းတစ်ခုလုံး နှံ့အောင် ရှာကြည့် ပြီးပြီ ဓာတ်ဆီလုံးဝမရှိဘူး ’’
လက်ကျန်ဓာတ်ဆီ ဆယ့်ငါးလီတာလောက်တော့ တွေ့ထားတယ်ဗျ။ အဲ့ဒီဓာတ်ဆီနဲ့ဆိုရင် ကျုပ်တို့ မိုင်နှစ်ဆယ် လောက်တော့ခရီးပေါက်နိုင်ပါတယ်။ ဆယ်လီရဲ့လေယာဉ်ကလည်း နောက်နှစ်နာရီအတွင်း ရောက် လာတော့မယ်။ အခုအတိုင်း ဆိုရင်ကျုပ်တို့လေယာဉ်ကွင်းကို အချိန်မီရောက်မှာမဟုတ်ဘူး။

ထိုအချိန်တွင်ဆရာမကလေးဆာရာသည် သူမ၏ချစ်သူတွန်ဂါတာအနီးတွင်ရောက်နေပြီဖြစ်သည်။
တွန်ဂါတာ သည်ဆာရာအားတစ်ချက်လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလေသည်။

ဒီမယ် သူငယ်ချင်းခရိတ်၊ ဆာရာကပြောပြလို့ကျုပ်အားလုံးသိပြီးပြီ။ ခင်ဗျားကဘယ်လိုကြိုးစားပြီး အစီ အစဉ်တွေလုပ်ခဲ့ ပုံ၊ ခင်ဗျားအနေနဲ့အန္တရာယ်ကိုဂရုမစိုက်ဘဲလုပ်ခဲ့ပုံတွေကို’’
သို့ရာတွင် ခရိတ်ကတွန်ဂါတာ၏ စကားမဆုံးမီကြားဖြတ်လျက် -
ဒါတွေက်ုအခုပြောနေဖို့အချိန်မရှိဘူးသူငယ်ချင်း ’’ ဟုခပ်တည်တည်ပြန်ပြောလိုက်သည်။

ဘာဘဲဖြစ်ဖြစ်ကျုပ်ကကျုပ်တို့မာတာဘယ်လီအမျိုးသားတွေကို စကားပြောရမှာဘဲ။ ပြီးတော့မှ သွားကြ တာပေါ့’’
ပြောပြောဆိုဆို တွန်ဂါတာသည် မော်တော်ကားအင်ဂျင်စက်ဖုံးပေါ်သို့ တက်ရပ်ပြီး သူ့အနီးသို့ စုရုံးရောက်ရှိလာကြသူ မာတာဘယ်လီလူမျိုးအကျည်းသားများ၊ ရှိုနာစစ်သားများ၏ စက်သေနတ် ပစ်ခတ်စဉ် မသေဘဲကျန်ရစ်သူများအား စကားပြော လေသည်။

အို...အချင်းတို့၊ ငါသည်သင်တို့အားထားခဲ့ပြီး ခွဲခွာသွားရတော့မည်ဖြစ်ချေ၏။ သို့သော်ငါ၏ စိတ်ဝိညာဉ် သည်ကား သင်တို့နှင့်အတူ အမြဲတစေရှိနေသည်ဖြစ်၏။ ငါပြန်ရောက်လာသည်အထိ ငါ၏စိတ်သည် သင်တို့၏ အပါးတွင် ရှိနေချေမည်။ ငါသည်သင်တို့ထံသို့ မလွဲဧကန်ုပြန်လာခဲ့ပါမည်ဟု ငါ၏မိခင်ဖခင် နှစ်ပါး တို့အားတိုင်တည်၍ ကတိသစ္စာပြုပါ၏။
ဘာဘာ .... ဘာဘာ .... သခင်သည်ကျွန်ုပ်တို့၏ဖခင်ကြီးပင်ဖြစ်ပါ၏။

မာတာဘာလီအကျဉ်းသားများက ဟစ်အော်ပြောကြလေသည်။
တွန်ဂါတာကစကားဆက်ပြောလေသည်။
အို...အချင်းတို့ ယုတ်ညံ့သောရှိုနာသတ္တ၀ါတို့သည် မကြာမီရောက်လာကြပေတော့မည်။ ထို့ကြောင့် သင်တို့သည် ဆောလျင်စွာတောတွင်းသို့ဝင်၍ လုံခြုံစွာပုန်းအောင်းနေကြရမည် ဖြစ်သည်။ သင်တို့နှင့် အတူ ရနိုင်သမျှ လက်နက်နှင့် စားနပ်ရိက္ခာများကိုလည်း ယူဆောင်ကြပါကုန်လော့’’
ဤတွင် တွန်ဂါတာ သည် ပြောက်ကျားခေါင်းဆောင် ရဲဘော်လွတ်ကောက်နှင့်အပေါင်းအပါ လူတစ်စုကို ညွှန်ပြရင်း ဆက်ပြောလုက်သည်။

ထိုလူကသင်တို့အား လုံခြုံစိတ်ချရသည့်နေရာသို့ ရှေ့ဆောင်လမ်းပြခေါ်သွားမည်ဖြစ်သည်။ ထိုနေရာ တွင် သင်တို့သည် ငါပြန်လာသည်အထိ စောင့်နေကြရမည်။ ငါသည်မကြာမီ အင်အားအပြည့်အ၀နှင့် ပြန်လာပြီး သင်တို့အား သင်တို့ တရားသဖြင့် ပိုင်ဆိုင်ထိုက်သည်တို့ကို ပြန်ရအောင် ဖန်တီးပေးမည ဖြစ်သည်။

တွန်ဂါတာပြောပုံမှာ တကယ်ပင်လှိုက်လှိုက်လှဲလှဲ ပြောပုံမျိုးဖြစ်၍ မာတာဘယ်လီတိုင်းရင်းသား အကျည်း သားတို့ သည် အထူးပင်စိတ်လှုပ်ရှားသွားကြပုံရလေသည်။ သူတို့သည် တွန်ဂါတာအနီးသို့ ချဉ်းကပ်လာ ကြရာ အချို့မှာစိတ်ထိခိုက်လှုပ်ရှားလွန်း၍ မျက်ရည်များပင်ကျလျက်ရှိကြသည်။ ထို့နောက်သူတို့သည် တဖြည်းဖြည်း အုပ်စုလိုက် စတင်ထွက်သွားကြလေသည်။
နောက်ဆုံးထွက်ခွာသူကား ပြောက်ကျားခေါင်းဆောင် ရဲဘော်လွတ်ကောက်ပင်ဖြစ်သည်။ သူသည် ခရိတ် ရှိရာ သို့ လျှောက်လာပြီးပြုံး၍နှုတ်ဆက်လေသည်။

အို...အသင်ကူဖီလာ၊ သင်သည်ယခုတိုက်ပွဲတွင် ရှေ့ဆုံးမှရွပ်ရွပ်ချွံ့ချွံ ပါဝင်တုက်ခိုက်ခဲ့ပါ။ သို့ဖြစ်လင့် ကစား သင်သည် ရှိုနာလူမျိုးတစ်ယောက်တလေမှ မသတ်ဖြတ်ခဲ့။ ဤနေရာတွင်သာမက ချောင်းကူး တံတား တိုက်ပွဲ တွင်လည်း သင်သည် ရှိုနာစစ်သားများအား မသတ်ဖြတ်ခဲ့ကြောင်း ငါတို့သတိပြုမိပါ၏။ အဘယ့်ကြောင့်ပါနည်း အသင် ကူဖီလာ’’
သတ်ဖြတ်ခြင်းအလုပ်ကို ကျွန်ုပ်က သင်တို့တာဝန်အဖြစ်ထားလိုက်သောကြောင့်ပင်ဖြစ်ပါ၏။ ဤအလုပ်မျိုး တွင် သင်တို့သည် ကျွန်ုပ်ထက်ပို၍ ကျွမ်းကျင်ကြသည်မဟုတ်ပါလော။
ခရိတ်က စိတ်ကူးရသလိုပြန်ဖြေလိုက်သည်။

အို....အသင် ကူဖီလာစာအုပ်များကိုရေးသားသူ အသင်သည် လူထူးဆန်းတစ်ယောက်ပင် ဖြစ်ချေသည် ကား။ သို့ရာတွင် ငါတို့သည် သင့်အား အထူးပင်ကျေးဇူးတင်ရှိကြပါကုန်။ ငါသည်အသက်ရှည်စွာနေရပါက ငါ၏သားမြေးတို့အား ယခု သင်နှင့်အတူ တိုက်ခိုက်ခဲ့ကြသော တိုက်ပွဲအကြောင်းဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောပြပါအံ့။
အို ... အသင် ရဲဘော်လွတ်ကောက်၊ ကျွန်ုပ်သင့်အားလှိုက်လှဲစွာနုတ်ဆက်ပါ၏။

ပြောရင်းခရိတ်သည်ရဲဘော်လွတ်ကောက်အား လက်ဆွဲနုတ်ဆက်လိုက်သည်။
ထို့နောက် ရဲဘော်လွတ်ကောက်သည် သူ၏ရိုင်ဖယ်သေနတ်ကိုကိုင်လျက် ထွက်ခွာသွားလေသည်။ မကြာမီ သူသည် ည၏အမှောင်အတွင်းသို့ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင်ခရိတ်၊ တွန်ဂါတာနှင့် ဆာရာတို့သုံးဦးသာကျန်ရစ်သောအခါ ခရိတ်ကစဆင်၍ စကား ပြောလေ သည်။

သူငယ်ချင်းတွန်ဂါတာ၊ ရှိုနာရေဒီယိုအော်ပရေတာက သူတို့ဌာနချုပ်ကို ဆက်သွယ်သတင်းပို့ကာ သူငယ်ချင်း ကြားလိုက် ရတယ်မဟုတ်လား။ အခုလောက်ဆိုရင် ဖွန်ဂါဘီရာက စစ်ကူတပ်တွေလွှတ်လိုက်ပြီး ဖြစ်နေ ရောမယ်။ ဒီနေရာနဲ့ဟာရာရေ မြို့တော်အကြားမှာ ရှိုနာစစ်တပ်တွေရှိသလား။
ခရိတ်က မေးလိုက်လျှင် တွန်ဂါတာကခေါင်းခါပြလေသည်။

တပ်တွေရှိမယ်မထင်ဘူး။ ကာရိုအီအရပ်မှာ စစ်သားနည်းနည်းပါးပါးတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အလုံး အရင်းနဲ့ တိုက်ခိုက်နိုင်တဲ့အင်အားမရှိပါဘူး’’
ကောင်းပြီ ဒီလိုဆိုစစ်ကူတပ်လွှတ်ဖို့အတွက် လူစုတာကတစ်နာရီလောက်ကြာမယ်ထားလိုက်၊ လူစုလို့ ပြီးရင်တော့ ဒီနေရာကိုလာဖို့အတွက် နောက်ထပ်အချိန်ငါးနာရီလောက်ကြာမယ်။ တူတီမစ်ရှင်ရှိရာကို လာဖို့ရာ အဲဒီလောက်တော့ကြာလိမ့်မယ်’’

ပြောရင်းနှင့်ခရိတ်ကတွန်ဂါတာအား လှမ်းကြည့်လိုက်သည်။
တွန်ဂါတာကလည်း ထောက်ခံအတည်ပြုသလို ခေါင်းညိတ်ပြလေသည်။
ဒီတော့သူတို့ဟာ တူတီမစ်ရှင်ကို ခြောက်နာရီလောက်မှ ၀င်တိုက်ကြလိမ့်မယ်။ ဆယ်လီကတော့ ငါးနာရီ လောက်ဆိုရင် လေယာဉ်နဲ့ကောင်းကင်မှာ ရှိနေလိမ့်မယ်။ ဒါကြောင့်ကျုပ်တို့အဖို့ အချိန်ကို လုပြီး သွားမှ ဖြစ်မယ်။ ကဲ .... လာ သွားကြစို့။

ထို့နောက် ကျန်နှစ်ယောက်က ကားပေါ်တတ်ကျစဉ် ခရိတ်သည် စခန်းဝင်းကြီးအား နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်လေသည်။
မီးတောက် မီးလျှံများသည် မီးညွှန့်ကျိုးကာ ငြိမ်းစပြုနေပြီဖြစ်သည်။ သို့သော်အဆောက်အအုံများတွင် မီးခိုး တလူလူ ထွက်လျက်ပင်ရှိသေးသည်။ စခန်းဝင်းနေရာအနှံ့အပြားတွင် ရှိုနာစစ်သား အလောင်းများ ပြန့်ကျဲ လျက် ရှိနေလေသည်။

ရှုခင်းတစ်ခုလုံးမှာ လျှပ်စစ်မီးမောင်းကြီးများကြောင့်ဝင်းထိန်နေလေသည်။
ဟာ .... မီးတွေငြိမ်းပစ်လိုက်ဦးမှပဲ’’
ခရိတ်သည်ပါးစပ်မှရေရွတ်လိုက်ချိန်တွင် တစ်စုံတစ်ခုကိုစဉ်းစားမိပြီး စိတ်ထဲဘ၀င်မကျဖြစ်မိလေသည်။ လျှပ်စစ် အင်ဂျင် စက်နှင့် ပတ်သက်၍ဖြစ်သည်။ အင်ဂျင်စက်အကြောင်းစဉ်းစားရန်လိုပေသည်။
ဟာ...ဟုတ်ပြီ၊ လျှပ်စစ်အင်ဂျင်မီးစက်ရှိသားပဲ။ စောစောကဘာကြောင့်အစဉ်းစားမိပါလိမ့်။ ကဲ... သူငယ်ချင်း၊ လာ...သွားကြမယ်’’

ပြောပြောဆိုဆို ခရိတ်သည် ကားပေါ်ခုန်တတ်လိုက်ပြီး လျှပ်စစ်အင်ဂျင်စက်ရှိရာသို့ အလျင်အမြန် သွားကြ လေသည်။
လျှပ်စစ် အင်ဂျင်စက်မှာ လစ္စတာအမျိုးအစားနှစ်တယ့်ငါးကီလိုဝပ်အင်အားရှိသော စက်မျိုးဖြစ်လေသည်။ ခရိတ် သည် ထိုအင်ဂျင်၏လောင်စာဆီတိုင်ကီရှိရာသို့ သွား၍အသာလက်ဖြင့်ခေါက်ကြည့်လိုက်သည်။

ထို့နောက် သူသည် ကျေနပ်အားရဟန်ဖြင့်သက်ပြင်းချလိုက်ပြီးနောက် -
စောစောကကျုပ်တို့ မစဉ်းစားမိခဲ့ဘူးဗျ။  ဆီတိုင်ကီမှာ လောင်စာဆီအနည်းဆုံးဂါလန်လေးဆယ်ရှိတယ်။ ဟန်ကျတာပဲ ဟုပြောလိုက်သည်။
လမ်းက မြွေကြီးတစ်ကောင်သွားသလိုကွေ့ကောက်လျက်ရှိရာ သူတို့သည်စစ်ကားကြီးကို သတိထား၍ မောင်းသွား ကြရလေသည်။ ကားမောင်းသူခရိတ်သည် စတီယာရင်အပိုင်းကို လက်နှစ်ဖက်စလုံးဖြင့် ခိုင်မြဲစွာ ကိုင်လျက်မောင်းရလေသည်။

လမ်းဘေး၌တောင်ကမ်းပါးယံများရှိ၍လည်း သတိထားမောင်းရလေရာ မြန်မြန်မမောင်းနိုင်ဘဲ ဖြည်းဖြည်း မှန်မှန်ပင်သွားကြရလေသည်။ တစ်ဖန်ကုန်းဆင်းသို့ရောက်၍ လမ်းကဆင်ခြေလျှောဖြစ်နေပြန်သဖြင့် အရှိန် ပြင်းလွန်းစွာဖြင့် မသွားအောင်လည်း ထိန်းမောင်းသွားရသည်။
သစ်သားတံတားတစ်ခုသို့ရောက်လျှင် ခရိတ်က- အချိန်ဘယ်လောက်ရှိပြီလဲ ’’ ဟုမေးလိုက်သည်။

ဆာရာသည် လက်ပတ်နာရီကိုကြည့်လိုက်ပြီးနောက်
လေးနာရီ နဲ့ ငါးဆယ့်သုံးမိနစ် ’’ ဟုပြန်ပြောလိုက်သည်။
ခရိတ် သည် ကားရှေ့သို့ အာရုံစိုက်ကြည့်ရင်းဆက်မောင်းသွားလေသည်။

လမ်း၏ ဆင်ခြေလျှောနေရာမှတစ်ဖန် ပြန်တတ်ကြရသောအခါ ခရိတ်သည်ကားထဲရှိ ရေဒီယို ဆက်သွယ် ရေး စက်မှ ခလုပ်ကိုဖွင့်လိုက်သည်။ ရေဒီယိုဆက်သွယ်သတင်းပို့သံများကို အသံလှိုင်းအမျိုးမျိုး လှည့်ဖမ်း ၍ နားထောင်ကြည့်လိုက်လေသည်။ သို့သော် စစ်တပ်များ၏ ဆက်သွယ်သတင်းပို့ချက် တစ်စုံ တစ်ရာ မကြားရချေ။

ဆက်ရန်
.

1 comment:

Anonymous said...

ဗုံလုံအလှည့်ပြီးတော့ ငါးပျံအလှည့်ရောက်လာပီ..။

တော်သေးတယ်.