Sunday, October 17, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၇)

တတိယထပ် ဘယ်ဘက်ခြမ်းအောက်လွှာ

ဖိုးဘတင် အိပ်ရာက နိုးလာတော့ တစ်ခန်းလုံး ငြိမ်သက် တိတ်ဆိတ်နေတုန်းပဲ။
အလို ... အိပ်ပျော်နေကြတုန်းပါလား။ ဘေးနား မလှမ်းမကမ်းက သာလုပ်တဲ့သူရဲ့ အသက်ရှူသံ ပြင်းပြင်းကို ထုံးစံ အတိုင်း ကြားရတယ်။
ဖိုးဘတင် နိုးနေကျအချိန်က လေးနာရီခွဲ။ တစ်မိနစ်မစွန်စေရဘူး။ တစ်စက္ကန့် မစွန်းစေရဘူး။ နှစ်ပေါင်း များစွာ နိုးလာတဲ့ ကိုယ့်မျက်လုံး အကျင့် ကိုယ်သိတာပေါ့။
သူတို့တွေ (ချွေးမနဲ့ မြေး အမြွာမ နှစ်ယောက်) အိပ်ရာကထတဲ့ အချိန်က လေးနာရီ။ ဖိုးဘတင်က လေးနာရီခွဲ။ သားနဲ့ မြေးအကြီးကောင်က ငါးနာရီခွဲ။ ဒါပုံမှန်ပဲ။

ပုံမမှန်ရင် အချိန် ကမောက်ကမ ဖြစ် ပြီး အကုန် ဒုက္ခ ရောက်တာပဲလို့ တဖွဖွ သူတု့ ပြောတတ်ပြီး ခုတော့  ဘယ်လို ဖြစ်ပါလိမ့်။ အဲ ... ဘာပဲဖြစ်ဖြစ် ဖိုးဘတင် နှိုးမှပဲ။ သူတို့ အပြောနဲ့ဆို နာရီဝက်ကြီးများတောင် အချိန်လျော့ သွားပြီ လေ။
သောက်ကျိုးနည်း ... အချိန်၊ အချိန်နဲ့ ပျာယာခတ်ပြီး တစ်စက်ကလေးမှ အေးအေးဆေးဆေး မရှိရ ပါဘူးဗျာ။ ဖိုးဘတင် အလိုသာ ဆိုရင်တော့ အိပ်ကြစမ်း မြေးမကလေးတွေ (သင်းတို့အဖေ ငယ်ငယ် တုန်းကလိုလေ) ခုနှစ်နာရီ လောက်မှ ထကြ။ သနားပါတယ် မြေကလေးတွေ၊ စားကောင်း၊ အိပ်ကောင်တဲ့ အရွယ်လေးတွေ။
သြော် ...  ဒါပေမယ့် သင်းတို့ ကြီးပြင်းရတာက အချိန်မလောက်မင ဖြစ်နေတဲ့ ရန်ကုန်။

သင်းတို့အဖေ ကြီးပြင်းရတာက အချိန်တွေ ပေါလွန်းလို့ ပိုလျှံထွက်နေတဲ့ အညာဒေသ တောမြို့ လေးတစ်မြို့။ ကွာပေတယ်လေ။
"ကြည်ပြာ ... ဖြူပြာ၊ မြေးတို့ ... ထကြတော့လေ"
ဖိုးဘတင် အိပ်ရာကနေ ထပြီး သားမိသုံးယောက် အိပ်တဲ့ အိပ်ခန်းနံရံကို အသာပုတ်လိုက်တယ်။ မြေးလေး တွေ မနှိုးဘူး။
"ဖြူပြာ ... ကြည်ပြာ၊ ဖြူပြာ"
"အင် ... ရှင် ... အဖေလား"

မြေးမနှစ်ယောက်က မနိုးဘဲ ချွေးမအသံ ပေါ်လာတယ်။ ပေါ်လာတာနဲ့ အရေးတကြီး လူးလဲထပြီး တော့ တစ်ဆက် တည်း အလျင်စလို နိုင်လှတဲ့ သြဇာသံ စူးစူးကို ကြားရတော့တယ်။
"ဟဲ့ ... မီးငယ်တို့၊ ထကြတော့လေ၊ ဘိုးဘိုးတောင် နိုးပြီး ဒါဆို လေးနာရီခွဲပြီးပြီ၊ မေကြီးနဲ့ ဒီနေ့ ခုနှစ်နာရီ သွားရမယ် လို့ ပြောထားသားနဲ့"
"အင်းပါ မေကြီးကလဲ"
"မေကြီး က မလဲနဲ့၊ လုပ်စမ်း ... လုပ်စမ်း၊ ထကြ ... "

"အိပ်ခန်းထဲမှာ ချွေးမ ပျာယာခတ်နေတဲ့အချိန် ဖိုးဘတင် ကပျာကယာ နောက်ဖေးပြေးခဲ့တယ်။ အိမ်သာဝင် အကျင့် ကို နေ့လယ် ရွှေ့လိုက်ရပြီ) တယ်။ ဧည့်ခန်းထဲက ဘုရားစင်ရှေ့ သူ့အိပ်ရာပေါ် ပြန်ရောက် တယ် နဲ့ ဖိုးဘတင်ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားပြီ။ သြော် ... အလျင်ဆို ဒီလို အချိန်ဟာ ဖိုးဘတင် လမ်းလျှောက် ထွက် တဲ့ အချိန်ပေါ့။

နံနက်ခင်း လေးကလေးကလည်း လတ်ဆတ်လို့၊ အေးမြလို့။ လူကို နုပျိုစေလို့။ စိမ်းစိုစို သစ်ပင် တွေနဲ့ မြို့ပြင် လမ်းမကြီး ကလည်း တိတ်ဆိတ်ငြိမ်သက်လို့။ လျှောက်ပါလေ့၊ လွတ်လွတ်လပ်လပ် လျှောက်ပါလေ့။ တစ်နာရီ လျှောက်ပြီးမှ ဖိုးဘတင် မြို့ထဲ ပြန်ဝင်၊ ဈေးဝင်ပြီး အဘိုးကြီး အဘွား ကြီး နှစ်ယောက်စာ ဈေးဝယ်၊ ပြီးတော့ ဈေးလွယ်အိတ်လေး ဆွဲပြီး ပြန်လာခဲ့။ ဟော ... အပြန်ကျ အဘွားကြီးက လက်ဖက်ရည်ကြမ်းနဲ့ ပဲပြုတ် ဆီဆမ်း အဆင်သင့်။ ဖိုးဘတင် ဈေးအထွက်က ၀ယ် လာတဲ့ မုန့်ပျားသလက် အဖြူချိုးကြွပ်ကြွပ် ပူပူလေး တွေနဲ့ လိုက်ဖက်ညီလို့။ ဖိုးဘတင် တစ်သက် မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ နံနက် လက်ဖက်ရည်ဝိုင်း။ ခုတော့ ... အဘွားကြီးလဲ မရှိရှာ တော့ပြီ။ ဇာတိမြေကိုလည်း ထားခဲ့ရပြီ။ ဖိုးဘတင်ရဲ့ လမ်းလျှောက်ခွင့် လည်း ဆုံးရှုံးခဲ့ပြီ။ ဖိုးဘတင် နံနက်စောစော လမ်းလျှောက်ထွက်မှာကို သားတွေ၊ ချွေးမ တွေ၊ မြေးတွေက စိုးရိမ်ကြသတဲ့။ လမ်းမလျှောက်ရတဲ့။

ဒီတော့ အလျင်က လမ်းလျှောက်တဲ့အချိန်မှာ ဖိုးဘတင် ဘာလုပ်မလဲ။ ဘုရားရှိခိုး။ ဘုရားရှိခို တိုလို့ မြန်မြန် ပြီးသွားရင် လဲ ဘာမှ လုပ်စရာ မရှိတော့ အကြာကြီးရှိခိုး၊ မေတ္တာပို့၊ အမျှဝေ၊ ပုတီးစိပ်။ နံနက် လက်ဖက်ရည်ဝိုင်း အဆင်သင့် မဖြစ်မချင်း။ ဥပသကာ လုပ်ပေရော့။
"ဖြူပြာ ထမင်းအိုး ပလပ်ထိုးလေ၊ ကြည်ပြာ အိမ်သာထဲမှာ သိပ်မကြာနဲ့ သမီးငယ်"
"ဖြူပြာ ညက အိပ်ချင်လို့ ဆန်ထည့်ထားဖို့ မေ့သွားတယ် မေကြီးရဲ့"

"အယ် ... ကောင်းတယ်၊ ကောင်းတယ်၊ မီးငယ်ရေ ... ဒီအသက်အရွယ်လေးနဲ့ တမေ့တည်းမေ့ ...၊ ကြာရင် ကိုယ့် ကိုပါ မေ့ဦးမယ်၊ မြန်မြန်ဆေး၊ သွက်သွက်လုပ်"
နံနက်ကျရင် အချိန်မကုန်ရအောင်၊ ဆန်ကို ရေဆေးပြီး ညကတည်းက လျှပ်စစ်ထမင်းအိုးထဲ ထည့်ထားတဲ့ အကျင့်ကို ဖိုးဘတင် ကြုံဖူးရပြီ။ ဖိုးဘတင်ရဲ့ အဘွားကြီးကတော့ ချက်ခါနီးတောင် ဆန်ကို ကြာကြာ ရေစိမ် မထား။ ရေစော်နံသတဲ့။ လတ်လတ်ဆတ်ဆတ် ထမင်းနံ့ မရဘူးတဲ့။ အင်း ... နေရာတကာ လတ်လတ် ဆတ်ဆတ် စကားပြောတဲ့ အဘွားကြီး ရန်ကုန်မြို့မှာ များများ မဟုတ် ဘူး။ ဆယ်ရက်လောက် နေကြည့် စေချင်တယ်။ မလတ်ဆတ်မှုမျိုးစုံကို တွေ့သွားစေရမယ်။ ကျောင်းအစ်မကြီးရေ့ ...။ အသားမလတ်၊ ငါးမလတ်၊ အသီးမလတ်၊ အရွက်မလတ်။ စုံလို့၊ စုံလို့။ မလတ်တာတွေ အများကြီးစုံလို့ ...။

ကြည်ပြာ ပြီးပြီလား သမီး၊ ဘာ ရှုံ့မဲ့နေတာလဲ၊ ၀မ်းပျက်ပြန်ပြီလား၊ ဟုတ်လား ခက်တယ်၊ သမီး ရေခဲထုပ် တွေ စားလို့နေမှာပေါ့၊ သွား၊ ၀မ်းပိတ်ဆေး သောက်ချေး၊ ဆေးသောက်ပြီးရင် မုန့်လာဥ လှီး၊ ဖြူပြာက ထမင်းအိုးပြီးရင် ငရုတ်သီးထောင်း၊ ကြက်သွန်နီနှစ်လုံးနဲ့ ကြက်သွန်ဖြူနှစ်လုံးပါ အောင် ထည့်ထောင်းထား၊ ၀က်သားလုံး ထားတာ ပြန်ချက်ရအောင်၊ မေကြီး အိမ်သာ ၀င်လိုက်ဦး မယ်နော်၊ မန်ကျည်းမှည့်လဲ စိမ်ထား လိုက်ဦး"

"အရဟ" ပုတီးလုံးလေးတွေကို တချောက်ချောက်ချရင်း ဖိုးဘတင်ရဲ့ မှိတ်ထားတဲ့ မျက်စိထဲမှာ မနေညနေက သူချွေးမ ဈေးဝယ်အိတ်မှာ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ မုန်လာဥနွမ်းနွမ်း၊ မုန်လာရွက် ၀ါဝါ တွေကို မြင်နေရတယ်။ အဲဒါကို မန်ကျည်းမှည့်နဲ့ ချဉ်ရည်ချက်လိမ့်မယ်နဲ့တူတယ်။ မန်ကျည်းမှည့် ကတော့ သုံးလည်းသုံးတဲ့အရပ်။ တကဲဗျာ ...။ ဘာဟင်းချက်ချက် မန်ကျည်းမှည့် အနှစ်လေး ထည့်ချင် ကြတယ်။ အညာမှာ ခရမ်းချဉ်သီးကို ဟင်းအိုးတိုင်း ထည့်သလို နေမှာပလေ။ ဒီကတော့ ခရမ်းချဉ်သီးအစား မန်ကျည်းမှည့် ပေါ့။ ဒါပေမယ့် ခရမ်းချဉ်သီးထည့်သလို စားမကောင်း တာက ခက်လှတယ်။ ဖိုးဘတင် မကြိုက်ဆုံး ကတော့ ချဉ်ရည်ချဉ်ဖတ်ကို မန်ကျည်းမှန့်နဲ့ ချဉ်တာပဲ။ အညာမှာတော့ မန်ကျည်းသီးစိမ်း ရင့်ရင့်ကြီး ကိုဖြတ်ပြီး အဲ့ဒီမန်ကျည်းရည်နဲ့မှချက်တာ။ မွှေးနေ တာပဲ။ခရမ်းချည်သီးကနိုင်နိုင်၊ နံနံင်နိုင်နိုင် နဲ့သီးစုံချည်ရည် များဆို တယ်စားလို့ကောင်း။ ခုလို ဆောင်းတွင်းဆို အညာမှာ သီးစုံချည်ရည် အလွန် ချက်ပေါ့။

ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ပဲသီးတောင့်၊ ဂျူးမြစ်၊ ပဲစောင်းလျား၊ ပဲပုစွန်သီး၊ ရုံးပတီသီး။ အဲ့ဒါတွေကို ငါးပိနဲ့ပုစွန်ခြောက်နဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချည်သီးများများထည့်လုံး။ ပြီးတော့မှပြုတ် ပြီး ရေ၀င် ထားတဲ့မန်ကျည်းစိမ်းရည်ထည့်။ ပွက်ပွက်ဆူတော့ နံနံပင်တွေအများကြီးခတ်။ သိပ် ကောင်းတာ ပေါ့။ သြော်... ဟိုမှာတော့ခုလို ဆောင်းဆိုအသီးအနှံအလဲ ပေါသလေ။ အသီးအနှံပေါ တဲ့အချိန်မို့ သီးစုံ ချည်ရည် ဆိုတာ ချက်စားကြတာကိုး။ ဒီမှာတော့ ဘယ်ရာသီမဆိုရှားချည်းနေ တော့ အညာသီးစုံ ချည်ရည် တစ်ခွက်ချက်လိုက်ရင် ကျန်တဲ့ဟင်း ဘာမှချက်လို့ရမှာ မဟုတ်တော့ ဘူး။ ဟိုမှာ ကတော့သီးစုံချည်ရည်ချက်တဲ့ နေ့ဆို လိုက်ဖက်ညီအောင် ၀က်သားဟင်း၊ ငရုပ်သီး ထောင်း၊ ငံပြာရည်ဖျော် နဲ့ ပဲကြီးအိုးကပ် တွေဘာတွေ ချက်လိုက်သေးတာ။ ခုလို ဆောင်းတွင်း ဖိုးဘတင်အကြိုက် အမယ်ကြီး အလွန်ချက်ပေါ့။ အမယ်ကြီးရေ၊ မင်းရဲ့သီးစုံချည်ရည်မျိုး ငါမသေခင် တစ်ခါလောက် စား သွားချင် စမ်းတယ်ကွယ်။

ဓားသွားပေါ် ပျားရည်စက်ကို ခုံမင်တယ်.... အို... ဟို...ဟို....အို....’
ကြည်ပြာ လား၊ ဖြူပြာလား ဖိုးဘတင်ခွဲခြားလို့မရတဲ့ အသံလေးတစ်သံက ဖိုးဘတင်နားမလည်တဲ့ စတီရီယိုသီချင်းကို ဆိုနေပြန်ပြီ။ အသံတင် မဟုတ်ဘူး။ မြေး အမြွာမနှစ်ယောက်ရဲ့ရုက်ကိုပါ ဘယ်သူ ကြည်ပြာ၊ ဘယ်သူ ဖြူပြာရယ်လို့ ဖိုးဘတင်မခွဲခြားနိုင်ပါဘူး။ သူတို့ကတော့ပြောပါရဲ့။ မျက်နှာနဲနဲဝိုင်းပြီး သွားလေး မဆိုသလောက် ခေါတာက ဖြူပြာတဲ့။ သူကအကြီး။ အငယ်မကြည်ပြာ ထက်ငါးမိနစ်ကြီးတာလေ။ ဖြူပြာက ဆယ်ရှစ်နှစ် ငါးမိနှစ်၊ ကြည်ပြာက ဆယ့်ရှစ်နှစ်ပေါ့။ အငယ်မ ကြည်ပြာက မျက်နှာ ရှည်သွယ်သွယ်လေး နဲ့ ငယ်ငယ်ကရတဲ့ဒဏ်ရာအမာရွတ်လေး မေးစေ့မှာရှိသတဲ့။ သူတို့ ဘယ်လို ပြောပြော ဖိုးဘတင်မျက်လုံးထဲမှာတော့ အတူတူပဲ ဒီကြားထဲအမြွာနှစ် ကောင်က အမြဲတမ်း အင်္ကျီ ဆင်တူ၊ လုံချည်ဆင်တူ၊ ဖိနပ်ဆင်တူ၊ဆံပင်ပုံစံလဲဆင်တူဆိုတော့ပိုဆိုး တာပေါ့။ အသက်ခုနှစ်ဆယ့်ငါးပေမယ် ဖိုးဘတင် မျက်စိဒါလောက် မှုန်သေးတာမှ မဟုတ်တာ၊ သားနဲ့ချွေးမလိုတောင် မျက်မှန်မှမတပ်ရသေးတာ။

ဖြူပြာ ... ငါမုတ်ဆာလာပြီဟယ်၊ မုတ်ဟင်းခါးစားရရင်ကောင်းမှာပဲ’
ဟာ... နင်ဝမ်းပျက်နေတယ်ဆိုတယ်ဆိုပြီး ဘယ်ဖြစ်မှလဲ၊ ပြီးတော့မှထမင်းကြော်စားပေါ့၊ အဲ့ဒီမှာ ကြက်သွန်နှစ်လုံးသင်လိုက်စမ်းပါ။
ဘယ်လိုအသံထွက်တွေလဲ မသိပါဘူး။ ရန်ကုန်လေ၀ဲဝဲနဲ့ထွက်တဲ့ အသံထွက်။ ခေါ်တဲ့အခ်ါအဝေါ် တွေကို ဖိုးဘတင် တစ်မျိုးကြီးခံစားရတယ်။ မုန့်ကို မုတ်တဲ့၊ မှုန့်ကိုလည်း မှုတ်တဲ့၊ မြင့် ကို မြစ်တဲ့ စ နဲ့ဆ ကိုလည်း မကွဲကြဘူး။ မုန်းစားမယ်ဆို မုတ်ဆားမယ်၊ အချိုမှုန့်ဆို အချိုမှုတ် ကြည့်ပါလား၊ ကြက်သွန်ကို တစ်ဥ၊နှစ်ဥ မခေါ်ဘူး။ တစ်လုံး၊ နှစ်လုံးတဲ့။ မုန့်ဟင်းခါးကိုစားတယ်တဲ့။ ဖိုးဘတင် မုန့်ဟင်းခါးသောက်မယ်ပြောတိုင်း သူတို့မယ် ရယ်ရတာအမော။ အညာသားစစ်စစ်သားလုပ်တဲ့ ကောင်တောင် အခေါ် အဝေါ်တွေ ကပြား ဖြစ်ကုန်ပြီ။ အညာလိုခေါ်လိုက်။ ရန်ကုန်လိုခေါ်လိုက်နဲ့။

မတူတာတွေကတော့ အများကြီးပါ။ ဘော့လုံး ကို သူတို့က ဘောလုံး တဲ့။ ထိုရကို ပဲပင်ပေါက်တဲ့ ကြာညို့ ကို ပဲငံပြာရည် တဲ့။ ခါကြက်ဥကို မုန်လာဥနီတဲ့။ မုန်လာထုတ်ကို ဂေါ်ဖီထုပ်။ ပန်းမုန်လာကို ပန်းဂေါ်ဖီတဲ့။ လက်ဖက် ရည်ကြမ်း ကို ရေနွေးကြမ်း တဲ့
"မေကြီးရေ ... ပြီးသေးဘူးလား၊ ဖြူပြာ အီအီးပါချင်းလာပြီ"
"အေး အေး ... ခဏ ခဏ၊ ရေနွေးအိုးလဲ ကြည့်ကြဦးနော်၊ ဆူရင် ထုံးစံအတိုင်း လုပ်"
"သိပါတယ် မေကြီးကလဲ၊ ဆူသေးပါဘူး"

ချွေးမခမျာလဲ အထွေထွေ စီမံခန့်ခွဲမှုတွေနဲ့ အိမ်သာ တက်တာတောင် မဖြောင့်ရှာပါလား။ အေး ... မီးဖိုနဲ့ အိမ်သာ ကပ်နေလို့သာပေါ့ကွာ။ ဖိုးဘတင်တို့ အညာမှာလို ဟိုး အိမ်နောက်ဖေး တစ်မျှော် တစ်ခ်ါဆိုရင် ဘယ့်နှယ် လုပ်ပါမလဲ။ ဖိုးဘတင်တို့ကတော့ အိမ်သာနဲ့လူ ဒါလောက် နီးနေလို့တော့ ဘယ်လိုမှ အိမ်သာတက်လို့မရ။ ဘယ်လိုကြိုးစားလို့ကိုမှ မရတာ။ အင်း ... သူ့အရပ်နဲ့ သူ့ဇာတ်ပေ ပဲ။ အညာသာဆို ဒါလောက် လူများလို့ကတော့ နောက်ဖေးမှာ အိမ်သာ နှစ်လုံးဆောက်ပြီ။

"ဖြူပြာ ... လာ၊ ကဲ ... ဟိုမှာ ရေနွေးဆူနေပြီလေ၊ ကြည်ပြာ လုပ်စမ်း၊ ရေနွေးခပ်၊ ပြီးတော့ ကျန်တာနဲ့ ကော်ဖီနှပ်"
"မေကြီး ကလဲ၊ ကြည်ပြာ ဒီမှာ ကြက်သွန် သင်နေတယ် မေကြီးရဲ့"
ပါးစပ် စီမံခန့်ခွဲ မှု သွက်သလောက် လက်မသွက်တဲ့ သူ့အမေနဲ့ သူ့သမီးတွေရဲ့ ပြဿနာက စပြီ။

"ကဲ ... ကဲ အရာရာ ငါပဲ လုပ်မယ်နော်၊ နင်တို့ကို ဖန်ပေါင်းချောင်ထဲမှာထည့် ကိုးကွယ်ထားမယ်၊ မိန်းကလေး တွေရယ် လို့ အိမ်မှုကိစ္စ ဘာမှ မလုပ်ချင်ဘူး၊ ပျင်းနေချင်တာပဲ"
အဲဒါကတော့ မအေတူကိုးဗျ မသင်းသင်းရဲ့။ ဒီမိန်းကလေးနှစ်ယောက်က ခင်ဗျားဗိုက်ထဲက ထွက် တာပဲ။ ခင်ဗျားလို ရှိတော့မပေါ့။ ခင်ဗျားလဲ အလုပ်ကိစ္စ၊ အလုပ်ကိစ္စနဲ့ နေ့တိုင်း အိမ်ပြင် ရမယ် ရှာထွက်နေတာ။ အိမ်မှု ကိစ္စဘယ်မှာ လှည့်ကြည့်လို့တုံး။ ငွေရှာတာတော့ ဟုတ်ပါပြီလေ။ မရှာရဘူး မဆိုပါဘူး။ ဒါပေမယ့် မိန်းမ တစ်ယောက် ဒီလောက် အိုးပစ်အိမ်ပစ် ထွက်တာမျိုးတော့ ကြိုက်ပေါင် ဗျာ။ မပြောသလို့ ကြည့်နေရ တာပ။

"အ၀တ်တွေလဲ အခန်းထဲမှာ တစ်ပုံကြီးပဲ၊ နင်တို့နှစ်ယောက် အ၀တ်က အများဆုံး၊ ဟိုကုလားမ ကလဲ မလာ တစ်ချက်၊ လာတစ်ချက်နဲ့၊ ဒီက လိုရင် မလာဘူး၊ သူတို့ ပိုက်ဆံလိုရင်တော့ လာမယ်"
"သမီး တို့ အ၀တ်တွေတင် မဟုတ်ပါဘူးနော်။ ကိုကြီးဘောင်းဘီတွေ အင်္ကျီတွေကလဲ အများကြီးပါ"
"တွက်မနေနဲ့ ... သွား၊ ပြီးရင် နည်းနည်းဖြစ်ဖြစ် ခွဲလျှော်၊ ဖြူပြာပြီးရင် ညီမနှစ်ယောက် လျှော်ကြ၊ တော်နေ ... ဖေကြီး တို့  ကိုကြီးတို့နဲ့ ရေချိုးခန်း မအားဘဲ နေလိမ့်မယ်"
"ဟာ ... မေကြီးကလဲ၊ ကုလားမ လာမှာပါ။ သမီးတို့က ဒီနေ့ စောစောသွားရမျာ၊ ကုလားမ မလာ လဲ သမီးတို့ နေ့လယ် ပြန်မှ လျှော်မယ်"
"အမယ်လေး ... မမရယ်၊ နေ့လယ်စကားတော့ မပြောပါနဲ့၊ ရှင်တို့ ကွန်ပျူတာတို့၊ ကျူရှင်တို့နဲ့ ဘယ်တုန်းက နေ့လယ် ပြန်ရောက်လို့လဲ"
"ညနေ ... ညနေ၊ သမီးတို့ ညနေကျ လျှော်မယ်။ အဲ ... ဘိုးဘိုးရေ ကုလားမ နေ့လယ်လာရင် ညနေ ဆက်ဆက် ပြန်လာခဲ့လို့ ပြောပေးနော်"

"ဟဲ့ ... ဘိုးဘိုး ပုတီးစိပ်နေတယ်လေ၊ ဘာလို့ အော်နေရတာလဲ"
အမြွာညီအစ်မ လုပ်တတ်တဲ့ ပခုံးတွန့်ပြီး လျှာထုတ်ပြတဲ့ ပြောင်စပ်စပ် အမူအရာကို ဖိုးဘတင် မြင်နေမိတယ်။ ချွေးမက ဒီလို သိတတ်ဖော်တော့ရသား (ရှိစုရှိမဲ့ အမွေအထုပ်လေးကို ထုခွဲပြီး၊ တိုက်ခန်း ၀ယ်ပေးတဲ့ မျက်နှာကြောင့်လား မဆိုနိုင်ဘူး)။ ဖိုးဘတင်ကို ယနေ့ထိတော့ ကြည်ဖြူ လျက်ပဲ။ အဲ နက်ဖြန် သန်ဘက် မပြောနိုင်ဘူးပေါ့လေ။ ဒီအိမ်က ချွေးမက ခေါင်ချုပ်။ သားလုပ်တဲ့ သူက အိမ်ထောင်ဦးစီး အရုပ်။ ဖအေတူ တာပေါ့လေ။ ဦးဘတင်၊ ဒေါ်တုပ်လဲ ဒေါ်တုပ်က အချုပ်ပဲ။ ဦးဘတင်က အရာအရာ မတုပ် သဘော။ အင်း ... သားလုပ်တဲ့ သူကျတော့လဲ အရာရာ မသင်း သဘောပေါ့။ တကယ်တော့ သားဟာ အလွန် အေးအေးဆေးဆေး နေချင်တဲ့ကောင်။ ဘယ်တော့ မှ ပူလောင်မနေဘူး။ အမြဲ ပူလောင်နေတာက ချွေးမ။

"ထမင်းစားပွဲပေါ်မှာ ညက ပန်းကန်တွေ ရှိသေးတယ်။ အုပ်ဆောင်းအောက်မှာ ပန်းကန်တွေ ဆေးလိုက်ဦး၊ ပြီးမှ ရေချိုးကြ၊ ဖြူပြာ လာဦး၊ ထမင်းကြော်ဖို့ ပြင်ထားစမ်း"
ဟောဒီ အိမ်မှာ ညအချိန်မရှိ ထမင်းစားကြတာနဲ့ စားပြီးသား ပန်းကန်တွေ မဆေးဘဲပုံ ပုံထားတာ ဘာအကျင့်လဲကို မသိဘူး။ အေးလေ စည်းကမ်းပဲပေါ့။ ချွေးမ လုပ်သူ သူ့မိဘများနဲ့ နေစဉ်က အစေခံတွေ ဘာတွေ နဲ့ နေခဲ့ရတဲ့ အကျင့်စရိုက်တွေလားလဲ မသိပါဘူး။ ချွေးမ အဖေက ဟိုတုန်း က မြို့ပိုင်မင်းကိုး။ ခြွေရံ သင်းပင်း ရှိမှာပေါ့။ မြို့ပိုင်မင်းပေတဲ့ သားသမီးတွေက များတော့ သြဇာ အာဏာနဲ့ ခြွေရံသင်းပင်းသာ ရှိတာပါ။ စုစုဆောင်းဆောင်း မရှိနိုင်ရှာပါဘူး။ အညာ တောင်သူ တစ်ပိုင်း၊ ပဲကုန်သည် တစ်ပိုင်း ဦးဘတင်၊ ဒေါ်တုပ် လောက်တောင် ရှိရှာတာ မဟုတ်ပါူဘး။ ဦးဘတင်၊ ဒေါ်တုပ်မှာ မြို့ပိုင်မင်း သမက် မောင်ထွန်းနိုင် တစ်ယောက် တည်း မွေးတာကလဲ ပါမှာ ပေါ့လေ။

တစ်ဦးတည်းသော သားလေး ရှားရှားပါးပါး ဆယ်တန်းအောင်တော့ ကောလိပ်ပို့ဟ ပို့ဟပေါ့။ မန္တလေး ကောလိပ်တောင် မနေချင်ဘူးခင်ဗျ။ အင်ဂျင်နီယာ လုပ်ချင်တာ၊ ရန်ကုန် ကောလိပ်မှဆိုလို့ ပို့-ပို့၊ နေ-နေ နဲ့ ထား။ ဟော စာမေးပွဲကို နှစ်နှစ်ကျရောဗျား။ ကျောင်းမှာ ပျော်လို့တဲ့။ ပျော်မှာပလေ။ ကိုယ့်လူက မြို့ပိုင်မင်း သမီး တွေ့နေမှကိုး။ နှစ်ဆယ့်ခြောက်နှစ်မှာ အင်ဂျင်နီယာ ဘီအက်စ်စီ အောင်တယ်။ ရန်ကုန်က မခွာနိုင် ဖြစ်ပြီး အလုပ်ဝင်တယ်။ အလုပ်ဝင်တော့လဲ ဖအေ မအေတွ အမျိုးတွေမှာ ဂုဏ်ယူရပြန်ရော။ သူ့အလုပ်က မြန်မာ့အသံ မှာလေ။ ရေဒီယိုမှာ အလုပ်လုပ်ရမှာတဲ့ ဆိုပြီး ဂုဏ်ယူတာပေါ့။ ဒါပေမယ့် အသံလွှင့်တဲ့ဘက် မဟုတ်ဘူး ဆိုတော့ စိတ်ပျက်သွားတယ်။ ကိုယ့်သားအသံလေး ရေဒီယို လွှင့်တာကြားရတော့မဟဲ့ဆိုပြီး နေတာကိုး။ ကြာပါဘူး၊ အလုပ်ဝင် ပြီး တစ်နှစ်ကျော်လောက်ကျတော့ မိန်းမတောင်းပေးရတာပါပဲ။ ဦးဘတင်၊ ဒေါ်တုပ်လဲ ရန်ကုန် ရောက်ဖူးသွာတာပေါ့လေ။

မင်္ဂလာဆောင်ကို ဆန်ကဖေးဆိုတာမှာ လုပ်တယ်။ စည်လိုက်တာ။ မြို့ပိုင်မင်းရဲ့ ဂုဏ်သရေရှိ မိတ်ဆွေ တွေလဲ လာကြပေါ့။ အမယ်ကြီးဆို မျက်ရည်ကလည်ကလည်နဲ့ သူ့အညာက အမျိုးတွေ ပြချင်လွန်းလို့တဲ့။ မင်္ဂလာဆောင် ကလဲ စည်ပါတယ်။ ဦးဘတင်၊ ဒေါ်တုပ်လဲ ကုန်ရှာပါတယ်။ ကုန်ပစေပေါ့။ ဒီသား တစ်ယောက် ရှိတာ။ ဒီသားအတွက် ကုန်ဖို့ထားတာပဲ။ အဲဒီကတည်းက ... မင်္ဂလာဆောင်ပြီး ကတည်းက ကုန်တဲ့ အကုန်ဟာ ဘယ်ရပ်တော့လို့တုံး။ မင်္ဂလာဆောင်ပြီး (ဟောဒီ ကမာရွတ်ထဲမှာပဲ ဘယ်နားတော့ မပြောတတ်ဘူး) အိမ်ငှားပေးခဲ့ရတယ်။ သုံးဖို့စွဲဖို့လဲ ပေးခဲ့ရတယ်။

မိန်းကလေးက အလုပ်မရသေးဘူးကိုး။ နောက်တော့ ကျောင်းဆရာမ ၀င်လုပ်တယ်။ (ခုတော့ စိန်ရွှေ၊ ရတနာ ပွဲစားပေါ့။ မိသားစုငါးယောက် လာနှစ်ရပ်နဲ့ မလောက်လို့ အလုပ်က ထွက်သတဲ့)။ သူတို့အညာကို ဆွေပြမျိုးပြလာကြတော့ ချွေးမမှ ပတ္တမြား ရွှေကြုတ်၊ နှုတ်ငုံစ ကလေးနဲ့။ အပြန်မှာလဲ ပေးလိုက်၊ ပေးလိုက်။ ရန်ကုန် ကနေ မှာလဲ ပေးလိုက်၊ ပေးလိုက်နဲ့။ အိမ်ပြောင်းရပြန်ပြီ၊ အိမ်စပေါ်လိုလို့ဆိုတာက ခဏ ခဏ။ ဦးဘတင် လဲ အညာအိမ်ခါးပန်းမှာ ပြောင်းသမျှ လိပ်စာ မြေဖြူနဲ့ မှတ်ရတာလဲ မနည်းတော့ဘူး။

အမယ်ကြီး က တဖျစ်တောက်တောက်။ သူ့သားကို အိမ်လေးတစ်လုံး ၀ယ်ပေးချင်တာ။ အဲလောက် တော့လဲ (ရန်ကုန်မြို့ကြီးမှာ ဆိုတော့) မတတ်နိုင်။ အင်း ... အမယ်ကြီး အမယ်ကြီး၊ သူသေမှပဲ သူ့ဆန္ဒပြည့် တော့ တာကိုး။ အမယ်ကြီးဆုံးတော့ သားနောက် လိုက်လာခဲ့တယ်လေ။ အိမ်ဝိုင်းကိုပါ ရောင်းခဲ့ပြီး သံယောဇဉ် ဖြတ်ခဲ့တယ်။ ဒီကျတော့ အိမ်ဝိုင်းရောင်းရတာရော၊ အဘွားကြီး လက်ဝတ် လက်စားလေး ကျန်တာရော၊ သူတို့ အိမ်စပေါ်တင်ထားတာရော အားလုံးပေါင်းပြီး ရနိုင်တဲ့ အပိုင် လေးတစ်ခု လုပ်ပေးလိုက်တယ်။ အညာမှာ ဆိုရင် ကားတစ်စီး၊ တိုက်တစ်လုံးနဲ့၊ ဇိမ်နဲ့ နေနိုင် လောက်တဲ့ ငွေသုံးသိန်းဟာ ဒီမှာတော့ အုတ်အင်္ဂတေ ဖြစ်ကတတ်ဆန်း နဲ့ ဆောက်ထားတဲ့ တိုက်ခန်းရှည်မျောမျောလေးပဲ ရသတဲ့ဗျို့။ ဒါတောင် သားက အဖအိုကြီးကို ညှာလို့၊ သူတို့ အလိုသာဆို မြင့်လေ ဈေးချိုလေဆိုတဲ့ အမြင့်ဆုံးအခန်းကို ယူမှာ။

"ညှော်တယ်၊ ညှော်တယ်ဟေ့၊ မေကြီးရေ ... ဘာတွေများ ချက်နေတာလဲကွာ"
ဖိုးဘတင် ဘေးနားက သားလုပ်သူရဲ့ အိပ်ရာက နိုးထလာတဲ့အသံ။ ငရုတ်သီး ကြက်သွန်ဆီသတ် နဲ့ စူးစူးက ဧည့်ခန်းထဲ ကို လုံးပြီး ၀င်လာနေတယ်။

ဆက်ရန်
.

1 comment:

မြတ်နိုး said...

အမ..အရမ်းမိုက်တယ်..ဖတ်ရတာ..
သရုပ်ဖော်တွေပီပြင်တယ်နော်..

တင်ပေးလို့ကျေးဇူး