Monday, October 18, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၈)

" အော်မနေနဲ့ ဖေကြီးရေ၊ စားကောင်းချင်ရင် ညှော်ကိုတော့ သည်းခံ ... ဒါပဲ "
သားလုပ်တဲ့သူ ငြိမ်သွားတယ် (မတုပ်အသံကြားလိုက်တဲ့ ကိုဘတင်လိုပဲ။) ဘယ်လိုဟာတွေလဲ မသိ ပါဘူးဗျာ။ လင်မယားချင်းခေါ်တာတဲ့။ ဖေကြီး၊ မေကြီးတဲ့။ အမေတဲ့။ အမေတဲ့။ ဖအေကြီးတဲ့၊ မအေကြီးတဲ့။ အဖေတဲ့၊ အမေတဲ့။ ဖအေကြီးတဲ့၊ မအေကြီးတဲ့၊ နားထဲ အ၀င်ဆိုးလိုက်တာ။ ချွေးမလုပ်တဲ့သူက " အဖေ "ဆိုရင် ဖိုးဘတင်ယောင်ယောင် တူးမိရော။ တော်သေးတယ်၊ ခုချွေးမကမြေးတွေ ခေါ်သလိုဘိုးဘိုးလို့ ပြောင်း ခေါ်လို့ ...။

တစ်ခါတလေ အဖေအမေ မဟုတ်တော့ဘဲ ခုနကလို မေကြီး၊ မေကြီး ခေါ်ကြပြန်တော့လဲ သူတို့နဲ့ သတို့ သားသမိး တွေ ခေါ်တာနဲ့ ရောပြီး နားကို နောက်နေတာပဲ။ ပြီးတော့ အဲဒီဖေကြီး၊ မေကြီး၊ ဖေဖေကြီး၊ မေမေကြီး ဆိုတဲ့ ဒီ၇န်ကုန် ကလေးတွေရဲ့ အဖေ အမေကို ခေါ်ပုံဟာ ဖိုးဘတင်နားထဲတစ်မျိုးကြီး။ အညာ မှာတော့ ဘွားအေကို ခေါ်တာ။ ဖအေ မအေကို ဆိုရင် အဖေ၊ အမေ၊ ဖေဖေ၊ မေမေ ဒီလိုခေါ်ကြတာ။ ဒီမှာ ကျတော့ ဘာကိစ္စ ... နောက်မြီးက "ကြီး"တွေ ပါကုန်ကြတာလဲ ပြောတတ်ပါဘူး။

သားလုပ်တဲ့သူ လူးလဲထသံကြောင့် ဖိုးဘတင် မျက်လုံးဖွင့်ကြည့်လိုက်တယ်။ သားလုပ်တဲ့သူက ဧည့်ခန်း ထောင့်ကပ် ထားတဲ့ တီဗွီခုံပေါ်ကမျက်မှန်ကို ယူတပ်နေတယ်။ ဖိုးဘတင် မျက်လုံးနဲ့များ လဲပေးလို့ရရင် လဲလိုက်ချင် ပါဘိ။ ခုနှစ်ဆယ့်ငါးနှစ်မျက်လုံးနဲ့ အသက် ငါးဆယ်မျက်လုံးကွာလိုက်တာ။

စိပ်ပုတီးကို လက်အုပ်ထဲ ထည့်ချီပြီး ဘုရားကန်တော့ရင်း ဖိုးဘတင ပုတီးပတ်ဖြုတ်လိုက်တယ်။ ဖိုးဘတင် ထပေးရတော့မယ်လေ။ ထုံးစံအတိုင်း သားလုပ်သူက ဖိုးဘတင်နဲ့ သူ့အိပ်ရာကို သိမ်းပြီး ဧည့်ခန်းပစ္စည်းတွေ နေရာပြန်ချ လိမ့်မယ်။ ညအိပ်ခန်းကနေ၊ နေ့ဧည့်ခန်းအဖြစ်အသွင်ပြောင်းလိမ့်မယ်။ ခြေရင်းနံရံမှာ ကပ်ထား တဲ့ ဆက်တီခုံတွေနေရာ ပြန်ချ။ ထောင့်ကပ်ထားတဲ့ ဆီဗွီခုံပြန်ရွှေ့၊ ပန်ကာခုံ ပြန်ရွှေ့ပေါ့။

ဒီလိုမှ မအိပ်လဲ မရဘူးကိုး။ ရှိတဲ့အိပ်ခန်းက တစ်ခန်းတည်း။ ဖအေ၊ မအေနဲ့ သမီးအပျိုမနှစ်ယောက် အိပ်ခန်းထဲ မှာ အကူအိမ်ပြန်လဲမဖြစ်၊ ဧည့်ခန်းမှာ မြေးမနှစ်ယောက်နဲ့ ဘိုးအေ၊ ဒါမှမုတ် မောင်နှမ သုံးယောက် ကျပြန်လဲ မသင့်တော်။ ဒီတော့ ယောက်ျား၊ ယောက်ျားသက်သက်။ မိန်းမ၊ မိန်းမ သတ်သတ်မှ ဖြစ် တော့မယ်။
မိန်းမ သားအမိ သုံးယောက်က အခန်းထဲမှာ အိပ်။ ယောက်ျားသုံးယောက်ကအပြင်မှာအိပ်၊ ဧည့်ခန်းထဲမှာ မြေးအဘိုးသားအဖေသုံးယောက်။ မြေးယောက်ျားလေးက ၀ရန်တာဘက် ထွက်အိပ်တာများတယ်။ ညဥ့်နက် သန်းခေါင်ထိ ဂစ်တာဒေါင်ဒင်ဒေါင်ဒင်လုပ်လို့ရတာကိုး။

အစကတော့ ဧည့်ခန်းမှာအိပ်ဖို့၊ ခေါက်ခုတင် သုံးလုံးဝယ်ကြဦးမလို့။ နောက်တော့ မထူးဘူးဆိုပြီး ဧည့်ခန်း ကို သစ်သားလျှာထိုးခင်းလိုက်တယ်။ အဲဒါက အိပ်တဲ့အခါ ကျယ်ကျယ်လွင့်လွင့် ရှိတယ်။ လူလဲ ပိုဆံ့တယ်။ အားမနာ ရတဲ့ ဆွေမျိုးဧည့်သည်တွေ ဘာတွေလာလဲ ပြောအိပ်လို့ရတာပေါ့။ သူစိမ်းဧည့်သည်ဆိုရင်တော့ မပြော တတ်ဘူး။

ခက်လိုက်တာများနော်။ အညာအိမ်တွေ များတော့လဲ လာစမ်း ဧည့်သည်၊ စိမ်းစိမ်း၊ ကျက်ကျက်၊ သူ့နေရာနဲ့သူ ဘယ်နှစ်ယောက်အိပ်မလဲ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ ဧည့်သည်အတွက် သီးသန့် ထားတာ။ ဧည့်သည်များ လာရင်လဲ ပျော်လို့။ ခဏပဲ လာလာ၊ ညအိပ်ညဥ့်နေပဲလာလာ၊ ဒီမှာတော့ အိမ်သာမှာကို ကြောက် လို့။ ဧည့်သည်က လာလဲခဏ၊ ဒါလဲ အလုပ်ကိစ္စရှိလို့။ သက်သက်အာလာပသလ္လာပ ပြောဖို့ လာတဲ့ ဧည့်သည်မျိုး မဟုတ်ပါဘူး။

ဖိုးဘတင် တို့ အညာမှာတော့ သက်သက်တစ်အိမ်တက်ဆင်း လိုက်လည်ပြီး အာလာပသလ္လာပ ပြောတတ် တဲ့ ဧည့်သည်မျိုးရှိတယ်။ အချိန်တွေ ပိုနေလို့ လျှောက်လည်နေတဲ့ ဧည့်သည်မျိုးကို အချိန်တွေ ပိုနေလို့ ဧည့်သည်မျှော်နေတဲ့ အိမ်ရှင်မျိုးက ကွမ်းဆေးလက်ဖက်နဲ့ကျကျနန ဧည့်ခံလို့။ ထမင်းချိန် ထမင်းလေး စားလိုက် ကြလို့။ ဒီမှာတော့ ထမင်းကျွေိးု့ နေနေသာသာ လက်ဖက်ရည်ကြမ်းတောင် ချပါ ဘူးဗျာ။

သြော် ... ဖိုးဘတင်မှာ အချိန်တွေ ပေါပါရဲ့၊ ဧည့်သည်မျှော်ပါရဲ့ တစ်နေကုန် တစ်ယောက်တည်း တငုတ် တုတ်တုတ် နဲ့ ဧည့်သည် မျှော်ပါရဲ့၊ မျှော်လဲ အပိုပဲလေ။ ဖိုးဘတင်ရဲ့ အချိန်ပို မိတ်ဆွေဧည့်သည်ကြီးတွေက အညာ မှာ ကျန်ရစ်ခဲ့ကြပြီ။ ဖိုးဘတင်ဆီကို မလာနိုင်တော့ပြီ။
" အာကာ ... အာကာ၊ မထသေးဘူးလား၊ ပဲပြုတ်လာတော့မယ်၊ အာကာ "

မအေလုပ်တဲ့သူ ဘယ်လောက် အော်အော်၊ ၀ရန်တာက ကောင်က တုတ်တုတ်မျှ မလှုပ်ဘူး။ ဒီကောင် ညက အကြာကြီး ဒေါင်ဒင်၊ ဒေါင်ဒင် လုပ်နေတာကိုး။ အသက်နှစ်ဆယ်နှစ်ထဲ။ မနှစ်ကမှ ကံကောင်းလို့ ဘွဲ့ ရတဲ့ကောင်။ အလုပ်မရှိတော့ ယောင်ချာချာနဲ့။ ရန်ကုန်မြို့မှာ ရှိသမျှ သင်တန်းမှန်သမျှ ကန်ထရိုက် ဆွဲတတ်နေတော့တာပဲ။ အင်္ဂလိပ် စကားပြောသင်တန်း၊ ဂျပန် စကားပြော သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ ဂစ်တာ သင်တန်း၊ သင်္ဘောသားသင်တန်း၊ စုံလို့စုံလို့။ မိုးလင်းက မိုးချုပ် သင်တန်း တက်တာနဲ့ပဲ အချိန်ကုန် ကော။ အင်း ... ဘာဖြစ်လာမယ်တော့ မပြောတတ်ဘူး။
" ဖေကြီး ရေချိုးပြီးရင်၊ ဖေကြီး သားကို သွားနှိုး၊ ဖြူပြာနဲ့ ကြည်ပြာ အခန်းထဲက မထွက်တော့ဘူးလား၊ လာ ... ကော်ဖီလာဖျော်တော့ ... "

ဖိုးဘတင် ၀ရန်တာဘက် ထွက်ခဲ့တယ်။ စေ့ထားတဲ့ ၀ရန်တာတံခါးကို ဖွင့်လိုက်တယ်။ ၀ရန်တာနဲ့ အပြည့် ထောင်ထား တဲ့ ခြင်ထောင် ဖြူဖြူလေးက တအိအိလှုပ်လို့။ သူ့အဖေလိုပဲ အရပ်ရှည်တဲ့ကောင်ဆိုတော့ ခြေထောက် တစ်ချောင်းက ခြင်ထောင်နဲ့မဆံ့ဘဲ အပြင်ထွက်နေတယ်။
" အာကာ ... နိုးပြီလား၊ ထတော့ လူလေး မင်း အမေအော်နေပြီ၊ ထ ... ထ ... အာကာ"
" အင် ... ဘာလဲအဘိုးရ ... "

" ထတော့၊ လူလေး အမေ အော်နေပြီ၊ ငါ့မြေး သင်တန်းသွားရမှာ မဟုတ်လား "
" အင်း ... ဟုတ်တယ် "
အာကာ လူးလဲထလိုက်တော့ ခြင်ထောင် အမိုးနိမ့်ကို သူ့ခေါင်းကြီးက သွားလိုက်တယ်။ ခြင်ထောင်ကို မ ပြီး အာကာ ထွက်တော့ ဖိုးဘတင် ဧည့ခန်းထဲ ဆုတ်ပေးလိုက်ရတယ်။ ၀ရန်တာနဲ့ ခြင်ထောင်နဲ့ ၊ လူနဲ့က အပြည့် လေ။
" ဟား ... အိပ်မက်ထဲမှာ ဂျပန်ကို ရောက်သွားတယ် "

အားရပါးရ သမ်းရာက ပြောလိုက်တဲ့ မြေးလုပ်သူရဲ့ မျက်နှာက ကျေနပ်နေတယ်။ မျက်လုံးကောင်း မျက်ခုံးကောင်း၊ နှာတံပေါ် မျက်နှာသွယ်လေးဟာ သူ့အဖေ ထွန်းနိုင်မျက်နှာအတိုင်းပဲ။
" ကဲ ... လူလေး ဂျပန်ရောက်သွားတော့ ဘာတွေ တွေ့ခဲ့လဲကွ၊ အဘိုးကို ပြောစမ်းပါဦး "
" ဘာတွေမှန်းလဲ မသိပါဘူး အဘိုးရာ၊ အထူးအဆန်းတွေချညိးပဲ၊ သား တကယ်ထင်နေတာ၊ ပြီးတော့မှ အိပ်မက် ဖြစ်နေရော၊ ယာ ... ယိ"
" ဟော ... ဟော ... ဒါက ဘာတုံး "

ဝရန်တာမှာ ခြေကားရား လက်ကားရားနဲ့ သိုင်းလား ကျိုင်းလား မသိ၊ ဟန်ရေးပြပြီး အိပ်ရာတွေကို ပွေ့ပိုက်လို့ ဧည့်ခန်းထဲ ၀င်သွားတယ်။ ဘိုကေနောက်က သီးခြား ချွန်ထွက်နေတဲ့ ဆံပင် အမြီးရှည်ရှည်လေး တလှုပ်လှုပ်နဲ့။
၀၇န်တာကနေ ဖိုးဘတင်လှမ်းကြည့်တော့ လမ်းသွယ်လေးက မလင်းချင်လင်းချင် ဓာတ်မီးတိုင် တွေအောက် မှာ မှုန်ရီဝိုးဝါး။ နံနက်စောစောမှာတောင်နှင်းမရှိတဲ့ရန်ကုန်ဆောင်းကို ဖိုးဘတင် အံ့သြ မိတယ်။ ဆောင်းကုန်ခါနီးမို့ နှင်းမရှိတာလား။ မဟုတ်ပေါင်ဗျာ။ ဆောင်းစကတည်းက တစ်ခါမှ ဟုတ်တိ ပတ်တိ နှင်းကျတာ မတွေ့ခဲ့ပါဘူး။ ဘယ်လိုဆောင်းတွင်းမျိုးပါလိမ့်။

ဖိုးဘတင်တို့ အညာမှာဆို ဆောင်းကုန်ခါနီးလေ နှင်းတွေဝေလေ။ ဒီလိုနံနက်စောစောဆို နှင်းတွေကို ဝေပြီး ပိတ်နေမှာ။ ထင်းမီးဖိုလေးဘေးမှာ အဘိုးကြီး အဘွားကြီး နှစ်ယောက်ရောက်နေပြီ။ ထင်းမီးဖို ဘေးမှာ လတ်လတ် ဆတ်ဆတ် ပြောင်းဖူးစိမ်း၊ ထန်းပင်မြစ်စည်းကိုချလို့။ မီးကျီးရဲရဲမှာ ပြောင်းဖူးမီးဖုတ်၊ ထန်းပင် မြစ်မီးဖုတ်၊ ပြောင်းဖူးပွင့်သံက တဖြောင်းဖြောင်း။ လမ်းမက တောဈေးလှညးတွေ လာတဲ့ လှည်းဝင်ရိုးသံက တအီအီ နဲ့။ လူကလဲ မီးရှိန်လေးနဲ့နွေးလာပြီး ငိုက်ခနဲဖြစ်သွားတဲ့ အရသာဟာ ဘာနဲ့မှ မတူပါဘူး။ ငိုက်ခနဲဖြစ်လိုက်၊ မျက်လုံးပြန်ဖွင့်လိုက်၊ ပြောင်းဖူးဖုန် ခြွေထားလိုက်၊ လက်ဖက်ရည်ကြမ်းတစ်ကျိုက် ကျိုက်လိုက်နဲ့ အညာဆောင်း ရဲ့ အရသာကို မသေခင်ကတည်းက ဖိုးဘတင်ခွဲခဲ့ရပြီ။

" ဟော ... လာပြီ... ပဲပြုတ်၊ အာကာ၊ နေဦး၊ အိမ်သာနောက်မှဝင်၊ သွား-သွား၊ ရေခလုတ်ကို အလျင် ဖွင့်လိုက်ဦး နော်၊ ညက ပီပါနှစ်လုံးတင်ထားလို့ တော်သေးတယ်၊ သားအဖသုံးယောက် ချိုးတာ တော်တော် လျော့သွားပြီ၊ အင်း ... အပေါ်ကတော့ ဖွင့်ပြီးလောက်ပြီထင်ပါရဲ့ "
" ပြီးပါပြီ မေကြီးကလဲ၊ အလျင်သမီးသွားဖွင့်ရင် ဟို ... အပေါ်က အစ်မလေးပိတ်တဲ့ အချိန်နဲ့အကိုက်ပဲ "
" ဖြူပြာ၊ အဲဒီအစ်မလေးက ဟို ဦးရဲ့ သမီးမဟုတ်လား "
" သိဘူးလေဟာ၊ ဟုတ်မှာပေါ့ "

" ဟင် ရုပ်ချင်းလဲ မတူပါဘူး၊ သူ့အမေလဲ မမြင်ဘူးနော် "
" သြော် ဒီကလေးမတွေ၊ ဘာတွေ လျှောက်ပြောနေတာလဲ၊ သူတို့က လင်မယား၊ အသက်ကွာလို့လေ၊ ကဲ အဲဒါ မီးငယ် တို့နဲ့ မဆိုင်ဘူး၊ ကိုယ်နဲ့ဆိုင်တာ ကိုယ်လုပ်၊ ကော်ဖီဖျော်၊ ကိုကြီး ပဲပြုတ်လာရင် ထမင်းကြော် အိုးထဲထည့် ... "
" ပြီးတော့ ဘိုးဘိုးအတွက် ပဲပြုတ် ခွဲနယ်ပေး၊ အားလုံး စားဖို့ သောက်ဖို့ပြင် "
" သမီးတို့ သိပါတယ်၊ မေကြီးသာ ရေချိုးပါ၊ သွားသွား .... "

ချိုးကြ၊ ချိုးကြ၊ နံနက်လင်းတာနဲ့ ရေချိုးတဲ့ အလုပ်ပဲ လုပ်နေကြ၊ နံနက်လဲချိုး၊ ညလဲချိုး၊ ချိုးလဲ ချိုးနိုင်တဲ့အရပ်။ သူတို့အရပ်က ဆောင်းတွင်းလဲအိုက်နေတာပဲ၊ ရေက လောက် နိုင်တယ်ဘယ်ရှိ တော့ပါ့မလဲ။ ဒီအခန်းလေးကလဲ လှောင်နေတာကိုး။ လေ၀င်က တော်တော်နည်း တယ်။ အလင်းရောင် ၀င်လဲ နည်းတာပဲ။ မီးချောင်းအမြဲထွန်းထားနေရမှတော့ ဘယ်ကောင်းတော့မလဲ။
" ဘိုးဘိုး ဒီမှာ ကော်ဖီ၊ ပဲပြုတ်ဆီဆမ်း၊ ကြည်ပြာ ရေနွေးယူလာခဲ့ဦးလေ "

" ရေနွေးမဟုတ်ဘူးဟဲ့၊ ဘိုးဘိုးခေါ်တာ လက်ဖက်ရည်ကြမ်း "
အမြွာမနှစ်ယောက် ရယ်စရာ မဟုတ်ဘဲ တခစ်ခစ်သဘောကျကြတယ်။ ဘိုးအေကို လှောင်ကြတာလေ။ ဘိုးအေ ကိုများ သူတို့က လှောင်လားလှောင်ရဲ့၊ ပြောင်လာပြောင်ရဲ့၊ သူတို့နဲ့ သက်တူရွယ်မျှ ကျနေတာပဲ။ တလော ကလဲ လုပ်ပြီး ပါပကောလား။ သူ့အဖေ ဆံပင်ဆိုးဆေးတွေနဲ့ ဘိုးအေမျက်ခုံးမွှေး အဖြူတွေကို ဆေးဆိုး ကြတာလေ။ တစ်ခါတည်း ဖိုးဘတင်မျက်လုံးတွေထဲ ဆေးတွေ ၀င်လို့ အော်လိုက်ရတာဆိုတာ။ တကယ့် ဟာမလေးတွေ။

ဧည့်ခန်းကစားပွဲမှာ ဖိုးဘတင်အတွက် နံနက်လက်ဖက်ရည်ပွဲကို အမြွာမနှစ်ယောက်က အမြဲ ပြင်ဆင် ပေးတတ်တယ်။ ကော်ဖိ ချိုချိုတစ်ခွက်၊ ပဲပြုတ်ဆီဆမ်း တစ်ပန်းကန်နဲ့ လက်ဖက်ရည်ကြမ်း ကျကျ တစ်ကရား။ လက်ဖက်ရည်ကရားက ဖိုးဘတင် အညာမှာ သောက်နေကျ ဒန်ကရား။ ရှေးဒန်ဆိုတော့ တိုက် တိုင်းပြောင်။ ခုခေတ်စတီးနဲ့တောင် မလဲဘူး။ အတွင်းကလဲ လက်ဖက်ခြောက်ဆီ တက်ပြီး မွှေးလို့။ သူတို့ ဓာတ်ဘူး တွေက အမြဲတော့ ပူနေပါရဲ့။ ငှဲ့ရတာ ကို ဖိုးဘတင် မကြိုက်ပါဘူး။
" လူလေး အာကာ၊ လာလေကွာ "

ဖိုးဘတင်က အတူထိုင်နေကျအဖော်ကို ခေါ်တယ်။ ဒါပေမယ့် မြေးလုပ်သူက ရျေိုးခန်းထဲမှာ သီချင်းဆိုလို့ ကောင်းတုန်း၊
"အဖေ စားပါ၊ အဖေ့မြေးက ရေချိုးတုန်း"
သားလုပ်တဲ့ သူက အိပ်ခန်းထဲကနေ လှမ်းပြောတယ်။

ပိုးသဘင် ပဲပြုတ်တစ်ဇွန်း ကော်စားလိုက်တယ်။ ထုံးစံအတိုင်း ဆော်ဒါနဲ့က ထောင်းခနဲ။ ပါးစပ်ထဲမှာ ပေါ့ပြက်ပြက် အရသာကို ရတယ်။ စားအုန်းဆီဆိုတာ ရောထားတဲ့ ပဲဆီနံ့တောင် ဆော်ဒါနံ့ကို မလွှမ်းနိုင် ဘူး။ ရန်ကုန်ပဲ ပဲပြုတ်ဆီဆမ်းဆိုတာ ဒါမျိုးတဲ့လားကွာ။ တို့အညာပဲ ပဲပြုတ်နဲ့တော့ ကွာပါဘိခြင်း။ ပဲပြုတ် တောင် မတူဘူးလား အဘိုးရဲ့လို့ မြေးတွေက ဖိုးဘတင်ကို လှောင်ဖူးတယ်။ ဖိုးဘတင် အပိုပြောတာ မဟုတ်ပါဘူး။ မတူလို့ မတူဘူး ပြောတာ။ အဟုတ်၊ အဟုတ်။

အညာပဲလေးတွေက သေးသေးလေးတွေနဲ့ အညှောက်ပေါက်ကလေးတွေ။ ဒီရန်ကုန်ပဲလို့ အလုံးကြီးတွေ မဟုတ်ဘူး။ ပြုတ်တော့လဲ ဟိုက ဘာဆော်ဒါမှ ထည့်တာမှ မဟုတ်ဘူး။ ပြုတ်တာတောင် မဟုတ်ပါဘူး လေ။ ပေါင်းတာ၊ ပေါင်းတာ။ အငွေ့နဲ့ပေါင်းတာ။ ဒီတော့  ပဲက အိစက်နူးညံ့ပြီး သဘာဝအချိုဓာတ်ကို ၇တယ်။ အညှောက် ဖောက်ထားတဲ့ အတွက်လဲ ပိုချိုသေးတယ်။ အဲဒီလိုပဲပြုတ်မျိုးကိုမှ နှမ်းရင့်ကို ဆုံနဲ့ နှမ်းဆီး ဆုံဆီဆမ်း စားတာ။ နှမ်းဆီး ဆုံဆီဆိုတာ အလွန်မွှေး။

ဖိုးဘတင်တို့ အညာမှာ ပဲဆီသုံးခဲ့တယ်။ ကြော်တာ၊ လှော်တာလောက်ပဲ သုံးကြတာ။ ဒီကတော့ နှမ်းဆီကို ခါးသတဲ့။ ပဲမှပဲ။ ပြီးတော့ ဖိုးဘတင် အသက် ခုနှစ်ဆယ့်ငါးနှစ်၊ ခုမှ ကြားဖူးရ။ စားအုန်းဆီတဲ့။ ၀ါတာတာ ခဲတဲတဲ ကြီးတွေ။ နည်းနည်း အေးတာနဲ့ ခဲပြီး မီးပေါ်တင် အပူပေးရပြီ။ ဘာအနံ့၊ ဘာအရသာမှလဲ တစ်စက်မှ မရှိ။ ချွေးမမှာ အဲဒီ ဆီကြောင့် နှလုံး သွေးကြောပိတ်တာဆိုလား၊ ကျဉ်းတာဆိုလား ရောဂါ ဖြစ်နေပြီ။ ရောဂါ ထရင် ပါးစပ်လေး ဟ ... ဟပြီး အသက်ရျှူလို့။ ကြည့်ရတာ မသက်သာလိုက်တာ။

ပဲပြုတ်တစ်ဇွန်းကို ဖိုးဘတင် ကော်စား လိုက်ပြန်တယ်။ လက်ဖက်ရည်အကြမ်း တစ်ကျိုက်ကိုလဲ သောက် လိုက်တယ်။ ကော်ဖီကတော့ ပြီးမှပဲ ဖိုးဘတင် သောက်တယ်။ သူတို့က အတင်းတိုက်လို့ပါ။ ကောဖီတွေ ဘာတွေ ကို ဖိုးဘတင် ကြိုက်လှတယ် မဟုတ်ပါဘူး။
"အဘိုး ပဲပြုတ်ကုန်ပြီလား၊ သားအတွက် ချန်ထားဦးနော်"
ထမင်းကြော် ပန်းကန်တစ်ဖက်၊ ကော်ဖီပန်းကန်တစ်ဖက်နဲ့ မြေးလုပ်တဲ့ကောင် ပျာယီးပျာယာ ရောက်လာ တယ်။

"ဟောဒီမှာ စားစမ်းပါဗျာ၊ နည်းတာ မဟုတ်ပါဘူး၊ စားထည့်စား၊ အဘိုး မကုန်ပါဘူးကွာ"
"ဘာလဲ၊ အဘိုးတို့ အညာပဲပြုတ် မဟုတ်လို့လား"
"ဒါပေါ့ကွာ"

အာကာက လူလည်။ "ဒါပေါ့ကွာ" ဆိုပြီး ဖိုးဘတင်လည်ချောင်း ရှင်းလိုက်တဲ့အချိန်မှာ ပဲပြုတ်နည်းနည်းပဲပါ တဲ့ သူရဲ့ ချွေတာရေး ထမင်းကြော်ပန်းကန်ထဲကို ပဲပြုတ် ဆီဆမ်းတွေ များများ ပုံလိုက်တယ်။
"ဒါပေါ့ကွာ၊ မင်းတို့ရန်ကုန်နဲ့ တို့အညာနဲ့ ဘာမှမဆိုင်ဘူး၊ အစားအသောက်၊ အနေအထိုင်၊ ဘာကမှ မတူဘူး၊ ခုလို ဆောင်းတွင်း၊ တို့အညာများ အစားအသောက်တွေ၊ ပေါလိုက်ပေ့၊ ဒါတောင် ခုခေတ်၊ ဟိုတုန်း ကလောက် မပေါဘူးထားပါ"

ဖိုးဘတင် လက်ဖက်ရည်ကြမ်းတစ်ကျိုက် သောက်လိုက်တယ်။
"အင်း အဘိုးတို့ ငယ်ငယ်တုန်းကဆိုရင်"
အာကာ့မျက်နှာ နည်းနည်း ရှုံ့သွားတယ်။ မီးဖိုခန်းပေါက်ဝက ဖြူပြာနဲ့ ကြည်ပြာက မချိုမချဉ် မျက်နှာတွေနဲ့ အာကာ့ကို ၀မ်းသာအားရ အမူအရာတွေ လုပ်ပြကြတယ်။ အာကာက မျက်လုံးနဲ့ပဲ ကြည့်လိုက်တယ်။ ရတယ် ဒီအချိန်ကတော့ အာကာ သည်းခံနိုင်တယ်။ အဘိုးရဲ့ "ငယ်ငယ်တုန်းကဆိုရင်" ကို ပဲပြုတ် မျက်နှာ နဲ့  အာကာ သည်းခံနိုင်ပါတယ်။

" ... ဆီးချိုသီးတွေ ... ဆီးချိုသီးတွေ၊ တစ်ခါတည်း နှင်းတွေလူးလို့၊ ၀င်းမှည့်ပြီး ရဲနေတာပဲ၊ အပင်အောက် မှာ ကြိုက်သလောက် ကောက်စား၊ ဘာပိုက်ဆံမှ ပေးစရာ မလိုဘူး။ အဲ ... ၀မ်းအပြင်အိတ်ပါလို့ ကောက်ချင် သပ ဆိုလဲ ကောက်ထည့်သွား၊ ဘယ်နှစ်အိတ်ထည့်မတုန်း၊ ဒီခေတ် ဆီးကြက်ဥတို့ ဘာတို့တွေ လို တစ်လုံး တစ်ကျပ် နဲ့သာ ၀ယ်ရရင် မွဲပေါ့ကွာ၊ တစ်ကျပ်ဆိုတာ ဟိုတုန်းက နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ၊ ပုဆိုး တစ်ထည်၊ အင်္ကျီတစ်ထည် ၀ယ်လို့ရတယ်၊ ဆန်တစ်ပြည်တစ်မတ်၊ ဆီတစ်ပိဿာငါးမူး၊ ပဲကြီးလှော် တစ်ပြားဖိုး ဆို ခါးပိုက်တစ်လုံး အပြည့်ရတယ်၊ ကျောင်းဆင်းဝယ်စား၊ ကျောက်တက်တဲ့အထိ စားမကုန် ဘူး။ ကြွပ်ရွ ပြီး မွှေးနေတာပဲ။ ဟော ... ပြီးတော့ ..."

နောက်ပြီး ကော်ဖီတစ်ကျိုက်ကို အာကာ အမြန်ကျိုက်ချ လိုက်တယ်။
"မေကြီးရေ ... မန်းနီးပေး၊ သားလိမ့်တော့မယ်"
ဖိုးဘတင်က မြေးလုပ်သူကို မကျေမနပ် ကြည့်တယ်။
ဒီကလေးဟာ ပျာလိုက်တာဆိုတာ ကော်ဖီပန်းကန်ကွဲတော့မယ်။ စားတာသောက်တာလေးမှ ဖြောင့်ဖြောင့် မစား နိုင်အောင် သူတို့မှာ ဘာတွေများ အရေးကြီးနေကြတာတံး၊ နောက်ဖေးဝိုင်းက သားအမိ သားအဖ လေးယောက် ကြည့်လိုက်လဲ ပျာနေတာပဲ။

"ဟာ ... မေကြီးကလဲ တစ်ဆယ်တည်းရယ်"
"အေးလေ၊ သားမှာရှိသေးတယ် မဟုတ်လား၊ မနေ့က အစိတ်ပေးထားသေးတယ်လေ"
"မေကြီးကလဲ ဘယ်ရှိတော့မှာလဲ၊ ဒီအစိတ်လေးဗျာ"
"အမယ်၊ ဒီအစိတ်လေးများတဲ့၊ အာကာ ... ဖေကြီးတောင် တ်စနေ့ အစိတ်မသုံးဘူးနော်၊ သား ... ထမင်းဘူး လဲ ယူသေးတယ်"
"မေကြီးကလဲ လက်ဖက်ရည်တစ်ခွက် ခြောက်ကျပ် မေကြီးရ မုန့်တစ်ခု ငါးကျပ် ... ပြီးတော့"
"ပြီးတော့ စီးကရက်ကလဲ ဘယ်လောက်လဲ ပြောပါဦး"

"ဟဲ ... ဟဲ၊ စီးကရက်လေးက တစ်လိပ်မှ သုံးကျပ်ပါ မေကြီးရ၊ ဒါတောင်သား ... ဆေးပေါ့လိပ်ပဲ အသောက်များတာပါနော်"
"ဘာပဲသောက်သောက် ပိုက်ဆံကုန်တာဟာ ကုန်တာပဲ၊ တစ်ခါဘဲ  လူကိုလဲ ကြည့်ဦး၊ အလျင် ဒါလောက် မသောက်ဘူး၊ ကျောင်းပြီးမှ တအားသောက်လာတာ၊ မျက်နှာကိုရင့်နေပြီ၊ ကဲ ... အဖေကြီး ကိုယ့်သား ကိုယ်လဲ ကြည့်ဦး၊ ပြောဦးရှင့်၊ ကြားလား အဖေကြီးလို့"
"အိုကွာ ...၊ ဘာပြောရမှာလဲ၊ ဒီအရွယ်ဟာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် နေတတ် ထိုင်တတ်ရမယ့် အရွယ် ပဲ၊ ဖေကြီး ပြောတာ နားလည်တယ်နော်သား"
"ဟုတ်ကဲ့"

"ဒါပဲ ... သားအဖနှစ်ယောက်က၊ ရော့တစ်ဆယ်၊ ပုဆိုးက မလဲတော့ဘူးလား၊ ထမင်းဘူးလက်သုတ်ပ၀ါ ချည်လိုက်ဦး"
"အင်း ငွေတစ်ဆယ်က လက်ဖက်ရည်နဲ့မုန့် သောက်လို့မရဘူးတဲ့၊ အမေကြီးရေ ဖေကြီးတို့ ကျောင်းမှာ တုန်းက လက်ဖက်ရည်တစ်ခွက်တစ်မတ်၊ မုန့်တစ်ခုတစ်မတ်နော်"
"တစ်မတ်"
အမြွာမတစ်ယောက်က ဖအေ့စကားသံကို သံယောင်လိုက်တယ်။ ပြီးတော့ မောင်နှမသုံးယောက် မတိုင်ပင် ရဘဲ ရယ်စရာ တစ်ခုလို ရယ်ကြတော့တယ်။
"အောင်မာ မရယ်နဲ့၊ အဘိုးပြောမယ်"
ဖိုးဘတင်က မီးဖိုခန်းဘက်ကို ခပ်သွက်သွက်ထ ထွက်လာပြီ။

"မင်းတို့အဖေ ကောလိပ်ကို အဘိုးပို့ရတာမှ တစ်လရှစ်ဆယ်ရယ်၊ တစ်ခါတစ်လေ တစ်ရာပို့တယ်"
"ဟုတ်တယ်၊ တစ်ရာပို့တဲ့လများဆို ပိုက်ဆံတွေ ပိုနေတာ၊ သုံးလို့ကို မကုန်နိုင်ဘူး၊ စီးကရက်များ ကလဲ ပေါပါ့ကွာ၊ ဘလက်ကက်တစ်ဘူးငါးမူး၊ ကပ္ပိတန်ကပြားခြောက်ဆယ်"
မောင်နှမ သုံးယောက်က စိတ်ပါလက်ပါ တက်ညီလက်ညီ ရှိနေတဲ့ သားအဖနှစ်ယောက်ကို ကြည့်ရင်း ရယ်လို့ မဆုံးအောင် ဖြစ်နေကြတယ်။
"ကဲ ... ကျုပ်တော့ သွားတော့မယ်၊  အနှစ်နှစ်ဆယ် ခေတ်ဟောင်းတေးကို နားထောင်ရင် အသက်ရှူကျပ် လာလိမ့်မယ်၊ တစ်လရှစ်ဆယ်တွေ တစ်ရာတွေ မကြားချင်ဘူး၊ အခု ကျုပ်တို့ အိမ်မှာ တစ်လကို တစ်သောင်း ကုန်တယ်တော်ရေ့၊ အရေးကြီးတာက တစ်လတစ်သောင်းရှာလို့ရဖို့၊ ဒါပဲ ... ဒါပဲ"

"အဲ ဒါတင် ဘယ်ဟုတ်သေးတုံးကွ" ဆိုတဲ့ စကားစုက လည်ချောင်းထဲ  ဂွတ်ခနဲ မျိုချလိုက်ရတဲ့ ဖိုးဘတင် က လက်ကိုင်အိတ် ဆွဲပြီး ဧည့်ခန်းဘက် ထွက်သွားတဲ့ ချွေးမလုပ်သူကို ငေးကြည့်နေမိတယ်။
ဖြူဖြူ၀၀၊ မေးစေ့ နှစ်ထပ်နဲ့ အထက်အောက် အပွင့်အခက် အရောင်လှလှဝတ်စုံနဲ့ ချွေးမဟာ ငါးဆယ်တွင်း ဆိုတာကို အန်တုထားတယ်။ ရန်ကုန်သူ ပီသလိုက်ပုံကလည်း မိတ်ကပ်နဲ့ ပန်းနဲ့ ဆံထုံးနဲ့ တစ်ခါတည်း ကျကျနန။ ခုနက မီးဖိုထဲက အင်္ကျီဟောင်း၊ ထဘီဟောင်း၊ ဆံပင်ဖိုးရိုးဖားရား ချွေးတရွှဲရွှဲနဲ့ မိန်းမကြီးလို့ ဘယ်သူ က ယုံတော့မလဲ။ အင်း ... သူတို့ ရန်ကုန်မှာလေ အဆန်မလိုဘူး ဟန်လိုတယ်လေ ... ဟန်။

"အာကာ ရေခလုတ် ပိတ်သွား၊ ကြားလား"
အလျင်ဆုံး ဆင်းပြေးတဲ့သားကို မအေက အော်သံ။ ပြီးတော့ မအေနဲ့ ဖအေ ထွက်ကြတယ်။ ထွက်တော့ သာအတူတူ၊ လမ်းမပေါ်ကျ တစ်ယောက်တစ်ခြားစီပါ။ ချွေးမက ကားစီးမယ်၊ သားလုပ်တဲ့သူက ခြေကျင်။ မြန်မာ့အသံ ဆိုတော့ မဝေးတာ၊ ဝေးသူများဆို ခက်ရချည့်။ သူတို့ ပြီးတော့ ဟိုအမြွာမ နှစ်ယောက်။ ပျာပျာ ပျာပျာနဲ့ ခေါင်းဖြီး၊ တို့ဖတ်ရိုက်ထပ် လုပ်ကြပြီးမှ နောက်ဆုံး ထွက်ကြတယ်။ မချောတို့က ကျူရှင်နဲ့ တက္ကသိုလ် ကျောင်းကို တစ်ခါတည်း ထွက်ကြတယ်။

"အဘိုးရေ တံခါးပိတ်ထားနော်၊ ဖွင့်မပေးနဲ့နော်"
ရွတ်နေကျ ဂါထာတစ်ပုဒ်ကို သူတို့ ရွတ်လိုက်ကြတယ်။ ဖိုးဘတင်ကလဲ ခေါင်းညိတ်နေကျအတိုင်း ညိတ်လိုက်တုန်းမှာပဲ ဧည့်ခန်းက သံစုံနာရီ က တီးလုံးတစ်ခုကို တီးတယ်။ ခုနှစ်နာရီတိတိ။
ဖိုးဘတင် ၀ရန်တာတံခါးကို သေသေချာချာ ပိတ်လိုက်တယ်။

ဆက်ရန်
.

1 comment:

Anonymous said...

အော်မနေနဲ့ ဖေကြီးရေ၊ စားကောင်းချင်ရင် ညှော်ကိုတော့ သည်းခံ ... ဒါပဲ

အော်မနေနဲ့ မကြီးရွှေစင် စားကောင်းချင်ရင် ညော်ကိုတော့ သည်းခံ...ဒါပဲ

ချစ်နှမ