Wednesday, October 20, 2010

ရွှေပင်လယ်ဆီးသည်သို့ အပိုင်း (၁)

ဖြစ်ရပ်မှန် 
တင်မောင်မြင့် ဘာသာပြန်


ရွှေပင်လယ်ဆီးသည်သို့

ကလစ်နှင့်စင်ဒီတို့သည် အချိန်အခါ နှင့်
အခြေအနေ အရ နှစ်ပေါင်း ၂ဝ နီးပါး
ဝေးကွာခဲ့ရသည်။ နောက်ဆုံးတွင်မှ ပြန်လည်၍
တွေ့ဆုံကြ၏။ ပျော်စရာကောင်းသည့် အချစ်ဖြင့်
ထုံမွမ်းသော အိမ်ထောင်ရေးတည်ဆောက် ဖို့
အနာဂတ် ကို မျှော်ကြည့်ခဲ့ကြ၏။ ထိုအချိန်တွင်
ပင်လယ်ကွေ့စစ်ပွဲကြီး ဖြစ်ပွားခဲ့လေသည်။

ရန်သူ့လက်တွင်းသို့

ကလစ်၊ ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့။
ဝ၆:၁၅ နာရီတွင် နံနက်ခင်းလေသည် အေးစိမ့်နေ၏။ ကျွန်တော်သည် တာဘိုပန်ကာနှစ်လုံးတပ် နှစ်ယောက်ထိုင် OV 10 Bronco လေယာဉ်ငယ်ကလေးကို ပျံတက်ဖို့ ပြင်ဆင်နေသည်။
အကြီးတန်းအရာခံဗိုလ် ရိုင်းဟန်တာက နောက်ခုံတွင် အသင့်ထိုင်နေပြီ။ ကန္တာရမုန်တိုင်း စစ်ဆင်ရေး ဒုတိယ နေ့ ဖြစ်ပါသည်။ ကျွန်တော်တို့က ဆော်ဒီအာရေဗျမှ အနောက်စူးစူးသို့ ပျံပြီး ကူဝိတ်မှ အီရတ် အမြောက် စခန်း အခြေအနေကို ထောက်လှမ်းရမည်ဖြစ်ပါ၏။

တိုက်လေယာဉ် ကလေးကိုပြင်ဆင်နေရင်း ကျွန်တော် ပင်ပန်းလာသည်။ မနက်စောစော ထလာရ ခြင်း ကြောင့် မဟုတ်။ တစ်ပတ်လုံး မနားမနေ အလုပ်များနေခဲ့ခြင်းကြောင့် ဖြစ်သည်။
လေယာဉ် ၃၂၀ ပါဝင်သည့် အုပ်စုလေတပ်မှူး တစ်ယောက် အနေဖြင့် ကျွန်တော် နားချိန် မရှိ သလောက် ပင်။

လေသူရဲ ၀တ်စုံဘယ်ဘက်အိတ်တွင် အသက်ကယ်မြေပုံကို ထည့်ပြီး ဘီစကွတ်မုန့် ပလတ်စတစ်အိတ်ကိုပါ ထည့်လိုက် သည်။ ဇနီးဖြစ်သူ စင်ဒီထည့်ပေးလိုက်သည့် မုန့်တွေ။
သာမန် အချိန်များမှာပင် စင်ဒီသည် ယောက်ျားကို လျှာရင်း မြက်အောင် ချက်ကျွေးတတ်သည့် မိန်းမဖြစ်၏။ ကျွန်တော် ကိုယ်အလေးချိန်ကျသွားမှာကို သူအရမ်းစိုးရိမ်တတ်သည်။ ရွက်ထည်တဲတွေ တန်းစီနေသည့် တဲ မြို့တော် တွင် ၅ လခန့်နေပြီး လေ့ကျင့်ခန်းတွေ နေ့ရောညပါ လုပ်နေရသဖြင့် ကျွန်တော့် လေသူရဲဝတ်စုံ တွေ တစ်နေ့တခြား ချောင် ချောင်လာနေပြီ။

စင်စစ်စစ် V10 လေယာဉ်အုပ်စုမှူးတာဝန်ကို ကျွန်တော် စတင်ထမ်းဆောင်ခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်က ဖြစ်ပါသည်။ သည်တာဝန်ယူပြီး ၁ဝ ပတ်အကြာတွင် အီရတ်က စစ်မကြေညာဘဲ ကူဝိတ်ကို ၀င်သိမ်းသည်။ ထိုအခါ ကျွန်တော့် လေယာဉ်အုပ်စုကို အရှေ့ အလယ်ပိုင်းရွှေ့ဖို့ အမိန့် ရသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဇန်န၀ါရီလ ၁၅ ရက်အထိ အီရတ်က ဆုတ်မပေးလျှင် အင်အားသုံးဖို့ သဘောတူ ခွင့်ပြုလိုက်သည်။ သတ်မှတ်ရက် ကျော်လွန်သွားပြီ။ ဆဒန်ဟူစိန်က သူ့တပ်တွေကို အခိုင်အမာ ခြေကုပ် ယူထားဆဲ။
ဤသို့ဖြင့် ကုလသမဂ္ဂ ဦးဆောင်သည့် နိုင်ငံပေါင်းစုံမှ စစ်တပ်တွေ အရှေ့အလယ်ပိုင်း စစ်ပွဲထဲကို ပါဝင်လာခဲ့ကြလေတော့သည်။ ကျွန်တော့် လေတပ်အုပ်စုက မြေပြင်တပ်တွေအတွက် ဝေဟင် မှ ထောက်လှမ်းရေး တာဝန်ယူရသည်။

လေယာဉ်ပျံမတက်မီ အသေးစိတ်စစ်ဆေးပြီး ကျွန်တော်က ကျွန်တော့်လက်ထောက်အဖြစ် တာဝန် ယူရမည့် ဂိုင်းဘက်ကိုလှည့်ပြီးမေးလိုက်သည်။
    " အားလုံးအသင့်ဖြစ်ပြီလား "
    " အားလုံးအသင့်ပါပဲခင်ဗျ "
ဂိုင်းက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိထားသော အပြုံးဖြင့် ပြန်ဖြေသည်။ ဂိုင်းသည် စိတ်သဘောထား ပြည့်ဝ သူ၊ ကြင်နာတတ်သူဖြစ်ပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ တောင်ပိုင်းသံ ၀ဲတဲတဲဖြင့် ကျွန်တော့် လေယာဉ်အုပ်စု အကြောင်း ဟာသတွေ ပြောမကုန်အောင်ရှိသူလည်းဖြစ်၏။

ကျွန်တော်တို့ နှစ်ယောက်စလုံး၏ ဘိုးစဉ်ဘောင်ဆက်မှာ ကာလီဖိုးနီးယားမှဖြစ်ကြသည်။ ဂိုင်းက အိမ်ထောင်သက် ၁၄ နှစ်ရှိပြီ။ သမီးနှစ်ယောက်၊ သားတစ်ယောက်ရှိ၏။ ကျွန်တော်က ကျောင်းနေဖက် သူငယ်ချင်း စင်ဒီ နှင့် လက်ထပ်သည်။ စင်ဒီနှင့် မရမီက ပထမအိမ်ထောင်နှင့် သမီးတစ်ယောက်ရခဲ့၏။ ၁၁ နှစ်သမီး အရွယ်ရောက်နေပြီဖြစ်သည့် စတက်ဖနီ။
၀၆၃၀ နာရီတွင် မိသားစုဘ၀ကို မေ့ထားလိုက်ကြပြီ။ ကျွန်တော်တို့ ထမ်းဆောင်ရမည့်တာဝန်တွေက မနည်း မနော။ ကျွန်တော်နှင့် ဂိုင်းသည် ကောင်းကင်ပေါ်က မျက်လုံးများဖြစ်ရမည်တဲ့။ မြေပြင်တပ်များ လှုပ်ရှားဖို့ အတွက် ကျွန်တော်တို့ နှစ်ယောက် ၏ မျက်လုံးများက အခရာတဲ့။

မြေပြင်မှတပ်များကို ကျွန်တော်တို့က ရန်သူ့အင်အားအခြေအနေ၊ စစ်ကြောင်းအခြေအနေတွေ ဝေဟင်မှ သတင်း ပို့ရမည်။
ကျွန်တော်တို့လေယာဉ်လေးသည် အေးမြမြနံနက်ခင်း လေထုထဲသို့ ထိုးတက်လာခဲ့သည်။ ဦးတည်ရာ အရပ် မှာ ကူဝိတ်။ ကျွန်တော်တို့သည် ရန်သူ့နယ်မြေထဲသို့ ပေ ၅၀၀၀ နှင့် ၁၀၀၀၀ အကြားတွင် အသာကလေး ၀ဲပျံ လာကြသည်။ အလွန်အန္တရာယ်များသည့် ပေအမြင့်ဖြစ်၏။ သို့သော် ကျွန်တော်တို့ ပစ်ကွင်းတွေကို အသေအချာ သတင်းပို့ချင်သည်။ တိတိကျကျ အချက်ပေးချင်သည်။
မနေ့ က အီရတ် အမြောက်တပ်စခန်းနှစ်ခုကို ရှာဖွေ ထောက်လှမ်းနိုင်ခဲ့သည်။ နှစ်နေရာစလုံးကို ဖျက်ဆီး ပစ်နိုင် အောင် ကျွန်တော် တို့ သတင်းပို့နိုင်ခဲ့သည်။

အမြောက်တပ်တစ်တပ်မှာ ရစရာမရှိအောင် ကြေမွပျက်စီးသွားပြီ။ အခြားစခန်းတစ်ခုမှာ တစ်ဝက်တစ်ပျက် ကုန်သွား သည်။ ကျွန်တော်တို့သည် အောင်မြင်မှုဖြင့် တက်ကြွလျက်ရှိကြ၏။
ကူဝိတ်ကို ဆက်ပျံဖို့ ညွှန်ကြားချက်ရသည်နှင့် ကျွန်တော်သည် မိုးသားတွေအောက် အမြင့်ပေ ၆၀၀၀ အထိ ထိုးဆင်း လိုက်သည်။
မြေပြင်တွင် ကား ၅ စီးဖြင့် အစိမ်းရောင်ဒုံးပျံစင်ကြီးကို ဆွဲနေသည်ကို အတိုင်းသား မြင်လိုက်ရ၏။ ဆော်ဒီအာရေဗျ ကို လှမ်းထုဖို့ ပြင်ဆင်နေဟန်တူ၏။ ယင်းတည်နေရာကို သေသေချာချာ အတည် ပြုဖို့ ကျွန်တော် တစ်ကျော့ပြန်လှည့်လိုက်သည်။

မမြင်ဖူးသည့် လှုပ်ရှားမှုတစ်မျိုးကို ဖျတ်ခနဲ ကျွန်တော် လှမ်းမြင်လိုက်သည်။ ပြောင်ပြောင် လက်လက် အရာ တစ်ခု သည် ဖြူဖြူ အငွေ့တွေ တထောင်းထောင်းနှင့် ကျွန်တော်တို့နောက်သို့ ကွေ့ပတ်လိုက်နေပါပြီလား။
အပူစီးကြောင်း အတိုင်း လိုက်လာနေသည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံ။ (SAM - Surface to Air Missile)
သူ့ကို လွတ်အောင် ကျွန်တော် ဘယ်လိုမှ ရှောင်ရှားချိန်မရနိုင်တော့ပါ။ သံလိုက်ဓာတ်ဆွဲငင်အား မျိုးဖြင့် တအား လိုက်လာနေလေပြီ။ တစ်ခုပဲ ကျွန်တော့်ခေါင်းထဲ ၀င်လာ၏။ " ကလစ်အက်ခရီး၊ မင်းဘ၀ နိဂုံးချုပ်ပြီ "

ဒုံးကျည်သည် ကျွန်တော့် ဘရွန်ကို လေယာဉ်ငယ်ကလေးကို ကုန်ရထားကြီးတစ်စီး ၀င်ဆောင့် သည့် အရှိန် ဖြင့် တအားဝင် ကျုံးလိုက်သည်။
နံပါတ် (၁) အင်၈ျင်တစ်စစီဖြစ်သွားပြီ။ ဘယ်ဘက် လေယာဉ်အမြီးပိုင်း ပြတ်ထွက်သွား၏။ ချက်ချင်း ဆီကန် ကို မီးကူးပြီး လေယာဉ်ဘ၀မှ ချက်ချင်းမီးလျှံကြီးဖြစ်သွားတော့သည်။ ပြီးတော့ နောက် အင်ဂျင်တစ်လုံးကို မီးကူး နေပြီ။
စခန်းကို ရောက်အောင် ပျံမည်ဟု ကိုယ့်ကိုယ်ကို အားပေးပြီး ဆော်ဒီနယ်စပ်ဘက်ကို တအားဆွဲ လှည့် လိုက်သည်၊ မရတော့ပါ။ လေယာဉ်မောင်းတံသည် ဘယ်ဘက်ကိုမှ လှည့်လို့မရတော့ပေ။ လက်လျှော့ လိုက်ရပြီ။

ချက်ချင်း မြေပြင် ကို သတင်းပို့သည်။
" မေဒေး၊ မေဒေး ဟိုစ်တေ့ခ်ျ ၇၆ ကျသွားပြီ "
ပြီးတော့ အတွင်းပြောခလုတ်ကိုနှိပ်ပြီး တဆက်တည်းအော်မေးလိုက်သည်။
" ဟေး ဂိုင်း၊ လေထီးခုန်မယ်၊ အသင့်ပြင် "
လေထီးခုန်မောင်းတံကို ကျွန်တော်ဆောင့်ဆွဲလိုက်သည်။ ထိုစဉ် ဒုတိယဒုံးကျည်တစ်ခုသည် ဂိုင်း၏ ထိုင်ခုံ ကို တည့်တည့်ကြီး ထိမှန်ပေါက်ကွဲပြန်သည်။ သူ့ခန္ဓာကိုယ်သည် လေဟာပြင်ထဲသို့ လွင့်စင် ထွက်သွား လေတော့၏။ ကျွန်တော်ထွက်ရမည့် လေထီးခုန်မောင်းတံက တင်းခံနေဆဲ။

မြေပြင် သည် ကျွန်တော့်ဆီသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ပြေးတက်လာနေပြီ။ ကျွန်တော့်ဆီလာ မည့် ဒုံးကျည် နောက်တစ်လုံး ကို ကျွန်တော် စောင့်နေလိုက်သည်။ ၄ စက္ကန့်အတွင်း ရောက်မလာ။
ဒူးနှစ်ဖက် ရော၊ လက်နှစ်ဖက်ပါသုံးပြီး မောင်းတံကို ရှိသမျှ အင်အားနှင့်ဆွဲတော့မှ စွေ့ခနဲ ကျွန်တော် မြောက်တက် သွားသည်။ ကျွန်တော် အပြင်ရောက်လို့ စက္ကန့်ပိုင်းအတွင်း ကျွန်တော့် ထိုင်ခုံကို တတိယ ဒုံးကျည် က ဖျက်ဆီးပစ်လိုက်၏။

အပြင်ရောက် လို့ အပြောကျယ်လှသောလေဟာပြင်ထဲ ရောက်မှ ဖြည်းဖြည်းချင်းပြန်စဉ်းစားနိုင် လာသည်။ အဖြစ်အပျက် က မြန်ဆန်လွန်းသည် မဟုတ်လား။ ကောင်းကင်ပြင်သည် ပကတိငြိမ် သက်နေ၏။ ကျွန်တော့် လေထီး မှာ တစ်ပိုင်းတစ်စ မီးလောင်ထားသဖြင့် ငြိမ့်ငြိမ့်ညောင်းညောင်း လေဟုန် စီးနေခြင်းမျိုး မဟုတ်ဘဲ ခါတိုင်း အရှိန်ထက် လျင်မြန်စွာ ထိုးဆင်းနေခြင်းဖြစ်သည်။
မြေပြင်ပေါ်ကျတော့ " အား " ခနဲအော်သံ အတန်ကျယ်သွားကြောင်း သတိထားလိုက်မိ၏။ ကျွန်တော် ကံကောင်း ပါသည်။ ထွန်ရေးညက်ညက်နှင့် ထွန်ပြီးစ ယာသမားတစ်ဦး၏ မြေနုနုပေါ် ကျခဲ့ခြင်းဖြစ်သည်။ အတင်း လူးလဲထပြီး ဂိုင်းကို ရှာသည်။ သူအသက်ရှိနေသေးသည်။ တန်းပြေးချ သွားပြီး " ဟေး ဂိုင်း၊ ငါပါကွ " ဟု လှမ်းအော်တော့ သူဖြေသည်။

" ဗိုလ်မှူးကြီးလား "
သူ့ဘယ်ဘက်မျက်နှာ တစ်ခြမ်ုးံး သွေးအလိမ်းလိမ်းဖြစ်ကာ မြင်မကောင်း ရှုမကောင်း။
" မင်းမျက်စိမြင်သေးလား "
" သိပ်မမြင်ဘူး ဗိုလ်မှူးကြီး "
ကျွန်တော်တို့သည် ရန်သူ့နယ်မြေအတွင်း ကျဆင်းလျှင် မည်သို့ လှုပ်ရှားသွားရမည်။ မည်သို့ ကိုယ်လွတ် ရုန်းရမည် ကို ကျွမ်းကျွမ်းကျင်ကျင်လေ့ကျင့်ပြီးသား လေသူရဲများဖြစ်ပါ၏။
သို့သော် ကျွန်တော်တို့အဖို့ လွတ်လမ်းမှာ အခွင့်မသာနိုင်တော့ပါ။ ကျွန်တော်တို့ ရောက်နေသည့် နေရာမှာ မနေ့က မဟာမိတ်တပ်တွေ ဗုံးမိုးရွာခဲ့သည့် ရန်သူ့နယ်ူမြေဗဟို၌ အချက်ကျကျနေရာ မဟုတ်ပါလား။ ကျွန်တော်တို့  အားကိုးစရာမှာ ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီးစီးကို စောင့်ဖို့သာ ရှိတော့သည်။

အိတ်ဆောင် ရေဒီယိုကလေးကို ဆွဲထုတ်ပြီး ခေါ်ကြည့်သည်။ မေဒေး မေဒေး "
ဘယ်သူမှမတုံ့ပြန်။ လေလှိုင်းသံများမှအပ ဘာမျှမကြားရ။
ထိုစဉ် ဆူဆူညံညံအသံတွေ ကြားလိုက်ရသည်။ သဲကန္တာရထဲကို ဖြတ်မောင်းလာသည့် စစ်ကားတစ်စီး။ ကျွန်တော်တို့ ဆီကို တန်းတန်းမတ်မတ်လာနေခြင်းဖြစ်၏။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက်ကို ၀ိုင်းလိုက်ကြသည်။ လွတ်လမ်းမရှိတော့ပါပြီ။

--------------------------------
အချိန်နည်းလွန်းပါတယ်ရှင်

ထိုနေ့က ကျွန်မ ကမ်းခြေအိမ်တွင် ရောက်နေသည်။ ကလစ်ထံသို့ စာထိုင်ရေးနေစဉ် တံခါးဆီမှ ခေါင်း လောင်းသံ ကြားလိုက်ရ၏။ တံခါးမကြီး၏ အပေါ်ပိုင်း မှန်ပြတင်းငယ်မှ အမေရိကန် ကမ်းတက် လေတပ် အရာရှိ ဦးထုပ်ကို လှမ်းမြင်တော့ ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ပြီးတော့ စိတ်ထဲက တစ်ခုခုကို ကြိုသိလိုက် သလိုလို။
ရောက်လာသူမှာ ကလစ်တို့ လေယာဉ်အုပ်စုမှ ဗိုလ်မှူးကြီး ဒွန်ဘီဗာဖြစ်သည်။ သူ့ဇနီးကေး လည်း ပါလာ၏။ ဧည့်ခန်းဆီ သို့ သူတို့ တန်းလျှောက်သွားကြသည်။ ကေးက ခုံတစ်ခုံတွင် ထိုင်ဖို့ ကျွန်မကို မျက်ရိပ်ပြ လိုက်သည်။

ကလစ် ၏ လေယာဉ် ပျောက်ဆုံးနေကြောင်း ဗိုလ်မှူးကြီး ဘီဗာက ကျွန်မကိုပြောပြသည်။
" သူတို့ ပြောတော့ ပျက်ကျတာလည်းမဖြစ်နိုင်ဘူး၊ လေထီးဆင်းတာလည်း ရေဒါမှာ မပေါ်ဘူးတဲ့။ တစ်နေရာရာ ကိုပဲ လွင့်သွားသလား၊ သဲကန္တာရထဲမှာပဲ ထိုးဆင်းလိုက်သလား သူတို့ မတွေးတတ် အောင်ဖြစ်နေ ကြတယ် "
ထိတ်လန့် တုန်လှုပ်စရာ သတင်း ကို ကြားရစဉ် ထိုတဒင်္ဂတွင် ခဏမျှ စိတ်နှင့်ကိုယ် ဝေးသွားသလို ခံစား လိုက်ရ ပါသည်။

သည်သတင်းမျိုးကြားရလျှင် ကျွန်မ ဘာလုပ်ရမည်၊ ဘယ်လိုနေရမည်ကို စိတ်ကူးဖြင့် အကြိမ်ကြိမ် လေ့ကျင့် ပြီးသား ဖြစ်ပါ၏။ ခုတော့ တကယ်ဖြစ်လာပါပြီကော။
သူ ကျွန်မ ဆီပြန်ရောက်လာပါဦးမည်လား။ လက်ထပ်ပြီး ကျွန်မတို့ အတူနေချိန်က နည်းပါးလွန်းလှ ပါသည်။ အရာရာ သော အကြောင်းများကြောင့် နှစ်ပေါင်း ၂၀ မျှ ကျွန်မတို့ ခွဲခွာနေခဲ့ကြရပါသည်။  ၁၉၈၈ ခုနှစ်တွင် လက်ထပ် ဖြစ်သည့် အခါ ဘယ်လိုအကြောင်းနဲ့မှ ခွဲမနေကြဖို့ သစ္စာပြုခဲ့ကြပါသည်။

ယခုစောစောကလေးက ကြားလိုက်သည့် တံခါးခေါင်းလောင်းသံနှင့်အတူ ကျွန်မတို့၏ အိပ်မက်၊ ကျွန်မ၏ ဘ၀ သည် တစ်စစီ ကြေမွပျက်သုဉ်းခဲ့ရပါလေပြီ။
ကျွန်မနှင့် ကလစ်တို့ စတွေ့ချိန်မှာ ၁၉၇၀ ပြည့်နှစ်တွင် ဖြစ်ပါသည်။ ၀ါရှင်တန်ပြည်နယ်၊ ဆီယက်တယ်၊ ကရာတေး သင်တန်း တွင် ဆုံကြခြင်းဖြစ်ပါ၏။ ကျွန်မက မြီးကောင်ပေါက်အရွယ်။
တစ်ညတွင် ယှဉ်ပြိုင်လေ့ကျင့်သတ်ပုတ်ရမည့် လူသစ်တစ်ယောက်နှင့် ကျွန်မ တွေ့ရသည်။ သူက အရပ် မြင့်မြင့်။ ဆံပင်ညိုညိုနှင့်။ သူပြုံးပုံက စွဲမက်ချင်စရာ။ ရပ်နေပုံက သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည့် ပုံမျိုး။

ယှဉ်ပြိုင်ရမည့်သူအချင်းချင်း မိတ်ဆက်ပေးသည်။ နေရာယူပြီး သူနှင့်မျက်လုံးချင်းဆုံတော့ ကျွန်မ ရင်ထဲ နွေး ခနဲ ဖြစ်သွားသည်ထင်၏။
" အလှည့်ပြောင်း "
လို့  ဆရာက အော်လိုက်မှ သူနှင့်ကျွန်မ ဦးညွတ်ပြီး နေရာဖယ်ပေးလိုက်သည်။
" နင့် ကလစ် ကို ကျနေပြီမဟုတ်လား "
အကဲခတ်ကောင်းသူ သူငယ်ချင်းက ကျွန်မကိုမေးသည်။ သူ့အထင်မှန်ပါသည်။ သို့သော် သူနှင့်တွဲဖို့ ကျွန်မ လုံးဝ စိတ်မကူးခဲ့ပါ။ ကျွန်မမှာ ပုံမှန်အတွဲရှိပြီးသားလေ။ ကျွန်မချစ်သူက တပ်ထဲ ၀င်ရမည့်ဆဲဆဲ။ သူ ဗိုလ်သင်တန်း တက်နေစဉ် ကျွန်မကို အစ်ကိုကြီး တစ်ယောက်လို စောင့်ရှောက်ဖို့ ကလစ်ကို အပ်ထား ခဲ့သည်။

ကလစ် က ချီတုန်ချတုန်ဖြစ်ပြီးမှ လက်ခံသည်။ သို့သော် အဆင်မပြေလှပါ။ ကြာတော့ သူက ကျွန်မကို အစ်ကိုကြီး တစ်ယောက် လို လုပ်နေတာနဲ့ပတ်သက်ပြီး ကျွန်မ သဘောမကျဖြစ်လာသည်။ သူ့ ဘက်က လည်း ကျွန်မအတွက် အစ်ကိုကြီးလုပ်နေရခြင်းအတွက် ပျော်နေသည်ဟု ကျွန်မ မထင်ပါ။ သို့သော် ယုံမှတ် အပ်နှံ သွားသော သူငယ်ချင်းအပေါ်၌ သစ္စာရှိ မည်ဆိုသည်ကိုလည်း ကျွန်မ လုံးဝ သံသယမရှိပါ။ ကလစ် သည် အလွန် ထိန်းထိန်း သိမ်းသိမ်း နေ တတ်သူဖြစ်ပါသည်။

ဤသို့ဖြင့် ၁၉၇၂ ခုနှစ်၊ ဇွန်လထဲတွင် ကျွန်မတို့တတွေ ဆီယက်တယ်မှ စကိုင်ကိုမစ်ရှ်မြစ်ဆီ သို့ ပျော်ပွဲစား ထွက်ဖြစ် ခဲ့ကြ၏။ နှင်းခဲတွေ ပျော်ချိန်ဖြစ်၍ မြစ်ရေတက်ပြီး ရေစီးနေချိန်ဖြစ်သည်။
ကျောက်တုံးတွေပေါ်ဖြတ်ပြီး ရေက တဟဲဟဲ အြော်မည်ဖြတ်သန်းစီးဆင်းနေ၏။ ကျောက်တုံးတွေပေါ် ဖြတ်လျှောက် ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြ၏။
ပထမ ခုန်ပျံကျော်လွှားပြီး လျှောက်သွားကြတော့ ပျော်စရာကြီး၊ ထိုစဉ် လေတွေကျပြီး မိုးရွာချပါ လေတော့၏။ လက်တို ၀တ်လာသဖြင့် လက်မောင်းတွေပေါ်ကို မိုးပေါက်မှန်တော့ ကျွန်မ အသည်းထဲအထိ အေးစိမ့် သွားသည်။

" လာလာ ပြန်လှည့်ကြမယ် "
ကလစ်က လှမ်းအော်ပြောရင်း အတန်ဝေးသော ကျောက်ဆောင်တစ်ခုဆီကို လွှားခနဲ ခုန်ကျော် လိုက်သည်။ ကျွန်မကလည်း သူ့နောက်လိုက်ပြီး ခုန်လိုက်ပါသည်။ သို့သော် အကျ မကောင်းပါ။ ရေထဲ ထိုးကျ သွားပါလေတော့၏။ ကျွန်မ ရေစီးကြောင်းထဲပါသွားပါပြီ။ " တွေ့ရာဖမ်းကိုင်ထား "ဟု ကလစ် အော်ပြောသံ ကြားလိုက်ရသည်။
ဧရာမ ကျောက်တုံးကြီးတစ်ခုဆီသို့ ကျွန်မ ဦးတည်ကူးသွားပြီး တွယ်ထားဖို့ ကြိုးစားသည်။ တော်ပါ သေး၏။ ရေစီး နှင့် ပါမသွားဘဲ ရေစီးအားက ကျွန်မနှင့် ကျောက်တုံးကြီးကို ပိုပြီး မြဲအောင် နောက်က တွန်းပေး နေသလို ဖြစ်နေ၏။

ကလစ်က ကျောက်ဆောင်တွေပေါ်ကို လွှားခနဲ လွှားခနဲ ခုန်လိုက်လာပြီး ကျွန်မကိုမီသည်နှင့် ဒူးထောက်ပြီး "ကိုယ့်လက် ကို မြဲမြဲဆုပ်ထား"ဟု ပြောရင်း ကျောက်တုံးပေါ်ကို ကျွန်မအား ဆွဲတင် လိုက်ပါသည်။
" အားပါး ကိုယ်ဖြင့် တကယ်လန့်သွားတာပဲ စင်ဒီရယ်၊ လာ မြန်မြန်လုပ်၊ မင်း အအေးမိလိမ့်မယ် "
ကားပေါ် ရောက်တော့ သူက ကျွန်မကို စောင်နှင့်ပတ်ပေးပြီး ပခုံးသားတွေကို တအားပွတ်ပေးနေ သည်။ ပြီးတော့ ရုတ်ခနဲ ရပ်ပြီး ကျွန်မကို ငုံ့ကြည့်နေသည်။ သည်လို သူတစ်ခါမှ မကြည့်ဖူးခဲ့ပါ။ ပြီးမှ ကျွန်မ မျက်နှာ ကို သူ့လက် နှင့် မော့စေပြီး နမ်းပါလေတော့၏။ ဒါပေမယ့် ဖွဖွကလေးပါ။

ဤသို့ဖြင့် ကျွန်မတို့၏ ဆက်ဆံရေးသည် နောက်တော့ တစ်မျိုးတိုးလာလိမ့်မည်ဟု ကျွန်မ မျှော်လင့် ခဲ့မိ၏။ ကျွန်မ အမှားကြီးမှားပါသည်။
ထိုစဉ်က အသက် ၂၀ သာရှိသေးသည့် ကလစ်သည် မိုးထိအောင် လှေကားထောင်ချင်နေသူဖြစ်၏။ မကြာခင် အတွင်း အမေရိကန် ကမ်းတက်တပ်ကိုဝင်ပြီး ဗိုလ်သင် တန်းဖြေသည်။ အောင်သည်။
နောက်ဆယ်စုနှစ်များ အတွင်းမှာတော့ ကျွန်မတို့၏ ဘ၀များသည် ကရာတေးဆရာ အော်သလို "အလှည့်ပြောင်း"  ခဲ့ကြရပါ၏။

ကလစ် ဗိုလ်သင်တန်းတက်နေစဉ် ကျွန်မက တက္ကသိုလ် ဆက်တက်ဖြစ်ခဲ့ပါ၏။ စိတ်ပညာဘာသာ ရပ်ဖြင့် ဘီအေ အောင်ခဲ့ပါသည်။ ပြီးတော့ မဟာဝိဇ္ဇာဆက်တက်သည်။ သူနှင့်ကျွန်မ အဝေးကြီး ဖြစ် သွားပြီး သူက အမေရိကန် အရှေ့ဘက်ကမ်းခြေမှာ၊ ကျွန်မက အနောက်ဘက်မှာ။ ရည်မှန်းချက်ချင်း လည်းအလားတူပင်။
တစ်ခါပြန်ဆုံ ဖြစ်ကြပြီး ခဏတွဲဖြစ်လိုက်သေးသည်။ သို့သော် ဘ၀ချင်းက ဝေးကွာခြားနားခဲ့ပြီဖြစ်၍ တာရှည် မခံလိုက်ပါ။

နောက်ပိုင်း ၁၉၇၆ ခုနှစ်တွင် စန်ဒီယေးဂိုးတွင် သူနှင့် ကျွန်မ ကြုံတောင့်ကြုံခဲ ဆုံဖြစ်လိုက်သေး သည်။ ညစာ စားရင်း သူလက်ထပ်တော့မည့်အကြောင်း ကလစ်ကထုတ်ပြောတော့ သူ့အပေါ်တား ခဲ့မိ၏။ မျှော်လင့်ချက် မှိန်မှိန်ကလေးများ လုံးဝပျက်ပြယ်သွားခဲ့ရလေသည်။ ထိုစဉ်က ကျွန်မ မျက်ရည် ကျချင်ချင် ဖြစ်ခဲ့ ရသေး၏။ ဒုတိယအကြိမ်အခါ မသင့် အခွင့်မကြုံဖြစ်ခြင်းပင်။
ကလစ် ၏ အိမ်ထောင်သက်တမ်း သိပ်မကြာလိုက်ပါ။ ကလစ်သည် အုပ်ထိန်းခွင့်မရသော သမီးကလေး စတက်ဖနီ ၏ အဖေအဖြစ်နှင့် လူလွတ်ပြန်ဖြစ်နေသည်။
သို့ရာတွင် သူက နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ကျနေတာက ခပ်များများဖြစ်ပြီး တစ်ယောက် နှင့် တစ်ယောက် အမြင် မကြည်လင်သည်များလည်း ရှိနေသဖြင့် ကျွန်မတို့ မီးဝေးချိပ်မာ ဖြစ်နေခဲ့ ကြသည်။

၁၉၈၇ ခုနှစ် စက်တင်ဘာလဲထဲတွင် မမျှော်လင့်ဘဲ သူ ကျွန်မကို ဖုန်းဆက်သည်။ သူ ဆီယက် တယ်တွင် တစ်ပတ် သင်တန်း တက်ရမည်တဲ့။ ကျွန်မနှင့် တွေ့ချင်ပါသည်တဲ့။ ထူးဆန်းသည်ဟု စိတ်ထဲထင်လိုက်၏။
တွေ့ကြတော့ ကျွန်မတို့ အလုပ်အကိုင်အကြောင်း ပြောကြသည်။ မိသားစုအကြောင်း၊ အပေါင်းအသင်း တွေအကြောင်း ပြောကြသည်။ ကျွန်မသည် မြင့်မားသည့် ရည်ရွယ်ချက်တွေ၊ အစီ အမံ တွေကို မေ့နေပြီး သူနှင့် ပြန်ဆုံရသည် ကို ကျေနပ်နေမိ၏။
နောက် ၄ ရက်အကြာတွင် ကျွန်မတို့ ညစာ စားဖြစ်ကြပြန်သည်။ သူက ကျွန်မ လက်ကို လှမ်းဆုပ်ပြီး
" ကိုယ် နောက်မှ နောင်တရနေတာ စင်ဒီ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိုယ်အမှားကြီးမှားခဲ့တယ်။ ဧရာမ အမှားကြီး" ဟု ပြောလာသည်။

ကျွန်မ အထိတ်တလန့်ဖြစ်သွား၏။ သို့သော် သူ့ရင်ထဲက ထွက်လာသည့် စကားလုံးများဖြစ်ကြောင်း ကိုကား ကျွန်မ နှလုံးသားက သိနေ၏။ သူ စန်ဒီယေးဂိုးကို ပြန်သွားပြီး နောက်ပိုင်းတွင် ကျွန်မတို့ တစ်ခါ ထပ်ဆုံ ဖြစ်သေးသည်။

ဧပြီလထဲရောက်တော့ ကျွန်မ မွေးနေ့အတွက် ဆီယက်တယ်သို့ လေယာဉ်ဖြင့် သူ တကူးတက ရောက် လာ၏။ ကျွန်မ သဘောအကျဆုံး စားသောက်ဆိုင်တွင် သူက သီးသန့်အခန်းငှားထားသည်။ စားပွဲပေါ်တွင် ကျွန်မကြိုက်သည့် နွေဦးပန်းစီးမှ ကတ်ပြားကလေးကို ငုံ့ဖတ်ကြည့်လိုက်သည်။ " ခေါင်းညိတ် လိုက်ပါ တော့ကွယ်"တဲ့။ ကျွန်မ သူ ပြောသည့်အတိုင်း ခေါင်း ညိတ်လိုက်ပါသည်။
၁၉၈၈ ခုနှစ်တွင် ကျွန်မတို့ လက်ထပ်လိုက်ကြသည်။ အရှေ့အလယ်ပိုင်း၌ စစ်ဖြစ်လာလိမ့်မည်ဟု ကျွန်မတို့ လုံးဝ ကြိုမတွေးမိကြပါ။ အိမ်ထောင်သက် ၃ နှစ်မျှသာ ရှိသေးချိန်တွင် ခက်ခဲ ပင်ပန်းစွာ ခွဲခွာ နေကြ ရလိမ့်မည် ဟုလည်း မစဉ်းစားမိကြပါ။

ယခုတော့ သတင်းလာပေးသည့် ဒွန်နှင့်ကေးတို့ လင်မယားကို ငေးကြည့်နေရင်း စိတ်မချမ်းသာစရာ မေးခွန်း ကို ကျွန်မ မေးနေရပါပြီ။
" ကလစ် ရဲ့ မိဘတွေနဲ့ စတက်ဖနီကို အကြောင်းကြားပြီးပြီလား "
ဗိုလ်မှူးကြီး ဘီဗာက သူချက်ချင်း အကြောင်းကြားမည့်ဆဲဆဲဖြစ်ကြောင်း ပြန်ပြောသည်။ သည် သတင်းဆိုး ကြီးကြောင့် စတက်ဖနီကလေး၏ မျက်နှာလှလှကလေး ငိုမဲ့မဲ့ဖြစ်သွားမည့်ပုံကို မြင်ယောင်လာပြီး ကျွန်မ ရင်ထဲ နင့်သွားသည်။

၁၁ နှစ်သမီး ကလေးတစ်ယောက်အနေဖြင့် " စစ် "ဆိုသည့် အဓိပ္ပာယ်ကို နားလည်နိုင်ဦးမည်မဟုတ်ပါ။ ထိုည တွင် သူ့ဆီ ကျွန်မ ဖုန်းဆက်ပြီး အားပေးစကားပြောဖြစ်ခဲ့ပါ သည်။
ကျွန်မ စဉ်းစားကြည့်သည်။ ကလစ်တစ်ယောက် ကျဆုံးသွားလေပြီလား။ ကျွန်မတို့ အိမ်ထောင် ရေးတွင် အပျော်ဆုံး အချိန် မှာမှ ဒီအဖြစ်ဆိုးနှင့် ကြုံရမှာလား၊ သည်အတိုင်းဆိုလျှင်တော့ လောက သည် တရား မျှတမှု မရှိရုံသာမက ရက်စက်လွန်းရာလည်း ကျနေလိမ့်မည်။

ကျွန်မကို နေသာထိုင်သာရှိအောင် လုပ်ပေးနိုင်သူမှာ ကလစ်၏ အစ်မ "အန်း"သာ ဖြစ်လိမ့်မည်အထင်နှင့် ကျွန်မ လှမ်းဆက်သည်။
အန်း က အကောင်းမြင်ဝါဒသမားဖြစ်၏။ သူက သူ့မောင်အသက်ရှင်လျက်ရှိသည်ဟု သေသေချာချာ ယုံကြည် ထား၏။ " မင်း အတွက် သူအသက်ရှင်ကို ရှင်နေဦးမယ်၊ မင်းတို့နှစ်ယောက် တစ်ခါ ပြန်ဆုံကြရဦး မှာပေါ့ "ဟု အားပေးစကားပြော၏။

အပန်းဖြေ ခရီး ထွက်နေကြသည့် ကလစ်၏ မိဘတွေနှင့် နောက်တစ်နေ့တွင် အဆက်အသွယ်ရ သည်။ ထိုနေ့ တွင်ပင် ကလစ်၏ လေယာဉ်ပျောက်ဆုံးမှုအကြောင်း သတင်းထုတ်ပြန်သည်။ မိနစ် ပိုင်းအတွင်း သတင်းထောက် တွေ၊ ရုပ်မြင်သံကြားအဖွဲ့တွေ ကျွန်မ အိမ်ကို စုပြုံရောက်လာကြတော့၏။ လမ်းပေါ်တွင် သတင်းစာ တိုက်ပေါင်းစုံ က ကားတွေ၊ ရုပ်သံကားတွေ တန်းစီပြည့်ကျပ်နေ၏။ အိမ်ထဲ ၀င်လို့ မရသည့် သတင်းထောက် အချို့ က အိမ်နီးနားချင်းများကို မေးမြန်းစပ်စုနေကြ၏။ ပြေးပေါက်မရှိ၊ ပိတ်မိနေသူလို ကျွန်မ ခံစားနေရပါသည်။
-------------------
ဆက်ရန်
.

1 comment:

ahphyulay said...

ဒီတစ်ခါတော့  အိမ်ထဲဝင်ထိုင်ဖြစ်တယ်။
မြေပြင်သည် ကျွန်တော့်ဆီ သို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် 
ပြေးတက်လာသည် ဆိုတဲ့ အဖွဲ့ ကို အကြိုက်ဆုံး ။