Thursday, October 21, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၁၁)

အဲဒီလို ကန်ထရိုက်မျိုး ကို မြတ်မြတ်က အန်တီမေရီဆီခေါ်လာတယ်။ ပြီးတော့ လက်ခံသင့်တဲ့ အချက်တွေ ထောက်ပြတယ်။ တစ်အချက် အန်တီမေရီမှာ တစ်လကို ပုံမှန် ၀င်ငွေ တစ်ထောင်ရ မယ်။ (ဟောင်ကောင်ပုံ အလွှာဆိုတော့ ပေါင်းဆယ့် နှစ်လွှာ ရှိမယ်။ အန်တီမေရီက နှစ်လွှာ ယူထား မယ်ဆိုရင် တစ်လွှာတစ်ရာနဲ့ ဆယ်လွှာ တစ်ထောင်ပေါ့)။ နှစ်အချက် အန်တီမေရီတို့က သားအမိ နှစ်ယောက်တည်း ဖြစ်တဲ့အတွက် တစ်လွှာပဲနေ၊ မြေညီထပ်တစ်လွှာကို ရောင်းလိုက် (ဘယ်မြေ ပိုင်ရှင်မဆို ကြိုက်တဲ့အခန်းက ဈေးကောင်း ရတဲ့ အောက်ဆုံး မြေညီထပ် ယူတယ်) ရင် ဆောက်ပြီးပြီးချင်း ဈေးငါးသိန်း အသာလေးရတယ်။ သုံးအချက် အန်တီမေရီ အိမ်လေးက သပ်စုတ်နေပြီ၊ ပြင်ဖို့လိုအပ်နေပြီ၊ ဒါပေမယ့် ကိုယ့်မှာ ပြင်ဖို့ ပိုက်ဆုံလုံးဝ မရှိဘူး။

ဒီတော့ ကန်ထရိုက်ကို လက်ခံခြင်းအားဖြင့် ငွေငါးသိန်း၊ လစဉ် ပုံမှန်ဝင်ငွေ တစ်ထောင်နဲ့ (တစ်ထပ်အိမ် လေးလောက် မကျယ်သော်လည်း) နေစရာ သပ်သပ်ရပ်ရပ် တိုက်ခန်းလေး တစ်ခန်း ရမယ်။ အန်တီမေရီ ဘာလက်မခံနိုင်စရာရှိသလဲ။ ပြီးတော့ ကိုယ့်မြေလဲ ဆုံးသွားတာ မဟုတ်ဘူး။ ဒီထက် ပိုပြီး လက်ခံ ပျော်တာက အန်တီမေရီရဲ့ စပ်စုတတ်တဲ့ ၀ါသနာအတွက် မပတ်သတ် မဆက်ဆံဘဲနေလု့မရတဲ့ အိမ်နီးချင်း တွေနဲ့ နေရမယ်။ လမ်းဗိုလ်ကြီး အမြော်အမြင် ကြီးမှုကြောင့် ဖုန်းလေးတစ်လုံး ရှိခဲ့တဲ့အတွက် ဖုန်းဆိုရင် ရွှေထက်ရှား တဲ့ ခုလိုချိန်မှာ တိုက်မှာ နေတဲ့သူတွေကို ဖုန်းခေါ်ပေးတာနဲ့ကို ပိုက်ဆံလဲရ စပ်စုလို့လဲ ရဦးမယ်။

ဒီတော့ လုပ်လိုက်လေကြာသလားလို့ပေါ့။ တိုက်ဆောက်နေတုန်းမှာ အန်တီမေရီတို့ သားအမိ နှစ်ယောက် ကန်ထရိုက် ရဲ့ လူတွေနဲ့အတူ သူတို့ဆောက်တဲ့ တဲလေး တစ်ခြမ်းမှာပဲ နေလိုက်တယ်။  ကန်ထရိုက်က ခြောက်လ ပဲကြာမယ် ပြောတကိုး။ ခြောက်လနဲ့တော့ အိမ်ငှားမနေတော့ပါဘူး။ လက်ထဲလဲ စပေါ်တင်စရာ ပိုက်ဆံ မရှိဘူး။ ကန်ထရိုက်က တကယ်ဆောက်တော့ တစ်နှစ်နီးပါး လောက် ကြာသွားတယ်။ တခြားနေရာ မှာလဲ ပြိုင်ဆောက်နေရလို့တဲ့။ ခြောက်လကျော်တော့ အန်တီမေရီ တဲတစ်ခြမ်းထဲမှာ မနေနိုင်တော့ဘူး။ ကိုယ်ရမယ့် မြေညီထပ်ထဲ ပြောင်းလိုက်တော့ တယ်။ တိုက်က တစ်ဝ်လောက်တော့ ပြီးနေပြီပဲ။ နေလို့ ရပါတယ်။ အင်း ... ကိုယ်ရမယ့် မက်လုံး တွေကြောင့်သာ သည်းခံခဲ့ရတာ။ တိုက်ဆောက်နေစဉ် ကာနေခဲ့ရတာဟာ တော်တော်ဆင်းရဲပါ တယ်။ တိုက်ဆောက်တဲ့သဲတွေ၊ ထုံးအမှုန့်တွေ၊ ဘိလပ်မြေ အမှုန့် တွေကြောင့် (ဘယ်လောက် အပြင်ထွက်နေနေ) အန်တီမေရီ ရင်ကျပ်တာ လိုလို၊ အသက်ရှူမ၀တာလိုလို ရောဂါမျိုး ဖြစ်လာ တယ်။ နဂိုက နှလုံးသွေးကြောကျဉ်းတဲ့အခံကလဲ ရှိတာကိုး။

အဲဒီအချိန်မှာ ဘာမှမဖြစ်တာက ဆန်နီ။ မဖြစ်တဲ့ပြင် သူ မကြားရတဲ့ လေချွန်သံ တရှီးရှီးနဲ့ ပျော်တော် နေလိုက်သေး။ တိုက်ဆောက်တဲ့ ပန်းရန်တွေထဲ ၀င်ကူလုပ်လိုလုပ်။ ကန်ထရိုက်လာရင် လဲ ခိုင်းတာ လုပ်ပေး ရတာနဲ့။ အားလုံးနဲ့ ခင်လို့ သူက။

ဒီကောင်က လူကလေးကသာ ဒုက္ခိတကလေး။ အကောင်း သိပ်ကြိုက်တာ။ နေတာထိုင်တာ၊ ၀တ်တာစားတာ၊ ကောင်းမှ ကြိုက်တဲ့ကောင်။ အိမ်စုတ်မှာ သူ မနေချင်ဘူးလေ။
တိုက်ပြီးတော့လဲ အခန်းကို သူပဲ ပြင်တာ၊ ဆင်တာပဲ။ ကြမ်းတွေ တိုက်တာ၊ နံရံဆေးသုတ်တာ၊ သံပန်းတံခါး ဆေးသုတ်တာ သူ အကုန် လုပ်တယ်။ ပြီးတော့ ဘာပြောသလဲဆိုတော့ အောက်ထပ် က သူ့အခန်းတဲ့။ အပေါ်က အမေ့အခန်းတဲ့။ အန်တီမေရီမယ် စိတ်မကောင်း ဖြစ်ရသေးတယ်။ ဘာလို့လဲဆိုတော့ အောက်လွှာ မြေညီထပ်ကို အန်တီမေရီက ငှားရမှာကိုး။ ကြမ်းခင်းတာ၊ ဆေးသုတ်တာတွေကို ငှားမယ့် သူဆီက ပိုက်ဆံယူပြီး အန်တီမေရီ လုပ်ရတာ။ တစ်လကို နှစ်ထောင် တစ်နှစ် စာချုပ်ချုပ်ပြီး နှစ်သောင်း လေးထောင် ယူလိုက်တာ။ ငှားတဲ့သူက စားသောက် ဆိုင်ဖွင့်ဖို့။ တရုတ် အစားအစာ ရောင်းမယ့် တရုတ် စားသောက်ဆိုင် အသေးလေးပေါ့။

ဆန်နီ အစွဲအလမ်းဟာ တော်တော်အံ့သြဖို့ ကောင်းတယ်။ အဲဒီ အကျိုးအကြောင်းကို အန်တီ မေရီ ပြောပြတော့ မျက်နှာပျက်ရုံလောက်ပဲ။ ဒါပေမယ့် ဆိုင်ဖွင့်တဲ့နေ့၊ သူ "သ"ထားတဲ့ အခန်းထဲကို လူတွေ ၀င်တာ နဲ့ ရှိုက်ကြီးတငင်ငိုတာ၊ အန်တီမေရီ အတော် ချော့ယူရတယ်။ နောက်တော့လည်း သူ့အကျင့် အတိုင်း အဲဒီဆိုင်မှာ သွားစားပွဲထိုး လုပ်နေတော့တာပဲ။ ဆိုင်ကလဲ သူကို ချစ်ကြခင်ကြ တာပါ ပဲ။ သူက လူလည်။ ဆိုင်စားပွဲထိုး လုပ်ရင်း သူ့အခန်း ပျက်စီးသလား ကြည့်တာ။ ကြမ်းပေါ်ကို မီးကျရင်၊ နံရံကို သံရိုက်ရင် "အားပါးပါး" နဲ့ သူ့အသံဟာ ဆူညံနေတာပဲ။ ဆိုင်က သူ့ကို ၀ိုင်းရယ်ကြရော ...။
စားသောက်ဆိုင် ကို တစ်နှစ်ပဲ အန်တီ မေရီ ထားလိုက်တယ်။ လခတိုးပေးမယ် ပြောပေမယ့် တော်ပြီ။ အန်တီမေရီ ညှော်နံ့ဒဏ် မခံနိုင်ဘူး။ အောက်လွှာက တစ်နေကုန် ကြော်သမျှ လှော်သမျှ ညှော်တာ အပေါ်လွှာ ထဲကို အကုန်လုံး တက်တာပဲ။ လှေကားအပေါက်ကနေ တက်တာပေါ့။ ခဏပဲ ငှားတာဆိုတော့ အပေါ်လွှာ ကို အပေါက်ဖောက်မနေတော့ဘူးလေ။ အန်တီမေရီတို့ တက်တော့ ဆင်းတော့လဲ ဆိုင်ထဲက နေပဲ ဖြတ်ပြီး ဆင်းရတက်ရတာပေါ့။ လှေကုားပေါက်ကို သုံးထပ်သား အံဖုံးတံခါး တပ်ထားတယ်။

စားသောက်ဆိုင် ရွှေ့သွားတဲ့နေ့ကများ ဆန်နီ ပျော်လိုက်ပုံတော့ မပြောနဲ့တော့။ အောက်လွှာ ကြမ်းပြင်ပေါ်မှာ ဘရိတ်ဒန့်တွေ  ဘာတွေတောင် ဆွဲပစ်လိုက်သေးတယ်။
ဒါပေမယ့် သူကြာကြာ မပျော်ရရှာပါဘူး။ ပြီးခဲ့တဲ့ နိုင်တီးဝမ်း တစ်နှစ်ကို အကျိုးဆောင်ကုမ္ပဏီ တစ်ခုကို ငှားရပြန်တယ်။ သူ့ကိုတော့ ဖုန်းပါတစ်လေ သုံးထောင့်ငါးရာနဲ့ နှစ်ချုပ်ငှားလိုက်တာပေါ့။ သူတို့က နံနက်လာ၊ ညနေပြန်ပဲ။ ရုံးခန်းပဲ ငှားတာကိုး။

ဒီနှစ် နိုင်တီးတူးမှာ သူတို့လိုချင်တယ်ဆိုရင်တော့ လခတိုးတောင်းပြီး ဆက်ငှားမလို့ပါပဲ။ ဒါပေမယ့် သူတို့က ပြန်အပ်သွားတယ်။ လခ ကောင်းကောင်းနဲ့ ရုံးန်းလောက်ပဲ ငှားမယ့်သူမျိုးကို ရမှပဲ ငှားတော့မယ်လို့ အန်တီမေရီ စိတ်ကူးထားတယ်။ ဒီနှစ်ပိုင်း ပွဲခလေးတွေကလဲ မဆိုးပါဘူး။ သားအမိနှစ်ယောက် သုံးလောက် စွဲလောက် ရုံတော့ ရနေပါသေးတယ်။ ဆန်နီကတော့ အောက်လွှာ ကို အပိုင်စားရလို့ ပျော်နေတာပဲ။ တစ်ခါ တစ်လေ အန်တီမေရီ တွေးမိတယ်။ အန်တီမေရီ ရောဂါကို များ ရောင်းစားရမယ်ဆိုရင် ဆန်နီတစ်ယောက် ဘယ်လိုများ ဖြစ်ပါ့မလဲလို့။
"ဆန်နီဘွိုင်"

အပြင် သွားခါနီးတိုင်း အပေါ်လွှာပေါ်မှာ လေးကန်ဖင့်နွှဲနေတတ်တဲ့ အန်တီမေရီ ထုံးစံအတိုင်း လှေကားက လားလာချိန် မှာ အကျင့်ပါနေမြဲ သူ့ခေါ်သံကို ကြားရမယ်။ သူ့ခေါ်သံနဲ့ တစ်ပြိုင်တည်း ရှေးဟောင်း တိုင်ကပ်နာရီ က ခုနှစ်နာရီ ထိုသုံးကိုလည်း ကြားရတယ်။
"ဟော ... ခုနှစ်နာရီ၊ ဒီနာရီက ငါးမိနစ်တောင် နောက်ကျနေတာ၊ ဆန်နီ"
အန်တီမေရီ က ပျာယာခတ်ရင်း ဆန်နီကို စာရွက်ပိုင်းလေးနဲ့ ဆယ်တန်တစ်ရွက် လှမ်းပေးတယ်။ ပြီးတော့ သူ့ကိုယ်လုံးကြီး တအိအိနဲ့ အမြန်ထွက်သွားတော့တယ်။
သူ့အမေ စာရွက်ပိုင်းကို ဆန်နီ ဖတ်လိုက်တယ်။

"... ထမင်းစားရင် လက်ဖက်သုပ်  ၀ယ်စား။ မာမီပြန်လာမှ ဟင်း ၀ယ်ခဲ့မယ်။ လျှောက်သွားမနေနဲ့ ..."
ဆန်နီ က နှုတ်ခမ်းတွေကို စုချွန်လိုက်တယ်။ ပြီးတော့ ထမင်းစားပွဲပေါ်က လက်ဖက်ရည် ပန်းကန် တွေကို ဆေးကြော သိမ်းတယ်။ စားပွဲကို အ၀တ်နဲ့ သေချာသုတ်ပြီး အိမ်ရှေ့ ထွက်ခဲ့တယ်။ အိမ်ရှေ့ ခေါက်တံခါးကို ပိတ်တယ်၊ ပြီးတော့ သံပန်းတံခါးကို ပိတ်ပြီး သော့ခတ်လိုက်တယ်။ သော့ကို နှစ်ခါ သုံးခါ လှုပ်ကြည့် လိုက်သေးတယ်။
သေချာပြီ ဆိုတော့မှ လှည့်ထွက်လိုက်တယ်။

ဆန်နီ လက်ဖက်င်္ရည်ဆိုင် သွားမယ်လေ။ လှည်းတန်းလမ်းမက လက်ဖက်ရည်ဆိုင်မှာ နံနက်တိုင်း သူငယ်ချင်းတွေနဲ့ မပျက်မကွက် ထိုင်နေကျ။ သူ့လိုပဲ နားမကြား၊ စကားမပြောနိုင်ရှာတဲ့ သူငယ်ချင်း သုံးယောက်နဲ့တူတူ ဆန်နီထိုင်နေကျလေ။

သူငယ်ချင်းတွေနဲ့ ဆန်နီစကားပြောမယ်။ ရမယ်၊ ရေနွေးသောက်မယ်၊ ထမင်းစားခါနီး လက်ဖက် သုတ် ၀ယ်ပြီး ပြန်မယ်။
တရှီးရှီးနဲ့ လေချွန်လာတဲ့ ဆန်နီ့ နှုတ်ထမ်းတွေက ပိုပြီး စုချွန်လာတယ်။
ပခုံး တွေကိုလဲ ဟိုဘက်စောင်းလိုက်၊ ဒီဘက်စောင်းလိုက်။ ခေါင်းကိုလည်း ဘယ်ညာ စောင်းငဲ့လိုက် နဲ့ မြစိမ်းပြာ လမ်းလွယ်ထဲကနေ ဆန်နီ မြန်မြန် ထွက်ခဲ့တယ်။
-------------------------------------------------------------
နံနက် ခုနှစ်နာရီ ထိုးပြီးတာနဲ့ သုံးထပ်တိုက်ကြီး တစ်တိုက်လုံး ငြမ်ဆိတ်သွားတော့တယ်။
ငှက်များ အစာရှာ သွားကြတဲ့အခါ အသိုက်အမြုံချည်း ကျန်ခဲ့သလိုပဲ။
ဒီသုံးထပ်တိုက အသိုက်အမြုံကြီးမှာတော့ အမြဲတမ်း ကျန်နေခဲ့တဲ့ ငှက်အိုကြီး နှစ်ယောက်နဲ့ ငှက်ပေါက်စလေး တစ်ယောက် ရှိတယ်။
ဖိုးဘတင် ဆိုတဲ့ ငှက်အိုကြီးက အဲဒီအချိန်ဆိုရင် ၀ရန်တာကို ပက်လက်ကုလားထိုင်တစ်လုံးနဲ့ နေပူ ဆာလှုံ ထွက်လာပြီ။

မျက်နှာချင်းဆိုင်က အဘွား ငှက်အိုမကြီးကတော့ ၀ရန်တာမှာ ၀ါးလုံး ၀ါဝါလေးတွေနဲ့ အ၀တ်စို တွေ လှမ်းပြီး သုတဆိုတဲ့ ငှက်ပေါက်စလေးကို တဟဲ့ဟဲ့ အော်ရင်း အလုပ်ရှုပ်ပြီ။
မြစိမ်းပြာ လမ်းသွယ်ထဲက လမ်းသွားလမ်းလာ လူရောင်စုံနဲ့ ကားကလေးတွေကို ငေးမောရင်း ဖိုးဘတင်က နံနက်ခင်း အချိန်ကို ကုန်ဆုံးတတ်တယ်။
လမ်းသွယ်ထဲက လူအားလုံးဟာ သူတို့နောက်ကို တစ်ယောက်ယောက်လိုက်နေသလို လမ်းလျှောက် ကြတယ်။ ရန်ကုန်မြို့ လူတွေဟာ ဒီလိုပဲ လမ်းလျှောက်ကြတယ် ထင်ပါရဲ့။
ဆောင်းတွင်း ဆိုပြီး အနွေးထည်ထူထူ ၀တ်ထားတဲ့လူလဲ တစ်ယောက်မှ မတွေ့မိပါဘူး။ ဖိုးဘတင်တို့ အညာ မှာလို နေပူဆာ ထွက်လှုံကြတယ်ရယ်လို့လဲ မရှိ။ အညာမှာတော့ နေပူဆာ လှုံတာကို ဇိမ်ခံပြီး တခမ်းတနား ထွက်လှုံကြတာရယ်။

နံနက် ရှစ်နာရီလောက်၊ နေကောင်းကောင်း ပွင့်လာတဲ့အချိန်လောက်ပေါ့။ ထွက်လာကြပြီ။ ကိုယ်အိမ်ရှေ့ မြေကွက်လပ်မှာ ပက်လက်ကုလားထိုင်နဲ့ တစ်မျိုး၊ ဂန်နီအိတ် ခင်းပြီးတော့ တစ်သွယ်၊ ဖင်ထိုင်ခုံးလေးတွေနဲ့တစ်ဖုံ။ နေပူဆာလှုံဖို့ ထွက်လာကြပြီ။ အလုပ်သွား၊ ကျောင်းသွားတဲ့လူက လွဲရင် အိမ်မှာ ကျန်တဲ့လူ အကုန်လုံး အိမ်တိုင်းအိမ်တိုင်းက ထွက်လာကြတာပဲ။
နေပူဆာ လှုံသူတွေရဲ့ရှေ့မှာ လက်ဖက်ရည်ကရား၊ ကွမ်းအစ်၊ လက်ဖက်အုပ်၊ ဆေးလိပ်ခွက်နဲ့ တခြား စားစရာ သောက်စရာ ပန်ကန်လေးတွေ (ကောက်ညှင်းပေါင်းတို့၊ အကြော်တို့၊ ငါးခြောက်ဖုတ်တို့)ကရှိမြဲ။ ပြီးတော့ ယောင်္ကျား၊ မိန်းမ အိမ်မှုကစ္စ လုပ်စရာရှိတဲ့ အလုပ်ကိုလဲ နေပူဆာမှာ စကားတပြောပြောနဲ့ လုပ်ကြမြဲ။

သိုးမွေးထိုးတဲ့လူ၊ ထမင်းစားခါနီး ခပ်ဖို့ ဟင်းချိုရွက်သင်တဲ့သူ၊ ညနေစာအတွက် ရေစိမ်ထားတဲ့ပဲကို အခွံညှစ် အချာသတ်တဲ့သူ၊ သင်ဖြူးရက်တဲ့သူ၊ စာအုပ်ဖတ်တဲ့သူ။
ကိုယ်အလုပ်လေး ကိုယ်လုပ်ရင် လက်ဖက်ရည်ကြမ်းလေးသောက်လိုက်၊ စားစရာလေးစားလိုက်၊ စကားလေး ပြောလိုက်နဲ့ နေရောင်လေးကြောင့် လူတစ်ကိုယ်လုံးကလည်း နွေးလို့။ အဲဒီအရသာ ဟာ ဘာနဲ့မှ ကို မလဲနိုင်အောင် အရသာ ရှိပါပေရဲ့ဗျာ။

ဖိုးဘတင်တို့ အဘိုကြီး အဘွားကြီးတွေဆို ထမင်းစားရင်းတောင် နေပူဆာမှာပဲ စားလိုက်ကြ တာပဲ။ အညာဆောင်းက အေးလွန်းတော့ နေပူဆာကနေ အိမ်ထဲပြန်ဝင်ကြတယ်။ ထမင်းစားတော့ နေပူဆာ မှာပဲစား။ နေပူဆာမှာ စားရတာ ပိုပြီးတော့ ထမင်းမြိန်တယ်။ ပဲရွက်ဟင်းချိုက လတ်လတ် ဆတ်ဆတ်အငွေ့ တထောင်းထောင်း၊ ငါးပိတစ်ချက်က နံနံပင်။ ငရုတ်သီးစိမ်း၊ လတ်လတ် ဆတ်ဆတ် အုပ်လို့၊ မြေပဲနိုင်းချင်း ပဲသီးသုပ်၊ ၀က်သားနီချက် ရဲရဲအိအိ။ အညာ ဆောင်းတွင်းဟင်း တွေလေ။ အင်မတန် စားလို့ ကောင်းတာ ပေါ့။

အင်း...ဒီနေ့ ဖိုးဘတင် စားရမယ့် ဟင်းတွေ ဘာတွေပါလိမ့်။ မစဉ်းစားချင်ပါဘူး။ ဘာဟင်းဖြစ်ဖြစ် ခံတွင်း တွေ့မယ်တော့ မထင်ပါဘူး။
သတင်းစာ တွေဝယ်တယ်၊ ဗလာစာအုပ်တွေ ၀ယ်တယ်၊ နို့ဆီခွက်တွေ၊ ပုလင်းခွံတွေ၊ ပလတ်စတစ်တွေ ၀ယ်တယ်။
ဟော.. ဖိုးဘတင် အတွက် နံနက်ခင်း တေးသံစုံ ဖျော်ဖြေရေး အစီအစဉ်၊ နံပါတ်(၁)လာပြီ။
'အုန်း... ဆီ... အုန်း.... ဆီ'

အဲ... ဒါက ဖျော်ဖြေရေး အစီအစဉ် နံပါတ်(၂)၊ အုန်နဲ့ဆီကြားမှာဆွဲပြီး အော်တတ်တဲ့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်တွင်း လူကြီးတစ်ယောက် အုန်းဆီ သတ္တုချိုင့်လေး ဆွဲပြီး လာနေတယ်။ အုန်းဆီကို ဒီလို လျှောက် ရောင်းတာမျိုး အညာမှာ မတွေ့ဖူးတဲ့ ဖိုးဘတင်မှာတော့ အ ဆန်းလိုဖြစ်လို့နေတယ်။ အဲဒီလူကို မျက်စိ တစ်ဆုံး ဖိုးလတင် လိုက်ကြည့်နေမိတယ်။ သူ့အသံ တဖြည်းဖြည်း ဝေးသွားတာကို လိုက်နားထောင် ရတာ နားထောင်လို့ ကောင်းသလိုပဲ။

ခပ်နွေးနွေး လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ဖိုးဘတင် ၀ှဲ့သောက်ရင်း ဖျော်ဖြေရေး အစီအစဉ်တစ် ခုကို ဖိုးဘတင် စောင့်ပြန်တယ်။ အလျင်းနေ့အတွက် အစီအစဉ်အရဆိုရင်တော့ အုန်းဆီပြီးရင် လူ တစ်ယောက်တည်း က အသံအမျိုးမျိုးနဲ့သီချင်းဆိုရောင်းတတ်တဲ့ 'ဦးချိန်တီး' လျက်ဆာပဲ။
'အုန်းသီးခူးတယ်။ အုန်ပင်ပြင်တယ်၊ အုန်းသီးခူးတယ်'
အဲဗျား၊ ဒါကတော့ ဖိုးလတင်အတွက် အစီအစဉ်သစ်ပဲ။

ဖိုဘတင် မကြားဖူသေးဘူး။ ၀ရန်တာကနေ မတ်တတ်ရပ်ပြီး ဖိုးဘတင်ကြည့်တယ်။ အသက် လေးဆယ်လောက် လူတစ်ယောက်။ တုတ်တုတ်ခိုင်ခိုင်၊ ခပ်ကြမ်းကြမ်းမျက်နှာပေါက်နဲ့ ကြိုး တစ်ခွေကို ပခုံးပေါ်တင်ပြီး ဓားတစ်ချောင်းကို ခါးမှာချိတ်ထားတယ်။ အုန်းသီးခူးတယ်၊ အုန်းပင်ပြင်တယ်တဲ့။ ရန်ကုန်မြို့က အုန်းပင်ပေါတဲ့အရပ်ဆိုတော့ ဒီလိုလည်း လုပ်စားလို့ရတယ် ထင်ပါရဲ့။ အုန်းသီးခူးခ၊ ပြင်ခ ဘယ်လောက်များ ရှာပါလိမ့်။

ရန်ကုန်မြို့က အုန်းပင်တော့ တကယ်ပေါတဲ့အရပ်။ အိမ်တိုင်းအုန်းပင်ရှိတယ်။ အုန်းပင်ပေါ သလောက် အုန်းသီးကလည်း တယ်သုံးတဲ့အရပ်ကိုး၊ ဘာမုန့်ပဲဖြစ်ဖြစ် အုန်းသီးဖြူးထားတာပဲ။ ပြီးတော့ ဆီမပါ၊ ဆာမပါ အုန်းသီးနဲ့ပဲ ဒီတိုင်းစားကြတာကိုး။ မစားတတ်လိုက်တာ၊ အညာက ကောက်ညှင်းပေါင်းဆို နှမ်းတောင်းနဲ့ နှမ်းဆီနဲ့ အိနေအောင်နယ်ပြီး အကြော်တို့၊ ပဲပြုတ်တို့နဲ့ တွဲစားတာ။ မုန့်စိမ်းပေါင်းဆိုလည်း နှမ်းဆီ မွှေးမွှေးလေး ဆမ်းပြီးစားတာ။ အုန်းသီးနဲ့တော့ မစားပါ ဘူး။ ဒီကတော့ အရာရာမှာ အုန်းသီး၊ အုန်းနို့ကင်းတာကို မရှိသလောက်ပါပဲ။ ထန်းသီးမုန့်၊ ငှက်ပျောမုန့်၊ မုန့်လုံးရေပေါ်၊ သာဂူ၊ ဟာ ... မပါတာ မရှိပါဘူး။ ရွှေချီဆနွင်းမကင်းဆိုလည်း အုန်းနို့ တွေ အများကြီးထည့်ပြီး အုန်းသီးမုန့်ကြီး စားရသလိုပဲ။
အညာ မှာလည်း ရွှေချီဆနွင်း မကင်းထဲ အုန်းနို့ထည့်ပါတယ်။ ဒါပေမယ့် အာနေတော်ပဲ။ အညာရွှေချီ ဆနွင်းမကင်း က ဘဲဥနဲ့၊ ထောပတ်နံ့နဲ့ အုန်းနို့နံ့ကရောပြီး၊ မျှပြီး မွှေးတဲ့အနံ့လေး။ အဲဒါမှ ရွှေချီဆနွင်း မကင်းနံ့။ အဲဒါမှ စားလို့ကောင်းတာ။

ပြီးတော့ ဒီမှာ အုန်းထမင်းချက်ကြတယ်။ အုန်းနို့ပေါပါရဲ့။ ဆန်ကောင်းပါရဲ့၊ ဆားမပါဘူး၊ ကဲ... ဘယ်လို လုပ်မလဲ။ အုန်းထမင်းထဲဆားတည့်မချက်ကြဘူး။ ပေါရွှတ်ရွှတ်နဲ့ ဘယ်လိုမှ အရသာခံ လို့မရဘူး။ သူတို့ဆန်ဆိုတာလည်း ပေါ်ဆန်းမွှေးတို့ ဘာတို့ဆိုတာတွေ ဘယ်လောက်ကောင်း ကောင်း ဖိုးဘတင် တို့အညာမှာ'အုန်းထမင်းဆန်' ဆိုပြီး သတ်သတ်ရှိတဲ့ 'ခပ်ချိုဆန်' ဆိုတာလောက် ကောင်းတယ်မထင်ဘူး။

နောက်ပြီး သူတို့အုန်းထမင်းချက်တာကလည်း လွယ်လွန်း၊ မြန်လွန်းပါတယ်။ စားချင်ရင်သွား၊ ဈေးနားမှာ အုန်းသီးခြစ်၊ ညှစ်ဆိုင်ကိုသွား၊ အဲဒီမှာ ကြိုက်အုန်းသီးလက်ညှိုးထိုး၊ ဟိုက တစ်ခါတည်း အခွံခွာပြီး စက်နဲ့ ညှစ်ပေး လိုက်တဲ့ အုန်းနို့ယူလာ၊ အိမ်ကဆန်နဲ့ လျှပ်စစ်ထမင်းအိုးထဲထည့်၊ ခလုပ်ဖွင့်ထားလိုက်။ ပြီးပြီ။ ခလုတ်ကျရင်ကျက်ပြီ၊ စားရုံပါပဲ။ ကြက်သား၊ ၀က်သားဟင်းလေး တစ်ခွက်ချက်ထားတာနဲ့ ဆိုင်သရက်သီး ဆီစိမ်အထုပ် ဖြေလို့ပေါ့။ ဒါပဲ။ လွယ်လွန်း မြန်လွန်းတယ်။ ဖိုးဘတင်မကြိုက်ဘူး။ အုန်းထမင်း ချက်ရတဲ့ အရသာ ဘာမှမခံလိုက်ရဘူး။

အုန်းထမင်း ချက်စားတယ်ဟေ့ ဆိုရင် ချက်မယ့်နေ့ကို တစ်ပတ်လောက်ကကြိုပြီး ရက်သတ် ထားတာ။ အဲဒီတစ်ပတ်လောက်မှာ အုန်းထမင်း ဆန်ဝယ်ထားတယ်။ ကုလားပဲ ၀ယ်ထားတယ်။ ငှက်ပျောသီးဖီကြမ်း ရင့်ပေ့ဆိုတာ ၀ယ်ထားတယ်။ ၀ယ်ထားပြီးတော့ ချက်မယ့်နေ့ နံနက်စော စောကျ အုန်းထမင်းဆန်ကို ရေစိမ် တဲ့ သူကစိမ်၊ အုန်းသီးခွဲတဲ့သူကခွဲ (အုန်းသီးခွဲနေတဲ့အချိန် အုန်းရည်သောက်ဖို့ ရေခွက်ကိုင်ပြီး အုန်းရည် စောင့်ကြတာကို တပျော်တပါး)။

အုန်းခြစ်ကို ဖုန်သုတ်ရေဆေးတဲ့သူကဆေး၊ အုန်းခြစ်အောက်က ခံမယ့်လင်ပန်းယူချည်ဦး၊ အုန်းနို့ညှစ်ဖို့ သေတ္တာထဲက လက်သုတ်ပ၀ါအသစ်နှစ်ထည် ယူချည်ဦးလို့ အော်တဲ့သူကအော်။
အုန်းသီးခွဲပြီးပြီ။ အုန်းသီးခြစ်ဖို့၊ ညှစ်ဖို့လုပ်ငန်းစမယ်။ လင်ပန်းသန့်သန့်ပေါ်မှာ အုန်းခြစ်တင်၊ အုန်းသီးခြမ်းပေး။ အုန်းခြစ်ကို ခြေထောက်နဲ့ဖိ၊ ဖိပြီးခြစ်ပြီ။ တဖွေးဖွေးကျလာတဲ့ အုန်းသီးဖတ် ထွေးထွေးလေး တွေကို ကလေးဘ၀က အင်းမတန်နှိုက်စားချင်တယ်။ ထွေးထွေးနုနုနဲ့ စားလို့သိပ် ကောင်းတာ ကိုး။

အုန်းသီးခြစ်ပြီးပြီဆိုတော့ လက်သုတ်ပ၀ါအသစ်ထဲမှာ အုန်းသီးခြစ်ပြီးသား လက်ဆုပ် နှစ်ဆုပ်စာ လောက်ထည့်။ လက်သုတ်ပ၀ါကို လိမ်ပြီးကိုင်၊ ဘေးနားမှာအဆင်သင့်လာချပေးထားတဲ့ ရေနွေးနဲ့ နည်းနည်းချင်း လောင်းလောင်းပြီး၊ တခြားလင်ပန်းတစ်ခုမှာ အုန်းသီးဖတ်လေးတွေ နူးအောင်ချေ ချေပေးရတယ်။ ပြီးမှ ဇလုံသန့်သန့်ထဲ ညှစ်ထည့်လိုက်။ ပြီးရင် နောက်တစ်ခါ လက်သုတ်ပ၀ါပေါ်က အုန်းသီးဖတ် လေးတွေပေါ် ရေနွေးလောင်းပြီးချေ။ ပြီးတော့ညှစ်လိုက်။

အုန်းနို့ညှစ်နေတဲ့အချိန်မှာ ကြက်သားဟင်းချက်တဲ့သူ။ ကုလားပဲပြုတ်တဲ့သူကချက်ကြ၊ ပြုတ် ကြပေါ့၊ ကုလားပဲက ပြုတ်ပြီး ကြက်သွန်ဆီသတ် အသုံးမပျက် ကြောက်မယ်လေ။ သရက်ချဉ် ပေါ်တဲ့အချိန်ဆို သရက်ချဉ် သုပ်ဖို့ အဆင်သင့်လုပ်ထား၊ မပေါ်တဲ့အချိန်ဆိုရင် သရက်သီးဆီစိမ်ကို ချက်ချင်း လတ်လတ် ဆတ်ဆတ် လုပ်တာ။ အညာအိမ်တိုင်း စဥ့်အိုးနဲ့သိမ်းထားတတ်တဲ့ သရက် သီးထက်ခြမ်းခွဲ နေလှန်း ဆားသိပ်(သရက်သီးဆားဖတ်)ဆိုတာကို ရေနွေး လေးနဲ့ အိစက်သွား အောင် ဖြောလိုက်ပြီး ချင်း၊ ကြက်သွန်ဖြူ၊ မဆလာနဲ့ ဆီသတ်ပြီး လောင်း လိုက်တာပေါ့။
မီးဖိုဖို့ မီးမွှေးတဲ့ထင်းကိုက အုန်းထမင်းချက်တဲ့နေ့မှာ မီးကျီးကောင်းစေမယ့် ထင်းကို တမင် မွှေးရတယ်။ မန်းကျည်းထင်း တို့၊ ထောက်ကြံ့ထင်းတို့ပေါ့။
ဒါမှ အုန်းထမင်းနှပ်လို့ ကောင်းတယ်။

အုန်းထမင်းချက်ပြီဟေ့ ဆိုတဲ့အချိန်ကျတော့ မီးကလည်းအရှိန်သိပ်ကောင်းနေပြီ။
အိုးထဲကို ဆီထည့်၊ ဆီကျက်ရင် ဘာကြော်သလဲဆိုတော့ အဲဒီအချိန်မှာ မှည့်ဝင်းအိနေတဲ့ ဖီးကြမ်း ငှက်ပျောသီးကိုကြော်တယ်။ အဲဒီကြော်တဲ့ဆီနဲ့ အုန်းထမင်းချက်လို့သိပ်ကောင်းတာကိုး (ငှက် ပျောသီးကြော်နဲ့အုန်ထမင်းကိုလည်း အညာမှာ တွဲစားတယ်လေ)။

ကြော်ပြီးသား ငှက်ပျောသီး နှစ်လုံးလောက်ကိုလည်း ရေစိမ်ထားတဲ့ဆန်ထဲမှာ ထည့်နယ်လိုက် သေးတယ်။
ပြီးတော့မှ ဆီထဲကို အုန်းနို့်ထည့် ဆီသတ်၊ တချို့ကျတော့ အုန်းနို့ကိုမစင့်တစင်ညှစ်ပြီး ကျန်တဲ့အုန်းဖွဲ့ကို အလျင်ဆီသတ်တယ်။ ဆီသတ်ပြီးမှ အုန်းနို့ထည့်၊ ဆန်ထည့်၊ ဆားထည့်၊ ရေအနေတော်ထည့်ပြီး မီးကျီးရဲရဲ နဲ့ ထားလိုက်တော့တာပဲ။

ထမင်းအိုးကိုမွှေ၊ မွှေပေးနေတဲ့အချိန်မှာ ငှက်ပျောဖက်တစ်လက်လောက်ကိုလည်း ခုတ်ခိုင်းထား ရသေးတယ်။ ငှက်ပျောပင် ဆိုတာကတော့ အညာအိမ်တွေမှာ အိမ်တိုင်းရှိတယ်လေ။ ငှက်ပျော ဖက်က ရေခန်းခါနီး ထမင်းအိုးနှပ်တော့မယ်အချိန်မှာ ထမင်းပေါ်ကနေ အုပ်ပေးရတာ။ ငှက်ပျော ဖက်ပေါ်ကမှ ဒန်အိုးအဖုံးအုပ်ပေါ့။ ဒါမှ အငွေ့တွေ အပြင်သိပ်မထွက်ဘဲ ထမင်းနပ်လွယ်မှာလေ။
ထမင်းအိုး နပ်ပြီဆိုတော့လည်း ကြက်သားဟင်း၊ ပဲကြော်၊ သရက်သီးဆီစိမ်၊ ချဉ်ပေါင်ဟင်းချိုတို့နဲ့ တခမ်းတနား အရသာခံပြီး စာကြတာ။ စားလို့အင်မတန်ကောင်း တာပဲ။ ဒီရန်ကုန်အုန်းထမင်နဲ့ တူကို မတူဘူး။ အတူတာကတော့ အုန်းသီးချင်းကို မတူတာ။ အညာအုန်းသီးအရသာက လေးပြီးချိုတယ်၊ ရန်ကုန် အုန်းသီး က ပေါရွှတ်ရွှတ်နဲ့အချိုပေါ့တယ်။

ဆက်ရန်
.

2 comments:

မြတ်နိုး said...

အစွဲကြီးစွဲမိပီဟေ့...

အမရေ့..အညာစာတွေ တောင် မှာစားရမလို ဖြစ်နေပီ..

ကိုဇော် said...

အုန်းဆီသည်တွေ အော်သံ ကြားရင် ငယ်ငယ်ကကို ပြန်သတိရမိတယ်။
မရဘူး စားမယ် ဆိုပြီး အတင်းကို ခေါ်ခိုင်းခဲ့တာလေ..
ဘာမှန်း ညာမှန်းမှ မသိတာကိုး...