Friday, October 22, 2010

အနွယ်တော်များအတွက် ပြဿနာတစ်ရပ်

အနွယ်တော်များအတွက် ပြဿနာတစ်ရပ်

သက်ရှိထင်ရှား ရှိနေကြသေးသော သီပေါမင်းတရား၏ အနွယ်တော်များ ရင်ဆိုင်နေရသည့် ပြဿနာ အရပ်ရပ်တွင် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များက အနွယ်တော်များနှင့် လာရောက်တွေ့ဆုံ မေးမြန်း (ယခုခေတ်စကားနှင့် ဗျူးသည်) ပြီးနောက် ပြန်၍ ထိုအကြောင်းအရာကို ရေးကြသည့်အခါ အနွယ် တော်များ ပြောသည့်စကားရော မပြောဖြစ်သည့် စကားများပါ ထည့်သွင်းရေးသားကြသဖြင့် အနွယ် တော်များအဖို့ ကသိကအောက် ဖြစ်ကြရသည်က ပြဿနာတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး နှင့် ပတ်သက်သည့် အကြောင်းအရာများပါလဆင် ပိုဆိုးပါသည်။ 

ထို့ကြောင့် အနွယ်တော်များသည် လာရောက် တွေ့ဆုံမည့် သူများကို တတ်နိုင်သမျှ ရှောင်သည်။ ရန်ကုန်တွင် နေထိုင်သော မြေးတော် တော်ဘုရားကလေးနှင့် ပြင်ဦးလွင်တွင် နေထိုင်သော မြေးတော် တော်ဘုရားတို့သည် ဤပြဿနာမျိုး ကို အများဆုံး ရင်ဆိုင်ကြရသည်။ ရန်ကုန်မှ တော်ဘုရားကလေးသည် နိုင်ငံရေးသမားဖြစ်ပေရာ ပြဿနာ မပေါ်စေ ရန် ပြင်ပပုဂ္ဂိုလ်များနှင့် လုံးဝအတွေ့မခံတော့ပေ။ တချို့ကမူ အခြေကြီးသည်ဟု ယူဆသည်။ ကာယကံရှင် အဖို့ ကိုယ့်အကြောင်းနှင့် ကိုယ်ဖြစ်၍ ဖြေရှင်းမနေတော့ချေ။

စာရေးသူသည် ပြင်ဦးလွင်နေသော တော်ဘုရားနှင့် တစ်နှစ်တစ်ကြိမ် တွေ့မြဲ ဖြစ်သည်။  သြဂုတ်လထဲ တွင် ဆုံလေ့ရှိသည်။ ထိုနေ့တစ်ဝိုက်တွက် စာရေးသူ မရောက်သေးပါက တော်ဘုရားက "ဒီနှစ်မလာ တော့ဘူး ထင်တယ်"ဟု အမြဲမျှော်လေ့ရှိကြောင်း ပြောပြပါသည်။ တစ်ခါက တော်ဘုရားထံအရောက် တွင် နိုင်ငံခြားသားများ လာတွေ့သည့် အကြောင်းနှင့် ပတ်သက်၍ ပြောပြပါသည်။

"ဆာရာရူနီ (Sarach Rooney) ဆိုတဲ့ နိုင်ငံခြားသူတစ်ယောက် တလောက တော်ဘုရားကို လာတွေ့ သွားတယ်။ နိုင်ငံခြားမှာ သူပြန်ရေးတဲ့ ဆောင်းပါးကို ကော်ပီ ကူးပြီး ပို့လိုက်တယ်။ ဟုတ်တာရော မဟုတ်တာရော ရေးထားတော့ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ။ သူတို့လာလို့ အတွေ့မခံရင်လည်း တစ်မျိုးထင်ကြတယ်။

အတွေ့ခံလို့ သူတို့မေးသမျှကို ချင့်ချိန်သတိထားပြီး ဖြေခဲ့ပေမယ့် အခုလို သူတို့ ရေးချင်သလို ရေးကြတော့ စိတ်ညစ်စရာပေါ့" ဟု ပြောရင်းနှင့် ဆောင်းပါးမိတ္တူကို စာရေးသူအား ပြပါ သည်။ မျက်နှာဖုံးတွင် သီပေါမင်းတရား စစ်သူကြီး ၀တ်စုံဝတ်၍ သဉ္စလီပေါ်တွင် ထိုင်နေပုံနှင့် တစ်ဖက် တွင်လည်း တော်ဘုရားဓာတ်ပုံ ပါနေပါသည်။ ခေါင်းစဉ်မှာ "The hair up there" ဟု ဖြစ်၏။ တိုက်ရိုက် မြန်မာပြန်လျှင် "ဟိုအပေါ်မှာရှိသည့် နန်းလျာ"ဟု အဓိပ္ပာယ်ရမည်။ ဆိုလိုသည်က မန္တလေး မှ ပြင်ဦးလွင် တောင်ပေါ်သို့ တက်လာပြီး တွေ့ရသဖြင့် တောင်ပေါ်တွင် ရှိသည့် နန်းလျာဟု အဓိပ္ပာယ် ဆောင်ပါသည်။ စာရေးသူသည် တော်ဘုရားထံ ခွင့်တောင်းပြီး ဆောင်းပါးများကို မိတ္တူကူးလိုက်သည်။ အိမ်ရောက်မှ အေအေးဆေးဆေး ပြန်ဖတ်ကြည့်ရပါသည်။ သူ့ဆောင်းပါးတွင် တော်ဘုရား ပြောသကဲ့သို့ ဟုတ်သည့်အရောရော မဟုတ်သည့် အရာများ ပါ ပါနေပါသည်။ နိုင်ငံရေးများလည်း ပါနေ ၏။ မလွတ်ကင်းသည့် နိုင်ငံရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ဖယ်၍ ဘာသာပြန် လိုက် ပါသည်။

"ကျွန်ုပ်ရရှိသည့် မယုံသင်္ကာစရာ ဖြစ်သော လိပ်စာအညွန်းမှာ မျက်နှာချင်းဆိုင်တွင် တရုတ်ဘုန်းကြီး ကျောင်း ရှိသည်။ မေမြို့၊ မြန်မာပြည်တောင်ပိုင်း" ဟု ဖြစ်၏။ တရုတ်ဘုရားကျောင်းဆိုသည်ကို ဗြိတိသျှတို့က တစ်ချိန်က တောင်ပေါ်စခန်းဖြစ်သည့် ဤမြို့ကလေးတွင် ချုံများ ထူထပ်နေသည့် မြို့ပြင်ပိုင်း၌ ရှာရသည်မှာ လွယ်ကူပါသည်။ မလွယ်ကူသည်က ဘုရားရှိခိုးကျောင်းနှင့် မျက်နှာချင်း ဆိုင်ရှိ အိမ်များအနက် မည်သည့်အိမ်တွင် မြန်မာတို့၏ နောက်ဆုံးဘုရင့်မြေးတော် အကြီးဆုံး နေထိုင် သည် ဆိုသည့်အချက်ပင် ဖြစ်သည်။

ကားနှင့် တစ်ပတ်ကွေ့လိုက်သည်နှင့် ဗြိတိသျှတို့၏ ကျူဒါခေတ်ပုံစံ အိမ်ဟောင်းကြီးသို့ ရောက်ရှိသွား သည်။ ဂိတ်ဝတွင် တရုတ်အမျိုးသမီးတစ်ယောက်နှင့် တွေ့ရသည်။ ကျွန်ုပ်ပြလိုက်သည့် လိပ်စာကို ဖတ်ကြည့်ပြီး သူ့အိမ်နီးချင်းဖြစ်သည့် တစ်ဖက်အိမ်သို့ လှမ်းအော်ခေါ်သည်။ သို့သော် အခြေအနေမှာ ထူးမလာပါ။ တရုတ်အမျိုးသမီးကြီးသည် အကြံရသည့်ပုံဖြင့် ကျွန်ုပ်ကို အုတ်နီရောင်ဆိုးထားသည့် အိမ်အိုကြီး အ၀သို့ ခေါ်ဆောင်သွားကာ ထားခဲ့သည်။ "ခွေးကိုက်တတ်တယ်၊ သတိထား" ဟု မှာကာ ပျောက်ကွယ် သွားတော့သည်။

ကျွန်ုပ်သည် ဧည့်ခန်းဆောင်တစ်ခုတွင်းသို့ ဖိတ်ခေါ်ခံရသည်။ အခန်းနံရံများတွင် တိမ်ပြာရောင် ဆေးသုတ်ထား၏။ ပြတင်းပေါက်များသည် ချည်သားလိုက်ကာများနှင့် ဖြစ်၏။ ဧည့်ဆောင်မီးဖို (fire Place) အပေါ်တွင် သီပေါမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဓာတ်ပုံကို ရွှေရောင်ကနုတ်ပန်းမှန်ဘောင်ကြီး နှင့် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ တစ်ခန်းလုံး တိတ်ဆိတ်အေးမြနေ၏။ သေသပ်စွာ မီးပူ တိုက်ထားသည့် ရှပ်အင်္ကျီနှင့် ခရမ်းရောင် လုံချည်ဝတ်ထားသော အမျိုးသားတစ်ဦး ရုတ်တ်ရက် ပေါ်လာပြီး ကျွန်ုပ်ရှေ့တွင် ရပ်နေသည်ကို တွေ့ရသည်။ ထိပ်ပြောင်နေပြီဖြစ်သော်လည်း ခေါင်းတွင် မီးခိုးရောင်ဆံပင်များကို တွေ့ရ သေး၏။ သူသည် ကျွန်ုပ်ကို တွေ့ရသည့်အတွက် အံ့သြပုံရသလို စိတ်ရှုပ်သွားပုံလည်း ရသည်။ ထိုသူကား ထီးဆောင်းမင်းအပေါင်းတို့၏ အရှင်သခင်ဆင်တော် စကြာရှင် ဘ၀ရှင်မင်းတရားကြီး ဖြစ်တော်မူသော သီပေါမင်းမြေးတော် တော်ဘုရားဆိုသူပင် ဖြစ၏်ပေ တော့သည်။

ကျွန်ုပ်မှာ သူ့ကို မြင်လိုက်သည်နှင့် ဦးညွတ်ရမည်လား။ ဒူးညွတ်ရမည်လားဟု ဝေခွဲမရ ဖြစ်ရ၏။ မြန်မာ့ နန်းလျာဖြစ်သော ထိုသူက ကျွန်ုပ်ကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။
"ဟဲလို ... ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ" ဟု ဗြိတိသျှသံ ပီသစွာနှင့် နှုတ်ဆက်လိုက် သည်။ ကျွန်ုပ်ကို ထိုင်၍ဧည့်ခံပြီး မကြာမီတွင်ပင် ယွန်းဗန်းဖြင့် လက်ဖက်ရည်နှင့် ဘီစကစ်မုန့်များ ရောက်လာသည်။ အသက်(၇၅)နှစ်အရွယ် ကြင်နာပုံပေါ်နေသည့်ောတ်ဘုရားကို သီပေါမင်း၏ မြေးဟု ယုံရန် ခက်နေပါသည်။

အဘယ်ကြောင့်ဆိုသော် သီပေါမင်းသည် သူ၏ နန်းသက်(၇)နှစ်အတွင်း လူသားတို့တွင် အရက်စက် ဆုံးသော သွေးထွက်သံယိုမှုကြီးကို ဖြစ်စေသည်ဟူသော အကြောင်း ကြောင့် ဖြစ်၏။ ထီးမွေနန်းမွေ ဆက်ခံခြင်း ဥပဒေအတည်တကျ မရှိသော မြန်မာဘုရင်များတွင် နန်းလျာဟူသမျှကို သတ်ဖြတ်၍ နန်းတက် ကြသည် မှာ ဓမ္မတာပင်ဖြစ်သည်။ သီပေါမင်းနန်းတက်စဉ် ကလည်း သူ၏ မောင်နှမ အရင်းနှင့် ၀မ်းကွဲများ (၈၀)ကျော်ကို သတ်ဖြတ်ခဲ့သည်။ မင်းသွေး မြေမကျင်း ကောင်းဟု အယူရှိသဖြင့် သူတို့ကို ကတ္တီပါအိတ်နှင့် စွပ်၍ တုတ်ဖြင့် ရိုက်သတ်သည်။ အလောင်းများ ကို မြေကျင်းတူးမြှုပ်ပြီး ဖို့မြေကို ဆင်ဖြင့် နင်းရသည်ဆို၏။ (၃)ရက်ကြာ ကျင်းပရသော ထိုလူသတ်ပွဲ မှ အော်သံဟစ်သံများကို ဖုံးလွှမ်းသွားအောင် နန်းတွင်းတွင် သဘင် ပညာသည်များအား ကပွဲသဘင် ကျင်းပထားစေသည်။

"ဒီတုန်းကတော့ ရက်စက်ကြတဲ့အချိန်ပေါ့လေ" ဟု တော်ဘုရားက စဉ်းစဉ်းစားစားနှင့် ပြောပြသည်။ သီပေါမင်းနေရာတွင် အခြားမင်းသားတစ်ပါး နန်းတက်ပါကလည်း အလားတူပင် ပြုလုပ်ပေလိမ့်မည် ဟုလည်း ပြောသည်။

"ခင်ဗျား စဉ်းစားကြည့်ပါ။ အဲဒီတုန်းက ထီးနန်းကို ဆက်ခံနိုင်တဲ့ မင်းသား(၃၇)ပါးတောင် ရှိသတဲ့။ ဘယ်သူကမှ ငြိမ်ခံနေကြမှာ မဟုတ်ဘူး။ သူတို့သာ နန်းလုကြရင်၊ တိုင်းသူပြည်သားတွေပဲကြားက ဓားစာခံဖြစ်မှာပေါ့။ ဒီမင်းသားအားလုံးက သွေးဆူသွေးကြွနေတဲ့ မင်းသားတွေချည်းပဲ" ဟု တော်ဘုရားက ပြောသည်။

သည်မင်းသားများထဲတွင် ပါသည့် သီပေါကလည်း သူ့ရာဂစိတ်ကြောင့် သွေးဆာနေသူ ဖြစ်၏။ သီပေါ တွင် ကိုယ်လုပ်တော်ပေါင်း (၈၇၉၃)ပါး ရှိသည်ဆို၏။ ထိုအထဲတွင် ဥရောပသူများလည်း ပါသည်။ သီပေါ၏ ခမည်းတော်တွင်မူ အလွန်များပြားသည့် မောင်းမမိဿံရှိရာ မြန်မာ ကာမသျှူတရ အဖွဲ့နှင့် င် ထိုသူတို့ကို သင်တန်းပေးခဲ့ရသည်ဆိုသည်။ မင်းတရားကြီး၏ ဆင်ဖြူတော်သည်ပင် ဆင်မအခြံအရံ များစွာနှင့် ခံစားရသည် ဆိုပါသည်။ နံနက်တိုင်း ရင်သားဖော်ထားသည့် အမျိုးသမီးတန်းကြီး၏ နို့ကို ဆင်ဖြူတော်က စို့ရသည်။

သီပေါမင်း၏ စိုးမိုးအုပ်ချုပ်မှုသည် (၁၈၈၅)ခုနှစ်တွင် ရုတ်တရက် ဆုံးခန်းတိုင်ခဲ့သည်။ ဗြိတိသျှတို့က မြန်မာပြည် မြောက်ပိုင်းကို သိမ်းပိုက်လိုက်ပြီးနောက် သူနှင့် သူ့အခြွေအရံတို့ကို အိန္ဒိယပြည် အနောက် ဘက်ကမ်းခြေရှိ မြန်မာဘုရင်များကဲ့သို့ မရေတွက်နိုင်သော သားတော် သမီးတော်များ သူ့တွင် မရှိပါ။ သီပေါမင်း တွင် သမီးတော် (၄)ပါးသာ ရှိသည်။ ပထမသမီးတော်သည် တံခါးမှူးနှင့် ချစ်ကြိုက်ပြီး တရား မ၀င် ကလေးမွေးခဲ့သည်။ (၁၉၁၆)ခုနှစ်တွင် ဒုတိယသမီးတော်က သီပေါမင်း၏ အပါးတော်မြဲ နှင့် လိုက်ပြေး သည်။ ထိုအခြင်းအရာကြောင့်ပင် အသက်ကြီးဖြစ်သော ဘုရင်သည် နှလုံးရောဂါဖြင့် သေဆုံး ခဲ့သည်။ ကျန်သည့် သမီးတော်နှစ်ပါးသည် မယ်တော်ဖြစ်သော စုဘုရားလတ် မိဖုရားနှင့်အတူ ရန်ကုန်သို့ ပြန်ကြ သည်။ အငယ်ဆုံးသမီးတော်က ထင်ရှားသည့် ပါဠိပညာရှင်နှင့် အိမ်ထောင်ကျကာ သားသမီး(၆) ယောက် မွေးသည်။ တော်ဘုရားသည် ထိုအထဲမှ တစ်ယောက် ဖြစ်၏။

ယခုအခါတွင် တော်ဘုရားသည် သီပေါမင်း၏ သက်ရှိထင်ရှားရှိသော အနွယ်တော်များထဲတွင် အသက် အကြီးဆုံး ဖြစ်သည်။ သူနှင့် တွေ့ဆုံရန် ကျွန်တော်သည် နှစ်ပတ်သုံးပတ်ကြာအောင် ကြိုးစားခဲ့ရ သည်။ ပထမ၌ ကျွန်ုပ်သည် မင်းဆွေမင်းမျိုးများကြားတွင် ရှာရသည်။ မြန်မာပြည်၌ ရှိသူများကလည်း မင်းဆွေမင်းမျိုးကို သိသူသော်လည်းကောင်း (သို့) သူကိုယ်တိုင်က မင်းဆွေမင်းမျိုးဖြစ်နေသူသော် လည်းကောင်း ဖြစ်သည်။ ရန်ကုန်တွင် မက်သဒစ်အသင်းတော်မှ အငြိမ်းစားယူထားသော ဗစ်ရှပ် (Bishop) တစ်ယောက် နှင့် တွေ့ခဲ့သည်။ သူက သူသည် (၁၉)ရာစုမှ ထင်ရှားသော ရူးနေသည့် ဘုရင် တစ်ပါးနှင့် မန္တလေး မှ ငါးစိမ်းသည်တစ်ဦးတို့၏ အဆက်အနွယ်ဟု ပြောပြခဲ့သည်။

ဆွေတော်မျိုးတော် တစ်ဦးကမူ နိုင်ငံခြားသံရုံးတစ်ခုတွင် လုံခြုံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု ကျွန်ုပ် ကြားရသည်။ သူ၏ အပေါင်းအသင်းများက သူ့ကို "အရှင်မင်းကြီး" ဟု နောက်ပြောင်၍ ခေါ်ကြသည်။ ထိုသို့ ခေါ်သံကို ကြားရသော သူ၏ သံအမတ်ကြီးအဖို့ ဦးနှောက်ခြောက်ရ၏။ မန္တလေးရှိ စာကြည့် တိုက်မှူးတစ်ဦးကလည်း သူ၏မိခင်နှင့် ကွန်ဗင့်ကျောင်းတွင် ကျောင်းနေဘက် ဖြစ်ဖူးသည့် ဆွေတော် မျိုးတော် တစ်ဦးကို ကျွန်ုပ်နှင့် မိတ်ဆက်ပေးမည်ဟု ပြောဖူးသည်။

ကျွန်ုပ်သည် တစ်နံနက်တွင် ဆင်းရဲမွဲတေနေသည့် ပညာရှင်တစ်ဦးနှင့်အတူ သူ၏ဖုံလွှမ်းနေသော သစ်သားအိမ်ကလေးတစ်ဆောင်တွင် ရှိနေသည်။ ထိုအိမ်ကလေးသည် မန္တလေးနန်းတော်မှ ကျောက်ခဲ တစ်ပစ်စာ မျှသာ ကွာဝေးသည်။ အိမ်ရှင်ပညာရှိက သူ့အဘိုးသည် သီပေါမင်း နန်းတက်စဉ် က သတ်ဖြတ် ခံရသည့် အထဲတွင် ပါသွားဟု ပြောသည်။ ယခုအချိန်အထိ သူသည် သီပေါမင်းအပေါ် တွင် အခဲမကြေ ဖြစ်နေသည်။

"သီပေါကို စကားထဲ ထည့်ပြောစရာတောင် မကောင်းပါဘူး။ သူဟာ တန်ဖိုးမရှိတဲ့သူ ဖြစ်တယ်။ သူ့မှာ ဦးနှောက်လည်း မရှိဘူး။ ဇွဲသတ္တိလည်း မရှိဘူး။ သူ့မျက်နှာ (သို့မဟုတ်) သူ့ရဲ့ ရုပ်တုကိုသာ ကျွန်ုပ် မြင်ရမယ် ဆိုရင် ကျွန်ုပ်တံတွေးနဲ့ ထွေးလိုက်မယ်" ဟု ပညာရှင်က ဆေးလိပ် လိပ်ရင်းနှင့် ပြောသည်။

"ကျွန်ုပ် နန်းတွင်း သတ်ဖြတ်မှုကြီးရဲ့ အဖြစ်မှန်ကို မည်သူ့ကိုမှ မပြောပြခဲ့ဘူး။ ဒါဟာ မိသားစု လျှို့ဝှက်ချက် ဖြစ်တယ်။ ဒါကြောင့် ဒီအကြောင်းကို သိချင်ရင် ပေါင်စတာလင် (၁၀၀)ပေးရင် ပြောပြ မယ်" ဟုဆိုပါသည်။ ကျွန်ုပ်က ယဉ်ကျေးစွာပင် မပေးနိုင်ကြောင်း ငြင်းပယ်ခဲ့ရသည်။

နောက်ဆုံးတွင် ကျွန်ုပ်သည် နာမည်ကျော် မြန်မာစာရေးဆရာတစ်ဦးနှင့် မိတ်ဆက်ပေးခြင်း ခံရသည်။ ထိုသူ၏ လိပ်စာများ ရေးထားသည့် စာအုပ်အတွင်းမှ တော်ဘုရား၏ နေအိမ်လိပ်စာကို ရရှိသည်နှင့် တစ်ပြိုင်နက် တော်ဝင်သည့် လက်ခံတွေ့ဆုံမှုကို ရရှိလိမ့်မယ်ဟု ကျွန်ုပ် ယုံကြည်လိုက်တော့သည်။

"သုတေသနအတွက်လာတဲ့ သူတွေဆိုရင် ကျွန်ုပ် အတွေ့ခံပါတယ်။ သာမန်သူလိုငါလို လူတွေကို တော့ ထွက်မတွေ့တော့ဘူး" ဟု တော်ဘုရားက ပြောပြသည်။ (ထို့ကြောင့် ထင်သည်။ တော်ဘုရား၏ ညီတော်က ရန်ကုန်တွင် ကျွန်ုပ်ကို တွေ့ဆုံခွင့်မပေးခဲ့ပါ။ ကွန်မြူနစ်ဖြစ်၍ "မင်းသားနီ" ဟု အခေါ်ခံရ သော ထိုသူသည် နိုင်ငံရေးကြောင့် မကြာခဏ ထောင်ကျခဲ့သဖြင့် ကျွန်ုပ်နှင့် တွေ့ဆုံရန် သူ့တွင် လုံခြုံမှု မရှိဟု ယူဆဟန် ရှိပါသည်။) ယခုအခါ တော်ဘုရားသည် သူ၏အဘိုးအဘွားများနှင့် နှိုင်းစာ လျှင် မြန်မာတို့၏ နေထိုင်မှုအဆင့်အတန်းအရ မနိမ့်ကျသော အနေအထားတွင် ရှိသည်ဟု ထင်ရပါ သည်။ သီပေါ၏ အလွန်အာဏာထက်သော မိဖုရားခေါင်ကြီး စုဖုရားလတ်သည် သူ၏ ကိုယ်ပိုင်ဟန်ဖြင့် ဆံထုံးထုံးခဲ့သူ ဖြစ်သည်။ မန္တလေးကို သိမ်းခဲ့သည့် ဗြိတိသျှတပ်သားများက သူ့ကို "ဆုပလိပ်" (Soup Plate) ဟုပင် နောက်ပြောင်ခေါ်ခဲ့သည်။

"ကျွန်ုပ် ဘွားတော်မိဖုရားကြီးမှာ အဖိုးမတန်တဲ့ ၀တ်လဲတော်တွေ ဖလားကြီးနဲ့ တစ်လုံးရှိသတဲ့။ သူနှစ်သက် တဲ့ လူကိုဆိုရင် တစ်ထည်ဆုချလေ့ ရှိတယ်လို့ဆိုတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀)လောက်က ဒီဝတ်လဲတော် တစ်ထည်ကို (၁.၂)သန်းကျပ်၊ (ယူအက်စ်ဒေါ်လာ-၃၇၅၀)နဲ့ ရောင်းချခဲ့ရတယ်လို့ ကြားရဖူးတယ်။ ဒီတော့ ဘုရင်နဲ့မိဖုရားရဲ့ ပစ္စည်းတွေဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့" ဟု တော်ဘုရားက ပြောပြပါသည်။

ဘုရင်နှင့် မိဖုရားတို့ ပါတော်မူစဉ်က အိန္ဒိယသို့ ခေတ္တမျှသာ သွားရမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်၍ ကိုယ်ပိုင်ပစ္စည်း အနည်းအကျဉ်းသာ ယူဆောင်သွားကြသည်။ ရွှေဟင်းခွက်(၂၄)ခွက်၊ စိန်စီ ထားသော ကလေးခြုံရန်စောင်၊ ရွှေငွေတို့ဖြင့် ပြုလုပ်ထားသော ကလေးအစားစရာ တစ်အိတ်သာ ပါခဲ့ သည်။ နန်းကျဘုရင်၏ မိသားစုသည် ခမ်းခမ်းနားနား နေခဲ့ရပါသည်။ သူ့တွင် အခြံအရံ (၁၆၀) ရှိသည် ဆို၏။ သို့သော် သီပေါက ဗြိတိသျှ တာဝန်ခံများကို သူနှင့် သူ့မိဖုရားတို့သည် သူတို့၏ ဆေးလိပ်ကိုပင် သူတို့ ကိုယ်တိုင် လိပ်သောက်နေရပါသည်ဟု တင်ပြ အရေးဆိုခဲ့သည်။ ဗြိတိသျှ အစိုးရထံ သီပေါမင်း က သူ သုံးနေကျ ပစ္စည်းများ ကျန်ခဲ့သည်ကို စာရေး၍ တောင်းခံခဲ့သည်။

ထိုပစ္စည်းများထဲတွင် ရွှေအစစ်နှင့် ပြုလုပ်ထားသည့် ထိုင်ခုံဆိုဖာကြီးတစ်ခုနှင့် ပတ္တမြားများ စီခြယ်ထားသည့် ဆင်ဖမ်း တန်ဆာတော်(၄)ခု ပါသည်ဟု ဆို၏။ ဗြိတိသျှအစိုးရထံ တင်သည့်စာတွင် နန်းကျဘုရင်က သူ့ကိုယ်သူ "အလွန်မြင့်မြတ်တော်မူသော မြန်မာဘုရင် သီပေါမင်း" ဟု ရေးသားထားသည်။ ဗြိတိသျှအစိုးရက သူ့ကို "ဘုရင်ဟောင်း" ဟုခေါ်သည်။ သူ၏ ဇာတိမြေနှင့်လည်း အဆက် အသွယ် မရှိရအောင် သေသေချာချာ ကန့်သတ်ထားသည်။ ထို့အတူ နောက်ပိုင်းတွင် ဗြိတိသျှအစိုးရသည် သီပေါမင်း၏ မြေးတော်များ အပေါ်၌လည်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ဘုရင် စနစ်ကို လိုလားသူများသည် တော်ဘုရားကဲ့သို့ မြေးတော်ကို အမျိုးသားရေး ပြယုဂ်တစ်ခုအနေဖြင့် အသုံးမချနိုင်အောင် ဖြစ်သည်။

"ကျွန်ုပ်တို့ကို ဘယ်လိုနေထိုင်ရမယ်။ ဘာမှ မလုပ်ရဘူး" ဟု ဗြိတိသျှအစိုးရက ကန့်သတ်ထားကြောင်း တော်ဘုရားက ပြောပြပါသည်။
သီပေါအနွယ်တော် တစ်စုတို့သည် ကုမ္ပဏီတည်ထောင်ပြီး ကျွန်းသစ်၊ ကျောက်မျက်ရတနာနှင့် ဆန် ရောင်းဝယ်ရေး အလုပ်လုပ်ခဲ့ပါသည်။ "သီပေါကော်မာရှယ်စင်ဒီကိတ်" ဟု ကုမ္ပဏီကို နာမည် ပေးခဲ့သည်။ သို့သော် (၁၉၆၂)ခုနှစ်တွင် ပြည်သူပိုင် အသိမ်းခံရသဖြင့် ကုမ္ပဏီမှာ ချုပ်ငြိမ်းသွားရ တော့သည်။

တော်ဘုရားသည် သီပေါမင်း၏ နန်းစဉ်ရတနာများတွက် ခြေရာခံရအောင် ကြိုးစားခဲ့ သည်။ သူနှင့် အနွယ်တော်ဝင်တစ်စုတို့သည် ဗြိတိသျှဘုရင်မနှင့် အစိုးရထံ စာများရေးသား၍ တောင်းဆိုခဲ့ဖူးသည်။ ဗြိတိသျှအစိုးရက မြန်မာဘုရင်အနွယ်တော်တစ်စုကိစ္စကို (၁၉၄၈)ခုနှစ်တွင် ပေးခဲ့သည့် လွတ်လပ်ရေး နှင့်အတူ ရောပစ်လိုက်တော့သည်။ သီပေါမင်း၏ နန်းစဉ်ရတနာများသည် ပါတော်မူစဉ်က မိဖုရားငယ်များ၊ ကိုယ်လုပ်တော်များနှင့် အပျိုတော်တို့ ခိုးယူသွားကြသည့် အထဲတွင် ပါကုန်ကြပြီဟု လည်းကောင်း ကျန်သည့် အရာများကိုလည်း လေလံတင်ခြင်း၊ ဗြိတိသျှပြတိုက်များသို့ လှူဒါန်းခြင်းနှင့် ဗြိတိသျှ တော်ဝင်မိသားတို့ထံ ဆက်သခြင်း ပြုလိုက်သည်ဟူ၍ လည်းကောင်း အကြောင်းပြခဲ့သည်။

ဝိတိုရိယနှင့် အယ်လ်ဘတ် ပြတိုက်မှ မြန်မာနန်းစဉ် အသုံးအဆောင် (၁၄၀)ခုကို (၁၉၄၆)ခုနှစ်တွင် မြန်မာအစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုနန်းစဉ် ပစ္စည်းများသည် ယခုအခါ ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်အတွင်းမှ သံတိုင်များ ကာရံထားသည့် ပြခန်းများအတွင်းတွင် ရောက်ရှိနေပြိ ဖြစ်သည်။ လူသာမန်မျက်စိနှင့်ပင် ထိုပစ္စည်းများတွင် မြှုပ်နှံထားသည့် အဖိုးတန်ကျောက်မျက်ရတနာများကို တွေ့မြင်နိုင်ပါသည်။ ကျွမ်းကျင်သော မြန်မာပညာရှင်များနှင့် တိုင်းပြည်၏ ထိပ်သီးသမိုင်း ပညာရှင် တစ်ယောက် တို့က ထိုနန်းစဉ် ပစ္စည်းများသည် အတုအယောင်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်ဆို ပါသည်။ တော်ဘုရားကမူ ထိုနန်းစဉ်အစုတို့မှာ "မဟုတ်မဟတ် လုပ်ကြံထားသည့် ပစ္စည်းများသာ ဖြစ် သည်"  ဟု ပြောပါသည်။

ရွှေနန်းစည်းကမ်းအရ တော်ဘုရားသည် သူ၏ ၀မ်းကွဲညီမတော်နှင့် ပြန်၍ ဆက်ခဲ့သည်။ သားသမီး (၆)ယောက် ထွန်းကားခဲ့၏။ အားလုံး သာမန်အလုပ်အကိုင်များသာ လုပ်ကိုင်နေကြရပါသည်။ သား တစ်ယောက်က ရဲသား ဖြစ်နေ၏။ နောက်တစ်ယောက်က ထရပ်ကာုးဒရိုင်ဘာ ဖြစ်သည်။ သို့သော် မိသားစု သည် ထီးမူနန်းဟန်အတိုင်း နေထိုင်လျက် ရှိပါသေးသည်။ နေ့စဉ်ပင် ထီးနန်းဟန်အတိုင်း ပြောဆို ဆက်ဆံလျက် ရှိကြ၏။

ဥပမာ "လမ်းလျှောက်သည်" ဆိုသည်ကို "ကြွလှမ်းတော်မူသည်" ဟူ၍ လည်းကောင်း၊ "စားသည်" ဆိုသည် ကို "စားတော်ခေါ်သည်" ဟူ၍ လည်းကောင်း သုံးနှုန်းလျက် ရှိပါသည်။ ဤကဲ့သို့သော အသုံးအနှုန်းများကို ယခုခေတ်တွင် မပြောဆိုကြတော့ပါ။ နားလည် မလည် ကြတော့ပါ။ မြန်မာတချို့သာ ပြောတတ်ပါ မည်။
"ဘယ်သူ မှ ကျွန်ုပ်တို့ကို နားလည်မှု မရှိကြဘူး"ဟု တော်ဘုရားက ပြောသည်။

သူ၏ မိသားစုသည် ယခုအခါ ဗြိတိသျှ ပုံစံဆောက်ထာသည့် အိမ်တွင် နေထိုင်လျက် ရှိသည်။ ထိုအိမ် ကလည်း သူ့သမိုင်းနှင့် သူ ဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်း(၅၀)ခန့်က ထိုအိမ်တော်ကို တော်ဘုရား ၀ယ်ခဲ့ခြင်း ဖြစ်သည်။ ဘုံဘေဗားမား သစ်ရောင်းဝယ်ရေး ကုမ္ပဏီ၏ ၀န်ထမ်းတစ်ဦးထံမှ ၀ယ်ခဲ့ခြင်း ဖြစ်သည်။ ထိုဘုံဘေဗားမား သစ်ရောင်းဝယ်ရေး ကုမ္ပဏီကြောင့်ပင် ဖြစ်ပေါ်လာသည့် သစ်ခိုးမှုကို အကြောင်းပြု၍ ဗြိတိသျှ အစိုးရနှင့် မြန်မာအစိုးရတို့ အငြင်းပွားမှုဖြစ်ကာ မြန်မာပြည်ကို သိမ်းပိုက်ခဲ့ ခြင်းဖြင့် သီပေါမင်း နန်းစွန့် ခဲ့ရခြင်း ဖြစ်သည်။ ထို့အကြောင်းအရာများနှင့် ပတ်သက်၍ တော်ဘုရားတွင် ဗြိတိသျှတို့အပေါ် အငြိုးအတေး မရှိခဲ့ပါ။ ထိုအချိန်က မြန်မာပြည်၏ ကံကြမ္မာသည် တစ်နည်းနည်းဖြင့် ဆုံးခန်းတိုင်တော့မည်ဟု ယုံကြည်ခဲ့သည် ဆိုပါသည်။

"တစ်နည်းနည်း နဲ့ တစ်ယောက်ယောက်က ဒီတိုင်းပြည်ကလေးကို ယူတော့မှာပါ။ ဗြိတိန်က မယူလည်း ပြင်သစ်က သိမ်းလိမ့်မယ်။ ကျွန်ုပ်တို့ ကံကောင်းတယ်လို့ပဲ ဆိုရမယ်။ ဒီနေ့ ဖြစ်ပေါ်နေတဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားကိုပဲ ကြည့်ပါ။ ပြင်သစ်လက်ရောက်ရင် ပိုဆိုးမှာပါ။ ဗြိတိသျှ လက်အောက်မှာ ကောင်းတဲ့ အုပ်ချုပ်မှု နဲ့ သံတမန် ဆက်သွယ်မှု ရှိခဲ့ပါသေးတယ်"

မန္တလေးနန်းတော်ကို ဗြိတိသျှများ သိမ်းပိုက်စဉ်ကမူ သံခင်းတမန်းခင်း ကောင်းလှသည် မဟုတ်ပါ။ (၈)ကီလိုမီတာ ရှိသော နန်းမြို့ရိုးအတွင်း သွေးနီရောင် ကျွန်းနန်းဆောင်များသည် လက်ထပ်မင်္ဂလာ ကိတ်မုန့်ကဲ့သို့ ဘုံအဆင့်ဆင့်ဖြင့် ရွှေရေးဆောင်များ ဖြစ်၏။ ပြောစမှတ်ပြုလောက်အောင် နန်းတွင်း ပုံပြင်များကလည်း ရှိသည်။ ဘုရင် စက်တော်ခေါ်သည့် ခြေလေးချောင်းရှိသော သလွန်တော်မှာ မှန်သားကို ထွင်းထုထားသည်ဟု ဆိုသည်။ (မှန်စီသလွန်တော်ကို ဆိုလိုဟန် ရှိသည်။) ဗြိတိသျှတို့ သည် နန်းတော်ကို တပ်စခန်း ပြုလုပ်လိုက်ပြီး "ဒပ်ဖရင်ခံတပ်" ဟု အမည်ပေးခဲ့သည်။ မိဖုရား၏ အဆောင်သည် အထက်မြန်မာပြည် ကလပ်ဖြစ်သွားရသည်။ ဥဒေါင်းရုပ်ခံ ပလ္လင် (မယုရာယနပလ္လင်) ရှိရာ အဆောင်မှာ စနူကာခန်း ဖြစ်သွားရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များလက်အောက်သို့ မြန်မာပြည် ကျရောက်သွားသောအခါ နန်းဆောင်များတွင် ကောက်ရိုးများ သိုလှောင်ထားပြီး သူတို့၏ လားများထားရန် နေရာအဖြစ် အသုံးပြု လိုက်သည်။ (၁၉၄၅)ခု မဟာမိတ်တပ်များက ဂျပန်များရှိနေသည့် မန္တလေးနန်းတော်ကို ဗုံးကြဲခဲ့ရာ တစ်နာရီ အတွင်းပင် နန်းတော်တစ်ခုလုံး မီးလောင်ပြာကျသွားရသည်။ ယခုအခါတွင်မူး အုတ်မြို့ရိုး လေးဘက် လေးတန် ကာရံထားသော နန်းမြို့အတွင်းတွင် မြန်မာ့တပ်မတော်က တပ်မြေအဖြစ် အသုံး ပြုနေပါသည်။

နံရံများတွင် အဖြူနှင့်အနီရောင် ဆိုင်းဘုတ်များဖြင့် "ပြည်ထောင်စုကို ရန်မူသူအား တပ်မတော်နှင့် ပြည်သူလက်တွဲ၍ ဖြိုခွဲမည်" ဟူသော စာတန်းများ ချိတ်ဆွဲထားသည်။ (၁၉၉၆)ခုနှစ် တွင် တိုးရစ်များကို ဆွဲဆောင်ရန်အလို့ငှာ ကျုံးကို ပြုပြင်၍ နန်းဆောင်တချို့ကို ပြန်တည်ဆောက် ခဲ့သည်။ ကျွန်ုပ်သည် ယူအက်စ်ဒေါ်လာ (၅)ဒေါ်လာပေးခဲ့ရပြီး ပတ်စပို့နံပါတ်ကိုလည်း (၃)နေရာခန့် ပင် ပြခဲ့ရသည်။ ကျွန်ုပ်ကို မဆိုထားနှင့် တော်ဘုရားသည်ပင် နန်းမြို့အတွင်းသို့ အလွယ်တကူ မ၀င်ရောက်နိုင်ပါ။

"ကျွန်ုပ်နန်းတော်ထဲကို မသွားချင်ပါဘူး။ ဒါပေမဲ့ ဒီနေရာက ကျွန်ုပ်အဘိုးရဲ့ နန်းတော်လေ" ဟု တော်ဘုရားက ပြောပြခဲ့သည်။
လွန်ခဲ့သည့် နှစ်က အစိုးရဌာနတစ်ခုမှ "သူ့ကျွန်မခံပြီ" အမည်ဖြင့် ရုပ်ရှင်ဇာတ်ကာုးတစ်ကား ရိုက်၍ (၁၈၈၅)ခုနှစ် ဗြိတိသျှ သိမ်းပိုက်မှုကို ပြသခဲ့သည်။ ဤ(၃)နာရီခန့် ကြည့်ရသော ရာဇ၀င်ဇာတ်ကားကြီး သည် မြန်မာပြည်၏ "တိုက်တန်းနစ်" ကားကြီးဟုပင် ဆိုရပေမည်။ မြန်မာပညာရှင်များ စုပေါင်း၍ ရာဇ၀င်မှု့ မှန်အတိုင်း ရိုက်ကူးဖော်ပြထားသည်ဆိုသော်လည်း ဗြိတိသျှဆန့်ကျင်ရေး၊ မျိုးချစ်စိတ်ဓာတ် ဖော်ထုတ်ရေး တို့ကို အသားပေးသည့် ဇတ်ကားသာ ဖြစ်သည်။ အချိန်အားဖြင့် ရာစုနှစ် တစ်ခုခြားသွား ပြီး ဖြစ်သော်လည်း မြန်မာတို့က သူတို့၏ ဘုရင်ကို မမေ့နိုင်သေးပေ။

ထိုဇာတ်ကားမှ ပါတော်မူခန်းကို ပါတော်မူနေ့ နှစ်ပတ်လည်တွင် အရပ်သူအရပ်သားထောင်နှင့် ချီ၍ အသုံးပြုကာ ရိုက်ကူးခဲ့သည်။ ဇာတ်ကားတွင် ပါဝင်ရိုက်ကူးသူများသည် ကိုယ်တိုင် တကယ်ငိုကြွေးနေကြပြီး လမ်းဘေးဝဲယာမှ ကြည့်ရှုနေကြသည့် ပရိသတ်ကလည်း စိတ်ထိခိုက်ခဲ့ကြသည်။ ဤဇာတ်ကားနှင့် ပတ်သက်၍ တော်ဘုရားက သိပ်ခံစားရပုံ မပေါ်ပါ။
"ဒီရုပ်ရှင်က ဇာတ်လမ်းတစ်ခုသာပါပဲ၊ ဘုရင်အကြောင်းကို ရိုက်ထားတာလေ။ ဒီထက် မပိုပါဘူး" ဟု ပြောခဲ့လေသည်။

စကားစပ်၍ တော်ဘုရားက မန္တလေးမြောက်ဘက်မှ ရွှေဘိုဟုခေါ်သည့် မြို့ကလေးကို သွားစဉ် အဖြစ်အပျက်အကြောင်းကို ပြောပြပါသည်။ သူကားပေါ်မှဆင်းသည်နှင့် မြန်မာ အမျိုးသမီးများသည် ဒူးထောက်ကာ သူတို့၏ ရှည်လျားသော ဆံပင်များကို ဖြန့်ခင်း၍ ကြိုဆိုကြသည်။ တော်ဘုရားကို သူတို့၏ ဆံပင် များပေါ်မှ နင်း၍ သွားစေချင်သည်။ ဤအရာသည် မြန်မာမင်းမျိုးတို့ကို လိုလားသေမှုနှင့် ရိုသေ သမှုကို ပြသောအရာ ဖြစ်သည်။ သီပေါမင်း၏ မှူးကြီးမတ်ရာတို့မှ ဆင်းသက် လာသူများကလည်း တော်ဘုရား ထံ လာလည်ကြသောအခါ ကုလားထိုင်ပေါ်တွင် မထိုင်ဘဲ ကြမ်းပေါ် တွင်ပင် ထိုင်၍ အရိုအသေ ပြုခဲ့ကြသည်ဟု တော်ဘုရားက ပြောပြပါသည်။

ကျွန်ုပ်သည် တော်ဘုရားနှင့် စကားပြောနေရာမှ ပြန်ရန် ထလိုက်သည်။ တော်ဘုရားသည် ပြီးခဲ့သည့် အတိတ်မှ အများနှင့်မတူ ထူးခြားသော မြန်မာဘုရင်များ၏ လက်ကျန် ဖြစ်သည်။ မှုန်မှိုင်းမှိုင်း သမိုင်းဝင် ဓာတ်ပုံများ ချိတ်ဆွဲထားသည့် အိမ်ထဲမှ အဘိုးအိုတစ်ယောက် ဖြစ်၏။ ယခု မရှိတော့ပြီး ဖြစ်သည့် လူတန်းစားတစ်ရပ်ပြောသော စကားအသုံးအနှုန်းများကို ပြောလျက်ပင် ရှိသေးသည်။ တော်ဘုရားသည် သူ့ကိုယ်သူ သနားနေသူတစ်ယောက် မဟုတ်သကဲ့သို့ နောင်တရနေသူတစ်ဦး လည်း မဟုတ်ချေ။

သူ့စိတ်ထဲတွင် အရေးကြီးသည့် အလုပ်များ လုပ်ရန် ရှိနေသည်။ ကျွန်ုပ်ပြန်ရန် နှုတ်ဆက်သောအခါ သူသည် ၀ရန်တာ လက်ရန်းတွင် ရပ်လျက်နှင့် သူ့အိမ်ခေါင်းမိုးမှ ကျွန်းသစ်ခေါင် မိုးပြားများ လဲရန် ကိစ္စကို ပြောနေသည်။ သည်ခေါင်မိုးပြားများသည် နှစ်(၈၀) ကြာခဲ့ပြီဟု ဆိုသည်။ ယခုအခါ ကျွန်းသစ်ဖြင့် ပြန်လဲရန် မတတ်နိုင်တော့သဖြင့် သွပ်နှင့်ပင် အစားထိုး မိုးရလိမ့်မည်ဟု ဆိုသည်။ ဤသို့ သွပ်နှင့် အစားထိုး မိုးရသည်မှာ ရှယ်ဖွယ်ကောင်းသည်ဟု ပြော၏။ ကျွန်းသစ်နှင့် မိုးထားသော အိမ်သည် ပို၍ အေးသည်။ ပြင်ပ မှ အသံများကိုလည်း ထိန်းနိုင်သည်။ တစ်ခါတစ်ရံ အပြင်၌ မိုးရွာနေသည့် အသံကိုပင် မကြားရဟု တော်ဘုရား က ကျွန်ုပ်ကို အရွှန်းဖောက်လိုက်ပါသည်။

မောင်သန်းဆွေ(ထားဝယ်)
ရုပ်ရှင်တေးကဗျာ 2010 နိုဝင်ဘာ
.

11 comments:

စန္ဒကူး said...

ဖတ်လို့ကောင်းတယ်ဥ..တစ်ခါမှာကိုယ့်တိုင်းပြည်ကမင်း တွေအကြောင်းမလေ့လာဖူးဘူး။ သေချာဖတ်ကြည့်မှ ကိုယ်ဘယ်လိုမှမြင်ယောင်လို့မရတာတွေလဲတွေ့ရတယ်။ အပျိုတော်တွေနို့ဆင်ဖြူသောက်တာ တစ်ကယ်လား ဟင်။

ahphyulay said...

အော............
သက်ဦးဆံပိုင် ဘုရင်စနစ် ဆိုတာဒါမျိုးပါပဲလား....။

ရွှေရတုမှတ်တမ်း said...

ဗမာဘုရင်တွေက ကိုယ့်နှမကို ပြန်ယူနေကြတော့ မွေးလာတဲ့ကလေးက စိတ်မနှံ့တာများတယ်..
ဒီစိတ်မနှံ့တဲ့ သူကမွေးတာတွေက ဘုရင်လုပ်နေတော့ တိုင်းပြည်ဘယ်မှာကောင်းတော့မလဲ..
သာယာဝတီမင်း၊ ပုဂ့မင်း အကုန်ရူးပြီးသေကြတာ..
မင်းတုန်းမင်းက တဏှာရူး၊ ...ဘုရင်တွေတော့ လွမ်းလောက်စရာမရှိပါဘူး

သောစေယျံ said...

အရမ်းကိုကောင်းပါတယ် ဗဟုသုတလဲရပါတယ်ကျေးဇူးအရမ်းတင်ပါတယ်

သောစေယျံ said...

အရမ်းကိုကောင်းပါတယ် ဗဟုသုတလဲရပါတယ်ကျေးဇူးအရမ်းတင်ပါတယ်

ကိုဇော် said...

အဲဂလိုကြီးလား။
ဘယ်လိုကြီးမှန်းကို မသိဘူး။
ဘာနဲ့ပဲ မိုးမိုး အမိုးလုံရင်တော်ပြီပေါ့။ ဒီလိုပဲ ကိုယ်က နန်းမဆန်တော့ တွေးမိတယ်။

Anonymous said...

thanks for sharing. though I hardly ever leave comments, I read your blog almost everyday. At the moment, Mya Sein Pya is my fav. one. Thanks again much.

ငဘကြည် said...

"ဒီတုန်းကတော့ ရက်စက်ကြတဲ့အချိန်ပေါ့လေ" ဟု တော်ဘုရားက စဉ်းစဉ်းစားစားနှင့် ပြောပြသည်။ သီပေါမင်းနေရာတွင် အခြားမင်းသားတစ်ပါး နန်းတက်ပါကလည်း အလားတူပင် ပြုလုပ်ပေလိမ့်မည် ဟုလည်း ပြောသည်။

ဒီလို ပြောလိုက်တာကြီးကတော့ ကိုယ့်အဖေက သူခိုးဆိုတာ ငြင်းမရတိုင်း လူမှန်သမျှ သူခိုးချည်းပဲလို့ ပြောသလို ဖြစ်နေပြီ။ ကနောင်မင်းသားကြီးတို့၊ အဘိဓာန် ပြုစုခဲ့တဲ့ ပထမ မက္ခရာမင်းသားကြီးတို့လို တိုင်းပြည်ကောင်းကျိုးပဲ လုပ်သွားတဲ့ မင်းသားတွေ ဘယ်သွားထားမလဲ။ ကနောင်မင်းသားကြီးဆို ဒီလောက် ထက်နေတာတောင် မင်းတုန်းမင်းကြီးကိုဖယ်ဖို့ လုံးဝမစဉ်းစားပဲ ဆံပင်ဖြူတဲ့အထိ အိမ်ရှေ့မင်းသားကြီးဘဝနဲ့ နေပြီး တိုင်းပြည်အကျိုး လုပ်သွားတာပဲ။ ဒီလို ရောင့်ရဲတဲ့စိတ်မျိုး တော်ဘုရားတို့ရဲ့ အဘွားနဲ့အဘိုးမှာ ရှိခဲ့ရင် တိုင်းပြည် ဒီလိုဖြစ်မလား။

နိုင်ငံခြားသား သတင်းထောက်ကို ကျွန်တော့်အဘိုးအဘွား လူသတ်သလို ကျန်တဲ့ မင်းသားတွေလဲ သတ်မှာပါပဲလို့ မဟုတ်တာ ပြောစရာလားဗျာ။ အကုန်လုံးကို သိမ်းကျုံးအထင်သေးအောင်။

blackcoffee said...

ဆံပင်တွေ ဖြန့် ခင်းပေးရတယ်တဲ့လား........
သက်ဦးဆံပိုင်ဘုရင်စနစ်ကတကယ်ကြောက်ဖို့ 
ကောင်းတယ်နော်။ကျွန်းသစ်တွေနဲ့ မိုးတဲ့အိမ်
မှာနေကြည့်ချင်လိုက်တာ....

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားဖို့ကောင်းတယ်
အာဏာရှင်စံနစ် သက်ဦးဆံပိုင်စံနစ်ဟာ ဘယ်ခေတ်ဘယ်အခါမှ မကောင်းဘူးလို့ သဘာပေါက်မိတယ်..
ကိုယ်အာဏာရဖို့အတွက် လူတွေ( မင်းဆွေမင်းမျိုး)တွေရဲ့အသက်တွေ အများကြီးကို စတေးပြစ်ရတယ်..
အသတ်ခံရတယ် ကြောက်ဖို့ကောင်းတယ်
ဒါကြောင့် အာဏာဟာ လူတွေရဲ့ စိတ်ကိုပြောင်းလဲစေတယ်လို့ ပြောကြတာဖြစ်မယ်.. အာဏာရဖို့ဆို ဘာကိုမှ မမြင်နိုင်တော့ဘူး. ညီအစ်ကိုချင်းချင်းတောင် သတ်ရက်ကြတယ်..

Anonymous said...

ယေဘုံယျပြောရရင်အသုံးမကျတဲ့သက်ဦးဆံပိုင်စံနစ်ကို တမ်းတမျှော်လင့်နေသုတချို့ရှိနေပါသေးတယ်။ နိုင်ငံရပ်ခြားမှာရွှေဘိုမင်းနာမည်ခံပြီးနိုင်ငံရေးလေါကမှာဝင် ရှုတ်ချင်တဲ့ပုဂ်ဂိုလ်တယေါက်ကြားရဘူးတယ်။ဘုရင်စံနစ်
နဲ့ပြန်သွါးမှတိုင်းပြည်ကေါင်းမယ်ပေါ့လေ။မြန်မါသမိုင်းမှာ ထက်မျက်တဲ့ဘုရင်များပေါ်ထွက်ခဲ့ပါတယ်။အရည်အချင်းရှိ တဲ့ဘုရင်တက်ပြီးအရည်အချင်းရှိတဲ့မူးမတ်တွေဝိုင်းရံတဲ့ ခေတ်မှာတိုင်းပြည်ကေါင်းတယ်။ ဒါပေမဲ့သက်ဦးဆံပိုင်သဘါဝကတေါ့မပျောက်ပျက်ပါဘူး။ အဲဒါအဓိကပြသနာဘဲ။ လူ့သမိုင်းနဲ့လူတွေရဲ့စိတ်သဘါဝကိုလေ့လါကြည့်ရင်အ များစုဟါနတ်ကရာကျီးမေါ့သဘါဝနဲ့ အုပ်စုလွှမ်းမိုးမှု့သဘါဝကိုတွေ့ရမယ်။ အဲဒီအခြေခံစိတ်တွေနဲ့လက်ခုတ်တီးပေးတဲ့အုပ်စု(၀ါဒဖြန့်ချီရေး)ရှိရင်နောက်ပင်ကိုယ်အခြေခံလဲနဲနဲရှိရင် နာမည်ကြီးအေါင်လုပ်လို့ရနိုင်ပြီပေါ့။ အမေရိကက ကနေဒီမိသါးစုတို့ နောက်လက်ကျန်ဘုရင်စံနစ်နိုင်ငံတချို့ကမိသါးစုတွေကို လေ့လါကြည့်ရင်လူတွေတရားကျစရာပါ။ မြန်မါပြည်အခြေအနေနဲ့နှိုင်းယှဉ်စဉ်းစါးရင်ပေါ့လေ။ ၀မ်းကွဲမေါင်နှမချင်းယူကြတါသိတ်တေါ့မဆန်းပါဘူး။ အညာဒေသမှာဓလေ့ပါဘဲ။တော်တော်များများကတေါ့မလုပ်ကြတေါ့ပါဘူး။