Friday, October 1, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၂၁)

"မေမေခင် မဟုတ်တဲ့နေရာမှာ ကန့်လန့်တိုက်မနေနဲ့၊ မင်းအပြုအမူက တို့အိမ်ပေါ်တက်လာပြီး တို့ကို စော်ကားရုံ တင် မကဘူး၊ နောင်ဘုရားကိုပါ စော်ကားနေတာ၊ ဒါတင်မကဘူး၊ မောင်မျိုးသြဇာ မနာခံဘူး ဆိုတာလဲ ထင်ထင်ရှားရှာ ပြနေတာ ... ငါ အစ်ကိုတစ်ယောက်လုံးရဲ့ စကားကိုမှ နားမထောင် ဘူး ဆိုရင် မင်း တော်တော်မိုက်ရိုင်းတာပဲလို့ ယူဆရလိမ့်မယ်"
ကိုအောင်စိုး အသံက ချော့တာလိုလို ချောက်တာလိုလို ဆုံးမတာ လိုလို ...။

နောင်ဘုရားကား အရောင်တဖျတ်ဖျတ်ထွက်နေသည့် စူးရှသော မျက်လုံးဖြင့် လည်စည်းပိုးပ၀ါကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော မေမေခင်၏ လက်ကို စိုက်ကြည့်နေသည်။ မေမေခင်သည် မည်သူ့ စကားကိုမှ ဂရုစိုက်ခြင်း၊ ပြန်ကြားခြင်း မပြုဘဲ နောင်ဘုရား ထိုင်နေသော ကော်ဇောကို သေချာစွာကြည့်နေရာမှ ပြောလိုက်သည်။
"ဒါ ခင့်ကော်ဇော ... ကောင်မလေးကို ရှင် ပို့ခိုင်းတာ ဒီကော်ဇောပေါ့လေ၊ ခင့်မိဘလက်ထက်က ပစ္စည်း ကို ခင် မသိဘဲ ဘာကြောင့် ရှင် ဒီလို လုပ်ရတာလဲ"
သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ၊ မေမေခင်က မောင်မောင်မျိုးကို ကြည့်ပြီး လေသံမာမာ မကျေနပ်စွာ ပြောလိုက်သည်။

ဇနီးဖြစ်သူကို နောင်ဘုရားရှေ့မှောက် ရောက်အောင် ခေါ်ခဲ့ပါမည်။ သူ တကယ်စိတ်ဆိုးလာလျှင် သူ့ဇနီးသည်သည် အတိုက်အခံ မလုပ်ကြောင်း ဟိတ်လုံး ထုတ်ခဲ့သော မောင်မောင်မျိုးသည် သူ့ အပြော နှင့် အလုပ် ညီစေရန် ကြံစည်ခဲ့ရသည်။ ရှေးခေတ်တန်ဖိုး တစ်ထောင်ကျော်၊ ယခုကာ တန်ဖိုး ငါးထောင် ကျော်ပေး၍ပင် ၀ယ်မရတော့သော နူးညံ့ရှားပါးလှသည့် သားမွေးကော်ဇောကို နောင်ဘုရား ထိုင်တော် မူရန် မေမေခင်က ပို့ခိုင်းသယောင်ယောင် လုပ်ပြီး ဤအိမ်သို့ မေမေခင် လိုက်လာအောင် ဥာဏ်နီ ဥာဏ်နက် ဆင်ခဲ့ရသည်။

မေမေခင်ကတော့ ကောင်မလေး အကြောင်းပြု လိုက်လာပါသည်။ ယခု သူ့ကော်ဇောကို တွေ့ရ၍ မကျေနပ်သော စကားကို ပြောင်ပြောင်ပြော သောအခါ နောင်ဘုရား၊ အစ်ကိုနှင့် မရီးရှေ့မှာ မောင်မောင်မျိုး ရှက်ရလေပြီ။ နောက်တစ်ချက် ကလည်း မည်သည့်နည်းနှင့်မဆို မေမေခင် ဤအိမ်သို့ လိုက်လာပြီး နောင်ဘုရားကိုသာ တွေ့ပါ စေ၊ မကြည်ညိုဘဲ နေနိုင်မည်မဟုတ်ဟု မျှော်မှန်းထားချက် ကလည်း တက်တက်စင် လွဲသွားပြီ ဖြစ်သောအခါ မောင်မောင်မျိုး ဒေါသ ဖြစ်လာသည်။ အစ်ကိုနှင့် မရီး၏ အကျိုးသင့် အကြောင်းသင့် စကားကို နားမထောင်ကောင်းလား ဟူသော မခံချင်စိတ်က ပေါ်လာသည်။ သူကိုယ်တိုင် ၏ သြဇာ မနာခံသောအခါ ဦးကျိုးအောင် နှိမ်လိုသော စိတ်က အတားအဆီးမရှိ ပေါ်လာသည်။ အစ်ကိုနှင့် မရီးက မယားကြောက်ဟု ပြောမည်ကို မခံယူလိုပေ။

"မမခင် ကော်ဇောပြန်ယူရင် ၀ိုင်းရိုက်လိုက်ကြလိမ့်မယ်၊ လာပါ ပြန်ကြပါစို့ ... "
ကောင်မလေးက နောက်မှနေပြီး တီးတိုးပြောသည်။
"ဟေ့ မေခင် ... ငါ ထိုင်ခိုင်းနေတယ်နော်"
မောင်မောင်မျိုး အသံက ခက်ထန်စွာ ထွက်ပေါ်လာသည်။ ခင် ကိုမျိုး ဟူ၍ သုံးနှုန်းနေရာမှ "မေခင် ငါ" ဟူသော အသွင်သို့ ပြောင်းလာသည်။

မေမေခင်သည် မထိုင်ဘဲ နောက်ဆုတ်သွားလိုက်၏။ လှုပ်ရှားလိုက်သော မေမေခင်၏ ၀ဲဘက် လက်ခလယ်မှာ ၀တ်ထားသော လက်စွပ်မှ အရောင်သည် ကျောက်ဖယောင်းတိုင်ကြီး သုံးတိုင်မှ လင်းနေသော နီဝါ၀ါ မီးရောင်ထဲတွင် အစိမ်းရောင်၊ အညိုရောင်၊ အပြာရောင်နှင့် နက်မှိုင်းမှိုင်း အရောင်တို့က ထူးဆန်းစွာ ယှက်သန်းဖြာထွက်နေသည်။ နောင်ဘုရားသည် မေမေခင်ကို တွေ့ဦး စကပင် သတိထားမိနေသော ဤလက်စွပ်မှ ယခု အရောင်စုံ ဖြာထွက်သွားသောအခါ ၀င်းဝင်း လက်လက် လောဘ ထွက်သော မျက်လုံးဖြင့် လက်စွပ်ကို မျက်တောင်မခတ် စိုက်ကြည့်နေပါ သည်။ နောင်ဘုရား နည်းတူပင် ကိုအောင်စိုး၊ မိမိလေးနှင့် မောင်မောင်မျိုးပါ မေမေခင့်လက်ထဲမှ လက်စွပ်၏ ထူးဆန်းသော အရောင် ကို သတိထားကြည့်မိကြသည်။

အခြားသူတွေက လက်စွပ်ကို စိတ်ဝင်စားနေကြသော်လည်း မောင်မောင်မျိုးက လက်စွပ်ကို စိတ်မ၀င်စား နိုင်ပေ။ မေမေခင်အပေါ် သြဇာကိုက်အောင် ချုပ်ကိုင်ရမည်က အရေးကြီးသည်။ သူ့ စကားကို မနာခံသည့် အပြင် အခန်းပြင် ထွက်သွားသော မေမေခင်ကို ဒေါသဖြစ်စွာဖြင့် ...
"ဟေ့ မေခင် ... မင်းက ငါ့ကို အရှက်ခွဲသလား"
ဟု မေးကာ အတင်းအကျပ် ပြန်ဆွဲခေါ်လာပြီး ထိုင်ရှိခိုးခိုင်းမည် ဟူသော အကြံဖြင့် ထိုင်ရာမှ ထသည်။

"ညီငယ် ... ဒေါသရှေ့မထားနဲ့၊ ထိုင်ပါလေ ..."
ကြည်လင်သောအသံဖြင့် နောင်ဘုရားဆိုသူက အချိန်မီတားလိုက်သောကြောင့် မောင်မောင်မျိုးက ဇနီးသည်ကို အံခဲကြည့်ကာ နောင်ဘုရား အမိန့်ကို ရိုသေနာခံစွာ ပြန်ထိုင်လိုက်သည်။
"ဟိုနှမလေးက အခု ပထမဆုံးအကြိမ် ရောက်လာတာဖြစ်တော့ နောင်ဘုရားကို နားမလည်သေး ဘူးလေ၊ ဒါကြောင့် ယုံရခက်၊ မယုံရခက်နဲ့ ဝေခွဲမရဖြစ်ပြီး နောက်ဆုတ်သွားရှာတာပါ၊ နှမငယ်လေး အပေါ်မှာ အပြစ်မထားကြနဲ့ ... ခွင့်လွှတ်ကြ ..."

ကြည်လင်သော အသံဖြင့် ဖြည်းဖြည်းလေးပြောသော နောင်ဘုရား၏စကားကို အခန်းပြင် ရောက်သွား ပြီဖြစ်သော မေမေခင်က သဲသဲကွဲကွဲ ကြားလိုက်သည်။
ဘေးကင်းရန်ကင်း အိမ်ကြီးထဲက ထွက်လာနိုင်သော မေမေခင်သည် ခြံဝင်းဝရှိ ကြီးမားသော ပေါက်ပင်ကြီးဝယ် ကြက်တူရွေးတစ်အုပ်သောသော ညံနေသည်ကို မော့ကြည့်ရင်း ပေါက်ပင်ကြီး အောက်က ဖြတ်လာသည်။ ထိုအခိုက်ဝယ် အပျံသင်စအရွယ် ကြက်တူရွေးလေးတစ်ကောင်သည် သစ်ကိုင်း တစ်ကိုင်း နှင့် တိုက်ကာ မြေပေါ်သို့ ဖုတ်ခနဲ ကျလာသည်။

ထိုသို့ကျလာသော ကြက်တူ ရွေး ပေါက်စလေးကို ကျီးလေးငါးကောင်က ထိုးဆိတ် ၀ိုင်းအုံလာသည်။ မပျံနိုင် မပြေးနိုင်ရှာသော ကြက်တူရွေးလေးသည် အာခေါင်နီရဲရဲလေးကိုဖြဲ၍ စီစီညံညံ အော်ရှာသောအခါ မေမေခင်သည် မကြည့်ရက်တော့ချေ။ ကြက်တူရွေးလးရှိရာ ကပျာကသီပြေးပြီး ကျီးတွေကို ခြောက်လိုက်သည်။ ထို့နောက် သူ့လည်မှာ စည်းထားသော ပိုးပ၀ါကြီးကို ဖြုတ်ပြီး ကြက်တူရွေးလေးကို ရစ်ပတ် ပိုက်ထွေးကာ စိတ်ထိုင်းမှိုင်း နောက်ကျိဖွယ်ကောင်းသော မိမိလေးတို့ စံမြန်းရာ ခြံကြီးမှ ကလေး မလေးနှင့်အတူ ထွက်ခွာသွားသောအချိန်ဝယ် အိမ်ကြီးထဲတွင် မခံချိမခံသာ ကျန်ရစ်ခဲ့သော ကိုအောင်စိုး၊ မိမိလေးနှင့် မောင်မောင်မျိုးကို နောင်ဘုရားက သြ၀ါဒပေးနေလေသည်။

"သူ့ကို အတင်းအကျပ် တားဆီးချုပ်တည်းခြင်း မလုပ်နဲ့လို့ ညီငယ်ကို နောင်ဘုရား တားတာက အကြောင်းရှိတယ် ညီငယ် ... "
"ဘယ်လို အကြောင်းပါလဲ နောင်ဘုရား"
မေမေခင် လူပါးဝသွားသည်ဟူ၍ ခံပြင်းနေသော မောင်မောင်မျိုးက ပြန်မေးသည်။

"ဒီလိုကွယ် ညီငယ်ရယ် ... သူ့ကောင်မလေးက အစအဆုံး မြင်နေ ကြားနေတယ် ဟုတ်လား၊ ကောင်မလေးက အခန်းအပြင် ရောက်နေပြီဆိုတာ သတိပြုဦးမှပေါ့၊ သူ့သခင်မကို သူ သိပ်ချစ် တယ် ဟုတ်လား၊ ညီငယ်က အနိုင့်အထက်ချုပ်ကိုင်လို့ နှမလေးက ရုန်းရင်းကန်ရင်း ထွေးလုံး ရစ်ပတ် ဖြစ်လာရင် ဟောဒီ ညီနဲ့ ညီမကြီးတို့ မနေသာဘဲ ပါဝင်ရတော့မယ်လေ၊ ဒီတော့ ဒီတော့ ... ကောင်မလေး က သူ့သခင်မကို နှိပ်စက်နေပါပြီရယ်လို့ ထွက်ပြေးအော်ဟစ်လုပ်ရင် ခြံနားနီးချင်း တွေ ဘေးလူတွေ သိကြမယ် ဟုတ်လား၊ နောင်ဘုရားက အေးအေးဆေးဆေး အဓိဌာန်ဝင်ပြီး ထွက်ရပ်လမ်း အားထုတ် နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ လူသိသူသိ အရေးအခင်းတွေဖြစ်မှာ မလိုလားဘူး၊ ဒါကြောင့် တားတာကွဲ့"

"နားလည်ပါပြီ နောင်ဘုရား"
"နောင်ဘုရားရဲ့ အဓိဌာန်တန်ခိုးနဲ့ မေတ္တာတန်ခိုး ဘယ်လောက်ထက်မြက်တယ်ဆိုတာ ညီငယ် ယုံကြည် တယ်နော်"
"ယုံပါတယ် နောင်ဘုရား"
မောင်မောင်မျိုးသည် သူ့ကို ရာထူးတိုးတက်အောင် လုပ်ပေးမည်ဆိုသည့်အတိုင်း ရာထူးတက်လာ သည့်အချိန် ကစပြီး နောင်ဘုရားကို အူလှိုက်သည်းလှိုက် ယုံကြည်လာသည်ဖြစ်၍ ယုံကြည် ကြောင်းကို အမှန် အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

"နောင်ဘုရား ဆန္ဒရှိတာတစ်ခု ဆောင်ရွက်ပေးစမ်း ညီငယ်"
"အမိန့်ရှိပါ နောင်ဘုရား"
"နှမငယ် လက်ထဲက လက်စွပ်ကို မြင်လိုက်လား"
"မြင်လိုက်ပါတယ်"
"ဘာလက်စွပ်လဲ"
"ဒီလက်စွပ် သူ့ဆီမှာ ရှိတာရော၊ သူ ၀တ်တာရော အခုမှ သိရ မြင်ရတာပဲ၊ ဘာလက်စွပ်မှန်း မသိပါ ဘူး နောင်ဘုရား"
"ဒီလက်စွပ်ကျောက်ဟာ ကျောက်ရိုးရိုး မဟုတ်ဘူး၊ အမြုတေတစ်ခုပဲ ညီငယ်"

ထူးဆန်းသောအရောင် ဖြာထွက်သွားသည့် လက်စွပ်ကို သတိထားလိုက်မိသော ကိုအောင်စိုးနှင့် မိမိလေး တို့သည် စိတ်ဝင်စားစွာ နားစိုက်လိုက်ကြသည်။
"ဘယ်လို အမြုတေပါလဲ နောင်ဘုရား"
မိမိလေးက မေး၏။

"အဲဒါကို နောင်ဘုရားက မေးခိုင်းမယ်လို့ပဲ ညီမကြီး ... ညီငယ်က သေသေချာချာ မေးမြန်းပြီး နောင်ဘုရားကို ပြန်ပြောစမ်း၊ ဒီအမြုတေအကြောင်း သိရပြီးရင် နောင်ဘုရား အဓိဌာန်ဝင်ကြည့် မယ်၊ ဒီအမြုတေကို ဘယ်လိုသိဒ္ဓိတင်ပြီး ဘယ်လို တန်ခိုးဝင်လာမယ်၊ ညီငယ်တို့ ညီအစ်ကိုနဲ့ ညီမကြီးတို့ သုံးယောက် အနက် ဘယ်သူနဲ့ ထိုက်မယ်ဆိုတာပေါ့၊ အဲဒါ အမြုတေအကြောင်း သေသေချာချာ သိရအောင် စုံစမ်းပြီး ညီငယ်က နောင်ဘုရားလက် ရောက်အောင် ဆောင်ကြဉ်း လာခဲ့နော်"

ကိုအောင်စိုး၊ မိမိလေးနှင့် မောင်မောင်မျိုးတို့ သုံးယောက်သည် မေမေခင့်လက်ထဲမှ ထူးဆန်းသော အမြုတေလက်စွပ်ကို လောဘထွက်လာကြသည်။
"ရအောင် ကြိုးစားခဲ့ပါ့မယ် နောင်ဘုရား ..."
ညနေစောင်းအချိန်တွင် မောင်မောင်မျိုး ပြန်လာသည်။ မျက်နှာထားကမူ သုန်မှုန်ခြင်း၊ စိတ်ဆိုးခြင်း အရိပ်အရောင်ကို မတွေ့ရပေ။ ပကတိ ကြည်ကြည်လင်လင် တွေ့ရသည်။ နောင်ဘုရားက မှာကြား လိုက်သည့်ကိစ္စ အောင်မြင်ရန်မှာ မေမေခင်ကို ယုယချော့မော့မှ ဖြစ်မည်ကို တွေးမိကာ မောင်မောင်မျိုး က စိတ်ဆိုး မျက်ညှိုးခြင်း မရှိဘဲ ကြည်ကြည်သာသာ ဖြစ်လာသည့်အတွက်ကိုမူ မေမေခင်က စိတ်ချမ်းသာ မိသည်။

"ထမင်း စားတော့မလား"
မေမေခင်က မေးသည်ကို ...
"စားမှာပေါ့ ခင်ရယ်၊ ကိုကိုနဲ့ မမမိက သူတို့ဆီမှာပဲ ထမင်းစားသွားဆိုတာတောင် ခင် မျှော်နေမှာပဲ လို့ စဉ်းစားမိပြီး ပြန်လာခဲ့တာ ခင်ရေ့"
မောင်မောင်မျုး အဖြေက အခိုက်အတန့်မှာတော့ မေမေခင်အဖို့ စိတ်ချမ်းသာ နားချမ်းသာ သွားပါ သည်။ ခဲအို လင်မယား ၀င်ပြီး ဇယား ရှုပ်ကြ၊ ခြေထိုးကြ၍ လင်မယားချင်း တဇောင်းစေးနှင့် မျက်ချေး ဖြစ်နေကြ သော်လည်း မေမေခင် ဘ၀ကား ဤလင်ယောက်ျားမှလွဲ၍ အားကိုးစရာ မရှိရှာ ချေ။ ယခုလို ခင်ပွန်းက ကြည်ကြည် သာသာ ကြင်နာယုယသော စကားကို ဆိုသံကြားရခိုက်မှာ အမှန်ပင် နားချမ်းသာမိရှာသည်။

ထမင်းစားကြသောအချိန်မှာ မောင်မောင်မျိုးသည် မေမေခင်ကို ယုယကြင်နာစွာ ဟင်းဖတ် ကောင်းနိုးရာရာလေးတွေ ရွေးထည့်ပေးသည်။ အရိုးထွင်ပေးသည်။ မေမေခင် ထမင်းစားသည်ကို အရိပ်တကြည့်ကြည့် ဖြစ်နေသည်။ ထမင်းစားနေရင်းမှာပင် မောင်မောင်မျိုးက ဇနီးမယားကို ယုယ ကြင်နာရန်၊ ချစ်ချစ်ခင်ခင်နေရန်၊ အရေးအကြောင်းရှိလျှင် ကောင်းတူဆိုးဘက် ဒုက္ခံပေါင်းလာ သော ဇနီးသာလျှင် ကိုယ်နှင့်မကွာ ပြုစုမည်ဖြစ်၍ ဇနီးကို မိတ်ဆွေကောင်း၊ နှမကောင်း၊ မိခင်း ကောင်းသဖွယ် သဘောထား ဆက်ဆံရန်၊ ညီအစ်ကို မောင်နှမစကားကို နေရာတိုင်းမှာ မနာခံရန် စသည်ဖြင့် နောင်ဘုရားက ဆုံးမ သွန်သင်လိုက်ကြောင်း၊ ကိုအောင်စိုးနှင့် မိမိလေးတို့ကိုလည်း မေမေခင်အပေါ် ညီမလေးလို သဘောထား ချစ်ခင်ရမည်ဟု နောင်ဘုရားက ဆုံးမကြောင်း စသည် များကို စီကာစဉ်ကာ ပြောပြီး ...

"ကိုကိုနဲ့ မမမိကလဲ နောင်ဘုရား ဆုံးမလို့ တရားကျသွားကြပါပြီ၊ ဒါကြောင့် ကိုမျိုး ထောက်ပံ့မှုကို ဒီတစ်လပဲ လက်ခံယူပြီး သူတို့ဘာသာ လုပ်ကိုင်ရှာဖွေ စားကြတော့မှာပါ၊ လာမယ့် ရှေ့လကစပြီး ခင့်လက်ထဲကို ကိုမျိုးလခ တစ်ပြားမကျန် အပ်မယ်၊ ကိုမျိုးကို ခွင့်လွှမ်မယ် မဟုတ်လား ခင်"
ဟု မောင်မောင်မျိုးက တကယ် နောင်တရသည့်ဟန်ဖြင့် မှင်သေသေ ပြောသည်။ မေမေခင် အနေ ဖြင့် အဘယ်မှာလျှင် ၀မ်းမသာဘဲ ရှိပါတော့မည်နည်း။ ကာလကြာမြင့်စွာ တိမ်ဖုံးသလို ဖြစ်ခဲ့ရှာ သော မျက်နှာလေး သည် မိုးသားကင်းစင် ကြည်လင်သော လမင်းလို ၀င်းဝင်းပပ ဖြစ်လာကာ၊ ချစ်လှသော လင်ယောက်ျား ကို ကြည်လင်ရွှန်လန်းစွာ ပြုံးပြလိုက်ရှာသည်။

မောင်မောင်မျိုး၏ အမူအရာအချိုးသည် မေမေခင်နှင့် လက်ထပ်ပြီးစက ပုံသဏ္ဍာန်အတိုင်း ပြန်ဖြစ် သွားသည်။ လင်ယောက်ျား၏ ယုယ မြတ်နိုးမှု၊ ကြင်နာချစ်ခင်မှုကို ခံရသော မိန်းမလောက် စိတ်ချမ်းသာသော မိန်းမ မရှိချေ။ မေမေခင်ကား သူ့ကိုယ်သူ အိပ်မက်ဆိုးကြီး ပျောက်ကွယ်သွား ပြီးဟု ထင်နေရှာသည်။

ထို့ကြောင့် ချစ်ခင် ကြင်နာ ကျေနပ်စွာသော အချိန်က ခေါ်ခဲ့သည့်အတိုင်း ကိုမျိုး ဟူသော စကားလုံးများကို ပြန်လည် သုံးစွဲလာသည်။ ချမ်းမြေ့ပျော်ရွှင်စွာ နေလာခဲ့သော ရက်သတ္တပတ် လုံးလုံး မောင်မောင်မျိုး သည် အစ်ကိုနှင့် မရီးအိမ် မသွားဘဲ မေမေခင် အနားမှာသာ ကပ်နေသည်။ သို့သော် နောင်ဘုရား က သွန်သင်ညွှန်ကြားချက်တွေ ပေးသမျှ နာခံပြီး ပြန်လာခဲ့သော ညနေမှစ၍ မေမေခင် လက်ထဲမှာ အမြုတေလက်စွပ်ကို မတွေ့တော့ချေ။ ချွတ်ပြီး သိမ်းထားကြောင်း စဉ်းစား မိသည်။

ဣနြေ္ဒမပျက်နေ၍ ရက်သတ္တ တစ်ပတ်မျှ ကြာညောင်းလာသော တစ်နေ့ ဇနီးမောင်နှံ အေးအေး လူလူ စကားပြောနေကြသောအချိန်ဝယ်၊ မောင်မောင်မျိုးက အမှတ်မထင် သဘောမျိုးဖြင့် လက်စွပ်အကြောင်း စကားသည်။
"ဒါနဲ့ ခင်ရယ် ... ဟိုနေ့က ခင် ၀တ်ထားတဲ့ လက်စွပ်ဟာ ဘာလက်စွပ်လဲ"
"ဘယ်လက်စွပ်လဲ၊ ဘယ်နေ့က ၀တ်တာလဲ ကိုမျိုး ..."
မေမေခင်က မမှတ်မိ၍ ပြန်မေး၏။

"ဟို ကိုကိုတို့အိမ် လိုက်လာတဲ့နေ့က ခင် ၀တ်လာတဲ့ လက်စွပ်လေ ... အဲဒီကျောက်အရောင်ဟာ တော်တော် ထူးဆန်းတယ်နော်၊ ကိုယ်တစ်ခါမှ မမြင်ဖူးဘူး၊ ဘာကျောက်လဲ ခင် ..."
ထိုအခါမှ မေမေခင်က သတိရလိုက်သည်။
"အရောင်က ဘယ်လိုထူးဆန်းလို့လဲ ကိုမျိုးရဲ့"

"အို ... စိန်တွေ၊ ပတ္တမြားတွေ၊ နီလာတွေ၊ မြတွေ အရောင်ထွက်တာမျိုး လက်တာမျိုးလဲ မဟုတ်ဘူး ခင်ရဲ့၊ အပြာရောင်၊ အစိမ်းရောင်ရယ်၊ အညိုရောင်ရယ်က အရောင်လွင်လွင်လဲ မဟုတ် ဘဲ ရင့်ရင့်မှိုင်းမှိုင်း ဖြာထွက်လာတဲ့အထဲမှာ မဟူရာရောင်က လာရောနေတော့ ဘယ်လိုရယ် မပြောတတ်ပေမယ့် ထူးဆန်းတာတော့ အမှန်ပဲ ခင်၊ ဖယောင်းတိုင်မီးထဲမှာ ဒီကျောက်အရောင် ထွက်ပုံက ရိုးရိုးတွင်းထွက် ကျောက်မျက် ရတနာအရောင်မျိုးမှ မဟုတ်တော့ဘဲ ..."

"ဘာနဲ့ တူနေလို့လဲ ကိုမျိုးရဲ"
မေမေခင်က ခပ်ပြုံးပြုံး မေးလိုက်သည်။ မောင်မောင်မျိုးက စဉ်းစဉ်းစားစား ဖြေ၏။
"ဟိုလေ တန်ခိုးအာနိသင်ကြီးတဲ့ သက်ရှိပုဂ္ဂိုလ်တစ်ယောက်၊ သို့မဟုတ် သတ္တ၀ါတစ်ကောင်ပေါ့၊ အဲ ... သူတို့မျက်လုံး တောက်နေသလိုပဲ ခင်ရဲ့၊ ကိုမျိုး မျက်စိအမြင် ဥပမာ ပေးရတာနော်၊ မှားချင် မှားမယ်"

မေမေခင်သည် ရိုးရိုးသားသားဟန် မှင်သေသေ ပြောနေသော ခင်ပွန်းသည်ကို ကြည့်ပြီး အတန် ငယ် စဉ်းစားနေသည်။ ထို့နောက် မောင်မောင်မျိုး အမှန်တကယ်ပင် စိတ်ပြောင်းလာပြီဟု ယူဆ၍ အမှန် အတိုင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

ဆက်ရန်
.

2 comments:

:P said...

အာ... ပြဿနာပဲ ...

Anonymous said...

အမ..မ၀င်းမြင့်တွေ အားလုံးကို လာဖတ်တယ်။ အမဘလော့သိပ်မရောက်ဖြစ်ပေမဲ့ ရိဒါက ဖတ်ရတာ ပိုအဆင်ပြေလို့ အမ စာတွေကို ရီဒါကပဲဖတ်ဖြစ်တယ်။

ကျေးဇူးအမရေ။


မြတ်နိုး