Monday, September 20, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၆)

အခန်း(၂၆)

နယ်စပ်လမ်းသည် တောင်မြှောက်စူးစူးဘက်သို့ သွားသည့်လမ်းဖြစ်ပြီး ဘော့ဆွာနာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ မှန်မှန် ကင်းလှည်လေ့ရှိသော နေရာလည်း ဖြစ်သည်။
ပြည်ပမှ တရားမ၀င် ခိုးဝင်လာသူများအား  လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူရန်နှင့် တောရိုင်း တိရစ္ဆာန်များအား ခိုးသတ်ခြင်းများကို ကာကွယ်၇န် ရဲတပ်ဖွဲ့က မှန်မှန် ကင်းလှည့်လေ့ရှိ ခြင်းပင် ဖြစ်သည်။

ခရိတ်နှင့် ဆယ်လီတို့သည် ထိုလမ်းသို့ နေ့လယ်ပိုင်းတွင် ရောက်ရှိသွားကြလေသည်။
ထိုအချိန် ၌ ခရိတ်သည် ရိုင်ဖယ်သေနတ်နှင့်တကွ ကျည်ဆန်ခဲယမ်းအားလုံးကို စွန့်ပစ်ထားခြဲ့ပီး ဖြစ်သည့်ပြင် သူတို့၏ ကျောပိုးအိတ်များတွင်လည်း အရေးတကြီး လိုအပ်သော ပစ္စည်းများတစ်ပါး  ကျန်ပစ္စည်းအားလုံးကို စွန့်ပစ်ထားခဲ့လေသည်။ လမ်းခရီး၌ သယ်ဆောင်ရမည့် ၀န်စည်းပေါ့ပါးစေ ရန် မလိုအပ် သော ပစ္စည်းများကို ထားပစ်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တွင် သူ၏ ရေးလက်စစာမူများကိုပင် မြေကြီးထဲမြှပ်ပစ်ခဲ့ရန် စာဉ်းစားမိသေးသည်။ စာမူစာ ရွက်တွေက အလေးချိန် ရှစ်ပေါင်းခန့်ရှိ၍ ခရိတ်က လေးသည်ဆိုပြီး မြှုပ်ထားခဲ့ရန် ကြံစည်စိတ်ကူး ခဲ့ခြင်း ဖြစ်သည်။

နောက်ကျမှ လာရောက်တူးဖော်မည်ဟုဆိုသော မြှပ်ပစ်မည်ပြုရာ ဆယ်လီက စာမူတွေကိုတော့ ထားမပစ်ခဲ့ပါနှင့်ဟု တောင်းပန်ပြောဆိုသဖြင့် မမြှပ်ဘဲ သယ်ယူလာခဲ့လေသည်။
သူတို့၏ ရေဘူးတွင် ရေလုံးဝကုန်နေပြီ ဖြစ်သည်။ ခရိတ်နှင့် ဆယ်လီတို့သည် ရေဘူးထဲမှ နောက်ဆုံး လက်ကျန်ရေ အနည်းငယ်ကို နှစ်ယောက်သားယူ၍ မွန်းမတည့်မိအချိန်က သောက် လိုက်ကြပြီ ဖြစ်သည်။ နေကပူပြီဖြစ်၍ သူတို့ လျှောက်သည့်နှုန်းမှာ တစ်နာရီလျှင် (၁)မိုင်သာသာ မျှသာ ရှိသည်။

ခရိတ်သည် စောစောကလို ချွေးထွက်ခြင်းမရှိတော့ပါ။ အာခေါင်ခြောက်ပြီး ရေငန်၍သာ လျှာကပူ လောင်လာ သလို ဖြစ်လာသည့်အပြင် လည်ခေါင်းတွင်လည်း   မခံမရပ်နိုင်အောင် ရေငတ်ခြင်း ဝေဒနာ ခံစား နေရလေသည်။
နယ်စပ်သွား လမ်းမေါ်သို့ ရောက်သောအခါ ခရိတ်သည် ပတ်ဝန်းကျင်သို့ သေချာစွာ ဂရုစိုက် ကြည့်လေသည်။ ပင်ပန်းနွမ်းနယ်လွန်း၍ ခြေလှမ်းတစ်လှမ်းလှမ်းရသည်ကိုပင် အလွန် ခဲယဉ်းလာ သည် ဟု ထင်ရလေသည်။

သေချာစွ စဉ်းစားကြည့်သောအခါ၌ ဤအဖြစ်မျိုး ကြုံရလေသူများတွင် မိမိတို့ ပထမဆုံးမဟုတ် နိုင် တွေးမိပြန်သည်။ ဤဒေသသို့ လာရောက်၍ နယ်စပ်ကို ဖြတ်ကျော်ဝင်လာသူမှန်သမျှ ရေငတ် ခြင်းဒဏ်နှင့် ရာသီဥတု ခြောက်သွေ့ပူပြင်းသည့်ဒဏ်ကို  ရင်ဆိုင်ခံစားရသည့်ချည်ပါပေလားဟု ဆင်ခြင်သုံးသပ်မိလေသည်။
နှစ်နာရီခန့် ဆက်သွားကြပြီးနောက် ခရိတ်သည် ခေတ္တရပ်ဆိုင်းလေသည်။ ဘော့ဆွာနာ နယ်ခြား စောင့် ရဲကင်းများနှင့် လုံးဝမတွေ့ရသေးသဖြင့် မိမိတို့လမ်းမှားလာပြီလားဟုလည်း သံသယဖြစ် လာမိသည်။

"အခုလောက်ဆိုရင် နယ်ခြားကင်းရှိတဲ့နေရာကို ရောက်ဖို့ကောင်းပြီ။  ငါတို့ လမ်းမှားလာသလား မပြော တတ်ဘူး။ "ကွန်ပါ" ကိရိယာကြည့်ပြီး  ငါတို့လာခဲ့ပေမယ့် "ကွန်ပါ" မှားနေရော့သလား"
ဤသို့ ပြောရင်း ခရိတ်သည် ပတ်ဝန်းကျင်ရှုခင်းကို လှည်းပတ်ကြည့်၍ စိတ်ထဲ မကျေနပ် ဖြစ်လာမိ သည်။
"ငါတို့ဟာ တောင်ဘက်စွန်ကို ရောက်နေတာနဲက တူတယ်"
ဤသို့ ပါးစပ်မှ ရေရွတ်ရင်း ဘာဆက်လုပ်ရမှန်း မသိအောင် ခေါင်းရှုပ်လာမိလေသည်။

နေမ၀င် တစ်နာရီခန့် အချိန်တွင် ခြောက်သွေ့နေသော  စပျစ်သီးပင်လို သစ်ပင်တစ်ပင်ကို တွေ့ရ လေသည်။ခရိတ်လည်း သစ်ပင်အနီးသို့  ချဉ်းကပ်ကြည့်ရာ  လိမ္မော်သီးငယ်အရွယ် အသီးတစ်လုံး သာလျှင် ရှိကြောင်း တွေ့ရလေသည်။ ခရိတ်လည်း ဘာမှမရှိသည့်အတူတူ တော်သေးရဲ့ဟု သဘော ထား ကာ သစ်သီးကို ခူး၍ ယူလိုက်သည်။
ထို့နောက် လှံစွပ်ထိပ်ဖျားဖြင့်  သစ်သီးကိုနှစ်ခြမ်းခွဲလိုက်သည်။ သစ်သီး၏ အတွင်းသားသည် အေး နေရမည် ဖြစ်သော်လည်း ပူပြင်းသော နေရှိန်ကြောင့် ပူနွေးလျက်ရှိသည်။
"အဲဒါ  ဖရဲသီးတစ်မျိုးပဲကွဲ့။ ဂင်ရှော့ မယ်လင်လို့ခေါ်တယ်"
ခရိတ်က  ဆယ်လီအား ထိုသစ်သီးအကြောင်း ရှင်းပြလေသည်။

ထို့နောက် သူသည် ဖရဲသီးကို ဆယ်လီအား ခွံ့ပေးလိုက်သည်။ သူမ၏ နှုတ်ခမ်းနှင့် လျှာတို့သည် ပူဖောင်းနေသဖြင့် ဖရဲသီးကို မနည်းကြိုးစား၍ မျိုချရရှာသည်။
ခရိတ်လည်း ဖရဲသီးမှအရည်ကို ညှစ်၍ ဆယ်လီအား တိုက်လိုက်ပြန်သည်။
သူမသည် မျက်စီမှိတ်ထားရာမှ ဖွင့်ကြည့်ပြီး ခရိတ်၏ အပြုအမှုကို မြင်သွားကာ ကျေးဇူးတင်ဟန် ဖြင့်  ကြည့်နေရှာလေသည်။

 ခရိတ်က ဆယ်လီအား ဆွဲထူပေးလိုက်ပြီး နှစ်ယောက်သား ကြိုးစား၍ ဆက်လျှောက်သွားကြလေ သည်။ အတန်ကြာ သွားကြပြီးနောက် ရပ်နားလိုက်ကြသည်။
ထိုအချိန်၌ ခရိတ်သည် ဦးနှောက်ထဲ ကြည်လင်ခြင်း မရှိဘဲ အိပ်မက်မက်နေသလို ၀ိုးတိုးဝါးတား ဖြစ်နေ လေသည်။
မျက်စီထဲတွင် မည်းမည်း သဏ္ဍာန်မြင်ယောင်နေမိသည်။ မကောင်းဆိုးဝါးများ ခြောက်လှန့်နေ သလို လည်း ထင်မိသည်။ အမှန်တော့ သူသည် စိတ် ကယောင်ချောက်ချား ဖြစ်နေလေသည်။
သူ၏ စာမူများကို ထုတ်ဝေသူများထံ ဆက်သွယ်ရောင်းချပေးသူ "ဧဂျင်း" (ကိုယ်စားလှယ်) အက်ရှီ ဆိုသူကိုလည်း မြင်ယောင်လာမိသည်။ အက်ရှီသည် မိမိ၏ နောက်ဆုံးစာမူဖိုင်တွဲကြီးကို ကိုင်ထား ကာ မိမိအား စကားပြောနေသည်ဟု ထင်ရသည်။

"ဒီမယ် ခင်ဗျားရဲ့ စာမူကို ထုတ်ဝေသူတွေ လိုက်ပြကြည့်တော့ ဘယ်သူကမှ မကြိုက်ဘူးဗျ။ စက္ကူပါး အဖုံးနဲ့ ဈေးပေါပေါ ရိုက်နိုင်တဲ့ လူတွေကတောင် မလိုချင်းဘူးပြောတယ်။ ဒီတော့ ရှင်းရှင်း ပြောရရင် ခင်ဗျားဟာ  စားရေးဆရာအဖြစ် မစွံသေးဘူး။ ရှေ့လျှောက် မျှော်လင့်ချက် မထားနဲ့ တော့ ကိုယ်လူ"
အက်ရှီက ဤသို့ပြောနေစဉ်  ခရိတ်က သေချာစွာ ကြည့်လိုက်ရာ အက်ရှီကိုင်းထားသည်မှာ မိမိ၏ စာမူ မဟုတ်ဘဲ စားသောက်ဆိုင်မှာ စားစရာစာရင်းစာရွက်ဖြစ်နေသည်ကို တွေ့ရပြန်သည်။
သူတို့နှစ်ဦး စားသောက်နေဆိုင်တစ်ဆိုင်တွင် စားသောက်ရင်း စကားပြောနေကြသည်ဟု မြင်ယောင်လာမိပြန်သည်။

အက်ရှီက စကားပြောပြန်သည်။
"ကိုင်း......... ခရိတ် ဘာမှ စဉ်းစားမနေနဲ့တော့။  ရှန်ပိန်အရက် သောက်ကြရအောင်။ ဘော်တွန် ရှန်ပိန်မျိုး ကို ကြိုက်သလား"
ထိုအခါ ခရိတ်က ဘာမှ မဆီးမဆိုင်သော စကားကို  အော်ပြောလိုက်မိသည်။
"အာဖရီကတိုက်က မှော်ဆရာတွေမှသာ တောခွေးရိုင်းကို စီးတာဗျ"
ဤတွင်  အက်ရှီက  သရော်သလို ရယ်မောလိုက်ပြီးနောက် ခရိတ်၏ စာမူကို လေထဲသို့ လွှင့်ပစ် လိုက်သည်။

စာရွက်များ ကြမ်းပြင်သို့ ပြန်ကျသောအခါ တစ်ရွက်စီပြန့်ကျဲသွားရာ ခရိတ်သည် လေးဖက် ထောက် လျက် စာရွက်များကို ပြန်ကောက်ရလေသည်။
 ထိုအခိုက် ဆယ်လီသည် အနီးသို့ရောက်လာသဖြင့်  နှစ်ယောက်သား ပွေ့ဖက်ထားလိုက်မိကြ သည်။
ဤသိုကား ခရိတ် အိပ်မက်မက်နေခြင်းပင်ဖြစ်သည်။

ခရိတ် အိပ်ရာမှ နိုးလာသောအခါ မိုးစင်စင်လင်းနေပြီး ဖြစ်သည်။ ဆယ်လီကတော့ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ပင် ရှိသေးရာ မနှိုးရက်ဘဲ ဆက်အိပ်နေစေလေသည်။
 ဆယ်လီခမျာ အသက် မှန်မှန်ရှုလျက် အိပ်ပျော်နေရှာလေသည်။
ခရိတ်သည် ရေတွေ့လိုတွေ့ငြားအာဖရိကတိုက်သားတို့၏ နည်းတစ်ခုကို စမ်းသပ်ကြည့်လေ သည်။

မြေကြီးတွင် တွင်းတူး၍ အနီးအနားရှိသစ်ခက်သစ်ရွက်များကို စုဆောင်းကာ လှံစွမ်ဖြင့် နုပ်နုပ်စဉ်း ပြီးတွင်အောက်ခြေတွင်  ချထားလိုက်သည်။ ထို့နောက် သတ္တုရေဘူးလွတ်၏ အပေါ်ပိုင်းကို ဖြတ် ပစ်လိုက်ပြီး ရေခွက်သဏ္ဍန် ဖြစ်လာသောအခါ ယင်းခွက်ကို တွင်းအလယ်ကောင်တွင် ချထားလိုက် သည်။
တစ်ဖန် တွင်း၏အပေါ်မှ ပလက်စတစ် အခင်းတစ်ခု ဖုံးအုပ်ထားလိုက်သည်။ ယင်းပလတ်စတစ် အခင်း၏ အလယ်ဗဟိုတည့်တည့် (သတ္တုရေဘူးပြတ်၏ အပေါ်တည့်တည့်)တွင် သေနတ်ကျည် ဆန်တစ်တောင့် အသာတင်ထားလိုက်သည်။

နေပူရှိန်ပြင်းလာသောအခါ သစ်ရွက်သစ်ခက်များ နုပ်နုပ်စဉ်းထားသည့်နေရာမှ အစိုဓာတ်များ ထွက်လာ ကာ သတ္တုရေဘူးပြတ်တွင်းသို့ စိမ့်ဝင်သွားမည်ဟု မျော်လင့်ရပေသည်။
ဤကား အာဖရိကတိုက်မှ တိုင်းရင်းသားများ ရေရှားပါးသည့်အရပ်ဒေသများတွင် ရေသောက်ရန် အနည်းငယ်ရအောင် ကြံစည်နည်းတစ်ခုပင် ဖြစ်သည်။
အားလုံး ပြီးစီးသွားသောအခါ ခရိတ်သည် ဆယ်လီရှိရာသို့ ပြန်လာလျက် ဆယ်လီ၏ မျက်နှာကို နေရောင်မထိုးအောင် သူ၏ကိုယ်ဖြင့် ကားထားလိုက်သည်။
"ဘာမှ မစိုးရိမ်ပါနဲ့ကွာ။ ငါတို့ မကြာခင် နယ်ခြားလမ်းကို ရောက်သွားမှာပါ။ အခုပဲ တော်တော်နီး လာပါပြီ"

ဤသို့ ဆယ်လီအား နှစ်သိမ့်ပြောလိုက်ပြီးနောက် ခရိတ်သည် အိပ်မက်ထဲမှ သူ၏ စာမူကိုယ်စား လှယ် (ဧဂျင်း) အက်ရှီအား သတိရကာ-
"အက်ရှီဆိုတဲ့လူ ပြောတာ အလကားပါ။ ငါက စာမူကို ပြီးအောင်ဆက်ရေးမယ်။ စအုပ်ထွက်လာပြီး ရင် ရုပ်ရှင်ကုမ္ပဏီတစ်ခုခုက  ရုပ်ရှင်ရိုက်ဖို့ လာဝယ်မှာပါ။ သေချာတယ်။ ငွေတွေ အများကြီးရ တော့ ငါရဲ့ ကင်းလင်းမွေးမြူးရေးခြံကြီးကို ပြန်ဝယ်ယူလိုက်မယ်။ ဘာမှမစိုးရိမ် ပူပန်နေစရာ  မလိုဘူး"ဟု စိတ်ထဲမှ ရေရွတ် ပြောဆိုမိပြန်လေသည်။
ဆယ်လီကတော့ပ အိပ်ပျော်နေရှာသည်။

ခရိတ်သည် တမ်မနက်လုံး စိတ်ရှည်ဖြင့် ထိုင်စောင့်နေပြီးနောက် မွန်းတည်ချိန် ရောက်လာသော အခါ တွင်းတူး ရေခံထားသည့် နေရာမှပလတ်စတစ်အဖုံးကို ဖွင့်လိုက်လေသည်။
အာဖရိကတိုက် ရေရှားပါးသော ဒေသများမှ တိုင်းရင်းသားတို့သည်နည်းဖြင့် နေရောင်ခြည်ကို အသုံး ချကာ ရေဖန်တီးလေ့ ရှိကြပေသည်။

ဆက်ရန်
.

1 comment:

ဇော်သိင်္ခ said...

ကျေးဇူး ဆရာမရေ.......