မောင်မောင်မျိုးသည် အားကိုးအားထား ပြုထိုက်သော ယောက်ျားတစ်ယောက်ဖြစ်၍ သူ ကိုယ်တိုင်ကပင် စိတ်ညွှတ်နေမိရာတွင် အားကိုးရာမဲ့ စိတ်ငယ်ဝမ်းနည်းနေရသော အခြေ အနေမှာ တည်ကြည် သော ကတိ၊ စွဲမြဲသော မေတ္တာ၊ ခိုင်ခန့်သော သစ္စာဖြင့် သူ့ထံပါးသို့ရောက်လာသော မောင်မောင်မျိုးကို မြင်ရသောအခါ မေမေခင်သည် ပုထုဇဉ် လူသားတို့ စိတ်ထားအတိုင်း မောင်မောင်မျိုးရှေ့မှာ မျက်ရည်ကျ မိသည်။
အသက်တမျှ ချစ်ခင်စွဲလမ်းရသူကလေးက ယခု သနားစဖွယ် အခြေအနေမှာ မျက်ရည်ကျ သည်ကို မြင်ရသည်တွင် မောင်မောင်မျိုးသည် ကြီးမားသော ကြင်နာမှုဖြင့် ယုယကြင်နာစွာ ဖက်ပြီး လက်ကိုပ၀ါဖြင့် မျက်ရည် တွေ သုတ်မိလျက်သား ဖြစ်နေသည်။
ထို့နောက်မှ မေမေခင်က မောင်မောင်မျိုး လက်ထဲမှ ရုန်းထွက်ပြီး ဆိုဖာပေါ်မှာထိုင်ကာ မျက်ရည်ကို သိမ်းလိုက်သည်။ မောင်မောင်မျိုးက မေမေခင် အနားမှာ ကပ်ထိုင်ပြီး မိခင်ကြီး ကွယ်လွန်သည့် သတင်းနှင့် နေရေးထိုင်ရေးကို မေးမြန်းသောအခါ မေမေခင် သည် သူ့စိတ်ထဲမှာ အပြုအမူ ညီမျှစွာ ကျင့်သုံး၍ စွဲမြဲသော မေတ္တာဖြင့် ချစ်ကြင်နာသော မောင်မောင်မျိုးကို စိတ်ညွှတ်နေမိရာတွင်၊ ယခုလို အပူသောက တွေ့နေချိန်မှာ သူ့ဘ၀ အဖို့ လုံးခြုံသော အကာအကွယ် ပေးနိုင်မည့် အခြေအနေ၊ သူ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်နိုင်မည့် အခြေအနေဖြင့် သူ့ထံပါးကို မြတ်နိုးကြင်နာ ယုယစွာဖြင့် ရောက်လာ သောအခါ သူ့ဘ၀ပေး အခြေအနေအရ အားကိုးပါတော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ရကား၊ မေမေခင်သည် သူ ကြုံတွေ့နေရသော အခက်အခဲကို မကွယ်မ၀ှက်တော့ဘဲ မျက်ရည်စမ်းစမ်းဖြင့် သနား စဖွယ် ပြောပြရှာသည်။
နဂိုကပင် ကြီးမားသောမေတ္တာဖြင့် စွဲစွဲလမ်းလမ်း ချစ်လာခဲ့သော မောင်မောင်မျိုးသည် မေမေခင်၏ ကြုံတွေ့နေရသော အခြေအနေကို မျက်မြင်ကိုယ်တွေ့ ကြားနေ မြင်နေရ သောအခါ မေမေခင်အပေါ်မှာ ဆတံပိုးတိုး၍ ချစ်မိ သနားမိတော့သည်။ မောင်မောင်မျိုးက သူ့စိတ်ဆန္ဒကို ပွင့်လင်းစွာပင် ထုတ်ဖော် ပြောလိုက်သည်။
''ဆွေရယ် မျိုးရယ်လို့မှ အားမကိုးရတဲ့ လူတွေအနားမှာ ခင် တွယ်ကပ်နေလို့ ဘာအကျိုး ရှိမှာလဲ၊ ကိုမျိုးကို ခင် လက်ထပ်ပါ၊ ဒီအိမ်ရာ အိမ်ထောင်ပရိဘောဂတွေရော ဈေးဆွဲမနေ နဲ့၊ ၀ယ်သူရှိရင် အားလုံးရောင်း၊ ရန်ကုန်မှာ ခင် သဘောကျတဲ့ ဘဏ်တိုက်တစ်ခုမှာ အားလုံးခင့်နာမည်နဲ့ အပ်ထားလိုက်၊ ခင်က ကိုမျိုးနဲ့ လိုက်နေပြီပဲ၊ နေထိုင်ရေးစား သောက် ၀တ်ဆင်ရေး ဘာပူစရာလိုတော့လဲ၊ ခင့် ဘ၀အဖို့ အေးချမ်းလုံခြုံမယ့်နည်းဟာ ကိုမျိုး စီစဉ်တဲ့နည်းပဲ ရှိတယ်နော် ခင်.. ''
မောင်မောင်မျိုး၏ ပြောဆိုစီစဉ်ချက်က လမ်းမှန်ကြောင်း မေမေခင် သိသည်။ မောင်မောင် မျိုး၏ မေတ္တာနှင့် သစ္စာကလည်း ယုံမှားဖွယ်မရှိအောင်ပင် ခိုင်ခန့်မြဲမြံသည်ကို လက်တွေ့ ဖြစ်နေသည်။ ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်ကလည်း မောင်မောင်မျိုး၏ မေတ္တာနှင့် သစ္စာကို ယုံကြည် စိတ်ချရလျှင် လက်ခံစေလိုသော ဆန္ဒကို ထုတ်ပြောသွားခဲ့ ကြသည်။ မေမေခင် ကိုယ်တိုင်ကလည်း မောင်မောင်မျိုးကို ယိမ်းယိုင်တိမ်းညွှတ်သော စိတ်ဖြင့် တစ်သက်တာအဖို့ အားကိုးပါတော့မည်ဟု စိတ်ကိုဆုံးဖြတ်ထားပြီးဖြစ်၍ မောင် မောင်မျိုး စီစဉ်သည့်အတိုင်း လိုက်နာမည်သာ ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်ကိုငဲ့ သော လူ့သဘာဝအတိုင်း မေမေခင်က ရုတ်တရက် စကားမပြန်ဘဲ စဉ်းစားနေသည်။
''ဘယ်လိုလဲ ခင်၊ ကိုမျိုး အစီအစဉ်ကို လက်မခံနိုင်ဘူးလား''
ငြိမ်သက်တိတ်ဆိတ်နေသော မေမေခင် မျက်နှာကို မောင်မောင်မျိုးက စိုးရိမ်ကြီးစွာ ကြည့် ပြီးမေးသည်။ ရှင့်ကို လက်မထပ်နိုငဘူးလို့ ပြောလိုက်ရင် ခက်ရချေရဲ့ဟု ရင်ပူစွာ တွေးနေသည်။ မေမေခင် တိတ်ဆိတ် ငြိမ်သက်နေရာမှ မောင်မောင်မျိုး မျက်နှာကို မော် ကြည့်ပြီး
''ကိုမျိုး အစီအစဉ်ကို ခင် လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့.. ''
မေမေခင် စကားမဆုံးမီ..
''လက်ခံတယ်..ဟုတ်လား ခင် တကယ်လား.. ''
ဟု မောင်မောင်မျိုးက ၀မ်းသာသောစိတ် မယုံမရဲစိတ်ဖြင့် အဆောတလျင် ဖြတ်မေးသည်။
''တကယ်ပါ..ဒါပေမဲ့.. ''
မေမေခင်က ညင်သာ သိမ်မွေ့သောအသံဖြင့် သူ့စကားကို ထပ်မံ အတည်ပြုပြောသည်။
''လက်ခံတယ်ဆိုပြီး ဒါပေမဲ့ကြီးက ဘာသဘောလဲ ခင်ရယ်၊ ရှင်းရှင်းပြောစမ်းပါ''
'' လက်ခံတယ်.. ဒါပေမဲ့ ရှင့်နောက် မလိုက်နိုင်သေးဘူးလို့ ပြောမလား၊ လက်ထပ်ဖို့ ဆိုင်း ပါဦးလို့ ပြောမလား.. ''ဟု မောင်မောင်မျိုးက တွေးသည်။ မေမေခင်က သူ့ ဒါပေမဲ့ကို ရှင်းပြ၏။
''ခင် ပြောတဲ့ ဒါပေမဲ့က မေမေ ဆုံးတာမှ တစ်လကျော်ကျော်လေးရှိသေးတယ်၊ လင်က ယောက်ျား ယူလိုက်တော့ ပတ်ဝန်းကျင်အမြင်မှာ မိဘ သေမှ စိတ်လွတ် ကိုယ်လွတ် ထင် ရာလုပ်နိုင်တော့ အမေ သေနောက်ကျတယ်လို့ ထင်တဲ့ မိန်းမအမျိုးအစားထဲချပြီး ကဲ့ရဲ့ဝေဖန်လေမလားလို့ တွေးနေမိပါတယ် ကိုမျိုးရယ်၊ အဲဒါ ခင်ရဲ့ ဒါပေမဲ့စကား ဆိုလိုရင်းပါ.. ''
မေမေခင် နှုတ်မှ ကိုမျိုးဟု ပြောင်းလဲသုံးနှုန်းသည်ကို ကြားလိုက်ရသောအခါ၊ မောင်မောင် မျိုး၏ ၀မ်းမြောက်မှုကား အတိုင်းအဆမရှိဖြစ်သွားးတော့သည်။ သူသည် သူ အသက်တမျှ ချစ်သော မေမေခင်၏ နှုတ်မှ ကိုမျိုးဟု ခေါ်သံကြားလိုသည်မှာ ကြာပေပြီ။ ဘယ်အခါ ခေါ်ပါမည်လဲဟု ကြီးစွာသော မျှော်လင့်ချက်ဖြင့် တောင့်တငံ့လင့် စောင့်မျှော်နေခဲ့နေပါ မည်နည်း။ မောင်မောင်မျိုး၏ အသံသည်ပင် လန်းဆန်းရွှင်ကြည်လာသည်။ ပေါ့ပါးသွက် လက်လာသည်။
''သြော်.. ခင်က ပတ်ဝန်းကျင် ကဲ့ရဲ့ဝေဖန်မှာ စိုးရိမ်နေတာလား''
''ဟုတ်တယ် ကိုမျိုးရယ်.. မေမေဆုံးပြီး တစ်လကျော်လောက်မှာ ယောက်ျားယူတယ်ဆို တော့.. ''
မေမေခင်က စကားအစမသပ်ဘဲ ဖြတ်ထားသောအခါ မောင်မောင်မျိုးက ဆက်ပြောသည်။
''ခင့်မှာ အခုလက်ငင်း တွေ့ကြုံနေရတဲ့ အဆင်မပြေမှုတွေ၊ စိတ်ဆင်းရဲမှုတွေ၊ အားကိုးရာမဲ့ မှုတွေကို ခင် ကြောက်ရွံ့စိုးရိမ်နေတဲ့ ပတ်ဝန်းကျင် လူတွေက ဘယ်လိုအကူအညီမျိုး လာ ပေးနိုင်ကြလဲ၊ သူတို့က လိုလေသေးမရှိအောင် ၀ိုင်းအုံပြီး ဖြေရှင်းပေးကြ၊ ကူညီပေးကြ၊ အကာအကွယ်ပေးကြရက်နဲ့ ခင်က ယောက်ျားယူမယ်ဆိုရင် သူတို့ ဝေဖန်ကဲ့ရဲ့မှာကို စိုးရိမ်သင့်တယ်၊ ကြောက်ရွံ့သင့်တယ်၊ အခု ဘယ်သူ့အကူအညီမှ မရလို့ ကိုယ့်ပြဿနာ ကို အဆင်ပြေအောင် ကိုယ်ဘာသာ အပြစ်ကင်းတဲ့နည်းနဲ့ ဖြေရှင်း တာပဲ၊ သူတို့ကို ကြောက်ရွံ့ စိုးရိမ်စရာလား ခင်ရဲ့''
မောင်မောင်မျိုး ပြောစကားက မှန်နေ၍ မေမေခင်က ငြိမ်ပြီး နားထောင်နေသည်။ မေမေခင် နားဝင်မှန်သိသော မောင်မောင်မျိုးက ဆက်ပြော၏။
''ခင့်မေမေ ဆုံးသွားတာ တစ်လကျော်ကျော်လေးပဲ ရှိသေးလို့ ခင့်အပူတွေ အဆွေးတွေ အရှိန်တက် နေဆဲ ဆိုတာလဲ ကိုမျိုး သိပါတယ် ခင်ရယ်။အရိပ်ခိုရာ ကျေးဇူးရှင် မိဘတွေ ဆုံးလို့ ခံစားရတဲ့ ပူဆွေး သောကကို ကိုမျိုးတို့ကိုကိုယ်တိုင်လဲ ကြုံခဲ့ရလို့ ခင် ဖြစ်ပုံကို ကိုယ်ချင်းစာပါတယ်၊ ဒါပေမဲ့ ခင့်အဖို့ ကူညီသူ ကာကွယ်သူမရှိဘဲ ပူနေ ဆွေးနေ ပတ်ဝန်းကျင်ကို စိုးရွံ့နေလို့ ခင့်မေမေ ပြန်မရှင် လာနိုင်တော့ပါဘူး၊ သွားသူက သူ့ကံအ လျောက် သွားပြီ၊ ကျန်ရစ်သူက ကိုယ်အသက်ရှင် နေထိုင်ရမယ့် လူ့ဘ၀ အချိန်ကာလ ကလေးမှာ ဘေးကင်းရန်ကင်း အေးအေးချမ်းချမ်း နေသွားနိုင်ဖို့ အရေးကြီးတယ်ဆိုတာလဲ ခင် စဉ်းစားမိမှာပေါ့၊ ကိုမျိုး ပြောတာတွေ သဘောပေါက်ကဲ့လား ခင်''
''နားလည် ပါတယ် ကိုမျိုး''
''အဲဒီတော့ ခင့်စိတ်ကို နိုင်အောင် ဆုံးဖြတ်ပါ၊ ကိုမျိုး ခွင့်ရခဲ့တာ တစ်လထဲပဲ ခင်ရေ၊ ခင် စိတ်မနိုင်သေးလို့ လက်မထပ်သေးဘူး ဆိုရင်လဲ ကိုမျိုး စောင့်ရုံပေါ့၊ ခင် သူများရင်ခွင်ထဲ မရောက်သမျှ သစ္စာရှိရှိ ကိုမျိုး စောင့်မယ်ဆိုတာတော့ ခင် ယုံပါလို့ ထပ်လောင်းကတိပြုပါ တယ် ခင်ရယ်''
မောင်မောင်မျိုး စကားကို စူးစိုက်နားထောင်နေသော မေမေခင်သည် သဘာဝကျသော မောင်မောင်မျိုး စကားကို အကြွင်းမဲ့ လက်ခံသည်။ လင်ငင်းတွေ့ကြုံနေရသော အခြေ အနေနှင့် သူငယ်ချင်း နှစ်ယောက် ၏ သတိပေး မှာကြားချက်တွေကိုပါ အပြန်အလှန် စဉ်းစားသည်။ ထို့နောက် စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ကာ ပြတ်ပြတ်သားသားပင် အဖြေပေးလိုက်သည်။
''ကောင်းပါပြီ ကိုမျိုး တစ်ယောက်ထဲနေလို့ မဖြစ်တဲ့ အခြေအနေ ကြုံလာမှ ခင့်တစ်သက် တာ အားကိုးစရာ ကိုမျိုး တစ်ယောက်ပဲလို့ ခင် သတ်မှတ်လိုက်ပါပြီ၊ ကိုမျိုးကို ခင် လက်ထပ်ပါတော့မယ်''
''တကယ်နော်..ခင်''
မောင်မောင်မျိုးက ၀မ်းသာစွာ မေးသည်။
''တကယ်ပါ ကိုမျိုး''
မေမေခင်က တည်ငြိမ်စွာ ဖြေ၏
''ခင် ဘယ်တော့ လက်ထပ်ချင်လဲ၊ လက်ထပ် အခမ်းအနားကို ဘယ်လိုစီစဉ်ချင်လဲ၊ ခင် စိတ်ချမ်းသာသလို ဖြစ်စေရပါမယ် ခင်၊ စိတ်ထဲရှိတာ ပြောသာပြောပါ''
မောင်မောင်မျိုးက အားပါးတရ ဆိုသည်။
''ကြီးကြီးကျယ်ကျယ် ချဲ့ထွင်မလုပ်ချင်တော့ပါဘူး ကိုမျိုးရယ်၊ မေမေတို့ကို ခင် ပိုပြီးလွမ်း မိမှာ''
''အေလေ.. ခင် သဘောကျလုပ်ပါ''
''ဖေဖေနဲ့ ကျောင်းနေဘက် အငြိမ်းစား တရားသူကြီးတစ်ယောက် ဒီမြို့မှာရှိတယ် ကိုမျိုး၊ အဲဒီ တရားသူကြီးရယ်၊ ၀တ်လုံတော်ရကြီးတစ်ဦးရယ်၊ တရိုတသေ အသိပေးသင့်တဲ့ လူကြီးလူကောင်း ဆယ်ယောက် လောက် အိမ်ကိုပင့် ကျွေးမွေးကန်တော့ပြီး စာချုပ်မှာ လက်မှတ်ထိုး လက်ထပ်လိုက်ကြတာပေါ့နော်၊ ဒီအိမ်ကြီးနဲက မယူနိုင်တဲ့ အိမ်ထောင်ပရိ ဘောဂတွေကိုပါ ဖေဖေ့ သူငယ်ချင်း တရားသူကြီးထံမှာ အပ်ထားခဲ့မယ်၊ ၀ယ်သူရှိရင် ရောင်းပေးဖို့ပေါ့၊ ခင်ကတော့ သျှောင်နောက် ဆံထုံးပါရတော့မှာပေါ့ ကိုမျိုး''
မေမေခင်သည် ပြောရင်းပင် အသံတွေတုန်လာကာ မျက်ရည်ကျရှာသည်။ မေမေခင် အနေဖြင့် ငယ်စဉ် တောင်ကျေး ကလေးဘ၀မှစပြီး မိဘများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေလာခဲ့သော ဤ၀င်းခြံ ဤအိမ် ဤဇာတိရပ်ရွာကို အပြီးအပိုင် ခွဲခွာရတော့မည်ဖြစ်ရာ အကြောင်းကြောင်းတွေ တွေးပြီး ပူဆွေးသောကဖြင့် မျက်ရည်ကျရှာပေသည်ဟု စဉ်းစားမိ သော မောင်မောင်မျိုးက မေမေခင်ကို သနား ကြင်နာစွာ ဖြင့် ယုယကိုက်ထွေး အားပေးဖြေ သိမ့်ရှာသည်။
မေမေခင်အဖို့ တစ်သက်တာ အားကိုးခင်တွယ်စရာကား.. မောင်မောင်မျိုးသာ ဖြစ်ပေ တော့သည်။
မေမေခင်သည် သူ့အခြေအနေ အရပ်ရပ်ကို စုံစေ့စွာ စာရေးပြီး ချစ်လှသော သူငယ်ချင်း နှစ်ယောက်ထံသို့ ပို့ပေးလိုက်သည်။
မောင်မောင်မျိုး တာဝန်ယူ အမှုထမ်းရာမြို့သို့ လင်ယောက်ျားကို မယားဝတ္တရား ကျေပွန်စွာ ကျိုးကျိုးနွံနွံ ပြုစုလုပ်ကိုင်ပေးရှာသည်။ မောင်မောင်မျိုးအနေဖြင့် နှစ်ရှည်လ များ ဇွဲကြီးကြီးဖြင့် စောင့်စားမျှော်လင့်ကာ စွဲမြဲချစ်ခင်လာရသူ မေမေခင်ကို ကြင်နာသည်၊ ယုယသည်၊ ညှာတာသည်၊ ခင်ယောက်ျားမှလွဲ၍ အားကိုးရာ မရှိသူကလေး ဟူသောစိတ် ဖြင့် မေမေခင် စိတ်တိုင်းကျဖြစ်အောင်သာ လိုက်လျော ခဲ့သည်ဖြစ်ရာ အတုင်အဖောက်ညီ သော၊ အပေးအယူမျှသော၊ တစ်ယောက်သဘောကို တစ်ယောက် က လိုက်လျောညီထွေ ကျင့်တတ်ပေသေ မောင်မောင်မျိုးနှင့် မေမေခင်တို့ ဇနီးမောင်နှံ၏ အိမ်ထောင်ရေးကား အေးချမ်းသာယာလှပေသည်။
မောင်မောင်မျိုးသည် မေမေခင်နှင့် သူ လက်ထပ်သည့်အကြောင်း၊ မေမေခင်၏ အဆင့်အ တန်း အခြေအနေ အာားလုံးကို အစ်ကိုဖြစ်သူကို အောင်စိုးနှင့် မရီးတော် မိမိလေးတို့ထံ စုံလင်စွာ စာရေးကြောင်းကြားပြီး ဖြစ်သည်။ အစ်ကိုနှင့် မရီးထံမှ အလုပ်တာဝန်မျာပြား၍ ခွင့်ယူရန် ကစ္စ အဆင်မပြေသည့်အတွက် မလာနိုင်ကြောင်း၊ ညီနှင့် ညီမတို့က လာနိုင် အောင် ကြိုးစားသင့်ကြောင်း စာပြန်ရေးလိုက်သည်။
မောင်မောင်မျိုး အနေဖြင့် ခွင့်ရရန် အဆင်မပြေသည့်အတွက် အစ်ကိုနှင့် မရီးထံ ဆွေပြမျိုး ပြ မသွားနိုင်ချေ။ ညီအစ်ကိုချင်း စာဖြင့်သာ ဆက်သွယ်နေခဲ့ရသည်မှာ တစ်နှစ်နီးပါး ကြာခဲ့ သည်။ တစ်နေ့တွင် ကိုအောင်စိုးထံမှ စာရောက်လေ၏။
သူ့အဖို့ ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်သို့ ပြောင်းရွှ့ရန် အမိန့်ရောက်လာသည် ဖြစ်ရာ ညီငယ်နှင့် ခရီးဝေးစွာ ခွဲခွာရမည်ဖြစ်၍၊ သူတို့မပြောင်းရွေှ့မီ လာရောက်တွေ့ဆုံ ရန် ခွင့်ရအောင် ကြိုးစာလားစေလိုကြောင်း စာရောက်လာသည်။ ထိုစာကို မောင်မောင်မျိုး က မေမေခင်ကို ပြသည်။ ခွင့်ရအောင်ကြိုးစားပြီး သွားမည်ဖြစ်ကြောင်း၊ အဆင်သင့်ပြင် ထားစေလိုကြောင်း ကြိုတင် အသိပေး လိုက်၏။
မေမေခင်သည် သူ တစ်ကြိမ်မှ မမြင်ဘူသေးသော လင်ဘက်မှအမျိုးကို တွေ့ရမည်ဖြစ်၍ ၀မ်းသာနေသည်။ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မည်မျှ ချစ်ခင်ကြင်နာပုံတွေ မရိးတော် မိမိလေး မည်မျှချောမောလှပကြောင်း သွက်လက်ချက်ချာ၍ မည်မျှ ခင်မင်နှစ်လို ဖွယ်ကောင်းကြောင်း၊ မတ်ကို မတ်ဟူ၍ သဘောမထားဘဲ မောင်အရင်းတစ်ယောက် ကဲ့သို့ ကြင်နာကြောင်း၊ ကိုအောင်စိုးနှင့် မိမိလေးသည် သူတို့ ညီလေး ညီငယ် မောင်ငယ် ဖြစ်သည့် မောင်မောင်မျိုး၏ဇနီး မေမေခင်ကိုတွေ့လျှင် ညီငယ်နှင့် ပတ်သက်၍ ချစ်ခင် ကြင်နာမည်သာ ဖြစ်ကြောင်း၊ ကိုအောင်စိုးနှင့်းမိမိလေးတို့ မည်ရွှေ့မည်မျှ သဘောထား ကြီးမား မြင့်မြတ်ကြောင်းတွေကို မောင်မောင်မျိုးက အလှိုင်းတကြီး ချီးကျူးပြောဆိုသည်ကို ကြားရသောအခါ မိဘဆွေမျိုး ကင်းမဲ့ရှာသူ မေမေခင်သည် သတင်းစကား ကြားရုံမျှဖြင့်ပင် နှစ်သိမ့် ၀မ်းသာနေရှာသည်။
''ငါ့ဘက်က အရင်းအချာ ညီအစ်ကို မောင်နှမ တစ်ယောက်မှမရှပေမယ့် ကိုမျိုးဘက်က အစ်ကိုရင်း မရီးရင်း ရှိနေတာကိုက တော်တော်အားကိုးလောက်နေပြီ၊ ငါတို့မှာ ချစ်စရာ၊ အားကိုးစရာ ဒါပဲရှိနေတော့ ငါကလဲ လင့်ဘက်ကတော့်တဲ့ အမျိုးလို့ သဘောမထားဘဲ ငါ့သွေးသားတွေလို ချစ်မယ် အားကိုးမယ်''
မေမေခင်က သူ့အတွေး သူ့ယူဆချက်ဖြင့် စိတ်ကူယဉ်ကာ ကြည်နူးနေသည်။ ခရီးသွားဖို့ အတွက် တက်တက်ကြွကြွ ပြင်ဆင်သည်။ ကိုအောင်စိုးနှင့် မိမိလေးတို့အတွက် လက် ဆောင်ပေးရန် သူတို့ကြိုက်တတ်သော ပစ္စည်းကို မောင်မောင်မျိုးထံမှာ မေးပြီး ၀ယ်ယူ ပြင်ဆင်ထားသည်။
ဆောင်ရွက်ဖွယ်ကိစ္စ အားလုံးပြီးသောအခါ မောင်မောင်မျိုးနှင့် မေမေခင်တို့ အစ်ကိုနှင့် မရီးရှိရာ ခရီး ထွက် ခဲ့ကြ၏။
ဆက်ရန်
.

No comments:
Post a Comment