Thursday, September 23, 2010

သဒိုး အပိုင်း (၁)

 သဒိုး
စာရေးသူ - ခင်ခင်ထူး
အခန်း(၁)

တော်သလင်းလကြီး တစ်ရက် နွားစာစဉ်းနေရာက နွားစားကျင်းထဲ ဖွဲနု တစ်တောင်း လာဖြူးတဲ့ သူ့မိန်းမမှုံကြီးကို ကိုပျားအုံက လှမ်းကြည့်တယ်။ သည်မိန်းမသည်ရက်ထဲများ မွေးရော့မလား အကဲခတ်တာပါ။ တကယ်တော့ သူလည်းနားလည်လှလို့တော့ မဟုတ်ူး။ ရွာလက်သည်ကြီးတော်ပွေးက 'ပျားအုံ...နင့်မယား မွေးတော့မယ်... ငါ့စိတ်ထင် သည်ရက်ထဲပဲ' လို့ပြောတာကို သတိရလိုက်လို့ပါ။ ကြီးတော်ပွေး မှန်းရင်လွဲခဲတာလည်း သူအသိ။ ရွာထဲက ကလေးတွေကြီးတော်ပွေးလက်နဲ့ မထိရတဲ့ ကလေး မရှိခဲ့ဖူးဘူး။ လက်သည်လုပ်လာခဲ့တာပဲရှိရောပေါ့ နှစ်လေးဆယ်တော့။

ကိုပျားအုံက နွားစားကျင်းထဲ ခေါင်းထိုးနေကြတဲ့နွားသုံးကောင်ထဲက နွားမကြီး မွှေးနက်မကိုလည်း လှမ်းအကဲခတ်တယ်။ သည်နွားမကြီးကလည်း ဇီးရင့်လှပြီ။ ကနေ့လား၊ မနက်ဖြန်လား ဆိုတော့ မယားနဲ့နွားမ အပြိုင်များ ပေါက်နေကြလေမလား တွေးပူတာပါ။ မှန်တာပြောရရင် ကိုပျားအုံက မယား လည်းပူတယ်၊ နွားလည်းပူတယ်။ မယားကသားဦးမွေးရဖွားရ ခက်ခဲတတ်တယ်လို့ ကြားဖူးထားတော့ ကြီးတော်ပွေးကို မနက်တစ်ခေါက် ညတစ်ခေါက်တော့ လျှောက်ခဲ့ဗျာလို့ ပြောထားရတယ်။ ကြီးတော်ပွေးက သူ့သမီးကြီးရှိတဲ့ သိမ်ရွာဘက် တစ်ခါတစ်ခါ စွတ်ကယ်စွတ်ကယ် သွားတတ်တာရှိတော့ မမှုံကြီးဗိုက်နာချိန် ရွာမှာမရှိမှာစိုးလို့ပါ။

နွားမကတော့ သူကိုယ်တိုင်လည်း နားလည်တယ်။ ရွာကကိုပေသီးကလည်း နားလည်တယ်။ နသေ (နွားသေ) ကလေး မွေးမှာ မပူပါဘူး။ နွားမ သားမွေးတာတော့ ဆန်းလှတာ မဟုတ်တော့ပါဘူး။ ပူတာက မွေးလာတဲ့ နွားကလေးက နွားဝါဖွဲနုများ အင်မတန်ညံ့တာဖျင်းတာ နွားသမားမှန်ရင် သိတာကိုး။နွားအရောင်ကိုပြောတာပါ။ ''ပေသီး...ငါကန၀ါဖွဲနု ထွက်လာမှာစိုးသာမောင်ရ...ငါ့စိတ်ထဲ နွားမကြီးသားတင်တုန်းက အ၀ါဖက်များတဲ့နွားဆိုတော့ န၀ါဖွဲနုဖြစ်မှာ...န၀ါမျက်ကွင်းဖြစ်မှာ...န၀ါဖင်ဖြူ ဖြစ်မှာ ကြောက်သာ မဖြစ်လောက်ဘူး တွက်ရသာပဲ... ''
''မဖြစ်ပါဘူး ငပျားရာ ... မအေက ထန်းသီးဟာကို... မအေဘက်လုလိမ့်မယ်... ငါပြောတာာမှန်ရင် ပုဆိုးတစ်ကွင်း ပေးမလား... ''
''ပေးရသေးပေါ့ကွာ မှန်ပါစေ ဆုတောင်းသာပါ... "

ထင်တဲ့အတိုင်းပါပဲ။ တော်သလင်းလပြည့်ကျော်ဆယ့်နှစ်ရက်နေ့ ညနေခင်းနေရောင် မပျောက်သေးဘူး။ နွားမကြီးမေးတယ်။ ကိုပေသီးကို ပုဆိုးပေးဖို့ဖြစ်လာတာပါပဲ။ နွားညိုသံရောင်ကြီး။ ကိုပျားအုံဆိုတာ ၀မ်းသာလွန်းလို့နွားမကြီးခေါင်း ပွတ်နေတာများ မထတော့ဘူး။ နွားဝါဖွဲနု သေအောင်ထုတာတောင် မထတာ၊ နွားဝါမျက်ကွင်းသေအောင်ဖျင်းတာ သိလေတော့ အိမ်က ကိုယ်ဝန် အရင့်အမာနဲ့ မယားစိတ် မရောက်ဘူး။ နွားမဘက် စိတ်ရောက်နေတော့တာကိုး။ ည ခုနစ်နာရီ လောက်ရောက်တော့ မယား မမှုံကြီးကလည်း ဗိုက်နာပြီ။ ကိုပေသီးက တောင်နောက်နေသေးတာ။ မင်းမယား မှုံကြီးကတော့ နွားပြာကြောင်စွယ် နေမှာပါကွာတဲ့။ နွားပြာကြောင်စွယ် ဆိုတာက နွားနီဘက်လုတဲ့ လက်မည်း ဒူးမည်း၊ နှာရောင်မည်း နွားမျိုး။ နကျင့်ကောင်းခေါ်တဲ့အကျင့်ကောင်း နွားမျိုးထဲတော့ပါပါတယ်။

"အေးကွာ... တိုက်တိုက် ဆိုင်ဆိုင်...မိမှုံ မွေးများမွေးတော့မှာလားကွာ... "
"မွေးရင်တော့ နှစ်မင်္ဂလာပေါ့ ငပျားရာ... ဆွမ်းကျွေးလိုက်တော့ သုံးမင်္ဂလာဖြစ်ရော... မွေးပါစေ ဆုတောင်းကွ...သည်လိုဖြစ်ခဲ့ပါ့... "
ကြီးတော်ပွေး တင်မကပါဘူး။ ရွာက မိန်းမကြီးတွေပါလာကြတယ်။ မိမှုံကြီးမိဘဆွေမျိုးများကလည်း မီးနေခန်း ပတ်လည် ထန်းလုံးတိုင်တွေ စိုက်ထားသလိုပဲ။ မိမှုံကြီးဘေး ငုတ်တုတ်မည်းတည်း ထိုင်နေကြတာ မီးနေခန်းတောင် ကျိုးကျမှာစိုးရသေးတာပါ။ ကိုပျားအုံက မယားကိုယ်ဝန်ဆောင်အနား မကပ်နိုင်တော့ နွားတင်းကုပ်ထဲကမခွာဘူး။ သည်လိုနေပြန်တော့ရွာက မိန်းမတွေက ကြုံသလို ငေါက်ကြတယ်။

"ပျားအုံရယ်...နင့်ဟာက မယားမွေးတာပူ...နမ(နွား)မွေးတာပူ...နင့်ဟာက လူပြောစရာဖြစ်ပါ့မယ်... မယား အနားနေပါဦးတော့... "
"ရော်...ကျုပ်ရှိတော့ကော ဘာလုပ်တတ်မှာတုန်း... ကျုပ်မို့ မီးနေခန်းနားကပ်ရင် မောင်းထုတ်ကြသဲ့ဟာ နမ ဂရုစိုက်ရတော့မပေါ့... အကျိုးပေးမယ့်နွားဗျ... သံရောင်ရယ်... မှုံကြီးက ခင်ဗျားတို့နဲ့ ပြီးပါတယ်"

နွားမွေးမှာ အဖြူနဲ့အနက် ထွေးထွေးကလေး ရောနေတာကို သံရောင်ခေါ်ကြတာပါ။ အမွှေးကြမ်းရင် မကောင်းတတ်ပေမယ့်မွေးလာတဲ့ နွားလေးကမွှေးနုရယ်။ ညသန်းခေါင်မကျော်ခင်မှာပဲ မမှုံကြီးကလည်း မွေးတယ်။ ယောကျာ်းကလေး။ ကိုပျားအုံနဲ့တူသတဲ့။ ညိုခဲခဲကလေးတဲ့။ လက်မည်းဒူးမည်း နှာရောင် မည်းကလေးများလား။ ပေသီးပြေသလို ကြောင်စွယ်ထဲကနေမှာ။ ကိုပျားအုံက ကနေ့တော့ ဟုတ်ဟုတ် သေးတော့ကွာ... မယားလည်းမွေး၊ နွားလည်းမွေး။ နွားမကသံရောင်ဆိုတော့ အကျိုးပေးပြီ။ သားဦးက ညိုခဲခဲဆိုတော့ အားကိုးရပြီ။

"ပေသီး... ငါက နာမည်တောင် စဉ်းစားပြီးပြီ... ငါ့မှာ သားနှစ်ယောက် အမြွှာမွေးသလိုကိုးကွ... နှစ်ကောင်စလုံးသံရောင်တွေဆိုတော့ သံဒိုးကြီးသံဒိုးကလေးပေါ့ကွာ... နွားက သံဒိုးကြီး ငါ့သားက သံဒိုး ကလေး.. "
"ကောင်းသာပေါ့ငပျားရ... အကျိုးပြီးတဲ့ဒိုးကြီးကွား... အကျိုးပေးတဲ့ ဒိုးကလေးကွာ... "

ကိုပျားအုံက ကိုပေသီးနှုတ်ထွတ်စကားကို သိပ်သဘောကျသွားတယ်။ တကယ်လည်း နွားက ဒိုးကြီး တွင်တယ်။ သားကဒိုးကေးတွင်တယ်။ သုံးမင်္ဂလာဖြစ်အောင် ဆွမ်းတစ်အုပ်တောင် ကျောင်းပို့လိုက်သေး တာပါ။
ကုဣို ကုန်းမှာ ပြောစမှတ်ပြုရတဲ့ အဖြစ်အပျက်ဆိုပါတော့။
 
(၂)

ကုဣိုကုန်းက အုပ်စုရွာကြီးတော့ မဟုတ်ဘူး။ မြိုင်လှက အုပ်စုရွာ။ မြိုင်လှ အုပ်စုထဲမှာ ရွာကချည်းဆယ်ရွာရှိတယ်။ ဖို့ကုန်း၊ ကုဣိုကုန်း၊ ညောင်ပင်ပု၊ ထတောစု၊ နှဲခင်း၊ ယင်းတိုက်၊ သိမ်ရွာ၊ ညောင်ကားယားနဲ့ တောပုဆိုတဲ့ ရွာတွေပါ။ မြိုင်လှနဲ့ဆို ဆယ်ရွာပေါ့။ မြိုင်လှကလွဲလို့ ကျန်တဲ့ရွာတွေက မတိမ်းမယိမ်းရွာတွေ။ စီးပွားရေးချင်းလည်းမကွာကြဘူး၊ စိုက်ခင်းနှံခင်းချင်းကလည်း မကွာကြဘူး။ မြိုင်လှက မြို့နဲ့နီးတော့ မြို့သွားချင်ရင် မြိုင်လှတော့ တစ်ထောက်ရောက်ကြရတယ်။ ကုဣို ကုန်းကနေ မြိုင်လှကို ခရီးနှစ်တိုင်ဝေးတော့ ဒိုးကလေးက မနက်ဆိုရင် မြိုကထိပ်က လက်ဖက်ရည်ဆိုင် ရောက်နေ တတ်ပြီး သံဒိုးကလေးလို့ ဖအေက မွေးတဲ့နေ့ကပဲ နာမည်ပေးပေမယ့် ရွာက ဒိုးကလေး ခေါ်ကြတာပါ။ အကျိုးပေးတဲ့ဒိုးကလေးလို့ နွားဆရာကိုပေသီးက နိမိတ်ဖတ်ပေသိ မွေးကတည်းက အကျိုးမပေး ချက်တော့။

"မှုံမရယ်... ငါ့နွားဒိုးကြီးက ထမ်းပိုးတင်ပါပြီ ဆိုကတည်းက လုပ်ကျွေးလိုက်သာများဟာ အလုပ်ကလည်း တွင်ပါဘိသနဲ့... မကော်မကတ် မဆိုးမယုတ်မျက်ကြားဗေကောင်းရွှေရည်မျက်လှ မကောင်းကျိုးပ ကောင်ကျိုးရ ဆိုသာလိုပဲ အကျိုးပေးချက်တော့.. ငါ့သား ဒိုးကလေးကျမှ ဘယ်လိုနက္ခတ်နဲ့များ မွေးပါလိမ့်ကွာ... "

မအေလုပ်တဲ့ မမှုံကြီးကတော့ ဒိုးကလေးကို မခိုင်းရက်ဘူး။ သားလုပ်ရမယ့်အလုပ်တွေ ကျုပ်ကိုပြောပါ ကိုပျားအုံရယ်၊ ကျုပ်တို့လည်း ထန်းလျက်တစ်ကိုယ်ထန်းတစ်ကိုယ်မှ မဟုတ်သာ၊ ဒိုးကလေးမလုပ် ကျုပ်လုပ်ပါ့မယ်လို့ သားဘက်ကကာတတ်တယ်။ ကိုပျားအုံက အခင်းထဲလည်းဝင်ရ၊ နွားစာလည်း ထည့်ရ၊ အိမ့် ဗာဟီရသူချည်းဆိုတော့ ဒိုးကလေးကိုပါ တစ်ဖက်တစ်ယှဉ်း ရုန်းစေချင်တယ်။ မိဘတွေ ရှိကြတုန်းတော့ ဟုတ်တာပေါ့။ မိဘတွေ မရှိရင်ဘယ့်နှယ့်လုပ်ပါ့။ ဒါကိုပူတာပါ။ ကိုပျာအုံတို့မှာတောင်သူ တောင့်တောင့်ထဲက ဆိုတော့ သားတစ်ယောက်အတွက် စီးပွားရေးပူစရာ မလိုပါဘူး။ ဒိုးကလေး မြို့တက် လက်ဖက်ရည် သောက်တာလည်းထားပါတော့။

မနက်တိုင်းအိမ်က ပိုက်ဆံယူပြီး မြို့ဂိုက်ဖမ်းတာကို မကြိုက်တာပါ။ လက်ကြောမတင်းတာကို မကြိုက် တာပါ။ တောသူတောင်သား သားသမီးပီပီ ရာသီနဲ့ သီးနှံရယ်လို့လည်းမသိဘူး။ ပိုးရယ်မွှား ရယ် လို့ လည်း မသိဘူး။ နွားတစ်ကောင်ရဲ့ ချိုရယ်၊ ဗွေရယ်၊ သွားရယ်၊ အသွေးအရောင်ရယ် စသည်ဖြင့် အကျိုးပေး မပေးလည်း မသိဘူး။ ပဲမှော်တစ်တောင်းထမ်း မတင်ဖူးဘူး။ ပဲကျိုးပဲကြေရယ်လို့ တလင်းကို တံမြက်တစ်ချက် သိမ်းဖို့လည်းခေါင်းထဲမရှိဘူး။ ဖအေပဲခင်းက လှည်းတိုက်ပြန်လို့ နွားကူမချွတ်ဘူး။ ဒါကိုမအေမမှုံကြီးကလည်း သိပါရဲ့။သား လူချောကို မခိုင်းရက်တော့ ဖအေပြောမယ်ကြံရင် မအေကချည်း ၀င်ရတာလည်း များပြီ။

"နင်လုပ်တာနဲ့ ဒိုးကလေး ပျက်စီးနေပြီ... နေကုန်နဲ့နေခန်း ဘာများသွားလုပ်နေပါလိမ့်ဟာ... လက်ဖက် ရည်ဆိုင် ကလည်း နေကုန်တော့မထားလောက်ပါဘူး... ငါတော့ မွေးကြမ်းမွေးရှည် နံတို နံကျပ် သွားကြား ရေယို နွားဖျင်းအဖတ်တင်သလို ဖြစ်နေပြီ... "

သည်လိုပြောရင် မမှုံကြီးက သူ့သား နွားနဲ့နှိုင်းရသကောရယ်လို့ ဆူဆူပူပူ လုပ်ရာက လင်မယား ရန်ဖြစ်ရရော။ ကိုပျားအုံကလည်း ပြောလိုက်ရင် နွားကမလွတ်ဘူးကိုး။
ဒိုးကလေးကလညးဒိုးကလေးပဲ။ ဘယ်လိုဗီဇပါလာသလဲတော့ မပြောတတ်ဘူး။ မွေးလို လူမှန်းသိပါပြီ ဆိုကတည်းက ပေါ်ကြော့နေတော့တာပါ။ ရွာမှာ ပေါ်ကြော့နေတဲ့ လူတစ်ယောက်တလေ ရှိလို့ အားကျတယ်ဆိုရင်လည်းထားတော့။ လူတိုင်း ကာလသားတိုင်း အရွယ်ရောက်ပြီဆိုတာနဲ့ အခင်းထဲ နွားထွန်ထယ်ထိုး မလိုက်နိုင်တောင် အိမ့်ဗာဟီရတွေထဲတော့ ပါရသူချည်းပါ။ ရေခပ်၊ နွားကျောင်း၊ မြက်ရိတ်၊ ပဲလှေ့ ပဲနယ်လောက်တော့ လုပ်ကြရသူချည်းပဲ။ ဒိုးကလေးက မဟုတ်ပေါင်။ ပင်ပန်းမယ့် အလုပ်များ ရွာက အလှူလှည့်တာတောင် ထွက်မကြည့်ဘူး ဆိုတဲ့ကောင်။

မွေးကတည်းက ညိုခဲခဲဆိုတော့ ကြီးတော့လည်း ညိုတိုတိုပါ။ ငယ်ဂုဏ်ကလေးနဲ့ဆိုတော့ ရုပ်မရှိဘူး ပြောမဖြစ်ဘူး။ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ မေးရိုးကျကောင်းနဲ့ ပြေပြေပြစ်ပြစ်တော့ ရှိရှာပါရဲ့။ ဆံပင်က မြို့ဆံပင်ဂိုက်ထားတော့ ရွာမှာာ တစ်ဘာသာ ဖြစ်နေတာလည်း ပါတယ်။ ဆံပင်ဂုတ်ထောကကို ဖအေက ကြည့်မရဘူး။ တစ်ခါတလေ နောက်စေ့ကသိမ်းပြီး ကြက်မြီးစုသိမ်းထားရင် ဖအေက တောက် ခေါက်တော့တာပါ။ လူကတောမှာတော့ လူချောပေါ့။ မြို့ဂိုက်ဖမ်းထားတဲ့ တောသားပေသိ ဇာတ်မင်းသား များလို့ ကနွဲ့ကလျတော့ရှိတယ်။

ဆယ်နှစ်သားလောက်မှာ ကျောင်းကြီးရှင်ဖြစ် သင်္ကန်းစည်းညပီး ကိုရင်၀၀တ်ခဲ့တဲ့ ကုသိုလ် ကလေး ရှိတာပဲ။ သူပျော်ရင်လည်း ရဟန်းဘ၀ ကူးပစေတော့လို့ မအေရော ဖအေပါ မျှော်လင့်ခဲ့ကြသေးတာပါ။ ရဟန်းရဲ့ မယ်တော် ခမည်းတော်ဘ၀ ခံယူရရင် သည်သားလုပ်စာ မစာရချင်လို့မှ နေနေအပါယ် တံခါးပိတ်ရင်တော်ပြီပေါ့လေ။ လေးငါးဆယ်နှစ်သားဆိုတော့မိရိပ်ဖရိပ်အောက်မှာ ဆိုပြောနာခံရှိသေး တာကိုး။ ကိုရင်လူထွက်တော့မှ ကြီးကောင်ကလည်းဝင်လာ၊ အကျင့်ကလေးကလည်းသက်သာ သလိုနေ တတ်ချင်လာဆိုတော့ ပြောမကောင်းဆိုမကောင်း တော့ဘူး။

ကာလသားမပေါက်တပေါက်ကတည်းက ဒိုးကလေးကိုမိဘကကိုင်လို့ မရတော့တာပါ။ ဖအေက အခင်းထဲ မဆင်းတောင် ဟိုရွာသည်ရွာ နွားအလဲအထပ်ဖြစ်ဖြစ် လုပ်စေချင်တယ်။ သည်အတိုင်း ရွာတကာ လည်နေမယ့်အစား နွားကောင်းနွားသန့် ဟိုရွာသည်ရွာက ရှာဝယ်ပြီးကြိုက်ဈေးနဲ့ ရောင်းတာနဲ့ပတ်သတ်သမျှ သင်ပေးရှာတယ်။ နွားဆရာ ကိုပေသီးခေါ်ပြီး နားသွင်းခိုင်းတယ်။ 
"လှည်းနဲ့နွားဆိုသာမတိမ်ကောဘူး ငါ့သားရ…တို့တောမှာ နွားကောင်းများ အင်မတန်မက်ကြတာ… အဖေတော့ လုပ်စေချင်သာပဲကွာ တောင်ရွာက ငသောင်းဆိုရင် မင်းနဲ့ရွယ်တူပါကွာ… နွားစီးပွားနဲ့ပိုက်ဆံရှိလှပေါ့… "

"နွားအကြောင်း ကျုပ်လည်းသိပါ့ဗျာ…၀မ်းပျဉ်းသား မိုးခိုသားများ ဖိုခွင်ပေါ်က နှစ်ရေခမ်းလောက် ချပြီး ထရေနဲ့မြည်းရင်ကောင်းလှပေါ့ အဖေ့နှယ် "
ဖအေက ထမ်းပိုးထဆွဲလို့ မအေ ၀င်ကာရသေးတာလည်း ခဏခဏ။ ဆံပင်ုတ်ထောက်ကြီးနဲ့ဖအေကို ရန်လုပ်မယ့် မျက်နှာနီစုတ်စုတ်နဲ့ ပုဆိုးခါးပုံစ တွဲလောင်းနဲကဆိုတော့ တစ်ခါတလေ ရောက်လာတတ်တဲ့ ကိုပေသီးကတောင်  "မင့်သားက ဗွေထီးရိုးစိုက်မှတ်သာ… ဘယ့်နှယ်ဗွေချက်ပေါက်ပါကောဟ… "တဲ့။ ဗွေချက်ပေါက်ဆိုတာက ဗွေညံ့တဲ့ နွားလက္ခဏာကို ပြောတာပါ။

ဆက်ရန်
.

8 comments:

Anonymous said...

စာဖတ်သူ အသံတွေကို အမ ဗုတ်ယူသင့်ပီ...

တနေ့ထဲ စာများများတင်မလား အပုဒ်များများတင်မလားဆိုတာကိုပေါ့..

စာတွေက တနေ့တည်း တပြိုင်တည်း အများကြီးတင်တော့ အချိန်မရှိသူတွေ လုံးဝမဖတ်နိုင်တော့ဘူးဆိုတာ ကိုယ်တွေ့ အမရေ.. နောက်ထပ်ပြန်ဖတ်ဖို့ဆိုတာကလည်း အတော် ကြာဥိးမှာ ..အကြွေးတွေတင်ရင်းနဲ့ ကျနော်တော့ စာကောင်းတွေ မဖတ်နီုင်ဖြစ်နေပီ။ ဒီတော့ နိုင်သလောက်ပဲ ဖတ်တော့မယ် အမရေ။ တနေ့ တပုဒ် ..မ၀င်းမြင့် ပီးရင် လေထန်ပေမဲ့ ပဲဖတ်တော့မယ်။ကျန်တာတော့ အချိန်မအားလို့ မဖတ်တော့ဘူး။

ကျေးဇူးတင်ပါတယ်။အပင်ပန်းခံတင်ပေးလို့ပါ။ ဒါပေမဲ့.. အရင်လိုအကုန်လိုက်မဖတ်နိုင်တော့တဲ့အတွက် ၀မ်းနဲမိပါသည်။

မြတ်နိုး

Anonymous said...

ညီမ မြတ်နိုး ရေ

ညီမ ပြောတာကို အမ သဘောပေါက်ပါတယ်... ညီမ မဂ္ဂဇင်း တအုပ်ဖတ်ရင် ညီမ ကြိုက်တာ တွေကို အရင် ရွေးဖတ်တယ်ပေါ့ ... နောက်ကျန်တာတွေကို ပျင်းရင် အချိန်ရရင် ဖတ်တယ်မဟုတ်လား..

လူအမျိုးမျိုးရှိတယ် ညီမ ရဲ့ .. အကြိုက်တွေက မတူညီကြဘူး.. အဲဒီအတွက် အမ တတ်နိုင်တဲ့ အချိန်မှာ စာတွေ များများ တင်ပေးပါတယ်.. စာကောင်း တာလေး တွေကို ဖတ်စေချင်လို့ပါ..
စာဖတ်သူတွေကို မလေးစားတာ မဟုတ်ပါဘူး..

နောက်ပြီး ဒီစာတွေ က ပျောက်သွားတာ မှ မဟုတ်တာ ညီမတို့ စာဖတ်သူတွေ အားတဲ့ အချိန် ပြန်လာဖတ်လို့ ရတယ်မဟုတ်လား..

အမ က အမြဲတမ်း ဒီလို အခြေအနေ ပေးချင် မှ ပေးမယ်လေ အခြေအနေလေးပေးတုန်း ဖတ်စေချင်တာလေး တွေတင်ပေးတာပါ....

ညီမ ပြောတာကို ပထမ အကြိမ်ကထဲက ပြန်ရေး ပေးမလို့ အမ လည်း အလုပ်များနေတာနဲ့ မရေးပေးဖြစ်တာနော်..

ညီမ အားတဲ့ အချိန်လွတ်သွားတာတွေ ပြန်လာဖတ်နော်..

ချစ်တဲ့
အမရွှေစင်

Vista said...

တင်ချင်တာတင်ပေးပါ မရွှေစင် ဖတ်ပါ့မယ်
ရွေးဖတ်လို့ ရတာပဲဟာကို။
ကျနော်ဆို တစ်ခါတစ်လေ စုထားပီးမှဖတ်တယ်။
မြန်မာကနေ တင်ပေးရတာနည်းတဲ့စေတနာမဟုတ်ဘူးဆိုတာ သိပါတယ်။ ကွန်နက်ရှင်စုတ်နဲ့ ဘယ်လောက်စိတ်ပျက်ရတယ်ဆိုတား)။

:P said...

ညီမက ဘာသာပြန်တွေကို များ-များလာမှ ဖတ်တယ်.... ။
ကိုဆေးရိုးတို့လည်း အဲလိုပဲ ....။

ဟိုတစ်နေ့ကလို ဂျာနယ်ကျော်မမလေး ကို ၂ ပိုင်းတစ်ပုဒ်လောက်ဖြတ်ထည့်ပေးတာလည်း ကြိုက်တယ်...။

လုံးချင်းက အီးဘွတ်ခ်ဖြစ်ဖြစ် စာအုပ်မှာပြီးဖြစ်ဖြစ် ဖတ်ရင်ရသေးတယ်...။ အတိုတွေ ၊ အကောင်းတွေက မြန်မာပြည်မှာ နေရင်တောင် တစုတစည်းတည်း ဖတ်ရခဲတယ်..။ မဂ္ဂဇင်းငှားဖတ်ရင်တောင် ကိုယ့်အကြိုက်တွေ့တာ က နည်းနည်းပဲ ပါတာလေ..။
ဒီလို ဝတ္ထုတွေကို ရိုက်တင်ပေးတဲ့ မရွှေစင်ကို ကျေးဇူးတင်ပါတယ် ပြောရပေါင်းများလို့ အားတောင်နာနေပြီ...။

အစ်မ scan ဖတ်ပြီး ပို့ပေးနိုင်ရင် ညီမ ရိုက်ကူပေးနိုင်ပါတယ်( နိုဝင်ဘာ လလောက်ထိ) ။ လက်ကွက်သိပ်တော့ မမြန်ဘူးပေါ့.. (ဒါက ကြုံလို့ပြောတာ)

:P said...

ဒိုးကလေးသိတဲ့ နွားအကြောင်းပြောတော့ ထ ရယ်မိတယ်....

ဇော်သိင်္ခ said...

"နွားအကြောင်း ကျုပ်လည်းသိပါ့ဗျာ…၀မ်းပျဉ်းသား မိုးခိုသားများ ဖိုခွင်ပေါ်က နှစ်ရေခမ်းလောက် ချပြီး ထရေနဲ့မြည်းရင်ကောင်းလှပေါ့ အဖေ့နှယ် "

သံဒိုးလေး.. သံဒိုးလေ....

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

မေဓာဝီ said...

အားတဲ့အချိန်မှာ များများသာ တင်ပေးထားပါ မရွှေစင်ရေ။
ညီမတို့လဲ အားတုန်းလေး အပြေးအလွှား လာဖတ်ရတာ။ အရင်လို အချိန်အား သိပ်မရှိတော့ နေ့စဉ် ၀င်မဖတ်ဖြစ်ဘူး။ အားမှလာဖတ်ဖြစ်တော့ ကိုယ်ကြိုက်တာလေးတွေ ရွေးဖတ်သွားတာပဲ။ အမြဲအားနေတုန်းကတော့ အကုန်ဖတ်ဖြစ်တယ်။ ကွန်မန့်လဲ ရေးဖြစ်တယ်။ ခုဆို ကွန်မန့်လဲ မှန်မှန်မရေးနိုင်တော့ တခါတလေ အားနာမိပါတယ်။
ဘာပဲဖြစ်ဖြစ် ခုလို တကူးတက တင်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။

မိုးယံ said...

ဝုတ်ဒယ် ၀ုတ်ဒယ် မမချစ် ။ နားနားပြီးတင်ပါဂျာ ဖတ်ရတဲ့တူဒွေ မောဒယ်။ လူကလဲ ရောဂါနဲ့ (စာမဖတ်ရင်သေနိုင်တဲ့)ဆိုတော့။ မမချစ် ကိုပီတာ ကိုဇော် ကိုသက်တန့် ကိုတေဇာ (ကျန်သေးတယ်) စာတွေ ကောင်းသလောက် တင်လဲတင်နိုင်ကြတယ်။ များတို့ကို တနားပါဦး နော်. နော် လို့ အဟွင့် ဟွင့်

အခုတော့ သဒိုး ဖတ်နေတယ်။ ဂျာနယ်ကျော်တွေလဲ ပြန်ဖတ်ရဦးမယ် ။ ဟူး (ရောဂါ ရောဂါ)

ဟဲဟဲ
ဒါပေမယ့် ညမာပီကနေပီး အဲလိုတင်ပေးတဲ့ စေတနာကိုတော့ အရမ်းလေးစားတယ် ။ကျေးကျေးလဲ တင်တယ်ဗျာ။ ဆက်လက်အောင်မြင်ပါစေ