Thursday, September 23, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၆) အဆက် အပိုင်း (၃)

သူသည် ဘူခါရင်၏ စူးရှသာ မျက်လုံးများနှင့် မျက်နှာထား အမူအရာကို ကြည့်ပြီး ကျောချမ်းသွား မိလေ သည်။ ဤရုရှလူမျိုးကား အလွန်ကြောက်စရာကောင်းသော လူတစ်ယောက်ပါတကားဟု လည်း စိတ်ထဲမှ မှတ်ချက် ချမိသည်။ သူ၏ မုဆိုးလိုင်စင် ရုပ်သိမ်းခံရမည်ကို စိုးရိမ်မိသည်ထက် ဤရုရှကြီး စိတ်ဆိုးမှာကို ပို၍ ကြောက်မိလေသည်။ ထို့ကြောင့် သူသည် ဘာမှ ဆက်မပြောဘဲ အသာငြိမ်နေလိုက်ခြင်း ဖြစ်သည်။

ဘူခါရင်သည် လူမည်းအလုပ်သမားထံမှ ပွိုင့် ၄၅၈ သေနတ်ကြီးကို ယူ၍ ကျည်ဆန်များ ထိုးထား ခြင်းကို သေချာ စွာ စစ်ဆေးကြည့်ပြီးမှ ဗိုလ်ချုပ် ဖွန်ဂါဘီရာအား လှမ်းပေးလိုက်သည်။
ဖွန်ဂါဘီရာသည် သေနတ်ကိုယူပြီး လက်တွင် ဆကြည့်လေသည်။ ထို့နောက် ချက်ချင်းပင် သေနတ်ကို အလုပ်သမားလက်သို့ ပြန်ပေးလိုက်ပြီး ပြုံးလိုက်သည်။
ဗိုလ်မှူးကြီး ဘူခါရင်ကလည်း ဗိုလ်ချုပ်၏ အပြုအမူကိုကြည့်ပြီး ပြုံးလိုက်သည်။ သို့သော် ပြုံးပုံက သရော် သလို ဟန်မျိုး ဖြစ်နေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သေနတ်ကိုင်သူ လူမည်းအလုပ်သမားအား-
"အေးဟီး မန်ဘိုး"ဟု ရှိုနာဘာသာဖြင့် ပြောလိုက်ရာ အလုပ်သမားသည် လျင်မြန်ဖျတ်လတ်စွာ ပြေးထွက် သွားပြီး နောက်ထပ်လက်နက်တစ်ခု ယူလာပေးသည်။
လက်နက် ကို ဗိုလ်ချုပ် ဖွန်ဂါဘီရာက လှမ်းယူလိုက်ပြီး လက်တွင် ချိန်ဆကြည့်လေသည်။ လက်နက်ကား 'အာဆီဝိုင်' ခေါ် တိုင်းရင်းသားတို့၏ ရိုးရာလက်နက် ဓားရှည်တစ်လက်ပင် ဖြစ်သည်။
ဓား၏ အရိုးလက်ကိုင်ကို သစ်မာတစ်မျိုးဖြင့် ပြုလုပ်ထားပြီး အပေါ်မှ ကြေးနီဝိုင်ယာကြိုးများ ရစ် ပတ်ထားသည်။ ဓား၏ အသွားက နှစ်ဆနီးပါးရှည်ပြီး ဗြက်လေးလက်မခန့်ရှိသည်။ ဓားသွားက အလွန် ထက်သည့် အလျောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ဓားသွားဖြင့် သူ၏လက်မှ မွေးညှင်းနုများ ကို ရိတ်ပြ လိုက်သည်။

ထို့နောက် သူသည် အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်များကို ချွတ်ပစ်လိုက်သည်။ သူ၏ကိုယ်တွင် အတွင်း ခံဘောင်းဘီတို သာလျှင် ကျန်လေသည်။ သူသည် အာဆီဝိုင်တိုင်းရင်းသားရိုးရာ ဓားရှည်ကို ကိုင် လျက် ဘူခါရင် အား ပြုံးကာ-
"ဒါမှ အာဖရိကတိုက်သားများရဲ့ အမဲလိုက်နည်း အစစ်ပဲ ဗိုလ်မှူးကြီးရဲ့"ဟု ပြောလိုက်သည်။
သို့သော် ဗိုလ်မှူးကြီး ဘူခါရင်က မပြုံးချေ။

ဤတွင် ဖွန်ဂါဘီရာက ဆက်လက်၍-
"ဗိုလ်မှူးကြီးရဲ့ အသက်အရွယ်နဲ့တော့ ကျုပ်တို့ အာဖရိကတိုက်သားများရဲ့ နည်းနဲ့ အမဲလိုက်ဖို့ မလိုပါဘူး။ ဒါကြောင့် ဗိုလ်မှူးကြီးက ရိုင်ဖယ်သေနတ်ကိုပဲ သုံးနိုင်ပါတယ်"ဟု ပြောလိုက်သည်။
ဗိုလ်မှူးကြီး ဘူခါရင်က ခေါင်းညိတ်လိုက်သည်။
သူ၏ စိတ်တွင်ကား ယခုကိစ္စတွင် ဖွန်ဂါဘီရာက မိမိအပေါ် တစ်ချီတစ်မောင်း အနိုင်ယူသွားပြီဟု အောက်မေ့ မိလေသည်။ သို့သော် ဤအာဖရိကတိုက်သား ကပ္ပလီလူမည်းသည် အပြောကြီးသ လောက် တကယ် အမဲလိုက်ရာ၌ တကယ် အစွမ်းပြနိုင်ခြင်းရှိမရှိ စောင့်ကြည့်ရသေးတာပေါ့ဟု စိတ်ထဲမှ ကျိတ်၍ စိန်ခေါ် သလို ဆုံးဖြတ်လိုက်မိသည်။

ဒဏ်ရာရသွားသူ ကျွဲရိုင်းကြီးသည် သွေးရူးသွေးတမ်းနှင့် ပြေးသွားသည်မှာ အတော်ကြာပြီဖြစ်၍ ခြေရာခံ လိုက်ရန် မလွယ်ကူတော့ဟုလည်း ယူဆမိသည်။
ဘူခါရင်သည် မြေကြီးကို သေချာစွာ ကြည့်လိုက်ရာ ကျွဲရိုင်းကြီး၏ ခြေရာများ ကောင်းစွာ ထင်ကျန် ရစ်ကြောင်း တွေ့ရလေသည်။
"ကျုပ်က ရှေ့က ခြေရာခံပြီးလိုက်မယ်။ ဗိုလ်ချုပ်က နောက်နားက ခပ်ခွာခွာလိုက်ပြီး ချက်ကောင်း ကိုသာ စောင့်ပေတော့"
ပြောပြော ဆိုဆို ဗိုလ်မှူးကြီး ဘူခါရင်သည် ရှေ့ဆောင်လျက် ကျွဲခြေရာများကို ကြည့်ပြီး လျှောက် လိုက်သွား လေရာ ဗိုလ်ချုပ်ကလည်း ဓားရှည်ကိုင်လျက် နောက်မှ လိုက်လေသည်။

ယခုဆိုလျှင် သူတို့သည် မြေကွက်လပ်မှ ချုံနွယ်ပိတ်ပေါင်းထူထပ်သော တောတွင်းသို့ ၀င်ရောက် မိကြပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခြင်းကပင်လျှင် စိတ်ချောက်ချား ဖွယ် ဖြစ်နေပေသည်။
မြေပြင်ပေါ်မှ သစ်ရွက်ခြောက်များသည် သာမန်အားဖြင့် လမ်းဖြတ်လျှောက်သွားလျှင် အသံမြည် ကာ ခြေသံကြားရမည် ဖြစ်သော်လည်း ယခုတော့ သစ်ရွက်ခြောက်များ စိုထိုင်းနေသဖြင့် သူတို့ နှစ်ဦး၏ ခြေသံ လုံးဝမကြားရချေ။

သို့ဖြစ်လင့်ကစား တစ်ခါတစ်ရံ ရုရှဗိုလ်မှူးကြီး ဘူခါရင်၏ ဘွတ်ဖိနပ်ကြီးဖြင့် ခပ်ကြမ်းကြမ်း နင်း လိုက်သော ခြေသံက တိတ်ဆိတ်ခြင်းကို ဖောက်ထွင်း ထွက်ပေါ်လာတတ်လေသည်။
အတန်ကြာအောင် ဆက်လျှောက်သွားမိသောအခါ ဘူခါရင်သည် မောပန်းစပြုလာလေသည်။ အသက်ကို ပြင်းပြင်းရှူ လာလေသည်။ ချွေးပြန်၍ ရှပ်အင်္ကျီပင် စိုရွှဲနေပြီ ဖြစ်သည်။
ဗိုလ်မှူးကြီး ဘူခါရင်သည် စိတ်လှုပ်ရှားနေပုံ ရလေသည်။ သို့သော် စိတ်လှုပ်ရှားခြင်းမှာ ထိတ် လန့်ကြောက်ရွံ့၍ မဟုတ်။ တောလိုက်အမဲပစ်ခြင်း ၀ါသနာပါသူတို့ ဘာဝ မိမိလိုက်နေသော သား ကောင်ကို မိလုနီးအချိန်တွင် စိတ်တက်ကြွလာခြင်းမျိုး ဖြစ်ကြောင်း ဖွန်ဂါဘီရာက အကဲခတ်မိလေ သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာ ကိုယ်တိုင်ကမူ ဘူခါရင်ကဲ့သို့ စိတ်လှုပ်ရှားမျိုး မဖြစ်ချေ။ သူသည် သွေးအေး အေးဖြင့် လုပ်ကိုင် လှုပ်ရှားတတ်သူဖြစ်သောကြောင့် ယင်းစိတ်ဓာတ်ကပင်လျှင် ကြောက်စိတ်ကို ဖုံးလွှမ်း ထားနိုင်စွမ်းရှိအောင် အလိုအလျောက် ဖြစ်စေလေသည်။

ယခု သူသည် အာဆီဝိုင်ခေါ် တိုင်းရင်းသား ဓားလက်နက်တစ်ခုတည်းဖြင့် ကျွဲရိုင်းကြီးအား တိုက် ခိုက်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရုရှလူမျိုး ဗိုလ်မှူးကြီး ဘူခါရင်အနေဖြင့် သူ့အပေါ် အထင် ကြီးလာစေရန် ဖြစ်လေသည်။ ယင်းလက်နက်အသုံးပြု၍ တိုက်ခိုက်နည်းကို ဖွန်ဂါဘီရာသည် လေ့ ကျင့်ထားခဲ့သူ ဖြစ်လေသည်။

ထိုအလျောက်ပင် ကျွဲရိုင်းကြီးနှင့်တွေ့လျှင် ထိရောက်စွာ တိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်ထားပေ သည်။ စိတ်ကိုစူးစိုက်၍ ရန်သူအား အပြတ်ချေမှုန်းရန် ပြင်ဆင်သည့် စစ်မြေပြင်မှ စစ်သည်တစ်ဦး ကဲ့သို့ အားမာန် တင်းလိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖျတ်လတ်တက်ကြွလာလေ သည်။ သန်မာသော ကြွက်သားများသည် လျှပ်စစ်ဓာတ်အားသွင်းလိုက်သလို အင်အားပြည့်တင်း လာသလို ဖြစ်လာလေသည်။

ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် လမ်းလျှောက်သွားရင်း အမဲရှာရင်း ၀ဲယာနှစ်ဖက်နှစ်ချက်ကို အထူးဂရု စိုက်၍ ကြည့်သွားလေသည်။
ယခု မိမိတို့ ခြေရာခံလိုက်နေသော ကျွဲရိုင်းသတ္တ၀ါသည် အာဖရိက တောတွင်းတိရစ္ဆာန်များအနက် ကျားသစ် ကဲ့သို့ပင် အလွန်ဥာဏ်များလှသဖြင့် အန္တရာယ်ရှိနိုင်ကြောင်း ကောင်းစွာ သိ၍ အထူး သတိထားနေခြင်း ဖြစ်သည်။

ခြင်္သေ့ဆိုလျှင် တိုက်ခိုက်ကာနီးတွင် မာန်ဖီဟိန်းဟောက်တတ်သည်။ ဆင်ရိုင်းက သေနတ်ကျည် ဆန်ထိမှန်လျှင် ကြီးမားသောခန္ဓာကိုယ်ကြီးကို ဖြည်းဖြည်းချင်း ရန်သူဘက်သို့ လှည့်လာတတ် သည်။
သို့သော် ကျွဲရိုင်းသတ္တ၀ါကမူ လုံးဝ အသံမပြုဘဲ ရုတ်တရက် ပြေးဝင်ပြီး ခတ်တတ်လေသည်။ ကျွဲ ရိုင်း ပြေးဝင်လာပြီဆိုလျှင် သူ့အား လမ်းခုလတ်တွင် သေအောင် ပစ်နိုင်မှသာ ကျွဲချိုဖျားတွင် ပါသွားပြီးမရှုမလှ သေရခြင်းမှ လွတ်ကင်းနိုင်မည် ဖြစ်ပေသည်။

အပြာရောင် ယင်ကောင်ကြီးတစ်ကောင်သည် ဗိုလ်ချုပ်ဖွန်ဂါဘီရာ၏ မျက်နှာတွင် လာနားရာမှ နှာ ခေါင်းပေါက် တွင်းသို့ ၀င်သွားလေသည်။ ဖွန်ဂါဘီရာသည် ကျွဲရိုင်းကြီး ပုန်းအောင်းနေမည် ထင်ရ သော ၀ဲယာနှစ်ဖက်မှ ချုံပုတ်များကိုသာ အာရုံစူးစိုက်ကြည့်နေသဖြင့် မျက်နှာပေါ် လာနားသော ယင်ကောင်ကိုပင် ခြောက်မောင်းခြင်းမပြုမိချေ။
ရုရှဗိုလ်မှူးကြီး ဘူခါရင်သည် ကျွဲရိုင်းကြီး၏ ခွာရာများကိုသာ ဂရုစိုက်ကြည့်ရင်း လျှောက်လာလေ သည်။

တစ်နေရာတွင် ကျွဲကြီးသည် ခေတ္တရပ်နားခဲ့သည့် လက္ခဏာများကိုလည်း သတိပြုမိလေသည်။ ဤ နေရာတွင် ကျွဲရိုင်းကြီးသည် ရပ်၍ နောက်မှ လိုက်လာသော ရန်သူ(လူ)၏ အသံကို နားစွင့်ထောင် ခြင်း ဖြစ်ဟန်တူသည်။ ထိုအချိန်၌ ကျွဲရိုင်းကြီးသည် ပြင်းစွာ ဒေါသထွက်လာပြီး ရန်သူအား အသေ ခတ်ရန် အသင့်ဖြစ်နေသည်ဟု ထင်ရပေသည်။

    ထို့နောက်ေ၇ှ့သို့က်သွားဟန်တူသည်။ စောစောက ဘူခါရင် ပစ်လိုက်သော ကျည်ဆန် ထိမှန်ထားသည့် သူ၏ ၀မ်းဗိုက်အတွင်း၌ ပြင်းစွာ နာကျင်ခြင်း ဝေဒနာ ခံစားနေရမည်မှာ မရှိချေ။
    ဗိုလ်မှူးကြီး ဘူခါရင်သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် လုံးဝ စကားမပြောဘဲ နားလည်သဘောပေါက် ကြဟန်ဖြင့် နှစ်ယောက် စလုံး ရှေ့သို့ ဆက်လျှောက်သွားကြသည်။

    စင်စစ်အားဖြင့် ကျွဲရိုင်းကြီးသည် သူ၏ ဘိုးဘေးဘီဘင် ကျွဲသတ္တ၀ါများ၏ အစဉ်အလာ ဓလေ့အတိုင်း ပြုမူလှုပ်ရှားနေခြင်းဖြစ်သည်။ ၀မ်းဗိုက်သို့ ကျည်ဆန် ထိမှန်ခံရသည့် အချိန်မှစ၍ တအား ပြေးလွှားခဲ့ခြင်း၊ ရံဖန်ရံခါ ခေတ္တရပ်၍ နောက်မှ ရန်သူလိုက်လာနေသလောဟု လေ့လာခြင်း၊ ရန်သူအား တုံ့ပြန်ကာ ချုံခိုတိုက်ခိုက်ရန်အတွက် နေရာကောင်း ရှာဖွေခြင်း စသည်တို့မှာ ဒဏ်ရာရ၍ အန္တရာယ် နီးကပ်လာသည့်အခါ ကျွဲသတ္တ၀ါများ သဘာဝအရ ပြုလုပ်နေကျ လှုပ်ရှားမှုများပင် ဖြစ်လေသည်။

    ကျွဲရိုင်းကြီးသည် ချုံပုတ်တွေကြားထဲ သွားနေရာမှ ခြေလှမ်းဆယ်လှမ်းခန့်ကျယ်သော မြေကွက်လပ် ငယ်တစ်ခု သို့ ဖြတ်သွားပြီး တစ်ဘက်စွန်းရှိ ချုံနွယ်ပိတ်ပေါင်းကို ဖြတ်ထွက်လိုက်သည်။ သူဖြတ်တိုး သွားသည့် ချုံများတွင် နီရဲသောသွေးများ စွန်းထင် ကျန်ရစ်လေသည်။

    ကျွဲကြီးသည် နောက်ထပ် ခြေလှမ်းငါးဆယ်ခန့်မျှ ဆက်လျှောက်သွားပြီးနောက် ရုတ်တရက် ပြန်လှည့်ကာ စောစောက ဖြတ်ခဲ့သည့် မြေကွက်လပ်ငယ်ဆီသို့ ပြန်လျှောက်လာလေသည်။ ယခုတစ်ကြိမ်တွင် ကျွဲရိုင်းကြီးသည် မုဆိုးက သားကောင်ရှိရာသို့ ချွတ်နင်းပြီး ချဉ်းကပ်သလို လုံးဝ ခြေသံမကြားအောင် ဖြည်းဖြည်းချင်း လျှောက်လာလေသည်။

    မြေကွက်လပ်သို့ ပြန်ရောက်သောအခါ ကျွဲကြီးသည် အနီးရှိ ချုံပုတ်များကြားထဲသို့ ၀င်နေလိုက်သည်။ သူ၏ ကိုယ်မှ ဒစ်ရာတွင် စွဲအုံနေသော ယင်ကောင်များကိုပင် အမြီးဖြင့် ရိုက်နှက်မောင်းနှင်ခြင်း မပြု လုပ်ချေ။ တစ်နည်းအားဖြင့် လှုပ်ရှားမှု လုံးဝမရှိအောင် အသာငြိမ်နေလိုက်ခြင်းဖြစ်သည်။
    ဤသို့လျှင် ကျွဲရိုင်းကြီးသည် သူ့နောက်မှ လိုက်လာသော ရန်သူ(လူ)များအား ချုံခို၍ စောင့်နေပေသည်။

    ရုရှလူမျိုး ဘူခါရင်သည် မြေကွက်လပ်ငယ်သို့ ရောက်လာသောအခါ ကျွဲကြီး၏ သွေးစသွေးနများကို မြင်မိ လေသည်။
    ဗိုလ်ချုပ်ဖွန်ဂါဘီရာသည်လည်း မကြာမီရောက်လာသောအခါ ကွက်လပ်ဘေး ပတ်ဝန်းကျင်ရှိ ချုံနွယ်ျားကို သေချာစွာ လှည့်ပတ်ကြည့်လေသည်။
    ယင်းသို့ဂရုတစိုက်ကြည့်ရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ရုတ်တရက် မှင်တက်မိသလို အံ့အားသင့်ရာမှ လုံးဝ မလှုပ်ရှားဘဲ ရပ်နေလိုက်မိသည်။ ချုံကွယ်အတွင်း အသာငြိမ်ပြီး ချောင်းနေသူ ကျွဲကြီး၏ မျက်လုံး ကို မြင်လိုက် ရသောကြောင့်ပင်တည်း။

    ဖွန်ဂါဘီရာသည် မလှမ်းမကမ်းရှိ ရုရှ ဗိုလ်မှူးကြီးအား အသာလက်ဖျောက်တီး၍ အချက်ပေးလိုက်ရာ ဘူခါရင်လည်း အလားတူ မလှုပ်မယှက် ငြိမ်နေလိုက်သည်။
    ကျွဲရိုင်းကြီးသည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်လှပေသည်။ ရန်သူအား အပြတ် ချေမှုန်းရန် ပြေးလာပုံမှာ ဟာရီကိန်း မုန်တိုင်းကြီး တရကြမ်း တိုက်ခိုက်လာသကဲ့သို့ ထင်ရပေသည်။

    ကွက်လပ်အလယ်သု့ ရောက်လျှင် ကျွဲကြီးသည် ရုတ်တရက် ရပ်လိုက်ပြီး ဘေးတိုက် ရွေ့လျား သွားလေ သည်။ ဤကား ကျွဲရိုင်းသတ္တ၀ါတို့၏ တိုက်ခိုက်နည်း ပရိယာယ်တစ်ခုပင်ဖြစ်သည်။ မုဆိုးအနေဖြင့် ကျွဲကြီး ရန်မူတော့မည်မဟုတ်ဟု ထင်အောင် ပြုလုပ်သည့် လှုပ်ရှားမှု ဖြစ်လေသည်။
    မုဆိုးက သတိမထားတော့ဘဲ ခပ်ပေါ့ပေါ့ နေလိုက်မိသည်ဆိုလျှင် ကျွဲက လျှပ်တစ်ပြက် လျင်မြန်စွာ ပြန်လှည့် ကာ အသေခတ်သတ်တတ်လေသည်။
    ယခု ကျွဲရိုင်းကြီးသည်လည်း လူကို မြင်ပါလျက် မခတ်တော့ဘဲ ရှောင်ထွက်သွားတော့မည့်ဟန်မျိုး လုပ်လိုက်ခြင်း ဖြစ်သည်။

    သို့သော် စက္ကန့်ပိုင်းအတွင် ရုတ်တရက် ပြန်လှည့်ကာ လူနှစ်ယောက်ရှိရာသို့ အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာလေသည်။ ဒီတစ်ခါတော့သူ၏ ဦးချိုဖျားတွင် လူအသက်ပါသွားအောင် တရကြမ်း တိုက်ခိုက် ရန် ပြေးဝင်လာခြင်းဖြစ်သည်။

    ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကျွဲကြီး ပြေးဝင်လာရာ လမ်းကြောင်းတည့်တည့်တွင် ရပ်၍ ရင်ဆိုင်ရန် ထွက်လိုက်သည်။ သူက ယင်းသို့ ပြေးထွက်လိုက်ချိန်တွင် ရုရှဗိုလ်မှူးကြီးက သူ၏ ရိုင်ဖယ်သေနတ်ဖြင့် ကျွဲကြီးအား ပစ်ခတ်ရန် ချိန်နေပြီဖြစ်ရာ ဖွန်ဂါဘီရာက ပစ်မှတ်၏ ရှေ့မှဝင်ကာဆီးလိုက်သလို ဖြစ်သွား သောကြောင့် ဘူခါရင်သည် မပစ်နိုင်တော့ဘဲ ရုတ်တရက် သေနတ်ပြောင်းကို အပေါ်သို့ ထောင်ထား လိုက်ရလေသည်။

    ဗိုလ်ချုပ်ဖွနဂါဘီရာသည် မလှုပ်ရှားဘဲ ရပ်နေရာမှ ကျွဲကြီးအနီးသို့ ရောက်လာတော့မှ လျင်မြန် ဖျတ်လတ်စွာ ဘေးသို့ အသာတိမ်းရှောင်လိုက်သည်။ ကျွဲရိုင်းကြီး၏ ဦးချိုကြီးအဖျားသည် ဖွန်ဂါဘီရာ ခန္ဓာကိုယ်ဘေး (နံရိုးများ)နှင့် သီသီကလေး ပွတ်ကာ လွတ်ထွက်သွားလေသည်။

    တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အလွန် လျင်မြန်ဖျတ်လတ်စွာ သူ၏ အာဆီဝိုင် ဓားရှည်ဖြင့် ကျွဲကြီးအား ရှိသမျှ ခွန်အား ဖျစ်ညှစ်ထုတ်လျက် ထိုးစိုက်ချလိုက်လေသည်။
    ဓားသွားက အလွန်ထက်သလောက် ဖွန်ဂါဘီရကလည်း တအားထိုးစိုက်လိုက်ခြင်းကြောင့် ဓားရှည်အသွားသည် လက်ကိုင်အရိုးထိအောင် ကျွဲရိုင်းကြီး၏ ကိုယ်ထဲသို့ စိုက်ဝင်သွားလေသည်။
    ကျွဲကြီးသည် အရှိန်ဖြင့် ဆက်ပြေးသွားသော်လည်း ကြာရှည်မပြေးနိုင်တော့ချေ။ သူ၏ ရန်သူ ဖွန်ဂါဘီရာ အားမြင်၍ ပြန်လည်ရန်မူရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ထဲမှ စိုက်ဝင်နေသော ဓားရှည် ၏ဒဏ်ရာကြောင့် ရန်မမူနိုင်တော့ဘဲ ဖြစ်နေလေသည်။

    ဓားဒဏ်ရာဖြင့်ပင် ကျွဲကြီး မုချလဲကျသေဆုံးတော့မည်ဟု သေချာပေါက် သိနေပြီဖြစ်ရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာ သည် စီးချင်းထိုးတိုက်ပွဲတွင် အနိုင်ရသော ရှေးခေတ်သူရဲကောင်းတစ်ဦးဟန် မျိုးဖြင့် ကျွဲကြီး ၏ ရှေ့တွင် ကိုယ်ကို မတ်မတ်ထားရပ်ကာ လက်နှစ်ဖက် ဆန့်တန်းမြှောက်လိုက်သည်။
    "အို...အသင် ကျွဲသတ္တ၀ါ မကြာမီ ဘုရင်ဖြစ်လတ္တံ့သော ဘုန်းကံရှင်တစ်ဦး၏ သံမဏိသွားဖြင့် သင်သေ ပေလော့"
    ဤသို့လည်း ဖွန်ဂါဘီရာက ပါးစပ်မှ ရေရွတ်လိုက်သည်။

    ကျွဲရိုင်းကြီးသည် ဆက်လက်ရပ်မနေနိုင်တော့ဘဲ မြေပြင်သို့ လဲကျသွားလေသည်။
    ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ကျွဲကြီး၏ ကိုယ်အနီးတွင် ဒူးထောက်လျက် ဓားဒဏ်ရာမှ ပန်းထွက်နေသော သွေးများကို သူ၏လက်ခုပ်ဖြင့် ခံယူကာ သောက်လိုက်သည်။
    "အို...အသင်ကျွဲကြီး သင်အသက်သေကာနီး သင်၏ သွေးကို ငါသောက်လိုက်ပြီဖြစ်သည်။ ယခု အချိန်မှစ၍ သင်၏ ခွန်အားဗလသည် ငါ့ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိလာလေပြီ"
    ဤသို့ ဗိုလ်ချုပ် ဖွန်ဂါဘီရာက ကြွေးကြော်လိုက်လိုက်တွင် ကျွဲရိုင်းကြီးလည်း အသက်ပျောက် သွားလေ တော့သည်။

အခန်း (၂၇)ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ကျွဲရိုင်းရဲ့ သွေးကိုသောက်ပြီး.. ကျွဲရိုင်းစိတ်ပေါက်သွားတာ ထင်တယ်နော် ဗိုလ်ချုပ် ဖွန်ဂါဘီယာက...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ