Sunday, September 19, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၉)

''ဟုတ်တယ် ခင်၊ အချိန်စေ့နေပြီ၊ နက်ဖြန်စောစော ရထားနဲ့ပြန်ရမှာဖြစ်လို့ ကိုမျိုး မလာ နိုင်တော့ဘူး၊ ကဲ သွားမယ်နော် ခင်...''
မောင်မောင်မျိုး က မြတ်နိုးစုံမက်သော မျက်လုံးဖြင့် မေမေခင်ကို ရွှန်းရွှန်းစားစား စိုက်ကြည့် နှုတ်ဆက် ကာ ထွက်ခွာသွားသည်။

မေမေခင်သည် မောင်မောင်မျိုးကို မျက်စိအောက်မှ ပျောက်သွားသည်တိုင် ငေးမော့ကြည့် နေမိသည်။ သူ့စိတ်သည် မောင်မောင်မျိုးသို့ ညွှန့်နေပြီကို သူကိုယ်တိုင်ပင် သတိထားမိ သလို ရှိလာသည်။ မောင်မောင်မျိုး ပေးသွားသော နေရပ်လိပ်စာ ကတ်ပြားလေးကို တယူတယ ဆုပ်ကိုင်၍ သူ့အခန်းသို့ ပြန်လာရင်း စိတ်ထဲမှ..
''ငါ့ပေါ်မှာ သူတကယ် စွဲမြဲတဲ့ မေတ္တာ သစ္စာသာ ရှိမယ်ဆိုရင် အိမ်ထောက်ဘက်အဖြစ် ရွေးသင့်တဲ့ ယောက်ျား တစ်ဦးပါပဲလေ'' ဟု မဲဆန္ဒပေးသော အတွေးမျိုးကို တွေးလာခဲ့မိ သည်။


(6)

ရှေ့ရေးနောက်ရေး မျှော်တွေးသောစိတ်၊ က္ကနြေ္ဒသိက္ခာကို စောင့်စည်းသောစိတ်ဖြင့် အခြေ အနေအရဟူသော ဆုတ်သာတက်သာ စကားကို မောင်မောင်မျိုးအား ပြောခဲ့သော မေမေခင်သည် ယခု သူ ပြောခဲ့သည့် ကံစီမံရာတွေ အခြေအနေတွေကို မမျှော်လင့်ဘဲ တွေ့ကြုံလိုက်ရရှာလေပြီ။

မေမေခင်၏ ဖခင်သည် ကိစ္စတစ်ခုဖြင့် မန္တလေးသို့ သွားရာမှာ သောင်းကျန်းလက်ချက် ကြောင့် ရထားလမ်းပျက်၊ မီးရထားမှောက်ရာမှာ ပါဝင်သေဆုံးသွားရှာသည်။ ကျန်းမာရေး ဓာတ်ခံ မကောင်းသော မေမေခင်၏ မိခင်မှာ ခင်ပွန်းသည်စိတ်ကြောင့် အိပ်ရာပေါ်မှာ လဲခဲ့သည်။ ဒုတိယနှစ်စာမေးပွဲ ဖြေဆို အောင်မြင်ပြီးသော အခါဝယ် မေမေခင်သည် ကျောင်းပြန်မတက်နိုင်တော့ဘဲ၊ မိခင်ကိုသာ ပြုစု နေရ တော့သည်။

သို့သော် မေမေခင်၏မိခင်သည် တစ်ဦးတည်းသော ချစ်မငြီးသည့် သမီး မေမေခင်ကို ပြောဆိုမှာကြားစရာရှိသမျှ စုံစေ့စွာ ပြောဆိုမှာကြားခြင်း၊ ပစ္စည်းဥစ္စာအားလုံးကို မကြွင်း မကျန် အပ်နှံခြင်း ကိစ္စများ ပြီးသောအခါ စိတ်ချသွားဟန် တူသည်။ သမီး မေမေခင်ကို ထားရစ်ခဲ့ကာ သူ့ခင်ပွန်းနောက်သို့ ကောက်ကောက် ပါအောင် လိုက်သွားရှာလေတော့၏။
တိုင်ပင်ဖော် တိုင်ပင်ဘက် မောင်မင်းဇင်နှင့် မြသွင်အေးတို့သည် မေမေခင် အပူသောက တွေ့နေချိန်မှာ ကျောင်းရက်ရှည်ပိတ်ချိန်နှင့် တိုက်ဆိုင်သည်အလျောက် သူတို့မိဘများထံ အကျိုးအကြောင်း ရေးသားခွင့်ပန်ကာ မေမေခင်ထံ လာရောက်နေထိုင်ရင်း အားပေးဖြေ သိမ့်ကြသည်။

မေမေခင်မှာ တစ်ဦးတည်းသော သမီးဖြစ်၍ ညီအစ်ကို မောင်နှမ အရင်းအချာ မရှိသော် လည်း မိခင်ဘက် ဖခင်ဘက် ဆွေမျိုးအရင်းအချာများ ရှိသေးသည်။ မိခင်ဘက်မှ ဦးလေးအရင်း တစ်ယောက်၊ အဒေါ်အရင်း တစ်ယောက်ရှိ၍၊ ဖခင်ဘက်မှ ဘကြီးအရင်းနှစ် ယောက်ကြသည်။ သို့သော ထိုဆွေမျိုးရင်းချာတွေကား ပစ္စည်းဥစ္စာ နှင့် ပတ်သက်လာ လျှင် ထောက်ထားငဲ့ညှာတတ်သူများ မဟူတ်ကြောင်း မေမေခင်က ရှေးမဆွေကပင် သိခဲ့သည်။

ယခု မိမဲ့ဘမဲ့ အပူသောက တွေ့နေရှာသူ မေမေခင်ကို စိတ်ချမ်းသာအောင် ယုယဖြေသိမ့်မှု မပြုကြဘဲ၊ ဘူရောပစ္စည်းပါ သူတို့လက်ထဲ ရေက်ြလာရန် အလုအယက် ကြိုးစားမဲဆွယ်နေကြသည်။ ဤသည်ကို မောင်မင်;ဇင် နှင့် မြသွင်အေးက အသေအချာ မြင်နေတွေ့နေ ကြားနေရသည်။ ထို့ကြောင့် မမျိုသိပ် နိုင်သော မြသွင်အေးက တစ်နေ့အိမ်မှာ လူရှင်း၍ သူတို့ သူငယ်ချင်းသုံးယောက်တည်း ရှိနေခိုက်မှာ...

''ဟေ့..ခင့် ဆွေတော်မျိုးတော်တွေက ဘယ်လိုဟာတွေလဲ၊ အတွင်းပစ္စည်းတွေ ဘယ် လောက်ရှိလဲ၊ ငွေသားတွေ ဘယ်လောက်ရှိလဲ၊ သူနဲ့နေမလား၊ ငါနဲ့နေမလား၊ ဒီအိမ်ပေါ် ပြောင်းတက်လာရမလား ဆိုတာတွေ မေးမြန်းနေကြတာက အပူသည်ကို အားပေးလိုစိတ် အဟုတ်ဘဲ ပစ္စည်းတွေ အပိုင် အုပ်ချင်တဲ့သဘောလို့ မြ ထင်တယ်၊ ခင့်အမျိုးတွေပြောလို့ မြကို စိတ်မဆိုးနဲ့နော်''
ဟု ပွင့်ပွင့်လင်းလင်း ပြောချသည်။ မေမေခင်က တစ်စုံတစ်ရာ ပြန်မပြောမီမှာ မောင်မင်း ဇင်က သူ့ထင်မြင်ချက်ကို ဖွင့်ဟ၏။

''မြ ပြောတာ ဖြစ်နိုင်တယ်၊ ခင့်ပစ္စည်းတွေရော၊ ဒီအိမ်ကြီးရော သူတို့လက်ထဲ အပ်ထားခဲ့၊ ခင် ကျောင်းပြန်နေဖို့ တိုက်တွန်းတဲ့စကားဟာမရိုးဘူ၊ ခင် စဉ်းစားကြည့်စမ်း၊ ပစ္စည်း တွေရော ငွေတွေရော ခင်က ဘဏ်မှာအပ်ထားမယ်၊ ကျောင်းပြန်တက်ပြီး အသုံးစရိတ် ဘဏ်က ထုတ်ယူမယ်လို့ ခင်စီစဉ်တာ ကို သူတို့ အပြင်းအထန် ကန့်ကွက်တယ်လေ၊ သူတို့လက်ထဲသာ အပ်ခဲ့၊ ခင့် အသုံးစရိတ် သူတို့ကြည့်စီစဉ်ပေးမယ်ဆိုတာ ခင်က ကလေးလား၊ အဲဒါ ခင့်ပစ္စည်း၊ ခင် သေသေချာချာ စဉ်းစားစီစဉ်၊ ကျွန်တော် တို့ကတော့ သူငယ်ချင်း ၀တ္တရားအတိုင်း စိတ်ထဲက မကောင်းလို့ သတိပေးမိတာပဲ ခင်''

မြသွင်အေးနှင့် မောင်မင်းဇင် စကားတွေကို မေမေခင်က မပယ်လှန်ချေ၊ သွေးသားအရင်း အချာသော ဘာသော မထောက်မညှာ၊ ပစ္စည်းချိုင်ဖို့လောက်သာ သဘောထားသော သူ့အမျိုးတွေအကြောင်းကို မေမေခင် ကိုယ်တိုင်ကလည်း သိထားပြီး ဖြစ်သည်။

''ကာလလူတွေက ယူတ်မာလာကြပြီ သမီး၊ ပြုထားတဲ့ ကျေးဇူးတရားကို ထောက်ထား တတ်သူလဲ ကွယ်ပြီ၊ သွေးသားအရင်းအချာရယ်လို့ ကြင်နာငဲ့ညှာစိတ်လဲ ကွယ်ပြီ၊ ကိုယ့် အမျိုးအဆွေ  အချင်းချင်း တောင်မှ ကိုယ့်ထက်သာရင် မနာလို မရှုစိမ့်နိုင်ကြဘူ၊ သမီး မမေ့မလျော့ သတိပြုရမှာက လူချင်းသာ ဆွေမျိုးရင်းချာနော်..ပစ္စည်းက ဆွေမျိုးရင်း ချာ မဟုတ်ဘူး''
ဟု မိခင်ကြီး မကွယ်လွန်မီက ကကြာခဏ ပြောလေ့ပြောထရှိသော စကားကိုလည်း မေမေခင်က မမေ့ပေ။

မေမေခင်၏ ယခု အခြေအနေမှာ ပစ္စည်းဥစ္စာ မပိုင်စီလိုသော ဆွေ မျိုးတွေကိ ယုံစား၍ မဖြစ်တော့။ မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး အခြေအနေမှာ ရောက်နေသည်။ သူငယ်ချင်း နှဏ်ယောက်က အခိုက်အတန့် အတူလားနေဖော်ရ၍ လတ်တလော အခြေအနေမျာ အားတက်ရသေးသည်။ စိတ်သက်သာရာရသေးသည်။ ကျောင်းဖွင့်၍ သူငယ်ချင်းနှစ်ယောက် ပြန်သွားလျှင် မေမေခင်အဖို့ မည်သို့နေမည်နည်း။

ငွေနှင့်အတွင်းပစ္စည်းတွေကို ဘယ်ဆွေမျိုးစကားမှ နားမထောင်ဘဲဘဏ်မှာ အပ်ထားလိုက် လျှင် ကိစ္စပြီးနိုင်သောလည်း ကျယ်ဝန်းသာယာသော ဤခြံကြီးနှင့် လှပခံ့ညားသော ဤ အိမ်ကြီးကို မည်သို့စီမံမည်နည်း။

အိမ်ငှား တင်ခဲ့လျှင်လည်း အိမ်ငှားက လခလည်းမပေး၊ ဖယ်ရှားပြောင်းရွှေ့ပေးခြင်းလည်း မရှိဘဲ အပိုင်စီးမည်။ ဆွေမျိုးတွေ တင်ခဲ့လျှင်လည်း မေမေခင် လိုချင်သည့်အချိန်မှာ ဖယ် ရှား ပြောင်ရွေ့ပေးခြင်း မလုပ်ဘဲ ဇွတ်ပေနေလျှင် မေမေခင် ဘာတတ်နိုင်မည်နည်း။ ရောင်းချပစ်ရမည်ကလည်း လောဘသားတို့ ထုံးစံအတိုင်း တန်ရာတန်ဖိုး မပေးဘဲ မတန် တဆ ဈေးနှိမ်ပေးမည်။ တန်ရာတန်ဖိုးရ၍ ရောင်းသည် ထားဦးတော့ အိမ်ကြီးတစ်ခုလုံးမှာ မွမ်းမံပြင်ဆင်ထားသည့် အဖိုးတန် အိမ်ထောင်ပရိဘောဂ ပစ္စည်း အသုံးဆောင်တွေကို သယ်ထုတ်ပြီး ဘယ်နေရာမှာ သွားထားမည်နည်း။ မိဘနှစ်ပါး အမြတ်တနိုး ကို ကွယ်ပူ ဇော်ရာ ဘုရားကျောင်းဆောင်နှင့် ဘိုဘွားများ၏ အကြီးချဲ့ထားသည့် ဓာတ်ပုံကြီးတွေကို ထားသိုနိုင် စရာကပင် တောတော တာဝန်ကြီးနေပေသည်။

မေမေခင်သည် ကြောင်းကြောင်းတွေကိုတွေးကာ ထမင်းပင်မစားနိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မောင်မင်းဇင်နှင့် မြသွင်အေးတို့က ကိုယ်တိုင်ဈေးသွားကြသည်။ မီးဖိုထဲ ကိုယ်တိုင်ဝင်ကြသည်။ မေမေခင် ခံတွင့်းတွေ့ရာတွေ့ကြောင်း စားကောင်းသောက်ဖွယ် ကို သူတို့တတ်သရွေ့ မှတ်သရွေ့ ကြိုးစားချက်ပြုတ်ကာ မေမေခင်ကို တယုတယကျွေး ကြသည်။
မေမေခင်မသည် သူ့အပေါ်မှာ ကြီးမားသော သံယောဇဉ်ဖြင့် ခင်တွယ်ပြုစုကြသော သူငယ်ချင်းနှစ်ယောက်ကို ကျေးဇူးတင်လှသည်။ ကျေးဇူးတင်သည်နှင့်အမျှပင် ခင်မင်အား ကိုးရှာသည်။ သို့သော် ဤသူငယ်ချင်းနှစ်ယောက်က သူ့ထံပါးမှာ မခွဲမခွာ တစ်သက်လုံး နေနိုင်မည်မဟုတ်ချေ။

သူတို့ပညာရေးက ရှိသေးသည်။ ကျောင်းသားဘ၀မှာသာ ကျောင်းပိတ်ချိန် လာနေနိုငသည်ဖြစ်၍ ပညာပြည့်စုံပြီး ကိုယ့်တာဝန်ကိုယ်ယူကာ အလုပ် အကိုင် တာဝန်သတ္တရားနှင့် ဖြစ်လာသောအခါ၌ မြသွင်အေးရော မောင်မင်းဇင်ပါ မေမေခင်ထံသို့ ညအိပ်ညနေ မဆိုထားဘိ၊ နေ့ချင်းပြန် အလည်အပတ် ရောက်ရန်ပင် အလွန့်အလွန် ခဲယဉ်းပေတော့မည်။ တာဝန်ရှိရာ မည်သည့်ဒေသသို့ ရောက်မည်ကို မ တွေးတတ်နို်င်ချေ။

ဤသို့ဖြင့်ပင် လွမ်းတစ်ခါ ဆွေးတစ်လှည့်ဖြင့် ငေးငိုင်တွေဝေ မျက်ရည်စမ်းစမ်း ဖြစ်နေရှာသော မေမေခင်ကို ဖြေသိမ့်ယုယ အားပေးရင်း မြသွင်အေးနှင့် မောင်မင်းဇင်တို့ နေလာခဲ့ကြသည်မှာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်၍ တက္ကသိုလ်တွေ ပြန်ဖွင့်ချိန်ပင် ရောက်လာခဲ့သည်။
''သူငယ်ချင်း.. တို့နှစ်ယောက်လုံး ကျောင်းပြန်သွားရတော့မယ် သူငယ်ချင်း ဘ၀ရှေ့ရေးကို ဘယ်လိုဆုံးဖြတ်ထားလဲ ခင်ရယ်..''
မြသွင်အေးက စိတ်မကောင်းစွာမေးသည်။

''ခင် စိတ်ချမ်းသာမယ် ထင်တာကို ပြောပါ၊ ဘယ်လို စီစဉ်ချင်လဲ.. ကျွန်တော်နဲ့ မြက ကိုယ့်အစွမ်းအစရှိသမျှ အတတ်နိုင်ဆုံး ကူညီမယ်''
မောင်မင်းဇင်က အားပေးသည်။

မေမေခင်သည် ရုတ်တရက် စကားမပြန်ဘဲ စဉ်းစားဟန်ဖြင့် ငြိမ်နေသည်. သူငယ်ချင်းနှစ် ယောက်က နေမဖြစ်သော ပညာရေးကြောင့် သူ့ကိုခွဲကာ ပြန်ကြတော့မည့်အတွက် မေမေခင်မှာ များစွာ အားငယ်ဝမ်းနည်းမိရှာသည်။ သူငယ်ချင်း နှစ်ယောက်က မည်မျှပင် သူ့ကို သံယောဇဉ်တွယ်သည်၊ ချစ်သည်ဆိုသော်လည်း မေမေခင်ကို တစ်သက်တာလုံး ရင်အုပ်မကွာ စောင့်ရှောကိနိုင်မည် မဟုတ်ကြောင်း မေမေခင်က စဉ်းစားမိ၏။ ထို့ကြောင့် သူ့စိတ်ထဲမှာ ရှိသည်များကို မေမေခင်က စဉ်းစားမိ၏။ ထို့ကြောင့်
''ကိုမင်းဇင်နဲ့ မြကို ခင် အသိပေး တိုင်ပင်စရာ ရှိနေပါတယ်၊ သင့်တော်တယ် မသင့်တော် ဘူး ဆိုတာကို အားမနာဘဲ အကြံပေးကြစမ်းပါ''
''အေး... ပြောသာပြော ခင်'' ဟူသော စကားနှင့်
''ဘာမှ မထိမ်ချန်နဲ့ ခင်ရေ့..''

ဟူသော စကားနှစ်ခွန်းကို မောင်မင်းဇင်နှင့် မြတို့က ပြိုင်တူ ပြောလိုက်ကြသည်။
ထိုအခါ မေမေခင်က မောင်မောင်မျိုးနှင့် သူ၏ ဆက်ဆံရေးကို မချွင်းမချန် အမှန်အတိုင်း ခရေစေ့တွင်းကျ ပြောပြလိုက်သည်။ ပြော၍ဆုံးသောအခါ...
''ခင့် အနေနဲ့ အားကိုးအားထားရှိမှ ဖြစ်တော့မယ်လို့ ယူဆမိတယ်၊ ဒါကြောင့် ကိုမောင်မောင်မျိုး မေတ္တာကို လက်ခံပြီး အားကိုးအားထား ပြုလိုက်ရရင် သင့်တော် လေမလားလို့ စဉ်းစားမိတာပဲ၊ ခင့်ကို အားမနာဘဲ ပြောသင့်တာကို ပြောကြပါ" ဟု ဆန္ဒတောင်းခံလိုက်၏။

''နောက်ပိုင်း ဆွေမျိုးဇယား ရှုပ်စရာ မရှိတော့ပါဘူ၊ ကျွန်တော်စုံစမ်းသိရသလောက် ဒီလူ မှာ ချို့ယွင်းချက် မရှိခဲ့တာတော့ အမှန်ပါပဲ၊ အခုနောက်ပိုင်း ကျောင်းထွက်ပြီးမှတော့ မသိဘူးလေ၊ ဒါပေမဲ့ ခင့်ဆီကိုလာတွေ့ပြီး ပြောဆိုသွားပုံတွေ ထောက်တော့ သူ့မေတ္တာ ရော သစ္စာရော တည်တံ့စွဲမြဲပုံ ရပါတယ်၊ မြ ဘယ်လိုသဘောရလဲ''
မေမေခင် ပြောပြသည်များကို သေသေချာချာ နားထောင်နေရာမှ မောင်မင်းဇင်က စတင်ပြောကြားကာ မြသွင်အေးကို မေးသည်။

''ပညာရော အလုပ်ရော ပြည့်စုံပြီးသား လူတစ်ယောက်ပဲ၊ သူကသာ သစ္စာရှိရှိ ချစ်တယ်ဆို ရင် ခင့်အနေနဲ့ အားကိုးထိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စောင့်ရှောက်ကာကွယ်မှုကို လိုအပ်တဲ့အချိန် ဖြစ်နေပြီ၊ ရှေ့က မားမားမတ်မတ် ရပ်တည်နိုင်တဲ့ လင်ယောက်ျားရှိနေရင် ခင့်ကို ဘယ်သူကမှ နိုင်ထက်စီးနင်း လုပ်ဝံ့မယ် မဟုတ်တော့ဘူးနော် မောင်..''
မြသွင်အေးက စဉ်းစဉ်းစားစား ပြောရာမှ မောင်မင်းဇင်ကို လှည့်ပြီးတိုင်တည်သည်။ မောင်မင်းဇင်က ထောက်ခံသော အထိမ်းအမှတ်ဖြင့် ဦးခေါင်းညိတ်သည်။
''ခင့်မိဘတွေ ဆုံးစဉ်က သူ လာသလား''

မောင်မင်းဇင်က မေး၏။
"သူ့အလုပ်တာဝန်က ခွင့်ယူမဖြစ်လို့ မလာနိုင်ကြောင်း၊ သတင်းစာထဲမှာ တွေ့ရလို့ စိတ်မကောင်းကြောင်း၊ လာနိုင်အောင် ကြိုးစားမယ့်အကြောင်း၊ သူ့ဘက်က မပျက်မကွက် သစ္စာရှိပါမယ်၊ ခင်ကသာ အားကိုးပြုမယ်လို့ ဆုံးဖြတ်ရင် သူ အမြဲ အဆင်သင့်ဖြစ်ကြောင်း တေ စာရေးတာ သုံးစောင်ရှိပြီ၊ ခင် စာတစ်စောင်တော့ ပြန်လိုက်ပါတယ်၊ စာကတော့ ခင်သိက္ခာကိုထိမ်းပြီး ရိုးရိုးပဲ ရေးလိုက်ပါတယ်၊ ခင် ကျောင်းပြန်မသွားဘဲ အိမ်မှာပဲ ရှိနေတဲ့ အကြောင်းပေါ့''

မေမေခင် ပြောနေစဉ်မှာ စာတစ်စောင် ရောက်လာသည်။ မေမေခင်က ဖွင့်ဖတ်ပြီး သူငယ် ချင်းနှစ်ယောက်ကို ပြောပြ၏။
''ကိုမောင်မောင်မျိုးဆီက စာပဲ၊ ပြောရင်းဆိုရင်း ရောက်လာတယ်၊ သူ အလုပ်စ၀င်ကထဲက တစ်ခါမှ ခွင့်မယူခဲ့လို့ အခု ခွင့်တစ်လ ရတယ်တဲ့၊ ရှေ့လဆန်း တစ်ရက်ကစပြီး ခွင့်ရလို့ သူ လာခဲ့မယ်တဲ့၊ လဆန်းနှစ်ရက်နေ့ အရောက်လာမယ်လို့ စာထဲ ရေးထားတယ်''
မေမေခင် စကားကြောင့် မြသွင်အေးက နံရံမှာ ချိတ်ထားသော ပြက္ခဒိန်ကို မော်ကြည့်သည်။ ထို့နောက် စိတ်သက်သာဟန်ဖြင့် ပြော၏။

''မြတို့က လမကုန်ခင် နှစ်ရက်က ကြိုပြန်ကြရမယ်ဆိုတော့ သန်ဘက်ခါ ပြန်မယ်၊ မြတို့ ပြန်သွားပြီး သုံးလေးရက်အတွင်းမှာ မောင်မောင်မျိုးက ရောက်လာမယ်ဆိုတော့ ခင့်အဖို့ လူဆက် အဖော်ရသွားတာပေါ့၊ မြ စိတ်သက်သာသွားတာ အမှန်ပဲ ခင်ရယ်၊ ခင်တစ်ယောက်ထဲ ဖြစ်နေခဲ့ရမှာ မြဖြင့် တွေးလေ စိတ်မကောင်းလေပဲ၊ သူကသာသစ္စာရှိ တယ်ဆိုရင် ခင် အားကိုးထိုက်ပါကွယ်''
ထိုအခါ မောင်မင်းဇင်က ပြောသည်။

''ဒီလူကို ခင် အားကိုးတော့မယ်လို့ စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးရင် ရက်ဆွဲမနေနဲ့ လက်ထပ်လိုက် ကြားလား ခင်.. ယောက်ျားဆိုတာမျိုးက လူသိရှင်ကြား လက်မထပ်မီမှာ သူတို့ဘက်ပါလာတာ ရက်ကြာတော့ စိတ်ပြောင်းသွားတတ်တယ်၊ ပေါ့ပေါ့ဆဆ သဘော ထားပြီး ရှောင်သွားတတ်တယ်၊ အဲဒီတော့ မယူဘူးလို့ စိတ်ကူးရင် အိမ်မှာရက်ရှည် ညအိပ် လက်မခံနဲ့၊ ယူမယ်လို့ ဆုံးဖြတ်ရင် အမြန်ဆုံးလက်ထပ်လိုက်''

သူငယ်ချင်း ဆိုသော်လည်း နှမသားချင်းလို ဖြစ်နေသည်ကြောင့် မောင်မင်းဇင်က အရှည် မျှော်တွေးကာ ပူပန်ကြောင့်ကြစွာ မှာကြားသည်။ မောင်မင်းဇင် ဘာသဘောနှင့် ဤသို့ မှာကြားသည်ကို မေမေခင်က နားလည်သည်။
''စိတ်ချပါ ကိုမင်းဇင်၊ ခင် ဒါလောက် မမိုက်ပါဘူး၊ ကိုမင်းဇင်မှာကြားတာ နားထောင် ဆောင်ရွက်ပါမယ်''
မေမေခင်က သနားစဖွယ် ကျိုးနွံနာခံရှာသည်။

''ဒီမှာ ခင်၊ အခု အိမ်မှာ အဖော်နေတဲ့ မိန်းကလေးက ဆွေမျိုးထဲကလား၊ ငှားထားတာ လား''
မြသွင်အေးက မေးသည်။
''ဆွေမျိုးမဟုတ်ဘူး မြ၊ မေမေ မဆုံးခင်က ငှားထားတာ၊ တစ်လလေးဆယ် ပေးရတယ်၊ အ၀တ်အစား တာဝန်ယူရတယ်''
မြသွင်အေးက မေးသည်။

''အေး အဲဒီမိန်းကလေး မထွက်စေနဲ့၊ လခကို တိုးပေးလိုက်၊ အဆင်မပြေရင် ဒီမိန်းကလေး ပဲ တိုးတိုးဖော်ထားရမှာ၊ အကျိုးအကြောင်းကို မြတို့ဆီ စာမပြတ်ရေးနော်၊ မြတို့လဲ ကျောင်းပိတိရက်ရရင် အဆင်ပြေအောင် စီစဉ်ပြီး လာခဲ့ကြဦးမယ်.. ''
''ခင် သတိတော့ လက်မလွတ်စေနဲ့၊ တံခါးကိုတော့ အမြဲပိတ်ထား၊ ဆွေမျိုးသော လူစိမ်း သော သံသယဖြစ်ရင် ဖွင့်မပေးနဲ့ ကြားလား''

မြသွင်အေးနှင့် မောင်မင်းဇင်တို့က မေမေခင်ကို စိတ်မချသည်အလျောက် ပြောဆို မှာ ကြားနေကြ သည်ကို မေမေခင်သည် သူငယ်ချင်းနှစ်ယောက်အား ကျေးဇူးတင် အားကိုစွာ ကြည့်ရင်း စီးကျလာသော မျက်ရည်များကို လက်ကိုင်ပ၀ါဖြင့် သိမ်းနေရှာသည်။

မြသွင်အေးက မေမေခင်နှင့် ရောပြီး မျက်ရည်ကျသည်။ မောင်မင်းဇင်က မကြည့်ရက်သ ဖြင့် ညိုမှိုင်းသော မျက်နှာဖြင့် ပြတင်းပေါက်ကို မျက်နှာမူကာ ပြာသော မိုးကောင်းကင်မှာ အဆုပ်လိုက် ရွေ့လျားနေသော တိမ်ဖြူတွေကို အဓပ္ပါယ်မရှိ စိုက်ကြည့်နေသည်။ မောင်မင်းဇင်နှင့် မြသွင်အေးတို့ နှစ်ယောက်လုံး၏ စိတ်ထဲမှာကား မေမေခင်၏ဘ၀ အစစ အရာရာ အဆင်ပြေ၍ စိတ်ချမ်းသာမှု ဖြစ်ပါစေဟု မတိုင်ပင်ဘဲ ပြိုင်တူ ဆုတောင်းနေမိ ကြသည်။

ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

မြတ်နိုး said...

အမရယ်..မ၀င်းမြင့်ကို ဖတ်ရတာ စိတ်မသက်သာလိုက်တာနော်..ငယ်တုန်းကတော့ လူတွေအကြောင်းဘာမှမသိလို့ဖတ်ပီးမှ အကြောင်းစုံသိပေမဲ့..ခုကျတော့ ဘ၀အသိ နဲ့လူတွေအကြောင်းကိုသိနေတော့ ဒီဝတ္တုကိုဖတ်ပီး စိတ်မသက်သာလိုက်တာ။ ဒီနေရာမှာ လူတွေရဲ့ စိတ်နေစိတ်ထားတွေကို မှန်းလို့ရနေတော့ စာအုပ်ဖတ်ရတဲ့ အရသာကပျောက်သွားတယ်။
အဲလို လူတွေခပ်များများတွေ့လေ စိတ်ပျက်မိလေပဲ

ဘာပဲဖြစ်ဖြစ် အမ စာတွေကို အကြွေးတွေများနေပီတော့..ဘယ်လိုလုပ်ရပါ့။

အမ.. အမလဲမပင်ပန်းပဲ တနေ့ကို ၂အုပ်လောက်ပဲ အသစ်တင်ရင် မကောင်းဘူးလားဟင်။ အခုလို စာမဖတ်နိုင်တဲ့ ရက်တွေများလာတဲ့အခါ .. ပြန်လိုက်ရတာ မစားသာလှဘူး။

အမစာကောင်းတွေ တင်ပေးတာတော့ ကျေးဇူးတအားတင်ပါတယ်။ စာာဖတ်ပိတ်သတ်ကြီးကလဲ ကျေးဇူးတင်ပေမဲ့ စာကောင်းတွေက တနေ့မှာ တင်တာ များလွန်းတော့.. ဖတ်သူတွေခမျာလဲ သူ့အကြိုက် ဒီအပုဒ် ဖတ် ဟိုလူက ဟိုအပုဒ်ဖတ်နဲ့ ဖြစ်မှာအမှန်ပဲ။ ဒီတော့ အားလုံးမှန်မှန်လေးဖတ်စေချင်ရင် ဒီအသစ်တင်တာတွေပီးတဲံအခါကျ ၂ပုဒ်လောက်ပဲ မှန်မှန်တင်ပေးစေချင်တာပါပဲ။ အမလဲ သက်လာတာပေါ့။ အခုဆို ကျနော်.. ဇင်ဘာဘွေကို မဖတ်နိုင်တော့ဘူး။ အားလုံးပီးမှပဲ ပြန်ဖတ်မယ်လို့ ကြံထားတယ်။ ငထွန်းကားကတော့ အစထဲက မကြိုက်တော့ ကြုံရင်ဖတ်တယ်။ အခုတခါ နောက်ထပ်အသစ်ထပ်တွေ့တယ်။ မဖတ်ရသေးဘူး။ အခုကျနော်က ဟိုဖက်ဒိဖက် မမှီဖြစ်နေပီ။။ စာဖတ်သူတွေက အမရဲ့လက်ရာ စစ်တွေကိုလဲ တအားကြိုက်တယ်အမရ။
အမစာတွေတင်တာများတော့ အကုန်မဖတ်နိုင်ကြတဲ့သူတွေလဲများလာပီထင်တယ်။

အမ..ကို စာဖတ်သူတွေဖက်က အခြေအနေလေးပြောကြည့်တာပါ။ အခုဆို ကျနော် တလလောက် အလုပ်မအားတာ ..နော်..ဒါတောင်ကြိုကြားကြိုကြားလာတာ တပတ်အတိလောက်လွတ်ရင် အမဆီက စာတထပ်ကြီးလွတ်တာ။ နောက်ပြန်လိုက်ဖို့ဆိုတာ ဇင်ဘာဘွေပဲကြည့် မမှီသေးဘူး။

ဘာပဲဖြစ်ဖြစ် စာကောင်းတွေတင်ပေးတဲ့ အမကိုတော့ အရမ်းကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေအားလုံးလဲ ကျေးဇူးတင်မှာပါ။