Friday, September 24, 2010

သဒိုး အပိုင်း (၂)

သည်လိုနဲ့ ဒိုးကလေးအသက်နှစ်ဆယ်ရှိလာတယ်။ လူပျိုကြီးဖားဖား သန်သန်ဖြစ်လာတော့ မျက်ခုံးထူထူ၊ မျက်တွင်းကျကျ၊ နှုတ်ခမ်းပါးပါးနဲ့ ပိုပြီးတော့ ဂိုက်ကောင်းလာသေးတယ်။ ပုဆိုးခွေးချေးသိမ်းနဲ့ မြို့အင်္ကျံင်ရင်ပတ်ဟပြဲ ၀တ်တာဟာ ဒိုးကလေးရဲ့ စတိုင်ပဲ။ ကတ္တီပါဖိနပ်တောင်ရောင်စုံ စီးတာပါသေး။ မအေ က တစ်ယောက်တည်းမွေးထားတဲ့သားမို့သာ အလေးပေးရတယ်၊

သူ့သားအချိုးမဟုတ်ဘူးဆိုတာလည်းသိရဲ့။ မအေဆိုတော့ ချစ်တာနဲ့ပူတာ နှစ်မျိုးစလုံးရှိတာကိုး။ ဖအေ့ ကွယ်ရာ မှာ မြို့ဂိုက်လိုလို၊မိန်းမဂိုက်လိုလို ဖြစ်နေတာကို မကြိုက်တဲ့အကြောင်း၊ ဖအေကြီးခမျာ အရွယ်ရ နေပြီဖြစ်ကြောင်း၊ ငါ့သားက တစ်လှည့် ရုန်းကျွေးပါ့မယ့်အကြောင်းချော့ရှာတယ်။ ဒိုးကလေးက မပြင် ပါဘူး။ မုတ်ဆိတ်မွေးတောင် အနှုတ်မပျက်ဘူး။

"မင်းတို့မလည်းပြောင်းဖူးဖက်နှစ်လိပ် တိုက်ပန်းကန်ထဲ ထည့်ထားသလိုပါလား၊ ငပျားရာ… မင့်သား ခိုင်းလောက် စေလောက်ပါပြီ ခိုင်းတွေ… မင့်သား ဒိုးကလေး မြိုင်မှသွားသွားပြီး ဘာလုပ်နေသလဲ မင်းတို့ သိရဲ့လား… မတော်တရော်ဖြစ်မှာစိုးရသနော "
ရွာက လူကြီးသူမတွေက ကိုပျာအုံတို့ လင်မယားကို သတိပေးကြတယ်။ သည်စကားကလည်း မှန်တယ။ မြို့မှာ အသွားအလာ စိတ်ရာက အပေါင်းအသင်းတွေ ရှိလာတယ်။ တစ်ခါတလေ လေးငါးရက် ရွာပြန် မလာဘူး။ တစ်ခါတစ်ရံ တစ်လကိုးသီတင်းပျောက်ချင်ပျောက်နေတာ ဆိုတော့ မိဘနှစ်ပါး ခမျာ ပူပန် ရတယ်။ တစ်ဝမ်းတစ်ခါးရှာရတာက တစ်ဖက်၊ သားလူပျို ပူရတာကတစ်ဖက်၊ ကြာတော့လည်း ရှိပစေ တော့ လို့ သဘောထားရတော့တာပါ။

(၃)     
 
ရွာက လူကြီး သူမတွေက ဒိုးကလေးကို ကြည့်မရကြပေသိ ရွာ့အပျိုတွေကတော့ ဒိုးကလေးကို စိတ်ဝင်စားကြပြန်ရော။ ဆံပင်ရှည်ရှည်ကို ဆီကလေး ရွှဲအောင် လိမ်းပြီး သပ်သပ်ယပ်ယပ် ဖြီးထားတော့လည်း ယဉ်သတဲ့။ ဆံပင်မှာဆီမရှိ ပျားမရှိ ဖို့ရို့ဖားယားဖြစ်နေပြန်တော့လည်း ချောသတဲ့။ အပျိုတွေ စုမိရင် ဒိုးကလေးအကြောင်းက မပါမဖြစ်ဘူး။ လက်ကြောမတင်းပေသိ ကျောထောက်နောက်ခံ လယ်ကလေးယာကလေးနဲ့ တစ်ဦးတည်းသောသားဆိုတဲ့ ဂုဏ်ကိုလည်းမက်သူက မက်သေး တာပါ။အိမ်ထောင်ရက်သားကျလို့ သားနဲ့မယားနဲ့ချည်လိုက်တုပ်လိုက်ရင် ဒိုးကလေးပခုံးပေါ် ထမ်းပိုး တင်လို့ ရမယ်လို့ တွက်သူကလည်းတွက်ကြတယ်။ ဒိုးကလေးက ရွာအပျိုတွေထဲက ဘယ်သူ့ကို စိတ်ဝင်စား နေသလဲ၊ ဘယ်သူ့ကို ကြိုက်နေသလဲဆိုတာ အပျိုလောကမှာ အရေးတကြီး ဖြစ်နေလေရဲ့။ မိန်းမမျှော် မျှော်ကြတာပေါ့လေ။

ဒိုးကလေးများ ရွာကထွက်ရင် အပျိုတွေက ကြည့်ကြရပြီ။ ဒိုးကလေးက ကိုယ့်ရွာက အပျိုတွေကို ယောင်လို့ တောင် သရိုးသရီ မရှိပါဘူး။ ဘယ်မိန်းကလေးကချောလို့၊ ဘယ်မိန်းကလေးက လှတယ် ဆိုတာလည်း ခေါင်းထဲမရှိဘူး။ မိန်းကလေးတွေက နှုတ်ဆက်ရင် ကောင်းကောင်းမွန်မွန် ပြန်နှုတ်ဆက် တယ်။ နှမသားချင်းလို ဆက်ဆံတယ်။ ခေါင်းပုတ်ချင်တောင် ပုတ်သွားသေးတာ။ ရေတွင်းနားက ဖြတ်သွား လို့ ကြုံတဲ့အပျိုက ရေအိုးပင့်ပေးလှည့်ဆိုတော့လည်း ပုဆိုးခွေးချေးသိမ်း၊ တစ်ဖက်တစ်စ ခါးချိတ်ပြီး သွားပင့်ပေးလိုက်တာပဲ။ ထင်းစည်းခဏချပြီး နားနေတဲ့ အပျိုက ထင်းစည်းရွက် ပေးဦး ဆိုတော့လည်း ပခုံးပေါ် စွေ့ခနဲကောက်တင်ပေးချင်ပေးတာ။ ရွက်ရင်းက ခေါင်းခုပြေသွားလို့ ခွေပေးဦး ဆိုတော့ ကော။ ခေါင်းခုခွေတာများ အဟုတ်။ ခေါင်းပေါ်တောင် အကျအန တင်ပေးလိုက်သေးသည်။ ရေခပ်ပြန် အပျိုက အလေးရွက်ထားတာပေသိ ဒိုးကလေး မြင်ရင် ရပ်နှုတ်ဆက်သေးတာ။

"အစ်ကိုလေး... ဘယ်တုန်းကော... "
"မြိုင်လှဘက်ပါ ငါ့နှမရာ... ညည်းအဖေ နေကောင်းရဲ့လားတစ်လောကမမာဘူးဆို... "
"ကောင်းသွားပါပြီ အိမ်လာဦးလေ အစ်ကိုလေးရဲ့"
"အေး...အေး"
"အေးအေးဆိုပြီး အလွယ်မပြောနဲ့နော်...လက်ဖက်သူပ်ထားမှာ... မလာလို့ကတော့ အလျော်ထဲကပဲ... "
"အေးပါ ငါ့နှမရာ... အစ်ကိုလေးမလာတော့လည်း ညည်းတို့ စားလိုက်ကြပေါ့ဟ... ငါကဟိုဆို သည်ရောက် သာရယ် မျှော်သာတော့ မမျှော်နဲ့"

ဒိုးကလေးက စကားပြောများတော့ အညက်။ သည်လောက် စကားပြောဖြစ်လိုက်တာကိုပဲ အပျို လောက မှာ အချင်းချင်းဆုံရင် စကားကားကြပြီ။ ဒိုးကလေးက ရေအိုးပင့်ပေးတာတို့၊ ထင်းစည်းရွက်ပေးတာတို့။ ခေါင်းခု ခွေပေးတာတို့ဆိုတာတွေ ထားတော့။ မဟုတ်တာတွေပါလုပ်ကြံပြောကြတဲ့အထိ ဖြစ်လာ ကြတယ်။
"မနေ့ညက အစ်ကိုဒိုးကလေးရယ်အေ့... မြို့ကအပြန် အိမ်ဝင်လာပြီးဘာရှိကြတုန်းဟ ဗိုက်ဆာ လာလို့ တဲ့... အမေကငါးရံ့ဆီပြန်ကလေး ချက်ထားသာပါ ငါ့တူရယ်ဆိုတော့ မိကြည် ခူးစမ်းဟာတဲ့... စားလိုက် သာ အေ... ထမင်းနှစ်ဘူးချက်ကုန်ရော"

မကြည်မြင့်က သည်လိုပြောရင် အနားရှိတဲ့ မသန်းလှက တစ်မျိုးပြောပြန်ရော။
"တစ်ရက်က ငါ့စိတ်ထဲ အစ်ကိုဒိုးကလေး ကြိုက်လောက်တဲ့ အဆင်ကလေးရက်ဦးမှပါလို့ စိတ်ကူး ပေါက်လို့.. အညိုခံမှာ အဖြူစံပယ်ဖူးကလေးတွေ ပြောက်ထိုးခတ်ပြီး ရက်လိုက်သယ်ပြီးတော့မှ ရက်ကန်း တန်းကချ၊ လက်ချုပ်ကလေးနဲ့သီ... ချုပ်ရိုးပျောက်သီသာဆိုတော့ စက်ရုံသာ ပေါ့အေ... ကျကျနန ခေါက်ပြီး ဘကြီးပျားတို့ဘက်လျှောက်ရင်း အစ်ကိုဒိုးကလေးလက်ထဲ ထည့်ပေးလိုက်သယ်... မက်စက် ချက်တော့အေ... မိန်းမဆိုသာ ရက်ကန်းတတ်မှ မိန်းမမြတ် ခေါ်သာတဲ့...ကြီးတော်မှုံက ခတ်ချက်နာ လိုက်သာအေ တဲ့... ဒိုးကလေးဝတ်ဟဲ့တဲ့... "
ရက်ကန်း ခတ်တတ်တဲ့ မသန်းမျက ရက်ကန်းကျ ပုဆိုးနဲ့ ကြွားတော့ အပျိုကြီး မပူစူးက ဖိနပ်နဲ့ စကား ထည့်တယ်။

"ဒိုးကလေးက ငါ့ထက်ငယ်တော့ ငါ့ကို မမတဲ့... ကျွန်တော်က မြို့ဘက်သာသွားနေသာ... ကတ္ထီပါဖိနပ် မ၀ယ် တတ်ဘူး မမကြုံရင် ၀ယ်ခဲ့စမ်းပါဆိုလို့ရောင်စုံကို ၀ယ်ပေးလိုက်ရပါသတော်... မမက ရွဲ့သာ လားတဲ့... မရွဲ့ရပေါင်တော် ငါ့မောင်စီးရင်မမက ၀မ်းသာရသာပေါ့ ပြော်ရသယ်... "

တကယ်ကျတော့သည်စကားတွေကိ ဘယ်သူ့ဘယ်သူမှ ယုံကြည်တာမဟုတ်ပါဘူး။ မဟုတ်မှန်း လည်း သိကြသားပဲ။ ပါးစပ်ထဲရှိတာ ပြောကြတာဆိုတော့သည်လို ပြောရတာကိုကလူ့ပေါ်ကြော့ ဒိုးကလေးကို ကြိုက်နေကြတာ မဟုတ်ပေသိ ရွာမှာ ဒိုးကလေးခေတ်စားတာကတော့ အမှန်ပဲ။ ဒိုးကလေးက မိရယ် ဖရယ်လို့ ချွေးထွက်အောင် လုပ်မကျွေးပေမယ့် ရွာကို ဒုက္ခမပေးဘူး။ မိဘနှစ်ပါး စိတ်ဒုက္ခရောက်အောင် မလုပ်ဘူး ဆိုတာတော့ ဘယ်သူမှ မငြင်းနိုင်ဘူး။

ကြာတော့လည်းဘိုးပျားအုံတို့ မယ်မှုံ့ကြီးတို့ကလည်း လက်ကြောမတင်းရသကောရယ်လို့ ပြောမနေ ကြတော့ပါဘူး။ ဒိုးကလေးတောင် အသက်ရလာပြီဆိုတော့ သူတို့ကိုယ်တိုင်လည်း မငယ်တော့ဘူးကိုး။ လုပ်နိုင် သလောက်လုပ်ကိုင်ပြီး မြေကရတာနဲ့သည်လို စားကြတာပါပဲ။ ဆင်းတောင့်ဆင်းရဲတော့လည်း မဟုတ်ဘူး။ ချမ်းသာသလား ဆိုတော့လည်းမချမ်းသာဘူး။ မြို့လိုလို ရွာဆယ်ရွာ လျှောက်သွား နေသလိုလို နဲ့ အချိန်တွေကုန်နေမှန်းသိတော့ မိဘတွေက ခြေငြိမ်စေချင်ကြပြီ။ သားရယ် မယားရယ် နဲ့ အနည်ကျ စေချင်ကြပြီ။ ဒိုးကလေးကစိတ်တောင် မကူးဘူး။
"ခင်ဗျားတို့ သေမှယူမှပါဗျာ...... အေးအေးနေကြစမ်းပါ........ ခင်ဗျားတို့မလည်း အလကားနေ ရင်းမိုးဖို ထဲ လက်နိုက်ချင်ကြတော့ သာပါလား......"

"ဟဲ့ ဘယ့်နှယ် အပူရှာရမှာတုန်း မင်းကြည့်ရင် လမ်းပေါ်မှာချည်းမို့ ပြောသာပေါ့ မင်းကြိုက်မယ့် လူမရှိရင် အမေ တို့ စပ်ဟပ်ပေးစားမှာပေါ့.... မိဘ၀တ္တရားရှိသယ် ငါ့သားရဲ့ နေပါဦး မင်းမေးစမ်း ပါဦးမယ် ရွာဆယ်ရွာ လှည့်သာတောင် ငှက်တစ်ကောင် မမိသေးဘူးလား"
တစ်တီတူးတောင် ညဘက်ကျုပ်ဖြတ်သားရင် မအော်ဘူး ငှက်မိဖို့ နေနေသာသာ
ရွာဆယ်ရွာ ပြည့်တာတောင် မိန်းကလေးတစ်ယောက် မကြိုက်ဖြစ်သေးဘူးလား မအေက မေးတာကို ဒိုးကလေး က ပြန်ပြောတာပါ။ မိန်းကလေးတွေက စိတ်ဝင်စားဦးတော့ ဒိုးကလေးက ဘယ်နှယ်မှ မနေဘူးကိုး။ သည်တော့ ဒိုးကလေးမှာ ရည်စားရယ် လို့လည်းမရှိဘူး။ မျက်စီကျမိပါ ပြီတောင်ရမ်းပေးပါ တော့ ဆိုတာလည်း မရှိဘူး။

ကိုက္ကိုကုန်းက မိန်းကလေး တွေထဲမှာ ဥစ္စာပေါ ရုပ်ချောကလေးတွေ ရှိသားပဲ။ မိဘတွေက တောင်းရမ်း ပေးစား ရင်လည်း တစ်ဖက် မိဘက ခါးခါး သီးသီးမရှိလောက်ပါဘူး။ ဒါကိုလည်း ဒိုးကလေးက လက်မခံ ဘူး။ မယူချင်ပါဘူးဗျာ ချည်းပဲ။ မိဘတွေခမျာ သူရင်းငှား တစ်ယောက်ငှားပြီး ယာခင်း၊ ကိုင်းခင်းအလုပ် လွှဲရတော့တယ်။
"မယ်မှုံရယ်.... ငါတို့မလည်းတစ်ရက်တည်း နွားကလေးလည်းမွေး၊ သားကလေးလည်းမွေး၊ ကုသိုလ်ထူး သယ် အောက်မေ့မိပါတယ်.....နွားကြီးဒိုးကြီးက လုပ်ကျွေးပြီး နအိုဘ၀သာ ရောက်ကရော ကျေးဇူးကြီး လိုက်သအေ ငါ့သား ဒိုးကလေးများတော့လည်း သည်လိုနဲ့ ဘ၀ပြီးရ ပါရောလား"
"ကျုပ်တို့ကုသိုလ်ပေါ့ ကိုပျားအုံရယ်...... တစ်ခုတော့ ကောင်းပါတယ်...... သူဟာသူ ဟော သည်နားက ရွာဆယ်ရွာ အိမ်လုပ်နေတော့လည်း ပြီးသားပါပဲ ကျုပ်တို့ပိုင်သာ သူရမှာပေါ့ ကျုပ်ကတော့ ဒိုးကလေး ခေါင်းထဲ မထည့်တော့ဘူး"

"သည်လို လတ်လျား လတ်လျား နေမယ့်အစား ဘုန်းကြီးဝတ်ခဲ့ရင်တောင် ကုသိုလ်ရရော့မယ်"
"တော့သားကို စိတ်သာချ......... ဘုန်းကြီးလည်း မ၀တ်ဘူး..... မိန်းမလည်း မယူဘူးရယ်"

ဒါပေမယ့် လူ့ဘ၀ဆိုတာ ဘယ်မှာအတည်ရှိပါ့မလဲ။ တဖြောင့်တည်းရှိပါ့မလဲ။ ရွာဆယ်ရွာ ဒလက် လည်အောင် သွားလာနေလို့ ဘယ်မိန်းကလေးတော့ ကြိုက်ခဲ့ပါရဲ့ မရှိတဲ့ ဒိုးကလေးကို ကိုင်လှုပ်လိုက်တဲ့ မိန်းမသား တစ်ယောက် ပေါ်လာခဲ့တယ်။ မိန်းကလေးနာမည်က မပန်းညိုတဲ့။ သောင်သောင်သာသာ ထဲကလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကလေးတစ်ယောက်အမေ အမဲသားသည်ပါ။ ကာမပိုင် ရယ်လို့ မရှိတော့တဲ့ မုဆိုးမ။ မိုးဆိုးမ မပန်းညိုကို ဒိုးကလေး မေတ္တရာ ရှိနေတာရွာက ချက်ချင်း မကြားကြ သေးဘူး။ ရွာမပြောနဲ့ မိဘနှစ်ပါးကတောင် မသိကြဘူးပြော ပါတော့။ ဖူးစာဆိုတာကလည်း ဆန်းတော့ ဆန်းသား။

ဆက်ရန်
.

4 comments:

:P said...

ငယ်ငယ်က မိုးခိုသားကြိုက်ရာကနေ အမဲသားရောင်းတဲ့ မပန်းညိုကို စွဲလမ်းသွားတာများလား.. :D

မေဓာဝီ said...

ခင်ခင်ထူးရဲ့ ကျေးလက်ဆန်တဲ့ အရေးအသားကို သိပ်သဘောကျတာပဲ။
"ကိုယ့်ရွာက အပျိုတွေကို ယောင်လို့ တောင် သရိုးသရီ မရှိပါဘူး။" အဲဒီမှာ သရိုးသရီ ဆိုတဲ့ အသုံးလေး သဘောကျလိုက်တာ။
ဒိုးကလေးကလဲ ကြိုက်မယ့်ကြိုက်တော့ အမဲသားသည်တဲ့။
အင်းးးး ဖူးစာဆိုတာ တကယ်ထူးဆန်းပါတယ်။

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ....
မိန်းကလေးများ..သရိုးသရီ ဖြစ်လာရင်တော့..ဟိုဟာသေချာပေါက်ပဲ..

ဇော်သိင်္ခ said...

အပျိုတွေအများကြီးကိုတော့ သရိုးသရီမရှိတဲ့ ဒိုးကလေး ရဲ့ ဖူးစာ ကလည်း ကြောက်စရာပါလားနော်...မုဆိုးမနဲ့မှ ကြိုက်ရတယ်လို့.. အော်.. လောကကြီးက ဆန်းပြားလွန်းတယ်နော်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ