Friday, September 24, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၇)

အခန်း(၂၇)

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ရေချိုး၍ ယူနီဖောင်းဝတ်စုံ ၀တ်ထားပြီး ဖြစ်သည်။ စစ်တပ်မှ အရာရှိများ ညစာစာပွဲများတွင် ၀တ်ဆင်ရသော မက်စ်ကစ်ခေါ် ည၀တ်စုံ ယူနီဖောင်း ဖြစ်လေသည်။ ရှပ်အင်္ကျီ အဖြူ နှင့် အနက်ရောင် ဘိုးတိုင်ခေါ် လည်ပင်းမှ (နက်ကတိုင်အစား တပ်ရသည့်) ဖဲပြားတို့အပေါ်မှ ၀တ်ထား သော ကုတ်အင်္ကျီတွင် တတိယတပ်မဟာ၏ အမှတ်အသား တံဆိပ်လည်း တပ်ဆင်ထား လေသည်။

လက်ဝဲဘက် ရင်ဘတ်ပေါ်တွင်ကား စစ်မှုထမ်းကေင်း တံဆိပ်၊ သူရသတ္တိတံဆိပ်စသော ရောင်စုံ ဖဲပြား တံဆိပ် များ တပ်ဆင်ထားလေသည်။
သူတို့သည် တောတွင်း ယာယီစခန်းသို့ ပြန်ရောက်နေကြပြီဖြစ်သည်။ စခန်းရှိ အမှုထမ်း (အစေခံ) များက သစ်ပင်ကြီးတစ်ပင်အောက်တွင် စားပွဲကြီးတစ်လုံး ခင်းပေးထားသည်။ စားပွဲပေါ်တွင်ကား ရှီဗာအမျိုးအစား အကောင်းဆုံးဝီစကီ အရက်တစ်ပုလင်း၊ ဖန်ခွက်နှစ်ခွက်နှင့် ရေခဲများ အဆင်သင့် တင်ထားလေသည်။

ဗိုလ်မှူးကြီး ဘူခါရင်သည် ဖွန်ဂါဘီရာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေလေသည်။ သူဝတ်ထားပုံ ကတော့ ရှပ်အင်္ကျီ ခပ်ပွပွတစ်ထည်နှင့် ရုရှနိုင်ငံမှ ကော့ဆက်လူမျိုးစုများ ၀တ်သည့် ဘောင်းဘီပွ ကို ၀တ်ဆင် ထားကာ ခြေထောက်တွင် သားရေနုနုဖြင့် ပြုလုပ်ထားသော ဘွတ်ဖိနပ်တစ်ရန် စီး ထားလေသည်။
သူသည် ၀ီစကီအရက်ကို ဖန်ခွက်နှစ်ခွက်တွင်ထည့်၍ တစ်ခွက်ကို ဖွန်ဂါဘီရာအား လှမ်းပေးလိုက် သည်။

သူတို့သည် ဖန်ခွက်မြှောက်၍ ဆုတောင်းခြင်း (သို့မဟုတ်) တို့စ်လုပ်ခြင်း မလုပ်တော့ဘဲ ၀ီစကီ ကိုသာ ဖြည်းဖြည်းချင်း သောက်ကြပေသည်။
ဝင်လုဆဲ နေမင်း၏အရောင်ကြောင့် အာဖရိကတိုက်၏ သဘာဝတောတွင်းရှုခင်းမှာ အထူးပင် သာယာ တင့်တယ် နေပေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာနှင့် ရုရှဗိုလ်မှူးကြီး ဘူခါရင်တို့နှစ်ဦးစလုံး ငြိမ်သက်စွာနှင့်ပင် ယမကာ သောက်နေကြလေသည်။

အတန်ကြာမှ ဘူခါရင်သည် သူ၏ ဖန်ခွက်ကို စားပွဲပေါ်ချလိုက်ပြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာအား စကား စပြော လေသည်။
"ကိုင်း…မိတ်ဆွေကြီး၊ မိတ်ဆွေကြီး ဘာအလိုရှိပါသလဲ"
"ကျုပ်က ဒီမြေကြီးကို လိုချင်တာပဲ"
ဖွန်ဂါဘီရာက သူ၏ ဆန္ဒကို ထုတ်ဖော်ပြောလိုက်သည်။

"မြေကြီးအားလုံးကို လိုချင်တာလား"
"ဟုတ်တယ် မြေကြီးအားလုံးကို လိုချင်တယ်"
"ဇင်ဘာဘွေနိုင်ငံ တစ်ခုတည်း လိုချင်တာ မဟုတ်ဘူးလား"
"မဟုတ်ဘူး၊ ဇင်ဘာဘွေတစ်ခုတည်း မဟုတ်ဘူး"
"ဟုတ်ပြီ၊ ခင်ဗျားက ဒီမြေကြီး အားလုံးကို ရယူဖို့အတွက် ကျုပ်တို့က ကူညီရမယ်လား"
"ဟုတ်တယ်"

"ကောင်းပါပြီ၊ ကျုပ်တို့က ကူညီတဲ့အတွက် ဘာများ ပြန်ရမှာလဲ"
"ကျုပ်ရဲ့ မိတ်ဆွေဖြစ်လာမယ်၊ အဲဒါက တုံ့ပြန်ကျေးဇူးပြုတာပဲ"
ဖွန်ဂါဘီရာက ဤသို့ပြောသည်ကို ဘူခါရင်သည် သဘောကျပုံ မရချေ။
"ခင်ဗျားရဲ့ မိတ်ဆွေဖြစ်လာမယ်ဆိုတာ သေသည်အထိလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ဆန္ဒပြည့်ဝပြီး နောက်ထပ် မိတ်ဆွေသစ်တစ်ယောက် ရှာတွေ့တဲ့အချိန်ထိလား"
ဘူခါရင် က သရော်သလိုဟန်မျိုးဖြင့် ပြောလိုက်ရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပြုံးလိုက်သည်။

အမှန်တော့ သူတို့နှစ်ဦးစလုံးသည် တွေးခေါ်ပုံချင်း တူသဖြင့် တစ်ယောက်ကိုတစ်ယောက် နား လည်သည့်အနေဖြင့် ဖွန်ဂါဘီရာက ပြုံးလိုက်ခြင်းဖြစ်သည်။
"ကျုပ်တို့ချင်းမိတ်ဆွေဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် ခင်ဗျားက ဘာပေးမှာလဲ"
ဘူခါရင်က မေးလိုက်ပြန်သည်။

"မြို့ပြင်ဘက်က ကျုပ်ရဲ့ အိမ်လိုမျိုး အိမ်တစ်လုံးရမယ်။ ပြီးတော့ ခရိုမီယံ၊ နီကယ်သတ္တု၊ ဘယ်ရီ လီယံသတ္တု တွေအပြင် ရွှေပါ ပေးပါမယ်"
ဒီတော့မှ ဘူခါရင်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ကျုပ်တို့အတွက် အသုံးဝင်မှာပဲ"
"တစ်ခု တော့ ရှိတယ်နော်။ ကျုပ် ဇင်ဘာဘွေနိုင်ငံရဲ့ 'မိုနိုမာတာပါ'(သို့မဟုတ်) အာဏာရှင်ဖြစ်လာ ရင် ကျုပ်ရဲ့ မျက်စိ က ပတ်ဝန်းကျင်ကိုကြည့်ပြီး နောက်ထပ် လိုချင်တာတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါဟာ သဘာဝ ပဲ မဟုတ်ပါလား"

"မှန်တယ်၊ သဘာဝပါပဲ"
ဗိုလ်မှူးကြီး ဘူခါရင်က ဤသို့ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်ကား ဤကက်ပတိန် လူမည်း (ဖွန်ဂါဘီရာ)အား သဘောမကျမိချေ။ ရှင်းရှင်းကတော့ ဘူခါရင်သည် အာဖရိကတိုက်မှ တိုင်းရင်းသား လူမည်းများ၏ အသားရောင်ကိုလည်းကောင်း၊ ခန္ဓာကိုယ်မှ အနံ့အသက်ကိုလည်း ကောင်း၊ သူတို့၏ စိတ်ဓာတ်ကိုလည်းကောင်း၊ လုံးဝ သဘောမကျသူဖြစ်သည်။ ယခု သူ့အနေ ဖြင့် လျှို့ဝှက် တာဝန် ကြောင့် ဆက်ဆံနေရခြင်းဖြစ်သည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာက စကား ဆက်ပြောပြန်လေသည်။
"လိုချင်တာတွေကိုရှာရင်း ကျုပ်ရဲ့ မျက်စိက တောင်ဘက်စူးစူးကို ရောက်ကောင်း ရောက်သွားလိမ့် မယ်"
ဤတွင် ဗိုလ်မှူးကြီး ဘူခါရင်၏ စိတ်ထဲမှ ဤလူကား အခြားအာဖရိကတိုက်သားများနှင့်အတူ အလွန် လောဘရမ္မက်ကြီးသူတစ်ယောက်ပါတကားဟု အောက်မေ့မိလေသည်။
ဖွန်ဂါဘီရာကပင် ဆက်လက်၍-
"အဲဒါကလည်း ဗိုလ်မှူးကြီးတို့လည်း မျက်စိကျတဲ့ နေရာပါပဲ"ဟု ပြောလိုက်သည်။

"ဒါထက် ရဲဘော်ဗိုလ်ချုပ် ခင်ဗျားရဲ့ မျက်စိက တောင်ဘက်စူးစူးက ဘာတွေများ မြင်မှာမို့လဲ"
"ကျွန်သပေါက် ဘ၀ ရောက်နေတဲ့လူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဖို့ အချိန်ရောက်နေ တာကို မြင်လိမ့်မယ်"
"နောက်တော့ ဘာတွေများ မြင်ဦးမှာလဲ"
"ကျုပ်မြင်မှာ က ၀မ်ဝါတာအရပ်က ရွှေတွင်းတွေရယ်၊ ကင်ဘာလီမြို့က စိန်တွင်းတွေ၊ ပလက်တီ နမ်၊ ကြေးနီ သတ္တုတွင်းတွေရယ် မြင်လာလိမ့်မယ်။ အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး ဘဏ္ဍာ တိုက်ကြီး တစ်ခု ဖြစ်တယ်"
"ဒါတော့ မှန်ပါတယ်"

ဗိုလ်မှူးကြီး ဘူခါရင်က ၀န်ခံလိုက်ရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အလွန်အကင်းပါး လိမ္မာသူ၊ ဉာဏ်ထက်မြက်သူတစ်ယောက် ဖြစ်သည်ဟု အကဲဖြတ်လိုက်မိသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စကားမဆုံးသေးဟန်ဖြင့်-

"ကျုပ်မျက်လုံးတွေက မြင်မှာတွေကို ဆက်ပြောပါဦးမယ်။ ဒီကနေပြီး တောင်ဘက်စူးစူးကို လှမ်း ကြည့်ရင်း အနောက်အုပ်စုနိုင်ငံကြီးတွေကို ပိုင်းခြားနိုင်မယ့် အခြေခံစခန်းတစ်ခုကို ကျုပ် မြင်လာ လိမ့်မယ်။ ဒီစခန်းဟာဆိုရင် အတ္တလန္တိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ နှစ်ခုစလုံးကို ချုပ်ကိုင်နိုင်မှာမို့ အလွန် အရေးပါတဲ့ နေရာတစ်ခုပါပဲ။ ပင်လယ်ကွေ့ဒေသနဲ့ ဥရောပတိုက်ကို ဆက်သွယ်နေတဲ့ ရေနံတင်ပို့ရာ လမ်းကြောင်း နောက်ပြီး ပင်လယ်ကွေ့ဒေသနဲ့ အမေရိကန် (တောင်နဲ့မြောက် အမေရိကန်)နိုင်ငံတွေကို ရေနံတင်ပို့ရာ လမ်းကြောင်းမှာ အလယ်ဗဟိုကျတဲ့ နေရာဖြစ်တဲ့အတွက် အလွန် အချက်အချာကျတဲ့ မဟာဗျူဟာ နေရာတစ်ခုလည်း ဖြစ်တယ်"ဟု ဆက်ပြောလိုက်ရာ ရုရှ ဗိုလ်မှူးကြီးက လက်တစ်ဖက် မြှောက်လိုက်သည်။

"ဒါထက် ခင်ဗျားက ဒါတွေကို စဉ်းစားသုံးသပ်ပြီး ဘယ်လိုများ ဖြစ်သွားနိုင်သလဲ"
"ကျုပ်တို့ နိုင်ငံရဲ့ တောင်ဘက်က တိုင်းရင်းသား ပြည်သူတွေဟာ အသားအရောင် ခွဲခြားမှုဝါဒရဲ့ လောင်းရိပ် အောက်က လွတ်မြောက်ပြီး နိုင်ငံတကာအလယ်မှာ တင့်တယ်မှန်ကန်နေတဲ့ နေရာ အဆင့် ကို ရောက်ရှိလာအောင် လုပ်ဖို့ဟာ ကျုပ်တို့ရဲ့ တာဝန်ဝတ္တရားပဲလို့ ယူဆမိတယ်။ ပြီး တော့ အဲဒီ တိုင်းရင်းသား ပြည်သူတွေဟာ လွတ်လပ်မှု မြတ်နိုးရာမှာ သူမတူအောင် အကြီးကျယ် ဆုံးဖြစ်နေတဲ့ ခင်ဗျားတို့ ပြည်ထောင်စုကြီးရဲ့ ကာကွယ်စောင့်ရှောက်အောက်မှာ နေသင့်တယ်လို့ လည်း သဘောရ မိပါတယ်"

ဗိုလ်မှူးကြီး ဘူခါရင်သည် ခေါင်းညိတ်လိုက်သည်။
ဤကပ္ပလီလူမည်းသည် တကယ်ပင် လိမ္မာပါးနပ် အကင်းပါးလှဖြစ်ကြောင်း ထင်ရှားနေပေပြီ။ တောင်အာဖရိက နိုင်ငံသည် မိမိတို့အဖို့လည်း အလွန်အဖိုးတန်သည့် 'ဆုလာဘ်'တစ်ခုပင် ဖြစ် သည်။
အရှေ့ ဘက် မိုဇမ်ဘစ်နိုင်ငံဆိုလျှင် မိမိတို့ လက်ခုပ်တွင်းသို့ ရောက်နေပေပြီ။ အင်ဂိုလာတွင် လည်း မိမိတို့ သြဇာလွှမ်းမိုးလျက် ရှိပြီးဖြစ်သည်။ များမကြာမီ နီမီးဘီးယားနိုင်ငံသည်လည်း မိမိ တို့ သြဇာ လောင်းရိပ် အောက်သို့ ရောက်ရန် သေချာသလောက် ဖြစ်နေပေပြီ။

ယခု အရေးကြီးသည်ကား တောင်အာဖရိကနိုင်ငံ၏ မြောက်ဘက်ရှိ ဇင်ဘာဘွေကို မိမိတို့ သြဇာ လွှမ်းမိုးနိုင်ရန်ပင် ဖြစ်သည်။ ယင်းသို့ ဖြစ်လာရန်လည်း ဤလူမည်းက မိမိတို့အား တိုက်ရိုက် ကူညီနိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ဗိုလ်မှူး ဘူခါရင်သည် ပြတ်ပြတ်သားသား ဆွေးနွေးပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပါပြီ၊ ခင်ဗျားပြောသလို ဖြစ်လာဖို့အတွက် အခြေအနေ အခွင့်အရေးတွေကတော့ ရှိလို့ လား"

"ရှိပါတယ်၊ စီးပွားရေး ကမောက်ကမဖြစ်ပြီး အကျပ်အတည်း ဖြစ်လာအောင်ရယ်၊ ပြည်တွင်းမှာ တိုင်းရင်းသား လူမျိုးအုပ်စုချင်း ပဋိပက္ခဖြစ်ရာက တိုက်ပွဲတွေ ဖြစ်လာဖို့ရယ်၊ အဲဒီကမှတစ်ဆင့် လက်ရှိ ဗဟိုအစိုးရ ပြုတ်ကျသွားဖို့ရယ် လုပ်လိုက်ရုံပဲ"
"လက်ရှိအစိုးရကိုက ခင်ဗျားရဲ့ အကြံအစည် အောင်မြင်ဖို့အတွက် ကူညီပေးသလို ဖြစ်နေတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းမှာ တိုင်းရင်းသား လူမျိုးအုပ်စုချင်း မသင့်မတင့် ဖြစ်အောင် ခင်ဗျား လှုံ့ဆော်ဖန်တီးတာကတော့ တော်တော် အောင်မြင်နေပါတယ်"
"ကျေးဇူးတင်ပါတယ် ရဲဘော် ဗိုလ်မှူးကြီးခင်ဗျား"

"ဒါပေမဲ့ တစ်ခု သတိပြုဖို့က တောင်သူလယ်သမားတွေကို လိုသလို ထိန်းချုပ်နိုင်ဖို့က သူတို့တွေ နည်းနည်း ပါးပါး ငတ်မွတ်အောင်လုပ်ဖို့ လိုလိမ့်မယ်ဗျ"
ဗိုလ်မှူးကြီး ဘူခါရင်က အကြံပေးသလို ပြောလိုက်သည်။

"ကျုပ်ကလည်း လုပ်သင့်တာတွေ လုပ်ထားနှင့်ပါပြီ။ အခုပဲ ၀န်ကြီးအဖွဲ့ (ကက်ဘိနက်)ကို မျက်နှာ ဖြူလူမျိုးတွေ ပိုင်ဆိုင်နေတဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေအားလုံး ပြည်သူပိုင် သိမ်းပစ်ဖို့ တိုက်တွန်း ထားတယ်။ စိုက်ပျိုးမွေးမြူရေးခြံတွေအားလုံး ပြည်သူပိုင် သိမ်းပစ်ဖို့ တိုက်တွန်းထားတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ မရှိတော့ဘူးဆိုရင် ဆင်းရဲသားပြည်သူအများစု ငတ်မွတ်ဖို့ သေချာ ပါတယ်"
"ဟုတ်ကဲ့ ခင်ဗျားဘက်က လုပ်ငန်းစတင်နေပြီဆိုတာ သိရလို့ ချီးကျူးပါတယ်။ အထူးသဖြင့် ဗိုလ် ချုပ်ကိုယ်တိုင် ကင်းလင်းစိုက်ပျိုးမွေးမြူရေးခြံကြီးကို ရယူလိုက်တာကိုလည်း သဘောကျမိပါ တယ်။"
"ဗိုလ်မှူးကြီးက သတင်းတွေ အတော် စုံစုံလင်လင် သိနေတာကိုး"

"ဒါတော့ ကျုပ်ကိုင်တိုင်က သတင်းတွေ အခြေအနေတွေကို မပြတ်ကြိုးစား လေ့လာနေလို့ ဖြစ်ပါ တယ်။ ဒါတွေ ထားလိုက်ပါဦး။ တကယ်လို့ အခြေအနေပေးလာပြီး နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ဖို့ ဖြစ်လာရင် အများပြည်သူက ဘယ်လိုခေါင်းဆောင်မျိုး လိုလားမယ် ထင်ပါ သလဲ"
ဗိုလ်မှူးကြီးက မေးလိုက်လျှင် ဖွန်ဂါဘီရာက-
"ရက်စက်ဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ပြင်းထန်ခိုင်မာတဲ့ ခေါင်းဆောင်မျိုးကို လိုလားမှာပဲ"ဟု မဆိုင်း မတွ ဖြေကြားလိုက်သည်။

"ဟာရာရေမြို့တော်မှာတော့ အမျိုးသမီးတွေက ဗိုလ်ချုပ်ကို ချီးကျူးတဲ့သီချင်းတွေ သီဆိုနေကြပါ ပြီ။ ရုပ်မြင်သံကြား အစီအစဉ်မှာလည်း ဗိုလ်ချုပ်အကြောင်း မကြာခဏ အသားပေး ထုတ်လွှင့်ဖော် ပြနေပါတယ်"
"လူတွေက အင်အားရှိတဲ့ခေါင်းဆောင်မျိုးကို ထောက်ခံအားပေးတဲ့ သဘောပါပဲ"
ထိုစကားကို ဗိုလ်မှူးကြီး ဘူခါရင်က ထောက်ခံအနေဖြင့် ခေါင်းညိတ်လိုက်ပြီးမှ ဆက်ပြောလေ သည်။
"ဟုတ်ပါတယ်၊ တတိယတပ်မဟာဆိုရင် ဗိုလ်ချုပ်ရဲ့ အင်အားအစစ်ပါပဲ။ ဒါပေမဲ့ ကျုပ်အနေနဲ့ မေးခွန်းနှစ်ခု ရဲ့ အဖြေကို သိချင်နေပါတယ်"

"ဆိုစမ်းပါဦး၊ ဘာမေးခွန်းတွေများလဲ"
"ပထမမေးခွန်းက ခင်ဗျားနဲ့ကျုပ် ပြောရတာတောင် မျက်နှာပူစရာပါပဲ။ တခြား မဟုတ်ပါဘူး၊ ငွေ ကြေးကိစ္စပါ။ ကျုပ်ကို ဘဏ္ဍာငွေထောက်ပံ့နေတဲ့ အထက်အာဏာပိုင်တွေက နည်းနည်း စိုးရိမ် ပူပန်နေကြတယ်။ ဒီမှာ ကျုပ်တို့ရဲ့ငွေကြေးကုန်ကျမှုပမာဏက ခင်ဗျားတို့ပို့ပေးတဲ့ ဆင်စွယ်၊ တိရစ္ဆာန်ပစ္စည်းတွေ တန်ဖိုးထက် ပိုများနေတယ်"
ဤတွင် ဖွန်ဂါဘီရာသည် တစ်စုံတစ်ရာ ၀င်ပြောမည်ပြုရာ ဘူခါရင်က လက်ဝါးကာပြ ဟန့်တား လိုက်ပြီး သူကပင် ဆက်ပြောသည်။

"ကျုပ်တို့ အခု လုပ်နေတာတွေဟာ လွတ်လပ်မှု မြတ်နိုးသူတွေအနေနဲ့ (ငွေကြေးကိစ္စ လုံးဝ မစဉ်းစားဘဲ) လုပ်သင့်လုပ်ထိုက်တာတွေပဲဆိုတာ နားလည်ပါတယ်။ ငွေဆိုတာက အရင်းရှင်တွေ ကသာ ကိုးကွယ်လုမတတ်၊ မြတ်နိုးမက်မောကြတဲ့ ပစ္စည်းတစ်ခု ဖြစ်တာကိုလည်း ကျုပ်တို့ လက် ခံပြီးသားပါ။ သို့သော်လည်း လောကကြီးမှာ စင်းလုံးချော ခြောက်ပစ်ကင်းတယ်ဆိုတာ မရှိနိုင်ဘူး မဟုတ်လား။ ဒါကြောင့် မော်စကိုမြို့တော်က အာဏာပိုင်တွေအနေနဲ့ ခင်ဗျားကို ကျုပ်တို့ ထောက်ပံ့ရတာ အလွန်များ သလောက် ခင်ဗျားဆီက ပြန်လည်ရရှိတာ အလွန်နည်းတယ်လို့ ယူဆနေကြပြီ။ ကြာရင် သူတို့က စိတ်ရှည် တော့မှာ မဟုတ်ဘူး"

ဤတွင် ဗိုလ်ချုပ်ဖွန်ဂါဘီရာက ခေါင်းညိတ်လိုက်သည်။
"ကျုပ်နားလည်ပါပြီ။ ခင်ဗျားမေးချင်တဲ့ ဒုတိယမေးခွန်းကကော ဘာများလဲ"
"မာတာဘယ်လီတိုင်းရင်းသားတွေနဲ့ ပတ်သက်တယ်။ ဒီလူတွေက စစ်မက်တိုက်ခိုက်မှု ၀ါသနာပါ ပြီး ကိုယ်တွယ်ချုပ်ထိန်းရ အလွန်ခက်တဲ့ လူမျိုးတွေဖြစ်တယ်။ ခင်ဗျားက ဒီလူမျိုးတွေကို မကျေ မချမ်းဖြစ်အောင် တမင် လှုံ့ဆော်ဖန်တီးပေးနေတာကိုလည်း ကျုပ် သိပါတယ်။

အခန်း (၂၇) ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

Anonymous said...

ကျေးဇူးတင်ကြောင်းပါခင်ဗျ.....

ခင်မင်စွာဖြင့်
ဇော်သိင်္ခ