ကားပြင်ကိရိယာ ထည့်သည့် သံသေတ္တာထဲမှ ၀ိုင်းယာကြိုး အနည်းငယ်နှင့် သံဆူးကြိုးဖြတ်သည့် ပလာယာ ကိရိယာ ကို ထုတ်ယူ၊ ကျည်ဆန်သေတ္တာအတွင်းမှ အေကေ ၄၇ရိုင်ဖယ်သေနက်အတွက် ကျည်ဆန်ကတ် အပိုခြောက်ခုကိုလည်း ထုတ်ယူလိုက်သည်။
တဖန် ရှေးဦးပြုနာပြု ဆေးသေတ္တာအတွင်းမှ ပစ္စည်းများအနက် နာကျင်ကိုက်ခဲပျောက် ဆေးပြား များနှင့် ဝေဒနာပြင်းထန်းလျှင် ထိုးရန်အတွက်၊ မော်ဖင်းထိုးဆေး၊ ဆေးထိုးအပ်များကို ကက်ပတိန် နီဘေဘီ အတွက် အသင့်ချထားပေးလိုက်သည်။
ကျန်ဆေးပစ္စည်းများကိုတော့ သူ၏ ကျောပိုးအိတ်အပေါ်ဘက်နားတွင် ထည့်ထားလိုက်သည်။
အားလုံး ပြီးစီးသောအခါ ခရိတ်သည် လင်ရိုးဗာကားအတွင်းသို့ တစ်ခေါက်ပြန်ကြည့်လေသည်။
မိမိတို့ကားကို စွန့်ခွာ၍ ထွက်သွားလျှင် လိုအပ်သည့် ပစ္စည်းများ ယူ၇န် မေ့ကျန်သေးသလားဟု ကြည့်ခြင်း ဖြစ်သည်။ ကြည့်ရင်း ကား၏ ကြမ်းပြင်တွင် ဂရောင်းရှိခေါ် စစ်တပ်သုံး တာလပတ် အခင်းတစ်ခု လိပ်လျက်သား တွေ့ရသဖြင့် ခရိတ်သည် ဂရောင်းရှိကို ယူလိုက်သည်။
ပစ္စည်းအတော်အများနေပြီဖြစ်၍ သူ့အနေဖြင့် နောက်ထပ် သယ်နိုင်တော့မည်မဟုတ်သဖြင့် အခြား ဘာပစ္စည်း မှ မယူတော့ဟု ဆုံးဖြတ်လိုက်ပြီးနောက် ဆယ်လီအား လှမ်းကြည့်လိုက်သည်။
သူမသည် ရေဘူးကိုကြိုးဖြင့် ပခုံးတွင် လွယ်ပြီး အခြားပခုံးတစ်ဖက်တွင် ကျောပိုးအိတ်တစ်ခု လွယ်ထား လေသည်။ သူမ၏ ဓာတ်ပုံများပါသော စာအုပ်ကိုလည်း ယင်းလွယ်အိတ်ထဲမှပင် ထည့်ပေးထားသည်။
ဆယ်လီ၏ မျက်နှာကတော့ ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။ နဖူ၌ဖူရောင်းနေသော ဒဏ်ရာက လည်း ပို၍ပင် ကြီးလာသည်ဟု ထင်ရင်သည်။
"ဘယ်နှယ်လဲ ဆယ်လီ၊ နေသာထိုင်သာ ရှိရဲလား"
"ဟုတ်ကဲ့ အိုကေပါပဲ"
ဆယ်လီက ပြန်ပြောပြီနောက် ခရိတ်သည် ကတ်ပတိန် နီဘေဘီအနီးတွင် ဒူးထောက်၍ "ဂွတ်ဘိုင်၊ ကက်ပတိန်"ဟု နှုတ်ဆက်လိုက်ရာ နီဘေဘီကလည်း
"ဂွတ်ဘိုင်၊ မစ္စတာခရိတ်"ဟု ပြန်နှုတ်ဆက်ရှာသည်။
ခရိသည် ကက်ပတိန်နီဘေဘီ၏ လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း မျက်နှာကိုကြည့်လိုက်ရာ စိုးရွံ့ တုန်းလှုပ်သည့်အမူအရာ အလျှင်းမရှိကြောင်း တွေ့ရလေသည်။ အာဖရိကတိုင်းရင်းသားတို့၏ သေခြင်း တရား ကို မကြောက်မရွံ့ရင်ဆိုင်ဝံ့သော သတ္တိနှင့် စိတ်ဓာတ်ကိုလည်း အံ့ကြချီးကျူးမိလေ သည်။
ခရိတ်အနေဖြင့် အလားတူ သေခြင်းတရားကို မတုတ်မလှုပ် ရဲ့ဝံစွာ ရင်ဆိုင်သွားသူ အာဖရိက တိုင်းရင်းသားများကို ယခင်ကလည်း မကြာခဏ တွေ့ခဲ့ရဖူးပြီး ဖြစ်သည်။
"ခင်ဗျား ကူညီခဲ့တာတွေ အားလုံးအတွက် ကျေးဇူးအထူးပဲ တင်ပါတယ်။"
ခရိတ်သည် ကက်ပတိန် နီဘေဘီအား ပြောလိုက်ရာ နီဘေဘီသည် ညင်သာစွာဖြင့်
"ဟန်ဘာ ဂါရှလေ"ဟု တိုင်းရင်းသား ဘာသာဖြင့် ပြောလိုက်ပြီးမှ-
ငြိမ်းချမ်းသာယာစွာ သွားပေတော့ မစ္စတာခရိတ်"ဟု အင်္ဂလိပ်ဘာသာဖြင့်ဆက်ပြောလေသည်။
"ရှာလာ ကာာရှာလေ"
ခရိတ်ကလည်း တိုင်းရင်းသားဘာသာစကားဖြင့် အာဖရိတိုက်သားတို့၏ ယဉ်ကျေးမှု ထုံးစံအရ ပြန်ပြောလိုက်ပြီးနောက် မတ်တတ်ထလိုက်သည်။
ဆယ်လီသည်လည်း ကက်ပတိန် နီဘေဘီ၏ ဘေးနားတွင် ဒူးထောက်လျက် နှုတ်ဆက်လေသည်။
"ရှင်ဟာ အလွန် စိတ်သဘောထားကောင်းသူ တစ်ယောက် ဖြစ်တယ်။ ရဲစွမ်းသတ္တရှိသူလည်း ဖြစ်သည်။
ဆယ်လီ၏ စကားအဆုံးတွင် ကက်ပတိန် နီဘေဘီသည် သူ၏ ခါးပတ်တွင် အိတ်ဖြင့် ချိတ်ဆွဲ ထားသော ပစ္စတိုသေနတ်ကို ထုတ်ယူလိုက်သည်။ သေနက်က တရုတ်ပြည်လုပ် တိုတာရက်ဗ် ၅၁အမျိုးအစား မောင်းပြန်ပစ္စတိုတစ်လက် ဖြစ်လေသည်။
ပါးစပ်က ဘာမှမပြောဘဲ ကက်ပတိန် နီဘေဘီသည် ပစ္စတိုသေနတ်ကို ပြောင်းဝ သူ့ဘက်ကို လှည့်ကိုင်၍ ဆယ်လီအား လှမ်းပေးလေသည်။
ဆယ်လီလည်း အံ့အားသင့်လျက် ခေတ္တကြည့်နေပြီးနောက် သေနတ်ကို လှမ်းယူလိုက်သည်။
"ကျေးဇူးပါပဲ ကက်ပတိန်ရှင့်"
အမှန်အားဖြင့် ပစ္စတိုသေနတ်ကို ကက်ပတိန် နီဘေဘီသည် အလွန်မြတ်နိုးလေသည်။
ထို့ပြင် ရန်သူလက်တွင်းသို့ ကျရောက်အံ့ဆဲဆဲ အကျပ်အတည်း တွေ့နေချိန်တွင် သူ့ကိုယ်သူ အဆုံးစီရင်ရန်အတွက် အလွယ်ကူဆုံး လက်နက်လည်း ဖြစ်သည်။ သို့စဉ်လျက် ကက်ပတိန်း နီဘေဘီ သည် ဆယ်လီအား စေတနကြီးစွာထားလျက် ပစ္စတိုသေနတ် ပေးလိုက်ခြင်းဖြစ်သည်။
"ကျေးဇူး အထူးတင်ပါတယ်ရှင်"
ဤသို့ ကက်ပြောပြီးမှ သူမသည် လှည့်ထွက်ခဲ့လေသည်။
ခရိတ်က ရှေ့ဆောင်လျက် သူမအားခေါ်ကာ လျှောက်ထွက်သွားကြလေသည်။
သွားရာတွင်လည်း ချီတတ်ချဉ်းကပ်လာသော တတိယ တပ်မဟာမှ စစ်သားများနှင့် မိမိတို့အကြား လင်းရိုဗာကား ကာကွယ်နေအောင် သတိထား၍ လျှောက်သွားကြလေသည်။
အကယ်၍ မိမိတို့နှစ်ယောက်က မော်တော်ကားမှ ထွက်ခွာသွားကြောင်း စစ်သားများက သံသယြ ဖြစ်လာခဲ့လျှင် မိမိတို့နောက်လိုက်ပြီး ကျန်လူများက လင်းရိုဗာကားကို ၀ို်င်းတိုက်ကြရမည်ဖြစ် သည်။ ဤနည်းအားဖြင့် ရန်သူအင်အား လျော့နည်းသွားနိုင်သောကြောင့် ခရိတ်က နည်းပရိယာယ် ဆင်ကာ လင်းရိုဗာ ကားကို အကာအကွယ်ယူ၍ လျှောက်ထွက်လာခဲ့ခြင်းဖြစ်သည်။
သုံးဆယ်ငါးမိနစ်ခန့် ကြာသောအခါ ပယမဆုံးအကြိမ် စက်သေနတ်ပစ်သံများကြားရသဖြင့် ခရိတ် သည် လျှောက်ာလာရာမှ ရပ်တန့်ပြီး နောက်သို့ ပြန်လှည့်ကြည့်လေသည်။
ခရိတ်အတော်ပင် အလှမ်းဝေးနေပြီးဖြစ်၍ လင်းရိုဗာကား၏ သဏ္ဍာန်ကို ရေးရေးမျှသာ မြင်ရလေ သည်။ အချိန်က ညနေစောင်းနေပြီးဖြစ်၍ အလင်းရောင်က နည်းလာပြီး ဖြစ်သည်။
စက်သေနက်သံ ကြားရပြီးနောက် မရှေးမနှောင်းမှာပင် ပြန်လည် ပစ်ခတ်သံကြားရလေသည်။ ကက်ပတိန် နီဘေဘီက သူ၏ မောင်းပြန်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ထင်းရှာနေပေ ပြီး။ ထို့နောက် တစ်ဖတ်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်သံများ ဆပ်တိုက် ကြားရလေသည်။
"သူက တကယ့် စစ်သားကောင်း ပီသတယ်ကွဲ့။ သူပြန်ပစ်လိုက်တဲ့အခါ ရန်သူဘက်က ထိမှန်ဖို့ သေချာအောင် ချိန်ပြီးမှပစ်တာ ဖြစ်လိမ့်မယ်။ အခုဆိုရင် ရန်သူစစ်သား ရှစ်သောင်းတောင် ကျန်မှမဟုတ်ဘူး။ ဒါတော့ သေချာတယ်။
ခရိတ်က မိမိတို့အား အသက်ပေး၍ ကုညီခဲ့သော ကက်ပတိန်နီဘေဘီအကြောင်း ချီးကျူး ပြောလိုက်ရာ ဆယ်လီမှလည်း စိတ်ထိခိုက်ဟန်ဖြင့် မျက်ရည်များ ကျနေရှာလေသည်။
"သေရတာက ဒါလောက် မဟုတ်ပါဘူး ဆယ်လီရယ်။ သေရပုံ သေရနည်းကသာ ပြောစရာရှိ တယ်"
"ခရိတ်က ဆက်ပြောလိုက်လျှင် ဆယ်လီသည် ရုတ်တရက် ဒေါသထွက်လာဟန်မျိုးဖြစ်လာလေ သည်။
"တော်စမ်းပါရှင်။ ရှင်က အမေရိကန် စာရေးဆရာကြီး ဟင်းမင်းဝေးရဲ့ အတွေးအခေါ်တွေကို လာပြော နေပြန်ပြီ။ ဒါမျိုးတွေ မကြားချင်းဘူးရှင့်။ ရှင်ကတော့ ပြောအားရှိမှာပေါ့။ အခု သေရတာက ရှင်မှ မဟုတ်ဘဲ"
ဤသို့ ပြောပြီးကာမှ သူမသည် ချက်ချင်းသတိပြန်ရကာ စိတ်တို ထိန်းချုပ်လျက် တောင်းပန်ရှာ ပြန်သည်။
"ဆောရီပဲ ဒါလင်ရယ်။ ကျွန်မရဲ့ ခေါင်းကဒဏ်ရာက သိပ်နာနေတော့ စိတ်တွေ တစ်မျိုးဖြစ် နေတယ်။ ပြီးတော့ ကျွန်မနေနဲ့ ကက်ပတိန်နီဘေဘီကို သနားလွန်းလို့ပါ။
ခရိတ်က ရှေ့မှာလည်း ဆယ်လီက နောက်မှလိုက်လာရင်း တစ်နေရာသို့ ရောက်လျှင်-
"ခရိတ် ခရိတ်"ဟု လှမ်းအော်ခေါ်လိုက်သံ ကြားလိုက်ရသဖြင့် ခရိတ်လည်း လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။
ဆယ်လီလည်း ခြေလှမ်းနှစ်ဆယ်ခန့် အကွာတွင် ရပ်နေပြီး မျက်စီမျက်နှာ ပျက်နေရှာသည်ကို သတိပြုမိ လေသည်။
ခရိတ် ရပ်လိုက်သည်နှင့် ဆယ်လီသည် မြေပြင်တွင် ထိုင်ချ၍ ဦးခေါင်းကို ဒူးဆစ်ပေါ်သို့ ငိုက်စိုက် တင်ထားလေသည်။
"ခဏလေးစောင့်ပါဦးရှင့်၊ ကျွန်မရဲ့ ခေါင်းက သိပ်နာလာလို့ပါ။ တော်တော်လေးကြာရင် ကောင်း သွားပါလိမ့်မယ်။
ခရိတ်လည်း ဆေးသေတ္တာထဲမှ ယူလာသော အကိုက်အခဲပျောက်ဆေးပြားနှစ်ပြား ထုတ်ယူ၍ ဆယ်လီ အား ရေနှင့်သောက်ချစေလေသည်။ သူမ၏ နဖူးမှဒဏ်ရာက အတော်ပင် အခြေအနေဆိုး လာပုံရသည်။
ခရိတ်က သူမ၏ ပခုံးကို ယုယစွာ ဖတ်ထားလိုက်သောအခါ ဆယ်လီသည်-
"အင်း...... ဒီလိုဆိုတော့ အားတတ်လာမိတယ်ရှင်"ဟု ဆိုကာ ခရိတ်၏ ရင်ခွင်တွင် မှီ၍ နေရှာလေ သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ အဝေးမှ တစ်စုံတစ်ခု ပေါက်ကွဲသံကို ကြားလိုက်ရသဖြင့် ဆယ်လီသည် လန့်သွားရှာလေသည်။
"အဲဒါ ဘာသံလဲရှင်"
"လက်ပစ်ဗုံး ခွဲတဲ့အသံပဲ"
ခရိတ်က ပြောရင်း လက်ပတ်နာရီကို ကြည့်လိုက်ပြီးနောက်-
"ကက်ပတိန် နီဘေဘီရဲ့ ဘ၀တိုက်ပွဲ ပြီးဆုံးပြီ ဆိုပါတောကွာ။ သူဟာ ငါတို့ လွတ်အော်ပြေးနိုင် ဖို့ အချိန်မိနစ်ငါးဆယ်လောက် ရန်သူကို ဟန့်တားပေးခဲ့ရှာတယ်။ အိုး...........အသင် နီဘေဘိ သင့်အာယး ထာဝရ ဘုရားသခင် စောင့်ရှောင်ပါစေ" ဟု အဝေးသို့ လှမ်းကြည့်ရင်း ရွတ်ဆို လိုက်သည်။
ဆယ်လီက ပြောလိုက်ပြီးနောက် နှစ်ယောက်သား ဆက်လျှောက်သွားကြလေသည်။
ခရိတ်သည် ဤသို့စဉ်းစားမိလေသည်။ ရန်သူစစ်သားများအနေဖြင့် လင်းရိုဗာကားတွင် လူတစ် ယောက်တည်းသာ ခုခံပစ်ခတ်နေကြောင်း အလွယ်တကူပင် သိသွားမည်ဖြစ်သည်။ မိနစ်ပိုင်းအ တွင်း သူတို့သည် မိမိနှင့် ဆယ်လီတို့၏ ခြေရာများကို မြင်ပြီးတောက်လျှောက် ခြေရာခံလိုက်လာ မည်မှာ လည်း သေချာပေသည်။
ကက်ပတိန် နီဘေဘီ၏ လက်ချက်ဖြင့် ရန်သူစစ်သား ဘယ်နှယောက် ကျဆုံးသွားလေသနည်း။ ခု စစ်သားအင်အား မည်မျှ ကျန်လေသနည်း။
ဤသို့လည်း တွေးမိရာမှ-
"ဒါတော့ မကြာခင် ငါတို့ လက်တွေ့သိ၇တော့မှပါပဲ"ဟု သူ့ကိုယ်သူ ပြောမိလေသည်။
လဆန်း သုံးရက်မျှသာ ရှိသေးသဖြင့် ကောင်းကင်က အလင်းရောင်ဆို၍ ကြယ်တာရာများ၏ မှိတ်တုတ် မှိတ်တုတ် အလင်းရောင်သာ ရှိနေပေသည်။ နဂါးငွေ့တန်းဟု ခေါ်တွင်သော ကြယ်တာ ရာအစုကြီးကိုလည်း ကောင်းကင်တွင် ထင်းရှားစွာမြင်နေရသည်။ ညဥ့်ဦးယံအချိန်၌ ကောင်းကင်း ၏ရှုခင်း မှာ လှပတင့်တယ် စိတ်ကြည်နူးဖွယ်ကောင်းနေလေသည်။
ခ၇ိတ်သည် မိမိတို့ လျှောက်လာသော မြေပြင်ကိုကြည့်ရာ ခြေရာများ ထင်နေပြီး ရန်သူစစ်သား များ လိုက်လာပါက ခြေရာများကကို အလွယ်တကူ မြင်နိုင်လိမ့်မည်ဟု တွက်မိလေသည်။
ခြေရာများကို ဖျောက်ပစ်မှ ဖြစ်ပေမည်။
ခ၇ိတ်သည် ဆယ်လီအား ခေတ္တရပ်နားခိုင်းပြီးနောက် အေကေ ၄၇ရိုင်ဖယ်သေနတ်မှ လှံစွပ်ကို ဖြုတ်ယူ၍ လမ်းဘေးရှိချုံပုတ်မှ သစ်ခကိအနည်းငယ် ခုတ်ယူလိုက်သည်။ တစ်ဖန် တစ်ခက်ကို ၀ိုင်ယာကြိုးဖြင့် တုပ်ချည်၍ သူ၏ ခါးပတ်တွင် ချိန်ဆွဲထားလိုက်သည်။
"ကဲ.....ဆယ်လီ မင်းရှေ့က လျှောက်ပါ။ ငါနောက်က လိုက်ခဲ့မယ်"
ခရိတ်က ဤသို့ စီစဉ်းခြင်းမှာ သူတို့ လျှောက်သွားသော ခြေရာကို နောက်မှဒယဥ့်တိုက်ပါလာ သည့် သစ်ခက်သစ်ကိုင်းမျာက ဖျောက်ဖျက်ပစ်စေရန်ပင်ဖြစ်လေသည်။
တစ်မိုင်ခန့် လျှောက်မိသောအခါ ခရိတ်သည် မောပန်းလာလေသည်။ သူ၏ခါး၌ ၀ို်င်းယာကြိုးဖြင့် ချိန်ဆွဲလာသော သစ်ကိုင်းသစ်ခက်များက တဖြည်းဖြည်းနှင့် ပို၍ လေးလာသည်ဟု ထင်ရပေ သည်။
သို့သော် ရပ်နေ၍ မဖြစ်သောကြောင့် ကြိုးစားအားတင်လျက် ဆက်လျှောက်သွားလေသည်။
ဆယ်လီခများလည်း မောဟိုက်လာပြီး ဖြစ်သည်။ နောက်တစ်နာရီအတွင်း သူမသည် ရေငတ်သည် ဟုဆိုကာ သုံးကြိမ်တိုင်တိုင် ရေတောင်းသောက်လေသည်။ သို့သော် ခရိတ်ကရေသောက်ခြင်းကို အားမပေးချေ။
ရေရှားပါးသောအရပ်၌ ခရီးသွားသည့်အခါ အထူးသတိပြုရသည်မှ ရေငန်၍ ရေသောက်ချင်စိတ် များ ဖြစ်ပေါ်လာလျှင် ချက်ချင်း ရေမသောက်ရ။ သောက်လိုက်ပါက နောက်ပိုင်းတွင် ရေငတ်မ ပြေနိုင်ဘဲ သောက်လေသောက်လေ ငတ်မပြေဖြစ်တတ်ကြောင်း ခရိတ်က ပြောပြလေသည်။
သို့ဖြစ်လင့်ကစား ဆယ်လီမှာ ဦးခေါင်းမှ ဒဏ်ရာကြောင့် လူမမာတစ်ယောက်ကဲ့သို့ ဖြစ်နေ၍ ခရိတ်သည် သူမအား တင်းကျပ်စွာ မတားမြစ်ဘဲ ရေအနည်းအငယ်တိုက်လိုက်သည်။ သူကိုယ် တိုင်ကမူ တတ်နိုင်သလောက် ရေမသောက်ဘဲ နေလေသည်။
ဆယ်လီ ရေသောက်ပြီးသည်နှင့် ခရိတ်က ရေဘူးကို ပြန်ယူလိုက်လေသည်။
နောက်တစ်နေ့လုံး ခရီးဆက်ရမည်ဖြစ်၍ ချစ်ချစ်တောက်တောက် ပူနေသော နေပူရှိကို မချိမဆံ့ ခံစားရဦးမည်ဟူ၍လည်း ဆယ်လီအား သတိပေးပြောလိုက်သည်။
ဆက်လျှောက် သွားကြရင်း ညဥ့်သန်းခေါင်းယံ နီးလာသောအခါ ခရိတ်သည် သူ၏ ခါးမှ သစ်ကိုင်းသစ်ခက် ချိတ်ဆွဲထားသော ၀ိုင်ယာကြိုးကို ဖြုတ်ပစ်လိုက်သည်။
ယခုလောက်ဆိုလျှင် နောက်မှလိုက်လာသော ရှိုနာလူမျိုး စစ်သားများက ခြေရခံလိုက်ရန် လွယ်ကူတော့မည် မဟုတ်ချေ။
ခရိတ်သည် ဆယ်လီ၏ ကျောပိုးအိတ်ကိုယူ၍ သူ၏ပခုံးတွင် လွယ်လိုက်ရာ ဆယ်လီက-
"ကျွန်မဘာသာ ကျွန်မ သယ်နိုင်ပါတယ်ရှင်"ဟု ကန့်ကွက်သေးသည်။
အမှန်တော့ သူမသည် အရက်မူးသမားတစ်ယောက်လို ဒယိမ်းဒယိုင်လျှောက်နေရရှသည်။
"ငါတို့ အခု ဆက်သွားမယ့်သာသွားနေတာ တကယ့်တော့ နယ်စပ်ကို ဖြတ်ကျော်မိတာ အတော်ကြာပြီလို့ ထင်မိတယ်"
ခရိတ်က သူမအား နှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်သည်။
"ဟင်..........ဟုတ်လား၊ ဒီလိုဆိုရင် ကျွန်မတို့အဖို့ အန္တာရယ် လုံးဝမရှိတော့ဘူးလား"
ဆယ်လီက ပြန်မေးသောအခါ၌မူ ခရိတ်သည် လိမ်မပြောချင်သဖြင့် ဆိတ်ဆိတ်နေလိုက်သည်။ ညလေက အလွန်းလေလှသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းနေကြပြီဖြစ်သည်။
နောက်တစ်မိုင်ခန့် သွားမိသောအခါ သူတို့သည် ဆားချက်တွင်း မြေချိုင့်ကြီး၏ တစ်ဖက်အစွန်း သို့ ရောက်သွားကြလေသည်။ မြေကြီးကလည်း ပျော့ခြင်း၊ ပွခြင်း၊ မရှိဘဲ မာနေလေသည်။
"ငါတို့ ဒီမှာပဲ နားကြမယ်"
ပြောပြောဆိုဆို ခရိတ်သည် မြေကြီးပေါ်တွင် ဂရောင်းရှိ (တာလပတ်)ကို ခင်း၍ ဆယ်လီအား လဲလျောင်း နားစေလေသည်။
"ကျွန်မ ရေနည်းနည်းလောက် သောက်ချင်တယ်"
ဆယ်လီက တောင်းပန်သလို ပြောသော်လည်း ခရိတ်က ခေါင်းခါပြလေသည်။
"ဒီလိုပဲ နေလိုက်ပါဦးကွ။ မနက်ကျမှပဲ ရေသောက်ပါတော့"
သူတို့၏ ရေဘူးမှာ အလွန်ပေါ့ပါးနေသဖြင့် ရေလက်ကျန် အလွန်းနည်းနေပြီဖြစ်ကြောင်း ထင်းရှား ပေသည်။
အရေးထဲ လေအေး အဆက်မပြတ် တိုကနေပြန်ရာ ခရိတ်သည် အနီးအနားရှိ ချုံနွယ်အနည်းငယ် ခုတ်၍ ခေါင်းရင်းတွင် ချထားလိုက်သည်။
ထို့နောက် ခရိတ်သည် ဆယ်လီ၏ ခြေဖ၀ါးများကို လက်ဖြင့် ညင်သာစွာ ဆုပ်နှိပ်ပေးလေသည်။
ဆယ်လီ၏ ခြေဖ၀ါးများမှာ အလွန်နာကျင်လျက်ရှိသဖြင့် ခရိတန်၏ လက်ဖြင့်ထိခြင်းကိုပင် မခံနိုင် ဘဲနာတယ်ဟု ညည်းညူလေသည်။
ခရိတ်က နှစ်သိမ့်အားပေးသည့်အနေဖြင့် သူမအား ယုယစွာပွေ့ပိုက်ထားလိုက်သောအခါ ဆယ်လီ သည်အားတက်သွားပုံ ရလေသည်။
"ရှင်ဟာ အလွန်ကြင်နာယုယတာပဲနော်။ ကျွန်မလေ ရှင့်ကို သိပ်ချစ်တာပဲသိလား"
"အေးပါ၊ ကဲ......အိပ်ပျော်အောင် အိပ်လိုက်ပါဦး။ စကားတွေပြောမနေပါနဲ့။
"ဒီမယ် ခရိတ်၊ ကျွန်မတော့ ကင်းလင်းမွေးမြူးရေးခြံကြီးအကြောင်း ကြားရတာ စိတ်မကောင်းလိုက် တာ"
ခရိတ်က ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်နေလိုက်တော့ ဆယ်လီသည် မျက်စီမှိတ်ပြီး အိပ်လေ တော့သည်။
ခရိတ်ကတော့ လုံးဝမအိပ်ဘဲ အေကေ ၄၇ရိုင်ဖယ်သေနတ်ကို ကိုင်ကာ ကင်းစောင့်နေလေသည်။
အခန်း (၂၅) ဆက်ရန်
.

2 comments:
ကော်နက်ရှင်တွေ မကောင်းတဲ့ကြားက အမြန်ဆုံးတင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဆရမခင်ဗျာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Thank you very much.
Ray
Post a Comment