ကန္တာရမာလာ
( ဖြစ်ရပ်မှန် ဇာတ်လမ်း)
သူသည် သဲကန္တာရထဲတွင် မွေးသည့် ကန္တာရ၏
ရင်သွေး စစ်စစ်ဖြစ်သည်။ မိုးရွာပြီးစတွင်
ပွင့်သည့်ပန်းလို လှပတင့်တယ် ချစ်စဖွယ်ဖြစ်သည်။
ထိလွယ် ကြွေလွယ် ပန်းမျိုးမဟုတ်။
ခိုင်မာ ကျစ်လျစ်သည့် တာရှည်ခံပန်းမျိုး။
သူသည် ရေရှားခြင်း၊ မိုးခေါင်ခြင်း၊ ဆင်းရဲ မွဲတေခြင်းတို့နှင့်
ကြီးပြင်းလာခဲ့သူဖြစ်သည်။
ဘာတစ်ခုမျှ သူမမှုခဲ့။ သို့သော် တစ်ချိန်တွင် ထိတ်လန့်တုန်လှုပ်စရာ
မိရိုးဖလာ ထုံးစံတစ်ခုနှင့် ကြုံခဲ့ရသည်။
ယနေ့ ၀ါးရစ်ဒီရီသည် ကမ္ဘာ့ဖက်ရှင်လောကတွင် ထိပ်ဆုံးရောက်နေသည့်
အလှသရဖူပိုင်ရှင်တစ်ပါးဖြစ်နေပြီ။
ဆိုမာလီဆိတ်ကျောင်းတဲကလေးထဲတွင် စခဲ့သည့်
သူ့ဘ၀ခရီးအကြောင်းကို ၀ါးရစ်က အသေးစိတ် ဖော်ထုတ်ထားသည်။
ရင်နာစရာကောင်းလှပြီး ဖွင့်ဟပြောဆိုဖို့ ခက်လှသည့် ရိုးရာဓလေ့ကို
အပြတ်တိုက်ဖို့ သတ္တိရှိရှိ မျှော်လင့်ချက် ကြီးစွာဖြင့် ကြိုးစားခဲ့သည်။
ရင်သွေး စစ်စစ်ဖြစ်သည်။ မိုးရွာပြီးစတွင်
ပွင့်သည့်ပန်းလို လှပတင့်တယ် ချစ်စဖွယ်ဖြစ်သည်။
ထိလွယ် ကြွေလွယ် ပန်းမျိုးမဟုတ်။
ခိုင်မာ ကျစ်လျစ်သည့် တာရှည်ခံပန်းမျိုး။
သူသည် ရေရှားခြင်း၊ မိုးခေါင်ခြင်း၊ ဆင်းရဲ မွဲတေခြင်းတို့နှင့်
ကြီးပြင်းလာခဲ့သူဖြစ်သည်။
ဘာတစ်ခုမျှ သူမမှုခဲ့။ သို့သော် တစ်ချိန်တွင် ထိတ်လန့်တုန်လှုပ်စရာ
မိရိုးဖလာ ထုံးစံတစ်ခုနှင့် ကြုံခဲ့ရသည်။
ယနေ့ ၀ါးရစ်ဒီရီသည် ကမ္ဘာ့ဖက်ရှင်လောကတွင် ထိပ်ဆုံးရောက်နေသည့်
အလှသရဖူပိုင်ရှင်တစ်ပါးဖြစ်နေပြီ။
ဆိုမာလီဆိတ်ကျောင်းတဲကလေးထဲတွင် စခဲ့သည့်
သူ့ဘ၀ခရီးအကြောင်းကို ၀ါးရစ်က အသေးစိတ် ဖော်ထုတ်ထားသည်။
ရင်နာစရာကောင်းလှပြီး ဖွင့်ဟပြောဆိုဖို့ ခက်လှသည့် ရိုးရာဓလေ့ကို
အပြတ်တိုက်ဖို့ သတ္တိရှိရှိ မျှော်လင့်ချက် ကြီးစွာဖြင့် ကြိုးစားခဲ့သည်။
လမ်းဘယ်မမြင်
ကျွန်မတို့မိသားစုမှာ ဆိုမာလီယာနိုင်ငံ၊ ဆိတ်ကျောင်းသားတောင်ပေါ်သားများဖြစ်ကြပါ သည်။ ကလေး ဘ၀တွင် ကျွန်မတွေ့ကြုံခံစားသည့် သဘာဝအလှ၊ လွတ်လပ်မှုတို့မှာ မွှေးမြမြအနံ့အသက်များ၊ သာယာ နာပျော်ဖွယ် အသံဗလံများဖြင့် ထုံမွှမ်း၍နေခဲ့ပါသည်။
ခြင်္သေ့တွေ နေစာလှုံရင်း ဟိန်းဟောက်နေပုံကို ကျွန်မတို့ ငေးမောကြ၏။ သစ်ကုလားအုပ်တွေ၊ မြင်းကျား တွေနှင့် ကျွန်မတို့ပြိုင်ပြေးကြ၏။ ယုန်ကလေးတွေနင့် လိုက်တမ်းပြေးတမ်း ကစားကြ၏။ သဲထဲတွင် လူးလိုက် လှိမ့်လိုက်နှင့် မမေ့တဲ့နိုင်သည့် ငယ်ဘ၀များဖြစ်ပါ၏။
ဘ၀တွင် တဖြည်းဖြည်းနှင့် ပျော်စရာတွေ နည်းသည်ထက်နည်းလာသည်။ ပို၍ပို၍ ကျပ်တည်းကျဉ်း မြောင်းလာသည်။ ခက်ခဲပင်ပန်းလာသည်။
ကျွန်မ ၅နှစ်သမီးအရွယ်ရောက်တော့ အာဖရိကတွင် မိန်းမသားတစ်ယောက်ဖြစ်ရခြင်း၏ ဒုက္ခကို သိခွင့် ရခဲ့သည်။ ဘာမှ ပြန်ပြောပိုင်ခွင့်မရှိသည့် ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကို ကြိတ်မှိတ်ခံရ သည့် အကူ အကယ်မဲ့ဘ၀။
စင်စစ် အာဖရိကတွင် အိမ်ထောင်ကို ရှာကျွေးရသူများမှာ မိန်းမသားများဖြစ်ပါသည်။ နေ့ညမဟူ အလုပ်လုပ်ကြရသူများမှာ မိန်းမသားများဖြစ်ပါသည်။ သို့သော် သူတို့သည် ဘယ်တော့မှ အရေးပါ အရာရောက်သူများဖြစ်မလာခဲ့ကြပေ။ သူတို့တွင် လုပ်ပိုင်ခွင့်ဟူ၍ ဘာဆိုဘာမျှမရှိ၊ ဆုံးဖြတ်ပိုင်ခွင့်ဟူ၍ နတ္ထ။ အိမ်ထောင်ဘက် ရွေးချယ်ခွင့်ပင် လွတ်လွတ်လပ်လပ်မရှိ။
ကျွန်မ ၁၃ နှစ်အရွယ်ရောက်တော့ သည်ရိုးရာဓလေ့၊ သည်လူမှုပတ်ဝန်းကျင်မှာ နစ်မြုပ်လျက်ပေါ့။ ကျွန်မ သည် ကျန်းမာသန်စွမ်းသူဖြစ်လို့ အပျိုဖော်ဝင်သည်မှာလည်း စော၏။
ဟိုစဉ်ကတော့ ကျွန်မ ငုံ့ခံခဲ့သည်။ ဘာမျှ တွန်းလှန်အားမရှိစဉ်က သူတို့ပြုသမျှနုခဲ့ရသည်။ သည်တစ်ခါ တော့ ကျွန်မ ထွက်ပြောဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မကို အဖေက ယောက်ျားပေးစားမည်ပြောပြီး နောက်ပိုင်း ကျွန်မ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ကျွန်မတွင် အချိန်သိပ်မရှိတော့သဖြင့် အစီအစဉ် ကိုအမေ့အား ဖွင့်ပြောလိုက်သည်။
မိုဂါဒစ်ရှူးတွင် အဒေါ်တစ်ယောက်ရှိသည်။ သူ့ဆီသွားမည်ဟု အမေနှင့်တိုင်ပင်သည်။ သို့သော် မိုဂါဒစ်ရှူး ဘယ်မှာ ရှိမှန်းကျွန်မမသိ။
အဖေနှင့်တစ်အိမ်သားလုံး အိပ်မောကျနေစဉ် တစ်နေ့တွင် အမေက ကျွန်မကိုနှိုးပြီး ' သွားတော့ ' ဟုပြောသည်။
ကျွန်မ ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။ ယူသွားစရာ ဘာပစ္စည်းမှမရှိ။ ရေမရှိ၊ စားစရာမရှိ။ သို့သော် ကျွန်မ အိမ်က ထွက်ပြေးလာခဲ့၏။ ဖိနပ်မပါ။ စကတ်တစ်ထည် ခေါင်းစည်းပြီး မှောင်နှင့်မည်းမည်း သဲကန္တာရ ထဲကို စွတ်ပြေးခဲ့ခြင်းဖြစ်သည်။
ကျွန်မဘယ်ကို ဦးတည်ပြေးနေမန်းမသိ။ မိုဂါဒစ်ရှူး ဘယ်ဆီနေမှန်းမသိ။ ပြေးဖို့ကလွဲပြီ ကျွန်မဘာမှမသိ။ ပထမတော့ ပိန်းပိန်း ပိတ်မှောင်နေသဖြင့် ကျွန်မ ခပ်မှန်မှန်ပဲပြေးလာခဲ့၏။ သို့သော် ကြယ်ရောင်တို့ဖြင့် မျက်စိကျင့်သားရလာသည့်အခါ ကျွန်မသည် သမင်မတစ်ကောင်၏ အဟုန်မျိုးဖြင့် ပြေးနေလေတော့၏။
နေ့လယ်ရောက်တော့ ကျွန်မ ခြေထောက်အောက်မှ သဲအရောင်သည် နီသည်ထက် နီလာ၏။ ရှေ့ကို မျှော်ကြည့် လိုက်တော့ တစ်မျှော်တစ်ခေါ် လွင်ပြင်ကြီးမှ လွဲ၍ ဘာမျှမတွေ့ရ။
ဝမ်းဟာလွန်း၊ ရေဆာလွန်းလာသဖြင့် ကျွန်မ ဆက်မပြေးနိုင်တော့။ အရှိန်လျှော့လိုက်ရသည်။ ဖြည်းဖြည်း မှန်မှန် ဆက်လျှောက်သည်။
ရှေ့ဘာတွေဖြစ်မည်လဲ။ ဘာတွေနဲ့တွေ့ရမည်လဲ။ စဉ်းစားနေစဉ် ' ၀ါးရစ် ၀ါးရစ်' ဟူသည့် အဖေ့ခေါ်သံကို ကျွန်မ ကြားလိုက်သည်။ အဖေ့အသံသည် ကျွန်မနားထဲတွင် အရပ်ရပ်မှ ပဲ့တင်ပြန်လာနေ၏။ ကျွန်မ အရမ်း ကြောက်သွားသည်။ သူ့လက်က ကျွန်မ လွတ်နိုင်ပါမည်လား။ မလွတ်လျှင် သူကျွန်မကို ယောက်ျား ပေးစားတော့မည်မှာ အသေအချာဖြစ်သည်။
ကျွန်မက ဦးအောင်ထွက်လာသော်လည်း အဖေက ကျွန်မခြေရာကိုခံပြီး လိုက်လာနိုင်ခဲ့ပြီ။ သူ ကျွန်မဆီ ပြေးလာ နေပြီ။
ကျွန်မ အရှိန်မြှင့်ပြီး ဆက်ပြေးသည်။ ပြန်လှည့်ကြည့်လိုက်တော့ သဲတောင်ကုန်းတစ်ခုပေါ်ကို သူပြေး တက်နေ၏။ သူ ကျွန်မကို မျက်ခြည်ပြတ်မခံတော့။ ကြောက်စိတ်ဖြင့် ကျွန်မ တအားစွတ်ပြေးသည်။ ကျွန်မ တို့ သားအဖနှစ်ယောက်သည် သဲကန္တာရထဲတွင် ပင်လယ်ထဲက လှိုင်းလုံးကြီးတွေပမာ ပြေးလွှား နေကြ၏။
တောင်ကုန်းတစ်ခုပေါ်ကို ကျွန်မက လေဟုန်စီးသလို ပြေးတက်သွားလျှင်သူက နောက်ဘက်က တောင်ကုငန်းတစ်ခုပေါ်မှ လျှောခနဲ လှိမ့်ဆင်းလာပြီး အမိဖမ်းဖို့ ကြိုးစားသည်။
သည်လိုဖြင့် နာရီပေါင်းများစွာ ကျွန်မဆက်ပြေးနေသည်။ တဖြည်းဖြည်းနင့် အဖေ့ခေါ်သံမကြားရတော့။ နောက် လှည့်ကြည့်တော့ အဖေ့ကို မမြင်ရတော့။
ကျွန်မ ဆက်ပြေးသည်။ နေလုံးကြီး လုံးဝပျောက်ကွယ်သွားသည်အထိ ဆက်ပြေးသည်။ ညရောက်လာ တော့ အမှောင်ထုက အနက်ရောင် ကတ္တီပါကန့်လန့်ကာကြီး ချထားသလို ဖြစ်နေ၍ ကျွန်မ ရှေ့ဆက် မတိုးနိုင်တော့ပါ။ ထိုအချိန်တွင် ကျွန်မ ဆာလည်း ဆာလှပြီ။ ခြေထောက်တွေလည်း သွေးချင်းချင်း နီနေပြီ။ သစ်ပင်တစ်ပင်အောက်တွင် အိပ်ပျော်သွားတော့၏။
မိုးလင်းမှ ကျွန်မနိုးလာ၏။ စူးစူးရှရှနေရောင်ခြည်ကို ပထမဆုံးမြင်ရ၏။ ထပြီး ဆက်ပြေးသည်။ ဘယ်နှ ရက်ဘယ်နှရက် ကျွန်မ ဆက်ပြေးနေမိသည်မသိ။ ဆာလောင်မွတ်သိပ်ခြင်းဝေဒနာ၊ ကြောက်ရွံ့ခြင်းနှင့် နာကြည်းမှု့ ဝေဒနာတွေက မခံနိုင်လောက်အောင် ဖြစ်လာသည်။
ဘာမျှမမြင်နိုင်လောက်အောင် မှောင်လာလျှင် ကျွန်မ နားလိုက်သည်။ နေ့လယ်နေ့ခင်းတွင် သစ်ပင် တစ်ပင် အောက်တွင် ထိုင်ပြီး တစ်ရေးမှေးသည်။
သည်လို တစ်ရေးအိပ်နေစဉ်တစ်နေ့တွင် အသံတစ်သံကြောင့်ကျွန်မ လန့်နိုးလာ၏။ မျက်လုံးဖွင့်ကြည့် လိုက်တော့ ကျွန်မရှေ့တွင် ခြသေ့ကြီးတစ်ကောင်၏ မျက်နှာကို တွေ့ရ၏။
ကျွန်မ ထပြေးဖို့ ကြိုးစားသည်။ သို့သော် အာဟာရပြတ်နေပြီဖြစ်သဖြင့် ပြန်လဲကျသွား၏။ ဘယ်အရပ် ဒေသက နေရောင်ခြည်နှင့်မှမတူအောင် ပြင်းထန်လှသည့် အာဖရိကနေရောင်ခြည်၏ ဒဏ်မှ ကျွန်မကို အကာ အကွယ် ပေးထားသည့် သစ်ပင်ကို မီထားလိုက်၏။
ကျွန်မ၏ စွန့်စားခန်းသည် ပြီးဆုံးတော့မည်။ သည်လောက်အပင်ပန်းခံပြီး ကန္တရာလွင်ပြင်ကျယ်ထဲတွင် မနားမနေ ပြေးခဲ့ခြင်းမှာ အလဟဿဖြစ်ရတော့မည်။ ကျွန်မ မကြောက်တော့ပါ။ သေဖို့အသင့် ပြင်လိုက် သည်။
' လာလေ လာ၊ ငါအသင့်ပဲ '
ဧရာမခြင်္သေ့ကြီးသည် ကျွန်မကို စိုက်ကြည့်နေ၏။ ကျွန်မကလည်း သူ့ကို ပြန်ပြီး စိန်းစိန်းကြည့်နေ၏။ သူက နှုတ်ခမ်းကို လျှာနှင့်လျက်ပြီး ကျွန်မ ရှေ့မှာ လူးလာခေါက်ပြန် လျှောက်နေ၏။ သူလျှောက်နေပုံက ခံ့ညား ထည်ဝါလှသည်။ အလေးအနက် စဉ်းစားနေပုံလည်းရ၏။ အချိန်မရွေး သူ ကျွန်မကို ခုန်အုပ်ပြီး ခြေမွ ပစ်နိုင်ပါသည်။
နောက်ဆုံး သူလှည့်ထွက်သွားပါလေတော့၏။ မစားလောက်မသောက်လောက် ကျွန်မ ခန္ဓာကိုယ် ကလေး ကို စိတ်မ၀င်စားသည့်အလား။
ဘုရားသခင် ကျွန်မကို စောင့်ရှောက်ခြင်းပဲ၊ ဘုရားသခင် ကျွန်မအား အသက်ရှင်စေခြင်းတွင် ရည်ရွယ် ချက် တစ်မျိုးမျိုး ရှိမည်ထင်ပါသည်။ ဘယ်လို ရည်ရွယ်ချက်မျိုးပါလိမ့်။ ကျွန်မ ကြိုးစားပြီး ထရပ်လိုက်ပါ သည်။
' အို အဘဘုရားသခင်၊ တပည့်တော်မကို ညွှန်ပြတော်မူပါ '
-------------------------
အခန်း (၂) ဆက်ရန်
Reader's Digest October 1999
.
6 comments:
ဘာသာပြန်ရဲ့ မူရင်းစာအုပ်အမည်နဲ့ စာရေးဆရာ နာမည်လေး ဖော်ပြပေးနိုင်ရင်တော့ အတိုင်းအထက်အလွန်ပါပဲ မရွှေစင်ဦး ခင်ဗျား...။
ဆရာမရေ... စိတ်ဝင်စားစွာနဲ့ ဒီဘာသာပြန်လေးကိုလည်း ဖတ်သွားပါတယ်.. နောက်အပိုင်းတွေကိုလည်း ဆက်လက် ဖတ်သွားပါအုံးမယ် ခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ကိုသက်ဦး
ဒီဆောင်းပါးက ဝါးရစ် ကိုယ်တိုင် ရေး ဆောင်းပါးပါ
အောက်ဆုံးမှာ ပါတဲ့ reader's digest ရဲ့ ခုနှစ်နဲ့ လ ပါပါတယ်
ကျေးဇူးပါ
ရွှေစင်ဦး
Thank you very much. Very interesting.
Ray
အင်း....
မိုင် ထောင် ချီ ခရီး ကို တာ တွက် ရတော့  မဲ့ 
ယုန် ကလေး တစ်ကောင် လို နားရွက်ကလေး
တလှုပ်လှုပ် နဲ့  မျက်စေ့  သူငယ် နားသူငယ်
ဖြစ်နေ သလိုပါပဲဗျာ..။
ဘာသာ ပြန် စာပေ ဆိုတာလဲ အမတန် တာဝန်ကြီးပါတယ်။
မူရင်း မပျောက်သွားအောင်ရယ်၊ ရသ မြောက်အောင်ရယ်
ချောမွေ့  အောင်ပြန်ရ တာ ဆိုတော့ ...
ခင်တဲ့ 
စာရေးသူ ၀ါးရစ် Waris Dirie အကြောင်းကို ၀ီကီမှာ ဖတ်လို့ရတယ်။ သူ့အကြောင်းက စိတ်ဝင်စားစရာပဲ။ ကျေးဇူးပါ မရွှေစင်ဦး..။
Post a Comment