မောင်မောင်မျိုးသည် သူ့ကိုယ်သူ စာမေးပွဲအောင်မည်ကို ဖြေဆိုခဲ့သည့် အခြေအနေပေါ် မူတည်ပြီး စိတ်ချယုံကြည်စွာဖြင့် အစ်ကိုရှိရာ ပြန်လာခဲ့သည်။ အစ်ကိုဖြစ်သော ကိုအောင်စိုးမှာ အလုပ်တာဝန် တစ်ဖက် ဖြစ်နေ၍ မောင်မောင်မျိုး ကျောင်းပိတ်ပြန်လာသောအခါ လာမကြိုနိုင်ဘဲ ဖြစ်သည်က များသည်။ ထို့ကြောင့် ကြိုသူမရှိဘဲ အိမ်ရောက်သွားသော မောင်မောင်မျိုးအဖို့ အဆန်းမဟုတ်ချေ။ သို့သော် အိမ်ပေါ်ရောက်၍ အိမ်ထဲဝင်မိသော မောင်မောင်မျိုးအဖို့ အဆန်းဖြစ်သွားရပြန်သည်။
ယခင်က တစ်ကိုယ်ရေတစ်ကာယ လွတ်လပ်သော လူပျိုဖြစ်၍ တပည့်တစ်ယောက်နှင့် ဖြစ်သလို နေသော သူ့အစ်ကို ကိုအောင်စိုး၏ အိမ်သည် မိန်းမနှင့်တူသော အရာဆိုလျှင် ပြက္ခဒိန်မျက်နှာဖုံး သာ ရှိသည်။ အိမ်ရှေ့ဧည့်ခန်းမှာ စားပွဲကုလားထိုင်တစ်စုံရှိပြီး ကြမ်းပြင်မှာ တံမြက်စည်းလှည်းရုံ လှည်ထားသဖြင့် အမှိုက်စင်ရုံမျှသာရှိပြီး ဖုန်မှုန်က မပြတ်ချေ။ ယခုမူ ဧည့်ခန်းသည် သပ်ရပ် သန့်ရှင်းပြီး ကြမ်းပြင်မှာ ပြောင်လက်နေသည်။ နောက်ဖေးဆောင်ဆီမှ သူ့အစ်ကို ကိုအောင်စိုး အသံနှင့် ချိုလွင်သာယာစွာ ရယ်မောလိုက်သော မိန်းမအသံကိုပါ တွဲပြီး ကြားရသည်။ အလုပ် တာဝန် မအားလပ်၍ ညီငယ်ကို ဘူတာရုံ လာမကြိုနိုင်ဟု ထငခဲ့သော သူ့အစ်ကိုသ်ည ယခု အိမ်ထဲမှာ မိန်းမတစ်ယောက်နှင့် အတူရှိနေသည်ကို သိရသော မောင်မောင်မျိုးသည် အသံမပြု သေးဘဲ တိတ်ဆိတ်စွာ နားစွင့်နေလိုက်၏။
"အိုကွယ် ... မောင်ကလဲ"
"မောင် ဘာလုပ်လို့လဲ မိရဲ အဟိ ဟိ ... "
"ကြည့်ပါလား ဒီမှာ ဖိတ်ကုန်ပြီ၊ မောင်နော် ဟင် ... "
ဘာတွေလုပ်ပြီး ဘာတွေဖိတ်ကုန်သည်ကိုကား မောင်မောင်စိုး မသိတတ်နိုင်၊ မမြင်စွမ်းနိုင်သော် ငြားလည်း ချိုလွင်သာယာ ကြည်နူးစွာသော ရယ်မောသံတွေနှင့် ညုသံ၊ တာသံ ခရာသံ မာန်ထသံ တွေကိုကား ကြားနေရသည်။ မိန်းမ၏ အသံမှာ ဆွဲဆောင်မှုရှိလှသည့် လေယူလေသိမ်းနှင့် ယောက်ျားတွေ ကျနိုင်သည့်အသံဖြစ်ကြောင်းကို မောင်မောင်မျိုးက အကဲခတ်မိသည်။ သူ့အစ်ကို ကိုအောင်စိုးသည် လွတ်လပ်သော လူပျိုတစ်ယောက် ဖြစ်သည့်အလျောက် ဇနီးမယား တည်တည် တံ့တံ့ ယူမည်ဆိုလျှင် တိုင်ပင်အသိပေးစရာလူ ဟူ၍ ညီအရင်းအချာ မောင်မောင်မျိုးတစ်ယောက် သာ ရှိပါလျက်၊ အသိမပေး အကြောင်းမကြားဘဲ ယခုလို အိမ်ပေါ်မှာ မိန်းမတစ်ယောက် ရောက်နေ ခြင်းသည် တည်တည်ငြိမ်ငြိမ်၊ ဣနြေ္ဒသိက္ခာရှိသော မိကောင်းဖခင်သမီးမှ ဟုတ်ပါလေရဲ့လား၊ ကြေးစားအပျော် မိန်းမမျိုးပင် ဖြစ်လေသလား၊ အပျော်အပျက် ကြေးတန်းစား မိန်းမမျိုးဖြစ်နေလျှင် မောင်မောင်မျိုးသည် အစ်ကိုဖြစ်သူအား တားဆီး ကန့်ကွက်ရပေမည်။ ထို့ကြောင့် ... မောင်မောင်မျိုးက အသံပေးလိုက်သည်။
"ကိုကို ကျွန်တော် ပြန်ရောက်လာပြီ ကိုကိုရေ့"
မောင်မောင်မျုး အသံ ထွက်လာသောအခါ နောက်ဖေးဆောင်ဆီမှ တီတီတာတာ ခရာသံ၊ ညုသံ၊ မာန်ဖီသံတွေ ပျောက်သွားပြီး ...
"ဟယ် ညီလေး ပြန်လာပြီလားဟေ့"
ဟူသော ၀မ်းသာအားရ ပြောလိုက်သော အသံနှင့်အတူ ကိုအောင်စိုးက အပြေးအလွှား ထွက်လာ သည်ကို တွေ့ရသည်။ မောင်မောင်မျိုးက အစ်ကိုဖြစ်သူ၏ မျက်နှာကို အကဲခတ် စူးစိုက်ကြည့် လိုက်၏။
မကောင်းသော မိန်းမပျက်ကို အိမ်ပေါ်ခေါ်တင်ပြီး မူမမှန်သော အမှုကို ပြုနေလျှင် ကိုအောင်စိုး သည် ညီငယ်ရှေ့မှာ စိတ်မလုံဘဲ အမူအရာ ပျက်ရမည်ဟု မောင်မောင်မျိုးက ယူဆ၏။ ယခုမူ မောင်မောင်မျိုး ထင်သည့်အတိုင်း မဟုတ်ချေ။ ကိုအောင်စိုး အမူအရာက လုံးဝမပျက်၊ ညီငယ် ပြန်ရောက်လာ၍ ၀မ်းသာရွှန်လန်းစွာ ကြိုဆိုသော အမူအရာသာ ရှိသည်။
"ကျွန်တော် ရောက်နေတာ ငါးမိနစ်ကျော်ပြီ၊ နောက်ဖေးဆောင်က စကားပြောသံတွေကြား လို့ ဧည့်သည်များ ရောက်နေသလား ကိုကို ... "
အစ်ကို၏ မျက်နှာကို စူးစိုက်ကြည့်ရင်း မောင်မောင်မျိုးက မေးသည်။ ကိုအောင်စိုးက နှစ်ခြိုက် ကြည်နူးစွာ ရယ်ပြီး ဖြေ၏။
"ဟား ... ဟား ... ဟား ... ဟား ... ကိုကိုတို့ကို လူမိသွားပြီကိုး၊ အေးကွဲ့ ကိုကို့ဧည့်သည် ရောက်နေတယ်၊ ဧည့်သည်က ခဏတဖြုတ်လာလည်တဲ့ ဧည့်သည်မျိုး မဟုတ်ဘူး၊ ကိုကိုနဲ့ တစ်သက်လုံး မခွဲမခွာ အတူနေမယ့် ဧည့်သည် ညီလေးရ ... "
"ရှင်းရှင်းပြောစမ်းပါ ကိုကိုရာ၊ ကိုကို မိန်းမယူထားပြီလား"
မောင်မောင်မျိုးက တိုက်ရိုက်ပင် မေးသည်။
"အေးကွ ... ကိုကို မိန်းမ ရနေပြီ"
"ကျွန်တော်လဲ ဘာမှ မသိရပါလား၊ ဘယ်က မိန်းမလဲ ကိုကို ... ထိုက်ထိုက်တန်တန်မှ ဟုတ်ရဲ့လား"
ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေလာခဲ့သော ညီအစ်ကိုချင်းဖြစ်၍ မောင်မောင်မျိုးက သူ လုံးဝ မသိရဘဲ အစ်ကို မိန်းမရနေသည်ကို စိတ်ထဲမှာ မကြည်မလင် ဖြစ်မိသည်။ သို့သော် နောက်ဖေး ဆောင်ဆီမှ သူ မမြင်ဘူးသေးသော မရီးတော် ကြားမည်စိုး၍ လေသံအုပ်အုပ်ဖြင့် မေး၏။ မောင်မောင်မျိုးက လေသံအုပ်သော်လည်း ကိုအောင်စိုးက မအုပ်ဘဲ ပြောမြဲတိုင်းအသံဖြင့်ပင် ပြန် ပြောသည်။
"ဒါတွေမပြောခင် ညီလေးရဲ့ မရီးတော်ကို မြင်ဖူးတယ်ရှိအောင် ကြည့်ပါဦးလေ၊ မြင်မှ သေသေ ချာချာ ကြည့်ပြီး ညီလေး သိလိုသမျှကို ကိုကို့ကိုမေး ဟုတ်လား"
ကိုအောင်စိုးက ပြောပြီး လေသံတစ်ဆက်တည်းနှင့်ပင် ...
"မိရေ ... မိမိလေး ဟောဒီမှာ မောင့်ညီလေး ရောက်နေပြီ၊ မတ်တော်မောင်ကို ထွက်နှုတ်ဆက်ဦး မိရေ ... "
ဟု ကြည်နူးစွာ လှမ်းခေါ်လိုက်သည်။
"လာပါပြီ မောင် ... "
ချိုလွင်သာယာသောအသံ၏ တုံ့ပြန်ချက်ကို ကြားရပြီး၊ သိမ်မွေ့ညင်သာသော ဟန်မူရာဖြင့် ကိုအောင်စိုး၏မိန်းမ မိ ဆိုသူက ထွက်လာသည်။ မောင်မောင်မျိုးသည် သူ့ကို အသိမပေး မတိုင်ပင် နိုင်အောင်ပင် အဆောတလျင် ယူထားသော အစ်ကို့ဇနီး မရီးတော်ကို ကြည့်လိုက်၏။ မိမိလေးဆို သော မရီးတော်ကို မြင်လိုက်သည်ဆိုလျှင်ပင် မောင်မောင်မျိုးသည် သူ့အစ်ကိုအပေါ် မကျေနပ် သလိုလို၊ မကြည်မလင်လိုလို ဖြစ်နေသော စိတ်သည် တစ်စွန်းတစ်စ မကျန်ရအောင် လွင့်စင် ပျောက်ကွယ်သွားသည်။
မိမိလေးဆိုသူ မိန်းမ၏ ချောမောလှပ၍ ချစ်စရာကောင်းခြင်း၊ စွဲမက်ဖွယ်ကောင်းခြင်း၊ ဆွဲဆောင် သော အမူအရာရှိခြင်းတို့ကို မြင်ရလျှင်ပင် ဤလို ရုပ်ဆင်းရူပာရှိသော မိန်းမမျိုးကို သူ့အစ်ကို ကိုအောင်စိုး လက်ထပ်လိုက်ခြင်းအတွက် မအံ့သြတော့ချေ။ သို့သော် မရီးတော် မိမိလေး၏ မျိုးရိုး ဇာတိကိုကား သိလိုသေးသည်။ ခရီးရောက်မဆိုက် ညီအစ်ကိုချင်း တီးတိုး တီးတိုး သဖန်းပိုးလုပ် နေပါလျှင် မရီးတော်စိတ်မှာ မပြေမချော အဖုအထစ် ဖြစ်သွားပါက အစ်ကို၏ အိမ်ထောင်ရေးမှာ လည်းကောင်း၊ ညီအစ်ကိုချင်း ဆက်ဆံရေးမှာ လည်းကောင်း၊ အဆင်မပြေ ဖြစ်ကောင်း ဖြစ်လာနိုင် မည်ဟု မောင်မောင်မျိုးက အရှည်မျှော်တွေးကာ အေးအေးဆေးဆေးမှပင် မေးတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်ရသည်။
"မိရေ ... ဒါ မောင်ပြောတဲ့ ညီလေး မောင်မောင်မျိုးလေ"
ကိုအောင်စိုး မိတ်ဆက်ပေးသောအခါ မိမိလေးက ကြာမူပါလှသော ညှို့မျက်လုံးဖြင့် မောင်မောင်မျိုးကို ရွှန်းရွှန်းလဲ့လဲ့ကြည့်ကာ စွဲမက်ဖွယ်အပြုံးဖြင့် ချစ်စရာကောင်းလှစွာ ပြုံးလိုက် သည်။
"သြော် ... မောင့်ညီလေး မျိုးလား၊ မိမိကလေ မောင်ပြောနေသံ ကြားရချိန်ကစပြီး မျိုးကို မမြင်ဘူး ခင်ကပဲ မောင်လေးအရင်းလို ချစ်ခဲ့ရပါတယ် မျိုးရယ်၊ မျိုး အစ်ကိုရင်းကို ချစ်သလို မိမိကိုလဲ အစ်မ အရင်းလိုပဲ ချစ်ပါနော် မျိုး"
ချိုလွင်သာယာ နှစ်သိမ့်ဖွယ်ကောင်းစွာ ပြောလိုက်သော မိမိလေးအသံက မောင်မောင်မျိုးနားထဲမှာ ချိုချိုအေးအေးလေး ၀င်သွားသည်။
"ဟုတ်ကဲ့ မမိ၊ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ထဲ နေရတဲ့ ပျင်းခြောက်ခြောက် ဘ၀ထဲမှာ မမမိ ရောက်လာတော့ ပျော်ရွှင်ကြည်နူးစရာ ဖြစ်သွားတာပေါ့ခင်ဗျာ၊ ကိုကို့အတွက်လဲ ကျွန်တော် စိတ်အေးသွားရပါပြီ"
မောင်မောင်မျိုးက ဤစကားကို အမှန်အတိုင်း ပြောခြင်း ဖြစ်သည်။ မောင်မောင်မျိုး ကိုယ်တိုင်က အလှကြိုက်သူ ဖြစ်သည့်အလျောက် သူကိုယ်တိုင် ချောမောလှပသော မိန်းမကိုမှ နှစ်သက်သလို၊ သူ့အစ်ကို ယူမည့် မိန်းမကိုလည်း ချောမောလှပသော မိန်းမ ဖြစ်စေချင်သည်။ ယခု သူ ဆန္ဒရှိခဲ့ သည့်အတိုင်း သူ့မရီးတော်က သူ ရွေးချယ်ထားသည့် မေမေခင်ထက်ပင် သာလွန်လှပသည့် အတွက် သူ့စိတ်ထဲမှာ ကျေနပ်သွားသည်။ မိမိလေးကို အကဲခတ်ရခြင်းဖြင့် မျိုးရိုးဇာတိ အခြေ အနေကလည်း အောက်တန်းကျသည့် အတန်းအစားက မဟုတ်နိုင်ဟု ယူဆလိုက်မိသည်။
မောင်မောင်မျုး၏ စိတ်အေးရပြီ ဟူသော စကားကြောင့် ကိုအောင်စိုးက သဘောကျစွာ ရယ်သည်။
"ကဲပါ မိရယ်၊ မိနဲ့ မောင် ဘယ်လိုစတွေ့တယ်၊ မိတို့ ဘ၀အကြောင်းကံက ဘယ်လိုဖြစ်လာခဲ့တယ် ဆိုတာ ညီလေးကို ပြောပြလိုက်စမ်းပါဦး"
ကိုအောင်စိုး၏ တိုက်တွန်းချက်အရ မိမိလေးက ပြောပြသည်။ မိမိလေးမှာ ချမ်းသာသောမိဘက မွေးလာခဲ့သော်လည်း မိမိလေး ငယ်စဉ်ကပင် မိဘများမှာ စီးပွားပျက် သေဆုံးကုန်ကြ၍ ဆွေမျိုး င်းချာတစ်ယောက်အိမ်မှာ နေခဲ့ရကြောင်း၊ မြန်မာစာ ကိုးတန်းမျှလောက်သာ သင်ကြားခဲ့ရကြောင်း၊ မိမိလေး နေထိုင်ရာ တောမြို့ကလေးသို့ အစိုးရတာဝန်တစ်ခုဖြင့် ကိုအောင်စိုး ရောက်သွားခိုက် ကိုအောင်စိုး တည်းခိုသော ဗိုလ်တဲနှင့် နီးကပ်စွာသော အိမ်မှာ မိမိလေးကို မြင်တွေ့ရသော အစိမ်း အရိုင်းသက်သက် လူပျိုကြီး ကိုအောင်စိုးသည် တားဆီးမရအောင် ချစ်ခင်စုံမက်သောစိတ်ဖြင့် လက်ထပ်ခေါ်ယူလာခဲ့ကြောင်းကို ဘာမှ မထူးခြားသော သာမန် အဖြစ်အပျက်သာလျှင် ဖြစ်သည်။ သို့သော် မိမိလေးက ...
"မိမိအသက်က အခုမှ နှစ်ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ် မျိုးရယ်၊ အရွယ်လေးနဲ့မမျှအောင် ကြုံရတဲ့ ဒုက္ခက မျိုးအစ်ကို ကျေးဇူးကြောင့် အခုလို အခြေအနေ ရောက်လာရတော့ မိမိ စိတ်ထဲမှာလေ မောင့်ကို ချစ်တာရော၊ အားကိုးတာရော၊ ကျေးဇူးတတင်တာရော၊ အိုလေ ... မိမိ ရင်ထဲမှာ ရှိသမျှ ခံစားရသမျှ စုံအောင် မပြောတတ်တော့၊ ရင်ကို ဖွင့်ပြလို့ရရင် ဖွင့်ပြလိုက်ချင်ပါတယ် မျိုးရယ်"
ဟူသော စကားဖြင့် သနားစဖွယ် ပြောလိုက်သောအခါ မောင်မောင်မျိုးသည် မရီးတော်အပေါ်မှာ အတိုင်းမသိသော ကြင်နာခြင်း ဖြစ်ရသည်။
ငါတို့ အပြေးအလွှားရေတွက်မှ ဒီညအစ်ကိုနှစ်ယောက်ထဲ ရှိတာ၊ ငါ့မှာ ဆွေမျိုးရင်းချာရယ်လို့ အားကိုးစရာ ဒီအစ်ကိုပဲရှိတော့ အစ်ကို့မယားကို ငါ့မရီးလို၊ ငါ့အစ်မအရင်းလို ချစ်ခင်ကြင်နာရမှာ ငါ့ဝတ္တရားပဲ ဟူသောစိတ်က နှလုံးသားတွင် စွဲမြဲခိုင်မာစွာ တွယ်သွားသည်။
မှန်းချက်နှင့် နှမ်းထွက်မကွာ ဆိုသည့်အတိုင်း မောင်မောင်မျိုးသည် သူ ကြိုတင် စိတ်ချထားသည့် အတိုင်း စာမေးပွဲက အောင်သွားသည်။ စာမေးပွဲအောင်သည်နှင့် တစ်ပြိုင်နက်၊ အစိုးရဌာန တစ်ခုမှ အရာရှိတစ်နေရာ လစ်လပ်သည့်သတင်းကြောင့် ထိုအလုပ်ကို ရရန် ဖိဖိစီးစီး ကြိုးစားသည်။ ကြိုးစားသည့်အတိုင်းပင် အလုပ်က ချောချောမောမော ရလိုက်သည်။
မောင်မောင်မျိုးအနေဖြင့် ဘွဲ့နှင်းသဘင်ကိုပင် သွားမတတ်တော့ချေ။ အဝေးရောက် အဖြစ်ဖြင့်သာ ဘွဲ့ယူကာ၊ အလုပ်နေရာကျရန်သာ ကြိုးစားခဲ့သည်။ အလုပ်အကိုင် လက်ရှိဖြင့် တင့်တယ်သော အခြေအနေ အဆင့်အတန်းမှာ မေမေခင်ကို သူ သွားတွေ့မည်။ မေမေခင့် မေတ္တာကို ရမည် မရမည် အတိအကျ သိရအောင် ကြိုးစားရပေမည်။
မောင်မောင်မျိုး အလုပ်လက်ခံ ရရှိလိုက်သောအခါ တိုက်ဆိုင်သောအကြောင်းက ဖြစ်လာသည်။ မောင်မောင်မျိုးကလည်း သူ တာဝန်ယူရာမြို့သို့ အစ်ကိုနှင့် မရီးကို ခွဲပြီး သွားရပေမည်။ ထိုအချိန် မှာပင် ကိုအောင်စိုးကလည်း ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသော မြို့မှ အခြားတစ်မြို့သို့ ရွှေ့ပြောင်းအမှုထမ်းရန် အမိန့်ထွက်လာသည်။ ညီအစ်ကိုနှစ်ယောက် ရေကြည်ရာ မြက်နုရာဒေသ သို့ တစ်ယောက်တစ်လမ်း ခွဲခွာသွားကြရတော့မည်ဖြစ်ရာ မောင်မောင်မျိုးသည် အစ်ကိုထံတွင် စိတ်ချယုံကြည်စွာ အပ်နှံထားသည့် အမွေပစ္စည်းများကို စဉ်းစားမိလာသည်။ ထို့ကြောင့် အစ်ကိုနှင့် မရီး မျက်နှာစုံညီရှေ့မှာပင် မောင်မောင်မျိုးက မေးကြည့်သည်။
"ကျွန်တော်ကလဲ ရည်ရွယ်ထားတဲ့ မိန်းမ ရှိနေပြီ ကိုကို၊ ကျွန်တော့် ဘ၀ကို ကျွန်တော် လွတ်လွတ် ကျွတ်ကျွတ် ထူထောင်ချင်ပြီ၊ ဒါကြောင့် ကိုကို့ဆီမှာ အပ်ထားခဲ့တဲ့ ကျွန်တော့်ပစ္စည်းထဲ ကပညာသင်စရိတ်နှုတ်ပြီး ကျန်တာကို ပြန်လိုချင်ပြီ ကိုကို"
ညီ၏ စကားကြောင့် ကိုအောင်စိုးက ချစ်ဇနီး မိမိလေး မျက်နှာကို လှမ်းကြည့်ပြီး ပြန်ပြောသည်။
"အေးကွဲ့ မိမိ ကို လက်ထပ်လိုက်တာ ဒီပစ္စည်းကိစ္စလဲ ပါတယ်၊ ကိုကိုက တာဝန်အရ သွားလာနေရ တော့ နောက်ပိုင်းက စောင့်ရှောက် ထိန်းသိမ်းမယ့်လူ လိုလာတယ် ဟုတ်လား ...၊ ဒါကြောင့် မိမိကို လက်ထပ်ပြီ ညီလေး ပစ္စည်းတွေကိုပါ ထိန်းသိမ်းထားဖို့ မိမိလက် အပ်ထားတယ်၊ အခုဆိုရင် ကိုကိုနဲ့ မိမိ လက်ထပ်တာ တစ်နှစ်နီးပါး ရှိနေပြီ၊ ညီလေးကလဲအတန်းတင် စာမေးပွဲကြီး ပြီးမှချည်း တစ်ခါထဲပြန်လာတတ်တော့ မိမိသိမ်းလာခဲ့ရရာ ကြာပြီပဲ၊ ကဲ မိမိပဲ ရှင်းပြလိုက်ပါ"
ကိုအောင်စိုး က ချစ်ဇနီး မိမိလေးကို အာဏာကုန် လွှဲအပ်လိုက်သည်။
မိမိလေးက ရှင်းပြ၏။ ထိုရှင်းပြသော စာရင်းတွင် မောင်မောင်မျိုး အမွေခံယူရထားသော အတွင်း ပစ္စည်းတွေအကြောင်းကို အဓိကထားပြီး ရှင်းသည်။ သူတို့ညီအစ်ကို အမွေခွဲဝေစဉ်က ငွေသားနှင့် အိမ်ကို ကိုအောင်စိုးက ယူပြီး၊ အတွင်းပစ္စည်း လက်ဝတ်ရတနာတွေကို မောင်မောင်စိုး အမွေဆက် ခံသော အိမ်နှင့် ငွေသားတွေထက် တန်ဖိုးများသည်။ သို့သော် ညီငယ်အပေါ်မှာ ချစ်ခင်ကြင်နာ ငဲ့ညှာသောအားဖြင့် ကိုအောင်စိုးကိုယ်တိုင်ကပင် ...
"ညီလေးပဲ ပိုယူပါကွာ၊ ကိုကို့အနေနဲ့က ပညာရော ရာထူးရော စုံလင်ပြီးမှပဲ၊ ညီလေး စိတ်ညှိုးငယ်မှာသာ ကိုကို စိုးရိမ်ပါတယ်၊ ဘာမှ အားနာမနေနဲ့၊ ကိုကို ကိုယ်တိုင်က ကျေနပ်လို့ လျှော့ယူတာ ... "
ဟု ကြင်နာစွာပြောကာ သူ့သဘောကျ ခွဲဝေပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် မောင်မောင်မျိုးက အစ်ကိုဖြစ်သူကို အားကိုးခြင်း၊ စိတ်ချ ယုံကြည်ခြင်းဖြင့် ပစ္စည်းတွေကို အကုန်အစင် အပ်နှံထားခဲ့ ပြီး ကျောင်းသို့ ပြန်သွားခဲ့သည်။
ဆက်ရန်
.
No comments:
Post a Comment