"မင်းအဖေကို ခေါ်ခိုင်းနေတယ်ဆိုတော့ သူ့မိန်းမက ဘာမှ မလုပ်လို့လား''
မေမေခင်က မေးသည်။
"ဘာလုပ်မလဲဗျ၊ သူ့မိန်းမက ဖဲဝိုင်းရှိရာလိုက်ပြီး ဖဲပဲရိုက်နေတာ၊ တစ်ခါတလေများ တစ်ညလုံး အိမ်ပြန်မအိပ်ဘဲ ဖဲရိုက်တယ်လို့ အဖေပြောတယ်"
သူငယ်လေးစကား ကြားရသော မေမေခင်က သက်ပြင်းချမိ၏။
"တကယ့် မိန်းမကောင်းပါလား၊ သူ့မိန်းမအတွက် စိတ်မကြည်လင်လို့ ငါ့ကို စကားမပြော နှုတ်မဆက်တာ ထင်တယ်" ဟု မေမေခငက် ချိုသည်၊ ခါးသည် မသိရသေးသော ခဲအိုကို ခွင့်လွှတ်သော အတွေးဖြင့် တွေးသည်။ သူငယ်လေးက ဆက်ပြော၏။
"အဖေက ပြောတယ်၊ တစ်ခါတုန်းက အဖေ အိမ်အောက်မှာ ရှိနေတာ မသိကြဘဲ သူတို့ ပြောနေသံ ကြားလာခဲ့တယ်တဲ့ ... ဖဲရှုံးလို့ ပစ္စည်းတွေ ပေါင်ထားတာ ပြန်မရွေးနိုင်တော့ ဘူး၊ အပြီးရောင်းပစ်မယ်၊ မောင်တစ်ခွန်းမှ ၀င်မပြောနဲ့၊ မောင့်ညီတော်မောင် ပစ္စည်းတွေ ပြန်တောင်းရင် မိဘာသာ ကြည့်လုပ်မယ်၊ မောင် ပါးစပ်မဟနဲ့နော် ... လို့ ပြောတော့ သူ့ လင်က စကားတစ်ခွန်းမှ မထွက်ဝံ့ဘဲ တိတ်နေရတယ်တဲ့ အဒေါ်ရဲ့"
မောင့်ညီတော်မောင် ပစ္စည်းတွေ ပြန်တောင်းရင် မိဘာသာ ကြည့်လုပ်မယ် ဆိုသော စကားအရ မောင်မောင်မျိုး အပ်နှံထားခဲ့သော ပစ္စည်းများကား ဖဲရှုံး၍ ကုန်ပြီ၊ ပြန်ရရန် လမ်းမရှိတော့ဟု မေမေခင်က နားလည် လိုက်လေပြီ၊ မေမေခင်ကို ချစ်မြတ်နိုးသော အားဖြင့် မောင်မောင်မျိုးက သူ အမွေရထားသော ပစ္စည်းတွေနှင့် ပတ်သက်ပြီး စုံလင်စွာ ဖွင့်ဟပြောခဲ့ဖူးသည်။ ပညာသင်စရိတ်အတွက် မည်သည့်ပစ္စည်းကိုရောင်းရာ မည်မျှသာရ ကြောင်း မရီးတော် စကားအတိုင်း မောင်မောင်မျိုး ပြန်ပြော သည်ကို ကြားခဲ့ရသော မေမေခင်သည် ထိုစဉ်အခါကပင် မောင်မောင်မျိုး ပစ္စည်းတွေကို ကိုအောင်စိုး နှင့် မိမိလေး တို့ ကလိမ်ကျ ယူနေကြကြောင်း စဉ်းစားမိ သဘောပေါက်မိသော်လည်း မောင်မောင်မျိုး ဘက်က အမွေရထားသော ပစ္စည်းကို မောင်မောင်မျိုးက သူ့အစ်ကိုရင်း မရီးရင်းထံမှာ စိတ်ချယုံကြည်စွာ အပ်နှံ ထားခဲ့သည့် ကိစ္စဖြစ်၍ မေမေခင်သည် ဘာမှ ပြောဆို ဝေဖန်ခြင်း မပြုခဲ့ချေ။
ယခု သူတို့လာခဲ့ကြသည်မှာ ဝေးကွာသော ဒေသသို့ ပြောင်းရွှေ့ကြမည့် အစ်ကိုနှင့် မရီးကို တွေ့မြင်လို၍ တစ်ကြောင်း၊ မောင်မောင်မျိုးအနေဖြင့် အပ်နှံထားခဲ့သော ပစ္စည်းများ ပြန် တောင်းယူရန်တစ်ကြောင်း ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခု သူငယ်လေး စကား အရဆိုသော် ... မောင်မောင်မျိုး ပစ္စည်းများကာ မျှော်လင့်ချက် မရှိတော့ပြီ။
"မုန့်ဝရဲ့လား ကလေး ... စားဦးမလား"
မေမေခင်က မေးသောအခါ သူငယ်လေးက ဖြေ၏။
"ကျွန်တော်ကတော့ ၀ပြီ၊ ကျွန်တော့်ညီလေးဖို့ နည်းနည်းဝယ်ပေးပါ"
"အေး ... အေး ... ၀ယ်ပေးမယ်"
မေမေခင် ပြောပြီး မုန့်မှာနေစဉ်မှာ ကျေးဇူးတင်လွန်းနေသော သူငယ်လေးက ဆက်ပြော ၏။
"အခု သူ့မိန်းမ အိမ်မှာ မရှိဘူး၊ နေ့တိုင်း မရှိဘူး၊ ဒီအချိန်ဆို ဖဲရိုက်နေပြီဗျ" မေမေခင် က ဘာမှ ထပ်မမေးတော့ပေ မုန့်ထုပ်ကို သူငယ်လေး လက်ထဲထည့်ပြီး သူတို့ညွှန်ကြားသည့်ဟိုတယ်သို့ လာခဲ့သည်၊ ဟိုတယ်ထဲသို့ မေမေခင်က မဝင်ဘဲ လမ်းဘေး သစ်ပင်ရိပ်မှာ ရပ်ပြီး သူငယ်လေး လက်ထဲသို့ ပိုက်ဆံထည့်ပေးလိုက်သည်။
ကလေးရယ်… မင်းဝယ်တတ်တယ် ဟုတ်လား။ သွားဝယ်ချေ အဒေါ်ဒီက စောင့်နေမယ် နော် ဟုပြောသော် သူငယ်လေးက လိုလားကြည်ဖြူစွာဖြင့် ဝယ်တတ်တယ် ဘာတွေ ဝယ်မယ် ဆိုတာသာပြော ဟု ဆိုသဖြင့် မေမေခင် အဖို့ ဟိုတယ်ထဲ မဝင်ချင်သည်နှင့် အဆင်သင့်သွားသည်၊ ထို့ောကာင့် လိုချင်သော အစားအသောက်ကို မှာကြားကာ သူငယ်လေး ကို လွှတ်လိုက်ပြီး သစ်ပင်ရင်းမှာ ခပ်ကုပ်ကုပ်ထိုင်ချလိုက်သည့် အခိုက်၊ ခပ်လှမ်းလှမ်းမှ ရုပ်ရည်ချောမောလှပသော မိန်းမ တယောက်နှင့် လူတယောက်ကို ထီးတစ်လက်ထဲမှာ ပူးကပ်စွာ ဆောင်းလာကြသည်ကို တွေ့ရ၍ အမှတ် မထင်ကြည့်နေမိသည်၊ ထို မိန်းမချောနှင့် ထိုယောက်ကျား သည် သစ်ပင်ရင်းမှာ ခပ်ကုပ်ကုပ် ထိုင်နေသော မေမေခင်ကို လုံးဝ ဂရုမစိုက်ကြည့်ရှု့ခြင်းမရှိ သွားကြသည်။ မေမေခင် အနားမှ ဖြတ်သွား ကြသည်။ ဖြတ်လျှောက်သွားစဉ်မှာ မိန်းမချော၏ ရယ်ရယ်မောမောပြောစကားကို မေမေခင် ကြားလိုက် ရသည်။
ဆက်ရန်
.

2 comments:
လက်စသတ်တော့ မိန်းမကြောက်လို့ကိုး..
မုန်းထှာ
အစထဲကထင်သားပဲ...
ပီးတော့ အခုမြင်လိုက်တဲ့ မိန်းမကလဲ သူ့ယောင်္ကျားရဲ့ မရီးနေမှာဆိုတာတောင်သိနေသေး
မြတ်နိုး
Post a Comment