သူ၏ အလုပ်တာဝန် ၀တ္တရားကြောင့် ကာနယ်ဘူခါရင်သည် ကေဂျီဘီနှင့် ဂျီအာရ်ယူစသော ဆိုဗီ ယက် ထောက်လှမ်းရေး အဖွဲ့အစည်းများမှ ထိပ်သီးအရာရှိကြီးများနှင့် သိကျွမ်း ရင်းနှီးသူ ဖြစ်ပေ သည်။
ဆိုဗီယက် ရုရှားတွင် ထိပ်သီးအရာရှိကြီးများ အပျင်းပြေ အမဲလိုက်ပစ်ရန် ၀က်ဝံနှင့် ကောက်ရိုင်း များပေါသော သီးသန့်တောများရှိရာသို့ ကာနယ်ဘူခါရင်သည် မကြာခဏ ထောက်လှမ်းရေး အရာရှိကြီး များ နှင့်အတူ တောလိုက် အမဲပစ်ရာသို့ လိုက်ပါရတတ်လေသည်။
ကောက်နှင့် ၀က်ဝံတို့သည်လည်း လူကို အန္တရာယ်ပေးနိုင်သော သတ္တ၀ါများဖြစ်ပေရာ ဘူခါရင် သည် ရံဖန်ရံခါ ထောက်လှမ်းရေး အရာရှိကြီးများ ထိတ်လန့်အောင် ခြောက်လှန့်သည့်အနေဖြင့် သားကောင် များရှိရာ နေရာသို့ရောက်၍ ပုန်းအောင်းနေခိုက် ဆိတ်ငြိမ်စွာ နေရမည့်အချိန်မျိုးတွင် သေနတ်ပစ်ဖောက် လေ့ရှိလေသည်။
သေနတ်သံကြောင့် တိရစ္ဆာန်များသည် ရန်သူ(လူ)ကို တရကြမ်းလိုက်ရှာသဖြင့် အရာရှိကြီးများ ထိတ်လန့်ချောက်ချားကြသည်ကိုကြည့်ပြီး ဘူခါရင်က သဘောကျလေ့ရှိပေသည်။
သူကိုယ်တိုင်ကလည်း ဘေးအန္တရာယ်နီးကပ်ခြင်းကို သာယာလေ့ရှိသည်။ ရင်တဖိုဖိုနှင့် အန္တရာယ် ရှောင်ရသည်ကို ပျော်စရာ ကောင်းသည်ဟု ထင်မိသည်။
ယခု သူ့အား ဇင်ဘာဘွေနိုင်ငံတွင် လျှို့ဝှက်သော တာဝန်တစ်ခု ပေးလိုက်ချိန်၌ ကာနယ်ဘူခါရင် သည် ယင်းတာဝန်မှာ မည်မျှအရေးကြီးကြေင်း ချင်းချင်း သဘောပေါက်မိလေသည်။ အန္တရာယ်များ လင့်ကစား အလွန်အရေးကြီးသဖြင့် ယင်းတာဝန်ပေးအပ်ခံရသည်ကို ဂုဏ်ယူမိလေသည်။
ဇင်ဘာဘွေနိုင်ငံသို့ ရုရှလူမျိုးတစ်ဦးအဖြစ် လာရောက်ရာတွင် မည်သူကမှ သူ့အပေါ် သံသယမရှိ အောင် ထိမိပြီး သဘာဝကျသော ဟန်ပြလုပ်ငန်းတစ်ခုပြရန် လိုအပ်လေရာ ဘူခါရင်က ယင်း ဟန်ပြအလုပ်ကို သူကိုယ်တိုင် သဘောကျဝါသနာပါသည့် အလုပ်လည်းဖြစ်အောင် စိတ်ကြိုက် ရွေးချယ်ခဲ့လေသည်။
မျက်နှာဖြူ အုပ်စိုးမှုလက်အောက်မှ လွတ်မြောက်ကာစ ဇင်ဘာဘွေသမ္မတနိုင်ငံတွင် တိုင်းရင်းသား ပြည်သူအများစုက ရုရှလူမျိုးများ (အထူးသဖြင့် ရာထူးကြီးကြီး ထိပ်သီးအရာရှိများ)ကို မယုံသင်္ကာ ဖြစ်တတ်ကြပေသည်။ သံသယရှိတတ်သည်။
ဤသည်မှာလည်း အကြောင်းရှိပေသည်။
ဇင်ဘာဘွေ (ယခင်က ရိုဒီရှား)နိုင်ငံတွင် တိုင်းရင်းသား လူမည်းများက မျက်နှာဖြူ အစိုးရအား တော်လှန်တိုက်ခိုက်ခဲ့သော တော်လှန်ရေး စစ်ပွဲကာလအတွင်းက ဆိုဗီယက်ရုရှားအနေဖြင့် ၀င် ရောက်စွက်ဖက် တပည့်မွေး အားပေးကူညီရာ၌ မှားယွင်းချက်တစ်ခု ရှိခဲ့သည်။
ယင်းကား ရုရှားက တပည့်မွေးကူညီရာ၌ အုပ်စုမှားပြီး အားပေးခဲ့မိခြင်းပင် ဖြစ်သည်။ ထိုအုပ်စုမှာ နိုကိုမိုဆိုသူ ခေါင်းဆောင်သော ဇီပရာ ပါတီဝင် ဖြစ်သည်။
နိုကိုမို ခေါင်းဆောင်သော အုပ်စုမှာ မာတာဘယ်လီ တိုင်းရင်းသားတို့၏ အုပ်စုပင် ဖြစ်သည်။ ရုရှ က ထိုအုပ်စုကို ထောက်ခံအားပေးသည်။ တရုတ်တို့က လက်ရှိဝန်ကြီးချုပ် မူဂါဘီ၏ အုပ်စု (ရှိုနာ တိုင်းရင်းသားများအုပ်စု)ကို ထေက်ခံအားပေးခဲ့သည်။
တော်လှန်ရေး စစ်ပွဲပြီး၍ ဇင်ဘာဘွေနိုင်ငံ လွတ်လပ်လာသောအခါ မူဂါဘီ၏ ရှိုနာလူမျိုးများ (လူဦး ရေ အချိုးအရ အများစုဖြစ်သည့်အုပ်စု)က အစိုးအာဏာရလာခဲ့လေရာ ထိုအစိုးရအနေဖြင့် ရုရှ ကိုလိုနီ နယ်ချဲ့သမားအသစ် (သို့မဟုတ်) ရန်သူဟု သဘောထားပြီး တရုတ်တို့ကိုသာ ဇင်ဘာ ဘွေ တော်လှန်ရေး၏ မိတ်ဆွေစစ်များဟု သတ်မှတ်ခဲ့လေသည်။
အထက်ပါ အခြေအနေကြောင့် ကာနယ် ဗိုလ်မှူးကြီး ဘူခါရင်သည် ဇင်ဘာဘွေနိုင်ငံသို့ ၀င်ရောက်ရာ တွင် ဖင်လန်နိုင်ငံသားတစ်ဦး ဟန်ဆောင်ကာ ဖင်လန်ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) ဖြင့် ၀င်ရောက် လာခဲ့ပေ သည်။
ကံအားလျော်စွာ သူသည် ဖင်လန်ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်နေခြင်း ကြောင့် အဆင်ပြေနေပေသည်။ ပတ်စ်ပို့တွင်လည်း သူ၏ နာမည်ရင်းမဟုတ်ဘဲ အခြား နာမည် တစ်ခု ရေးထည့်ထားလိုက်သည်။
ဇင်ဘာဘွေနိုင်ငံတွင်းသို့ ချောမောစွာ ၀င်ရောက်နိုင်ခဲ့ပြီးနောက် ဟာရာရေမြို့တော်မှ မကြာခင် နယ်အသီးသီးနှင့် ကျေးလက်ဒေသများသို့ လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်ရန်အတွက် သဘာ ၀ကျပြီး ယုတ္တိတန်မည့် အလုပ်တစ်ခု ဟန်ပြအဖြစ် ဖန်တီးရန် လိုအပ်လေသည်။
ဤအချက်ကား အထူးအရေးကြီးပေသည်။ သူနှင့် လျှို့ဝှက်စွာ ဆက်သွယ်ရမည့် ကွန်တက်ခေါ် အဆက်အသွယ် ပုဂ္ဂိုလ်နှင့် လူမသိအောင် တွေ့ဆုံနိုင်ရန် ကျေးလက်ဒေသသို့ သွားနိုင်မှ ဖြစ်ပေ မည်။
ဘူခါရင်သည် ရုရှလူမျိုးဖြစ်သော်လည်း ဖင်လန်ဘာသာအပြင် နိုင်ငံခြားဘာသာငါးမျိုး (အင်္ဂလိပ် စကားအပါအ၀င်) ကျွမ်းကျင်စွာ တတ်မြောက်ခြင်းကလည်း ယခု ဇင်ဘာဘွေနိုင်ငံသို့ လာရောက် ရသည့် တာဝန် အတွက် အထောက်အကူ ဖြစ်ပေသည်။
အာဖရိကတိုက်ရှိ သမ္မတနိုင်ငံ အတော်များများသည် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး အဖွဲ့ချုပ်စသော နိုင်ငံတကာ ဖွဲ့အစည်းအသီးသီး၏ တိုက်တွန်းချက်ဖြင့် တောရိုင်းတိရစ္ဆာန် (ကျား၊ ဆင်၊ ခြင်္သေ့ စသော) အကြီးများ သတ်ဖြတ်ခြင်းကို ဥပဒေဖြင့် ပိတ်ပင်တားမြစ်ထားသော်လည်း ဇင်ဘာဘွေနိုင်ငံတွင်မူ ကြေးစားမုဆိုးအချို့အား တရားဝင် အမဲပစ်လိုင်စင် ထုတ်ပေးနေဆဲ ဖြစ် ပေသည်။
သို့သော် တိရစ္ဆာန်များပစ်ခတ်ရန် နေရာကိုတော့ ကန့်သတ်ထားသဖြင့် သတ်မှတ်ထားသည့် တောများတွင်သာ ပစ်ခတ်ခွင့် ရှိလေသည်။
အမှန်တော့ ယင်းသို့ မုဆိုးလိုင်စင် ကန့်သတ်၍ ထုတ်ပေးခြင်းအကြောင်းမှာ တိရစ္ဆာန်ထွက်ပစ္စည်း (ဆင်စွယ်၊ ကြံ့ချို၊ ကျားသစ်ရေ စသည်)များ ပြည်ပသို့ ရောင်းချခြင်းအားဖြင့် နိုင်ငံခြားသုံးငွေ (ဒေါ်လာ)ရရှိခြင်းကြောင့်ပင် ဖြစ်သည်။
ဗိုလ်မှူးကြီး ဘူခါရင်သည် ဖင်လန်နိုင်ငံ၏ မြို့တော် ဟယ်လ်ဆင်ကီမှ သစ်ကုန်သည်ကြီးတစ်ဦး အဖြစ် ဟန်ဆောင်ပြီး ဇင်ဘာဘွေနိုင်ငံသို့ ခပ်တည်တည် ၀င်ခဲ့လေသည်။
သစ်ကုန်သည် ဟန်ဆောင်လာခဲ့ခြင်းအကြောင်းမှာ ငယ်စဉ်ကပင် ၀ါသနာပါခဲ့သော တောလိုက် အမဲပစ်ခြင်းကို ဇင်ဘာဘွေနိုင်ငံတွင် ပြန်လည်လေ့ကျင့်လို၍လည်း ဖြစ်သည်။
သစ်ကုန်သည်အနေဖြင့် ကျေးလက်ဒေသများ၊ သစ်တောများရှိရာသို့ သွားရောက်ရန် အကြောင်း ခိုင်လုံသဖြင့် ဟာရာရေမြို့တော် ပြင်ပသို့ ထွက်လျှင် ယုတ္တိရှိမည်။ သဘာဝကျမည်ဖြစ်သော ကြောင့် သူဝါသနာပါသော တောလိုက်အမဲပစ်ခြင်းကိုလည်း ပြုလုပ်နိုင်မည် ဖြစ်ပေသည်။
စင်စစ်အားဖြင့် တောလိုက်အမဲပစ်ခြင်းသည် အရင်းရှင်စနစ် ကျင့်သုံးနေသေးသော ဇင်ဘာဘွေ နိုင်ငံမှ အထက်တန်းလွှာ ကြေးရတတ်များအတွက် သီးသန့်ထားရှိခြင်းပင် ဖြစ်ပသေည်။
သို့သော်လည်း ဆိုဗီယက်နိုင်ငံသား ဗိုလ်မှူးကြီး ဘူခါရင်ကတော့ တောလိုက်အမဲပစ်ခြင်းကို နဂို က ၀ါသနာပါသည့်အလျောက် အလွန်နှစ်သက် သဘောကျခဲ့မိလေသည်။
ယခု သူ့အား ဇင်ဘာဘွေနိုင်ငံတွင် လျှို့ဝှက်စွာ ဆောင်ရွက်ရန် တာဝန်ပေးလိုက်သော အလုပ် အတွက် သတ်မှတ်ပေးလိုက်သည့် ဘတ်ဂျတ်ရန်ပုံငွေက မများလှသဖြင့် တောလိုက်အမဲပစ်ထွက် လျှင် ကုန်ကျမည့် စရိတ်စက သုံးရန် လုံလောက်ခြင်းမရှိချေ။
သို့သော်လည်း ဘူခါရင်၏ ကွန်တက် (လျှို့ဝှက် ဆက်သွယ်သူ)၀န်ကြီး ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အလွန်ချမ်းသာာကြွယ်ဝသူဖြစ်ပြီး သူ၏ ဘ၀အခြေအနေတိုးတက်ရန်အတွက် ရည်မှန်းချက်ကြီးမား သူဖြစ်သည်။
မိမိတို့နှင့် လျှို့ဝှက်ဆွေးနွေးရန်အတွက် တွေ့ဆုံနိုင်မည့် အစီအစဉ်ကို ညှိနှိုင်းတိုင်ပင်ကြသော အခါ ဗိုလ်ချုပ်ဖွန်ဂါဘီရာကပင် သားရဲတိရစ္ဆာန်များအား အမဲလိုက်ပစ်ထွက်ကြရင်း တွေ့ဆုံဆွေး နွေးလျှင် ကောင်းသည်ဟု စတင် အကြံပေးလေသည်။
ယင်းအစီအစဉ်အရဆိုလျှင် ဖွန်ဂါဘီရာက အိမ်ရှင်ဖြစ်၍ ကုန်ကျစရိတ်အားလုံးကို သူ့အနေဖြင့် ကျခံရမည် ဖြစ်သည်။ တောလိုက်ထွက်လျှင် ကုန်ကျစရိတ်မှာ တစ်နေ့လျှင် ဒေါ်လာ တစ်ထောင် ခန့်ရှိရာ ထိုငွေကို ဖွန်ဂါဘီရာက ချက်ချင်း စိုက်ထုတ်ကုန်ကျခံရမည် ဖြစ်သည်။
ဗိုလ်မှူးကြီး ဘူခါရင်သည် ယင်းအစီအစဉ်ကို အလွန်နှစ်ခြိုက် သဘောကျသဖြင့် ချက်ချင်းပင် လက်ခံသဘောတူလိုက်လေသည်။
တောတွင်းတစ်နေရာရှိ မြေကွက်လပ်တစ်ခုတွင် ရပ်ရင်း ဗိုလ်မှူးကြီး ဘူခါရင်သည် ဗိုလ်ချုပ် ဖွန်ဂါ ဘီရာဆိုသူအား အကဲခတ် ကြည့်မိလေသည်။
သူတို့သည် ကျွဲရိုင်းအထီးကြီးတစ်ကောင်ကို လိုက်လံပစ်ခတ်နေရာမှ ဘူခါရင်က ကျွဲထီးကြီးအား ဒဏ်ရာ ရအောင် တမင်တကာ ချိန်၍ ပစ်ခဲ့သည်။
စင်စစ်အားဖြင့် ဘူခါရင်သည် အတွေ့အကြုံ ၀ါရင့်သလောက် သေနတ်ပစ်ရာ၌ အလွန်လက်ဖြောင့် သူ ဖြစ်သည်။ ပစ္စတို၊ ခြောက်လုံးပြူး ရိုင်ဖယ်နှင့် အမဲပစ်သေနတ်စသော လက်နက်မျိုးစုံကို ကျွမ်း ကျင်စွာ ကိုင်တွယ်၍ ပစ်ခတ်ရာ၌ မလွဲတမ်း ပစ်နိုင်ပေသည်။
ယခုပစ်မှတ်ဖြစ်သော သားကောင်နှင့် အကွာအဝေးကလည်း ကိုက်သုံးဆယ်မျှသာရှိရာ ဘူခါရင် အနေနှင့် တစ်ချက်တည်းဖြင့် သားကောင်သေသွားအောင် ပစ်နိုင်ပေသည်။
သို့သော် သူသည် အိမ်ရှင်ဖြစ်သူ ဖွန်ဂါဘီရာအတွက် ပစ်စရာချန်သည့်အနေဖြင့် ကျွဲထီးကြီး၏ ဦး ခေါင်းကို မပစ်ဘဲ ၀မ်းဗိုက်ကိုသာ ချိန်၍ ပစ်လိုက်သည်။ ၀မ်းဗိုက်ဆိုသော်လည်း ချက်ချင်းသေနိုင် သောနေရာမျိုး (အဆုတ်၊ နှလုံး စသည်)ကို မထိမှန်အောင် အထူးသတိထားကာ ချိန်ပစ်လိုက်ခြင်း ပင် ဖြစ်ပါသည်။
သားရဲတိရစ္ဆာန်တို့ သဘာဝအရ သေနတ်ထိမှန် ဒဏ်ရာရသည့်အခါ လူဘက်သို့ပြေး၍ ရန်မူခတ် တတ်သောကြောင့် အလွန် အန္တရာယ်ရှိပေသည်။ သို့သော် ဘူခါရင်၏ သေနတ်ကျည်ဆန် ထိမှန် ထားခြင်းကြောင့် လျင်မြန်သွက်လက်စွာ မပြေးနိုင်တော့ချေ။
နှစ်ယောက်သား ခေတ္တရပ်နားကြရင်း ဗော့ဒ်ကာ (ရုရှအရက်) တစ်ခွက်စီ သောက်ကြလေသည်။
ဘူခါရင်သည် အသင့်ယူဆောင်လာသော ခရီးဆောင် ရေဘူးဖြူထဲမှ ဗော့ဒ်ကာအရက်ကို ခွက်ထဲ တွင် ငုံ့၍ ဖွန်ဂါဘီရာအား လှမ်းပေးလိုက်သည်။
သူကိုယ်တိုင် အရက်ခွက်ကို ကိုင်မြှောက်၍ အနောက်တိုင်း ယဉ်ကျေးမှုထုံးစံအရ-
"နာ…ဇိုဒိုဗေ"ဟု ရုရှဘာသာဖြင့် ဆုတောင်းပြီးမှ မော့ကာ သောက်ချလိုက်သည်။ သူ၏ မျက်နှာက လည်း ပြုံးနေသည်။ ပြီးတော့ ဗိုလ်ချုပ်ဖွန်ဂါဘီရာအား လှမ်းကြည့်လိုက်သည်။
သပ်ရပ်စွာ မီးပူတိုက်ထားသော စစ်မြေပြင်ဝတ် ယူနီဖောင်းဝတ်ရုံဝတ်ဆင်ထားသူ ဖွန်ဂါဘီရာသည် အလွန် တင့်တယ်ခံ့ညားနေပေသည်။ လည်ပင်းတွင် ကာကီရောင်လည်စီးတစ်ခု စည်းထားပြီး ဦး ခေါင်းတွင်မူ ဦးထုပ် ဆောင်းမထားသဖြင့် တတိယတပ်မဟာ အမှတ်တံဆိပ်လည်း မရှိပေ။
ဦးထုပ်ဆောင်းမထားခြင်းမှာ ဦးထုပ်မှ တံဆိပ်သည် သတ္တုဖြင့် ပြုလုပ်ထား၍ နေရောင်တွင် တဖျပ် ဖျပ် လက်နေမည်ဖြစ်သောကြောင့် သားကောင် တိရစ္ဆာန်များ လူလာနေကြောင်း မသိစေရန် ဖြစ် ပေသည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာကလည်း အရက်ခွက် ကိုင်ထားရင်း ကာနယ်ဘူခါရင်အား လှမ်းအကဲခတ်ကြည့် လိုက်သည်။
သြဇာလွှမ်းမိုးနိုင်သည့် အသွင်ဆောင်သော အင်္ဂါရုပ်ရှိသူ ရုရှလူမျိုး ဘူခါရင်အား ဗိုလ်ချုပ်ဖွန်ဂါ ဘီရာသည် သဘောကျမိပေသည်။ သြဇာလွှမ်းမိုးနိုင်လောက်အောင် စိတ်ဓာတ်ပြင်းထန်ခိုင်မာသူ တစ်ဦး ဖြစ်ဟန်တူသည့်ပြင် အရေးရှိလျှင် ရက်စက်ကြမ်းကြုတ်ရန် ၀န်လေးမည့်သူမဟုတ်ဟု လည်း ဖွန်ဂါဘီရာက စိတ်ထဲမှ ဘူခါရင်အား အကဲဖြတ်မိသည်။
ယင်းအရည်အချင်းသည်ပင်လျှင် မိမိတို့ အာဖရိကတိုင်းရင်းသားများနှင့် တူနေသည်ဟုလည်း ယူ ဆမိသည်။ ဒီလူကြီးဟာလည်း ငါတို့လို လူတစ်ယောက်ပါလားဟုလည်း အကဲဖြတ်မိသည်။
ဤသို့လျှင် ဗိုလ်မှူးကြီး ဘူခါရင်အား အကဲဖြတ်ပြီးနောက် ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ဗော့ဒ်ကာ အရက်ခွက်ကို မော့သောက်ချလိုက်သည်။
"ဗိုလ်ချုပ်က ယောက်ျားပီပီ သောက်နိုင်သားပဲ"
ဘူခါရင်က ဗိုလ်ချုပ် ဖွန်ဂါဘီရာ အရက်သောက်ပုံကို ကြည့်၍ ချီးကျူးပြောဆိုလိုက်သည်။
ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် သူ့အား ရုရှလူမျိုး ဘူခါရင်က အရည်အသွေးစမ်းသည့် သဘောဖြင့် ဗော့ဒ်ကာအရက်တိုက်ခြင်း ဖြစ်ကြောင်းကို လည်းကောင်း ဒဏ်ရာရနေသော ကျွဲထီးကြီးအား ခြေ ရာခံ၍လိုက်ပြီး အသေပစ်ရန် မိမိအား စိန်ခေါ်ခြင်း ဖြစ်သည်ကို လည်းကောင်း ရိပ်မိလေသည်။
ထို့ကြောင့် ဖွန်ဂါဘီရာကလည်း ကျွဲရိုင်းကြီးကို တစ်ချက်တည်းနှင့် အသေပစ်သတ်ပြရန် ဆုံးဖြတ် လိုက်ပြီး ဘူခါရင်တိုက်သော ဗော့ဒ်ကာအရက်ကို ချက်ချင်း မော့သောက်ပြလိုက်ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ဘူခါရင်သည် မိမိတို့ငှားရမ်းထားသော ကြေးစားမုဆိုးကို လှမ်းခေါ်၍ ဆက်လက် တောလိုက်ရန် အစီအစဉ်များအကြောင်း ဆွေးနွေးလေသည်။
ကြေးစားမုဆိုးမှာ အသက်သုံးဆယ်ကျော် လေးဆယ်အတွင်းရှိ အာဖရိကတိုက်ဖွား မျက်နှာဖြူ လူမျိုးတစ်ဦးဖြစ်သည်။ ခေါင်းပေါ်တွင် ဦးထုပ်ကြီးကြီး ဆောင်းထားပြီး ကာကီရောင် အင်္ကျီ၊ ဘောင်းဘီများ ၀တ်ဆင်ထားပေသည်။
သူ၏ ရင်ဘတ်တွင်ကား သားရဲတိရစ္ဆာန်အကောင်ကြီးများ ပစ်ခတ်ရာတွင် အသုံးပြုရသည့် ကျည် ဆန်များ သားရေခါးပတ်ကို ကျည်ဆန်အိတ်နှင့် လွယ်ထားပေသည်။
မုတ်ဆိတ်မွေးရှည်ရှည်ထားသော သူ၏ မျက်နှာမှာမူ ကြည်လင်ရွှန်လန်းပုံမရဘဲ ခပ်မှိုင်မှိုင် ဖြစ်နေ လေသည်။
သူ၏ မျက်နှာမရွှင်လန်းခြင်းမှာလည်း အကြောင်းရှိပေသည်။ ကျွဲရိုင်းတိရစ္ဆာန်များသည် သေနတ် ကျည်ဆန် ထိမှန်၍ ချက်ချင်း မသေဘဲ ဒဏ်ရာရရှိလျှင် မည်မျှ အန္တရာယ်ကြီးမားလှကြောင်း မျက်နှာဖြူ မုဆိုးက ကောင်းစွာသိသဖြင့် စိုးရိမ်ပူပန်ပြီး မျက်နှာမရွှင်ဘဲ ခပ်မှိုင်မှိုင် ဖြစ်နေပေသည်။
"ဗိုလ်ချုပ် ဖွန်ဂါဘီရာက ပွိုင့် ၄၅၈သေနတ်ကို ကိုင်လိမ့်မယ်"
ဗိုလ်မှူးကြီး ဘူခါရင်က ပြောလိုက်ရာ မျက်နှာဖြူမုဆိုးက ခေါင်းညိတ်လိုက်သည်။
ပွိုင့် ၄၅၈ ဆိုသည်မှာ ကျား၊ ဆင်၊ ခြင်္သေ့ စသော သားရဲတိရစ္ဆာန် အကောင်ကြီးများကို ပစ်ရာတွင် အသုံးပြုရသော အလွန်ပြင်းထန်သည့် သေနတ်အမျိုးအစားဖြစ်သည်။
စင်စစ်အားဖြင့် ယခု မိမိတို့ ခြေရာခံလိုက်ပစ်ကြရမည့် ကျွဲရိုင်းအထီးကြီးသည် ဒဏ်ရာရနေပြီဖြစ်၍ ပွိုင့် ၄၅၈ လို အင်အားကြီးသေနတ် လက်နက်မလိုပါချေ။ သို့စဉ်လျက် ဤရုရှလူမျိုး အဘိုးကြီးက ဗိုလ်ချုပ် ဖွန်ဂါဘီရာအား ပွိုင့် ၄၅၈ သေနတ်ကိုင်စေရန် စီစဉ်သည်ကို မျက်နှာဖြူ မုဆိုးမှာ နား မလည်နိုင်အောင် ဖြစ်နေတော့သည်။
သို့ရာတွင် 'ကြေးစားမုဆိုး'အနေဖြင့် မိမိတာဝန်မှာ ငှားရမ်းသူ 'အလုပ်ရှင်'၏ ဆန္ဒကို လိုက်နာရန် သာ အဓိကဖြစ်သောကြောင့် သေနတ်လက်နက်များကိုင်၍ လိုက်ပါသူ တိုင်းရင်းသားလူမည်း အလုပ်သမား တစ်ဦး အား လှမ်းခေါ်၍ ပွိုင့် ၄၅၈ သေနတ်ကြီးကို ယူလာစေလိုက်သည်။
"ကျုပ်နဲ့ ဗိုလ်ချုပ် ဖွန်ဂါဘီရာတို့ နှစ်ယောက်တည်းပဲ ကျွဲထီးကြီးနောက် လိုက်ကြမယ်။ ခင်ဗျားက သေနတ် ကိုင်တဲ့ အလုပ်သမားတွေနဲ့အတူ ဒီမှာပဲ နေရစ်ရမယ်"
ဘူခါရင် က ပြောလိုက်ရာ မုဆိုးသည် အံ့သြမိသလောက် စိုးရိမ်သွားမိသည်။ ဒဏ်ရာရနေသူ ကျွဲ ရိုင်းကြီး နောက် ခြေရာခံလိုက်ခြင်းသည် မည်မျှ အန္တရာယ်ကြီးမားကြောင်း သူကောင်းစွာ သိသဖြင့် စိုးရိမ်မိခြင်း ဖြစ်သည်။
ထို့ကြောင့် မိမိက ကြေးစားမုဆိုးအနေဖြင့် တာဝန်ရှိသည်ဟုယူဆကာ ကန့်ကွက်လေသည်။
"ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့နှစ်ယောက်တည်း သွားတာကို သဘောမတူနိုင်ဘူး ခင်ဗျ။ တစ်စုံတစ်ခုဖြစ်ရင် ကျွန်တော့် မုဆိုးလိုင်စင် ပြုတ်သွားပါလိမ့်မယ်"
သို့သော် ဗိုလ်မှူးကြီး ဘူခါရင်က-
"ခင်ဗျား ဘာမှ ၀င်ပြောစရာမလိုဘူး"ဟု ခပ်တည်တည် ဟန့်လိုက်သည်။
"ဒါပေမဲ့ လူကြီးမင်းခင်ဗျား အလွန်အန္တရာယ်များလို့ ကျွန်တော်က ပြောရတာပါ"
"ဘာမှ ၀င်ပြောစရာ မလိုဘူးလို့ ကျုပ်ပြောထားပြီ မဟုတ်လား"
ဘူခါရင်က မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောလိုက်လျှင် ကြေးစားမုဆိုးမှာ ဘာမှ ဆက်မပြော တော့ဘဲ ဆိတ်ဆိတ် နေလိုက်တော့သည်။
ဆက်ရန်
.

2 comments:
ဗိုလ်ချုပ် နဲ့ ဗိုလ်မှူးကြီးနဲ့ တော့ ပေါင်းမိသွားကြပြန်ပြီနော်...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
အစ်မရေ..
မဖတ်ရသေးတဲ့ အပိုင်းလေးပိုင်းလုံးကို ဖတ်သွားပါတယ်။ အလုပ်ရှုပ်တဲ့ကြားက အခုလို ရိုက်တင်ပေးတာ တကယ့်ကို ကျေးဇူးတင်ပါတယ်။
နေကောင်းကျန်းမာပြီး အခြားဘာရေး ညာရေး ကိစ္စများလည်း အစစအဆင်ပြေပါစေလို့း)))
Post a Comment