Wednesday, September 22, 2010

တင်မောင်မြင့် ဘာသာပြန် (လေထန်ပေမယ့် ပန်းမကြွေ) အပိုင်း (၆)

လန်ဒန်မှ အိမ်စေမကလေး

လန်ဒန်လေယာဉ်ကွင်းထဲက ထွက်လိုက်ပြီဆိုသည်နှင့် ဒရိုင်ဘာသည် ကားကို ဖြည်းဖြည်းချင်းမောင်း နေ၏။ လုံးဝ မရောက်ဖူးသည့် နိုင်ငံကြီးတစ်နိုင်ငံကို ရောက်လာပြီဆိုသည့် အသိဖြင့် အားငယ်စိတ် တွေဝင်လာသည်။ ဘယ်ကြည့်လိုက် ကြည့်လိုက် ဖြူဖပ်ဖြူရော်နှင့် သွေးမရှိသည့် မျက်နှာတွေချည်း။
လူခြေရာတွေပေါ်တွင်လည်း နှင်းတွေဖြူဖွေးလို့။ နေရမည့် အိမ်ရောက်လို့ ကားရပ်လိုက်တော့ ကျွန်မ မျက်လုံးပြူးသွားသည်။ အားပါးပါး၊ သံအမတ်ကြီးအိမ်က ၄ ထပ်တိုက်ကြီးပါကလား။
အိမ်ထဲဝင်သွားတော့ အန်တီမာရီယမ်က ဧည့်ခန်းဝမှ ထွက်ကြိုသည်။

" လာ အထဲဝင်၊ တံခါးပိတ်ခဲ့ "
ကျွန်မက အဒေါ့်ကိုတွေ့လျှင် ပြေးဖက်ပြီး နှုတ်ဆက်မည်ဟု စိတ်ကူးလာခဲ့၏။ သို့သော် သူ့ပုံကိုကြည့် ပြီး ကျွန်မ အတောင့်သားဖြစ်သွားသည်။ အန်တီမာရီယမ်သည် အနောက်တိုင်းဝတ်စုံ အပြည့်တ၀်ထား၏။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်လျက်။
" လာ နင့်ကိုငါ တစ်အိမ်လုံးလိုက်ပြမယ်၊ ပြီးတော့ နင် လုပ်ရမယ့် အလုပ်တွေကို ငါ ရှင်းပြမယ် "
တစ်ခါမှ ဒီလောက်ဝေးသည့် ခရီးကို မလာဖူး၍လား၊ ပြီးတော့ လေယာဉ်မစီးဖူး၍လား မသိပါ။ မလှုပ်ချင် အောင် ပင်ပန်းနေပါပြီ။

" သမီး ခဏလေး လှဲနေပါရစေ အန်တီမာရီယမ် " လို့ ပြောတော့ အဒေါ်လုပ်သူ လိုက်လျော့ပါသည်။ အခန်းကြီးတစ်ခန်းထဲခေါ်သွားပြီး ဆိုမာလီက ကျွန်မတို့ မိသားစုနေသည့် တဲလောက်ကြီးသော ခုတင် ကြီးတစ်ခုမှာ ကျွန်မကို အိပ်ခိုင်းသည်။ ဒါလောက် နူးညံ့ အိစက်သည့် အိပ်ရာမျိုး လောကတွင် ရှိမည် မထင်ပါ။ ဧရာမတွင်းနက်ကြီးထဲကို ကျသွားသလို ကျွန်မ ချက်ချင်းအိပ်ပျော်သွား၏။
နောက်တစ်နေ့မနက်ကျတော့ ကျွန်မ အစောကြီးနိုးနေသည်။ အိမ်ကြီးကို တစ်ယောက်တည်း လျှောက် ကြည့်နေစဉ် အဒေါ်နှင့် သွားတိုးသည်။

" အေး ကောင်းတယ်၊ နင် အစောကြီး နိုးသားပဲ။ လာ တို့မီးဖိုချောင်အရင်သွားကြည့်မယ်၊ နင်လုပ်ရမှာ တွေ ငါပြောပြမယ် "
ကျွန်မ အဒေါ့်နောက်က လျှောက်လိုက်သွားသည်။ မူးရီမူးဝေခြေလှမ်းများဖြင့် မီးဖိုခန်းတစ်ခန်းလုံး အပြာရောင်ကြွေပြားများဖြင့် ဖိတ်ဖိတ်လက်နေ၏။ နံရံကပ် ဗီရိုတွက ဆင်စွယ်ရောင်။
မီးဖိုခြောက်ခု ပါသည့် ဓာတ်ငွေ့မီးဖိုကြီးက နံရံတစ်ဖက်၏ အလယ်တွင် နေရာယူထား၏။

အဒေါ်လုပ်သူက အံဆွဲတွေ တစ်ခုပြီး တစ်ခုဆွဲဖွင့်ရင်း
" ဟောဒါက ဇွန်းခရင်းတွေ၊ ဟောဒါက ပန်းကန်ခွက်ယောက်တွေ၊ ဟောဒါက စားပွဲခင်းနဲ့ လက်သုတ် ပ၀ါတွေ "
သူ ကျွန်မကို ဆိုမာလီစကားနှင့် ပြောနေသော်လည်း တစ်ခွန်းမှ နားမလည်ပါ။
" မနက် ၆း၃၀မှာ နင့်ဦးလေးကို မနက်စာကျွေးရမယ်။ လက်ဖက်ရည်နဲ့ ကြက်ဥနှစ်လုံးမွှေကြော် လုပ်ပေး၊ ငါကတော့ အိပ်ခန်းထဲမှာပဲ ကော်ဖီသောက်တယ်။ ၇ နာရီမှာ ပို့ပေး။ ကလေးတွေအတွက် နင့်ကိတ်မုန့် ဖုတ်ပေးရမယ်။ သူတို့က ၈ နာရီတိတိမှာ စားတယ်။ စားပြီးတာနဲ့ .. "
" ကိတ်မုန့်ဆိုတာဘာလဲ အန်တီ၊ အဲဒါတွေ ကျွန်မကို ဘယ်သူသင်ပေးမှာလဲဟင် "

အဒေါ်စိတ်ပျက်သွားပုံရသည်။ ကျွန်မကို အထူးအဆန်းလို စိုက်ကြည်နေ၏။ ပြီးမှ သက်ပြင်းချပြီး " အေးလေ၊ လောလောဆယ် ငါလုပ်ပြမယ်၊ သေသေချာချာမှတ်ထားနော် ၀ါးရစ် "
ကျွန်မ ခေါင်းညိတ်ပြလိုက်၏။
ကျွန်မအတွက် သိပ္ပံဓာတ်ခွဲခန်းထဲ ရောက်သွားသလိုပင်။ ပထမတစ်ပတ် ကျွန်မ အပြင်းအထန် သင်ကြား ရသည်။ နောက် ၄ နှစ်လုံးလုံး အလုပ်လုပ်ရသည်။ ဘယ်တုန်းကမှ အချိန် အကြောင်း နားမလည်ခဲ့သည့် မိန်းကလေးသည် နာရီကို ကြည့်တတ်အောင် သင်ရတော့၏။ အချိန်၏ တန်ဖိုးကို သိလာ၏။

နံနက်စာကိစ္စပြီးသည်နှင့် မီးဖိုချောင်သန့်ရှင်းရေး လုပ်ရသည်။ ပြီးတော့ အဒေါ့်အိပ်ခန်းနှင့် ရေချိုးခန်း၊ ပြီးလျှင် ကျန်အခန်းများ။ အမှိုက်လှဲ၊ ဖုန်သုတ်၊ ကြမ်းတိုက်။ တစ်ထပ်ပြီးတစ်ထပ်။ အားလုံး ၄ ထပ်။
သန်းခေါင်သန်းလွဲအထိ ကျွန်မလုပ်ပြီးချင်မှ ပြီးသည်။ သို့သော် ကျွန်မအတွက် နားရက်ဟူ၍ လုံးဝမရှိပါ။
ကျွန်မတို့ အာဖရိကတိုက်တွင် ဆွေနီးမျိုးစပ် မိန်းကလေးများကို ကြေးရတတ်များက အိမ်ဖော်အဖြစ် ခေါ်မွေးတတ်ကြသည့် ဓလေ့ရှိပါသည်။ သည်လို အိမ်ဖော် မိန်းကလေးများကို အိမ်ရှင်များက ကြည့်ရှု စောင့်ရှောက်ကြ၏။

အချို့ဆိုလျှင် သူတို့ကလေးများနှင့်အတူ ပညာသင်ပေး၏။ လူတိုင်းတော့ မဟုတ်ကြပါ။ ကျွန်မ ဦးလေးလို၊ အဒေါ်လို အိမ်ကြီးရှင်များလည်းရှိပါ၏။ သူတို့တွင် ကျွန်မတို့အရေးထက် တွေးစရာတွေ အများကြီးရှိနေပုံရပါသည်။
၁၉၈၃ ခုနှစ် ကျွန်မ ၁၆ နှစ်ရွယ်တွင် ဦးလေးလုပ်သူ၏ ညီမဆုံးသွားသဖြင့် သူ့တူမကလေး ဆိုဖီကို ခေါ်ယူလိုက်သည်။ ပြီးတော့ အကောင်းဆုံးကျောင်းတွင်ထားပေးသည်။ ဆိုဖီကို ကျောင်းပို့ရသည့် အလုပ်တစ်ခု ကျွန်မတွင် ပိုလာခဲ့၏။

ဆိုဖီ့ကို ကျောင်းပို့သည့်တစ်နေ့တွင် လူထူးလူဆန်း တစ်ယောက်ကို ကျွန်မတွေ့ရ၏။ သူက ကျွန်မကို စိုက်ကြည့်နေသည်။ သူက လူဖြူတစ်ယောက်ဖြစ်၏။ အသက် ၄၀ လောက်ရှိမည် ထင်၏။ ဆံပင်ရှည်ကို မြင်းမြီးပုံစံကုပ်ပိုးပေါ်တွင် ချည်ထား၏။ သူကလည်း သူ့သမီးကလေးကို ကျောင်းလာပို့ ခြင်းဖြစ်သည်။ သူက ကျွန်မကို သေသေချာချာ စိုက်ကြည့်နေသည်။
ဆိုဖီကို ကျောင်းမှာထားခဲ့ပြီး ပြန်ထွက်လာတော့ သူ ကျွန်မကို စကားလာပြောသည်။ ခုထိ ကျွန်မ အင်္ဂလိပ်စကားတစ်ခွန်းမှ မတတ်သေးသဖြင့် သူဘာတွေ ပြောနေမှန်းမသိ။ ကြောက်ကြောက်နှင့် ကျွန်မ အိမ်ကို စွတ်ပြေးချလာခဲ့၏။

နောက်ပိုင်း သူ့ကို ကျောင်းမှာတွေ့လျှင် သူက ဘာမျှမပြောတော့ဘဲ ကျွန်မကို ယဉ်ကျေးစွာ ပြုံးရုံသာ ပြုံးပြတော့သည်။ စကားလာမပြောတော့ပါ။
တစ်နေ့တော့ သူ ကျွန်မဆီလျှောက်လာပြီး ကတ်ပြားကလေးတစ်ခုကမ်းပေးပြီး ပြန်လှည့်သွားသည်။ ဘာများပါလိမ့်၊ သူ့ကို ကျွန်မ နောက်ဘက်မှ ငေးကြည့်နေမိ၏။
အိမ်ပြန်ရောက်တော့ အဒေါ့်သမီးတစ်ယောက်ကို ပြကြည့်သည်။

" အဲဒါ ဘာ လဲဟင် "
" သူက ဓာတ်ပုံဆရာတဲ့ "
သူက ဒါပဲပြောပြီး သူ့စာအုပ်သူ ဆက်ဖတ်နေ၏။ ကတ်ပြားကလေးကို ကျွန်မအခန်းထဲတွင် သိမ်းထား လိုက်သည်။ " စောင့်နေ၊ စောင့်နေ၊ အသာစောင့်နေ " ဟု တစ်နေရာက ထွက်နေသည့် အသံသေးသေးကလေးကို ကျွန်မ ကြားနေရ၏။
ဦးလေး၏ ၄ နှစ်တာ သံတမန်ကာလပြည့်တော့ မိသားစုအားလုံး ပြန်ရတော့မည်ဟုဆိုသည်။ ဆိုမာလီ ယာကို ကျွန်မ သိပ်မပြန်ချင်ပါ။ ကျွန်မအိမ်ကို ငွေထုပ်ပိုက်ပြီး ပြန်ချင်ပါသည်။ အောင်မြင်မှု သရဖူဆောင်းပြီး ပြန်ချင်ပါသည်။ ကျွန်မစုထားသည့် အိမ်စေလစာကလေးမှာ ဘာမျှ မပြောပလောက်ပါ။

ကျွန်မက အမေ့ကို အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် ထားဖို့ အိပ်မက်မက်နေသူဖြစ်ပါသည်။ အင်္ဂလန် မှာနေခဲ့လျှင် တစ်ခုခု ဖြစ်လာမည်ဟု စိတ်ထဲထင်နေ၏။ ဘယ်လို ကြံရပါ့မလဲ။ ကျွန်မ မစဉ်းစားတတ်ပါ။ သို့သော် တစ်နည်းနည်းနှင့် ဖြစ်လာမည်ဟု ယုံကြည်နေ၏။

ဦးလေး သံအမတ်ကြီးက ထွက်မည့်ရက်ကို သတ်မှတ်ပြီး နိုင်ငံကူးလက်မှတ်တွေ အသင့်လုပ်ထားဖို့ ကြိုပြောသည်။ ကျွန်မ အဆင်သင့်လုပ်ပါသည်။ ပလတ်စတစ်အိတ်နှင့် သေသေချာချာထုတ်ပြီး ပန်းခြံထဲတွင် တူးမြှုပ်ထားလိုက်၏။ ပြီးတော့ ရှာမတွေ့ကြောင်း ပြောလိုက်၏။ ကျွန်မ အစီအစဉ်က ရိုးရိုးကလေးဖြစ်ပါသည်။ နိုင်ငံကူး လက်မှတ်မရှိလျှင် သူတို့ ကျွန်မကို ခေါ်သွားလို့ရတော့မည်မဟုတ်။
" ကိစ္စမရှိဘူးလေ။ ကျွန်မကို ထားခဲ့ပါ " ပြောတော့ ဦးလေးက မျက်နှာပုပ်ကြီးနှင့် ကြည့်နေသည်။ သူတို့ထွက်သည့်မနက်အထိ ကျွန်မကို တကယ်ထားခဲ့လိမ့်မည်ဟု ကျွန်မ မသေချာသေး။ သို့သော် သူတို့ကျွန်မကို တကယ်ထားပြီး ထွက်သွားကြပါလေသည်။ အိမ်ရှေ့တွင် ရပ်ရင်း ထွက်သွားသည့် သူတို့ကားကို ကျွန်မ လက်ပြကျန်ရစ်၏။

မြင်ကွင်းထဲက သူတို့ပျောက်သွားမှ ကြောက်စိတ်တွေ ၀င်လာသည်။ မြေကြီးထဲ မြှုပ်ထားသည့် ပလတ်စတစ်အိတ်ကလေးကို ဖော်ပြီး လွယ်ထားသည့် ခရီးဆောင်အိတ်ကလေးထဲထည့်ကာ လမ်းပေါ်ကို ပြုံးပြုံးကလေး ထွက်ခဲ့၏။
----------------
ဆက်ရန်
.

2 comments:

Anonymous said...

လမ်းပေါ်ကို ပြုံးပြုံးကလေး ထွက်ခဲ့၏။

ဖတ်ရင်းသဘောကျ၏... ကိုယ်ပါပြုံးမိ၏


မြတ်နိုး

Anonymous said...

လမ်းပေါ်ကို ပြုံးပြုံးလေး ထွက်လာခဲ့ ပြီး ပြုံးပြုံးလေး နဲ့ ဆက်ရန်ကို စောင့်ဖတ်လိုက်အုံးမယ်နော်.. :)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ