Friday, September 17, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကားတို့ညီအကို) အတွဲ (၃) အပိုင်း (၁၂)

ဒေါ်ရွှေအိမ်က မောင်ဆေးရိုးတို့၏ အဖီဘေးရှိ ကန္နားဖျင်းကို မေးငေါ့ပြ၏။
သူ့ဇနီး၏ အိုးလုပ်ငန်းကို တောပြောတောင်ပြော ပြောကတည်းက ကိုစံမြင့်အား မျက်နှာကြော မတည့်သော မောင်ဆေးရိုးသည် အိမ်ဝိုင်းထဲသို့ ကိုစံမြင့် ၀င်လာသည်ကတည်းက မြင်၏။ မြင်သောည်လည်း အသံမပေးဘဲ ကြည့်နေခဲ့၏။ ယခုလည်း ကနားဖျင်းဘက်သို့ ၀င်လာ၏။ နှုတ်လည်း မဆက်၊ အသံမပေး၊ ခရီးဦး မကြို။

မောင်ဆေးရိုးတို့ သမီးယောက်ဖ သုံးယောက်သည် ရေနွေးအိုးတစ်လုံး အလယ်မှာချလျက် ပဲလှော်ကြော်သုပ်နှင့် မြည်းနေငြား ကိုစံမြင့်အား ကြောင်တောင်ကြည့်နေကြသည်။ ကိုယ့်အိမ်ထဲသို့ လာနေကျမဟုတ်သူ တစ်ဦးဝင်လာပါက နေရာထိုင်ခင်း ပေးလေ့ရှိသည်။ ခရီးဦးကြိုပြုသည်။ ဤသို့ မဟုတ်လျှင် အနည်းဆုံး နှုတ်ဆက်မှုကား ပြုကြသေး၏။ ယခုသော်ကား ပကတိ သစ်ငုတ်လုပ်နေသောအခါ ကိုစံမြင့်ကသိအောက် ဖြစ်နေသည်။ ကသိကအောက်ဖြစ်ရာက 'ငါ့ နှုတ်မဆက် ရအောင် ဒင်းတို့က ဘာကောင်တွေလဲ' ဆိုသည့်စိတ် ၀င်လာသောအခါ မချေမငံ စကားတွေ ထွက်ပေါ်လာ၏။

'' စောစောက မင်္ဂလာဆောင်အိမ်ကို ခဲနဲ့ပစ်တာ မင်းတို့မဟုတ်လား''
ဘမင်းနှင့် ဘ၀င်းတို့ ပြိုင်တူ ထရပ်၏။
''ကောင်လေးတွေ ထိုင်နေကြစမ်း''
ပြောပြောဆိုဆို မောင်ဆေးရိုး ထရပ်၏
''စကားပြောတာ ကြည့်ပြောဗျ။ သည်ကောင်တွေ သည်ကနားဖျင်းထဲ ရောက်နေတာ လေးနာရီထက် မနည်းကြာပြီ

မောင်ဆေးရိုးကလည်း မာမာကြောကြော ပြောသည်။ ကိုစံမြင့် မကျေနပ်၊ မကျေပ်ခြင်းမှာ
' ကိုစံမြင့်လာထိုင်' စသည်ဖြင့် သော်မျှ ခေါ်ဖော်မရသဖြင့် ဖြစ်သည်။
''မင်းတို့ ခဲနဲပေါက်ပြီးမှ သည်မှာလာနေကြတာမဟုတ်လား''
ဘမင်းနှင့် ဘ၀င်းတို့ ပြိုင်တူ ထကြပြန်ပြီ။

''ခင်ဗျားဗျာ၊ ဘာသက်သေအထောက်အထားရှိသလဲ။ ကျုပ်တို့သည်မှာ ရောက်နေတာ သက်သေရှိတယ်ဗျ''
ကိုစံမြင့်မှာ မခံချိမခံသာ ဖြစ်ရပြန်သည်။ မောင်ဆေးရိုးကိုယ်တိုင်က သူ့နှမ၏ မင်္ဂလာဆောင်ကို ခဲဖြင့်ပစ်ရန် ယောက်ဖနှစ်ယောက်အား မြှောက်ပင့်ပေးသည်ဟု စွပ်စွဲရန် မသင့်။ မသင့်မှန်းသိပါလျက်နှင့် မျက်စိမှိတ်ပြီး စွပ်စွဲခဲ့သော်။
သည်အကျယ်အတည်းမှ လွတ်ရန်အတွက် ''သက်သေပဲ၊ ဆင်ရင်ရတာပေါ့'' ဟုပြောမိသည်။
''သည်စကားက ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်တဲ့ စကားပဲ။ တော်ပြီ သွားသွား။''

မောင်ဆေးရိုးက ကနဖျင်းအပြင်ဘက်သို့ လက်ညှိုးထိုးပြ၏။ ကိုစံမြင့် ထွက်မသွားလျှင် အထိုးအကြိတ်ခဲရလျှင် ခံရ၊ မခံရလျှင် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲခံရတော့မည်။
မောင်ဆေးရိုးသည် သည်အရည်ကို ကြိုတင်ပြီး မြင်သောကြောင့် ယောက်ဖနှစ်ယောက်ကို ကြိုတင်ခေါ်ထားခဲ့ခြင်းဖြစ်သည်။ ခဲဖြင့်ပေါက်သော အလုပ်ကို ဆယ်နှစ်သားကလေးပင်လျှင် လုပ်နိုင်သည်။ ဘမင်းနှင့် ဘ၀င်းအား အထင်လွစေလိုသူတစ်ယောက်က လောက်စာလုံးသာသာ ကျောက်ခဲတစ်လုံးဖြင့် ထပေါက်ဦး၊ ဘမင်းဘ၀င်းကို စွပ်စွဲကြမည်သည်။ ဤသို့လျှင် ရိုးစင်းသော လမ်းကြောင်းထဲသို့ ကိုစံမြင့် မိုက်မဲစွာ ၀င်လာ၏။ မောင်ဆေးရိုးက အချိန်မီ မောင်းနှင်လွှတ်ပါလျက် ရှောရှောရှူရှူ ထွက်မသွား။ ပေကတ်ကတ်လုပ်နေသည်။

''ငါမောင်တွေကို အိုးစွပ်မစား ခွက်စွပ်မစား လာပြီးစွပ်စွဲရအောင် သက်သေရှသလား''
အိုးပုံကြီးထဲက ဘွားခနဲထရပ်သူမှာ ဆယ်အိမ်ခေါင်း ကိုစံမြင့် အလွန်ကြောက်သူ ကျီးဒန်ဖြစ်သည်။
ညနေ နေ၀င်ခါနီးတွင် လယ်ကောကြီးဘက်သို့ ထွက်ပြီးတစ်ယောက်တည်း မြေကြီးတူးနေသော မီးကျီးဒတ်အား ကိုစံမြင့်သည် 'ပရောပရည်' လုပ်ဖူး၏။ 'မူးနေလို့ပါ' ဟုထင်ကြေးပေးခါမှ ပေးရာ ထိုအချိန်ကမူ ကျီးဒန်သည် ကိုစံမြင့်ကို မြေကြီးခဲလုပ် ထုလွှတ်ဖူးသည်။

သည်အကြောင်းကို မောင်ဆေးရိုးသိငြား မပြောခဲ့။ သို့သော် မိကျီးဒန်ကမူ အချိန်မရွေး ပြောခြင်းဖြင့် အရှက်ခွဲမည့်သူ ဖြစ်သည်။ ကိုစံမြင့်တစ်ခွန်းမျှ ပြန်ပြီး မပြောနိုင်ဘဲ ထွက်ခွာသွားရလေတော့၏။ စင်စစ်သော်ကား ဘမင်းနှင့် ဘ၀င်းမှာ မောင်မောင်အေးအား မုန်းထားခွင့် မသာပါ။ ရန်ငြိုးသိုရန်လည်း အချိန်မရပါ။ မယ်မျှင်၏ မိဘများထံ မောင်မောင်အေးတို့ အကြောင်းအလမ်း လာမည်နေ့မှာပင် ဦ်းကြွက်နီသည် သားနှစ်ယောက်အား သတိပေးပြီးဖြစ်သည်။
''မယ်မျှင်ဟာ မင်းတို့အစ်မရဲ့ ယောက်မ၊ မင်းတို့ယောက်ဖရဲ့ နှမအရင်း၊ ဆွေထဲမျိုးထဲမှာ မျက်နှာပျက်စရာ မဖြစ်စေနဲ့''
ပြီးပြီ။ သည်မျှဖြင့် ပြီးသွားပြီ။

အဖေ၏ဆိုလိုရပ်ကို ဘမင်းတို့ညီအစ်ကို သဘောပေါက်သည်။ သူတို့ဆွေဲထဲမျိုးထဲသို့ ဒေသသစ်မှ လူတစ်ယောက် ရောက်လာသည် ဟုသဘောထားကြ၏။ မောင်မောင်အေးမှာ သူတို့ရွာတွင်သာ ရွှေပေါ်မြတင် မဟုတ်။ ရမ်းဘိုကုန်းတွင်လည်း ကျောင်းဆရာဆိုသည်မှာ ရတောင့်ရခဲ ဖြစ်တောင့်ဖြစ်ခဲမို့ အရေးတယူရှိသည်။ ထိုအချိန်အခါက ရွာများတွင် ကျန်းမာရေးမှူး၊ စိုက်ကြပ်၊ ၀မ်းဆွဲမရှိသေးပေ။ ကျောင်းဆရာနှင့် မြေတိုင်းစာရေးသည်ပင် တိုရေရှားရေ ရှိလှသည်။ ထိုအချိန်အခါက ကျေးရွာဦးစီးခေါင်းဆောင်နေရာကို သူကြီးနှင့် ဆယ်အိမ်ခေါင်းများ မရပါ။ ဘုန်းကြီးများနှင့် ကျောင်းဆရာများ ရရှိကြသည်။

ဘုန်းတော်ကြီးမှာ ကလေးတွေကို စာသင်ပေးနေရာက ကျွေးရွာတိုးတက်မှ ဖြစ်မည်ဟု သိမြင်ခံယူထား၏။ အမြော်အမြင်ကြီးမား သောဘုန်းတော်ကြီးများသည် သူ့ကျောင်းဝင်အတွင်း၌ အတန်းကျောင်းခေါ် လောကဓာတ်ကျောင်း ရှိစေချင်၏။ ရန်သူမျက်နှာဖြူ၏ ကုလားစာကို တတ်ကျွမ်းမှသာ ကမ္ဘာ့ဗဟုသုတကို ဆည်းပူးနိုင်မည်ဟု သဘောပေါက်ကြသည်။ သို့ကြောင့် အတန်းကျောင်း ပေါ်ပေါက်လာရေးကို အားပေးကြ၏။ သို့အတွက် ကျွေးရွာတစ်ရွာတွင် ရပ်ကျိုးရွာကျိုးကို အလိုလားဆုံး ပုဂ္ဂိုမှာ ဘုန်တော်ကြီးများဖြစ်သည်။ အမြော်အမြင်ကြီးမားရာတွင်လည်း ဘုန်းတော်ကြီးများသာ ရပ်ရွာ၏ စံပြရသည်။ ထို့နောက်ရှားရှားပါးပါး ဖွင့်လှစ်နိုင်သော အတန်းကျောင်းသို့ ဆရာအဖြစ်ရောက်လာ သောကျောင်းဆရာများဖြစ်သည်။ သူတို့သည် ရပ်ကျိုးဆောင် ရွာကျိုးဆောင်၊ အမြော်အမြင်ရှိ သောကျွေးရွာ့ခေါင်းဆောင်မျး ဖြစ်ကြသည်။

မောင်မောင်အေးကား ရမ်းဘိုကုန်းရွာသို့ ကျောင်းဆရာအဖြစ် ရောက်လာသူမဟုတ်၊ သို့ရာတွင် ကျောင်းဆရာ၌ ရှိမြဲဖြစ်သော ပရဟိတစိတ်ကို ဖုံးကွယ်မထားနိုင်။ သူသည်ရွာနီးချုပ်စပ်ကို ဘုန်းတော်ကြီးကျောင်းပါမကျန် လေ့လာအပြီးတွင် ကိုသာဒွန်း၊ ကိုသောင်းနှင့် ကိုပိတ်စ၊ ကိုအောင်မြတို့ထံသို့ ချဉ်းကပ်၏။
''ရပ်သူရွာသားတွေ၊ အထူးသဖြင့်လူငယ်တွေ ပညာဗဟုသုတရရေး စာကြည့်တိုက်ထောင်ကြရင် မကောင်းဘူးလား ''
မောင်မောင်အေး ချဉ်းကပ်မိသူ လေးငါးဦးမှာ 'စာကြည့်တိုက်' ဟူသော အမည်ကို ကြားဖူးသူများ မဟုတ်ပေ။ 'စာကြည့်တိုက်ဆိုတာ ဘာတုံး' ဟုလည်းမမေးရဲရကား မကြားယောင် ပြုနေကြ၏။ သို့သော်မောင်မောင်အေး အားမလျှော့ပါ။ ဘုန်းတော်ကြီးကျောင်းသို့ ကျောင်းသားတွေ ဆွမ်းခံထွက်ချိန်၌ သွားသည်။

''အရှင်ဘုရား၊ ရပ်သူရွားသားတွေ အထူးသဖြင့် လူငယ်လူရွယ်တွေပေါ့ ဘုရား။ သူတို့တစ်တွေ လောကုတ္တရာ ဗဟုသုတ၊ လောကီဗဟုသုတ တိုးပွားဖို့အတွက် စာကြည့်တိုက်တစ်ခု တည်ထောင်ချင်ပါတယ်ဘုရား''
''ကောင်းပါတယ် ဒါယကာ''
တစ်လျှောက်လုံး စိတ်ပျက်ခဲ့ရသမျှ သည်စကားတစ်ခွန်းဖြင့် မောင်မောင်အေးမှာ ခွန်အားဖြစ်ရသည်။

''ကောင်းပါတယ် ဒါယကာ။ ရမ်းဘိုကုန်းရွာသားတွေသာ မဟုတ်ဘူး၊ တခြားရွာက လူတွေလည်း ကျောင်းထွက်ကတည်းက စာပေနဲ့ဝေးတာပဲ။ အလိမ္မာဟာ စာမှာသာရှိတာ ဒကာရဲ့။ တစ်လလုံးနေလို့ စာတစ်လုံး မဖတ်၊ တစ်နှစ်လုံးနေလို့ စာတစ်အင်္ဂါ မဖတ်မှတော့ လူမိုက်တွေ ဖြစ်ကုန်တာပေါ့''
''မှန်ပါဘုရား၊ အရှင်ဘုရားအမိန့်ရှိတာ အလွန်မှန်ပါတယ်ဘုရား''
မောင်မောင်အေးသည် ဘုန်းတော်ကြီး၏ စကားတော်ကို ထပ်မံဖြည့်စွက်မပေးပေ။ စိတ်ကူးကို အကောင်အထည် ဖော်ရန်က အရေးကြီးသည်။
''အရှင်ဘုရား၊ ရွာလယ်မှာ အဆောက်အအုံ ဆောက်ရရင် ကောင်းမလား ဘုရား''

''ငါရွာအကြောင်းငါသိတယ် ဒါယကာ၊ အဆောက်အအုံတစ်ခု ဆောက်ဖို့အတွက် တတ်နိုင်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ရွာလယ်ဝတ်ကျောင်းမှာပဲ လုပ်ပေါ့။ ဘုန်းကြီးက ပေစာဆယ်ထုပ်နဲ့၊ စာတိုက်တစ်လုံး လှူမယ်''
မောင်မောင်အေး လက်ဝါးကာရန်အတွက် လက်ကို ကြွမိသော်ငြား လက်ဝါးကားပြီး မတားဆီင်္းမိ။ တားဆီးလိုခြင်းမှာ ဘုန်းကြီး၏ ပေစာဆယ်ထုပ်ကို ဘုန်းကြီးကျောင်းထွက်များပင် မကိုင်တွယ် တတတော့သဖြင့် ဖြစ်၏။ မကိုင်တတ် အတွယ်တတ်သဖြင့် ဖတ်၍မရအောင် ဖြစ်ကန်နိုင်သောကြောင့် ဖြစ်ချေ၏။ သို့လျှင် အကြောင်းရှိပါလျက် လက်ဝါးမကာခြင်းမှာ ပေစာထုပ်ကို ဖြေသူများ၏ ကြမ်းထမ်းမှုကြောင့် ပေရွက်တွေ ပဲ့ကုန်ကာ၊ ကျိုးကုန်ကာ၊ ကိုင်တွယ်သူ မရှိတော့သည့် အခြေအနေသို့ ရောက်မည်ကို တွေးမိသဖြင့် ဖြစ်သည်။
''မှန်ပါဘုရား၊ နေ့စဉ်ထုတ် သတင်းစာတစ်စောင်နဲ့ လစဉ်ထုတ် မဂ္ဂဇင်းသုံးစောင်၊ အပတ်စဉ်ထုတ် ဂျာနယ် တစ်စောင် နှစ်စောင်နဲ့ တခြားဗဟုသုတဖြစ်စရာ ပုံနှိပ်စာအုပ် အနည်းအကျဉ်းပေါ့ ဘုရား။ အဲဒါထည့်ဖို့ ဗီရိုနဲ့ အဲဒါတွေကိုတင်ဖို့ ခုံတန်းလျားဖြစ်စေ လိုတယ်ဘုရား''

''အေးကောင်းတယ် ဒါယကာ''
''အဲဒီစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ရွာလယ် ၀တ်ကျောင်းမှာ အစည်းအဝေးခေါ်တဲ့အခါ အရှက်ဘုရားပဲ ကြီးမှူးတော်မူပါဘုရား။ တပည့်တော်က မျက်နှာစိမ်းနေတော့''
''ဟေ ဟုတ်လား''
ကျောင်းထိုင်ဆရာတော်ဘုရားကြီးမှာ ထိုအခါကျမှ မောင်မောင်အေးအား စေ့စေ့ကြည့်ဖြစ်သည်။
''အနို့ နေပါဦး၊ ဒကာက ဘယ်သူ့သားသမီးမို့လဲ''

စေ့စေ့ကြည့်သောအခါ မိမိကျောင်းထွက် မိမိ၏ တပည့်များထဲမှ တစ်ယောက်ယောက်၏ မျက်နှာနှင့်မျှ မတူသောကြောင့် မေးရတော့သည်။
''တပည့်တော်က ပန်းဆွဲရွာက် ဦးပေး၊ ဒေါ်မြအုန်းတို့ရဲ့သား မောင်မောင်အေးပါ့ဘုရား။ ကျွဲကုန်းရွာ မူလတန်းကျောင်းက ကျောင်းအုပ်ပါ ဘုရား''
''သြော် အေးအေး၊ ကျွန်းထဲ ကိုင်းထဲကကိုးကွယ်''
''မှန်ပါဘုရား၊ တလောကမှ သည်ရွာက ဦးကျန်ကြီး မယ်ကြွယ်စိုးတို့သမီး မယ်မျှင်နဲ့ အကြောင်းပါ တာပါဘုရား''
''သြော် အေးအေး၊ အင်း''

ဤသို့ဖြင့် ရမ်ဘိုကုန်းရွာလယ်ရှိ ၀တ်ကျောင်းပေါ်တွင် အစည်းအဝေးပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ဆရာတော် ကြီးမှူးသောကြောင့် ရွာလုံးကျွတ် လာကြငြား၊ တစ်ရွာသား မောင်မောင်အေးကို သဘောမကျ။ တစ်ရွာသးက စွာရကောင်းလားဟု မလိုတမာ ရှိကြငြား၊ ဘုန်းကြီးကို ကြောက်သော ကြောင့် မပြောရဲ။
''စံမြင့်၊ ပိတ်စ၊ အောင်မြင့်တို့က ခြေရှည်စားပွဲတစ်လုံးနဲ့ နောက်မှီပါတဲ့ ခုံတန်းလျားနှစ်လုံး လုပ်ကြရမယ်''
''တင်ပါဘုရာ်း''
''ဘယ်လို လုပ်ကြမှာတုံး''
''မစဉ်းစားရသေးပါဘူး ဘုရား''

''စဉ်းမနေနဲ့ တစ်အိမ်တစ်ပြား အလှူခံ။ တန်းလျားနဲ့စားပွဲဖိုး မပြည့်မချင်း ဥပုသ်နေ့တိုင်း စာရင်းအင်းနဲ့ အလှူခံရမယ်။ စားပွဲနဲ့ တန်းလျားတွေ ပြီးတဲ့အခါ စာရင်းနဲ့တကွ ငါ့ဆီအပ်ရမယ်''
''မှန်ပါဘုရား''
''အေး၊ ဘရီနဲ့ သာဒွန်းအောင်၊ သသောင်းတို့က စာကြည့်တိုက်ကို အုပ်ချုပ်ရမယ်ကွ''
''မှန်ပါဘုရား''
ဤသို့ဖြင့် ရမ်ဘိုကုန်းရွာတွင် စာကြည့်တိုက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စားပွဲတစ်လုံးနဲ့ ခုံတန်းလျား နှစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။ ဆရာတော်ဘုရား၏ စာတိုက်သေတ္တာကြီးလည်း ပေစာထုပ်တွေနှင့် အတူ ရောက်လာငြား ပေစာထုပ်များမှာ နှစ်လမကြာမီ အမှုန့်ဖြစ်ကုန်၏။ အကြောင်းသော်ကား စာတိုက်သေတ္တာထဲသို့ ကလေးတွေဝင်ပြီး တူတူပုန်းကြသော ကြောင့်တည်း။ စားပွဲပေါ်တွင်တင်သော သတင်းစာနှင့် မဂ္ဂဇင်းများကား သတ်တမ်းရှည်သည်။ မိုင်းကိုင်စက္ကူထက် ပိုမိုကောင်းမွန်သော ကုလားစက္ကူဖြင့် ပုံနှိပ်ထားသော အရုပ်များ၊ စာများမှာ ပီသသည်။

ထင်ရှားသည်။ ရွာခေါင်းဦးဘရီကအစ သတင်းစာလာပြီးဖတ်သည်။ ရွာဦးကျောင်း ဆရာတော်သည် စာကြည့်တိုက်အဖွဲ့ထဲသို့ မောင်ဆေးရိုးကို ဆွဲထည့်၏။ မောင်ဆေးရိုးမှာ မှောင်ကြိးမှောင်မှ အိမ်ပြန်ရောက်သဖြင့် စာကြည့်တိုက်သို့ မလာနိုင်။ ကနဦး မတည်ခဲ့သော မောင်မောင်အေးလည်း ကျွဲကုန်းထက် ပိုမိုဝေးသော အခြားရွာသို့ ပြောင်းရွှေ့ရသဖြင့် ရမ်းဘိုကုန်းသို့ပင် တစ်လတစ်ခါသာ ရောက်သည်။

မောင်မောင်အေးတို့ ကျေးရွာက အတန်းကျောင်းများတွင် စနေ၊ တနင်္ဂနွေ မရှိပါ။ မဖိတ်၊ ဥပုသ်သာ ရှိသည်။ ဤရက်များတွင် ရွာသို့ပြန်လာသော မောင်မောင်အေးမှာ စာကြည့်တိုက်သို့ ခဏတစ်ဖြုတ် အပြေးအလွှား ရောက်လာသည်။ ထိုနောက်မလာတော့ပေ။ ဦးဘရီ၊ စံမြင့်၊ သာဒွန်းနှင့် ဘသောင်း၊ ပိတ်စ၊အောင်မြ၊ အောင်လှတို့မှာလည်း လယ်အလုပ်တွေ ပိလာသောကြောင့် စာကြည့်တိုက် တည်ရာရွာလယ်ဝတ်ကျောင်းသို့ ရောက်မလာကြပေ။

စာကြည့်တိုက်သို့ မှန်မှန်လာသူမှာ ဆရာတော်ဘုရားဖြစ်သည်။ ထိုအခါတွင် ဆေးရိုးမှာ ဆရာတော်တစ်ပါးတည်း ထားရသည်ကို အားနာသောကြောင့် စာကြည့်တိုက်သို့ ကြိုးစားပြီး လာသည်။ ထိုင်သည်။ ထိုအခါ စာအုပ်များ သိမ်းဆည်းရေး၊ ခင်းကျင်းရေးကို မောင်ဆေးရိုးသို့ တာဝန်ချထား၏။

မောင်ဆေးရိုးခါင်းညိတ်သော်ငြား 'တုံးကြီးခေါက်' တွင်ထသွားရသည်။ ဆွမ်းခံဝင်ချိန်ကျမှ ဖွင့်မြဲဖြစ်သော စာကြည့်တိုက်ကို မိကျီးဒန်က အဖွင့်အပိတ်လုပ်သည်။ သို့သော် ကျီးဒန်မေ့လျော့ နေပါလုံးဝမဖွင့်ဖြစ်။ မည်သူကမျှလည်း 'စာကြည့်တိုက် ဘာပြုလို့ မဖွင့်တာတုံး' လားမမေးပေ။ မည်သို့ပင်ဖြစ်စေ ရမ်းဘိုကုန်း စာကြည့်တိုက်ကား ဆရာတော်ဘုရား ကြွလာသောနေ့တွင် ဖွင့်သည်။ မောင်မောင်အေး ပြန်လာသော ရက်များတွင်လည်း ဖွင့်သည်။ မိကျီးဒန် သတိရသော အခါတွင်လည်း စာအုပ်စီခင်းလျက် ဖွင့်ဖြစ်သည်။

ဆက်ရန်
.

No comments: