ဤသို့နှင့်ပင် မောင်မောင်မျိုးတစ်ယောက် မရေမရာ မသေမချာနှင့်ပင် တစ်နှစ်ကုန်ကာ စာမေးပွဲကြီးပင် စစ်ဆေးဖြေဆိုပြီးခဲ့လေပြီ။
ကျောင်းရက်ရှည်ပိတ်၍ မိမိတို့နေရင်း ဇာတိရပ်ထံ ပြန်ကြတော့မည့်အချိန် ရောက်လာကြ သည်။ ယခင်က ကျောင်းပိတ်လျှင် အိမ်ပြန်ခါနီး၌ မည်သည့်အရာမှ နောက်ဆံမတင်းခဲ့ သော မောင်မောင်မျိုး သည် ယခုတစ်ကြိမ်မှာ မရှုနိုင် မကယ်နိုင်အောင် စိတ်မဖြောင့်ဘဲ နောက်ဆံတင်း နေတော့၏။ ဤနေ့ မေမေခင်ထံ သွားရောက်တွေ့ဆုံလျှင် ဘာပဲဖြစ်ဖြစ် ဖွင့်ဟပြောကြားတော့မည်ဟု စိတ်ကို ရဲရဲတင်းကာ ဆုံးဖြတ်ချက် ချထားလိုက်သည်။
ရောက်နေကြအချိန်မှာ ထုံးစံအတိုင်း မောင်မောင်မျိုးက ရောက်လာသည်။ မေမေခင်က မိဘများ ထံပြန်ရန် ပစ္စည်းသိမ်းနေရာမှ ရောက်လာသော ဧည့်သည် မောင်မောင်မျိုးကို ဆင်းတွေ့ စကား ပြော သည်။
"ကျွန်တော် သန်ဘက်ခါ ပြန်တော့မယ် ခင်၊ ခင်ရော ဘယ်နေ့ပြန်မှာလဲ"
"ခင်က နက်ဖြန်ပြန်တော့မှာ"
"သြော် … အတူပြန်မယ့် အဖော် ဘယ်သူလဲ၊ ဟို … ခင်တို့ သုံးယောက်ထဲက ကိုမင်းဇင်နဲ့ မြသွင်အေးတို့က ခင်နဲ့ တစ်မြို့ထဲလား"
မေမေခင်ကို မျက်ခြည်မပြတ် တစေ့တစောင်း ကြည့်ခဲ့သော မောင်မောင်မျိုးက မေမေခင်၊ မြသွင်အေး၊ မောင်မင်းဇင်တို့ သုံးယောက်ကို တစ်မြို့ထဲမှ လာသူများဟု ယူဆခဲ့သည်။ ကျောင်းသူ ကျောင်းသား ပီသသော မျက်လုံးများက မောင်မင်းဇင်နှင့် မြသွင်အေးတို့ကို ရိုးရိုးအတွဲမှ ဆန်းဆန်းအတွဲအဖြစ် မြင်ကြ သိကြပြီး ဖြစ်သောကြောင့် မောင်မောင်မျိုးက မေမေခင်နှင့် မောင်မင်းဇင်တို့ သံသယမရှိချေ။ မေမေခင် တစ်ယောက်တည်း ပြန်သည် ထက် အဖော်အဖြစ် မောင်မင်းဇင်ပါလျှင် ပိုမိုလုံခြုံမည် ဟူသော စိတ်ဖြင့် မေးခြင်း ဖြစ် သည်။ မေမေခင်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"လာစဉ်ကတော့ တစ်မြို့ထဲကပါပဲ၊ ဒါပေမဲ့ ကိုမင်းဇင်နဲ့ မြတို့က အစိုးရ အရာရှိ သားသမီး တွေ မဟုတ်လား၊ ခင်တို့မြို့မှာ အတူသွား အတူလာ နေခဲ့ကြပေမယ့် အခု သူတို့နှစ်ဦးလုံး မိဘတွေက မကြာခင်ကပဲ တစ်နေရာစီ ပြောင်းရွှေ့ဖို့ အမိန့်ကျလို့ ပြောင်းသွားကုန်ကြပြီ၊ ခင်တို့မြို့မှာ မရှိတော့ဘူး၊ အဲဒီတော့ ကိုမင်းဇင်နဲ့ မြသွင်အေးကလဲ သူတို့မိဘများရှိရာ မြို့ ကို ပြန်ကြမှာ ကိုမောင်မောင်မျိုး ခင် အပြန်မှာ ကိုမင်းဇင်နဲ့ မြတို့ မဟုတ်ပေမယ့် တစ်မြို့ထဲက လာကြတဲ့ တခြားကျောင်းသူနှစ်ဦး အဖော် ရှိပါတယ်၊ ဘာကြောင့် မေးတာလဲ"
"သြော် … ခင့်ကို စိတ်မချလို့ပါ၊ တစ်ယောက်ထဲဖြစ်နေရင် ကိုမျိုးလိုက်ပို့ချင်လို့ပါ"
"ကျေးဇူးတင်ပါတယ် ကိုမောင်မောင်မျိုးရယ်၊ ဒုက္ခမရှာပါနဲ့၊ ခင်မကြောက်တတ်ပါဘူး"
မောင်မောင်မျိုး ၏ စိတ်ထားကို သိနေသော မေမေခင်က စကားပိတ် ပြေလိုက်သော်လည်း ဤနေ့မှာ ပြောဖြစ်အောင် ပြောမည်ဟု စိတ်ဆုံးဖြတ်ထားသော မောင်မောင်မျိုးက နောက်မဆုတ်ဘဲ ပြောလိုက် သည်။
"ခင်က သတ္တိကောင်းလို့ မကြောက်တတ်ပေမယ့် ကိုမျိုးက စိတ်မချဘူး ခင်ရဲ့၊ အခုဆိုရင် ကိုမျိုးအဖို့ ဒီတက္ကသိုလ်က နောက်ဆုံးထွက်ခွာ သွားခြင်းပဲ၊ ဘွဲ့ယူဖို့တောင် အဆင်မပြေ လို့ မလာနိုင်ရင် အဝေးရောက်ဘွဲ့ပဲ ယူရတော့မှာ၊ ခင်တစ်ယောက် ကိုမျိုးကို မေ့သွားမှာ သိပ်စိုးရိမ်မိပါတယ် ခင်၊ ကိုမျိုးကို အစဉ်အမြဲ ခင် သတိရနေစေမယ့် သတိပေး နှောင်ကြိုး ကလေးတော့ ခင့်ကို ချည်ထားခဲ့ပါရစေလို့ ကိုမျိုး ပန်ကြားပါတယ် ခင်ရယ်"
မေမေခင်က မောင်မောင်မျိုး မျက်နှာကို ကြည့်လိုက်သည်။ မောင်မောင်မျိုး၏ မျက်နှာမှာ ၀မ်းနည်းခြင်း၊ မျှော်လင့်ခြင်း၊ အရိပ်အရောင်တို့ ထင်ရှားစွာ ပေါ်နေသည်ကို တွေ့ရသည်။ မောင်မောင်မျိုး၏ စကားအဓိပ္ပာယ်ကို မေမေခင်က ကောင်းကောင်း အဓိပ္ပာယ်ပေါက် သည်။ ဘယ်လိုနှောင်ကြိုးမျိုးလဲဟု ပြန်မေးလျှင် အချစ်နှောင်ကြိုးပါဟု မောင်မောင်မျိုးက ပြန်ဖြေမည်ကို ကြိုတင် သိပြီးဖြစ်၍ မေးရန် မသင့်လျော်ချေ။ တုံဏှိဘာဝေ ဆိတ်ဆိတ်နေ လျှင်လည်း မလှုပ် စိတ်တူ တိတ်တိတ်နေ ၀န်ခံသည့် သဘောမျိုး ဖြစ်နေသည်။ ထို့ကြောင့်…
"ပစ္စည်းတွေက သိမ်းစရာ ခပ်များများ ကျန်နေသေးပါတယ် ကိုမောင်မောင်မျိုးရယ်၊ နောင်ခါမှ အေးအေး ဆေးဆေး စကားပြောကြသေးတာပေါ့နော်"
ဟု စကားဖြတ် ခွင့်ပန်လိုက်ကာမှ မောင်မောင်မျိုးက တိုးလျှိုးတောင်းပန် တားဆီးလိုက် သည်။
"နေပါဦး ခင်ရယ်၊ ကိုမျိုး ရင်ထဲရှိတာ တစ်ခါထဲ ဖွင့်လိုက်ပါရစေတော့၊ ခင် မသိဟန်ဆောင် မနေပါနဲ့၊ ခင့်ကို ကိုမျိုး သစ္စာရှိရှိ တစ်သက်လုံး ချစ်သွားပါရစေ၊ အဲဒါ ခင်ကလဲ ကိုမျိုး အချစ်ကို တုံ့ပြန်ပါ"
လှည့်ပတ်သွယ်ဝိုက်ပြောနေရန် မဖြစ်တော့ကြောင်း စဉ်းစားမိသော မောင်မောင်မျိုးက တက်သုတ်နှင်ကာ တည့်တည့်ကြီး ဖွင့်ပြောလိုက်သည်။
မေမေခင်က အံ့အားသင့်ခြင်း မဖြစ်တော့ချေ။ မောင်မောင်မျိုးစိတ်ကို သူ သိနေ ရိပ်မိနေ သည်မှာ ကြာခဲ့ပြီ။ တစ်နေ့နေ့မှာ ဖွင့်ပြောကောင်း ပြောမည်ဟူ၍ တွက်ဆခဲ့သည့်အတိုင်း ယခု ဖွင့်ပြောသည်ကို ကြားရ သဖြင့် မအံ့သြတော့ခြင်း ဖြစ်သည်။ မေမေခင်က ပကတိ မျက်နှာထားအတိုင်း ပကတိ လေသံဖြင့်ပင် ပြန်ပြော၏။
"တစ်ယောက်နဲ့ တစ်ယောက် တက္ကသိုလ်ရောက်မှ တွေ့ကြမြင်ကြ သိကြရတာပဲ ကိုမောင်မောင်မျိုးရယ်၊ ခင့် နောက်ကြောင်းရာဇ၀င် ဇာတိ ဇစ်မြစ်ကိုလည်း ကိုမောင်မောင်မျိုး စုံလင်အောငေ် မသိဘူး၊ ကိုမောင်မောင်မျိုးရဲ့ နောက်ကြောင်းရာဇ၀င် ဇာတိဇစ်မြစ်ကိုလဲ ခင်က မသိဘူး၊ အချစ်သည် မျက်စိမရှိဘူးဆိုတဲ့ စိတ်မျိုးနဲ့ ချစ်ကြဖို့ရာ ခင့်အနေနဲ့တော့ ခဲယဉ်းပါတယ်၊ ဒီကိစ္စမျိုးဟာ အင်မတန် စဉ်းစားနိုင်မှာ တော်ရုံကျတယ် ဟုတ်လား …"
အကြံဥာဏ်ပေးနေသူကို အေးဆေးတည်ငြိမ်စွာ ပြောနေသော မေမေခင်၏ မျက်နှာကို မောင်မောင်မျိုး သည် မြတ်နိုးစုံမက်စွာ စိုက်င်္ကြည့်နားထောင်နေရာမှ မေမေခင် စကားဆုံး သောအခါ …
"ကိုမျိုးရဲ့ အခြေအနေ မျိုးရိုးဇာတိ ဆွေမျိုး မိဘနဲ့ ပတ်သက်ပြီး ခင် သိထားရအောင် ပြောပြပါမယ်"
ဟု ဆိုကာ မောင်မောင်မျိုးသည် သူ့ကိုယ်ရေးရာဇ၀သင်ကို စေ့စုံစွာ ပြောပြသည်။ မောင်မောင်မျိုး ပြောပြသော သူ့ကိုယ်ရေးရာဇ၀င်က မောင်မင်းဇင်နှင့် မြသွင်အေးတို့ စုံစမ်း ထောက်လှမ်း၍ သိခဲ့ရသည်များနှင့် မကွဲမလွဲ တူညီမှန်ကန်နေသည်။ မောင်မောင်မျိုးက သူနှင့် ပတ်သက်သမျှတွေ အားလုံး ပြောပြပြီးသောအခါ …
"ခင်နဲ့ ပတ်သက်တာတော့ ကိုမျိုး ဘာမှစုံစမ်းမေးမြန်းလိုစိတ်မှ မရှိဘူး၊ ဘာကြောင့်လဲဆို တော့ ခင့်ကို အကဲခတ် ရတာနဲ့ပဲ ခင်ဟာ ချို့ယွင်းချက် မရှိတဲ့ မိန်းကလေးဆိုတာ ယုံကြည် ပြီးသားပါ၊ နောက်တစ်ချက် ကလဲ ကိုမျိုးရင်ထဲ အသည်းထဲက နှစ်နှစ်ကာကာ လှိုက်လှိုက် လှဲလှဲ ချစ်နေမှတော့ ဘာအပြစ် အနာအဆာ၊ ဘာချို့ယွင်းချက်မှ မရှာဖွေ မစုံစမ်းချင်ဘူး လေ"
ဟု မောင်မောင်မျိုးက ပြောနေစဉ်မှာ မေမေခင်က ဖြတ်မေးလိုက်၏။
"အို … ခင့်မှာ ချို့ယွင်းချက်တွေ၊ အပြစ်အနာအဆာတွေ ရှိချင်ရှိ မရှိချေနေ ကိုမောင်မောင်မျိုး စုံစမ်းရှာဖွေ တွေ့ရှိသွားမှာ စိုးရိမ်စိတ်လုံးဝ မရှိဘူး၊ ဘာကြောင့်လဲဆို တော့ စိုးရိမ်တယ်ဆိုတာ ချစ်ကြိုက်တဲ့စိတ်ရှိမှ ငါ့အပေါ်မှာ အပြစ်အနာတွေ့သွားမလား၊ မုန်းသွားမလားလို့ စိုးရိမ်နေရတာ၊ ခင့်မှာက ချစ်ကြိုက်စိတ်မှ မရှိသေးဘဲ၊ အဲဒီတော့ စိုးရိမ် စိတ်လဲ လုံးဝမရှိဘူးပေါ့ …"
မောင်မောင်မျိုး မျက်နှာပျက်ပြီး ငိုတော့မှာလို ဖြစ်သွားသည်။
"ကိုမျိုး ပြောမိတာ စိတ်ဆိုးမလား … ဟင် …"
"စိတ်တော့ မဆိုးပါဘူး၊ လှိုက်လှိုက်လှဲလှဲ ချစ်နေလို့ ဘာချို့ယွင်းချက် အနာအဆာမှ မစုံစမ်းချင်ဘူး ဆိုတဲ့ စကားက ခင့်မှာ ချို့ယွင်းချက် ရှိနေတာတောင် ချစ်စိတ်ကြောင့် မသိချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး ထွက်နေတာ မခံချင်လို့ပြောတာ"
ထိုအခါမှ မောင်မောင်မျိုး မျက်နှာက ပြန်ကြည်သွားသည်။
"အထင်မလွဲပါနဲ့ ခင်ရာ၊ ကိုမျိုး ဆိုလိုတာက တချို့ယောက်ျားကလေးတွေဆိုရင် မိန်းမ တစ်ယောက်ကို ရည်ရွယ်လိုက်တဲ့အခါ ငါနဲ့ လက်ထပ်ပြီး သူ့မှာ ၀င်ငွေရမယ့်အလုပ် ရှိမလား၊ သူ့ဘက်က နောက်လိုက်တွေ တစ်ပြုံတစ်ထွေးကြီးပါလာလို့ ငါက ဒိုင်ခံရှာကျွေးရ မလား၊ ငါ့ဘက်က မိဘဆွေမျိုးနဲ့ တည့်ပါ့မလား၊ သူ့မှာ ပစ္စည်းဘယ်လောက်ချမ်းသာသလဲ ဆိုတာတွေကို စုံစမ်းတတ်ကြတာ ခင် အသိသား မဟုတ်လား၊ ကိုမျိုးကတော့ ကိုယ် ချစ်ပြီ ဆိုတဲ့နောက် ဖြစ်လာမယ့်အရေးကို အားလုံး ဖြစ်သလို ရင်ဆိုင်မယ်၊ စိတ်ရှုပ်စရာတွေ ကြိုတင် မတွေးဘူး၊ မစုံစမ်းဘူးဆိုတဲ့ အဓိပ္ပာယ်ပါ ခင်ရဲ့"
မောင်မောင်မျိုးက ရေလည်အောင် ရှင်းပြသောအခါ မေမေခင် စိတ်ပြေသွားပြီး မောင်မောင်မျိုးကို သနား သလိုလို ဖြစ်သွားသည်။ ခပ်တွေတွေ ဖြစ်သွားသော မေမေခင် အမူအရာကြောင့် မောင်မောင်မျိုးက အားတက် လာသည်။
"ကိုမျိုး မေတ္တာကို လက်ခံနိုင်မလား ခင် …"
"ရှေးခေတ်က သုံးနှစ်သုံးမိုး စောင့်ကြည့်ကြတယ် ကိုမောင်မောင်မျိုးရဲ့၊ အခု ခင်နဲ့ ကိုမောင်မောင်မျိုး တွေ့မြင်သိကျွမ်းကြတာက တစ်နှစ်ပဲ ရှိသေးတော့ မစောလွန်း မမြန်လွန်းဘူးလာ"
မေမေခင်က ရှေးဆန်ဆန် စကားဖြင့် တုံ့ပြန်သည်။ မေမေခင်စကားက ဆုတ်သာ တက်သာ ဖြစ်သည်။
"ခင့်စိတ် အနှောင့်အယှက် ဖြစ်လာအောင် ကိုမျိုးက အတင်းအကြပ် မတိုက်တွန်းပါဘူး ခင်ရယ်၊ အခု ကိုမျိုး ကျောင်းထွက်ပြီး အလုပ်အကိုင် တည်တည်တံ့တံ့ ရတဲ့အခါ ခင့်ဆီကို မပျက်မကွက် ရောက်အောင် ပြန်လာခဲ့မယ်၊ အဲဒီအချိန်မှာ ခင်တစ်ယောက် နှောင်ကြိုး ချည်သူမရှိဘဲ လွတ်လပ်စွာနဲ့ ကိုမျိုးကို စောင့်မျှော် နေပါနော်…"
မောင်မောင်မျိုး မျှော်လင့်အားတက်ဟန်ဖြင့် ဆိုသည်။
"ဒါကတော့ ဘယ်သူ အတိအကျ ကတိပေးလိုက်နိုင်မလဲ၊ ကံစီမံသမျှပေါ့၊ နှောင်ကြိုး ဆိုတာက ခင်ကိုယ်တိုင် ချည်လိုတဲ့အချိန်ချည်၊ ဖြေလိုတဲ့အချိန် ဖြေဆိုရင် ခင် အမျိုးကောင်းသမီး ဟုတ်နိုင် ပါတော့ မလား၊ ကံတရားက ချည်ဖို့ ဖြေဖို့ ဖန်တီးလာရင်တော့ ခင့်ကိုယ်ပိုင်ဥာဏ်နှင့် ဝေဖန်သုံးသပ် ဆုံးဖြတ် ရမှာပေါ့ ကိုမောင်မောင်မျိုးရယ်"
"ဘာပဲဖြစ်ဖြစ်လေ … ကိုမျိုးကတော့ ခင့်ဆီကို ရောက်အောင် ကြိုးစားပြီး ပြန်လာခဲ့မယ်လို့ မြဲမြံသော ကတိ ပေးပါတယ်၊ ခိုင်မြဲစွာ ချစ်တဲ့ ကိုမျိုးရဲ့ မေတ္တာအရှိန်အဟုန် ရိုက်ခတ်မှု ကြောင့် ခင့်ထံပါးမှာ ဘယ်နှောင်ကြိုးမှ မရစ်ပတ်နိုင်စေဘဲ ဝေးဝေးက လွင့်သွားပါစေလို့ သဲသဲမဲမဲ ဆုတောင်းရတော့မှာပဲ ခင်ရေ့"
ရင်ထဲအသည်းထဲက ထွက်လာသောအသံဖြင့် ပြောနေသော မောင်မောင်မျိုးကို မေမေခင်က ကြည်လင်သောအပြုံးဖြင့် …
"ရေစက်ဆုံရင်တော့ ကြုံရမှာပေါ့ ကိုမောင်မောင်မျိုးရယ်၊ စကားကျွံရင် နှုတ်မရတဲ့ အဖြစ်မျိုးကို ခင် ကြောက်လို့ပါ" ဟု ပြောလိုက်သည်။ ကတိတစ်ခုကို လွယ်လွယ်မပေး တတ်သည့် နည်းတူ၊ ပေးပြီးသော ကတိ ကျိုးပေါက်မည်ကို စိုးရိမ်သည့် မေမေခင်၏ သဘောထားကို မောင်မောင်မျိုးက သဘောပေါက် နားလည် သည်နှင့်အမျှ မေမေခင်ကို ချစ်ခင်မြတ်နိုးသည့်စိတ်တွင် တန်ဖိုးထားသည့် စိတ်ကပ် ထပ်လောင်း လာသောအခါ ပိုမို စုံမက်လာသည်။
"ကိုမျိုး တစ်သက်မှာ ခင် တခြားလူလက်ထဲ မရောက်သမျှ စွဲမြဲတဲ့ မေတ္တာနဲ့ စောင့်စား မျှော်လင့် နေမယ် ဆိုတာ ယုံပါ ခင်"
မောင်မောင်မျိုးက လေးနက်ခိုင်မြဲသော လေသံဖြင့် ပြောလိုက်သည်။
ဆက်ရန်
.

2 comments:
မဖတ်ရသေးတဲ့ စာကြွေးတွေ စုပြီးလာဖတ်သွားတယ် မရွှေစင်ရေ။ ခုမှ နည်းနည်းအားလို့။
မဖတ်ရသေးတဲ့ စာကြွေးတွေ စုပြီးလာဖတ်သွားတယ် amaရွှေစင်ရေ။ ခုမှ နည်းနည်းအားလို့။ ..
copy from MDW.
ama..yay..thanks..
Myatnoe
Post a Comment