Wednesday, September 15, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၃) အပိုင်း (၃)

တိုယိုတာ ငါးတန် (ထရပ်)ကားကြီးသည် လုံးဝ မရွေ့တော့ဘဲ ရပ်နေပြီဖြစ်ရာ ခရိတ်သည် အခဲ မကျေသေးဟန်ဖြင့် အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို ချိန်ရွယ်ကာ နောက်ထပ် ကျည်ဆန် တစ်ကတ်ကုန်အောင် ပစ်လိုက်ပြန်သည်။

စစ်ကားကြီး ဘေးပတ်ဝန်းကျင်တွင် တတိယတပ်မဟာမှ စစ်သားများ လှုပ်လှုပ်ရွရွနှင့် လှုပ်ရှားနေ သည်ကိုလည်း ခပ်ရေးရေးမြင်နေရပေသည်။
ခရိတ်တို့လည်း လင်းရိုဗာကားကို တတ်နိုင်သလောက် ကြိုးစား၍ ဆက်မောင်းကြည့်ရာ လျင်မြန် စွာ မသွားနိုင်လင့်ကစား ခပ်ဖြည်းဖြည်း ခပ်မှန်မှန် မောင်းထွက်နိုင်လေသည်။

အတန်ငယ်သွားမိပြီးနောက် ခရိတ်သည် အမှတ်မဲ့ နောက်သို့ ပြန်လှည့်ကြည့်မိရာ အလွန် အံ့အား သင့်သွားလျက်-
"အလို"ဟု ရေရွတ်လိုက်မိသည်။
စောစောက မလှုပ်မရှား ရပ်နေသော ရန်သူစစ်ကားကြီးသည် ရုတ်တရက် အသက်ပြန်ဝင်လာ သလို လှုပ်ရှားကာ သူတို့နောက်မှ မောင်းလိုက်လာသောကြောင့်ပင်တည်း။

ခရိတ် ပစ်လိုက်သော ကျည်ဆန်တစ်တောင့်တလေက စစ်ကားမောင်းသူအား ထိမှန်၍ ကားခေတ္တ ရပ်သွားခြင်း ဖြစ်ဟန်တူလေသည်။ သူ၏ လက်ချက်ဖြင့် ထရပ်ကားကြီး အနည်းငယ် ထိခိုက် ချို့ယွင်းသွားခြင်း ဖြစ်ကောင်းဖြစ်ပေမည်။
သို့သော် အကြီးအကျယ် ပျက်စီးခြင်း မဟုတ်သဖြင့် ယခုတစ်ဖန် စစ်ကားကြီးလိုက်လာခြင်း ဖြစ် တန်ရာသည်။
ထိုအခိုက်မှာပင် စစ်ကားမှ လှမ်းပစ်လိုက်သော စက်သေနတ်ကျည်ဆန်များသည် လင်းရိုဗာကား၏ နောက်ပိုင်းသို့ လာထိမှန်ပြန်သည်။

ခရိတ်သည် ကားခေါင်မိုးပေါ်မှ လိုက်ပါလာရာ ကားတွင်းမှ တစ်စုံတစ်ယောက် ဟစ်အော် ညည်း ညူသံကြားရသဖြင့် ထိတ်ခနဲ ဖြစ်သွားမိသည်။ မိမိတို့ထဲမှ တစ်ယောက်လောက် ကျည်ဆန်ထိမှန် သွားပြီလောဟု စိုးရိမ်မိရင်း အောက်သို့ လှမ်းမမေးရဲအောင် ဖြစ်နေသည်။

"ကက်ပတိန် နီဘေဘီ ထိသွားပြီရှင့်"
ဆယ်လီက လှမ်းအော်ပြောလိုက်လေသည်။
ဤတွင် ခရိတ်သည် သေနတ်ထိမှန်သူမှာ ဆယ်လီမဟုတ်ကြောင်း သိရသဖြင့် စိတ်ထဲ အနည်း ငယ် သက်သာသွားသလိုတော့ ရှိသည်။

"ဟေ့ ဆယ်လီ ကက်ပတိန် ထိသွားတာ ဒဏ်ရာ တော်တော် ပြင်းသလား။ ဘယ်လိုနေသလဲ"
"တော်တော်ပြင်းတယ်ရှင့်။ သူ့တစ်ကိုယ်လုံးလည်း သွေးတွေချည်းပဲ"
"ဟုတ်လား၊ ဒါပေမဲ ငါတို့ ဒီမှာ ကားရပ်လို့ မဖြစ်ဘူးကွဲ့။ ဆက်မောင်းသွားရလိမ့်မယ်"
ပြောရင်း ခရိတ်သည် ရှေ့သို့ လှမ်းကြည့်လိုက်ရာ အကာအကွယ်ယူစရာ သစ်ပင်ဝါးပင် လုံးဝမရှိ။ ချုံနွယ်ပိတ်ပေါင်းဟူ၍လည်း မရှိဘဲ ပကတိ လွင်တီးခေါင်ပြင် ဖြစ်နေသည်ကို တွေ့ရလေသည်။

စောစောပိုင်းက လမ်းဘေးတွင် ကျိုးတိုးကျဲတဲ မြင်ခဲ့ရသော သစ်ပင်ငယ်များပင် လုံးဝမမြင်ရတော့ ချေ။ မြေပြင်ကျယ်ကြီးသာရှိပြီး မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းထိအောင် လှမ်းမြင်နိုင်သည့် ရှုခင်း တစ်မျိုး ဖြစ်နေလေသည်။
"ဟေ့ ကားကို ရပ်လိုက်စမ်း"

ခရိတ်က ရုတ်တရက် အော်ပြောလိုက်သဖြင့် ဆယ်လီလည်း ဘာမှန်းညာမှန်းမသိဘဲ ကားကို ရပ် လိုက်သည်။
သို့ရာတွင် ဆယ်လီသည် ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ခရိတ်က ဘာကြောင့် မော်တော် ကား ရပ်ခိုင်းကြောင်း သဘောပေါက်သွားလေသည်။

သူတို့ ကားမောင်းနေသည့် ရှေ့တည့်တည့်မြေပြင်တွင် အ၀ါရောင် သားမွေးရှိသော ဘောလုံး တစ်လုံးအရွယ် မရှိတရှိ သတ္တ၀ါများ တွေ့ရလေသည်။ မော်တော်ကားစက်သံကြောင့် ထိုသတ္တ၀ါ များသည် ထိတ်လန့်တကြားဖြစ်ကာ မြေကြီးထဲသို့ တူးယက်ဝင်သွားကြသည်ကိုလည်း သတိပြုမိ သည်။

ဆယ်လီသည် ထိုသတ္တ၀ါမျိုးကို ယခင်က မမြင်ဖူးသဖြင့် အံ့အားသင့်နေမိစဉ် ခရိတ်က ရှင်းပြလေ သည်။
"အဲဒါ ယုန်သတ္တ၀ါတစ်မျိုးပဲကွဲ့။ ဒီ ဇင်ဘာဘွေနိုင်ငံမှာ ရှိတယ်။ နွေဦးရာသီယုန် (စပရင်းဟဲ)လို့ ခေါ်တယ်။ ဒီကောင်တွေက မြေကြီးထဲ တွင်းတူးယက်ပြီး အိမ်လုပ်နေတယ်။ အခု ရှေ့မှာ ဒီကောင် တွေ မရေမတွက်နိုင်လောက်အောင် အများကြီး ရှိနေပြီး ငါတို့သွားမယ့်လမ်းကို ပိတ်နေတယ်"

"ဟုတ်လား သူတို့ပြေးလွှားပုံက သြစတြေးလျနိုင်ငံက သားပိုက်ကောင်လို နောက်ခြေထောက်ကို သာ အသုံးပြုပြီး ခုန်သွားကြတယ်နော်"
ဆယ်လီက ကား၏ ပြတင်းပေါက်မှ ခေါင်းပြူးပြောလိုက်သည်။

သူတို့၏ကားကို ရပ်လိုက်မိခြင်းသည် အလွန်ကံကောင်းသည်ဟု ဆိုရပေမည်။ ဤယုန်အမျိုး အစားသည် ညဘက်တွင်သာ ကျက်စားလေ့ရှိသော သတ္တ၀ါများဖြစ်ပြီး မနက်တွင် လုံးဝမထွက်ဘဲ တွင်းအောင်းနေတတ်သည်။

ယခု မိမိတို့ကား ရှေ့တွင် သတ္တ၀ါအချို့ မြင်လိုက်ရ၍သာ ခရိတ်က သတိရှိစွာဖြင့် ကားကို ရပ် လိုက်ခြင်းဖြစ်သည်။ ယုန်များ ခိုအောင်းရာ တွင်းတွေ့ရှိသောမြေသည် အလွန်ပွလျက် လူတစ် ယောက် မြင်းစီးသွားလျှင်ပင် ပြိုကျကာ ကျွံဝင်သွားမည်ဖြစ်ရာ လင်းရိုဗာကား၏ အလေးချိန်ကို မည်သို့မှ ခံနိုင်မည်မဟုတ်ချေ။ ယခု အလွန်ကံကောင်း၍သာ အချိန်မီ ရပ်တန့်နိုင်လိုက်မိကြခြင်း ဖြစ်လေသည်။

နောက်မှ စစ်ကားကြီးသည် အလှမ်းမဝေးတော့ဘဲ စက်သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်လျက် ပင်ရှိရာ ကျည်ဆန်အချို့သည် ခရိတ်၏ ၀ဲယာနှစ်ဖက်ဘေးမှ ပွတ်ခါသီခါ ဖြတ်သန်းသွားလျက် ရှိ လေသည်။
"ဟေ့…ဆယ်လီ ကားကို လက်ဝဲဘက်ချိုးပြီး ဆားတွင်းမြေချိုင့်ကြီးဘက်ကိုပဲ ပြန်မောင်းပါ"
ခရိတ်က အော်ပြောလိုက်သဖြင့် ဆယ်လီလည်း လင်းရိုဗာကားကို လက်ဝဲဘက်သို့ ချိုးကွေ့လိုက် သည်။

နောက်မှလိုက်လာသော စစ်ကားမှ စက်သေနတ်သံကမစဲဘဲ ဆက်လက်ပေါ်ထွက်နေပြီး လင်းရို ဗာကား ၏ အင်ဂျင်စက်သံ ဆူညံနေသည့်ကြားမှပင် ကက်ပတိန် နီဘေဘီ၏ နာကျင်စွာ ညည်းညူ သံကို ကြားနေရလေသည်။
ဆယ်လီသည် ကားမောင်းနေရာမှ အချိန်ကို လျှော့လိုက်ပြန်သည်။

"ဆက်သွားလို့မဖြစ်ဘူးရှင့်။ ယုန်တွင်းတွေက နေရာတကာမှာ ရှိနေတယ်"
"ဆက်သာ မောင်းပါကွာ"
ခရိတ်က ဇွတ်ပင် ဆက်မောင်းခိုင်းသည်။
နောက်မှ လိုက်လာသော စစ်ကားသည် သူတို့၏ လင်းရိုဗာကား ဆက်မောင်းနိုင်အောင် လမ်းမှ ဖြတ်၍ ပိတ်ဆို့တားဆီးရန် ကွေ့မောင်းလာပြီဖြစ်သည်။ ကားချင်းလည်း တဖြည်းဖြည်း နီးသည် ထက် နီးလာသည်။

ကံအားလျော်စွာ ဆားချက်သည့် မြေချိုင့်ကြီးအနီးသို့ အရောက်တွင် ယုန်တွင်းများ မရှိတော့ ကြောင်း တွေ့ရသဖြင့် ခရိတ်သည် ၀မ်းမြောက်အားတက်သွားမိလေသည်။
ထို့ပြင် မြေနိမ့်ရာကို ဖြတ်ကူးသည့် တံတားကျဉ်းတစ်ခုလည်း ရှိနေရာ ခရိတ်က ကားခေါင်မိုးပေါ်မှ နေ၍ ဆယ်လီအား ထိုတံတားငယ်ဆီသို့ လမ်းညွှန်ပြ၍ မောင်းခိုင်းလေသည်။

ထို့ကြောင့် မကြာမီ သူတို့၏ကားသည် တံတားကို ဖြတ်ကျော်လျက် မြေမာရှိရာသို့ ချောမောစွာ ရောက်သွားလေသည်။
ဆယ်လီသည်လည်း ၀မ်းသာအားရနှင့် လင်းရိုဗာကားကို အမြန်ဆုံး မောင်းရန် ကြိုးစားလေသည်။ သို့သော် ခရိတ်က ဟန့်တားလျက်-

"ဟေ့…အဲဒီဘက်ကို မမောင်းနဲ့ကွ၊ ညာဘက်ကို ချိုးကွေ့လိုက်"ဟု ဟစ်အော် အမိန့်ပေးပြန် သည်။
တတိယ တပ်မဟာမှ စစ်ကားကြီးသည် လင်းရိုဗာကားနောက်သို့ အမီလိုက်ရန်အတွက် စက် သေနတ် ဆက်တိုက်ပစ်ခတ်ရင်း တရကြမ်း မောင်းလာလေသည်။ ခရိတ်ကလည်း သူ၏ အေကေ ၄၇ မောင်းပြန်သေနတ်ဖြင့် ပြန်လည် ပစ်ခတ်လေသည်။
ခဏမျှအကြာတွင် စစ်ကားကြီးသည် ယုန်တွင်းများရှိရာ မြေပျော့နေရာသို့ နင်းမိပြီး ဆင်ကြီး တစ် ကောင် ထောင်ချောက်တွင်းကြီးထဲ လိမ့်ကျဘိသကဲ့သို့ မြေကြီးထဲ နစ်ကျွံကျသွားလေတော့သည်။

ကားပေါ်မှ လက်နက်ကိုင်စစ်သည်များ လွင့်စဉ်ကျကုန်ပြီး ကားကြီးသည် မြေကြီးထဲ တစ်ဝက် နစ် မြှုပ်ကာ ဘေးစောင်းလဲကျနေလေသည်။
ယုန်တွင်းများကြောင့် မခိုင်တော့သော မြေပျော့ကို နင်းမိသဖြင့် ကားကြီး ကျွံကျသွားခြင်းပင် ဖြစ် သည်။
ကားပေါ်မှ လွင့်ကျကုန်သော စစ်သားများသည် ကပျာကယာ ဖုတ်ဖတ်ခါလျက် ပြန်ထနေကြလေ သည်။
ခရိတ်သည် ထိုရှုခင်းကို ကြည့်ပြီး ကျေနပ်အားရမိလေသည်။

"ဟုတ်ပြီကွ၊ သူတို့ ဆက်လိုက်နိုင်တော့မှာမဟုတ်ဘူး။ ကားကြီးကို မြေမာပေါ် ပြန်ဆွဲတင်ဖို့ ဘူးလ်ဒိုဇာ ယန္တရားစက်ကြီးနဲ့မှ ဖြစ်တော့မယ်"
"ဒီမယ်ရှင့် ကက်ပတိန်နီဘေဘီ အခြေအနေ တော်တော်ဆိုးနေပြီ။ ရှင် ဘယ်လိုမှ မကူညီနိုင်ဘူး လား"
ဆယ်လီက ကားမောင်းနေရာမှ လှမ်းပြောလိုက်သဖြင့် ခရိတ်ကားကို ခေတ္တရပ်ခိုင်းပြီး ခေါင်မိုးပေါ် မှ ခုန်ဆင်းကာ ကားတွင်းသို့ ၀င်လိုက်သည်။ ဆယ်လီလည်း ကားကို ဆက်မောင်းသွားလေသည်။

ကက်ပတိန် နီဘေဘီသည် ဒဏ်ရာပြင်းစွာရလျက် ကားပေါ်တွင် ပြတင်းသံပေါင်ကို မှီကာ လဲ လျောင်းနေသည်။ အမြဲတပ်ဆင်ထားသော သူ၏ မျက်မှန်လည်း မရှိတော့။ တစ်ကိုယ်လုံး သွေး များလိမ်းကျံထားသလို နီရဲကာ အသက်ကို ကောင်းစွာမရှူနိုင်သလို ဖြစ်နေရှာလေသည်။

ခရိတ်သည် နီဘေဘီကိုကြည့်ပြီး တုန်လှုပ်ချောက်ချားသွားမိသည်။ စက်သေနတ်ကျည်ဆန်သည် လင်းရိုဗာကား၏ သံဘော်ဒီသံပြားကို ဖောက်ထွင်းလျက် ကက်ပတိန် နီဘေဘီ၏ နောက်ကျောကို ထိမှန်သွားပုံ ရပေသည်။
ခရိတ်က သေချာစွာ ကြည့်လိုက်သောအခါ ခန္ဓာကိုယ်မှ ကျည်ဆန်ဖောက်ထွက်သွားသည့် အရိပ် လက္ခဏာ မတွေ့ရသဖြင့် ကျည်ဆန်သည် ကိုယ်တွင်းမှာပင် ရှိနေသေးသည်ဟု ကောက်ချက် ချမိ လေသည်။

လင်းရိုဗာကား၏ ရှေ့ခန်းတွင် အရေးပေါ်အသုံးပြုရန် ရှေးဦးသူနာပြုနည်းဖြင့် ပြုစုရန်အတွက် ဆေးသေတ္တာတစ်လုံးပါလာရာ ခရိတ်သည် ဆေးသေတ္တာတွင်းမှ ဂွမ်း၊ ပတ်တီးစသော ပစ္စည်းများ ထုတ်ယူ၍ နီဘေဘီ၏ ကျောမှ ဒဏ်ရာကို ဆေးကြောကာ ပတ်တီးစည်းပေးလိုက်သည်။

"အခြေအနေ ဘယ်လိုရှိသလဲရှင့်"
ဆယ်လီက လှမ်းမေးရာ ခရိတ်သည် ကက်ပတိန် နီဘေဘီ ကြားအောင်-
သို့သော် ဆယ်လီဘက်သို့လှည့်၍ ခေါင်းခါပြလိုက်သည်။ အခြေအနေမှန်ကို ပါးစပ်က ဖွင့်မပြော ဘဲ ခေါင်းခါပြ၍ အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

သေနတ်ဒဏ်ရာ၏ အခြေအနေအရ ကက်ပတိန် နီဘေဘီသည် မည်သည့်နည်းနှင့်မျှ အသက်ရှင် နိုင်တော့မည် မဟုတ်ကြောင်း ထင်ရှားနေပေသည်။ ဤဒဏ်ရာမျိုးရရှိပြီးလျှင် မည်သို့မျှ အသက် ရှင်နိုင်မည် မဟုတ်ချေ။ နာရီပိုင်းအတွင်း သေဆုံးသွားရန် သေချာနေပြီ ဖြစ်သည်။

"ကျွန်တော် ကျွန်တော် အသက်ရှူလို့ ကောင်းကောင်း မရဘူး"
ကက်ပတိန် နီဘေဘီက ခပ်တိုးတိုး ညည်းလိုက်ရာ ခရိတ်သည် စိတ်မကောင်းဖြစ်သွားမိသည်။ သူသည် ကက်ပတိန် နီဘေဘီ သတိမေ့မြောနေပါစေဟု မျှော်လင့်မိရာ ယခုတော့ သတိရနေ လျက် ပြင်းစွာ ဝေဒနာခံစားနေရရှာသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။

ကက်ပတိန် နီဘေဘီသည် အသက်ရှူနိုင်ရန် ခရိတ်က ဦးခေါင်းကို ထူပေးထားလိုက်သည်။
"ကျွန်တော့် မျက်မှန်ကော၊ မျက်မှန်မရှိလို့ ကောင်းကောင်း မမြင်ရဘူး"
ကက်ပတိန် နီဘေဘီက ပြောပြန်သဖြင့် ခရိတ်လည်း ကြမ်းပြင်တွင် လိုက်ရှာကြည့်ရာ ကား၏ ကြမ်းပြင်တစ်နေရာတွင် မျက်မှန်ကို မကွဲမရှဘဲ ပြန်တွေ့ရသဖြင့် ကောက်ယူလိုက်သည်။

ထို့နောက် မျက်မှန်ကို ကက်ပတိန် နီဘေဘီ၏ မျက်နှာတွင် တပ်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာခရိတ်ခင်ဗျား"
ကက်ပတိန် နီဘေဘီက ပြောလိုက်ချိန်တွင် သူ၏ မျက်နှာက ပြုံးနေသဖြင့် အံ့သြဖွယ်ရာပင် ဖြစ် နေသည်။
"ကျွန်တော်တော့ ခင်ဗျားတို့နဲ့အတူ နယ်စပ်ကို ဖြတ်ကူးနိုင်တော့မှာ မဟုတ်တော့ပါဘူး"
သူ့ကိုယ်သူ အခြေအနေမှန်သိဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်၍ ခရိတ်သည် စိတ်မကောင်း ဖြစ်သွား ပြန်ကာ နီဘေဘီ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် နှစ်သိမ့်အားပေးလိုက်သည်။

"နောက်က လိုက်လာတဲ့ စစ်သူကြီးကကော"
"ကျုပ်တို့ ပစ်လိုက်လို့ ကားကြီး ရပ်သွားပြီ"
"ဒါဖြင့် ခင်ဗျားတို့အတွက် ဟန်ကျတာပဲ"
ဤသို့ ကက်ပတိန်နီဘေဘီက ပြောလိုက်ချိန်တွင် ကားတစ်စီးလုံးတွင် ရော်ဘာမီးလောင်သည့် အနံ့ကဲ့သို့ စူးရှသောအနံ့များ ဖြစ်ပေါ်နေလေသည်။

"ကား မီးလောင်နေပြီရှင့်"
ဆယ်လီက ပြောလိုက်သဖြင့် ခရိတ်လည်း သေချာစွာကြည့်လိုက်ရာ ကား၏ ရှေ့ပိုင်းတွင် မီး တောက်များ တွေ့ရလေသည်။ ပျက်စီးချို့ယွင်းနေသော ကား၏ဘယ်ရင်မှာ သံများ နီရဲအောင်ပူ လာရာမှ မီးတောက်ကာ ရှေ့ဘီးတာယာကို မီးစွဲလောင်ခြင်းဖြစ်လေသည်။ အင်ဂျင်စက် ရှေ့ပိုင်း တစ်ခုလုံး မီးစွဲလောင်နေပြီ ဖြစ်သည်။
မော်တော်ကားလည်း ရပ်သွားသည်။

သို့သော် အင်ဂျင်စက်က နိုးနေသေးသဖြင့် ခရိတ်က ဆယ်လီအား စက်ရပ်ခိုင်းလိုက်ပြီးနောက် ကားတံခါး ကို လျင်မြန်စွာ ဖွင့်လိုက်သည်။
သူသည် ကား၏ နောက်ပိုင်းတွင်ပါလာသော မီးသတ်ဘူးကို ယူ၍ ပြေးဆင်းကာ မော်တော်ကား ရှေ့ပိုင်းမှ မီးတောက်မီးလျှံများကို မီးသတ်ဘူးဖြင့် ပက်ဖျန်းလျက် ငြိမ်းသတ်ရန် ကြိုးစားလေသည်။
တစ်ဖန် အင်ဂျင်စက်ဖုံးကို ဖွင့်လိုက်ရာ ချစ်ချစ်တောက်ပူနေသော သံပြားကို ကိုင်မိ၍ လက်များ ပြင်းစွာ ပူလောင်သွားလေသည်။

ခရိတ်သည် ဂရုမစိုက်ဘဲ အင်ဂျင်စက်အတွင်းသို့ မီးသတ်ဘူးဖြင့် ပက်ဖျန်းပြီး မီးဆက်မလောင် အောင် ငြိမ်းသက်လေသည်။
ထို့နောက် သူသည် လင်းရိုဗာကား၏ အခြေအနေကို ကြည့်ပြီး-
"တစ်ခုတော့ သေချာတယ်။ ဒီကားဟာ ရှေ့ဆက်မောင်းသွားဖို့ အခြေအနေ လုံးဝမရှိတော့ဘူး"ဟု ပြောလိုက် လေသည်။

အခန်း (၂၄) ဆက်ရန်

.

3 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ကျေးဇူးတင်ပါတယ်ခင်ဗျ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

လသာည said...

ဖတ်ပြီးပြီ။ အစ်မရေ ကျေးဇူးတင်ပါတယ်..။