သူက ယောက်ျားလေးတွေ အချင်းချင်းဆိုတော့ မြထက် သတင်းပိုစုံတာပေါ့။ ဒါနဲ့ ဒီ မောင်မောင်မျိုး ဆိုသူအကြောင်း ကိုမင်းဇင်က ထောက်လှမ်းရေး ၀ါသနာပါသူပီပီ စုံစမ်း ထောက်လှမ်းပြီးပြီလေ၊ မြတို့နှစ်ယောက် ကြားရတဲ့ သတင်းချင်း ဖလှယ်ပြီး ဒီနေ့တော့ ခင့်ကို ဖွင့်မေးမယ်လို့ တိုင်ပင် လာကြတယ်"
မေမေခင်သည် သူငယ်ချင်းနှစ်ယောက်ကို ချစ်ခင်ရင်းစွဲမှာ ကျေးဇူးတင်စိတ်ကပါ ထပ်လောင်းလာသည်။ သူ အေးဆေးသိမ်မွေ့ကြောင်း၊ သည်းခံတတ်ကြောင်း၊ မည်သူနှင့် မဆို အလျှော့ပေးတတ်ကြောင်း သိနေသော မောင်မင်းဇင်နှင့် မြသွင်အေးတို့က သတိ မလစ်ဘဲ သူ့ကို အမြဲစောင့်ရှောက်နေသည်ကို ယခု ထင်ထင်ရှားရှား သိရသောအခါ မောင်နှမအရင်း၊ ညီအစ်မအရင်းလို အားကိုးမိသည်။
"ပြောပါဦး ကိုမင်းဇင်ရယ်၊ ဘာတွေများ ကြားလာသလဲ၊ ခင့်ကို သိက္ခာချ ပြောနေတာဆို ရင် ဒီအကောင် လာတဲ့အခါ မျက်နှာ လက်ညှိုးထိုးပြီး ဖိနပ်နဲ့ကို ရိုက်လွှတ်မယ်"
မေမေခင်က မည်သူ့ကိုမှ ကြိမ်းမောင်းရေရွတ်ခြင်း မလုပ်တတ်ဘဲ၊ ယခု သူ့သိက္ခာ နာမည် နှင့် ပတ်သက်လာသောအခါ ထူးထူးခြားခြား ကြိမ်းမောင်းသဖြင့် မြသွင်အေးနှင့် မောင်မင်းဇင်တို့က သဘောကျ နှစ်ခြိုက်စွာ ရယ်မောကြသည်။
ထို့နောက် မောင်မင်းဇင်က သူ စုံစမ်းသိရသမျှ မောင်မောင်မျိုးအကြောင်း ဖောက်သည် ချသောအခါ မေမေခင်က စူးစူးစိုက်စိုက် နားထောင်ခြင်းဖြင့် မောင်မောင်မျိုးအကြောင်း စုံစုံ လင်လင် သိလိုက်ရသည်။
မောင်မောင်မျိုးမှာ မိဘ မရှိတော့ချေ။ အတော်အသင့် ချမ်းသာကြွယ်ဝသော မောင်မောင်မျိုး၏ မိဘသည် ဖခင်က အရင်ကွယ်လွန်ခဲ့သည်။ မိခင်ဖြစ်သူကမူ လွန်ခဲ့သော နှစ်နှစ်ကျော်ကပင် ကွယ်လွန်သည်။ မိခင်ကြီးသည် ကွယ်လွန်အံ့ဆဲဆဲ၌ နှစ်ယောက် တည်းသာ မွေးထားသော သားအကြီး မောင်အောင်စိုးနှင့် သားငယ် မောင်မောင်မျိုးကို ပစ္စည်းအညီအမျှ အမွေခွဲဝေပေးခဲ့၏။ မိခင် ကွယ်လွန် သောအချိန်က မောင်မောင်မျိုး၏ အစ်ကိုသည် အိမ်ထောင်မရှိသေးချေ။ ဘွဲ့ရပြီးသား အရာရှိ လူပျိုတစ်ယောက် ဖြစ်သည်။ ပညာသင်ကြားဆဲပင် ရှိသေးသော မောင်မောင်မျိုးက သူ့အတွက် အမွေရသော ပစ္စည်း ဥစ္စာတွေကို သူ ပညာသင်နေစဉ် အချိန်ကာလမှာ အစ်ကိုဖြစ်သူထံ စိတ်ချယုံကြည်စွာ အားလုံး လွှဲအပ်ထားခဲ့သည်။ ဦးအောင်စိုးကလည်း ညီငယ် မောင်မောင်မျိုး ပညာ သင်စရိတ်ကို လစဉ်မှန်မှန် အလုံအလောက် ပို့ပေးခဲ့သည်။ မောင်မောင်မျိုးသည် ဟော့ရမ်း ဆိုးသွမ်းခြင်း မရှိဘဲ၊ ပညာကို ကြိုးစားကာ အေးအေးနေတတ်သူ ဖြစ်သည်။
ဤကား မောင်မင်းဇင်သည် ယောက်ျားလေး အချင်းချင်း စုံစမ်းထောက်လှမ်း မေးမြန်းခြင်း ဖြင့် သိရသော မောင်မောင်မျိုးအကြောင်း ဖြစ်သည်။
"သိရသမျှတော့ ချို့ယွင်းချက် မရှိပါဘူး ခင်၊ အခုဆိုရင် မောင်မောင်မျိုးက ဘီ-အက်စ်-စီ နောက်ဆုံးနှစ် ရောက်နေပြီ"
မောင်မင်းဇင်က ဤစကားဖြင့် သူ့ထောက်လှမ်းရေး သတင်းကို နိဂုံးချုပ်လိုက်သည်။
"ယောက္ခမ ပြဿနာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမ ပြဿနာ၊ တာဝန်ယူစရာ ပြဿနာတွေ အတော်ရှင်းတဲ့လူပဲ၊ ခင်က အေးဆေးတဲ့ မိန်းကလေးဆိုတော့ တကယ်လို့ ဟုတ်ခဲ့ရင် တောင် အဆင်ပြေဖို့၊ စိတ်ချမ်းသာဖို့ ရှိပါတယ်ကွယ်"
မြသွင်အေးက သူ့ရှုဒေါင့် သူ့အမြင်မှာ တင်ပြလိုက်သည်။
"အို … မြကလဲ၊ သူတို့နှစ်ယောက် ထင်မြင်ချက်တွေ၊ ထောက်လှမ်းရေး သတင်းတွေ ပြောနေကြတာနဲ့ စကားအစ ပျောက်သွားပြီး၊ ပြောစမ်းပါဦး မောင်မောင်မျိုး ဆန်းလာတဲ့ သတင်းတွေ ကိုမင်းဇင် ကြားလာတယ် ဆိုတာလေ"
မေမေခင်က သူ သိလိုသောအချက်ကို ပြန်လည် ဖော်ထုတ်ပြီး မေးသည်။
"အေး ဟုတ်သားပဲ၊ ခင် သိချင်တာပြောဖို့ မေ့ကျန်ခဲ့တယ်၊ ကျွန်တော် ကြားခဲ့တယ်ဆိုတာ က ခင့်ကို မောင်မောင်မျိုးက သိက္ခာချပြောတာတော့ မဟုတ်ပါဘူး၊ သူက ခင့်ကို ချစ်ခင် စွဲလမ်းကြောင်း၊ သူက စတင် မိတ်ဆွေဖွဲ့လို့ သိကျွမ်းရပေမယ့် ခင်က သူ့ကို ဆက်ဆံပိုတာ အင်မတန် တည်ငြိမ်သိမ်မွေ့ကြောင်း၊ အပြင်ခေါ်ထုတ်ရာ လိုက်ဖို့ဝေးလို့ ကျောင်းဆောင် ဧည့်ခန်းရှေ့က ဘယ်မှ မထွက်ခွာကြောင်း၊ အဲဒီလို သိက္ခာကို ထိန်းတာ သိရလေ၊ သူ့စိတ် မှာ ပိုပြီး စုံမက်မြတ်နိုးလေ ဖြစ်ရကြောင်း သူ့အနေနဲ့ မေမေခင်ကသာ မေတ္တာမျှမယ်၊ ချစ်မယ်ဆိုရင် တစ်သက်တာမှာ သစ္စာရှိရှိနဲ့ သူ မြတ်နိုး ချစ်ခင်သွားနိုင်တယ် ဆိုတာတွေ ပေါ့။ သူနဲ့ ခင်မင်ရင်းနှီးရာ သူငယ်ချင်းနှစ်ဦးကို ပြောရာက သတင်းလွင့်ပြီး ကျွန်တော်တို့ ကြားကြရတာပါ။ ခင် စိတ်ဆိုးစရာတော့ မဟုတ်ပါဘူး"
ငါ့အကြောင်း မဟုတ်တာတွေများ ပြောလေမလားဟု မျက်လုံးအ၀ိုင်းသားဖြင့် နားထောင် နေသော မေမေခင်သည် မောင်မင်းဇင်က စကားဆုံးသောအခါမှ မျက်နှာ ကြည်ကြည် လင်လင်ဖြင့် သက်ပြင်းချကာ ပြုံးလိုက်သည်။
"ဟင်း တော်ပါသေးရဲ့၊ ခင့်ကို သိက္ခာချပြီး မဟုတ်တာတွေများ လျှောက်ပြောနေသလား လို့"
မေမေခင်က စိတ်သက်သာစွာ ပြောသည်။
"မဟုတ်တာတွေ ပြောရင် ခင်က တကယ် ဖိနပ်နဲ့ ရိုက်မှာလား"
မြသွင်အေးက မေးသည်ကို မေမေခင်က …
"သိက္ခာထိခိုက်လာရင် တကယ်ရိုက်မှာပေါ့ မြရဲ့"
ဟု ပြန်ပြောလိုက်သည်။
"အခုတော့ မရိုက်ချင်တော့ဘူး ဟုတ်လား"
"မထိခိုက်ရင် ရိုက်စရာ မလိုတော့ဘူးလေ"
"စိတ်ထဲက နည်းနည်းလောက်တော့ မညွှတ်ဘူးလား ခင်ရဲ့"
"အိုကွယ် မြကလဲ ဘာတွေမေးနေတာလဲ၊ အခုနေတော့ သူ့အပေါ်မှာ ဘယ်လိုမှ ခင် သဘောမထားပါဘူး"
"နောက်တော့ ဘယ်လိုသဘောထားမယ် စိတ်ကူးလဲ"
"မြတစ်ယောက်ဟာလေ သူနဲ့ ကိုယ်ချင်းစာပြီ ထင်တယ်၊ ကိုမင်းဇင် ကြည့်ဆုံးမဦးနော်…"
မေမေခင်နှင့် မြတို့ အပြန်အလှန် ပြောနေသောအခါ မောင်မင်းဇင်က လူကြီးဆန်ဆန် စကားကို ၀င်ပြောလိုက်သည်။
"အခုတင်က မြတို့ ပြောသလို မောင်မောင်မျိုးဘက်က ဘာပြဿနာမှ ပေါ်စရာ မရှိသလို၊ ခင့်ဘက်ကလဲ တစ်ဦးတည်းသော သမီးဖြစ်လို့ ဘာပြဿနာမှ ပေါ်စရာ မရှိပါဘူး၊ ဒါပေမဲ့ ခင့်အနေနဲ့က အသိဥာဏ်ကင်းမဲ့သူလဲ မဟုတ်ဘူး၊ မသိ နားမလည်တဲ့ လူမမယ်ကလေးဘဲ မဟုတ်ဘူး၊ ကိုယ်ပိုင်ဥာဏ်နဲ့ သေသေချာချာ ဝေဖန်စဉ်းစား ဆုံးဖြတ်ပေါ့ ခင်ရယ်၊ ဒီကိစ္စ မျိုးက ကိုယ်ကိုယ်တိုင်က နှစ်သက်သဘောကျမှလဲ စိတ်ချမ်းသာမှု ဖြစ်နိုင်တယ်လေ။ ဘေးလူစကား နားထောင်ပြီး ဖြစ်ရတာမျိုးကတော့ မကောင်းဘူး ခင်ရဲ့၊ အဲ တစ်ခုတော့ ရှိတယ်ပေါ့၊ ခင်ကိုယ်တိုင်က သဘောကျ နှစ်သက်ပြီး ကျွန်တော်တို့ကို သင့်တော်သလား၊ မသင့်တော်ဘူးလားလို့ တိုင်ပင်ရတော့ အခု ကျွန်တော်တို့ သိရတဲ့အတိုင်းဆိုရင် မောင်မောင်မျိုးမှာ ချို့ယွင်းချက် မရှိပါဘူးလို့ပဲ ပြောရမှာပေါ့ ခင်ရယ်"
တည်တည်ငြိမ်ငြိမ် လူကြီးဆန်ဆန် ပြောနေသော မောင်မင်းဇင်စကားကို မေမေခင် လေးလေးစားစားပင် နားထောင်နေသည်။ မောင်မင်းဇင်း စကားဆုံးသောအခါ မြသွင်အေး က သူ့ယူဆချက်ကို ဖြည့်စွက်လိုက်၏။
"ကိုမင်းဇင် ပြောတဲ့ ချို့ယွင်းချက် မရှိပါဘူး ဆိုတာက အခုတက္ကသိုလ်မှာ သူပညာသင်တဲ့ အချိန်အတွင်း သိရသလောက် ပြောတကခင်ရေ့၊ အခု ကိုမင်းဇင်နဲ့ မြတို့ စုံစမ်းသိရလို့ ဒီနေ့ ဒီအချိန်ထိတော့ ချို့ယွင်းချက် မတွေ့သေးဘူး၊ နက်ဖြန်ခါတော့ မပြောတတ်ဘူးပေါ့"
"ကိုမင်းဇင်နဲ့ မြ စကားတွေ မှတ်လောက်သားလောက်ပါပဲ၊ သို့သော် မောင်မောင်မျိုးကို အခု ခင် စကားပြောနေချိန်အထိ မချစ်မကြိုက်ရသေးပါဘူး သူငယ်ချင်းတို့ရာ"
မေမေခင်က ပြန်ပြောသောအခါ မောင်မင်ငးဇင်က ရယ်ပြီး …
"ဒါဖြင့် ခင် ပြောတဲ့အတိုင်း ဒီနေ့ ဒီအချိန်အထိ မချစ်ရသေးဘူးဆိုတော့ နက်ဖြန်ခါကို မသိနိုင်ဘူးပေါ့ ဟုတ်လား ခင်"
ဟု ကျီးစားလိုက်သည်။
"ကဲ ကဲ … ဒီ မောင်မောင်မျိုး ကိစ္စကြီး ခဏလောက် ဆားနယ်ပြီး သိပ်ထားလိုက်ပါဦး၊ ဒီနေ့ ဘယ်ကိုသွားပြီး ဘာဝယ်စားကြမယ်ဆိုတာ တိုင်ပင်ကြရအောင်လေ"
မေမေခင်က စကားလမ်းကြောင်း လွှဲလိုက်မှ မောင်မောင်မျိုးကိစ္စ ပြတ်သွားလေတော့ သည်။
(၄)
မောင်မင်းဇင် စုံစမ်းထောက်လှမ်း၍ သိခဲ့ရသမျှ မောင်မောင်မျိုး၏ ကိုယ်ရေးရာဇ၀င်မှာ ချို့ယွင်းချက် မရှိပေ။ မောင်မောင်မျိုးသည် ခေတ်ကာလ လူပျိုလူရွယ်ကလေးပင် ဖြစ်လင့် ကစား အနေအထိုင် တည်ငြိမ်သည်။ အထူးသဖြင့် မိန်းမနှင့် ပတ်သက်ပြီး ကင်းကင်း ရှင်းရှင်းနေသူ ဖြစ်သည်။ သူ့တစ်သ်တာဝယ် မေမေခင်သည် ပထမဦးဆုံး သူ စိတ်ဝင်စား သော မိန်းမ ဖြစ်၏။ ချိုအေးသာယာသော အသံနှင့် လိုက်ဖက်တင့်မောသည့် ချစ်စဖွယ် ချောမောလှပသော မေမေခင်ကို သူ စိတ်ဝင်စား မိသည် ဆိုလျှင်ပင် ချစ်ခင်ကြင်နာသော မေတ္တာစိတ်၊ မြတ်နိုးစုံမက်သော စွဲလမ်းစိတ်တို့က ကြီးမားစွာ ပေါ်လာ ခဲ့သည်။ ထို့ကြောင့် အရဲစွန့်ပြီး မေမေခင်ကို မိတ်ဆွေဖြစ်အောင် ကြိုးစားခဲ့သည်။
မိတ်ဆွေအဖြစ် မေမေခင်က လက်ခံ၍ ကြည်ဖြူစွာ စကားပြောသောအခါ သူ့ရင်ထဲက အချစ်မေတ္တာကို ဖွင့်ဟရန် အကြိမ်ကြိမ် ကြံရွယ်မိ၏။ သို့သော် သိမ်မွေ့ တည်ကြည်သော် မေမေခင်၏ ဣနြေ္ဒသိက္ခာ ကို ရွံ့မိသည့်အတွက် နှုတ်က မမြွက်ဟရဲဘဲ အသည်းနှလုံးထဲက အဖြစ်ကို မျက်လုံးမှသာ ဖော်ပြနိုင်သည်။
မောင်မောင်မျိုး၏ မျက်လုံးကို မေမေခင်က ကောင်းစွာ ရိပ်မိသော်လည်း ဣနြေ္ဒရှိသော မိန်းကလေးဖြစ်၍ အစဖော်ပျိုးပေးသော စကားမျိုး၊ လမ်းခင်းပေးသော စကားမျိုးကို မပြော ဘဲ ရှောင်ကြဉ်နေသည့်အတွက် မောင်မောင်မျိုးမှာ အစခက်နေရှာသည်။ အစခက်၍ ခဲယဉ်းနေလေ စုံမက်မြတ်နိုးသောစိတ်က ကြီးမားလာလေ ဖြစ်သည်။ မောင်မောင်မျိုးနှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်းက ရိပ်မိ၍ မေးမြန်း သောအခါ မောင်မောင်မျိုးက အကူအညီ ရလိုရငြား ရင်ဖွင့်ပြလိုက်ရာမှာ တစ်ဆင့်စကား တစ်ဆင့်နား ပျံ့လွင့်ပြီး မောင်မင်းဇင်တို့ ကြားသိသွားရခြင်း ဖြစ်သည်။
ဆက်ရန်
.

1 comment:
read .. thank U :)
Post a Comment