ဖြစ်ရန်မှန်
In my hands
Irene Gut Opdyke
with Jennifer Armstrong
သတိပေးသံတွေကို အိုင်ရင်းဂတ်
ဆက်ကာဆက်ကာ ကြားနေရသည်။
ပိုစတာတွေကိုလည်း နေရာတကာမှာ မြင်နေရသည်။
" ဂျူးတွေကို အကူအညီပေးသူမှန်သမျှ သေဒဏ်ပေးခံရမည် "
ပိုလန်ကို နင်းခြေသိမ်းပိုက်ထားသည့်
နာဇီတို့၏ သုံ့ပန်းဘ၀ရောက်နေသည့်
အိုင်ရင်းဂတ်သည် ယင်းအန္တရာယ်တွေကို လုံးဝမမှုခဲ့ပေ။
ဂျာမန်နာဇီတို့၏ ကြောက်မက်ဖွယ်
ရက်စက် ရိုင်းစိုင်းမှုတို့သည် အိုင်ရင်းကို
ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့၏။
တန်ပြန် တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာစေခဲ့၏။
စွန့်စားအားထုတ်မှုတို့သည် မဟာသမုဒ္ဒရာထဲသို့ ရေကလေးတစ်ပေါက်
ကျသလောက်မျှ ရှိစေဦး၊ သူကတော့ အံတုဖို့ သန္နိဋ္ဌာန်ချထားခဲ့ပြီးပြီ။
သတိပေးသံတွေကို အိုင်ရင်းဂတ်
ဆက်ကာဆက်ကာ ကြားနေရသည်။
ပိုစတာတွေကိုလည်း နေရာတကာမှာ မြင်နေရသည်။
" ဂျူးတွေကို အကူအညီပေးသူမှန်သမျှ သေဒဏ်ပေးခံရမည် "
ပိုလန်ကို နင်းခြေသိမ်းပိုက်ထားသည့်
နာဇီတို့၏ သုံ့ပန်းဘ၀ရောက်နေသည့်
အိုင်ရင်းဂတ်သည် ယင်းအန္တရာယ်တွေကို လုံးဝမမှုခဲ့ပေ။
ဂျာမန်နာဇီတို့၏ ကြောက်မက်ဖွယ်
ရက်စက် ရိုင်းစိုင်းမှုတို့သည် အိုင်ရင်းကို
ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့၏။
တန်ပြန် တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာစေခဲ့၏။
စွန့်စားအားထုတ်မှုတို့သည် မဟာသမုဒ္ဒရာထဲသို့ ရေကလေးတစ်ပေါက်
ကျသလောက်မျှ ရှိစေဦး၊ သူကတော့ အံတုဖို့ သန္နိဋ္ဌာန်ချထားခဲ့ပြီးပြီ။
အန္တရာယ်စက်ကွင်းထဲက လျှို့ဝှက်ချက်
စက်သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကြောင့် ကျွန်မ လန့်နိုးသည်။ အိပ်ရာပေါ်တွင် ၀ုန်းခနဲ ထထိုင်ကာ ဘာတွေ ဖြစ်ကုန်ပါလိမ့်ပြီး ဟိုကြည့်၊ သည်ကြည့် ကြည့်လိုက်မိ၏။ အလင်းရောင်ကာ ခန်းဆီး ကို အသာဖယ်ပြီး အပြင်ကိုလှမ်းကြည့်လိုက်တော့ ပို၍ ကျယ်လောင်သော ပေါက်ကွဲသံများကို နားပွင့် မတတ်ကြားရပြန်သည်။
၁၉၄၃ ခုနှစ်၊ မနက်ခင်းဖြစ်ပါ၏။ တာနိုပိုတစ်မြို့လုံးရှိ ဂျူးတွေကို နာဇီတို့အပြတ်ရှင်းနေခြင်းဖြစ် သည်။
အသံဗလံတွေကို ကျွန်မ ထိတ်လန့်ခြင်းနှင့်အတူ ရင်နင့်စွာ နားထောင်နေမိပါသည်။ ထိုစဉ်က ၂၅ နှစ်မျှသာ ရှိသေးသော ကျွန်မသည် နာဇီတို့ ခိုင်းစေသမျှ လုပ်ပေးနေရသည့် သုံ့ပန်းဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။
ဂျာမန်အရာရှိများ၏ စားသောက်ခန်းတွင် ကျွန်မ အလုပ်လုပ်ရသည်။ ဂျူးသုံ့ပန်းများကို ခိုင်းစေ ထားသည့် အ၀တ်လျှော် စက်ခန်းကိုလည်း ကျွန်မ တာဝန်ယူရပါသည်။
အ၀တ်အစား ကမန်းကတန်းလဲပြီး ဂျာမန်အရာရှိတွေ၊ သူတို့အတွင်းရေးမှူးတွေ တဖွဲဖွဲ ရောက်လာ နေသည့် စားသောက်ခန်းသို့ ကျွန်မဆင်းလာခဲ့သည်။ သည်နေ့ သူတို့ စကားနည်းနေကြသည်။ ရွှင် ရွှင်ပျပျမရှိကြ။ ပြီးခဲ့သည့်ညက အပျော်ကြူး၊ အမူးလွန်ထားသဖြင့် သူတို့အားလုံး အရက်နာကျနေ ကြသောကြောင့်ဖြစ်၏။ ဟိုမှာဘက် နံရံများ၏ အတွင်းတွင် လူတွေ မချိမဆန့် သေကျေပျက်စီးနေ ကြသည့် ထိုသူတို့၏ အသံဗလံများသည် သူတို့ကို ပို၍ ခေါင်းကိုက်စေသဖြင့် သူတို့ပို၍ မကြည် မသာ ဖြစ်နေကြ၏။
ကျွန်မ၏ တာဝန်မှာ ဣနြေ္ဒမပျက် သူတို့ကို နံနက်စာကျွေးဖို့ ဖြစ်သည်။ လုံးဝ ခြေလှမ်းမှား၍မဖြစ်ပါ။ အလွန်အင်မတန် အန္တရာယ်ပြွမ်းသည့်လမ်းကို ကျွန်မလျှောက်နေရခြင်း ကြောင့်ဖြစ်ပါ၏။ သည်နေ့မနက် ဝေလီဝေလင်း အချိန်က ဂျူးအလုပ်သမား ၆ ယောက်ကို (ကျွန်မအထင်) စိတ်အချရဆုံး၊ အလုံခြုံဆုံး နေရာတွင် ကျွန်မ၀ှက်ထားခဲ့သည်မဟုတ်လား။ ကျွန်မ၏ လျှို့ဝှက်အခန်းက နာဇီတပ်မှူး ဧဒွတ် ရုဂ်မာ၏ ကိုယ်ပိုင်သီးသန့်ရေချိုးခန်းဖြစ်ပါ၏။
အလုပ်လုပ်နေရင်း ဗိုလ်မှူး၏အခန်းဆီကို ကျွန်မ ပြေးကြည့်ချင်လှပြီ။ ကျွန် မိတ်ဆွေတွေ၏ အခြေ အနေကို ကြည်ချင်လှပြီ။ အခြေအနေပေးသည်နှင့်တစ်ပြိုင်တည်း အပေါ်ထပ်သို့ ကမန်းကတန်း ပြေးတက် ခဲ့တော့၏။
ရေချိုးခန်းတံခါး ဟ နေသည်။ လှစ်ခနဲဝင်ပြီး တံခါးကို နောက်ပြန်ပိတ်လိုက်၏။ သူတို့ အခြေအနေ ကို မေးဖို့ အသံပြုမည့်ဆဲဆဲတွင် ကျွန်မနောက်မှ တံခါးပြန်ပွင့်သွားသည်။ ချာခနဲ ကျွန်မ ပြန်လှည့်လိုက်၏။ ကိုယ်ရံတော်တပ် အညိုရောင် ယူနီဖောင်းဝတ် စစ်သားတစ်ယောက် တံခါးလက်ကိုင်ဘုပေါ်တွင် လက်တင် လျက် ကျွန်မကို ကြောင်ကြည့်နေသည်။ ပြီးမှ အရမ်းအား နာသွားပုံဖြင့် ကျွန်မကို တောင်းပန် သည်။
ကျွန်မ တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွား၏။ သို့သော် ကျွန်မ ဟန်ကိုယ့်ဖို့ လုပ်နိုင်ခဲ့၏။
" ရှင်ဒီမှာ ဘာလာလုပ်တာတုံး "
" ကျွန်တော် ကျွန်တော် တာဝန်နဲ့ပါ "
သူက သူ့ကိုယ်သူ ဣနြေ္ဒဆည်ပြီး ပြန်မေးသည်။
" ခင်ဗျားကော ဒီမှာ ဘာလုပ်နေတာတုံး "
" ကျွန်မ က ဗိုလ်မှူးရုဂ်မာရဲ့ အိမ်ဖော်ပါ၊ ကျွန်မ သန့်ရှင်းရေးလုပ်မလို့၊ ရှင်တဆိတ်ဖယ်ပေးပါ"
" ကောင်းပါပြီ ဖရောင်လိန် "
သူ ရှက်ကိုးရှက်ကန်းနှင့် ထွက်သွားသည်။ ရေချိုးခန်းထဲကို ခေါင်းပြူပြီးဝေ့ကြည့်လိုက်လျှင် ခန်းဆီးပါးပါး ကလေး၏ နောက်တွင် တင်ပျဉ်ခွေထိုင်နေသည့် အီဒါဟော်လာကို တန်းမြင်ရမည်မှာ မုချဖြစ်ပါသည်။
အခြေအနေကို ခဏစောင့်ကြည့်ပြီး ကျွန်မ တံခါးကို သော့ချလိုက်သည်။ ပြီးမှ သက်ပြင်း ရှည်ရှည်ကြီး ချနိုင် ခဲ့ပါ၏။
" အိုင်ရင်း "
အီဒါက လေသံကလေးဖြင့် အသံပြုသည်။
" နင် သိပ်အန္တရယ်များတယ်အိုင်ရင်း၊ ငါတို့ကို သူတို့လက်အပ်လိုက်တော့ "
" ဘာလို့အပ်ရမှာလဲ၊ ကိုယ်ရဲတော်တပ်တွေ ပြန်သွားရင် ဘာလုပ်ရမယ်ဆိုတာ အိုင်ရင်းပြောမယ်၊ အိုင်ရင်း ပြန်မလာ မချင်း ဘာမှမလုပ်နဲ့ ကြားလား "
---------------
မုန်တိုင်း၏အစ
အစောပိုင်းနှစ်များတွင် ကျွန်မသည် ပိုလန်သူကလေးပီပီ ရည်ရွယ်ချက်တစ်ပွေ့ တစ်ပိုက်ကြီးဖြင့် မိုးထိအောင် လှေကားထောင်ချင်ခဲ့၏။ စွန့်စားခန်းတွေ ဖွင့်သည်။ ပြီးတော့ နေ့စဉ်မှတ်တမ်းတွေ ရေးသည်။ ကျွန်မ၏ စိတ်ကူးအိပ်မက်များထဲတွင် ကျွန်မသည် အမြဲတမ်း အသက်ပေါင်းများစွာကို ကယ်တင်သည့် အခန်း၊ အများအတွက် သက်စွန့်ဆံဖျား ကယ်ဆယ်ရေးအခန်းများမှ ပါဝင်ခဲ့၏။
မေမေ့ ကို ကျွန်မတို့ညီအစ်မတတွေက "မမ်မူစီယာ"ဟု ခေါ်ကြသည်။ သိပ်စိတ်ကူးမယဉ်ဖို့၊ လက်တွေ့ ကျကျ အလုပ်မျိုးလုပ်ဖို့ မမ်မူစီယာက ဆုံးမလေ့ရှိသည်။
ညီအစ်မ ၄ ယောက်နှင့်အတူ လူနာများနှင့် မရှိဆင်းရဲသားများအား အစားအစာများဝေငှဖို့ ကျွန်မတို့ ကူညီရသည်။
ကျွန်မ၏ မိဘများသည် လူတိုင်းအပေါ် ညှတာတတ်သူ၊ စာနာတတ်သူများဖြစ်ပါသည်။ အဖေ့ကို ကျွန်မတို့ ညီအစ်မတတွေ စာနာတတ်သူများဖြစ်ပါသည်။ အဖေ့ကို ကျွန်မတို့ ညီအစ်မတတွေက တာတုစ်ဟုခေါ်သည်။ အနာတရဖြစ်လာသည့် တိရစ္ဆာန်များ၊ လက္ခဏာပါးရှားသည့် အိမ်နီးချင်းများ၊ နာမကျန်းဖြစ်လာသည့် မျက်နှာစိမ်းများအတွက် မမ်မူစီယာနှင့်တာတုစ်က အမြဲ တမ်းတံခါးဖွင့်ထားသည်။
မိဘနှစ်ပါး၏ အားပေးမှုကြောင့်ပင် ကျွန်မသည် ၁၉၃၈ ခုနှစ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ရာဒမ်ဆေးရုံ သူနာပြု သင်တန်းကျောင်းတွင် သူနာပြုသင်တန်းတက်ဖြစ်ခဲ့သည်။ သည်တုန်းက ကျွန်အ အသက် ၁၉ နှစ်။ ရာဒမ်ဆိုသည့် မြို့ကလေးမှာ ကျွန်မတို့နေသည့် ကိုဇလိုဝါဂိုရာနှင့် ကီလိုမီတာ ၂၀၀ ဝေးသည်။
အမေ့ညီမ ဒေါ်လေးဟယ်လင်က ရာဒမ်တွင် နေသည်။ တစ်ခါတစ်လေသာ ညစာသွားစားဖြစ်ပြီး အခန်းအောင်း စာကျက်နေသည်ကများပါသည်။
ကျောင်းသားတွေ အစုလိုက်၊ အစုလိုက်၊ လက်ချင်းချိတ်ကာ မျိုးချစ်ကြွေးကြော်သံ သီချင်းများ၊ သံပြိုင်ဆိုပြီး ချီတက်နေကြသည်ကို ကျွန်မ၏ ပြူတင်းပေါက်မှ လှမ်းမြင်နေရပါသည်။ ဟစ်တလာက ပိုလန်ကို ခြိမ်းခြောက်နေပြီဟူသည့် သတင်းများ ကျွန်မတို့ နိုင်ငအ၀ှန်း ပြည့်နေပါပြီ။
ပထမနှစ်ပြီးလို့ ကျောင်းပိတ်ရက် အိမ်အပြန်တွင် ကျွန်မတို့ မြို့ကလေး လုံးလုံးကြီးပြောင်းလဲသည် ကိုတွေ့ရပါသည်။ ကိုဇလိုဝါ ဂိုရာမြို့ကလေးမှာ ပိုလန်နှင့် ဂျာမန်နယ်စပ်မှ နယ်ခြားမြို့ကလေးဖြစ် ပါသည်။ ကျွန်မတို့ အိမ်နီးနားချင်းအများစုမှာ ဂျာမန်အနွယ်များဖြစ်ကြပြီး ကျွန်မတို့၏ မျိုးရိုးအမည် သည်ပင် "ဂတ်" ဖြစ်နေသဖြင့် ဂျာမန်သွေးမကင်းဟု ပြောနေကြသူများရှိပါသည်။
ကျွန်မ အံ့သြမဆုံးဖြစ်ရသည့် ကိစ္စမှာ ကိုဇလိုဝါဂိုရ မြို့သား အချို့က ပိုလန်မိရိုးဖလာကိုစွန့်ပြီး နေ့ ချင်းညချင်း ဂျာမန်အရေခွံ လဲလိုက်ခြင်းဖြစ်ပါသည်။ ပိုပြီး နားမလည်နိုင်သည့်အဖြစ်မှာ ဈေးဆိုင် အချို့တွင် " ဂျူးတွေရောင်းသည့် ပစ္စည်းမ၀ယ်ကြနဲ့ " ဟူသည့် စာတန်းများ ချိတ်ထားခြင်းဖြစ်၏။
အချို့ဆိုင်များတွင် " လွတ်လပ်သောပိုလန်နိုင်ငံဖြစ်ချင်လျှင် ဂျူးတွေကိုရှစ်ပစ်" ဟုပင် ရေးကပ် ထားသည်။ ဘာသာအယူဝါဒ ကွဲပြားမှုကြောင့် လူလူချင်းအဆင့်အတန်း ခွဲပစ်ခြင်းကို ကျွန်မ လုံးဝ နားမလည်နိုင်ပါ။ ခုတော့ တကယ်ဖြစ်လာနေပါပြီ။ ဟစ်တလာကြောင့် သည်ကိစ္စ ပေါ်လာခြင်း ဖြစ်ပါ၏။
၁၉၃၉ ခုနှစ်သည် မိသားစုနှင့် ပျော်ရွှင်စွာနေခဲ့ရသည့် ကျွန်မ၏ နောက်ဆုံးနှစ်ဖြစ်ပါသည်။ သို့သော် သည်လိုဖြစ်လာလိမ့်မည်ဟူ၍ ကျွန်မတို့ လုံးဝ ကြိုမသိခဲ့ကြပါ။ ကျွန်မ ရာဒမ်ကို သြဂုတ် လထဲမှာ ပြန်လာခဲ့ပါသည်။ ထိုလ ၂၃ ရက်နေ့မှာပင် ဆိုဗီယက်နှင့် ဂျာမန်နိုင်ငံတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မကျူးကျော်ရေးစာချုပ် ချုပ်လိုက်ကြသည်။ " သည် သတင်းကြောင့် ပိုလန် ဘာဖြစ်လာ နိုင်သလဲ " ဟူသည့် ပြဿနာကို လူတွေ အမျိုးမျိုး ထင်ကြေးပေးနေကြ၏။ သည်တိုင်းပြည် နှစ်ပြည်ကြားတွင် ကျွန်မတို့ နိုင်ငံသည် အကာအကွယ်မဲ့စွာဖြင့် ငြိမ်ငြိမ်ကလေး ကုပ်နေရသည်။
သူတို့ ဘာလုပ်ကြမှာလဲ၊ ပိုလန်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီး စားသောက်ဝါးမျို ပစ်ကြ မှာလား။
မုန်တိုင်းကျသည့် နေ့မှာ စက်တင်ဘာလ ၁ ရက်နေ့ဖြစ်သည်။ ဆေးရုံမှ ကျွန်မ အိမ်ပြန်အလာ လမ်းပေါ် တွင် လူရှင်းနေ၏။ လေယာဉ်ပျံသံတွေ ကောင်းကင်တွင် ဆူညံသွားသည်။ ဘုရား၊ ဘုရား၊ ဂျာမန် ဗုံးကျဲလေယာဉ် တွေ အုပ်လိုက်ကြီးပါလား။ အတန်းလိုက် အတန်းလိုက် ပျံလာနေခြင်းဖြစ်၏။ တစ်ဆက် တည်း ပေါက်ကွဲသံတွေ နားပွင့်မတတ် ကျွန်မ ကြားလိုက်ရသည်။
လေထဲတွင် ဆင်းလာနေသည့် ဗုံးတွေ၏ တရွှီရွှီမြည်သံ။ ပြီးတော့ ပေါက်ကွဲသံတွေ အ၀ီစိပွက်သလို ဆူညံ သွားတော့၏။
ကွင်းပြင်တစ်ဖက်မှ တိုက်ကြီးတစ်လုံးသည် ကျွန်မ မျက်စိအောက်တွင်ပင် တစ်စစီဖြစ်သွားသည်။ ဆိုဖာကြီးတစ်လုံး လမ်းပေါ်ကို လွင့်စဉ်ကျလာ၏။ မတ်တတ်ကြီး သတိလစ်နေသူတစ်ယောက်လို ကျွန်မ ကြောင်ပြီး အတောင့်သား ရပ်နေမိသည်။ ထိုစဉ် တစ်စုံတစ်ယောက်က ကျွန်မလက်ကို ဆွဲပြီး " ဟေ့ လာ၊ တို့ဆေးရုံပြန်ပြေးမှ ဖြစ်မယ်" ဆိုကာ ပြန်လှည့်ပြေးကြသည်။ ကြည့်လိုက်တော့ ဆေးရုံမှ အလုပ်သင် ဆရာဝန် ကလေးတစ်ယောက်။
ကျွန်မတို့ ဆေးရုံရောက်တော့် လူနာတွေနှင့် မြင်မကောင်း၊ ရှုမကောင်း ဖြစ်နေပြီ။ လူနာခုတင်တွေ ပေါ်မှာ၊ ကြမ်းပြင်ပေါ်မှာ၊ ကုလားထိုင်တွေပေါ်မှာ၊ လှေကားထစ်တွေပေါ်မှာ အနှံ့အပြား။
မကြာခင် စစ်သားလူနာတွေပါ ရောက်လာသည်။ ဂျာမန်တွေက အနောက်ပိုင်း ပိုလန်ကို လျှပ်တစ်ပြက် အတွက် သိမ်းလိုက်ပြီတဲ့။
ကြောက်မက်ဖွယ်ရာ ဧရာမ ဒဏ်ရာကြီးတွေကို ဆေးထည့်၊ ပတ်တီးစည်းရင်း ကျွန်မလက်တွေ တဆတ် ဆတ် တုန်နေသည်။ ကျွန်မ၏ အချစ်ဆုံးမိသားစုသည် ဂျာမန်တို့ သိမ်းပိုက်နယ်မြေအတွင်းသို့ ကျရောက် သွားလေပြီ။ သူတို့နှင့် ကျွန်မပြန်လည်၍ တွေ့ဆုံနိုင်ကြပါ တော့မည်လား။
-------------------------
ဘာသာပြန် - တင်မောင်မြင့်
ဆက်ရန်
.
ဆက်ရန်
.
6 comments:
ဒီတပုဒ်တော့ ဂရုတစိုက်နဲ့ စောင့်ဖတ်အုံးမယ်။
တင်တဲ့သူတင်ပေးတာတောင် မအားမလပ်နဲ့ အခန်းတွေ လွတ်လွတ်ကုန်တယ် အစ်မရေ။
ဆရာမရေ... ဒီတစ်ပုဒ်ကိုလည်း စိတ်ဝင်စားလို့ ဆက်လက်စောင့်မျှော်ဖတ်ပါအုံးမယ်ခင်ဗျ....
သဒိုးက လည်း စောင့်ရအုံးမှာဆိုတော့ ဖတ်စရာ အစား တစ်ခု ရလာတာပေါ့ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
စာအုပ်နဲ့ဖတ်ချင်လိုက်တာ ဂျီးဒေါ်ရယ်...ဂျူးနဲ့ဂျာမန်တွေရဲ့ဇာတ်လမ်းဆို သိပ်ကြိုက်တာဗျ..။
မနေ့က ကမန်း ကတန်း လာဖတ်သွားသေးတယ် အစ်မ။ အခုမှ သေချာ လာဖတ်ရတယ်။ နောက်တစ်ဆက် ထပ်ဖတ်လိုက်ဦးမယ်။
ဒီလို ဇာတ်လမ်းတွေဆိုရင် ကြိုက်တယ်။
အစ အဆုံး ရပြီမို့.. စ ဖတ်နေပြီ အစ်မ... ကျေးဇူးပါနော်
Pretty nice post. I just stumbled upon your blog and wanted to say that I have really enjoyed browsing your blog posts. In any case I’ll be subscribing to your feed and I hope you write again soon!
Post a Comment