ဆယ်နှစ်
ဂျာနယ်ကျော် - မမလေး
ဂျာနယ်ကျော် - မမလေး
(၁ )
ဆောင်းပါး ရေးမည်ဟု စာရွက်ပေါ်၌ ဤခေါင်းစဉ်ကို ရေးလိုက်သည်။ ခေါင်းစဉ်ရေးပြီးနောက် စာ တစ်ကြောင်းမှ မဖြစ်။ ဆယ်နှစ် ဟု ရေးချလိုက်သော စာလုံးကလေးများကို ငေးငိုင် စိုက်ကြည့်လျက် အချိန် သာ ကုန်ကာ မရေးနိုင်ဘဲ ဖြစ်ခဲ့ရသည်။
ရေးမည်ဟု ကြံခဲ့သောနေ့မှာ ဦးချစ်မောင် သေပြီး ဆယ်နှစ်မြောက်အထိမ်းအမှတ် ပြုလုပ် ပြီးစီးသွားသော ၁၃၁၇ ခု တန်ခူးလဆန်း နှစ်ရက်နေ့ ညက ဖြစ်၏။ ခေါင်းစဉ်သာ ရေးသားလျက် စာတစ်ကြောင်းမှ မဖြစ်ခဲ့သော ကော်ပီစာအုပ်သည် ကာလအတန်ကြာအောင် ပျောက်ကွယ်လျက ရှိချေ၏။
ကုန်ဆုံးခဲ့သော ဆယ်နှစ်မြောက် ၁၃၁၇ ခု တန်ခူးလဆန်း နှစ်ရက်နေ့မှ ၁၃၁၈ ခု တန်ခူးလ ကျော်သွားသည့်တိုင်အောင် ဆယ်နှစ် ဟု ခေါင်းစဉ် ရေးထားခဲ့သော ယင်းစာအုပ်ကို အတွေ့ မမြင်ဘဲ ရှိမိ သည်။
တရုတ်ပြည်မှ ပြန်ရောက်လာသောနေ့ ညက ဤစာအုပ်ကို ယူနီဖောင်းသေတ္တာထဲ၌ သွားတွေ့ရ၏။ ပွရောင်း ရှုပ်ထွေးတေသော အထည်ပုံ ကြားထားမှ ဤစာအုပ်သည် ထွက်တော်မူလာလေသည်။
ဆယ်နှစ် ဟု ရေးထားသော စာလုံးများကို စိုက်ကြည့်လျက် ရှိသော မျက်လုံးသည် လှုပ်ရှားခြင်း မရှိ။ စာရွက် ကို ကိုင်ထားသော လက်သည် လေငန်းဖြတ်၍ အကြောဆွဲနေသော လက်ကဲ့သို့ တဆတ် ဆတ် တုန်နေ သည်။ ရင်ထဲ၌ ရှိုက်လျက် လှိုက်လျက်ဖြင့် ငေးစိုက်လျက် ရှိနေ၏။
ခေါင်းစဉ်ကို ရေးလျက် စာကြောင်း မဖြစ်ခဲ့သော အကြောင်းအရာများသည် စုပေါင်း ပေါ်လာကြလေ၏။ ပေါ်လာ ကြသည့် သဏ္ဍာန်များကို မြင်ပုံမြင်နည်းသည် တစ်မျိုးတစ်ဖုံ ဖြစ်နေပေ၏။ ပေါ်လာသမျှတို့သည် အသက် ၀င်၍ လှုပ်ရှားနေကြကာ၊ ကျွန်မအဖို့မူ အသက် အရှိသူနှင့် တူလှပေ ၏။ စိတ်ထဲ၌ မှောင်အတိ ကျသွား လျက် ပတ်ဝန်းကျင်ကိုလည်း သတိမရှိ၊ ကိုယ့်ကိုယ်ကိုယ်လည်း အမှတ်မရှိ၊ မှောင်ဖုံးလျက် ရှိ လေကာ ညမှောင်ထဲ၌ လူးလွန့်နေသော သဏ္ဍာန်ကလေး တစ်ခုကို မြင်နေရပေသည်။
ထိုသဏ္ဍာန်သည် လွန်ခဲ့သော အတိတ်က ကျွန်မကို ယခု ကျွန်မ ပြန်မြင်ရသောအခါ တစ်ပါးသူ တစ်ယောက် ကဲ့သို့ လှမ်းခွာမြင်နေသော အမြင်တစ်မျိုး မြင်နေလေသည်။ ကျွန်မမှာ ရုပ်ရှင်ကားကောင်း တစ်ခု ကို ထိုင်ကြည့်နေရသည်နှင့် မခြား၊ စိတ်ဝင်စားလျက် ရှိတော့၏။ မျက်စိထဲစ၍ ပေါ်လာသည်ကား မှောင်မှောင် မည်းမည်းထဲ၌ လဲလျောင်း လူလွန့်နေသော သဏ္ဍာန်က စ လေသတည်း။
(၂)
ကျွန်မသည် မှောင်ထဲ၌ လဲလျောင်းရင်း မျက်လုံးမှိတ်ကာ လူးလွန့်နေလေ၏။ ခွေးဟောင်သံ ကို ကြားလိုက် ရသည်။ ကျွန်မ ခေါင်းရင်း၌ ခွေးတစ်ကောင် ထဟောင်နေသည်။ အဝေးက မောင်းလာ သော ကားသံမှာ တဖြည်းဖြည်း ကျွန်မအနား ရောက်လာကာ ကျွန်မကို သီသီကလေး ပွတ်သွားလေ သည်။ လေအဟုန်ဖြင့် ကတ္တရာ စေးလမ်းနှင့် ဘီးနှင့် လှိမ့်ပွတ်လာသော ဆိုက်ကားသံမှာလည်း ကျွန်မ ကိုယ်ပေါ်မှ ဖြတ်ကြိတ်နင်း သွားတော့ မည့် အတိုင်းပင်။ ကျွန်မ စိတ်ထဲ၌ ကျွန်မမှာ ပေတစ်ရာလမ်းဘေး ပလက်ဖောင်းပေါ်၌ လှဲအိပ် နေဘိ သကဲ့သို့ ထင်စားမိသည်။
ကျွန်မ အိပ်နေသော ဇရပ်နှင့် ပေတစ်ရာ လမ်းမမှာ တစ်သားတည်းကဲ့သို့ တစ်ပြင်တည်း နေသည်။ လမ်းဘေး ပလက်ဖောင်းမှာ ကျွန်မ အိပ်နေသော နေရာနှင့် တစ်ပြေးတည်း ဖြစ်လေသည်။
ကျွန်မ ရောက်နေသော နေရာသည် ရွှေတိဂုံဘုရား ခြေရင်းရှိ ပုလိပ်မင်းကြီးဟောင်း ဦးဘရီ၏ အောင်မင်္ဂလာ ဇရပ်ကြီး ဖြစ်သည်။ ဇရပ်ထဲ၌ ရှင်းလင်းလျက် သားမွေးကော်ဇောကြီးများ ခန်းပြည့်ခင်း ထား၏။ နံရံ၌ ကပ်လျက်ရှိသော စင်မြင့်ပေါ်၌ ကွယ်လွန်သူ ဦးချစ်မောင်၏ ပန်းချီပုံကားကြီင်္း ထောင် ထားကာ ပန်းခက်ပန်းကုံးများ ၀န်းရံ ခွေပတ်ထားလေသည်။
ဇရပ်နောက် ခန်းထဲ၌ မီးရောင်ကလေး လင်းနေလျက်၊ ဇရပ်ထဲတွင် မီးမှိတ်ကာ မှောင်နေသည်။
ကျွန်မသည် လမ်းပေါ်မှ ဖြတ်သန်းသွလြာနေသော အသံဗလံများကြောင့် မအိပ်နိုင်ဘဲ လူးလွန့်နေရာမှ ငေါက်ခနဲ ထ ၍ ထိုင်လိုက်လေသည်။ ကျွန်မ ဘေးတွင် ချစ်ခင်သော အစ်မကြီးတစ်ယောက် အိပ်နေ၏။ ခန်းလုံးပြည့် ခင်းထားသော ကော်ဇောများပေါ်တွင် စီးတန်းလျက် တချို့လည်း ခေါင်းချင်းဆိုင်ကြလျက် အိပ်စက် နေကြသော သူများကို လမ်းမီးရောင်များဖြင့် ၀ိုးတိုးဝါးတား မြင်နိုင်၏။
မောင်သိန်းတန်နှင့် မိုးဟိန်းမှာ ကျွန်မ ခေါင်းရင်၌ ကန့်လန့် အိပ်နေကြ၏။ မခင်လေးမြင့်မှာ ခပ်လှမ်းလှမ်း တွင် သူ့အဒေါ်များနှင့် တန်းစီ အိပ်နေလေ၏။
ဆယ်နှစ်မြောက် အထိမ်အမှတ်ပွဲအတွက် အရုဏ်တက်တွင် သက်စေ့သံဃာတော်တို့အား ဆွမ်းကပ်လှူရန်၊ ထို့ပြင် ဦးချစ်မောင်၏ မိတ်ဆွေသင်္ဂဟများအား နံနက်စာ ထမင်းနှင့် ချိုချဉ်ခဲဖွယ်များ ကျွေးရန်၊ အစစ စီမံ ပြင်ဆင် ရခြင်းဖြင့် ညဥ့်နက်မှ အိပ်ကြရလေရာ အားလုံး အိပ်မောကျလျက် နေကြလေ၏။
ကျွန်မ သည် ပန်းခက်ပန်းပွင့်များ ကြားမှ ၀ိုးတ၀ါး မြင်ရသော ပန်းချီကားကြီးကို လှမ်းကြည့်နေ လေ၏။
အဝေး မှ ခွေးဟောင်သံများ ထွက်ပေါ်လာသည်။ ဇရပ်ပတ်လည်၌ရှိသော ခွေးတို့သည် တစ်ပြိုင်တည်း လိုက် ၍ ဟောင်ကြအူကြလေသည်။ ဆိုးဝါးလှသော ခွေအူသံများ အုန်းကျွက် ဆူညံလျက် ရှိနေ၍ ထိုင်ရာမှ ထ သွားသည်။ ဇရပ်သံတံခါး အပြင်မှ ခွေးများကို မောင်းနှင်ပစ်သည်။ ခွေးအူသံများမှာ မစဲနိုင်ဘဲ တိုးအူ နေကြ၏။ ကျွန်မသည် သံတံခါးနား၌ ရပ်လျက် လမ်းတစ်ဖက်သို့ လှမ်းမျှော်ကြည့်မိသည်။ လမ်းတစ်ဖက်၌ ၀တ်ရုံ ညိုမည်းကြီး လွှမ်းလျက် ဧရာမသတ္တ၀ါကြီင်္နှင့် တူလှ သော စတုဒိသာ ဇရပ်ကြီးသည် ကုန်းကုန်းကြီး ၀ပ်တွား ဆိတ်သုဉ်းလျက်ရှိ၏။ သံတံခါးနား၌ အသံကုန် ဟစ်လျက်အူနေသော ခွေးအူသံကြီးကို အဖော် ပြုလျက် စတုဒိသာ ဇရပ်ကြီးကို မျှော်ကြည့်ရင်း စိတ်ထဲ လှုပ်ရှားလာလေသည်။
ကျွန်မ စိတ်ထဲ၌ လှုပ်ရှားလာသည်နှင့်အမျှ ကုန်းကုန်း ၀ပ်တွားနေသော ဧရာမ သတ္တ၀ါကြီး လည်း လှုပ်ယမ်း လာကာ၊ ကြည့်ရင်းကြည့်ရင်းပင် ကိုယ်ပေါ်မှ ၀တ်ရုံမည်းကြီးသည် တစ်စစ ကွဲဟလာ သည်။ ကွဲဟ သွားသည့် အတွင်း၌ မီးရောင်များသည် ထိန်လင်း ထွန်းတောက်လျက် ရှိနေသည်။
လူသေ ၏ အလောင်းကို မွမ်းမံ ပြင်ဆင်ထားသော မသာခုတင်ကို မီးရောင်အောင်၌ ထင်းထင်း ကြီး တွေ့ရလေသည်။ ခုတင်အထက်တွင် ဖဲစအနက်များဖြင့် နဖူးစည်းလုပ်၍ ပိုးပ၀ါဖြူများ ပတ်ရုံချကာ ပိုးပ၀ါ လိုက်ကာ ပေါ်၌ ဖဲပွင့်အနက်များ တပ်ဆင်ထားသည်။
ခုတင်ပေါ်မှ လူသေ၏ မျက်နှာမှ ပိန်ချုံးဟောက်ပက်လျက် ရှိကာ ညှိုးခြောက်နေ၏။ ကိုယ်ပေါ်၌ ယောလုံချည် အနက်၊ ပင်နီအင်္ကျီ လွှမ်းဆင်ထားသည်။ သေသူ၏ မျက်နှာမှာ မှတ်မိနိုင်စရာ မရှိအောင် ပျစ်ထူ နေသော ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးတို့ဖြင့် ဖုံးအုပ်နေလေသည်။
မသာခုတင်ဘေးတွင် ခုတင်ပေါ်၌ ခေါင်းကို စောင်းတင် မှီထားကာ ထိုင်နေသော သူကိုလည်း မြင်မိသည်။ မသာခုတင် နှင့် မလှမ်းမကမ်း၌ ပိုးလိုးပက်လက် အိပ်စက်နေသော လူမမည်ကလေး သုံးယောက်လည်း တွေ့ရ လေ၏။ ကလေးသုံယောက်မှာ ခုနစ်နှစ်သမီး အရွယ်နှင့် ငါးနှစ်၊ လေးနှစ်သာ အရွယ်များ ဖြစ်ကြ သည်။
စတုဒိသာ ဇရပ်ထက် မသာခုတင်ဘေးတွင် ခေါင်းတင်လျက် မှီထိုင်နေသော အကြင်သူနှင့်၊ အောင်မင်္ဂလာ ဇရပ်ကြီးထဲ ၌ သံတိုင်သံတံခါးကို ကိုင်လျက်ရပ်ကြည့်နေသော ကျွန်မနှင့် ကတ္တရာစေး လမ်းမကြီး ခြားနေ လေသည်။
ကျွန်မသည် ဇရပ်နှစ်ဆောင်ကြားမှ ပေတစ်ရာလမ်းကို သဲသဲမဲမဲ စိုက်တွေကြည့်ပြန်လျက် ရင်ထဲ၌ လှုပ်ရှား လာလေ၏။
ဇရပ်နှစ်ဆောင် ကြားတွင် ခြားထားသော ဤလမ်းသည် တစ်ဆောင်နှင့်တစ်ဆောင်သိုက ဖြတ်ကူးသွားရန် အမြင် အားဖြင့် ဘယ်လောက်မျှ အဝေးလံလှလျက်၊ ကျွန်မမှာ စတုဒိသာဇရပ်မှ အောင်မင်္ဂလာဇရပ်သို့ ရောက် လာအောင် ဆယ်နှစ်ကြာမျှ ကူးလျှောက်ခဲ့ရလေ၏။
ကျွန်မသည် စတုဒိသာ ဇရပ်ထဲမှ မသာခုတင်ပေါ်က သေသူ၏ ရုပ်အလောင်းကိုလည်း မြင်လေ၏။ အောင်မင်္ဂလာ ဇရပ်ထဲရှိ စင်မြင့်ပေါ်မှ သေသူ၏ ရုပ်ပုံကားကြီးကို လှည့်၍ ကြည့်လေ၏။ စတုဒိသာ ဇရပ် ထဲ၌ ခုနစ်နှစ်၊ ငါးနှစ်၊ လေးနှစ်ရွယ်ရှိ ပိုးလိုးပက်လက် အိပ်စက်နေသော ကလေးတို့လည်း အောင်မင်္ဂလာ ဇရပ်ထဲ၌ ၁၇ နှစ်၊ ၁၅ နှစ်၊ ၁၄ နှစ်အရွယ် ပိုးလိုးပက်လက် အိပ်စက်လျက် နေကြကုန်၏။
စတုဒိသာ ဇရပ်ကြီးထဲ၌ ရှိလေသော ကျွန်သည် ရှေ့ရေးကို အတောမသတ် တွေးပူနေလေ၏။ ဒီကလေး တွေနှင့် ရှေ့လျွှောက်သွားရမည့် ဘ၀ခရီးကို မစဉ်ီးစားဝံ့သလောက် စိတ်ပျက် အားလျော့ လျက် ရှိနေ၏။ ဇရပ်ထဲ ၌ ပဆွေးကြီး ဆွေးနေသူ၊ အပူကြီး ပူနေသူ၊ ခေါင်းမီးလောင်လျက် ပရိဒေ၀မီး တောက်နေသူကို လမ်းတစ်ဖက် ရှိ အောင်မင်္ဂလာဇရပ်မှ ပြန်၍ မျှော်ကြည့်ကာ ကျွန်မရင်ထဲ၌ မချမ်းမသာ ဖြစ်လာတော့၏။
ကျွန်မသည်။ ဇရပ်သံတံခါးမှ ခွာလိုက်ကာ ကျွန်မနေရာသို့ ပြန်လျှောက်လာခဲ့သည်။ ကော်ဇောပေါ်၌ လှဲလှိက်ကာ နဖူ ပေါ် လက်တင်လျက် သက်ပြင်းကြီး ချမိလေ၏။
စတုဒိသာ ဇရပ်မှ အစချီ၍ ဆယ်နှစ်အတွင်း ကျင်လည် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ သည် ပြန်၍ မစဉ်းစားဘဲ မနေနုင်အောင် ဖြစ်လာလေသည်။ ဆယ်နှစ်ခရီးကို အစအဆုံး ပြန်လည် ဆင်ခြင် သုံးသပ်ကြည့် နေမိလေသည်။
ဆယ်နှစ်အတွင်း ၀မ်းနည်းစရာ၊ စိတ်ညစ်စရာ၊ ထိတ်လန့်စရာ၊ ငိုချင်စရာ၊ သေချင်စရာတွေ နှင့်တကွ ခရီးလမ်း တစ်လျှောကလုံး လှိုင်းတံပိုးတို့ ပုတ်ခတ်လျက် ရှိသော ဘ၀ကို ဆယ်နှစ်ပတ်လုံး ရင် မ လျက် လူးလဲ ဖြတ်ကျော်ခဲ့စဉ် တစ်ကွေ့တစ်လှည့်တွင်လည်း ၀မ်းသာစရာ၊ အားတက်စရာ၊ ပျော်ရွှင်စရာတို့နှင့် တိုးမိ တိုက်မိ လျက် ဖြစ်လိုက်ပျက်လိုက်၊ ပျက်လိုက်ဖြစ်လိုက် ဖြစ်ပျက်နေသော ဘ၀၏ အဆိုးအကောင်း အကျိုးအပြစ်များကို ခရေစေ့တွင်းကျ ပြန်လည် ထင်မြင်ကြည့်သောအခါ...။
သူသည် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုသော တရားကို ထားခဲ့ကာ ကွယ်လွန်သွားလေသည်. ကျွန်မသည် သူသေပြီး နောက် သူထားခဲ့သော သည်တရားကို ခေါင်းထဲမှ မထွက်လေအောင် သံမှိုနှက်ထားလိုက်သည်။ ပစ္စည်း ဆိုလျှင်လည်း ဟုတ်မှန်ပေ၏။
သူမသေမီ သုံးလလောက်က ကျွန်မတို့၌ ကျောအောက်၌ ခင်းအိပ်စရာဖျာပင် မရှိသလောက် အဖြစ်ဆိုးနှင့် အလျင် ကြုံရလေသည်။ ဆရာဖြစ်သင်ကောလိပ်ကျောင်းကြီးကို ဗုံးကြဲစဉ်က ကျွန်မတို့ မှာ ပြည်လမ်း၌ နေမိ၍ လမ်းထဲမှ အမြန် ထွက်သွာရန် ဂျပန်များက မောင်းထုတ်ကြ၏။ အိမ်ရှိ ပစ္စည်းများကို ပစ်ခဲ့ရကာ အ၀တ် တစ်ထည် ကိုယ်တစ်ခုနှင့် ဂျပန်အလောင်းတွေကို ကျော်လွှား၍ ပြည်လမ်းမှ ထွက်ပြေးကြရ၏။ သိမ်ချောင်း ရွာ ကလေးတွင် ဖြစ်သလို သွားနေကြရ၏။ မြေအိုးမြေခွက်နှင့် ဖျာတစ်ချပ်ရှာကာ စာအုပ် များကို ခေါင်းအုံး၍ အိပ်ကြရသည်။ ကျွန်မမှာ ရန်ကုန် ပြည်လမ်း၌ ကျန်ခဲ့သော အိမ်ကြီးနှင့် အဖိုးထိုက် အဖိုးတန် ပစ္စည်းတွေကို နေ့ရှိသရွေ့ မက်မောတမ်း တလျက် နေသည်။
ဂျပန်မပြေးမီကလေး ရန်ကုန်အိမ်ရှိ ပစ္စည်းတွေကို သိမ်ချောင်းရွာသို့ သယ်ထား ရန် သူသွားယူသည့်အခါ၌၊ လူစုလူဝေးကြီးသည် ကျွန်မတို့အိမ်ကို ဂျပန်အိမ် ထင်မှတ်ကြကာ အိမ်သော့ခလောက် ဖွင့်လျှင်ဖွင့်ချင်း အလုံး အရင်းနှင့် အတင်းဝင် လုယူကြလေ၏။ သူသည် ပြောင်ရှင်းသွားသော အိမ်ကြီးထဲမှ နံရံချိတ် ထားသော နာရီနှင့် ပိုင်ရှင် မရှိသော ခွေးတစ်ကောင်ကို ကြိုးချည်၍ ထွက်ခဲ့ကာ သိမ်ချောင်းရွာသို့ ပြန်ခဲ့ လေ၏။
ကျွန်မမှာ ကိုးနှစ်ကာလပတ်လုံး စုဆောင်းရသော အိမ်ထောင်ပစ္စည်းတွေနှင့် အ၀တ်အထည် အမြောက် အမြား တစ်နေ့တည်းနှင့် ပြောင်သလင်းခါသွားပုံကို ရင်နာလျက် ရှိရာသူက ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု တရား ချသည်။
အင်္ဂလိပ်စစ်တပ် ၀င်လာ၍ သိမ်ချောင်းရွာမှ ရန်ကုန်သို့ ကူးခဲ့ကြကာ၊ ကန်ဘဲ့၌ အဒေါ်အိမ်နား ရှိ အိမ်လွတ် တစ်အိမ် ပေါ်သို့ ထိုးတက်ကြရသည်။ အဒေါ်က ခေါင်းအုံး၊ ဖျာ မျှကာ သူ့အိမ်မှ ထမင်း ချက်ပို့ပေးသည်။ စာပုံနှိပ်စက် ကလေးတစ်လုံး လိုက်ရှာဝယ်ကာ ဂျာနယ်ကျော် ထုတ်လေ၏။
အိမ်ထောင်ပစ္စည်းများကို ပြန်၍ အစားအထူထောင်ရသေးမီ ဂျာနယ်ကျော်ထုတ်၍ (သုံး လေး လ အလွန်တွင်) သူ ကွယ်လွန်သွားပြန်လေတော့သည်။
ကျွန်မ ကို မကြာခဏ တရားချလေသော ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုသော တရားအတိုင်း ပစ္စည်းတွေ ရှေ့က ကုန်ဆုံးလျက်၊ နောက်က လူပါလိုက်၍ သွားသဖြင့် သူ့တရာထက် စစ်သည့် မှန်သည့် တရားမရှိချေ။
စတုဒိသာ ဇရပ်က ထွက်ခဲ့သော ခရီးအစ၌ ကျွန်မနှင့် ခေတ္တ အတူလာနေသူ ပန်းချီဆရာကြီး ဦးအုန်းလွင်က 'မမလေး... ဘ၀ ဒီက စပြီ၊ ဘ၀သစ်ကို စ ပေတော့' ဟု ဆိုလေ၏။
ဘ၀ ကို မည်သို့စ လာခဲ့ရပုံများသည် မျက်စိထဲ တရေးရေး ပြန်၍ မြင်ယောင်လာလေ၏။
အိုးအိမ်ထောင် ပြန်တည်မည်။ ဂျာနယ်ကျော် ဆက်ထုတ်မည်။ သူထုတ်ချင်သော ပြည်သူ့ ဟစ်တိုင် သတင်းစာ လည်း ထုတ်ဖြစ်အောင် ထုတ်မည်။ ကလေးတွေ ပညာသင်မည်။
ကျွန်မ သည် ဘ၀သစ်ကို ဒီအတိုင်း ပုံစံဇယား ချသည်။
ကျွန်မ၏ စိန်ထည်ပစ္စည်း လက်ဝတ်လက်စားများကို လက်ကိုင်ပ၀ါဖြူကြီးနှင့် ထုပ်လျက် ရောင်းချရန် အနောက်ပိုင်း သို့ သွားရ၏။ အနောက်ပိုင်းတွင် ကျွန်မ မိဘများနှင် ခင်မင်ရင်းနှီးသော မိတ်ဆွေ တရုတ် သူဌေး လင်မယား ရှိကြသည်။ သူတို့သည် ကျွန်မ လက်ဝတ်လက်စားများကို မြင်လျှင် ကြက်သေသေကာ မျက်နှာပျက် သွားကြလေ၏။'ဒါတွေ မရောင်းပါနဲ့၊ ဒီပစ္စည်းတွေဟာ မိဘတွေက တစ်ချိန်တည်း တစ်ပြိုင် တည်း လုပ်နိုင်တာ မဟုတ်ဘူး။ တစ်ခုပြီးတစ်ခု တဖြည်းဖြည်း စုပြီး လုပ်ပေးခဲ့ရ တာတွေ မရောင်းပါနဲ့။ ဒါတွေ ပြန်ဖြစ်ဖို့ရာ အားင်္ကြီး ခဲယဉ်းတယ်'
ကျွန်မမှာ သတင်းစာ ထုတ်ရန် ငွေရင်းလိုနေ၏။ မြို့ထဲတွင် အလုပ်တိုက်ဖွင့်ရန် နေရာလိုသည်။ လူ နေရန် လည်း နေရာလိုသည်။ ဂျာနယ်နှင့်သတင်းစာအတွက် စာပုံနှိပ်စက်နှင့် စာခုံများ လိုသည်။ အိုးအိမ်ထောင် ပစ္စည်း များလည်းအစား ထူးရဦးမအံ့။
ကျွန်မက ကြိုက်ရာဝယ်ရန် ဇွတ်ရောင်းနေ၏။ သူတို့က မ၀ယ်ရက်ဘဲ ခေါင်းခါနေကြ လေသည်။
နောက်ဆုံး ၌ စိန်ထုပ်ကို ပြန်ပေးလိုက်ကာ ငွေတိုး အသင့်အတင့်နှင့် ငွေချေးကြသဖြင့် သူတို့ထံမှ ငွေ ငါးထောင် စ ထုတ်ခဲ့လေသည်။
လမ်း ၄၀ ၌ အုတ်ခုံကြီး ရှိနေသော သုံထပ်တိုက်ကြီး တစ်လုံးကို အမိုးမိုးကာ နေဖြစ်အောင် တစ်တိုက်လုံး ပြန်ဆောက် ရလေ၏။ စာပုံနှိပ်တိုက်ကို လမ်း ၄၀ ၌ ထားသည်။ ပန်ဆိုးတန်း၌ အထပ်နှစ်ထပ်တွင် အပေါ်ထပ် ၌ လူနေလျက် အောက်ထပ်၌ ရုံးခန်းဖွင့်သည်။ ပန်းဆိုးတန်း တိုက်ဘေး၌ ခေတ္တ လာစဖွင့်သော "ရိုး" ကုမ္ပဏီတိုက် မှ ကျွန်မ နေမည့် အိမ်ခန်းနှင့် အကွက်ကျ သင့်လျော်မည့် အိမ်ထောင် ပစ္စည်းသစ် များဖြင့် အိမ်တစ်ဆောင် မီးတပြောင်ဖြစ်အောင် ဖန်တီးလိုက် သည်။
သူမသေမီ တစ်လလောက်က သတင်းစာထုတ်ရန် ရည်ရွယ်၍ သင်္ကန်းကျွန်းက ကုလားတစ်ဦး ထံမှ စာပုံနှိပ်စက်ကြီး တစ်လုံးနှင့် စက်ကလေး တစ်လုံးကို အဖိုးငွေ ခုနစ်ထောင်နှင့် ၀ယ်ကာ ကန်ဘဲ့ အဒေါ့် အိမ်အောက် ၌ ပုံထားခဲ့လေသည်။
လမ်း ၄၀ ၌ တိုက်ပြင်ဆောက်ပြီးနောက် အဒေါ်အိမ်အောက်၌ ပုံထားခဲ့သော ပုံနှိပ်စက်များကို ဆင်စေသည်။ ကျွန်မမှာ သတင်းစာထုတ်ရန် အတော်စိုင်းပြင်းရ၏။ နေရေးထိုင်ရေး၊ အလုပ်အကိုင် နေရာ တကျ ဖြစ်ရေးအတွက် အစဦးတွင် အတော်ကြီး လုံးပန်း စိုင်းပြင်းရလေသည်။
အသက် နှစ်ဆယ့်ရှစနှစ်တွင် မုဆိုးမ ဖြစ်ရလေရာ အရွယ်ငယ်သေး၍ တစ်ကိုယ်တည်း မနေရန် ကန့်ကွက် ကြသည်။ ကိုယ်ချည်း မနေဘဲ လူမြင်လျှင် တင့်တယ်အောင် လူႀကီၤးသူႀကီၤး ဆွေမျိုးများကို ခေါ်၍ အတူတူ နေရန် အစ်ကို၊အစ်မများက သြ၀ါဒ ပေးသည်။ ကျွန်မတို့ အမျိုးထဲ၌ လူလွတ်ကိုယ်လွတ်လာနေနိုင်သူမျိုး တစ်ဦး တစ်ယောက်မျှ မရှိချေ။ မိသားတစ်စု သို့မဟုတ် ကိုယ့်အ လုပ်အကိုင်နှင့်ကိုယ် စုံတွဲရှိသူများသာ ရှိလေ သည်။
လူမြင်လျှင် တင့်တယ်အောင် ဆိုကြ၍ တင့်တယ်ရေးအတွက် ဆွေမျိုးထဲမှ ဦးကြီးနှင့် အဒေါ်ကို ကျွန်မနှင့် အတူတူ လာနေရန် တောင်းပန်ရသည်။ဘိုကလေး၌ရှိသော သူတို့ဈေးဆိုင်ကို ဖျက်သိမ်းစေ၍ ကျွန်မ အိမ်တွင် အတူလာနေပါ၊ အိမ်ဦးခန်းတွင် နေပါ၊ လှူဖို့တန်းဖို့ သုံးစွဲဖို့ တစ်လ ငွေတစ်ရာပေးပါမည်ဟု တာဝန်ခံ ခေါ်ရ၏။
တိုက်နှစ်တိုက်စလုံးအတွက် အစစ အရာရာ စီစဉ် နေရာချပြီး ကန်ဘဲ့မှ ပန်းဆိုးတန်းသို့ ပြောင်းလာခဲ့၏။ ကျွန်မ မှာ အိမ်ထောင်ပစ္စည်းသစ်တွေကို ကြည့်လျက် ဘ၀ ပြောင်းသွားသူပမာ ဖြစ်ကာ တစ်ယောက်တည်း ပါကလား ဟု ရင်ထဲ၌ ဟာသွားလေသည်။ ကျွန်မ၌ အလုပ်တစ်ဖက် ရှိသဖြင့် ကလေးများကို ကိုယ်တိုင် ထိန်းကျောင်း ကြည့်ရှု ကျွေးမွေး သုတ်သင် လုပ်မပေးနိုင်ရကား၊ အိပ်ရာလိပ်သေတ္တာကလေးတွေ ကိုယ်စီ ကိုယ်င ဖြင့် စိန်ဂျွန်ကွန်ဗင့်ကျောင်းသို့ ကျောင်းအိပ်ကျောင်း စား ပို့လိုက်ရလေ၏။
ဒီကြားထဲ အစ်ကိုအကြီးဆုံးတစ်ယောက်မှာ အလုပ်အကိုင် ပြုတ်လျက် နေ့မ လင်း ညမလင်း သောက်စား မူးယစ် ပေတေနေကာ၊ သူ့သမီးအကြီင်္းကို ကျောင်းထားပေးရန် ကျွန်မထံ သို့ ပို့လိုက်ပြန်၏။ ကျွန်မမှာ ကုသိုလ်ကံ ပေးသည့်အတိုင်း ရှိစေတော့ဟု အောက်မေ့ရကာ ကလေး သုံးယောက် တာဝန်သာ မကဘဲ သူ့သမီး ပါ စိန်ဂျွန်ကွန်ဗင့်ကျောင်း၌ ကျောင်းအိပ်ကျောင်းစား ထားပေးရသဖြင့် ကလေး လေးယောက် တာဝန် ဖြစ်လာရ၏။
လမ်း ၄၀ ပုံနှိပ်တိုက်၌ သတင်းစာ ရိုက်ရန် စက်များ ပြင်ဆင်၍ ပြီးသွား၏။ ဆင်ပြီးပြီးချင်း ရန်ကုန် ဂေဇက်တိုက် က ကျွန်မ တိုက်တွင် ဆင်ပြီးသော စာပုံနှိပ်စက် နှစ်လုံးသည် သူတို့ ပုံနှိပ်စက် တွေပါဟု ရုံးတက် ၍ တရားစွဲလေ၏။
သူမသေမီ ခုနစ်ထောင်နှင့် ၀ယ်၍ အဒေါ်အိမ်အောက်၌ ထားခဲ့သော စက်တွေမှာ သူသေပြီး ဆင်ကြည့် တော့မှ ရန်ကုန်ဂေဇက်က စက်များလားဟု သံသယ ဖြစ်လာလေ၏။ အင်္ဂလိပ်လက်ထက်က ဂျာနယ်ကျော် အဖုံး များကို ရန်ကုန်ဂေဇက်တိုက်၌ သွားရိုက်နေကျဖြစ်၍ စက်များကို မြင်ဖူး မှတ်မိနေသည်။
ခေတ်ပျက်စဉ်က ရန်ကုန်ဂေဇက်တိုက်ကြီးမှ စာပုံနှိပ်စက်ကြီးများကို ဖြုတ်ယူ ခိုးပြေးကြရာ၊ သူသည် အသေမီ ကလေး ပင် ခိုးရာပါ ပစ္စည်းကို ငွေခုနစ်ထောင်ဖြင့် အပုံလိုက် ၀ယ်၍ ပုံထားခဲ့လေ သည်။ ကျွန်မမှာ စက်ခိုး တရားခံ အဖြစ် ရုံးတက်ရ၏။ ကျွန်မဘက်မှ လိုက်သော ၀တ်လုံဦးကျော်မြင့် (တရားဝန်ကြီးဟောင်း) သည် တရားခွင် ၌ ကျွန်မ၏ အစစ်ခံချက်ကို အံ့အားသင့်နေလေ၏။
'ဒီစက်တွေ ၀ယ်စဉ်က ရန်ကုန်ဂေဇက်က စက်မှန်း သိသလား၊ စက်ဝယ်စဉ်က ဘယ်က စက်ဆိုတာ မစုံစမ်း ဘူးလား' ရန်ကုန်ဂေဇက်တိုက်ဘက်မှ မျက်နှာဖြူ ၀တ်လုံတော်ရမင်း မစ္စတာဘီချီနိုး က ကျွန်မကို မေးခွန်း ထုတ်လေ သည်။
'ကျွန်မတို့ ဂေဇက်က စက်မှန်း မသိပါဘူး။ ကျွန်မတိုက်က ဖိုမင်ဦးဘိုးလူက သင်္ကန်းကျွန်းက ကုလား ပုံနိုပ်စက် မှာ စက်နှစ်လုံး ၇၀၀၀ နဲ့ ရမယ်ဆိုလို့ ငွေ ၇၀၀၀ ပေးလိုက်ပါတယ်။ ရုံးတင်ပြထားတဲ့ အရောင်း အ၀ယ် စာချုပ်ဟာ ဦးဘိုးလူပဲ စာချုပ်လက်မှတ်ထိုးပြီး ၀ယ်လာပါတယ်။ အပုံအတိုင်း ၀ယ်ပြီး အိမ်အောက် မှာပဲ ပုံထားပါတယ်။ ကျွန်မ ယောင်္ကျား သေပြီး စက်ပုံကြီင်္းကို မြို့ထဲရွှေ့ပြီး ဆင်ကြည့်တော့မှ ဒီစက်ဟာ ရန်ကုန် ဂေဇက်က စက်မှန်း သိပါတယ်။ ကျွန်မ ဒီစက်မှာ ဂျာနယ်ကျော်အဖုံး အမြဲ ရိုက်ခဲ့တယ်။ ရန်ကုန် ဂေဇက်ပိုင်စက် တွေ အမှန်ပါပဲ၊ ဖြုတ်သာ ယူပါတော့'
အမှုဖွင့် ၍ ကျွန်မအလှည့်တွင် ဤသို့ အစစ်ခံလိုက်သည်နှင့် ရောင်းသူကုလားနှင့် သက်သေ တွေပါ ရှေ့ဆက် ၍ ရှည်ရှည်ဝေးဝေး စစ်ဆေးစရာ မလိုတော့ဘဲ တရားသူကြီးသည် ဤအမှုကို စောစောစီးစီး ပိတ်လိုက် နိုင်လေ၏။
ရုံးပေါ်က အဆင်း ရန်ကုန်ဂေဇက်မှ မျက်နှာဖြူ ၀တ်လုံတော်ရမင်းက သူ့ကားနှင့် အိမ်လိုက်ပို့ ပေးပါရစေ၊ လက်ခံ ပါဟု လာပြောလေသည်။
ကားထဲတွင် ကျွန်မမှာ ငြိမ်သက်လျက် နေ၏။ ရုံး၌ မျက်စိမှိတ်၍ ထွက်ဆိုခဲ့သော အဖြစ်ကို ပြန်စဉ်းစား နေသည်။ တရားခွင် ၀င်သည်နှင့် ကျွန်မစိတ်မှာ ပြောင်းသွားသည်။ အမှုနိုင်ချင်စိတ် မရှိတော့။ သူများ ပစ္စည်း ကို အနိုင်ယူရန် စက်ဆုပ်သွားသည်။
ကားထဲတွင် မျက်နှာဖြူ ၀တ်လုံတော်ရက အားနာသော လေသံဖြင့် 'အများကြီး ၀မ်းနည်းပါတယ် မစ္စစ်ချစ်မောင်၊ ဒီအမှုကို ကျုပ်နိုင်လိမ့်မယ် မထင်ဘူး၊ စက်မှာ အမှတ်အသား ဘာမှမရှိဘူး။ ခင်ဗျားဘက်က ၀တ်လုံ ဦးကျော်မြင့်သာ လျှောက်လဲချက်ပေးရင် ကျုပ်တို့ အမှု ရှုံးနိုင်တယ်။ ခင်ဗျားထွက်ချက်ကြောင့် ကျုပ်တို့ နိုင်တ်ာပဲ ' ဟု ပြောနေသည်။
သတင်းစာ ထုတ်ရန် အားလုံး စီမံ စိုင်းပြင်းပြီးခါမှ စက်များကို ရန်ကုန်ဂေဇက်တိုက်က လာဖြုတ်ယူ သွားကြ လေ၏။
ကျွန်မ လုပ်ငန်းအစတွင် ကမောက်ကမ နိုင်သဖြင့် စိတ်ထဲ၌ ထင့်မိသည်။ လက်ရှိ ပုံနှိပ်စက်များနှင့် သတင်းစာ ထုတ်ရန် မလုံလောက်သဖြင့် ကျွန်မမှာ ပုံနှိပ်စက် ရှာရနေတော့ သည်။ မန္တလေး ဦးခန္တီ တောင်တွင် ပုံနှိပ်စက်ကြီင်္း နှစ်လုံး ရောင်းမည်ဟု သတင်းရသည်။ ကျွန်မသည် တရုတ်သူဌေးထံတွင် နောက်ထပ် ငွေ ၂၅၀၀၀ (နှစ်သောင်းငါးထောင်) သွားထပ်ချေးယူရကာ လော်လီ ထရပ်ကားကြီးတစ်စီး ငှားလျက် ကိုဘိုလူကို မန္တလေးသို့ စက်ဝယ်ရန် လွှတ်လိုက်ရသည်။
ဘ၀သစ်၏ လမ်းခရီး အစီစဉ်အတိုင်းပင် မကြာမီ ပြည်သူ့ဟစ်တိုင် သတင်းစာ ထွက်လာလေ ၏ ။ ဂျာနယ်ကျော်လည်း ပတ်စဉ် ထွက်လေ၏။ ကျွန်မမှာ အလုပ်တိုက် နှစ်တိုက်နှင့် ဗျာများလှသည် ။ နံနက် ရှစ်နာရီမှ ညနေ ငါးနာရီအထိ ပန်းဆိုးတန်း အလုပ်တိုက်တွင် သတင်းစာနှင့် ဂျာနယ်ကျော်ဌာန မှ စာရေးစာချီ တစ်စုတို့နှင့် ရုံးအလုပ် လုပ်ရလေသည်။ ညနေ ခြောက်နာရီတွင် လမ်း ၄၀ ပုံနှိပ်တိုက် အယ်ဒီတာဌာန သို့ ကူးသွားကာ ရန်ကုန်အတွက် နောက်ဆုံးစာဖောင်ပိတ်ချိန် ညတစ်ချက် နှစ်ချက်အထိ စောင့်ကြည့် အုပ်ချုပ် လုပ်ကိုင်ရလေ၏။
စာပုံနှိပ်စက်များ ဖြုတ်ယူသွားကြ၍ ပုံနှိပ်စက်များ အစားထိုးကာ သတင်းစာ ထုတ်လျက် အစစ နေရာကျပြီ ဟု မှတ်ထင်ခါမှ ညဥ့်နက်မှ ပြန်ခဲ့သော တစ်ညတွင် စိတ်ပန်းလူပန်းဖြင့် ရုတ်တရက် အိပ်မပျော်ချေ။ နားထဲ တွင် တရှဲရှဲသံဖြင့်၊ နှာခေါင်းတွင်းလည်း အ၀တ်မီးလောင်သည့် အညှော်နံ့ တသင်းသင်း ရနေ၏။ အိပ်ရာမှ ကပျာ ကယာ လူလဲထထိုင်ကာ အခန်းအပြင်ဘက်သို့ ထွက်ကြည့် လိုက်သည်။ ဧည့်ခန်းထဲတွင် မီးရဲရဲ တောက် နေလေ၏။ ဆိုဖာကုလားထိုင်ပေါ်၌ တစ်ဦးတစ်ယောက် အမှတ်တမဲ့ ကျရစ်ခဲ့ဟန်တူသော စီးကရက် တိုမီးဖြင့် ဆိုဖာနှစ်လုံးနှင့် ကော်ဇောကြီး တစ်ခြမ်းမှာ မီးတောက်မထွက်ဘဲ လှိုက်လောင်နေကာ မီးစမီးခဲကြီး လို ရဲရဲနီနေလေ၏။
အရွယ်ငယ်သည်၊ မတင့်တယ် ဆိုကြ၍၊ လူမြင်ရင် တင့်တယ်အောင် တစ်လ တစ်ရာ ကန်တော့ထားရသော ဦးကြီးမှာ အိပ်မောကျနေ၏။ ကျွန်မနှင့်အတူ လာနေသော တူမလေးသာ နိုးသည်။ လဲမှို့များ လှိုက်လောင် ကာ တငွေ့ငွေ့ရဲနီနေသော ဆိုဖာကြီးကို သစ်သားပေါင်ထဲမှ ကြိုးစား ချွတ်ယူကြသည်။ ချွတ်နေရင်း ကျွန်မကိုယ်မှ အင်္ကျီကို မီးလာဟပ်ပြန်သည်။ အင်္ကျီကို ဆွဲဆုတ်ပစ် လိုက်ရ၏။ ကုလားထိုင်မှ ကျောမှီဖုံးကြီး ကို မရ ရအောင် ချွတ်နေရသည်။ တညင်းညင်းတိုက်နေသော လေဖြင့် အိမ်ရှေ့ မျက်နှာစာ တံခါးမှာ ခန်းဆီးရှည်ကြီးမှာ ကုလားထိုင်ပေါ်သို့ လွင့်လာကာ မီးကူးစက် ပြန်သည်။ ကော်ဇောအောက်က မီးမှာ ကြမ်းခင်း ကို စွဲလောင်စ ပြုလေပြီ။ မီးစွဲနေသော ဆိုဖာဖုံးကြီး များကို ချွတ်ယူရလျက် လသာ ၀ရန်တာမှ လမ်းမပေါ် သို့ ပစ်ချလိုက်သည်။ လက်တွေ အပူအလောင်ခံကာ ထိုင်ဖုံကိုလည်း ရအောင် ချွတ်ယူ၍ ၀ရန်တာ မှ ပစ်ချလိုက်သည်။
မီးလောင်ကျွမ်းသွားသော ဆိုဖာကုလားထိုင်ကြီး နှစ်လုံးနှင့် ကော်ဇောကို အိမ်အောက်သို့ ပစ်ချ လိုက်ပြီးနောက် ကြမ်းကို ရေဖျန်းရသည်။ လူမနိုးလျှင် တစ်အိမ်လုံး ပြာကျဖို့ရာသာ ရှိတော့၏။ ကျွန်မမှာ စွန့်စွန့် စားစား အပူအလောင်ခံကာ မီးနှင့်ကိုယ်နှင် သူတစ်ပြန် ကိုယ်တစ်ပြန် အလုအယက် ငြှိမ်းသတ်ခဲ့ ရလေ၏။ မီးသတ်ပြီး ကိုယ်မှ၊ လက်မှ မီးလောင်ဒဏ်ရာများကို ဆေးထည့်ရင်း ရှုပ်နောက်သြွးသော စိတ်ကို အပန်းဖြေ လျက်၊ ပျက်ရင် ဖြစ်အောင်လုပ်မယ်ဟု ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရလေ၏။
ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသော ဧည့်ခန်းကို နောက်တစ်နေ့ ကုလားထိုင်စုံ အသစ်များဖြင့် အစားထိုး လိုက်လေသည်။
သတင်းစာ ထုတ်သဖြင့် စရိတ်စက ကြီးလာ၏။ အလုပ်တိုက်ကြီး၏ စရိတ် လစဥင်္ ကုန်ကျငွေကို ထားဦး၊ ကျွန်မ ၏ လစဉ် ကုန်ကျငွေများမှာ ကျွန်မအား ခြောက်လှန့်လျက်ရှိကာ တစ်လနှင့်တစ်လ ချောမောရန် အမြဲ ထိတ် ခဲ့ရသည်။
ကျွန်မသည် လစဉ် ကုန်ကျရမည့် ငွေစာရင်းကို ဆွဲထားသည်။
သားသမီး သုံးယောက်အတွက် ဘော်ဒါခ... ၃၇၅ ကျပ်
အစ်ကိုကြီး သမီးအတွက် ဘော်ဒါခ ... ၁၂၅ ။
သားသမီး တစ်အုပ်ကြီးနှင့် အလုပ်အကိုင်မရှိ၊
ဆင်းရဲ ပြတ်ငတ်လျက်နေသော အစ်ကို၏
အိမ်ထောင်ကြီးအတွက် ထောက်ပံ့ရကြေး၊ တစ်လ... ၂၀၀ ။
မုဆိုးမဘ၀ လူမြင် တင့်တယ်ရေး... ၁၀၀ ။
အဝေးရှိ မကျန်းမာနေသော မိခင်ကြီးအတွက်... ၁၀၀ ။
လဆန်း ၂ ရက်နေ့ သွားလေသူအတွက် အလှူ... ၁၀၀ ။
စုစုပေါင်း ငွေတစ်ထောင်သည် လစဉ် အလုံးအခဲနှင့် ကုန်ရသည့်ငွေဖြစ်သည်။ အိမ်စရိတ်၊ စားစရိတ်၊ မော်တော်ကားစရိတ်၊ အထွေထွေ ဗာဟီရစရိတ်ကလည်း တစ်လ တစ်ထောင်ခန့် ရှိလေ၏။ ကျွန်မ အသုံး အတွက် အလုပ်ထဲမှ လစဉ် နှစ်ထောင် ယူသုံးစာရင်း ပေါ်နေသည်။
အလုပ်တိုက် စရိတ်ကလည်း မသေးချေ။ အယ်ဒီတာချုပ် ကိုစောဦး၏ လခ တစ်လ ၅၀၀ မှ စ၍ လက်ထောက် အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးစာချီများ၊ စာစီသမား၊ စက်သမားအထိ အလုပ်သမား လူပေါင်းခြောက်ဆယ်ခန့် ရှိလေရာ၊ သူတို့၏ လစာငွေများနှင့် အလုပ်နှင့်ပတ်သက်သော အရပ်ရပ် ကုန်စရိတ်ကား လစဉ် သောင်းကျော်လေသတည်း။ လုပ်ငန်းအစအလုပ်အတွက် ငွေသုံးသောင်း အကြွေး မှ လစဉ် ပေးဆပ်ရန် အတိုး ၆၀၀ ကလည်း ရှိပေသေး၏။
မနားမနေ ကြိုးစားလုပ်ကိုင်နိုင်ပါမှ ဤတာဝန်ကြီးတွေကို တာရှည်ကြီးဆခေါင်းပေါ် ရွက်နိုင်မည် ဖြစ်ခြင်းကြောင့် သတင်းစာအလုပ်၊ ဂျာနယ်အလုပ်အပြင်အခြား ပုံနှိပ်လုပ်ငန်းများကို ပါ လက်ခံကာ တစ်လ နှင့် တစ်လ ချောမောအောင် ဒေါင်းတင်မောင်းတင်၍ နေ့မနား ညမအား ကြဲနေလေ၏။
သတင်းစာလုပ်ငန်းတွင် ညအချိန်မတော် စက်ပျက်၍၊ ညအချိန်မတော် မီးပျက်၍ သတင်းစာ မထွက်နိုင် ဖြစ်လာလျှင် ထွက်နိုင်ရေးအတွက် မိန်းမသားတစ်ဦးဟု ကိုယ့်ကိုယ်ကိုယ် ဘယ်အခါမှ ကြည့်ငဲ့မနေနိုင်ဘဲ။ သန်းခေါင်ကျော် လင်းအားင်္ကြီး အချိန်လည်း မြို့ထဲ လည်ကာ မနက် ထွက်ဖြစ်အောင် ကြံစည် ဖန်တီး ပေးခဲ့ရပုံလည်း အခါပေါင်း မရေမတွက်နိုင်ခဲ့ချေ။
စာပုံနှိပ်တိုက် မှ ကျွန်မအား တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးလေ၏။ ဒီနေ့ည အစစ ချောပြီဟု စိတ်ချကာ အလုပ်တိုက် မှ သန်းခေါင်ကျော် ပြန်လာပြီး အိပ်ခါမှ လင်းအားကြီး အချိန်တွင် တေ့ပြီး မီးပျက် သွား တတ်လေ၏။
ကျွန်မ မှာ သတင်းစာ ထုတ်ခဲ့သော ဘ၀ကို တရေးရေး ပြန်တွေးနေရင်း သန်းခေါင်ကျော် လင်းအားကြီး အချိန် ဂျစ်ကားတစ်စီးနှင့် လှေကားပါသော အာအီးတီဓာတ်မီးပြင် ကားကြီးနောက်သို့ အမြန် မောင်းလိုက် နေပုံ၊ ထိုကားကြီင်္းကို ကျော်တက်ကာ ကားကြီးရှေ့မှ ဂျစ်ကားကို ကန့်လန့် ထိုးရပ်စေလျက် အာအီးတီ ကားကြီး ကို အတင်း ရပ်ခိုင်းရပုံတို့သည် ရုပ်ရှင်ထဲကနှင့် တစ်ပုံတည်းတူနေ လေသည်။
ည တစ်ချက် နောက်ဆုံးစာဖောင် စက်ပေါ် တင်ခါနီးမှ လကိက လွတ်ကျသွားတာ တစ်မျိုါ်ကလည်း ဖြစ် သေး၏။ အိမ်ပြန်ကုန်ကြသော စာစီသမားတွေကိုအတင်း လိုက်နှိုးခေါ်ကာ တက် သုတ်ရိုက်စေကာ ကျွန်မ ကိုယ်တိုင် သတင်းစာ ထိုင်ခေါက်ခဲ့ရသည်လည်း ကြုံခဲ့ရသည်။
ကျွန်မမှာ သန်းခေါင်ကျော်မှ အိပ်ရသည်။ တကြော်ကြော် လာနှိုးသံကို နားစွင့်ကာ အရေးဆို လျှင် ထလိုက်နိုင်အောင် အဆင်သင့် ပြင်ထားလျက် မီးသတ်စက်က မီးသတ်သမားနှင့်မခြား အိပ်ကောင်းခြင်းလည်း မအိပ်ရ။
ဤသို့သာလျှင် သံသရာလည်ကာ နေ့ညမပြတ် အားထုတ်ရလျက် အရပ်ရပ် တာဝန်ကြီးတွေ ကို မနိုင်မနင်း ထမ်းဆောင်နေစဉ် ကံမကောင်း အကြောင်းမလှပုံမှာ သတင်းစာနှင့် ဂျာနယ်ကျော် စောင်ရေ သည် ထိုးကျသွားလေသည်။
ကွန်မြူနစ် သတင်းစာ ဟု တစ်တိုင်း တစ်ပြည်လုံးက သမုတ်ကျသည်။ အချို့နယ်များတွင် ဖဆပလ ဘက်မှ သတင်းစာထုပ် ကို မီးရှို့ပစ်ကြသည်။
သတင်းစာ စောင်ရေနှင့် ဂျာနယ်ကျော် စောင်ရေ ထိုးကျသွားသည်နှင့် တစ်ချက်တည်း သိသိ သာသာ ၀င်ငွေ ထိခိုက်သွားတော့၏။ စောင်ရေ ကျသွား၍ စက္ကူထုပ်သာလျှင် လျှော့ရိုက်ရခြင်း ကာ၊ အရပ်ရပ် ကုန်ကျ စရိတ် တွေမှာ အရပ်ရပ် ကုန်ကျစရိတ်အတိုင်းပင် ကုန်ရသည် ဖြစ်ခြင်း ကြောင့် ကျွန်မသည် လစဉ် ခေါင်းပူ ရတော့လေ၏။
အလုပ်သမား များ လခကို လခ ထုတ်ချိန်တွင် တစ်ရက်မှ နောက်ကျချင်သည့် စိတ်မရှိ၍ သည်လောက် အလုပ်များ၊ ဗျာများနေသော ကြားထဲမှပင် စာအုပ်ရေးပြီး လစာငွေများအတွက် တစ်ဖက်တစ်လမ်း ငွေရှာ ရသည်။
"သူလိုလူ" စာအုပ်သည် တိုက်တွင် ငွေကျပ်၍ ၁၄ရက်တိုင်တိုင် ညသန်းခေါင်က စ၍ နံနက်လင်း သွားသည့် အထိ အနားတွင် ရေဇလုံ တစ်လုံးနှင့် အိပ်ချင်းရင်း၊ မျက်နှာသစ်ရင်း ရေးသာထုတ်ဝေခဲ့ သော စာအုပ် ဖြစ်လေသည်။ ပုံနှိပ်တိုက်တွင် တစ်ဖက်တစ်လမ်းမှ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် စာတမ်း၊ ဖိတ်စာ၊ ဆေးလိပ်ပတ် မှ မကျန် ဘေးပန်း ပုံနှိပ်လုပ်ငန်း အလုပ်တွေကို ရှာဖွေလျက် စက်ကလေး နှစ်လုံးကို နေ့ရော ညပါ မနားတမ်း ရိုက်စေကာ စရိတ်တွေကို ခုရလေသည်။
ထိုစဉ်က တိုက်အုပ်လည်း ကျွန်မပင်။ အယ်ဒီတာဌာန၊ အလုပ်ရုံးနှင့်တကွ သတင်းစာ ခေါက်သည့် နေရာ အထိ လူမစုံလျှင် ကျွန်မမှာ နေရာတကာ လူစားဝင်၍ အကုန် လျှောက်လုပ်သည်။ ဘယ်ဘက်ကမှ ခဏ ရပ်ထား ၍ မရနိုင်သော တစ်နေ့ အလုပ်ကြီးကို တစ်နေ့ပြီးစီး ချောမောသွား အောင် လုပ်နေရသူ ဖြစ်၏။ ကျွန်မ အတွက် အချိန်နှင့် စားသည်၊ အိပ်သည် ဟူ၍ မရှိချေ။ မနက် ထမင်းကို ညနေမှ စားချင်စားကာ၊ ညထမင်း ကို လင်းအားကြီးတွင် စားချင်စားလျက်၊ မစားချင် လည်း မစားတော့ချေ။
စောင်ရေကျ၍ စီးပွားရေး အကျပ်အတည်း ဖြစ်နေခိုက် ထိုက်အခက်အခဲမှာ ကျွန်မသာ အကျပ် ရိုက် ခက်ခဲစေလျက် မည်မျှ စောင်ရေကျကာ ၀င်ငွေ နည်းသွားစေကာမူ အလုပ် လုပ်နေသူတို့အား ကျွန်မ၏ အခက်အခဲ ကို မသိစေရပေ။ စောင်ရေကျလည်း အခြေအနေမပျက် ဣနြေ္ဒမပျက်၊ လခ များကို တစ်လ နှင့် တစ်လ မှန်မှန်ကြီး ထုတ်ပေးလျက် ရှိလေ၏။
စီးပွားရေး အခက်အခဲ မည်သို့ ရှိရှိ၊ အိမ်သုံး အရပ်ရပ် ကုန်ငွေအတွက်လည်း ပြည့်စုံအောင် ရှာရ လေသည်။ ကလေး ကျောင်းလခ၊ မိခင်အတွက် သွားလေသူ အလှူ၊ အစ်ကိုကြီး အိမ်ထောင် အတွက်၊ သူ့သမီး ကျောင်းစရိတ် စသည့် တာဝန်တွေလည်း ပျက်ကွက်သည် မရှိစေရ။
နောက်ဆုံး မုဆိုးမဖြစ်၍ လူမြင်ရင် တင့်တယ်ရေးအတွက် အိမ်ဦးခန်းတွင် ထားသော ဦးကြီး၏ လစာ ၁၀၀ ကျပ်ကိုပင် ငွေကျပ်၍ သည်လ ဆိုင်းပါဟု ပါးစပ်က မထွက်ချေ။ လဆန်းလျှင် လက်ထဲထည့်၍ ကန်တော့လိုက်၏။ ဦးကြီးနှင့် အဒေါ်မှာ ထမင်းပွဲရှေ့မှောက် ဘာမှ မပူပင်ရကာ၊ လစဉ် ကန်တော့ ငွေ ၁၀၀ကို အဒေါ်က စု၍ စိန်နားကပ်နှင့် စိန်လက်စွပ် လုပ်ဝတ်သည်။
အစ်ကိုကြီးထံမှ သတိသံဝေဂရသည် မကြားရ။ မူးယစ်ပေတေနေကာ အလုပ်လည်း မလုပ်။ သူ့ အိမ်ရှင်မနှင့် သားသမီး တစ်စုသည် ကျွန်မ ပို့သော ငွေ ၂၀၀ကျပ်နှင့် သုံးစွဲ စားသောက်နေရလေ ၏။ မိခင်ကြီးမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေသူ ဖြစ်သည့်အတိုင်းသား အိမ်တွင် ကောင်းကောင်းစားကာ အေးအေး ဆေးဆေး နေရပေ၏။ သွားလေသူအတွက် လစဉ် လဆန်း ၂ရက်နေ့ ငွေလှူသော ကိုးထပ်ကြီး ဘုရား မင်္ဂလာဇေယျုံကျောင်းတိုက်မှ ဘုန်းတော်ကြီးသည် လည်း လစဉ်လှူငွေ ၁၀၀ကျပ်ဖြင့် အေးချမ်းစွာ သီတင်းသုံးတော်မူနိုင်ပေ၏။ ကျွန်မမှာ အကျပ် အတည်း အခက်အခဲ ရှိနေလျက်ဖြင့် ကျွန်မအတွက် ကြီးလှသည့် တာဝန်ဒုက္ခကို ဒုက္ခဟု မထင်၊ ဒုက္ခဟု မယူဆ။ ကိုယ် ပြုရမည့် တာဝန် ၀တ္တရား ဟု ယူဆထားသည်။
သတင်းစာ စောင်ရေ၊ ဂျာနယ် စောင်ရေ ကျသွားသည့်အတွက် ဗိုလ်လက်ျာက အယ်ဒီတုာချုပ် ကိုစောဦး နေရာတွင် လူသစ်ပြောင်းထားရန် စိုးရိမ် ပူပန်စိတ်ဖြင့် အခါခါ လာပြောလေ၏။ ကျွန်မမှာ ကိုစောဦးက မထွက်ဘဲနှင့် ကျွန်မက ဘယ်တော့မျှ မထုတ်ဟု စိတ်ပိုင်းထားသည်။
ကိုစောဦးမှာ တစ်တိုက်လုံး လစဉ် မှန်မှန်ကန်ကန် လစာ ပေးနိုင်နေခြင်းကို ချင့်လျက် အခြေမပျက် သော လုပ်ငန်းကို မြင်နေကာ ပူစရာ၊ ပင်စရာ မလိုဘဲ သူ့ကလောင်နှင့် ဖဆပလ အစိုးရကို အကြိတ်အနယ် တိုက်နေ လေ၏။
ကျွန်မမှာ ရင်မလျက် တစ်လနှင့်တစ်လ ချောမောကာ အဆင်ပြေသွားအောင် လစဉ် အပူတပြင်း စိုင်းပြင်းရကာ ဟန်မပျက်၊ အခြေမပျက်အောင် အသက်ဆက်လျက် နေလေ၏။
ကလေးများမှာ တစ်လ တစ်ခါသာ အိမ်ပြန်လာကြ၏။ ကလေးတွေ ပြန်လာ၍ သူများ အမေလို ကလေး တွေနှင့် နေရသည့်အချိန် မရှိ၊ စကား ပြောရသည့်အချိန် မရှိ။ အိမ်ပေါ်တက်၍ မတွေ့တော့ မှ ကျောင်းပြန် သွားကြမှန်း သိတော့၏။
ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် သတင်းစာ စောင်ရေမှာ တိုးတက်လာလေသည်။
သတင်းစာ စောင်ရေ တက်လာပြန်၍ အသက်ရှူပေါက်ကလေး ရလာသည်။ စောင်ရေ ကျစဉ်က ကြိုးစားသည်ထက်ပင် အားခဲ ကြိုးစားသည်။ အလုပ်အတွက် လဆပ်သည့် အတိုးကို မဆပ်နိုင် သေး၍ ဆိုင်းထားရာ၊ ခြောက်လခန့် အတိုးတွေကို တစ်လုံးတည်း သွားပေါင်းဆပ်လိုက်နိုင်သည်။ အကယ်၍ သတင်းစာနှင့် ဂျာနယ် စောင်ရေ မကျချေက ဘေးပန်း ရှာသမျှ၊ ရသမျှ ၀င်ငွေတို့ဖြင့် အကြွေး သုံးသောင်း သည် အေးအေးကလေး ကျေလောက်နေပြီ။
သတင်းစာနှင့် ဂျာနယ်ဘက်မှ အမြတ်အစွန်း မခံစားရသေးချေ။ ပုံနှိပ်လုပ်ငန်းဘက်မှ ကြိုးစား အလုပ်ရှာနိုင်သလောက် ၀င်ငွေကောင်းနေလေ၏။
စောင်ရေ တက်လာ၍ အရှိန်ရကာ အတန်ငယ် စိတ်သက်သာရာ ရတော့မည် ရှိစဉ် လမ်း ၄၀မှ ပုံနှိပ် တိုက်ကြီး ကို မွမွကြေအောင် ထုရိုက် ဖျက်ဆီးပစ်လိုက်ကြတော့၏။
(၄)
ကျွန်မသည် နောက်ကြောင်းတွေကို ပြန်တွေး စဉ်းစားရင်း စိတ်မောလာ၍ လဲလျောင်းရာမှ ထ ထိုင် လိုက်သည်။ ဇရပ်စင်မြင့်ပေါ်မှ အလှပြင်ဆင်ထားသော ပန်းချီကားကြီးကို စိုက်၍ ကြည့်နေလေ သည်။
ထိုစဉ်က ပုံနှိပ်တိုက်ကြီး ကျိုးပဲ့ပျက်စီး ကြေမွသွားပုံကို သူကိုယ်တိုင် မြင်စမ်းစေချင်သည်။
ထိုနေ့က စီတန်းလှည့်လည်သွားသော "တောင်သူလယ်သမား" ဆိုသော လူအုပ်ကြီးကို ပန်းဆိုး တန်း အလုပ်တိုက် ၀ရန်တာမှ ထွက်၍ ကြည့်လေ၏။ မျက်စိတဆုံး မျှော်၍ ကြည့်လေ၏။ ဤ သူတို့သည် လမ်း၄၀ ပုံနှိပ်တိုက်ကြီးကို ရိုက်ချိုး ဖျက်ဆီးရန် သွားကြသူတွေဟု မသိချေတကား။ လူစီတန်းကြီး ကွယ်သွားမှ အလုပ်စားပွဲ၌ ပြန်ထိုင် လုပ်နေသည်။
တစ်တိုက်လုံး စိတ်ရှိသလို၊ ထင်သလို အားရပါးရ ရိုက်ချိုး ဖျက်ဆီးပြီး ထွက်သွားကြတော့မှ ပန်းဆိုးတန်းသို့ ကိုစောဦးတို့ လာပြော၍ ကျိုးပဲ့ ပျက်စီးကုန်မှန်း သိရတော့သည်။
ပန်းဆိုးတန်းမှ လမ်း၄၀သို့ လာခဲ့သည်။ ကျွန်မ ရင်ထဲ၌ မချမ်းသာပုံကား ပြောဖွယ်ရာ မရှိ။ လမ်းထဲ သို့ ချိုးဝင်လာသည့်အခါ လမ်းထဲတွင် မွကြဲနေသော ခဲစာလုံးတွေ၊ စက္ကူစတွေကို နင်းပြီး လျှောက် လာရသည်။ သူ သေပြီး အပြင်းအထန် ကြိုးပမ်း ထည်ထောင်ခဲ့ရသော ဤခဲစာလုံးတွေကို ကျွန်မ ခြေထောက်နှင့် နင်းရခြင်း၊ လူတကာ ခြေနင်းဖတ် ဖြစ်နေရခြင်းသည် စင်စစ် သံဝေဂ ရစရာပင် ကောင်းတော့သည်။ ကျွန်မ နားထဲတွင် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဟု သူ ပြောသွားသော စကား သည် လမ်းလျှောက်လာရင်းပင် ကြားယောင် နေတော့သည်။
အလုပ်တိုက် အောက်ထပ်မှ စက်ခန်းကြီးကို ရှေးဦးစွာ မြင်လိုက်ရ၏။ စက်ခန်းထဲ၌ စက်ကြီး သုံးလုံး၊ စက်ကလေး နှစ်လုံး၊ ပေါင်း ငါးလုံး ရှိသည်။ စက် အထက်ပိုင်းများမှာ ပုဆိန်နှင့် ထုရိုက် သွားကြသဖြင့် ကွေးကောက် ပြုတ်ထွက်ကုန်ကာ၊ အချို့နေရာလည်း ထက်ပိုင်းကျိုးနေသည်။ စက်ကလေး နှစ်လုံးမှာ မရှုမလှ ကျိုးပဲ ပျက်စီးနေကာ ပြိုကျနေသည်။
နေ့မအား ညမအား လည်ကာ အမှုထမ်းကြသော သူတို့၏ ကျေးဇူးကား ကြီးပါဘိ၏။ သူတို့မှာ သက်မဲ့ပစ္စည်း မှန်သော်လည်း ကျွန်မစိတ်ထဲတွင် သက်ရှိသတ္တ၀ါများလိုပင် ဖြစ်နေသည်။ ပုံနှိပ် တိုက်ဖိုမင် ကိုဘိုးလူသည် သူ့စက်တွေကို သက်ရှိသတ္တ၀ါများလို ဆက်ဆံလေ့ ရှိ၏။ စက်ကြီးများ ကို "ဒီကောင်လေး" ဟူ၍ ခေါ်ဝေါ် ပြောဆိုလေ့ ရှိလေသည်။
ဒီကောင်ကြီးနှင့် ဒီကောင်လေးတွေမှာ တူးရွင်း၊ ပုဆိန်လက်နက်တို့ဖြင့် ခေါင်းတခြား ကိုယ်တခြား၊ လက်တခြား၊ ခြေတခြား မြင်မကောင်း ရှုမကောင်း ခန္ဓာစဲ၍ သေပွဲဝင်နေကြသည်။ ကျွန်မမှာ သူတို့ ၏ ဒဏ်ရာ ဒဏ်ချက်တွေကို ကြည့်လျက် ရင်ထဲ၌ တလှပ်လှပ် တဆတ်ဆတ် ခုန်နေသည်။
ကျွန်မ အပါး၌ ရပ်နေသော ကိုဘိုးလူက မှုန်ကုပ်ကုပ် ရှိသော မျက်နှာပေါက် ဆိုးကြီးနှင့် ချုသံပါ အောင် ညည်းတွားနေသည်။
"ဟိုကောင်လေး နှစ်ကောင်တော့ သွားပါပြီ။ သုံးမရတော့ပါဘူး၊ ကြက်တန်း မြှုပ်ရမှာပဲ။ (ကြက် တန်းမှာ သံထည်ပစ္စည်းဟောင်း သင်္ချိုင်း ဖြစ်သည်) ဒီကောင်ကြီးတွေ ပြင်ဖို့ကလည်း ရုတ်တရက် မလွယ်ဘူး ဆရာကတော်"
ကျွန်မသည် စက်ခန်းဝ၌ အတန်ကြာတွေ ရပ်ကြည့်နေသည်။ စက်ခန်းထဲ၌ တူးရွင်း၊ ပုဆိန်တို့ဖြင့် ထုရိုက် ဖျက်ဆီး ချိုးဖဲ့နေကြပုံကို ကျွန်မကိုယ်တိုင် ကြည့်ချင်မြင်ချင်လေသည်။ ကျွန်မနှင့် ရန်ငြိုး ရန်ဘက် မဟုတ်ဘဲ သည်လောက် ခက်ထန် ရုန့်ကြမ်းကာ ရက်စက်ဆိုးဝါးနိုင်သော သူတို့၏ နှလုံး သားစသည် လူသားတို့၏ နှလုံးသားမှ ဟုတ်ပါလေစဟု တွေးကြည့်မိသည်။
ဤစက်တွေကို ရစရာ မရှိအောင် ရိုက်ချိုး ဖျက်ဆီးပစ်ကြခြင်းသည် ကျွန်မ လက်ခြေကို ရိုက်ချိုး ဖြတ်ပစ်ခြင်း၊ ကျွန်မ အသည်းနှလုံးနှင့် ကျွန်မ ဦးခေါင်းကို ထုရိုက် ချေမွပစ်ခဲ့ခြင်းနှင့် အတူတူပါပင် တည်း။
ကျွန်မမှာ ကိုယ့်လက်ကိုယ့်ခြေကို မသယ်ချင်လောက်ပင် အားအင်ကုန်ခန်းသွားလျက် လှေကားကို တုန်တုန်ယင်ယင် လှမ်းတက်ကာ အပေါ်ထပ် စာခုံခန်းတွေကို တက်ကြည့်သည်။ အလယ်ထပ် လက်ဝဲလက်ယာ ခန်းမကြီးနှစ်ဆောင်တွင် စာခုံများ ခုံပေါင်း ၁၀၀ကျော်ခန့် ခဲစာလုံး အပြည့်ရှိလေ ၏။
စာခုံခန်းတွေ မြင်လိုက်ရသည်မှာ မျက်စိထဲ နောက်သွားကာ သွေးချောက်ချားသွားသည်။
အခန်းထဲ၌ ဖျက်ဆီးထားကြပုံကား စာခွက်ထဲမှ ခဲစာလုံးများကို စတုံခုံကြီးပေါ်သို့ မှောက်သွန်ချကြ ကာ၊ ခဲစာလုံးများကို ပြားချပ်သွားအောင် တူတွေနှင့် တစ်ယောက်တစ်လက် ၀ိုင်းထုကြလေ၏။ ထုပစ်သည့် ခဲများကို စာစီခန်းတွင် အသုံးပြုသော ခဲစာလုံးစီပြီး ထည့်ပုံသည့် သွပ်ပြားဂယ်လီတို့ နှင့် စတုံခုံကြီးပေါ်မှ ကော်ခပ် ယူကြကကာ တိုက်အပေါ်ထပ်မှ မြောင်းထဲသို့ ပစ်ချကြလေ၏။
လမ်းပေါ်တွင် ကျွန်မ နင်းလာခဲ့သော ခဲတွေမှာ အပေါ်က သွန်ပစ်ချကြသည့်အခါတွင် မြောင်းထဲ သာမက လမ်းပေါ်သို့ ဖိတ်စဉ် ပြန့်ကျဲ ကျနေသော ခဲစာလုံးတွေ ဖြစ်လေသည်။
စာခွက် စာခုံတို့သည်လည်း ဖြစ်ချင်တိုင်းပင် ပြို၊ လဲ၊ ထပ်၊ ဆင့်၊ မှောက်၊ ပိနေကာ အပိုင်းပိုင်း အစစ ကျိုးလျက် နေကြ၏။
ပုံနှိပ်တိုက်ကြီးအတွက် ခဲစာလုံးတွေ လိုအပ်တိုင်း တဖြည့်တည်းဖြည့်လျက် အမြောက်အမြား ၀ယ်ယူစုဆောင်းလာခဲ့လေသမျှသည် တစ်နေ့တည်းနှင့် ကိစ္စ ချောကုန်ကြလေ၏။
ကျွန်မသည် မျက်မှောက်ဆုံးရှုံး ပျက်စီးကုန်သော ပစ္စည်းတွေကို နှမြောလှသည်။ လုပ်ငန်းအတွက် ပင်ပန်းခြင်းကြီးစွာ အားထုတ်မှု စွမ်းအား ၀ီရိယသည် အကျိုးမဲ့ အချည်းနှီးသာ ဖြစ်ရတော့သဖြင့် ကုန်ခန်းကုန်သော စွမ်းအင် စိတ်ဇွဲတို့ကို ပျက်စီးကုန်သော ပစ္စည်းတွေထက် ပိုမို၍ နှမြေလေတော့ သည်။
အယ်ဒီတာ အခန်း၌ သမံတလင်းပေါ်တွင် စာရွက်စာတမ်းများ ပြန့်ကျဲလျက် ရှိ၏။ စားပွဲကုလား ထိုင်များမှာ မှောက်ခုံ ပက်လက် ကိုးရိုးကားရား ဖြစ်နေသည်။ အယ်ဒီတာများနှင့် အလုပ်သမား အားလုံး အခန်းထဲ၌ စုရုံးနေကြလျက် အခန်းထဲ ၀င်လာသော ကျွန်မမျက်နှာကို လှမ်းကြည့်ကြ သည်။ အသီးသီး မျက်စိမျက်နှာ ပျက်နေကြခြင်းကြောင့် စိတ်ကို ပိုမို၍ ထိခိုက်သွားတော့သည်။ သူတို့နည်းတူ ကျွန်မမှာ မျက်နှာပျက်၍ မဖြစ်၊ တစ်ခုခု ဆုံးဖြတ်၍ တစ်ခုခု လုပ်ရတော့မည်။ သူတို့ သည် ကျွန်မထံမှ တစ်ခုခုကို မျှော်လင့်နေဟန် ရှိသည်။ အလုပ်တိုက်ကြီးကို ပိတ်လိုက်မည်လော၊ သို့တည်းမဟုတ် ဆက်လုပ်နိုင်ဦးမည်လော။
ဂျာနယ်ကျော် အပေါ်၌ ယူထားသော တာဝန် အဓိဋ္ဌာန်အတိုင်း ရပ်မပစ်ဘဲ ဆက်လုပ်ရန်သာ ရှိ တော့လေ၏။ ဆက်၍ လုပ်ရန်မှာ လွယ်သည့်အရာ မဟုတ်ချေ။ မလွယ်မှန်းလည်း သိ၏။ ပိုမို၍ ဒုက္ခကြီးလိမ့်မည်မှန် သိလျက်ဖြင့်ပင် စိတ်ကို တင်းကာ ဆက်လုပ်ရန် ပိုင်းဖြတ်လိုက်သည်။
"ကိုစောဦး ... မနက်ဖြန် သတင်းစာ ထွက်မှ ဖြစ်မယ်"
ကိုစောဦးသည် အလွန် စိတ်မချမ်းသာသော အသံဖြင့် ဖြေသည်။
"မမီတော့ဘူး ဆရာကတော်၊ အချိန်လည်း မရှိတော့ဘူး။ ရိုက်ပြီးသား စက္ကူတွေလည်း မီးရှို့ပစ်ခဲ့ တယ်။ စက်ပေါ် ရိုက်နေတဲ့ စာဖောင်လည်း ထုရိုက်ပစ်ခဲ့ကြပြီ"
"ဖြစ်အောင် ထွက်မယ် ကိုစောဦးရယ်၊ အပြင်က စက်တွေမှာလည် ရိုက်မယ်။ တစ်မျက်နှာ တစ်ဖောင်တည်း ပဲ ဖြစ်ဖြစ် နက်ဖြန် သတင်းစာ ထွက်မယ်"
ကျွန်မသည် စက္ကူထုပ်များကို ဂျစ်ကားပေါ်သို့ တင်ကာ အယ်ဒီတာနှင့်အတူ ကြည့်မြင်တိုက်မှ ပြည်သူ့ အာဏာ ပုံနှိပ်တိုက်သို့ ထွက်လာခဲ့သည်။
ပြည်သူ့အာဏာ ပုံနှိပ်တိုက်၌ အဆောတလျင် ပြီးအောင် စီခိုင်းကာ တစ်ညလုံး စောင့်ရိုက်ရလျက်၊ နောက်တစ်နေ့ နံနက် သတင်းစာ ထွက်သွားလေ၏။
ကျွန်မသည် တိုက်ပျက်ကြီးကို လှည့်၍ မကြည့်အားဘဲ အရပ်ထဲ လည်၍ သတင်းစာ ရိုက်ထုတ်နေ ချေသည်။ တိုက်ပျက်ပြီးနောက် နေ့တိုင်း ထွက်နေသော သတင်းစာသည် ပြည်သူ့အာဏာ စာပုံနှိပ် တိုက်တွင် စာမျက်နှာ တစ်ဖောင်ရိုက်လျက်၊ ဗမာ့ခေတ် သတင်းစာတိုက်တွင် တစ်ဖောင်၊ ဒီးဒုတ် ပုံနှိပ်တိုက်တွင် တစ်ဖောင်ဖြင့် အရပ်လည် ရိုက်ထုတ်နေသော သတ်းစာ ဖြစ်သည်။
ကျွန်မမှာ ညနေခြောက်နာရီမှ ည ကိုးနာရီအထိ ပြည်သူ့အာဏာတိုက်တွင် ရှိကာ၊ ည ဆယ်နာရီမှ တစ်ချက်အထိ ဗမာ့ခေတ်တိုက်တွင် ရောက်နေပြီး၊ ည နှစ်နာရီမှ နံနက် ငါးနာရိအထိ ဒီးဒုတ်တိုက် တွင် အချိန်ကုန်သွားသည်။ မိုးမလင်းမီ တိုက်တကာမှ ရိုက်ပြီးသော စက္ကူတွေကို ကားဖြင့် တစ်ပတ်ပြန်လည် သိမ်းယူခဲ့သည်။ သေပြေးရှင်ပြေး အမီထိုင်ခေါက်ကြသော နံနက် သတင်းစာ ထွက်ရသည့် တာဝန်ကြီး လည်း ထမ်းရွက်ခဲ့ဖူး၏။
ဤအတောအတွင်း အပတ်စဉ် ထုတ်နေသော ဂျာနယ်ကျော်ကို မထုတ်ရကား၊ ပြည်သူ့ဟစ်တိုင် သတင်းစာကို အမည်ပြောင်းကာ ဂျာနယ်ကျော်သတင်းစာဟု နာမည်တပ်ရပြန်လေ၏။
ဤသို့ ကမောက်ကမ ဖြစ်နေရသည့် ကြားထဲတွင် အယ်ဒီတာချုပ် ကိုစောဦးကို ဖမ်းချုပ်သွားပြန် လေသည်။ ကျွန်မမှာ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်လှကာ ရက်ဆက်၍ အအိပ်ပျက်၊ အစားပျက် ဖြင့် အတော်ကြီး ပိန်ချုံးကျသွား၏။ ယနေ့ နက်ဖြန် သေတော့မည် အသွင်လိုပင် တစ်နေ့တစ်ခြား မသာရုပ် ပေါက်လာလေ၏။
အလုပ်အကိုင် ကမောက်ကမ ဖြစ်နေသည့်အခါ နယ်ကိုယ်စားလှယ်များထံမှ ရစရာငွေများသည် တိုက်ပျက် သည့် အရှိန်နှင့် ရောက်မလာကြတော့ပေ။ အလုပ်သမားများအတွက် ပေးရန်ရှိသည့် လစာ ငွေများ အတွက် ဦးနှောက် ခြောက်နေလေ၏။
ကံကောင်းထောက်မ၍ ဖဆပလ အစိုးရက အာမခံ အပေါင်ပစ္စည်းနှင့် ငွေခြောက်ထောင် အမတော် ကြေး ထုတ်ချေး လေသည်။
အယ်ဒီတာအဖွဲ့ဝင် သတင်းထောက် ဦးစံလှထွန်းက ကျွန်မကိုယ်စား လက်မှတ်ထိုးကာ ယူလာ သည်။ လစဉ် အရစ်ကျ ပြန်ဆပ်ရမည်ဟု ဆိုလေသည်။
တိုက်ကို ရိုက်ချိုး ဖျက်ဆီးခံရ၍ အစိုးရက အမတော်ကြေး ထုတ်ချေးသော ငွေခြောက်ထောင်ဖြင့် အလုပ်သမားလခများ ရှင်းပေးလိုက်သည်။ ရိုက်ချိုးဖျက်ဆီးခံရ၍ ဆုံးရှုံးသွားသော ပစ္စည်းတန်ဖိုး အစုစုမှာ ခုနှစ်သောင်း၊ ရှစ်သောင်းမက တန်ဖိုးရှိလေသည်။
ကျွန်မသည် တစ်နေ့ထက် တစ်နေ့ ပင်ပန်းလာကာ မဟန်နိုင်တော့ဘဲ တစ်နေ့တွင် လှေကားထိပ်မှ အောက် သို့ တလိမ့်ခေါက်ကွေး ထိုးကျသွားလေ၏။ ခေါင်းမှ သွေးများ စီးကျလာကာ မူးမေ့သွား လေသည်။
သတိရသည့်အချိန်၌ ကျွန်မ ခုတင်ဘေးတွင် ဒေါ်ခင်ကြည် သတင်းမေး ရောက်နေသည်။ ဗိုလ်လက်ျာသည် ကျွန်မအား အလုပ်တိုက် ပိတ်၍ တစ်နေရာတွင် အနားသွားယူရန် အတင်း တိုက်တွန်းလေသည်။
ကျွန်မမှာ အားအင်ကုန်ခမ်းလျက် ရှိကာ မဟန်နိုင်တော့သဖြင့် ပစ္စည်းတွေသာလျှင် သင်္ခါရ ဖြစ်ပေစေ၊ လူတော့ မဖြစ်စေနှင့်ဟု တွေးကာ အလုပ်နှင့် ဝေးရာသို့ ပြေးရန် ပိုင်းဖြတ်လိုက်သည်။ အလုပ် တိုက်ကို မပိတ်စေ ဘဲ ပတ်စဉ် ဂျာနယ်ကျော် ဆက်ထုတ်ရန် ကိုစောဦးအား လွှဲအပ်ခဲ့ပြီးနောက် ပန်းဆိုးတန်းက ထွက်ခဲ့ လေ၏။
အခန်း (၅) ဆက်ရန်
.
5 comments:
လောကဓံကို ကြံ့ကြံ့ခံဖို့ ဆိုတာ တော်ရုံစိတ်ဓါတ်နဲ့ မရဘူးနော် မမရွှေစင်...
လေးစား အားကျစရာပါပဲ....
တော်တော်စိတ်ဓါတ်ကြံ့ခိုင်တဲ့အမျိုးသမီးကြီးပါဘဲ
မမရွှေစင်။အဆက်လေးမျှော်နေပါတယ်။
ဒါကိုဖတ်မိတော့လည်း ကိုယ်ဖြတ်သန်းရတဲ့ အခက်အခဲ ဆိုတာ သူတို့နဲ့ ယှဉ်ကြည့်တော့ ဘာမှ မဟုတ်ပါလားလို့ မြင်မိပြန်ရော။ လူဆိုတာ ကိုယ့်အခက်အခဲကိုသာ ခံစားမိတတ်ကြတာကိုး။
သူမို့လို့သာပဲ
ama, ..thanks ..thanks... thanks...
This is Journal Kyaw Ma Ma Lay!
That's why I like her.
Myatnoe
Post a Comment