Monday, August 2, 2010

ကြယ်နီ အပိုင်း (၂၁)

အထင်တော်လွဲလို့ရယ်
(၁)

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ် စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွေဟောက်ကို၊ လန့်ကြောက် မရှိ၊ ငါးဟုမိ၍၊ လည်စိကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ်သော်၊ မြော်ကတုံးတုံး၊ အလူဆုံးဟု၊ နှလုံးမဆံ့၊ ရင်တီးအံ့သို့၊ သိနှံ့ပညာ၊ ထိုရော်ငါလည်း၊ ပမာဤတူ၊ စည်းစိမ်ထူ၍၊ ရှိမ်းပူမထိ၊ ချမ်းသာရှိလျက်၊ သတိမြင်ကျယ်၊ သူတော်နွယ်ကို၊ ယိုးမယ်မဲ့လျှင်း၊ အချင်း စစ်ဖွေ၊ ကြံတုံချေက၊ မွေးရေခပင်း၊ နှလုံးတွင်း၌ သားညှင်းအသွင်၊ မီးဝယ်ကင်းသို့၊ ပိတ်ပင် မပြန့်၊ ရှုံ့ရှုံ့တွန့်လျက်၊ ကြောက်လန့်ထိတ်စွာ၊ ဘော်သုံးရွာတွင်၊ ၀ါဝါ လည်းလှောင်၊ သူတို့ ဘောင်ကား။    ။   ပြောင်ပြောင်ငါ့အား ငြိသတည်း။

ကျွန်တော်သည် ဆုတောင်းခန်းပျို့ကို ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် လျှောက်လှန်နေမိပါသည်။ ဆု တောင်းခန်းပျို့ မှာ ခက်ခဲနက်နဲလွန်းလှ၍ ကျွန်တော်၏ နုနယ်သေးသိမ်သော ဥာဏ်ကလေးဖြင့် သဘော မပေါက် နိုင်ဘဲ ရှိသည့်အတွက် စာအုပ်ကိုသာ လျှောက်လှန်နေသော်လည်း ကျွန်တော်၏ စိတ်အာရုံမှာမူ တခြား ရောက်ကာ ပျံ့လွင့်လျက်ရှိ၏။ သို့သော် ဤစာအုပ်ကလေးသို့ ရောက်သော အခါ စိတ်အာရု့သည် တစ်ချက်တည်း တန့်ရပ်သွား၍ ဤစာပိုဒ်ကလေးဝယ် တည်ငြိမ်စွာ စူးစိုက်မိ တော့၏။ မှန်သည်၊ ဤစာပိုဒ် ကလေးသည် ကျွန်တော်၏ စိတ်အာရုံတစ်ခုလုံးကို သိမ်းကျုံးညှို့ယူ လိုက်ပါလေပြီ။

စင်စစ် စာဆို အရှင်မဟာသီလ၀ံသ၏ ဆိုလိုရင်းမှာ ဆုတောင်းခန်းပျို့၌ မဏ္ဍိုင် ဇာတ်ဆောင်သူ ဖြစ် ပါဝင်သော သုမေဓာပုဏ္ဏားသည် မိမိကိုယ်ကို တံငါသည်နှင့် နှိုင်း၍ လောကီစည်းစိမ်ကို မြွေ ဟောက်အသွင် တင်စားကာ၊ တံငါသည် သည် မိမိအား အန္တရာယ်ပြုမည့် မြွေဟောက်ကိုပင် ငါးဟု ထင်မှတ်ကာ ၀မ်းသာ အားရ ဖြစ်နေသလို၊ သူသည်လည်း လောကီစည်းစိမ်ကိုပင် အဟုတ်ကြီး ထင်ကာ တပ်မက်မော နေမိကြောင်း၊ ပညာဖြင့် ဆင်ခြင်မိမှ လောကီစည်းစိမ်ကြီးကို စက်ဆုပ်ရွံရှာ မိကြောင်း ပြဆိုလိုရင်းဖြစ်၍၊ ကျွန်တော် ကတော့ တကယ့်မြွေကို တကယ့်ငါးဟု ထင်မှတ်ကာ တကယ့် တံငါသည်တစ်ဦးကို ကိုယ်တွေ့ မျက်မြင် တွေ့ကြုံဖူးခဲ့သည့်အတွက် ဤစာပိုဒ်ကလေး ကိုမှ ထူးထူး ခြားခြား စူးစိုက်လိုက်မိခြင်း ဖြစ်ပါသည်။

အချိန်မှာ ညဥ့် ၁၁ နာရီခန့်ရှိပြီဖြစ်၍ ပတ်ဝန်းကျင်လောက၌ ဆိတ်ငြိမ်ခြင်းသာ လွှမ်းမိုးကြီးစိုးနေ သည်။ အပြင်ဘက် မှ ညင်သာညံ့နုသော ဆောင်းလေအေး၏ တိုးဝှေ့တိုက်ခတ်မှုကြောင့် ထွက်ပေါ် လာသော သစ်ရွက် ခတ်သံ ကလေးများသာ တစ်ချက် တစ်ချက် အိမ်ထဲသို့ တိုးဝင်လာပါသည်။ ကျွန်တော်ကတော့ သာယာ ချိုအေးလှသော သစ်ရွက်ခတ်သံကလေးများကို မကြားနိုင်လောက် အောင်ပင် အာရုံတစ်ခုလုံး ဤစာပိုဒ် ကလေး၌သာ စုံးစုံးနစ်မြုပ်နေသည်။ ကျွန်တော်၏ စက္ခုအာရုံမှာ စာပိုဒ်ရှိ စာလုံး ကလေးများ အပေါ် ၌ အစုန်အဆန် ပျံဝဲနေသည်။

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ် စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွေဟောက်ကို၊ လန့်ကြောက်မရှိ၊ ငါးဟုမိ၍၊ လည်စိ ကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ် သော်၊ မြော်ကတုံးတုံး၊ အလူဆုံးဟု၊ နှလုံး မဆံ့၊ ရင်တီးအံ့သို့ ...' ။
ကျွန်တော်၏ မျက်စိအောက်မှ စာလုံးကလေးများသည် အသက်ဝင်၍ လူးကာလွန့်ကာနှင့် လှုပ်ရှား လာသည် ဟု ကျွန်တော်က ထင်မိ၏။ ဟော နောက်တော့ လူးလွန့်လှုပ်ရှားလျက်ရှိသော စာလုံး ကလေး များသည် မှုန်တ၀ါးဝါးဖြစ်လာရာမှ နောက်ဆုံးတွင် လုံးဝပင် ကွယ်ပျောက်သွားပြီး၊ ကျွန်တော် တွေ့ကြုံ ခဲ့ဖူးသော အတိတ်မှ အရိပ်ကလေးများက စာလုံးကလေးများ နေရာတွင် အစားဝင်ယူလိုက်ပါပြီကော...။

(၂)

မိုးဦးကျ လ ၀ါဆို။
မိုးသား တိမ်လိပ်များ ကင်းစင်၍ သာယာကြည်လင်သော နေ့တစ်နေ့။
အလျား ၁၀ ပေခန့်ရှည်သော လှေငယ်တစ်စင်းသည် ဗျင်းဘွဲရွာမှ ကွင်းဘက်သို့ ခပ်သွက်သွက် ရွေ့လျား နေသည်။ လှေဦးအနီးရှိ လှေကန်ပေါ်တွင် ကန်စွန်းစည်းကို ခံထား၍ အပေါ်မှ ငါးထိုးသော ' ဆောင်ပုံ 'ကို တင်ထား သည်။ လေငြိမ်သည့်အခါဖြစ်၍ လှေသည် လူးခြင်း စောင်းခြင်း မရှိဘဲ ငြိမ်သက်စွာပင် ရွေ့လျား နေ၏။

လှေဦးပေါ်တွင်တော့ ရုပ်ရည်ကြမ်းတမ်း ကြံ့ခိုင်သန်စွမ်းသော အသွင်ကို ဆောင်နေသည့် ယောက်ျားကြီး တစ်ယောက်။ လုံချည်ကို ခါးတောင်းကျိုက်ထားသည်။ ကိုယ်တွင် အင်္ကျီမရှိ။ ဟို အဝေးမှ မိုးကုပ်စက်ဝိုင်း၏ ပြာလဲ့လဲ့ နောက်ခံတွင် မည်းနက်သော သူ့ကျောပြောင်ကြီးမှာ အထင်းသား ပေါ်လွင်နေသည်။ တက် တစ်ချောင်းဖြင့် လှေဦးမှ မတ်တတ်ရပ်၍ လှော်နေသည် ဖြစ်ရာ တက်ကို ရေထဲသို့ နှစ်၍ အားစိုက်ကာ လှော်ယက် လိုက်သည့်အခါ၌ သူ့လက်ပြင် ကြွက်သားများ၊ လက်မောင်းကြွက်သားနှင့် ပေါင်တံမှ ကြွက်သား များသည် အလှပြနေသော ကာယဗလသမား တစ်ဦးကဲ့သို့ ဖုထစ်ကြွရွလာသည်။ သူ့ခေါင်းတွင် လုံချည်ဟောင်း တစ်ထည်ကို ပေါင်းထား၍ အပေါ်ကမှ ခမောက်ကို ဆောင်းထားသည်။ တံငါသည် ကိုဖိုးငွေ ၏ ရုပ်လုံးပေါ် ပန်းချီကားတစ်ချပ်။

လှေပဲ့တွင်မူ ဘ၀၏ ကန္တာရလမ်းကြမ်းကြီးကို အပန်းတကြီး ဖြတ်ကျော်လာခဲ့ရဟန်ဖြင့် အရွယ်နှင့် မလိုက်အောင် အိုစာလျက်ရှိသော မိန်းမကြီးတစ်ဦး။ လှေပဲ့ပေါ်တွင်ထိုင်လျက် လှေကိုပဲ့ပေးရင်း လှော် နေသည်။ အသက် သုံးဆယ်ခန့်မျှသာ ရှိသေးသော်လည်း ဇရာ၏ အမှတ်လက္ခဏာဖြစ်သော အရေး အကြောင်း အတွန့်ကလေးများသည် သူမ၏ မျက်နှာပေါ်ဝယ် ခိုနားစ ပြုလေပြီ။ သူမ၏ အတိတ်၌ ပျော်ရွှင် ချမ်းမြေ့မှု၊ ပစ္စုပ္ပန်ဝယ် ကျေနပ်ကြည်နူးမှု၊ အနာဂတ်တွင် မျှော်လင့် အားတက်ဖွယ် တစ်စုံတစ်ခုမျှ မရှိလေ ရော့သလား မသိ။ သူမ၏ မျက်လုံး၌ တောက်ပသော အရိပ် အယောင်ဆို၍ အစအနကလေးမျှ ရှာမရဘဲ မှေးမှိန် ဖျော့တော့ကာ မိုးတိမ်များ ပိတ်ဖုံးလျက်ရှိသော အာကာပြင်လို မှိုင်းညို့နေသည်။

ဆင်းရဲဒုက္ခကို လုံးဝ မတွေ့ကြုံဖူးသူ တစ်ဦးသည် သူမ၏ မျက်နှာကို ကြည့်ရုံမျှနှင့် ဆင်းရဲဒုက္ခ၏ အနက် အဓိပ္ပာယ် ကို အလွယ်တကူ သိနိုင်အောင် သရုပ်ဆောင်နေသည်။ သူမ၏ အနက်အဓိပ္ပာယ်ကို အလွယ် တကူ သိနိုင်အောင် သရုပဆောင်နေ သည်။ သူမ၏ ကိုယ်တွင်ကား ထဘီတစ်ထည်ကို ရင်ရှားထား၍ ခေါင်းပေါ် တွင် ခမောက်တစ်လုံးကို ဆောင်းထားသည်မှအပ အခြားဝတ်စားတန်ဆာကား နတ္ထိ။ သူမ ကတော့ တံငါ သည်ကိုဖိုးငွေ၏ ဇနီးသက်လျာ မငွေရွက်။

လှေသည် ညင်သာစွာပင် ရွေ့လျားနေသည်။ လေကလည်း လုံးလုံးကို ငြိမ်နေပါသည်။ ရေပြင် သည်လည်း လှိုင်းကြက်ခွပ်ကလေးပင် မထဘဲ ရေသင်ဖြူးခင်းကာ ပကတိ ငြိမ်သက်နေသည်။ ရင့်ကျက်သော သမာဓိ ရှိသည့် တောရထေရ်၏ မျက်နှာပြင်လို ဣနြေ္ဒရလှပါ၏။

    ဣနြေ္ဒရလှသော ရေမျက်နှာပြင်ပေါ်ဝယ် လှေငယ်သည် ဦးကလေးကို မော့၍ ကြော့ကြော့ ကလေး ရွေ့နေရာ၊ လှေသွားရာ လမ်းကြောင်းတစ်လျှောက်လုံးရှိ ရေပြင်သည်လည်း တည်ငြိမ်ရာ မရရှာဘဲ လှုပ်လှုပ် ရှားရှား ဖြစ်သွား၏။ လှေဦးမှ ရေကို ခွဲလိုက်သည့်အတွက် လှေတစ်ဖက်တစ်ချက်၌ လှိုင်းတွန့် ကလေး များဖြစ်သွားကာ တည်ငြိမ်သော ရေမျက်နှာပြင်ပေါ်ဝယ် ပြေးလွှားဆော့ကစားရင်း ကျန်ရစ် ခဲ့ကြတော့၏။

ရောက်ပေပြီ။ ဒိုက်ပင်များ၊ မြက်များ၊ ဗေဒါပင်အုပ်များ၊ ကန်စွန်းဖောင်များ၊ ကညွတ်ဖောင်များဖြင့် ပြည့်နှက် နေသည့် ကွင်းထဲသို့ လှေငယ်ကလေးသည် ရောက်နေခဲ့ပေပြီ။ လှေပဲ့မှ မငွေရွက်သည် လှေကို အရှိန်သတ် ၍ ခပ်ဖြည်းဖြည်းသာ လှော်နေတော့သလို၊ လှေဦးမှ ကိုဖိုးငွေကလည်း လှေ အလှော် ရပ်လိုက်ပြီး ပတ်ဝန်းကျင် ရှိ ဒိုက်ပင်များ၊ မြက်ပင်များ၊ ကန်စွန်းဖောင်များ၊ ကညွတ်ဖောင် များကိုသာ လျင်မြန် ဖျတ်လတ် သော မျက်လုံးအစုံဖြင့် လွှမ်းခြုံစူးစမ်းရင်း လိုက်ပါနေသည်။

သူတို့ဇနီးမောင်နှံသည် အဘယ်သို့သော ရည်ရွယ်ချက်ဖြင့် လှေငယ်ကို စီးကာ ကွင်းထဲသို့ လာရောက် ခဲ့ကြ ပါသနည်း။
အမေး ရှိလျှင် အဖြေသည်လည်း ရှိရပေမည်။ သည်မေးခွန်းကို လှေဦးဘက်မှ လှေကန့်ပေါ်ရှိ ကန်စွန်းစည်း ပေါ်တွင် အလျားလိုက် တင်ထားသော မှိန်းသွားခုနစ်ချောင်းတပ် ငါးထိုးသော ' ဆောင်ပုံ ' ကြီးက တိကျ စွာ အဖြေပေးနေပါသည်။ မှန်သည်။ သူတို့ ဇနီးမောင်နှံသည် ငါးထိုးရန် ရည်ရွယ်ချက်ဖြင့် လှေငယ်ကို စီးကာ ကွင်းထဲ သို့ လာရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

တန်ခူးလပြည့်ကျော် တစ်ရက်နေ့မှ စ၍  တော်သလင်းလပြည့်နေ့အထိကွင်းကို အစိုးရပိုင်သည်ဖြစ် ရာ ' အစိုးရပိုင်သည့်ရက်တွင် ဆင်းရဲသားများသည် ဆောင်းတစ်လုံး၊ မှိန်းတစ်လက်၊ ငါးမျှားတံ တစ်ချောင်းဖြင့် ကွင်းထဲ၌ ရှာဖွေစားသောက်နိုင်၏' ဟု အစိုးရမင်းများက ကြီးမားသော မဟာကရုဏာနှင့် အခွင့် အရေး ကလေးများ ပေးသနားထားတော်မူသည့်အတွက် ရရှိသော အခွင့် အေ၇းကို ပိုင်နိုင်စွာ အသုံးချရန် ငါးထိုးသော ' ဆောင်ပုံ ' တစ်လက်ဖြင့် ကွင်းထဲသို့ သူတို့ ရောက် ရှိလာကြခြင်းဖြစ်သည်။

လေငြိမ်နေသဖြင့် ပတ်ဝန်းကျင်ရှိ ရေပေါ် တစ်တောင်ခန့်၊ တစ်ထွာခန့် မြင့်တက်နေသော ဒိုက်ပင် ကလေးများ၊ မြက်ပင်ကလေးများနှင့် ကန်စွန်းဖောင်၊ ကညွတ်ဖောင်ကလေးများသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ငြိမ်သက်နေပါ၏။ ကိုဖိုးငွေ၏ စူးရှသော မျက်လုံးအစုံမှာ ဤငြိမ်သက်နေသော ဒိုက်ပင်များ၊ မြက်ပင် များ အပေါ်ဝယ် လွှမ်းခြုံကျက်စားကာ လှုပ်ရှားလျက်ရှိသော ဒိုက်ပင်နှင့် မြက်ပင်ကို ရှာဖွေနေ၏။

ရေအောက်ရှိ ငါး၏ အသွားအလာ အကူးအသန်း အမျိုးအမည်ကို ရေပေါ်မြင့်တက်လျက်ရှိသော ဒိုက်ပင်၊ မြက်ပင် များ၏ လှုပ်ရှားခြင်းဖြင့် သဲလွန်စ ရှာဖွေကာ နောက်ယောင်ခံလိုက်ပြီး ထိုးရသည် ဖြစ်၍ လှုပ်ရှား နေသော ဒိုက်ပင်နှင့် မြက်ပင်ကို သူ ရှာဖွေနေခြင်းဖြစ်ပါသည်။ သို့သော် ငါးထိုးသမိုင်း၌ ငါးထိုးခြင်း အစအဦး အချိန်ဖြစ် ၍ လက်တွေ့ဆည်းပူးရယူခဲ့သော အတွေ့အကြုံ ဗဟုသုတများ ခေါင်းပါးလှသေးသည့်အတွက် ယခုခေတ် ၌ ကိုဒေါင်းစိန်တို့လို ငါးထိုးသမားများကဲ့သို့ လှုပ်ရှားနေသော ဒိုက်ပင်၊ မြက်ပင်များကို မြင်ရုံမျှနှင့် ငါးအမျိုး အမည်ကို ခွဲခြားနိုင်စွမ်း မရှိသေးပေ။
တောင် မြောက် ၀ဲ ယာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ဒိုက်ပင်၊ မြက်ပင်များ အပေါ်ဝယ် ပျံဝဲလျက်ရှိသော သူ့မျက်လုံး အစုံသည် တစ်နေရာတွင် ရပ်တန့်သွားလေပြီ။ ထိုနေရာတွင် မြက်တောကလေးတမျှ မြက်ပင် များသည် စု၍ ပေါက်ပွားနေရာ၊ ဤ စု၍ ပေါက်ပွားနေသော မြက်ပင်များသည် အလယ် တည့်တည့်မှ တစ်ဖက် တစ်ချက် ကွဲကွာသွားကာ နှစ်ဖက်စလုံးမှ မြက်ပင်ကလေးများမှာလည်း လှုပ်ရှား ယိမ်းယိုင် လျက်ရှိကြ၏။

သူ့ကိုယ်ကာယသည် ဆတ်ခနဲ ဖြစ်သွားကာ လှုပ်ရှားလျက်ရှိသော မြက်ပင်ကလေးများမှ မျက်လုံး ကိုမခွာဘဲ၊ 'ကျွတ် ကျွတ်' ဟု စုတ်သပ်လိုက်ပြီး နောက်လှေပဲ့မှ မငွေရွက်အား လက်ဝါးကာပြလိုက် ၏။ ဘာကို ဆိုလိုသည်ကို နားလည်ထားပြီး ဖြစ်နေသော မငွေရွက်ကလည်း လှေကို တဖြည်းဖြည်း နှင့် အရှိန်သတ် ၍ ရပ်လိုက်၏။
ရေအောက်မှ ငါးသည် မြက်တောကို တိုးဝှေ့နေပေပြီ။ ထို့ကြောင့်ပင် မြက်ပင်များသည် ငါးသွားရာ လမ်းကြောင်း တစ်လျှောက် တစ်ဖက်တစ်ချက် ကွဲကွာသွားကာ လှုပ်ယမ်းနေခြင်းဖြစ်သည်။ ဒါကို 'မြက်တိုးငါး' ဟု ခေါ်ရမည်ဖြစ်ပြီး၊ ဒိုက်ပင်တစ်ပင်တည်း သွက်သွက်ခါ လှုပ်ယမ်းနေအောင် ဒိုက်ပင် ၌ တွယ်ကပ် နေသော ရေညှိကို ရေအောက်မှနေပြီး ကိုက်ဆွဲတတ်သည့် ငါးကိုမူ 'မြက်ကိုငါး'ဟု ခေါ်ရသည်။ ယခု သူ ထိုးရမည့် ငါးမှာ 'မြက်တိုးငါး' ဖြစ်သည်။

    ငါးသည် တစ်နေရာတည်း၌ ရပ်တန့်မနေဘဲ၊ ရှေ့သို့ ဆက်လက်တိုးဝှေ့သွားလာလျက် ရှိခြင်းကြောင့် ကျန်ရစ်ခဲ့သော မြက်ပင်များမှာ ပြန်စေ့သွားပြီး၊ ရှေ့မှ မြက်ပင်ကလေးများကတော့ တစ်ဖက်တစ်ချက် ကွဲကွဲ သွားသည်။ မြက်ပင်အက်ကြောင်းမှာ အတန်ငယ် ကျယ်ဝန်းသည့်အတွက် ရေအောက်၌ တိုးဝှေ့ နေသော ငါးသည် အကောင်အထည် အတန်ပင်ကြီးသော ငါးဖြစ်ကြောင်း သူ သိရသည်။

ကွဲအက်ကြောင်းသည် တဖြည်းဖြည်းနှင့် ရှေ့သို့သာ ရွေ့လျားနေရာ သူနှင့် အတန်ငယ် ဝေးကွာ သွားပြီဖြစ်သည့်အတွက် သူသည် 'ဆောင်ပုံ' ဖြင့် ရှေ့သို့ ဆတ်ခနဲ ဆတ်ခနဲ နှစ်ချက် သုံးချက် ပြလိုက်၏။ ကိုဖိုးငွေ၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော မငွေရွက်ကလည်း သူ့အား ရှေ့သို့ အနည်းငယ် ဆက်လှော် ရန် အရိပ်အခြည် ပြနေကြောင်း နားလည်သည်ဖြစ်၍ ရှေ့သို့ လှော် ပေးလိုက်၏။ လက်လှမ်း မီလောက်သည့် နေရာသို့ ရောက်သောအခါ ကိုဖိုးငွေသည် ' ဆောင်ပုံ 'ကို မြှောက်၍ ရွေ့လျားနေသော ကွဲအက်ကြောင်း ၏ ရှေ့သို့ အနည်းငယ် ကြို၍ ချိန်ကာ လက်လွှတ် ထိုးချလိုက်၏။
ထိသွား ပေပြီ။

ရေပေါ်တွင် ပေါ်လျက်ရှိသော ' ဆောင်ပုံ ' လက်ကိုင်ရိုးမှာ ထိထားသော ရေအောက်မှ ငါး၏ ရုန်းကန် မှုကြောင့် သွက်သွက်ခါအောင် လှုပ်ယမ်းနေရခြင်းက ငါးကို ထိုးမိထား ကြောင်း သက်သေခံနေပါပြီ။ ငါးကို လက်လွှတ် ထိုးပြီးလျှင် ပြီးချင်း၊ လှေပဲ့မှ မငွေရွက်က ဆောင်ပုံ ရှိရာသို့ လှေကို ခပ်သွက်သွက် လှော်ပို့ လိုက်သဖြင့်၊ ကိုဖိုးငွေသည် ဆောင်ပုံ လက်ကိုင်ရိုးကို လှမ်းကိုင်ကာ ရေအောက် မြေကြီးဆီသို့ ထိုးစိုက် ဖိကပ်ထား၏။ သို့မှသာ ရေအောက်ရှိ ငါးသည် ရုန်း၍ မလွတ်နိုင်ဘဲ သူ့လက်တွင်းသို့သာ စိတ်ချလက်ချ သက်ဆင်း ရပေမည်။

မငွေရွက်သည် လှေပဲ့မှနေ၍ လှေဦးသို့ လျှောက်လာကာ ကိုဖိုးငွေ၏ လက်တွင်းမှ ' ဆောင်ပုံ ' လက်ကိုင် ရိုးကို လှမ်းကိုင်ထိုးစိုက်ထားသည်နှင့် တစ်ပြိုင်နက်၊ သူက ဆောင်ပုံ လက်ကိုင်ရိုးမှ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ရေထဲသို့ ခုန်ချလိုက်၏။ နောက် ' ဆောင်ပုံ 'ရိုးကို ကိုင်လျက်ပင် ရေထဲသို့ ငုပ်ကာ ရုန်းကန်နေသော ငါး၏ ဇက်ကို ဖမ်းကိုင်ပြီး ဆောင်ပုံရော ငါးပါ ဖော်တင်လာ၏။
မငွေရွက်က ကျေနပ်စွာ ပြုံးလိုက်၍ ကိုဖိုးငွေကို အားရပါးရ ရယ်လိုက်၏။ သူတို့၏ ဘ၀၌ သဘာဝကျသော ဟာသဖြစ်သည်။ သည်ဟာသသည်သာ နှစ်လိုဖွယ်ရာ အပြုံးဖြစ်၏။ ထို့ကြောင့် မငွေရွက်က ပြုံး၏။ ကိုဖိုးငွေ က ရယ်၏။ ပြုံး ... ရယ် ... ။

သဘာဝကျသော ဟာသနှင့် နှစ်လိုဖွယ်ရာ အပြုံး။
' အဟီး ... နေ့တွက်တော့ စီသွားပြန်ပေါ့ ' သဘာဝကျသော ဟာသ၏ အသံပင်ဖြစ်ပါသည်။
' ဟုတ်သပေါ့တော် ... ခုတ်ထစ်ပြီး ခုတ်သားလုပ် ရောင်းလိုက်ရင် ငွေနှစ်ကျပ်ဖိုးတော့ တန်းနေတာပေါ့' နှစ်လိုဖွယ်ရာ အပြုံး၏ အသံ ...။
ထိုး၍ရသော ငါးမြစ်ချင်းကြီးကို ခင်းထားသော လှေကပ်အောက်သို့ သွင်းပြီးနောက် ကိုယ့်နေရာ ကိုယ် ပြန်ယူကာ ကိုယ့်တာဝန် ကိုယ်ထမ်းရွက်ကြ၏။ မငွေရွက်က လှေပဲ့မှထိုင်ကာ တက်တစ်ချောင်းဖြင့် ရှေ့သို့ လှော်ပေး၏။ ကိုဖိုးငွေက လှေဦးပေါ်မှ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ရှိ ဒိုက်ပင်နှင့် မြက်ပင်များကို လွှမ်းခြုံ စူးစမ်းရင်း လိုက်ပါလာ၏။

လှေသည် ညင်သာစွာ ရွေ့နေသည်။ အချိန်သည်လည်း မှန်မှန်ကြီး ရွေ့နေလေသည်။ လှေသည် တစ်နေရာမှ တစ်နေရာသို့ ဖြတ်ကျော်ကူးသန်းနေသည်။ အချိန်သည်လည်း တစ်စက္ကန့်မှ တစ်စက္ကန့်သို့ ဖြတ်ကျော် ကူးသန်းနေသည်။ နာရီဝက်တောင် ကြာသွားပြီကော ...။

တွေ့ပြန်လေပြီ၊ လှုပ်ယမ်းလျက်ရှိသော မြက်ပင်ကို တစ်ကြိမ်တွေ့ပြန်လေပြီ။ ကိုဖိုးငွေ၏ မျက်နှာ ပေါ်တွင် သဘာဝကျသော ဟာသမှ ဖူးပွင့်လိုက်သော အပြုံးသည် ခိုနားလေပြီ။ လှုပ်ယမ်းနေသော မြက်ပင်မှ မျက်လုံးကို မခွာဘဲ ' ကျွတ် ကျွတ် ' ဟု စုပ်သပ်ကာ မငွေရွက်အား လက်ဝါးကာပြလိုက်၏။ ချက်ချင်းပင် လှေအရှိန် လည်း တန့်လေပြီ။

ကိုဖိုးငွေ၏ မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွား၍ နဖူးရေများတွန့်လာသည်အထိ မျက်ခုံးနှစ် ဖက်ကို ချီထားသော စိတ်ဝင်စားစွာ စူးစမ်းဆင်ခြင်လျက်ရှိသည့် အသွင်သည် ရောက်ရှိလာသည်။ တဖြည်းဖြည်းနှင့် သံသယ မကင်းဖြစ်နေဟန်၊ ဝေခွဲ၍ မရဟန်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ ချီတုံချတုံ ဖြစ်နေဟန် ... တွေဝေနေသော အမူအရာသို့ ပြောင်းလဲသွားပြန်သည်။
မြက်ပင် လှုပ်ယမ်းပုံကား ငါးသည် မြက်တောကို တိုးဝှေ့လိုက်၍ မြက်ပင်သည် တစ်ဖက်တစ်ချက် သို့ ကွဲကွာသွားကာ၊ ငါးသွားရာ လမ်းကြောင်း တစ်လျှောက်လုံး လှုပ်ယမ်းသွားခြင်းမျိုးမဟုတ်ဘဲ၊ တစ်နေရာ တည်း ကွက်၍ လှုပ်ရှားနေသည့်အတွက်၊ မြက်ကိုက်ငါးဟု ဆိုရမှာကလည်း မြက်ကိုက်ငါးမှာ ဒိုက်ပင်၌ တွယ်ကပ်နေသော ရေညှိများကို ဆွဲကိုက် စားသောက်သည့်အတွက် ဒိုက်ပင်တစ်ပင်တည်းသာ လှုပ်ယမ်း နေရမည်။ ယခုတော့ မြက်ပင် ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထားသကဲ့သို့ အစည်းလိုက် ထူးဆန်းစွာ လှုပ်ယမ်းနေသည်။

သံသယသည် ကြီးထွား၍လာ၏။ မြင့်မား၍လာ၏။ ငါး ဟုတ်သလား၊ မဟုတ်ဘူးလား၊ ထိုးရမလား၊ မထိုးဘဲ ရှောင်ဖယ်သွားရမလား၊ ငါး မဟုတ်ဘူးဆိုရင် ဘာများဖြစ်မလဲ ...။
အဖြေသည် တစ်ခုတည်းသာ ထွက်လာလျှင် ပြဿနာသည် ဖြေရှင်းပြီးသားဖြစ်နေလိမ့်မည်။ ယခုတော့ အဖြေသည် နှစ်ခု၊ သုံးခု ထွက်လာ၍ ပြဿနာကို ရှင်းလင်းပစ်ခြင်း မပြုနိုင်ဘဲ ပို၍သာ ရှုပ်ထွေးနေရသည်။ သူ့အား မပြတ်သားသူ၊ တွေဝေသူဟု အပြစ်တင်ချင်လျှင် တင်ပါ၊ သူကတော့ ယခုအထိ ဝေခွဲ၍ မရနိုင် သေးပါ။

ဝေခွဲ၍ မရခြင်းမှာ ပြတ်ပြတ်သားသား မသိ၍သာဖြစ်သည်။ ပြတ်ပြတ်သားသား မသိရခြင်းမှာလည်း ငါးထိုးသမိုင်း၌ ငါးထိုးခြင်း၏ အစအဦးချိန်ခါ ဖြစ်၍ လက်တွေ့မှ ဆည်းပူး ရယူ ထားသော အတွေ့အကြုံ ဗဟုသုတ များခေါင်းပါးလှသေးသည့်အတွက်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ သည်တစ်ကြိမ် စွန့်စား ထိုးကြည့် လိုက်ရင်တော့ လက်တွေ့ အတွေ့အကြုံ ဗဟုသုတတစ်မျိုးတိုးလာပြီး၊ နောင် ဤအတွက် အခက်အခဲ တွေ့လာ နိုင်စရာ အကြောင်းရှိတော့ မည်မဟုတ်ပေ။

သူက ဆုံးဖြတ်လိုက်လေပြီ။ ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရအောင် ထိုးကြည့်မည်ဟု ဆုံးဖြတ်ချက် ချမှတ် လိုက်လေပြီ။ သူသည် ဆောင်ပုံကို မြှောက်၍ အစည်းလိုက် လှုပ်ယမ်းနေသော မြက်ပင်အောက်ခြေရှိမည် ထင်ရသော နေရာလောက်ဆီသို့ မှန်းဆ ချိန်ရွယ်ကာ လက်လွှတ် ထိုးချ လိုက်တော့၏။

ရေပေါ် တွင် ပေါ်လျက်ရှိသော 'ဆောင်ပုံ' လက်ကိုင်ရိုးမှာ တဆတ်ဆတ်ယိမ်းထိုးလှုပ်ရှားနေပါ၏။ ဤကား ရေအောက် မှ သက်ရှိသတ္တ၀ါတစ်ကောင်အား ထိုးမိထားကြောင်း ထောက်ခံနေသော အထောက်အထားပင် ဖြစ်ပါ၏။ သို့သော် ယခင် ငါးကြီးများကို ထိုးမိထားစဉ် အခါများကကဲ့သို့ သွက်သွက်ခါအောင် လှုပ်ယမ်း နေခြင်းမျိုးမဟုတ်ဘဲ၊ သိသာရုံကလေးမျှ တဆတ်ဆတ် ယိမ်းထိုးလှုပ်ရှားနေခြင်းက သူ့အဖို့ စဉ်းစားစရာ ဖြစ်နေပါသည်။

ငါးထိုး သမားဘ၀၏ သူ့အတွေ့အကြုံများထဲ၌ ဤကဲ့သို့ မြက်ပင်ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထား သကဲ့သို့ အစည်း လိုက် လှုပ်ယမ်းပုံမျိုး၊ ငါးကို ထိုးမိထားသည့် ခါ၌လည်း ' ဆောင်ပုံ ' လက်ကိုင်ရိုး မှာ ဤကဲ့သို့ ညငင်သာစွာ ယိမ်းထိုးလှုပ်ရှားနေပုံမျိုးလို အတွေ့အကြုံမျိုးကို တစ်ကြိမ်တစ်ခါမျှ တွေ့ဖူးကြုံဖူး ခဲ့ခြင်း မရှိသေးပါ။
မည်သို့ပင် ဖြစ်စေ၊ သူ မတွေ့ကြုံ မဆုံစည်းဖူးသော ငါးအမျိုးအနွယ်များထဲမှ ငါးတစ်မျိုးဖြစ်မည်ဟု ယူဆ ကာ ရေထဲငုပ်ပြီး ဆင်းဖမ်းရန် ဆုံးဖြတ်လိုက်၏။ လှေပေါ်မှနေ၍ ' ဆောင်ပုံ 'ကို ဆွဲဖော် ယူလျှင်တော့ ငါး သည် လွတ်မြောက်သွားမည်ကို စိုးရိမ်ရပေသည်။

သူသည် လှေပဲ့မှ မငွေရွက်ကိုခေါ်၍ ဆောင်ပုံ လက်ကိုင်ရိုးကို ကိုင်ဖိထားစေပြီးနောက်၊ ရေထဲသို့ ခုန်ချလိုက်ကာ ရေအောက်သို့ ကျင်လည်စွာ ငုပ်လျှိုးသွား၏။ ပြန်ပေါ်လာသောအခါ သူ့ဘယ်ဘက် လက်တွင်း၌ ဆောင်ပုံကို ဆုပ်ကိုင်ထား၍၊ ညာဘက်လက်တွင်း၌မူ မြွေတစ်ကောင်၏ လည်ပင်းကို ဆုပ်ကိုင် ထားသည်။ မြွေ၏ ရှည်လျားသော ကိုယ်ကာယမှာမူ သူ့ဘယ်ဘက်လက်တွင်း၌ ဆုပ်ကိုင်ထားသော ' ဆောင်ပုံ ' အသွား ခုနစ်ချောင်းကို ရစ်ပတ်ထားသည်။ ဆောင်ပုံ အသွားနှစ်ချောင်းက မြွေ၏ ခါးလယ်ကို စူးဝင် နေသည်။

လှေပေါ်မှ မငွေရွက်က ထိတ်လန့်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်၏။ ကိုဖိုးငွေ၏ မျက်နှာ အမူအရာ မှာ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦး၏ မျက်နှာမျိုးဖြစ်နေပါသည်။ စင်စစ်သူသည် ရေအောက်မှာကတည်း က မြွေကိုက်ခံရပြီး ဖြစ်နေပါသည်။ ဒဏ်ရာအနာတရ ရရှိ ထား၍ ဒေါထလျက်ရှိသော မြွေ၏ အားရ ပါးရ ကိုက်ခဲလိုက်ခြင်းကို ရေအောက်မှာကတည်းက ခံယူ ရရှိပြီး ဖြစ်နေပါသည်။ သူကိုယ်တိုင်လည်း ရေအောက် မှာကတည်းက မြွေပဲဟု သိရှိထားဟန် လက္ခဏာ ရှိပါသည်။ သို့သော် သူသည် သွေးရူး သွေးတန်း ဖြင့် သူ့အား ကိုက်ခဲထားသော မြွေ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး ရေပေါ် ပြန်ပေါ် တက်လာ ခြင်းဖြစ်ဟန် လက္ခဏာရှိပါသည်။

မငွေရွက်၏ အော်သံကြောင့် ပတ်ဝန်းကျင်မှ ငါးထိုးသမားတစ်စုသည် လှေကလေးများ ကိုယ်စီဖြင့် အပြေးရောက်လာကြ၏။ အကျိုးအကြောင်း သိရသည်နှင့် တစ်ပြိုင်နက် ကိုဖိုးငွေ၏ လက်တွင်းမှ ဆောင်ပုံ နှင့် မြွေကို ဖယ်ရှားပစ်ပြီး၊ မြွေဆိပ်တက်၍ မိန်းမောလျက်ရှိသော ကိုဖိုးငွေအား လှေပေါ်သို့ ဆွဲတင်ကြ၏။ ဘာလုပ် ရမည်ကို မသိသဖြင့် နှာနှတ်သူက နှာနှတ်၏။ နင်းနှိပ်သူက နင်းနှိပ်ပေး၏။
ထိုစဉ် အတွင်း ငါးထိုးသမားတစ်ဦးသည် တစ်စုံတစ်ရာကို သတိရသလို ကိုဖိုးငွေ၏ ' ဆောင်ပုံ 'ကို လှမ်းယူကာ ဆောင်ပုံအသွား ခုနစ်ချောင်းတွင် ပတ်ရစ်ထားသော မြွေအား အသေရိုက်သတ်လိုက်၏။ နောက် ပတ်ရစ်ထားသော မြွေကိုယ်ကို ဖြေကာ မြွေ၏ ခါးလယ်၌ စူးဝင် နေသော မှိန်းသွား နှစ်ချောင်း ကိုလည်း ဆွဲနုတ်လိုက်၏။ လှေပေါ်တွင် ပါလာသော ဓားဖြင့် မြွေ၏ အမြီးကို လက်နှစ်သစ်ခန့် ဖြတ်လိုက်ပြီး နောက် ပါးစပ်မှ အမြှုပ်တစီစီထွက်၍ မိန်းမောနေသော ကိုဖိုးငွေ၏ ပါးစပ်ထဲသို့ ခုတ်ဖြတ်ထားသော မြွေမြီး ကို ထိုးထည့်လိုက်၏။ ကိုဖိုးငွေ သတိတစ်ကြိမ် ပြန်လည်လာသောခါတွင် 'မျိုချလိုက် မျိုချလိုက်' ဟု ပြောလိုက်ရာ ကိုဖိုးငွေလည်း အယောင်ယောင် အမှားမှားနှင့်ပင် မျိုချလိုက်၏။

မြွေကိုက်ခံရပါက ကိုက်သောမြွေ၏ အမြီးကိုဖြတ်၍ မျိုလျှင် အဆိပ်ပြယ်သည်ဟု အယူရှိကြသော ကြောင့် မြေမြီးကိုဖြတ်၍ မျိုခိုင်းခြင်းဖြစ်ပါသည်။ သို့သော် မထူးခြားလှပါ။ မြွေ၏ အားရပါးရ ကိုက်ခဲ ခြင်းကို ခံလိုက် ရသောကြောင့် ခဏမျှသာ သတိလည်လာပြီးနောက် ပြန်၍ မိန်းမောသွားပြန်တော့ သည်။

ကွင်းထဲမှနေ၍ ရွာဘက် ဦးတည်လှော်ယက်ကာ အိမ်သို့ ခေါ်ဆောင်လာခဲ့စဉ်မှာပင် လမ်းတွင် သေဆုံး သွားတော့၏။ မငွေရွက်သည် အော်ဟစ်၍ ငိုလိုက်၏။ အားရပါးရ ရှိုက်ကြီးတငင် ငိုလိုက်၏။ ငိုရပေမည်။ သူမ၏ ဘ၀၌ ဒါသည် သဘာဝကျသော အလွမ်းဖြစ်သည်။ ဖြေမဆည်နိုင် သော အဆွေး ဖြစ်သည်။

သူတို့အား ရွာသို့ လိုက်ပို့ကြသော ငါးထိုးသမားများကား ဘ၀တူ မိတ်ဆွေတစ်ဦး၏ ဇာတ်သိမ်းခန်း အတွက် စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်းများဖြစ်နေသလို တိတ်ဆိတ်ငြိမ်သက်နေကြ၏။ တိတ်ဆိတ်ငြိမ်သက်ခြင်း ကို ဖောက်ထွင်း၍ မငွေရွက်၏ ငိုရှိုက်သံသည်သာ ဘ၀ကို နာကြည်းဆွေး မြည့်သည့် ငိုရှိုက်သံ၊ သောက ပရိဒေ၀၏ လောင်မြိုက်ခြင်းကို ခံရသော အသည်းနှလုံးမှ မြည်ဟည်း ထွက်လာသော ငိုက်ရှိုက်သံ။ ငို ... ရှိုက် ... သံ။
' ဒေါင် ... ဒေါင် ... ဒေါင် ... '
၁၂ ချက် သံချောင်းခေါက်သံသည် အတိတ်မှ အရိပ်ကလေးများ၌ ၀င်စားလျက်ရှိသော ကျွန်တော်၏ အာရုံအား ပစ္စုပ္ပန်သို့ ပြန်လည်ခေါ်ယူလိုက်ပေပြီ။

*

' ဒေါင် ... ဒေါင် ... ဒေါင် ... '
၁၂ ချက် သံချောင်းခေါက်သံသည် အတိတ်မှ အရိပ်ကလေးများ၌ ၀င်စားလျက်ရှိသော ကျွန်တော်၏ အာရုံအား ပစ္စုပ္ပန်သို့ ပြန်လည်ခေါ်ယူလိုက်လေပြီ။
မှေးနေသော မျက်လုံးသည် ပွင့်လာ၏။ လေးနေသော မျက်ခွံသည် ပေါ့လာ၏။ စင်းနေသော မျက် တောင်သည် ကော့ထောင်လာ၏။ မျက်လုံးအောက်ဝယ် ပျောက်နေသော စာလုံးကလေးများသည် လည်း မှုန်ဝါးဝါး မှ တစ်ဆင့် ထင်ရှားပြတ်သားစွာ ပြန်ပေါ်လာပေပြီ။

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ်စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွဟောက်ကို၊ လန့် ကြောက်မရှိ၊ ငါးဟုမိ၍၊ လည်စိကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ်သော်၊ မြော်ကတုံးတုံး၊ အလူဆုံးလူ၊ နှလုံးမဆံ့၊ ရင်တီးအံ့သို့ ... '
အတိတ်မှ အရိပ်ကလေးများကို ယခုပစ္စုပ္ပန်၌ အကောင်အထည်ပေါ်လွင်လာအောင် သည်ကဗျာက ရုပ်လုံးဖော်ပေးသည်။ ကျွန်တော်က အတိတ်၏ အရိပ်မှ ငိုက်ရှိုက်သံကလေးကိုသာ ကြားယောင်ကာ ရင်ထဲ၌ တလှပ်လှပ် ဖြစ်နေမိသည်။ ယခုမှပင် တွေ့ကြုံ ခံစားလိုက်ရသလို ကရုဏာ သက်နေမိသည်။ သြော် ... ဆိုးရွားလှတဲ့ သူတို့ဘ၀ပါကလားရယ်လို့။

သို့သော် ငါးထိုးသမားလောက၌ ကိုဖိုးငွေသည် နောင်လာ နောက်သားများအတွက် သစ်လွင်သော သဘောတရားတစ်ရ်ကို ထုတ်ဖော်ပြသသွားသူတစ်ယောက်အဖြစ် လေးလေးစားစား သတိရလျက် ရှိကြပါသည်။ မှန်သည်၊ မြက်ပင်များ အစည်းလိုက် ယမ်းနေလျှင် ရေအောက်မှ သတ္တ၀ါသည် မည်သည့် သတ္တ၀ါ ဖြစ်သည်ဟူသော အချက်ကို နောင်လာနောက်သားများအား သူသည် အသက်ပေး၍ ရှင်းလင်းပြသ သွားသူဖြစ်သည်။

အပြင်ဘက်မျ သာယာချိုအေးသော သစ်ရွက်သစ်ခတ်သံကလေးများကို ယခုမှပင် အရသာခံ၍ နားထောင်မိတော့သည်။ ခပ်လှမ်းလှမ်းမှ ကင်းစောင့်ရဲဘော်တစ်ဦး၏ သီချင်းဆိုသံ သဲ့သဲ့သည် သစ်ရွက် ခတ်သံ ကလေးများနှင့်အတူ ကျွန်တော်၏ နားထဲသို့ တိုးဝင်လာသည်။ ကျွန်တော်၏ အာရုံသည် သစ်ရွက် ခတ်သံမှ ကင်းစောင့်ရဲဘော်၏ သီချင်းသံသို့ ကူးပြောင်းလေပြီ။
' အထင်တော် လွဲလို့ရယ် ... ချစ်တဲ့သူရယ် ... မုန်းရက်လေအားတယ် '

သဲ့သဲ့မျှသာ ဖြစ်ပါ၏။ အစမှ အဆုံးအထိ ပီပီသသ မကြားရ။ ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်၏။ သြော် ... သူ့ခမျာ အထင်တော်လွဲပြီး မုန်းတော်မူသွားသော သူ့ချစ်သူကို ရည်မှန်းပြီး ဒီသီချင်းကို ဟစ်ဆိုနေရှာထင့်။

ကျွန်တော် လည်း စာရေးစားပွဲပေါ်မှ ဆုတောင်းခန်းပျို့ကို ပြန်ပိတ်လိုက်၍ မတ်တတ်ထရပ်လိုက် ကာ အညောင်း ဆန့်ရင်းဖြင့် မြွေကို ငါးဟု အထင်တော် လွဲမှားခဲ့သည့်အတွက် အသေဆိုး သေရရှာ သော ကိုဖိုးငွေ ကို ရည်မှန်းကာ နှုတ်မှ ခပ်တိုးတိုး မြည်တမ်းလိုက်၏။
' သြော် ... အထင်တော် လွဲလို့ရယ်  ..... '
-----------------------
ပြီးပါပြီ
.

No comments: