Tuesday, August 31, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၃) အပိုင်း (၁)

ကိုဆေးရိုးတိုးသမီးယောက်ဖတစ်တွေ

အမေကြီး ကျီးဒန်သည် လေးထပ်ကျောင်း ထန်းတောဘက်သို့ မျှော်ကြည့်နေ၏။ ငွေလမင်းသည် ထန်းတော ထိပ် မှ ထွက်ပြူလာကာ ရမ်းဘိုကုန်းရွာထဲသို့ ပုလဲရည်ငွေဥများ ပက်ဖြန်းပေးလျက်ရှိသည်။
' နောက်တော့ ကော အမေကြီး '
အမေကြီးရှေ့တွင် ငုတ်တုတ်တချို့၊ တုံးလုံးတချို့ ရှိနေသော မြစ်များအပြင်၊ ပေါင်ပေါ်တွင် ခေါင်းအုံးခွင့် မရ သောကြောင့် ထဘီပေါ်တွင် ခေါင်းအုံးပြီး အိပ်နေသူများလည်းရှိနေကြ၏။
' အမေကြီး က ကောင်းခန်းရောက်ရင် သလိုချည်းပဲ '

မေကြည်၏ သား သုံးယောက်အနက် အငယ်ဆုံးကောင် သူရထွန်းက ထိုသို့ဆိုသောအခါ သူ့အထက်က အကောင် သူရသန်းက 'အမေကြီးကို အဲသလို မပြောကောင်းဘူး' ဟု လှမ်းဆုံးမသည်။
ထိုအခါ ခင်ခင်ကြီး၏သား ငဟစ်ကြီးခေါ် အောင်ကျော်စံဦးက ၀င်ပြီး အသံသြကြီဖြင့် ဆရာလုပ်၏။

' နင်တို့ ဘာသိတုံး။ ဒါလောက် နှစ်တွေကြာလာတော့ ပြန်ပြီး စဉ်းစားရသေးတာပေါ့ဟဲ့ '
' မဟုတ်ဘူးနော် အမေကြီး၊ အမေကြီးက သတိကောင်းတယ်နော် '
ငတက်ပြားမ၏ သမီး ရွှေရည်ဝင်းက ငဟစ်ကြီး၏ စကားပျက်ပြားအောင် လုပ်၏။

' တစ်ယောက်တစ်ပေါက်နဲ့နော်။ အမေကြီးက နားညည်းတယ်၊ ပြန်ကြတော့လို့ နှင်လွှတ်တော့မှ ဟုတ်ပေ့ဖြစ်နေမယ်'
ခင်မောင်ငြိမ်း၏သမီးကြီး ပြုံးပြံးငြိမ်းဦးက အမေကြီး စိတ်ဆိုးပြီး နှင်လွှတ်မည်ကို ကြောက်ရွံ့နေသူ ဖြစ်၏။
' အမေကြီး က မနှင်ဘူးနော်။ ဟုတ်တယ်နော် အမေကြီး'

မောင်ကိုကြီး၏သား သီဟကိုက အမေကြီးဒူးကို ကိုင်လှုပ်ရင်းမေး၏။ အမေကြီး ကျီးဒန်သည် ငေးမောနေရာက ခေါင်းညိတ်သည်။
' ဗျိုင်းကြီး ဗျိုင်းကလေးက ကုလားမည်းတွေထဲဝင်ပြီး ဓားနဲ့ ခုတ်တော့ ကုလားတွေ သေကုန်ရောလား'
' ဘယ်ဘက်မှာ ဓားတစ်စင်း၊ ညာဘက်မှာ ဓားတစ်စင်း၊ ဓားနှစ်စင်းစီကိုင်ပြီး ကုလားမည်းတွေကြား ထဲဝင်ပြီး ဓားနဲ့ခုတ်တာ၊ ရေတွင်း နှစ်တွင်း ကုလားအလောင်းတွေ ပြည့်သွားသတဲ့'
' ဗျိုင်းကြီးကွ '

ငဟစ်ကြီးက ထအော်သဖြင့် ရွှေရည်ဝင်း၏ အစ်ကို သတ္တိခဲကလည်း 'ဗျိုင်းကလေးကွ'ဟု အားကျမခံ အော်၏။
' အမေကြီး၊ နောက်တော့ကော '
' ကုလားမည်းတွေက မြန်မာသူရဲခေါင်း ဗျိုင်းကြီး ဗျိုင်းကလေးကို ကြောက်လို့ ထွက်ပြေးတဲ့အခါ ကုလားဖြူက မပြေးရဘူး အမိန့်ပေးတယ်။ လက်ချင်းယှက်ပြီး ဗျိုင်းကြီး ဗျိုငိးကလေးကို အဖမ်းခိုင်း တယ်။ သေနတ် နဲ့ ပစ်တယ်။ ကုလးမည်းတွေက ကြောက်ကြောက်နဲ့ လက်ချင်းယှက်ပြီး ဖမ်းရသတဲ့'

' မိသလား အမေကြီး'
' ဘယ်မိမတုံး၊ လူစွမ်းကောင်းပဲဟာကို '
' ဟေး ဗျိုင်းကြီးကွ '
' ဟေး ဗျိုင်းကလေးကွ '
ယခုတစ်ကြိမ်အော်သူမှာ ငဟစ်ကြီးနှင့် သတ္တိခဲပင်ဖြစ်ပေ၏။
' အမေကြီး အမေကြီး ဗျိုင်းကြီး၊ ဗျိုင်းကလေးက ကုလားဖြူကုလားမည်းတွေကို ဘာပြုလို့ ဓားနဲ့ခုတ် တာတုံး'
' ကုလားဖြူကို အင်္ဂလိပ်လို့ခေါ်တယ်။ သူက စေတီတော်တွေမှာ ဌာပနာထားတဲ့ ရွှေငွေ ကျောက်သံ ပတ္တမြားတွေ၊ ရေနံချောင်း၊ ချောက်၊ မင်းဘူးကထွက်တဲ့ ရေနံတွေ၊ တောင်တွင်း ပျဉ်းမနားကထွက်တဲ့ ကျွန်းသစ်တွေကို လိုချင်လို့ မြန်မာပြည်ကို လာတိုက်တော့ ကုလားမည်းတွေ ကိုပိုက်ဆံပေးပြီး ငှားလာ တယ်။ ဒါကြောင့် ငါတို့ မြန်မာတွေက ခုခံတာ'

' ဟေး ဗျိုင်းကြီးကွ '
' ဟေး ဗျိုင်းကလေးကွ '
ငဟစ်ကြီးနှင့် သတ္တခဲပင် ထပြီး အော်ပြန်သည်။
ငွေလမင်းသည် လေးထပ်ကျောင်း ထန်းတောပေါ်သို့ ရောက်လာပြီ။ ဘေးမကြီးနှင့် မြစ်တွေ အမေး အမြန်းထူထပ်နေစဉ် အိမ်ဝိုင်းထဲသို့ လူနှစ်ယောက် ၀င်လာသည်။ အမေကြီး ကျီးဒန်သည် ၀ိုးတိုးဝါး တား မျှသာ မြင်ရငြား၊ ရိပ်ဖမ်းသံဖမ်းဖြင့်ပင် ဘဆေးရိုးနှင့် မောင်ကိုကြီးတို့ ရွာလယ်ဝတ်ကျောင်းမှ ပြန်လာခြင်း ဖြစ်သည် ဟု နားလည်လိုက်၏။
' ဘ ဘ အဘေးဦးထွန်းကား အကြောင်း ပြောပါ '

အာရုံပြောင်း အာရုံလွှဲ အလိုရှိသူများက ဘဆေးရိုးအား ဆီးကြိုပူဆာ၏။
' နင်တို့ကလဲဟယ်၊ ခုမှ အပြင်က ပြန်လာတာ '
ဘကြီး မောင်ကိုကြီးက လုံးဝ ပိတ်ပင်ငြား၊ ဘဆေးရိုးက မငြိုငြင်ပေ။

' ငထွန်းကားအကြောင်း ထပ်ပြန်တလဲလဲ ပြောပြီးနေပြီပဲ။ ဘာ ကျန်ဦးမှာလဲ ကလေးတွေရဲ့'
ဘဆေးရိုး သည် မှောင်ထဲတွင် အသုံးပြုသော ရေနံဆီမီးခွက်ထည့်သည့် သံပုံးကို တစ်နေရာတွင် ချိတ်သည်။ ရေနွေးကြမ်းအိုးဘေးတွင် ထိုင်သည်။ အေးစက်နေသော ရေနွေးကြမ်းများကို ငှဲ့သောက်ရာက မြစ်တွေ ကို လှမ်းကြည့်၏။ ရွာအရှေ့ပိုင်းတွင် ကလေးအချို့ ကစားဆဲရှိသေး၏။ ထိုကလေးများ၏ အသံက သည်ဘက်သို့ ပြန့်လွင့်လာငြား၊ ကလေးတွေ စိတ်ဝင်စားဟန်မပြ။ သို့ အတွက် မြစ်အားလုံး ကြားအောင် လှမ်းပြော၏။

' သည်ရာမှ အိုးစပြီးလုပ်တ ဘယ်သူတုံး၊ မေးကြပါတော့လား။ ဘာပြုလို့ အိုးလုပ်တာတုံး၊ စပ်စုကြ ပါတော့လား '
' တော်တော် မတရားတဲ့ အဘိုးကြီးပဲ။ ကိုထွန်းကားအကြောင်း ကလေးတွေက မေးတာနဲ့ပဲ ဟိုလွှဲ သည်လွှဲ လုပ်တာပဲ၊ ဟင်း '
သို့သော် မြစ်များသည် သဘောမပေါက် စိတ်မ၀င်စားသဖြင့် မေးသံမြန်းသံများ ပေါ်မလာပေ။ ကလေးများ ထံမှ အသံမထွက်ငြား၊ အမေကြီး ကျီးဒန်၏ စိတ်တွင် လှုပ်ရှား၏။ ယခုအခါတွင် ရမ်းဘို ကုန်းရွာ၌ မျိုးပြုတ် နေပြီဖြစ်သော အိုးလုပ်ငန်းသည် တစ်ချိန်သောအခါက ရမ်းဘိုကုန်းရွာ၏ အဆင် တန်ဆာအဖြစ် တည်ရှိ ခဲ့၏။

 မြစ်များ ဘိုးအေထံတွင် သွားရောက်ဝိုင်းအုံနေစဉ် အမေကြီး ကျီးဒန် သည် အိမ်ရှေ့မျက်နှာစာရှိ အုပ်ဆိုင်း ထားသော 'အိုးဖို'ကြီးကို လှမ်းကြည့်နေမိ၏။ ရမ်းဘိုကုန်းရွာထဲသို့ မည်သူသည် အိုးကို သယ်ဆောင် လာသနည်း။ ထိုအခါ ခါးပြည့်ရွာနေ ဒေါ်ကြော့ အကြောင်းသည် မပါလျှင် မဖြစ်တော့ပေ။

ဒေါ်ကြော့မှာ မကျီးဒန်၏အမေ ဒေါ်ရွှေအိမ်၏အစ်မဖြစ်သည်။ ဒေါ်ကြော့ ခါးပြည့်ရွာသား ဦးဖိုးမှုန်နှင့် အိမ်ထောင်ကျပြီးနောက် ငွေတိုးပေး၊ စပါးပေါ်ပေး၊ ပဲပေါ်ပေး၊ ပင်ထောင် အရောင်းအ၀ယ် ငွေတိုးချ ပေးခြင်းဖြင့် ချမ်းသာကြွယ်ဝနေသူဖြစ်၏။ အမေကြီးကျီးဒန်၏ အာရုံထဲတွင် ထို 'မိကြီး' ၀င်ရောက် လာသောအခါ အမေကြီး ကျီးဒန်သည် အိမ်ထောင်ကျပြီးခါစ မလည်မ၀ယ် မိကျီးဒန်ဘ၀သို့ ပြေးလွှား ပြောင်းရွှေ့ ရ၏။ အမေ မရွှေအိမ် ပြောသောကြောင့် ခါးပြည့်ရွာတွင် အမေ့အစ်မရင်းရှိကြောင်း ကျီးဒန် သိသည်။

အမေနှင့်အတူ ထိုမိကြီးရှိသော ရွာသို့ လည်း ကျီးဒန်ရောက်ဖူးငြား တွယ်တွယ်တာတာမရှိ။ အစ်မသာဆိုသည် အမေကလည်း လွမ်းလွမ်း ဆွေးဆွေး တမ်းတမ်း တတ မရှိချေ။ သို့ဖြစ်သောကြောင့် ကျီးဒန်သည်လည်း ထိုမိကြီး ဒေါ်ကြော့ကို မေ့မေ့ပျောက်ပျောက်ပင်။ ထိုမိကြီးသည် ဆေးရိုး ကျီးဒန်တို့၏ မင်္ဂလာဆောင်သို့ မလာပေ။ မင်္ဂလာဆောင်ပြီး ခြောက်လခန့်ကြာမှ လှည်းယဉ်ကလေးတစ်စီးဖြင့် ခြူသံ တညံညံ ပေးလျက်ရောက်လာ၏။
' မောင်ကြွက်နီတို့၊ ရွှေအိမ်တို့ ဘယ်မှာနေကြသတုံးကွယ်တို့ '

လာကတည်းက ပေါ်စီးဖြင့် လာသည်။ ညီမ၏ အိမ်ကို မေးမြန်းစုံစမ်းရာတွင် တစ်အိမ်မေးလျှင် ပြီးပါလျက် ရွာစဉ် လျှောက်မေး၏။ အပေါ်စီးက ခေါ်ရသည်ကို အာတွေ့ဟန်တူသည်ဟု ဒေါ်ရွှေအိမ်ထင်၏။
ထိပ်အုပ်မှန်ရောင် တပြောင်ပြောင်၊ ၀မ်းပတ်သိုင်းကြိုးတွေ တလက်လက်ဖြင့် ခြူသံလွင်သော လှည်းယဉ်။ မိုးသို့ပျံ လုလု ကြွရွနေသော နွားတစ်ရှဉ်းဖြင့် ရမ်းဘိုကုန်းရွာထဲသို့ ၀င်လာသော မိကြီး ဒေါ်ကြော့၏ အသွင် ကို နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ ကြာသော်ငြား အမေကြီးကျီးဒန်၏ မျက်စိထဲမှာ မပျောက်။

*

' မောင်ကြွက်နီ မယ်ရွှေအိမ်တို့အိမ် သည်အိမ်လားကွဲ့'
ဘီးဆံပတ်ကြီးနှင့် သနပ်ခါး ဖုန်အောင်လိမ်းထားသော၊ ပုလဲနားကပ် တခါခါ ကွမ်းသီးဖက်ဆေးလိပ် တကားကား လုပ်နေသော အဒေါ်ကြီးအား မောင်ဆေးရိုး စိုက်ကြည့်၏။ သူ့ယောက္ခမ ဦးကြွက်နီ၏ အမျိုးလော၊ ဒေါ်ရွှေအိမ်၏ အမျိုးလော ခန့်မှန်းကြည့်၏။
သူ ခန့်မှန်း၍ မရမီပင် ဧည့်သည်က အမေးဆင့်၏။

' မင်းက သူတို့နဲ့ ဘာတော်လဲ။ သြော် သိပြီ သိပြီ၊ မောင်ကြွက်နီ ရွှေအိမ်တို့ရဲ့ သမက်'
မောင်ဆေးရိုး၏ ရင်ထဲတွင် လှိုက်ခနဲ ၀မ်းသာ၏။ မယားအမျိုးတစ်ယောက်က သူ့ကို အသိအမှတ်ပြု သောကြောင့်ဖြစ်သည်။ သို့အတွက် ပုတ်သင်ညို ရှုံးလောက်အောင် အထပ်ထပ် ခေါင်းညိတ်သည်။
' ဟုတ်ပါတယ် ခင်ဗျာ့၊ အဒေါ်က '
' ငါ ရွှေအိမ် ရဲ့ အစ်မကွယ့်၊ သူတို့ရှိကြလား '
မေးနေလျက် တန်းလန်းပင် နွားလှည်းသည် အိမ်ဝိုင်းထဲသို့ ၀င်လာ၏။ မောင်ဆေးရိုး ထပ်မံပြီး အဖြေ မပေးမီ၊ ဒေါ်ရွှေအိမ်က အိမ်ထဲမှ 'ကဲ' ကြည့်သည်နှင့်ဆုံ၏။

' အစ်မ မကြော့ပါလား '
ဒေါ်ရွှေအိမ် ၀မ်းသာအားရ ပြေးဆင်းလာပြီး အစ်မ၏ လက်ကို ကိုင်၏။ လှည်းရံတိုင်တွင် ချိတ်ထား သော ဖိနပ်တွေ ချွတ်ပြီး ခင်းပေး၏။
' ညည်းတို့ အိမ်ကလဲအေ မေးလိုက်ရတာ၊ တကယ်တဲမှပဲ '
' မရောက်ဖူး မပေါက်ဖူးတော့ မေးရတာပေါ့ အစ်မရယ် '
' သည်နှစ် စပါးကော ရကြရဲ့လား'
ပထမမေးခွန်းကို ဖြေဆိုရန်အတွက် သင့်လျော်သော စကားလုံးကို ဒေါ်ရွှေအိမ် ရှာဖွေနေဆဲမှာပင် နောက်ထပ် မေးခွန်း ထွက်လာပြန်သည်။

' ညည့် ယောက်ျားကော မမြင်ပါကလား '
' ဟုတ်ကဲ့၊ ဟို ' ဟု ဒေါ်ရွှေအမ် စကားစနေဆဲ၌ ' အ၀င်ဝမှာ တွေ့ခဲ့တာ၊ ညည့်သမက်လား ' မေးပြန်သည်။
မည်သည် ကိုမျှ ဒေါ်ရွှေအိမ် မဖြေတတ်တော့ပေ။

မိကျီးဒန်မှာ မေးမြန်းသံများကြားသဖြင့် အိမ်ရှေ့သို့ ထွက်လာ၏။ အမေ့အမျိုးတစ်ယောက်ယောက် ဖြစ်မည်ထင်သောကြောင့် ထွက်လာခြင်းလည်း ဖြစ်ပေသည်။
' သူက ညည့်သမီး '
' ဟုတ်တယ် အစ်မ၊ တလောကမှ အိမ်ထောင်ချပေးလိုက်ရတာ '
ဒေါ်ရွှေအိမ် ၏ အစ်မ ဒေါ်ကြော့သည် ဒေါ်ရွှေအိမ်နှင့် ရုပ်ချင်းဆင်သော်ငြား မျက်လုံး၏ အေးချမ်းမှု ကား မရှိချေ။ စူးရှတောက်ပြောင်သော အရောင်တစ်ခုခုသည် မျက်လုံးထဲမှ ထွက်နေ၏။ သူသည် ညီမ၏ သမီး အား စူးရှစွာ ကြည့်၏။

' ညည်းတို့အေ၊ ငါ့တူမလေးကို အကျည်းလည်း မတန်ဘဲနဲ့ ကျီးဒန် မှည့်ရသလားအေ '
ကျီးဒန် အလွန်ကျေနပ်ရသော အပြောဖြစ်သည်။
သည်စကားကြောင့် ကျီးဒန် ပြုံးစေ့စေ့ ကွက်ခနဲ တစ်ချက်မော့ကြည့်စဉ်၊ မိကြီးထံမှ အမေးတစ်ခု ထပ်မံထွက်ပျံလာသည်။
' ညည့် ယောက်ျားက လယ်သမားပဲလား '

' ဟုတ်ကဲ့ '
' လယ်သမားကို ယူရတယ်လို့အေ။ ညည်းတို့မှာ ယူစရာလူဒါလောက်ပဲ ရှားသလား '
ကျီးဒန် နား မျက်စိ လည်သွားသော်ငြား၊ ဒေါ်ရွှေအိမ်မှာ ထောင်းခနဲ ဒေါသဖြစ်ရသည်။ သည်သမက်မှာ သူစိတ်တိုင်းကျသော သမက်ဖြစ်၏။ အလုပ်အကိုင် ကြိုးစား၏။ ရိုးသား၏။ ရိုးသား တည်ကြည်ခြင်းနှင့် အလုပ်အကိုင် ကြိုးစားခြင်းသည် ရွှေထက် အဖိုးတန်သည် မဟုတ်လော။
' လယ်သမားသမီး၊ လယ်သမားနဲ့ရတာ အပြစ်လား တစ်မရဲ့ '
' ညည်းတို့ အဲဒါခက်တာပဲ၊ မြို့ထဲ တစ်လနေလို့ တစ်ခေါက် မရောက်ဘူးထင်ပါရဲ့ '

ဒေါ်ကြော့သည် စကားဆက်ရန်အတွက် မျက်လုံးဝင့်သောအခါ ညီမ၏ ခက်ထန်သော မျက်နှာထား ကိုသတိပြုမိသည်။ ထိုခဏတွင် ဒေါ်ကြော့သည် မိမိတို့ ညီအစ်မသုံးယောက်၏ ခြားနားသော စရိုက်များကို သတိရ၏။ ဒေါ်ကြော့တို့တွင် ညီအစ်ကိုမောင်နှမ ငါးယောက်ရှိရာ အကြီးဆုံးနှင့် အငယ်ဆုံးမှာ ယောက်ျားလေးတွေဖြစ်၊ အလယ်က မိန်းကလေးသုံးယောက်တွင် ဒေါ်ကြော့မှာ အကြီးဆုံး ဖြစ်၍ ဒေါ်ရွှေအိမ်နှင့် ဒေါ်မယ်လှတို့မှာ အလတ်နှင့် အငယ်များဖြစ်ကြရာ စရိုက်သုံးမျိုးရှိ သည်။ အကြီးမ မကြော့ သည် အရွယ်မရောက်မီက နာမည်ပျက်၏။

ဝတ်ချင်စားချင် လှချင်လွန်းသော ကြောင့်ဖြစ်သည်။ လက်ရှိအိမ်ထောင် ဦးဖိုးမှုန်မှာ အိမ်ထောင် သုံးဆက်ရှိသည်။ ဒုတိယအိမ်ထောင်မှာ နာတာရှည်ဖြင့် အိပ်ရာထဲ၌ လဲနေစဉ် မကြော့က အိမ်ပေါ် တက်ပြီး အတင်း နေသည်။ နာတာရှည် တိမ်းပါးသွားသောအခါ ဒေါ်ကြော့မှာ တတိယ မယားကြီး ဖြစ်သွား တော့သည်။ မည်သူတွေ မေးငေါ့သည်ဖြစ်စေ၊ မည်သူတွေ အတင်းပြောသည်ဖြစ်စေ နမည် ညိုးချင် ညိုးပါ၊ လန်းချင် လန်းပါ၊ လက်ောက် ဆယ်စုံကို ဆင့်ဝတ်ပြီး သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်းနေရသဖြင့် မကြော့ ကျေနပ်လှပြီ။ သို့သော် မရွှေအိမ်နှင့် မမယ်လှက အစ်မကြီး၏ ရွှေဘုံစံဘ၀ကို တံတွေးဖြင့် ထွေးသည်။

မရွှေအိမ်က ' ဒါမျိုးတော့ အားမကျပေါင် ' ဟူ၍သာ မှတ်ချက်ချသည်။ သို့သော် မမယ်လှကမူ လက်တွေ့ အရောင်းအ၀ယ်လုပ်ပြသည်။ မကြော့၏ လက်ကောက်မျိုး သုံးနှစ်အတွင်း ဖြစ်လာသည်။ ထို့ကြောင့် ညီအစ်မသုံးယောက်တွင် ဒေါ်မယ်လှသည် အရဲရင့်ဆုံး အတက်ကြွဆုံး ဖြစ်ငြား၊ အစ်မနှစ်ယောက်နှင့် အဆက်အသွယ်ပြတ်နေသည်။ ဒေါ်ကြေ့သာလျှင် ဇာတိ ' ခါးပြည့်' ရွာတွင် ထောင်နေ မောက်နေသည်။ ယခု ဒေါ်ကြော့ ရောက်လာသည်။ အပေါ်ယံ အသွင်အပြင် အားဖြင့်ကား ဒေါ်ရွှေအိမ်မှာ နိမ့်ကျသည်။ နိမ့်ကျသော်ကောဟု ဒေါ်ကြော့မှ နိုင့်ထက်စီးနင်း မပြော ရဲပေ။ မပြောရဲခြင်းမှာ လိပ်ပြာ မလုံသဖြင့် ဖြစ်သည်။

    ဒေါ်ကြော့ရောက်လာခြင်းမှာ အိမ်ထောင်ပြုသွားသော တူမလေးကို တွေ့ရန်ဖြစ်သည်။ မင်္ဂလာ ဆောင်ချိန်က သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားဖြင့် ဆွေစုံမျိုးစုံ တွေ့နိုင်ပါလျက် ဒေါ်ကြော့ ရောက် မလာခြင်းမှာ ဧည့်ပရိသတ်အများကြား၌ မြုပ်နေမည်စိုးသောကြောင့်ဖြစ်သည်။ ယခုပင်လျှင် ကြည့်၊ တစ်ရွာလုံး ငေးကြည့်ချောင်းကြည့်ရစေရန် ညီမ၏ အိမ်ကို အိမ်စဉ်လျှောက်ပြီး မေးလာခဲ့သည်။
' ညည်းတို့ အဲဒါ ခက်တာပဲ။ မြို့ထဲ တစ်လနေလို့ တစ်ခေါက် ရောက်တာ မဟုတ်ဘူး။ မြို့ထဲမှာ တိုက်နဲ့ တာနဲ့'

သို့သော် ဒေါ်ကြော့ စကားမဆက်ဖြစ်။ သူ၏ ကြွယ်ဝချမ်းသာမှုကို ညီမနှစ်ယောက်လုံးက ရှုတ်ချကြ သည် ကို သတိရသည့်အတွက် စကားလမ်းကြောင်း ပြောင်းလွဲသွားသည်။
' မဖြစ်သေးပါဘူးအေ၊ ထမင်းတစ်လုပ်ဟာ လယ်လုပ်မှ စားရတာ မဟုတ်ပါဘူး '
လယ်သမားဘ၀ကို သွယ်ဝိုက်ပြီး ရှုတ်ချသောစကားဖြစ်ငြား ကျီးဒန် သဘောကျသည်။ အားတက်စရာပါသည့်အတွက် ဖြစ်ချေသည်။ မိကြီးဖြစ်သူကို ကျီးဒန် မျှော်လင့်တကြီး မော့ကြည့် သည်။
' သက်သောင့်သက်သာနဲ့ ထမင်းတစ်လုတ်လည်း စားရ၊ ကြီးပွားချမ်းသာမှုလည်း ဖြစ်နိုင်တဲ့ အလုပ်တွေ ရှိပါတယ် အေ '

' ဟုတ်ကဲ့ မိကြီး၊ ကျုပ် လုပ်ချင်ပါတယ်၊ လုပ်ပါရစေ'
ကျီးဒန်က လိုလိုလားလား တုံ့ပြန်သည်။
ကြီးပွားချမ်းသာရေးဟု ဒေါ်ကြော့ ယုံကြည်သော လုပ်ငန်းတစ်ခုသည် ဒေါ်ကြော့၏ နှုတ်ဖျားမှ လွှတ်ခနဲထွက်လာသည်။ သို့ရာတွင် ဒေါ်ကြော့သည် နှုတ်ခမ်းကို အချိန်မီ ပိတ်သည်။ လွယ်လွယ် ပြောလျှင် တန်ဖိုးမရှိ။ တူမကိုသာ ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။
' ပြောပါ မိကြီး၊ ကျုပ် လိုက်နာပါ့မယ် '

' ညည်းတို့ ရွာတောင်ဖျားက ငါဝင်လာတာ သည်အထိပဲ။ အိမ်ဆိုင် တစ်ဆိုင်မှ မတွေ့ဘူး။ ညည်းတို့ အိမ်ဆိုင် တည်ပါလား '
ထိုအခါ ဒေါ်ရွှေအိမ်က ' သမီး နားမယောင်နဲ့ဟဲ့။ ကြွေးကျတာနဲ့ပဲ တစ်လအတွင်း ပြုတ်မှာ' ဟု ၀င် ပြောသည်။
' အဲဒါကတော့အေ၊ လူတွင်ပါလို့ နွားကို ကျားကိုက်တာပါ။ ယနေ့ အကြွေးမပေးဆိုပြီး စာတွဲထား လိုက်ပါ အေ တို့ရယ် '
' မိကြီးက ပြောတာတော့ဟုတ်ပါရဲ့။ အရင်းလိုသေးတယ် '

' အရင်းက ဘယ်လောက်တောင် ၀င်မှာတုံး။ ဆား၊ ငါးပိ၊ ပုစွန်ခြောက်၊ ငါးခြောက်၊ ဆီ၊ ငံပြာရည်နဲ့ မုန့်ပဲသရေစာ၊ မဆလာ၊ နနွင်းမှုန့်ပေါ့အေ။ အရင်း ငါးဆယ် မကျော်ပါဘူး'
' အစ်မအဖို့တော့ ငါးဆယ်ဟာ မပြောလောက်ပေမဲ့ ကျုပ်တို့မှာ အဲသည်ငါးဆယ်ဟာ ခက်သတော့်။ အစ်မ သမီးကို အစ်မပဲ ထုတ်ချေးခဲ့ပေတော့၊ နောက်တော့ ပြန်ဆပ်ပေါ့'
သည်မျှငွေကြေးသည် ပါမလာကြောင်း သိပါလျက်နှင့် ဒေါ်ကြော့သည် ချွေးခံအင်္ကျီကို နှိုက်၏။

' သည်လိုလုပ်အေ။ နက်ဖြန်မနက်ကျရင် အိမ်လာခဲ့အေ။ ငါ့မှာ ချက်ရပြုတ်ရ ဆွမ်းလောင်းရတာနဲ့ ဆိုတော့ ဆွမ်းခံချိန်မတိုင်ခင် ရောက်အောင် လာခဲ့အေ။ ငါ့တူမလေး လိမ္မာသလောက် ဆင်းရဲတွင်း က လွတ်အောင် ငါမကြည့်လို့ ဘယ်သူကြာည့်မှာတုံး '
မစားရ၀ခမန်း စကားကြီးဖြစ်သည်။ တစ်ပြားကိုပင် နှစ်ပိုင်းခွဲပြီး တစ်ခြမ်းဖိုးဝယ်ယူရသည်အထိ ငွေ တွင်းနက်ချိန်တွင် ကျပ် ငါးဆယ်သည် များပြား၏။ ထိုမျှသောငွေကို မောင်ဆေးရိုး မိကျီးဒန်တို့ တလင်းတက်ချိန်တွင် ရရှိရန် မသေချာပေ။ ထိုမျှသောငွေကို မိကြီးက 'ငါ့တူမကလေး၊ လယ်ထဲ ချောင်းထဲ မှာ မပင်ပန်းစေချင်လို့' ဟူသော အကြောင်းပြချက်ဖြင့် ထုတ်ချေးတော့မည်။ ကျီးဒန်မှာ ကျေးဇူး တင်လွန်း သဖြင့် အကြိမ်ကြိမ် ဦးချသည်။ ဒေါ်ရွှေအိမ်ကလည်း 'အစ်မကို ပြောခဲ့ဆိုခဲ့မိတာ တွေ တောင်းပန်ပါတယ်' ဆိုပြီး ကန်တော့သည်။

ဒေါ်ကြော့၏လှည်း ရမ်းဘိုကုန်းရွာထဲမှ ထွက်သောအချိန်ဝယ် ငှက်ပျောခိုင်တွေ၊ ကွမ်းရွက်ထုပ်တွေ၊ ယုန်ကင်တွေ၊ ပုတတ်ကင်တွေ ပါသွားသည်။ သည်အရာတွေမှာ ခါးပြည့်ရွာ တွင်ုလည်း ရှိသည်သာ။ သို့သော် ပေးသူက ပေးသောအခါ ဒေါ်ကြော့မှာ ငြင်းရန်မသင့်ပေ။ စင်စစ် သော်ကား ပေးလိုက် ရသူများမှာ ပိုပိုလျှံလျှံရှိ၍မဟုတ်ပါ။ ကျေးဇူးတင်သည့် အထိမ်းအမှတ်အဖြစ် ခြစ်ခြုတ်ပြီး ပေးလိုက် ကြခြင်းသာဖြစ်၏။ ပေးလည်း ပေးကောင်းပါသည်။ ငွေကျပ်ငါးဆယ်မျှသော အရင်းအနှီးကို ထုတ်ချေး မည့် ကျေးဇူးရှင် မဟုတ်လော။

ကျီးဒန်သည် နောက်တစ်နေ့နံနက်တွင် မိကြီး ဒေါ်ကြော့ရှိသည့် ခါးပြည့်ရွာသို့ ရောက်လာခဲ့သည်။ သုံးတိုင်ကျော်ကျော်ဝေးသော ခရီးဖြစ်သည့်အတွက် မှိုင်းမှိုင်းမှောင်မှောင်ကတည်းက ထလာသည်။ မိကြီး မှာခဲ့သည့်အတိုင်း ဆွမ်းခံမ၀င်မီရောက်သည်။ လက်ချည်း မလာလိုသောကြောင့် မုန့်သြဇာ တစ်ပိဿာ အကြွေး ၀ယ်လာခဲ့ရသေးသည်။
မိကျီးဒန်၏ စိတ်အာရုံတွင် သူတို့လင်မယား၏ အနာဂတ်သည် လှပနေ၏။ မိကြီးထုတ်ချေးသော ငွေငါးဆယ်အကူအညီဖြင့် တည်ထောင်ထားသော တိုလီမိုလီ အိမ်ဆိုင်ကလေးသည် ကုန်စုံဆိုင်ကြီး ဖြစ်လာ သည်။ အမေတို့ အိမ်ခြေရင်းဘက်တွင် ထုတ်ထားသော အဖီကလေးသည် အိမ်ကြီးရခိုင် ဖြစ်လာပြီ။ ရမ်းဘိုကုန်းရွာတွင် အကြီးကျယ်ဆုံး ရွာ့ကျက်သရေဆောင် 'အိမ်တော်ပုံ' ဆောက်ထားသည့် အိမ်ကြီး။

' မိကြီးဖို့ မုန့်သြဇာ တစ်ပိဿာ '
အိမ်အောက်တွင် အကျယ်အ၀န်း၏ လေးပုံတစ်ပုံကို 'ဆင့်' ရိုက်ထား၏။ ဆင့်ဘေးတွင် ကျောမှီပါသော ခုံတန်းလျားတစ်ခု၊ အဲဆွဲပါသော စားပွဲတစ်လုံး ချထားသည်။ စားပွဲပေါ်တွင် ကြွေ ရည်သုတ် ရေနွေးကရား ပန်းကန်စုံ နှင့် ကြေးကွမ်းအစ်ကြီးတို့ရှိသည်။ ကျီးဒန်သည် သူ့အောက် အနည်းငယ် ငယ်ရွယ်ဟန်ရှိသော မိန်းမပျိုတစ်ယောက်၏ လက်ထဲသို့ မုန့်သြဇာကိုထည့်သည်။ ' ရမ်းဘိုကုန်းက ကျီးဒန် ရောက်လာပြီလို့ပဲ ပြောလိုက် ပါအေ' ဟု မှာလိုက်သေးသည်။

ဆွမ်းခံဝင်ချိန် တိုင်ခဲ့ပြီ။
' ဆွမ်းတော်ဗျို့'
' ဆွမ်းတော်ခင်ဗျာ့ '
ဘုန်းကြီး တစ်ပါးနှင့် ကျောင်းသား ငါးယောက်။ ဦးပဉ္စင်းတစ်ပါးနှင့် သမဏေနှစ်ပါး။ ကျောင်းသား လေးယောက်။ နောက်ထပ် နောက်ထပ်။ အိမ်ရှေ့တွင် ရပ်သည်တစ်မျိုး။ အိမ်အောက် သို့ ၀င်လာပြီး ထိုင်သော 'ထိုင်ဆွမ်း'က တစ်ဖုံ။ ထိုဆွမ်းများကို လောင်းသူမှာ ဒေါ်ကြော့မဟုတ်။ ကျီးဒန် မုန့်သြဇာ ထုပ်ပေးလိုက်သော မိန်းကလေးနှင့်အခြားတစ်ယောက်သာဖြစ်သည်။
နေမြင့်သည်နှင့်အမျှ ကျီးဒန်လည်ပင်းရှည်ပြီ။ ဖင်တကြွကြွဖြစ်ပြီ။ သို့တစေ မိကြီး ဒေါ်ကြော့၏ အသံသော် မျှ မကြားရပေ။ ကြာသော် ကျီးဒန် သံသယ၀င်လာချေသည်။
' သည်အိမ် ဟာ မိကြီးတို့အိမ်မှ ဟုတ်ရဲ့လား '

ဟုတ်ပါသည်။ မိကြီး ဒေါ်ကြော့၏ အိမ်ဖြစ်ကြောင်းကို ယမန်နေ့ ညနေက ကျီးဒနတို့ လက်ဆောင် ပေးလိုက်သော ငှက်ပျောခိုင်ကို 'ခွေးကတက်'အောက်တွင် ထောင်ထားသည်။ မဆစ်ရသေး၊ မအုပ်ရ သေးသောကြောင့် ကျီးဒန် ကောင်းစွာမှတ်မိသည်။

ထိုင်ဆွမ်းကိုယ်တော်များ ကုန်သွားပြီ။ အိမ်ပေါ်သို့ လူတွေ တက်ချည်ဆင်းချည် လုပ်နေကြသည်။ အိမ်ပေါ်သို့ လိုက်သွားရကောင်းနိုးနိုး ကျီးဒန် စိတ်ကူးသေးငြား မရွေ့။ တဖြည်းဖြည်း အချိန်ကုန် လာသည်နှင့် အမျှ ထမင်းဆာလာသည်။ မိကြီးမှာသည့်အချိန်နှင့် အညီရောက်ရန် စိတ်စောနေ သဖြင့် မည်မည် ရရ မဖြည့်တင်းမိ။ ငါးပေါင်းကြော် တစ်ပြားဖိုးသာ စားခဲ့မိသည်ထင်၏။ သို့ကြောင့် ဆာလောင် လာသောအခါ ကျီးဒန်သည် ထပြန်ရန် စိတ်ကူးတော့၏။ သို့သော် ပြောစရာဖြစ်မည်။

' ကြည့်ရှုချင် စောင်မချင်လို့ ခေါ်တာ၊ မပြောမဆို ပြန်သွားတယ်။ ရွှေအိမ့်သမီး တယ်ရိုင်းပါကလား'
အထိုင်ပြင်ပြီးခါ မှ ကျီးဒန် မထဖြစ်။ ထမင်းစားချိန်မတိုင်မီက ရောက်နေသောဧည့်သည်၊ ထမင်းစား ချိန် တွင် ရောက်လာသော ဧည့်သည်များကို ထမင်းစားခေါ်ရရိုး ထုံးစံရှိသည်။ ကျီးဒန်အား မည်သူမျှ လာရောက် မခေါ်ငင်ပေ။

အိမ်အောက် သို့ နေရောင်များ ၀င်လာပြီ။ ဤသို့ ညနေစောင်းခါမှ ဒေါ်ကြော့ ရောက်လာသည်။ ကျီးဒန်နှင့် တစ်လံကွာခန့်တွင် ထိုင်သည်။ ကလေးမြေးငယ်တွေနှင့် စကားပြောသည်။ အကြွေးလာ ဆပ်သူများနှင့် ရန်ဖြစ်သည်။ ကျီးဒန်ကိုကား စကားပြောရန် ဝေးစွ။ ပြန်စောင်းသော်မျှ မကြည့်ချေ။ ဒေါ်ကြော့ သည် သူ၏ ပတ်ချာဝန်းကျင်သို့ ရောက်လာသူတိုင်းနှင့် စကားပြောပါလျက် ကျီးဒန်ကို ကွက်ချန်ထားသည်။ သို့အတွက် ကျီးဒန်၏ စိတ်မှာ သိမ်ငယ်လာသည်။ တစ်ဖက်ကလည်း မမှောင်မီ ရွာသို့ ပြန်ရောက်ရန် အချိန်ကို တွက်ဆရသည်။

အိမ်အောက်သို့ဝင်လာသော နေရောင်ကြော နှစ်လံမျှ ရှည်လာချိန်၌ ကျီးဒန် ထသည်။ မိကြီးရှေ့သို့ လာသည်။
' မိကြီး၊ ကျုပ် ပြန်တော့မယ် '
ဒေါ်ကြော့ သည် ကျီးဒန်အား ယခုမှမြင်ဘိသို့ ရင်ကိုဖိ၏။
' ငါအေ၊ ညည်းကို တက်တက်ကြီးမေ့နေတာ။ ဖြစ်မှ ဖြစ်ရလေခြင်း အေရယ်၊ နက်ဖြန် တစ်ခေါက် လာခဲ့ ဦးနော် '
ကျီးဒန်သည် ခေါင်းမညိတ်ပါ။ ခေါင်းလည်းမခါပါ။ 'တန်ဟဲ့ တစ်သက်လုံးမလာဘူး' ဟု ဆုံးဖြတ် လိုက်သော ကြောင့်ဖြစ်သည်။

ကားလမ်း၊ မြင်းလှည်းလမ်းမရှိပါ။ ခြေသွားလမ်း၊ လှည်းလမ်းကြောင်းတို့အတိုင်း ကျီးဒန်သည် သုတ်ခြေတင်သည်။ သို့သော် ကျီးဒန်သည် ရမ်းဘိုကုန်းရွာသို့ မပြန်သေးပါ။ မအေးညွန့်၊ မဇာညွန့်တို့ အိမ်သို့ ၀င်သည်။
' အလိုတော် မအ၀ှာ၊ မိုးကြီးချုပ်မှ '
မအေးညွန့်က တအံ့တသြဖြစ်သည့်နည်းတူ၊ မဇာညွန့်ကလည်း 'လင်ကို စိတ်ကောက်လာတာမဟုတ်လား။ လက်မခံဘူး'ဟု ကျီစယ်သည်။
' ညည်းတို့ အခု ဘာလုပ်နေကြသတုံး '
အိမ်တွင်း အိမ်ပြင်တွင် ပြည့်နှက်နေသော အိုးစိမ်း သပိတ်စိမ်းများကို လှမ်းကြည့်ရင်း ကျီးဒန်က မေးသည်။

' အိုးတွေ ခြောက်ကုန်မှာစိုးလို့ အိုးလည်းပုတ်၊ သပိတ်လည်းပုတ်ပဲအေ့။ နေပါဦး၊ ညည်းက အချိန် မတော်မှာ လာပြီး ဘာတွေ စစ်ဆေးနေတာတုံး'
' ငါလည်း အိုးဖိုထောင်ချင်လို့ အေတို့ရဲ့ '
' ကောင်းတာပေါ့ ညည်းတို့အရပ်မှာ အိုးသမားမှမရှိတာ '
မဇာညွန့်က အားတက်သရော တိုက်တွန်းသည်။

' ဒါဖြင့် ဖိုကို ဘယ်လိုတည်ရမယ်။ မြေကို ဘယ်လိုစပ်ရမယ် ဆိုတာ ပြောကြဦးလေ '
ထိုအခိုက်တွင် ကျီးဒန်၏ပခုံးကို မအေးညွန့်က လာဖက်သည်။ မတ်တတ်မှ ကုန်းဖက်ပြီး၊ လူပေါ်သို့ ဖိပြီး ထိုင်ချသဖြင့် ကျီးဒန်ပေါ်သို့ ပိလျက် လဲကျလာ၏။ ကျီးဒန်က အော်ဟစ်ငြူစူပြီး ထုသည်။
' အိုးဖို မထောင်ခင် ငါတို့ဆီမှာ တစ်လကိုးသီတင်းလာလုပ်လှည့်ဦးလေ'

' အဲဒါလောက်ကြီး မလုပ်နိုင်ဘူး '
' လွတ်လွတ်လပ်လပ် အပျိုဘ၀တုန်းက မလုပ်ဘဲနဲ့၊ အခုမှ ဘာ စိတ်ကူးပေါက်လာတာလဲ ကောင်မရယ် '
သည်မေးခွန်းကြောင့် ကျီးဒန် မျက်နှာထား တင်းမာသွားသည်။ မျက်လုံးအစုံမှ စူးရှသော အရောင် များ ထွက်လာသည်။
' ပြောပါဦး' ဟု ပခုံးချင်းတွန်းကာ မအေးညွန့်က မေးသည်။ ' ပိုက်ဆံလိုချင်လို့' ဟု ကျီးဒန်က တုံးတိ ဖြေသည်။

လယ်သမားနှင့် ပျံကျလယ်ယာလုပ်သား (လယ်ကူလီ)များသာ ရှိခဲ့သော ရမ်းဘိုကုန်းရွာထဲသို့ ရေတွင်းနှင့် တူသော အိုးဖိုတစ်လုံး ရောက်လာသည်။ မအေးညွန့်နှင့် မဇာညွန့်တို့ လိုက်လာပြီး အုတ်ခုံကို ဤသို့ထား။ နံကာကို ထိုသို့လုပ်ဟု ညွှန်ကြားသောကြောင့် လုပ်ရငြား၊ မောင်ဆေးရိုးမှာ ယောင်နန။

ဆက်ရန်
.

2 comments:

ကိုဇော် said...

အစ်မရေ...
ဒါလေးတော့ အပြေးအလွှား လာဖတ်သွားပါဒယ်။
မနက်တောင်မှ မိုးလင်းတော့မယ်ဗျာ။

:P said...

ကိုယ့်တူမ အရင်းကို ရက်စက်လိုက်ထာ..