ဆည်းလည်းပြာလေးတွေနှင့် အတူ
စာရေးသူ ဆင်ဖြူကျွန်း အောင်သိန်း
နှမ်းပွင့်ရနံ့သည် လေဝေ့တိုင်း သင်း၏။ ကြူ၏။ ကြိုင်လှိုင်၏။ သည်ကြူပျံ့သောရနံ့ရီးဆေးရိုး အသက်ရှူ လိုက်တိုင်း ရင်ခေါင်းထဲအထိ ပြေးဝင်လာ၏။ ငန်းပြားဖြင့် သုံးလေးကော် ကော်ပြီးတိုင်း ရီးဆေးရိုးသည် ခါးတစ်ခါ ဆန့်၏။ ခါးဆန့်လျှင် နှမ်းပွင့်ပြာကလေးတွေက မြင်ကွင်းထဲသို့ ပြေးလာ၏
ကြူ မည့်သာ ကြူသည်၊ သင်းမည့်သာ သင်းသည်၊ နှမ်းပွင့်က များများမရှိတော့။ 'သိပ်'စပြုပြီ။ တစ်ပင်မှ တစ်ပွင့် နှစ်ပွင့်၊ အများဆုံးမှာ သုံးလေးပွင့်။ သို့ရာတွင် ရှားရှားပါးပါး ဆည်းလည်းပုံနှမ်းပွင့်ကလေးတွေကိုမှ ရီးဆေးရိုး ဟဒယက စွဲငြိသည်။ ကြည့်စမ်း မွှေးလိုက်တာ၊ လှလိုက်တာ။
ဆည်းလည်းပြာ၏ အောက်ကိုလျှောက်လျှင် အစိမ်းနု 'နှမ်းအရှဉ်း'များ။ အပွင့်မဲ့ အပင်များမှာမူ စိမ်းမှောင် နေသည်။ တစ်ရှဉ်း၊ နှစ်ရှဉ်း၊ သုံးရှဉ်း၊ ဟာ----ဟိုအပင်က ဆယ့်ငါးရှဉ်းတောင် ရှိပါကလား။
ပင်စည် ကို ခွပြီး 'စုံ'သီးသော နှမ်းရှဉ်းများကို ရေတွက်မိသောအခါ မောဟိုက်ခြင်းသည် မရှိပြီ။ အားသစ် အင်သစ် တိုးလာသည်။ လုပ်ဦးမှ၊ လုပ်ဦးမှ၊ ဒါကလေးတွေ ကျွတ်ကျွတ်လွတ်လွတ် အောင်ဖို့အရေး တူးလိုက်ဦှး မှ ဟူ၍ ငန်းပြားရိုးကို ဆုပ်မိလေ၏။ ဟိုဘက် သုံးကွက်ကျော်တွင် ထွန်နားထားသည်။ ထွန်နှင့် နွားနေငြား လူမနားနိုင်။ စည်ဝေသော နှမ်းခင်းက မနားချင်အောင် လှုံ့ဆော်သည်။ နှမ်းခင်းဘေးမှ ဖြတ်သွားသော မြောင်းလက်တံကလေးက သတိပေးသည်။ မနားနဲ့။ ပျိုးခင်း ကန်သင်းဘေးမှ နှမ်းခင်း ကလည်း အချက်ပြနေသည်။တူးထားဦး။
ငန်းပြားတစ်ဆစ်သည် တစ်တောင်ခန့် ရှိမည်။ သည်မျှနက်၍ ငန်းပြား နှစ်ပြားစာ ကျယ်သော မြောင်း ကလေး ကို မြောင်းလက်တံဘေးတစ်လျှောက်နှင့် ပျိုးခင်းဘေးတွင် တူးလိုက်လျှင် မည်မျှပန်းမည်နည်း။ ထွန်တစ်ခါ နား နည်းနည်းချင်းတူးလိုက်လျှင် ခုနှစ်ရက် မတူးရပေ။ သည်မျှကိုပင် အားမစိုက်ချင်လျှင် ပျိုးခင်း ရေနှင့် လက်တံရေက နှမ်းခင်းထဲသို့ စိမ့်မည်။ မွရွနေသည့် ထွန်ရေပြင်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ပြန်မည်။ ထိုအခါ နှမ်းသီးတွေ မအောင်မြင်မီ ၀ါမည်။ ရင့်သောကြောင့် မှည့်ခြင်းမဟုတ်၊ အမြစ်ပုပ်သောကြောင့် ဖြစ် သည်။ မမှည့်ဘဲနှင့် ၀ါသော နှမ်းသီးမှ အောင်မြင်သောနှမ်းစေ့များ မရနိုင်ချေ။ သို့ကြောင့် ရီးဆေးရိုး တူးရ သည်။
ငန်းပြား၏ 'မောင်းရင်း'တွင် ကံလတက် သစ်သားအတက်ကလေး ရှိသည်။ သည်ပေါ်မှာ ဖိနင်းလိုက်လျှင် ငန်းပြားသည် မြေအိအိထဲသို့ စိုက်ဝင်သွား၏။ ငန်းပြားကို စောင်းကော်ပြီး မ လိုက်ရုံသာ ရှိတော့သည်။ ရှိ သော်ငြား ရီးဆေးရိုး မ မ သေး။ ငန်းပြားကို ရှေ့သို့တွနးသည်။ ငန်းပြား၏ ကျောနှင့် မြေကြီး ကပ်မနေစေ ရန် ဖြစ် သည်။
ငန်းပြားအခွက်ထဲက မြေကြီးသာလျှင် ပတ်သက်ကြောင်း၊ စပ်ဆိုင်တော့ကြောင်း သေချာပြီ။ သေချာမှ မ သည်။ အတော်လေးပါကလား။ မျက်မှန်အချိန်အဆအရ သည်မျှမလေးသင့်။ ထို့ကြောင့် ပြန်ချပြီး ကြည့်သည်။ 'အဆစ်' နွယ် တစ်နွယ်။
နွယ်စိမ်း ရွက်စိမ်းဖြစ်ငြား ရီးဆေးရိုး မမြင်။ ရွှံ့ပေနေသောကြောင့်ဖြစ်၏။ သေသေချာချာ ငုံ့ကြည့်မှ မြင် သည်။ှဆွဲနုတ်၏။ ကျွတ် ပါမလာ၊ လက်နှစ်ဖက်ဖြင့် ဆွဲဖြတ်မှ ပြတ်သော်လည်း ရွှံ့တစ်ခဲက လောက်လွှဲဖြင့် ပစ် သလို မျက်နှာတည့်တည့် ပြေးရိုက်၏။
ရွှံ့တုံးမဟုတ်။ ရွှံ့ပေနေသော ကဆစ်သီး။ ရေချွဲရေပျစ် တွင်လှုပ်ပြီးဆေးသည်။ လက်မရွယ် ဖရဲသီး အရှည် အသားဝင်း သောအရောင်၊ ၀ါနေသော အရောင်က မှည့်နေပါပြီဟုဆို၏။ ရီးဆေးရိုး နမ်းကြည့်၏။ မွှတ်မွှတ် မွှေးမွှေး အလား ရီးဆေးရိုးသည် ပါးစပ်ထဲသို့ အမှတ်မဲ့ ပစ်သွင်း၏။ သွားဖုံးများမှာ ကဆစ်သီးကွဲအောင် ကြိတ်ခွဲ နိုင်စွမ်း မရှိတော့ပါ။ ထိုအခါကျမှ ရီးဆေးရိုး သတိရ၏။ ဟုတ်သားကပဲ၊ ငါ့မှာ သွားမှ မရှိတော့တာ။ သို့ရာတွင် ကဆစ်သီး ကို ရီးဆေးရိုးမပစ်ရက်။ ခါးပိုက်တောင်ထဲသို့ ထည့်ထားလိုက်မိသည်။
'အင်းဟင်းဟင်း..လုပ်နေပြန်ပြီ၊ နာတော့မှာပဲ။ ဟိုကောင်ကြီးဟာ တယ်လေ ငါရိုက်လိုက်ရ နာပြန်တော့ မယ်။ ဒီလို မလုပ်စမ်းပါနဲ့ သားရ၊ ဟာ…ဟိုကောင်ကြီး လုပ်နေပြန်ပြီလား'
အတိုင်နွား က ဖြောင့်လျှင် အလှည့်နွားက ကောက်၏။ တမင်ကောက်ခြင်းကာ မဟုတ်။ ခြေကျွံ၍ အသွားရပ်စဉ် တစ်ဖက်နွားမှာ ဆက်သွားသဖြင့် ထွန်ကြောင်း ကောက်၏။ စိမ်းစိမ်းမြင် ၍ လှမ်းဟပ်မိသဖြင့် ကောက် ၏။
ရီးဆေးရိုးမှာ မာန်သာမာန်ရငြား ရိုက်မနေအားပါ။ ထွန်ကိုထွန်းရသည်ကတစ်မျိုး၊ သူကိုယ်တိုင်ခြေကျွံပြီး မယိုင်လဲ အောင်ထိန်းနေ နုတ်နေရသည်က တစ်ဝကြောင့် ပါးစပ်ဖြင့်သာ အသံပေးနေရ၏။
သည်အရည်ကို မြင်သောကြောင့် အခြောက်ထွန်ဖြင့် သုံးလေးစပ် ကြိုတင်ထွန်ထားခဲ့လေသည်။ ရေကို လည်း ၄၊ ၅၊ ၆ရက် စိမ်ထားသေးသည်။ ၀ီရိယနည်းသူများအတွက်မူ ပြောဖွယ် မရှိတော့ပြီ။ နွားရော လူပါ မသက်သာ။ ထွန်ရေးလည်းမရသော တောရိုင်းခွဲ။ ထွန်ကွေ့သည်။ တစ်စပ် စပ်သွားပြီး နောက်ဆုံး ထွန်ကြောင်းပင်။ အလှည့်နွားကို ကန်သင်းပေါ်တင်ကြည့်သည်။ တင်သော်ငြား ထွန်တုံးက ကန်သင်းခြေသို့ မကပ်။ ထောင့်ကွေ့ထဲမှာ လှည့်ကွေ့သည်။ ထွန်တုံးမှာ မည်သည့်နည်းဖြင်မျှ ကွေ့ထဲမရောက်။ ရီးဆေးရိုး အံကြိတ်ပြီး ထွန်တုံးကို မ သည်။ ကြွရုံမျှသော ခွန်အားသာရှိသည်။ တစ်လံကွာနေရာသို့ ဆွဲပစ်သွင်းနိုင် သောခွန်အား မရှိပါတကား။
ရီးဆေးရိုးဟင်းချမိ၏။ စိတ်တိုင်းကျ မဆောင်ရွက်နိုင်ခြင်းသည် လုပ်ရကိုင်ရသည်ထက် မော၏။ ကျွံနေ သော ခြေကို နုတ်ပြီး ခြေလှမ်းမပျက် ထွန်နောက်က လိုက်ရသည်ထက် ပင်ပန်း၏။ ဟယ်…ကိုယ်မှ မတတ် နိုင်တာ။ နောက်တစ်ခေါက် မောင်းပြီး ထွန်ကြောင်းပိတ်ချိန်တွင် ရီးဆေးရိုး စိတ်လျှော့လိုက်သည်။
သည်တစ်စပ်ပြီးမှ သည်တစ်စပ်ပြီးမှဟူသည့် တင်းထားစိတ်ကို ဖြေလိုက်သောအခါ ခွေလဲလုလုဖြစ်သည်။ နှင်တံကို ကိုင်ထားသော လက်သည်ပင်ပြေလျော့ချင်ချင်။ သို့ရာတွင် အသစ်ခွဲမည့် နောက် လယ်ကွက် ထဲသို့ ထွန်ကိုပို့ထားချင်သည်။ နွားနှစ်ကောင်ကို တစ်ဖက် လယ်ကွက်တွင်း ရောက်အောင်မောင်းသည်။ တဟင်းဟင်း အသံပေးမပျက်စေဘဲ ထွန်တုံးကိုမ သည်။ ရှည်လိုက်သည့်ထွန်သွား။ တပ်စဉ်က တောင်ဆုပ်။
အဘယ့်ကြောင့် ယခု သုံးထောင်ခန့် ရှည်နေသနည်း။ ကန်သင်းနှင့် ထွန်သွားလွတ်အောင် ပင့်မြှောက် ရသည့် ပင်ပန်းခြင်းမှာ တာရှည်လှ၏။ လာပြန်ပြီ ကန်သင်း။ ကန်သင်းကို ကျော်သည်အထိ ထွန်တုံးကြီး ကို ပင့်ထားရသည်မှာ ကြာညောင်းလှ၏။ အို…ကျယ်လိုက်သည့် ကန်သင်း။ ဘယ်တုန်းကများ ဘယ်သူ လာပို့ သွားပါလိမ့်။ ကျိုးချင်ကျိုး၊ ပဲ့ချင်ပဲ့ ပစ်ချလိုက်သည်။ လူလည်းကန်သင်းပေါ် ဖင်ထိုင်ကျသွားလေ၏။
သင်ကန်သင်းမျှကို သည်အစိုထွန် ထွန်တုံးမျှဖြင့် လက်တစ်ဖက်တည်း အသာကလေး ကျော်ချသော ငယ်ဘ၀ကို ရီးဆေးရို မလွမ်းပါ။ မတမ်းတပါ။ အသက်ရှူမှန်အောင် ကြိုးစားရင်း နှမ်းခင်းကို လှမ်းကြည့် သည်။ လေပြည်သွေးတိုင်း ဣနြေ္ဒနှင့် လှုပ်နေသော ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေ။ ချွေးမှပွင့်သော အပွင့် ကလေးတွေ။ ချွေးမှဖြစ်သော အသီးကလေးတွေကို ကြည့်ရလျှင်ပင် ပီတိဖြစ်ပြီး အဆာပြေပြီ။ အား ဖြစ်ပြီ။
ပျိုးခင်းအစပ်သို့ ဗျိုင်းနှစ်ကောင် ဆင်းသည်။ ဤသည်ကိုမြင်မှ ပျိုးခင်းရေ၀င်ကို မကြည့်ရသေး ပါကလား။ ရီးဆေးရိုး သတိရသည်။ ထရပ်မည်ဟု ကန်သင်းပေါ် လက်ထောက်သည်။ နေသည် ကျဲကျဲတောက် ပူနေရာက ဖျတ်ခနဲကွယ်၏။ ရီးဆေးရိုး မော့ကြည့်သည်။ တိမ်မည်းတစ်အုပ်။ ပျိုးခင်းသို့မသွားမီ အခြေအနေ စမ်းသည့်အနေဖြင့် သုံးလေးခေါက်ခန့် မောင်းထားချင်စိတ်ပေါ်လာ သည်။ နွားနှစ်ကောင် မှာ စားမြုံ့ ပြန်နေကြပြီ။ ထွန်ကိုင်းတွင် ပူးတွဲချိတ်ထားသော 'နတံ့' (နှင်တံ) နှင့် ကန်ကြိုးကို ဖြုတ်ကာမျှဖြင့် တအိအိ ဆွဲရွှေ့ကြသည်။
"ကဲကွာ…ကဲကွာ သုံးလေးခေါက်လောက် အစမ်းကလေးဟေ့"ပြောနေဆဲတွင် အလှည့်နွားက စိမ်းစိမ်းအရာ ကို လှမ်းဟပ်သည်။ "လုပ်ပြီလား၊ နာချင်ပြီထင်တယ်"ငေါက်ဆဲ အလှည့်နွားသည် နှုတ်သီးဖျားမှ စိမ်းစိမ်း အဖုတ်ကြီး ကို လွှတ်ချ၏။ ဆူးပုံတောင်းပင်ကြီး ဖြစ်နေသောကြောင့်တည်း။
"ဟဲ့..စားလေ၊ ဘာပြုလို့ လွှတ်ချရတာတုံး"
ရီးဆေးရိုး ရယ်မောသံဖြင့်ပြောကာ ဆူးပုံတောင်းပင်ကို နတံဖြင့်ထိုးကော်သည်။ ကန်သင်းပေါ် အထိ ရောက် မရောက် လှမ်းအကြည့်တွင် ရီးကျီးဒန်ကိုလှမ်းမြင်ရသည်။ ထမင်းထုပ်ကို ရွက်၊ ရေနွေးအိုးဆွဲလျက်။
နွားနှစ်ကောင်ကို စုတ်သပ်ကာ ရပ်ပစ်ခဲ့ပြီး ပျိုးခင်းကတွတ်ဝသို့ လာခဲ့သည်။ ထွန်ဆဲ လယ်ကွက်ထဲက ရေ လည်း ရွှံ့ရေး ကတွတ်ဝကရေလည်း ရွှံ့ရေပင်။ သို့တစေ ထွန်ဆဲ လယ်ထဲကရေမှာ ကတွတ်ဝကရေထက် ပျစ်သည်။ ချွဲသည်။ မျက်နှာသစ်ရင်း၊ လက်ဆေးရင်းက ရီးဆေးရိုး မျှော်ကြည့်၏။ သူ မျှော်ကြည့်ကာမှ ရီးကျီးဒန် မှာ ကန်သင်းပေါ်မှ ချော်ကျ၏။ "ဟယ်…သည် အမေကြီးအိုဟာ…"ယောင်ယမ်း ရေရွတ်မိသည်။
"သည်အရွယ်ကြီးမှာ ကျိုးရင်ပဲ့ရင်သွားပြီ၊ တစ်သက်လုံး အိပ်ရာထဲမှာနေရတော့မှာ။ တယ်ခက်ပါ ကလား ဘာများ ဒါလောက် အရေးကြီးနေရတယ်မသိဘူး"
သို့ရာတွင် ညောင်ပင်အောက်သို့ ရီးကျီးဒန် ရောက်လာချိန်တွင်ကား မာန်ခဲမြည်တွန်ခြင်း မပြုမိတော့ပေ။ "အလျင်လိုခါမှတော် ချော်ကျရသေး"ဟု ပြောငြားအာရုံမငြိ။ ထမင်းထုပ်ကိုသာ ဖြေသည်။
"ကနေ့တော့ ထမင်းမဟုတ်ဘူးတော့်"
ဖြေနေသောလက်တုံ့သွား၏။
"ထမင်းကမှ အဆာခံတာဟ၊ ထမင်းမဟုတ်လို့ ဘာတုံး"
"မုန့်ဟင်းခါး"
အသံကြားကာမျှဖြင့် သွားရည်ကျရပြီ။ ရွာတွင်လည်ရောင်းသော မုန့်ဟင်းခါးတစ်ပန်းကန် နှစ်ကျပ်။ တစ်ခါ တစ်ရံ စွန့်စွန့်စားစား ၀ယ်စားပစ်မည်စိတ်ကူးပြီး "ဘာဟင်းတုံး"မေးလျှင် "ကြက်သားဟင်း" ဖြေသည်က များ၏ ''တစ်ခါတလေ အမဲသားနဲ့များ ချက်ပါတော့လား'' အကြံပေးသောအခါ ''အမဲသားကို လူတိုင်း မစားဘူး ဘ ရ'' ဖြေသည်။ သည်သို့ဖြင့် တက်တတ် ချက်တတ်သော ကြက်ဖြင့် ဟင်းချက်သည့် မုန့်ဟင်းခါး ကို မစားဖြစ်။
ယခု မုန့်ဟင်းခါး စားရတော့မည်။
''ကိုသာဒွန်းမြေး မွေးနေ့တဲ့တော် အဲဒါကြောင့် မုန့်ဟင်းခါးလုပ်ပြီး ဆွမ်းကပ်သတဲ့၊ အဲဒါ လျှောက် ဝေတာ''
''ကြီးကျယ်လိုက်တာ၊ မွေးနေ့၊ ဘာမွေးနေ့တုံး''
မြန်မာကြီး နား ထဲသို့ မြန်မာမှုမဟုတ်သော မွေးနေ့မင်္ဂလာအထိမ်းအမှတ်သည် ကန့်လန့်ကြီး ၀င်သွားဟနှ် ရှိသည်။ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီးမှ ပုဆိုးစုတ်ကို ဆက်လက်ဖြေသည်။ ထောင်းခနဲ ထလာသော ဟင်းနံ့သည် ရီးဆေးရိုး၏ အလိုမကျမှုကို ချေဖျက်ပစ်လေ၏။
''မုန့်တွေ ပွပြီး ဟင်းတွေ အေးသွားမှာစိုးလို့ မြန်မြန်လာတာတော်''
''ပွလည်း ဘယ်တတ်နိုင်မလဲဟာ။ ဟင်းရည်အေးတာ၊ မုန့်ပွတာထက် ကန်သင်းရိုးက ချော်ကျပြီး ကျိုးမှာ ပဲ့မှာ က အရေးကြီး သဟ၊ မကျိုးမပဲ့ဘဲ'မျက်' သွားဦးတော့ သည်အရွယ်မှာ မသက်သာ ဘူးဟ''
ရီးကျီးဒန် ခေါင်းညိတ်ရ၏။ ဆေးလိပ်တိုကို မီးညှိပြီး မီးညီအောင် မှုတ်နေရာက ကြည်ညိုစွာ လှမ်းကြည့်၏။ သူဆာလောင်တာထက် ငါ နာမှာကျင်မှာကို အရေးထားပါကလား။
ညောင်ပင်ရိပ်တွင် အတန်ကြာမျှ ငြိမ်သက်၏။ ရီးကျီးဒန်က ဆေးလိပ်ထိပ်ကို တံတွေးဖြင့် ဆွတ်လိုက်၊ ချွန်သော နေရာကို ပါးစပ်ဖြင့်မှုတ်လိုက် အလုပ်များနေ၏။ ရီးဆေးရိုးကား ဇွန်း မပါသဖြင့် လက်ငါးချောင်း ဖြင့် ကော်စာလိုက်၊ ဟင်းရည်ကို ဇလုံစောင်းပြီး မော့သောက်လိုက်ဖြင့် အပြေးအလွှား ၀မ်းဖြည့်နေ၏။ လယ်ကြားမြောင်းထိပ် မှ ရေ၀ဲလှည်သံ ကလုံ ကလုံသည် နဘူးချုံကြားမှ တွတ်ချွဲမြည်သံနှင့်အတူ ဝေ့လွင့် လာချိန် တွင် တစ်စုံတစ်ရာကို ရီးကျီးဒန်သတိရ၏။
''မေ့တော့မလို တော်ရေ့၊ စားတုနးသောက်တုန်း ပြောရဦးမယ်''
ရီးဆေးရိုး လှည့်မကြည့်ပါ။
''ဘာများတုံးဟ''
တော့်မြေး ခင်မောင်ငြိမ်း''
ကိုဘညိန်း၊ မလှမေတို့တွင် သားချည်း သုံးယောက်ရှိသည့်အနက် အကြီးဆုံးသား။ ၁၈ နှစ်သားရှိပြီး။ ခင်မောင်ငြိမ်း ဆယ်တန်း တစ်ကြိမ်ကျပြီးပြီ။ ကျောင်းတွေ ပြန်ဖွင့်သည်အထိ မစောင့်နိုင်။
ဒုတိယကြိမ် ဖြေဆိုပြီးသည်အထိ သူမဆိုင်းနိုင်။ မိန်းမခိုးပြေးပြီ။
''သေချာရဲ့လားဟ''
ခြေမကို ပုဆိုးစဖြင့်ဖုံးထားပြီး တစ်လမ်းလုံး ဖုန်ထောင်းထောင်းထအောင် လမ်းသွားတတ် လျှောက်တတ်သော မြေးချစ်ကို ရီးဆေးရိုး မြင်ယောင်သည်။
''ဘယ်သူမှ မသိဘူး၊ ပြောင်းခင်း အစောင့်ခိုင်းထားတော့ ပြောင်းခင်းထဲမှာပဲ ရှိလိမ့်မယ် ထင်နေကြတာ ပြောင်ခင်းမှာ ရွာနှင့်မဝေးလှ။ အော်ခေါ်လျှင် ကြားနိုင်လောက်သည်။ ရေကလေး မိုးကလေး အဆင်ပြေ လိုက်သဖြင့် ဆံမြိတ်တဝေေ၀ဖြင့် ဖူးစားပြောင်းခင်းကြီးမှာ မှောင်မှိုင်းနေ၏။ မလှမေတို့ ခေါင်းတမော့မော့ တပြုံးပြုံး။ သို့သော်အစေ့ထည့်စ၊ နို့ရည်ခဲစပြုသည်နှင့် ရန်သူတော်များ ပေါ်လာသည်။ ဤသည်တို့မှာ ကျေးနှင့် ခွေးတည်း။ ကျေးသည် အခွံကို ဖြဲပြီး အစေ့ကိုစားသည်။ အခွံဖြဲပြီး အစေ့ကိုစားသည်။ အခွံဖြဲပြီးသော ပြောင်းဖူးသည် မကောင်းတော့။ အစေ့လည်း သုံးမရ။ ဖက်လည်းလှီး၍မရတော့ပြီ။
ခွေး။ ခွေးက ကြက်တူရွေးထက် ဆိုးသည်။ ပတတ်ရပ်ပြီး ပြောင်းဖူးကို ကိုက်၏။ ကိုက်ရင်းဖြင့် သူ့ရင်အုပ်နှင့်ဖိမိကာ ပြောင်းဖူးပင် ဘိုင်းဘိုင်းလဲတော့မှ လက်ဖြင့်နင်း၊ ပါးစပ်ဖြင့်ဖြဲကာ စားသည်။ ခွေးလှဲသော အပင်ကား နွားကျွေးရုံမှတစ်ပါး အခြားနည်း သုံးမရပြီ။
သို့ကြောင့် ခင်မောင်ငြိမ်းမှာ လယ်ထဲ၌ ၂၄ နာရီလုံးနေရသ်ည။ နေ့တွင် ခလောက်တွေ၊ သံပုံးတွေကို ကြိုးဖြင့်ဆွဲလိုက်၊ ဟေးဟူအောက်လိုက်၊ ၀ါးလက်ခုပ် တီးလိုက်၊ ခွလောက်လေးဖြင့် ရမ်းသမ်းပစ်လိုက်၊ ပြောင်းခင်း ထဲ ဆင်းသွားလိုက်ဖြင့် နားချိန်မရှိပေ။
ခင်မောင်ငြိမ်းနားချိန်မှာ ညနေ ငါးနာရီသာသာမှ ညရှစ်နာရီခန့်အထိသာ ရှိ၏။ ရှစ်နာရီထိုးသည်နှင့် ပြောင်းခင်းထဲ ၀င်ရသည်။ ပြောင်းခင်းတွင်း အနှံ့လျှောက်ရသည်။ ပြောင်းခင်းနှင့် မနီးမဝေးတွင် ယောင်လည်လည် လုပ်နေသော ခွေးပင်ဖြစ်စေ၊ မသက်သာ ကိန်းဆိုက်ပြီ။
သို့နှယ် အားလပ်ချိန်မရှိပ်ါဘဲလျက် မည်သို့လျှင် မိန်းမခိုးပါမည်နည်း။ သို့ရာတွင် ငါ့အဖေ အမေရဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း။ သည်ပစ္စည်း မပျက်စီးမှ ငါနဲ့ ငါ့ညီအစ်ကိုမောင်နှမတွေ ၀၀စားရမှာ ဟူသည့် ဆွေချစ် မျိုးချစ်စိတ် သူ့မှာမရှိလျှင်ကား သူသည် ပြောင်ခင်းကိုပစ်ကာ တစ်နေ့လုံး လျှောက်လည် သွားလိမ့်မည်။ တစ်ညလုံး သိုးနေအောင်အိပ်ရန်လည်း သူ ၀န်လေး လိမ့်မည်မထင်။ တစ်သီကြီး တွေးပစ်ပြီးမှ အတွေးစကို ရီးဆေးရိုး သိမ်းသည်။
''ပြောင်ခင်းထဲမှာ ရှိလိမ့်မယ် ထင်ရာက အခုဘယ်လိုလုပ်သိကြတုံး''
''မိန်းကလေးဘက်က လုက်လာကြမှ သိတာပါ။ ခင်မောင်ငြိမ်းနဲ့ လိုက်ပြေးတယ် ပြော ကြလို့တဲ့''
''အင်း... ကျောင်းထားတော့လည်း အသုံးမကျ၊ ကျောင်းပိတ်ခိုက်မှာ လယ်ထဲ သုံးကြည့် တော့လည်း ထွန်တစ်တုံးမှ မနိုင်။ ဖအေ မျက်နှာလွှဲဖို့ဆိုတာ ဝေလာဝေး။ နို့...နေပါဦး၊ မိန်းမလေးက ဘယ်ရွာကတဲ့လဲ''
''ရွာသစ်ကြီးက''
ရီးဆေးရိုး၏မျက်နှာပေါ်က တိမ်ညိုအုပ် ပြယ်စင်သည်။ ရွာသစ်ကြီးက လူများသည် များသောအားဖြင့် ချောင်လည် ကြသည် မဟုတ်လား။ သို့ရာတွင် မိဘမည်ရည်ကို ကြားရ ပြန်သောအခါ တိမ်မည်းတိမ်ပုပ် လွှမ်းချေ၏။
''ငပြောင်၊ မိမုန်းသမီးတဲ့တော်''
ရွာသစ်ကြီး ဇာတိမဟုတ်၊ ပသတ္တိဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မိုးခေါင် လွန်း၊ လုပ်ငန်းကိုင်ငန်း ရှားပါးလွန်းသောကြောင့် ပြေးလာသူများဖြစ်ရာ လယ်မရှိ၊ ဥယျာဉ်မရှိ၊ ရာသီလိုက် အခစား လုပ်နေရသော မိသားစုပါ။ သို့အတွက် ပြုံးသော ရီးဆေးရိုး မျက်နှာတည် ရသည်။
''မိန်းကလေး ဘက်ကလည်း မသေချာဘဲနဲ့တော့ လိုက်လာမယ် မထင်ပါဘူးလေ''
''ဒါဖြင့် ဘယ်လိုလုပ်ကြမတုံး''
''ဟုတ် မဟုတ် တော့်သားသားရော၊ တော့်ချွေးမရော ဟိုမေးဒီစမ်းလုပ်ကြရတာပေါ့။ ကျုပ်လာတဲ့ အထိတော့ ဘာသတင်းမှမရသေးဘူး။ ပြောင်းခင်းထဲမှာ တော့်မြေး ရှိ မရှိကို မသိသေးဘူ''
''ဟယ်... ဒါကတော့ဟာ၊ မိန်းကလေးကို တစ်နေရမှာ သွားထားပြီး သူက ဟန် မပျက်လာနေ ရင် ရတဲ့ ဥစ္စာ ရီးကျီးဒန် ငေးငေးကြီးဖြစ်သွားပြီးမှ တစ်လုံးချင်း မြည်တမ်း၏။
''သူ့နှမ၀မ်းကွဲ မင်္ဂလာဆောင်တုန်းကတော့ ကိုယ်က မိန်းကလေးရှင်မို့ မပူရဘူး။ အခု ကိုယ်က ယောင်္ကျား ကလေးရှင်ဖြစ်လာပြီ။ ထောင့်လေးငါးရာနဲ့မှ ဖြစ်ပါ့မလား။ အင်း... လျော်စရာ ပေး လို့ စားစရာ မှ အနိုင်နိုင်''
ထိုအခါ ရီးဆေးရိုး၏ အာရုံသည် သူ့မြေးကို လက်ထပ်မင်္ဂလာကျင်းပပေးသညအထိ စဉ်းစားရ ပြီ။ သူ့သားမှာ လင်ဇင်းသောက်လယ်ကို လုပ်သူ။ မြေကိုမက်၍ လုပ်နေရငြား ရေမရသောကြောင့် နွားစားပြောင်း ကြဲပြီး ရိတ်ရောင်းနေရသော လယ်သမား။ သားက မရှိသောကြောင့် ဖအေကို ပြန်ကြည့် ပါဦး။ ဖအေ မှာလည်း အဘိုးကြီးအိုနှင့် အမယ်ကြီးအို။ ထိုင်ပြီး စားစရာမရှိသောကြောင့် လုပ်နေရသူများ၊ တွေးရင်း တွေးရင်းက ရီးဆေးရိုး၏ဦးခေါင်းမှာ ထူပူလာ၏။
ဟယ်... ရောက်ရာပေါ့ဟာ၊ တွေးပြီး ပူမနေစမ်းပါနဲ့''
ဆေးလိပ်တိုကို လှမ်းဆွဲပြီး ထရပ်သည်။ စိတ်ထဲမှာ အတန်အသင်ပေါ့သည်။ ညောင်ပင်ရိပ်မှ ခွာလိုက်သော အခါတွင် စိုက်ခင်းခွဲရေးသည်သာ ရီးဆေးရိုး၏ အာရုံထဲ၌ ရှိတော့သည်။
(၄)
သုံးလေးခေါက် မောင်းပြီါ်သော လယ်ကွက်ထဲသို့ ခြေလှမ်းပြင်ပြီးမှ ပျိုါ်ခင်းဘက်သို့ လျှောက်သည်။ ပျိုးခင်းတွင်းရောင် ရေထွက်ကို ယခုထက်ထိ မကြည့်ရသေးပါ။ ပျိုးခင်းသည် ငှက်ပျောညွန့်ရောင် လှိုင်းအိများနှင့် မြူးတူးနေ၏။
ကောင်းကင်တွင် တိမ်စင်သွားပြီမို့ နေသည် ချစ်ချစ်တောက်အောင် ပူ၏။ တိမ်စင်ပြီဆိုလျှင် လေပူကြီး သည် ထုံးစံအတိုင်း တိုက်ခတ်ပြီ။ အရေခွံ ပူလာအောင်၊ ထူလာအောင် တုက်လေ့ရှိသော လေ။ တစ်နေ့စာတော့ မိုးရွာဖို့ မျှော်လင့်ချက်ဝေးပြီ။
ပျိုးခင်းတွင်သို့ ၀င်သောရေကို စမ်းကြည့်၏။ အေးသည်။ ပျိုးခင်းထဲကရေကို စမ်းရပြန်သည်။ ထိုနည်းလည်းကောင်ပင်။ ပျိုးခင်းရေငတ်ပြီ အားတိတ်မည်စိုး၍ ရေသွင်းရာတွင် ရေသွင်းရာမရောကဘဲ ရေနွေး'ဖျော' ရာရောက်မည်စိုးသောကြောင့် စမ်းကြည့်ငုံ့ကြည့်ရခြင်းပင်။ ပျိုးခင်းတွင် 'ရေနေ' သည် ညီ၏။ ထိုအခါ ရီးဆေးရိုးကျေနပ်၏။ လယ်ကွက် တွင်း ရေနေညီစေရန် အပင်ပန်းခံပြီး 'ကြမ်းပေါင်' ရိုက်ခဲ့သည် မဟုတ်လား။ ပျိုးခင်းကို ပီတိမျက်လုံးဖြင့် စိန်းစိန်းကြည့်ရင်း စိုက်ခင်းခွဲလက်စ လယ်ကွကဘက်သို့ လျှောက်လာသော ရီးဆေးရိုးသည် နှမ်းခင်းအစပ်သို့ ရောက်လာ၏။ စူးစူးဝါးဝါး တူးတူးခါးခါး အော်လိုက်သော ကြက်တူရွေးတစ်စု။ နှမ်းခင်းထဲတွင် ပါလေကာမျှကြီးပက်ထားသော ပြောင်းဖူးပင်များမှ ဖြစ်သည်။ လူရိပ်မြင်သောကြောင့် အော်ဟစ်အချက်ပေးရင်း ထပျံခြင်းဖြစ်မည်။ ထိုအခါ မြေး ခင်မောင်ငြိမ်း သည် အာရုံတံခါးဝသို့ ရောက်လာချင်သည်။
“ဟယ်... ကိုယ် မတတ်နိုင်တ်ာကို ဘာဖြစ်လို့ တွေးပူနေရမှာတုံး“
အာရုံတံခါးကို ရက်စက်စွာ ပိတ်သည်။ တံခါးပတ္တာက သံချေးတတ်နေ၏။ ဖြန်းခနဲ အသံကြောင့် လန့်၏။ စိုက်ပစ်ခဲ့သော ငန်းပြား ရေနူးပြီး လဲတာပါတကား အသိဖြင့် နှမ်းခင်းထဲ ဆင်းမိသည်။ ငန်းပြားကို ပြန်စိုက်ရင်း က နှမ်းအုံကြီးဘေးသို့ ကပ်မိလျက်သား ဖြစ်သွား၏။
မဆိတ်မဖဲ့ရဘဲနှင့် အခွံတွေ၊ အခက်အလက်တွေဖြင့် ဝေဆာနေသော နှမ်းပင်ကြီး။ နှမ်းပင်သည် စည်ကားလွန်းသောကြောင့် နှမ်းပင်နှင့်မတူ။ ခရမ်းပင်နှင့်သာ တူနေတော့သည်။ အရှဉ်းလိုက် သီးနေသော နှမ်းသီးများနှင့် ဆည်းလည်းဆွဲသလို တန်းလန်းကျနေသော အပွင့်ပြာ ကလေးတွေကြောင့်သာ နှမ်းပင်ဖြစ်ကြောင်း သိသာ၏။ ရီးဆေးရိုး တောက်ခေါက်သည်။
“ကောင်းလိုက်တဲ့ နှမ်းပင်ကွာ တစ်ပင်တည်းကကို တစ်ပြည်ကျော်မလား မသိဘူး“
သူသည် ကြည်နူးစိတ်ဖြင့် နှမ်းပွင့်ကို နမ်း၏။ မွှတ်မွှတ်မွှေးမွှေး အနံ့ကလေးကြောင့် ရင်မှာ ချမ်းမြေ့ ရပြန်သည်။ ထိုအခါ ခုနက သံချေးတက်နေသော ကတ္တာသည် သံချေးကွာ၍ တံခါးလုံးလုံး ပိတ်သွားပြီ။ ဆည်းလည်းပြာ နှမ်းပွင့်ကလေးတွေမှာ ရီးဆေးရိုး၏ ရင်တွင်းဝေဒနာကို မသိငြား၊ လေ၀ယ် မြူးကြွသည်။ လေနှင့် ဆည်းလည်းပြာတို့၏ ကြားတွင် ရယ်မောသံ ညင်းညင်းကို ကြားရယောင်ရှိ၏ လေကလော၊ ဆည်းလည်း ကလော၊ ရီးဆေးရိုး၏ ဟဒယကလော။
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
4 comments:
ရီးဆေးရိုးက မုန့်ဟင်းခါးစားရတယ်။ ကျမကတော့ အာပူလျှာပူ (သူများလာပို့လို့) စားရတယ်။ ကြွားတာ .. ဟီးးး :P
ဒီမှာလဲ ပြောင်းဖူးတွေ ပေါနေပြီ။ ၄ ဖူးကို တပေါင်။ ဒီမှာတော့ အလွယ်တကူ ပြုတ်ပြီးသာ စားဖြစ်တာ။ ပွဲဈေးတန်းမှာရောင်းတဲ့ ပြောင်းဖူးမီးဖုတ် မွှေးမွှေးလေးတွေကို သတိရမိသား။
ရီးဆေးရိုးက နှမ်းဆိုလို့ နှမ်းဖတ်ချဉ်တောင် စားချင်စိတ်ပေါက်လာတယ်။ နှမ်းဖတ်ချဉ်ကို သုတ်စားတာအပြင် ဘယ်လိုစားလို့ရသေးလဲ မသိဘူး။ အညာကအမျိုးတွေလာရင် နှမ်းဖတ်ချဉ် ပဲဖတ်ချဉ် ယူယူလာတာ သိပ်ကြိုက်တာပဲ။ အရပ်ထဲမှာ လည်ရောင်းတဲ့ "အညာဇီးယို ပုန်းရည်ကြီး နှမ်းဖတ်ချဉ်" ဆိုတဲ့ အသည်ကြီးက သိပ်စား မကောင်းဘူး။
မရွှေစင် အညာစာလေးတွေ လုပ်ပါအုံးနော် ... မျှော်နေမယ်။
ကြီးမေ ပြောင်းဖူးကဈေးကြီးလှတယ်ရော ရွှေပြည်မှာလဲ ပြောင်းဖူးတွေပေါ်နေပြီ ချိုပြီး စီးနေတာဘဲ စည်းစိမ်တို့ကတော့ ကြိုက်လွန်းလို့ထမင်းမစားဘဲ ပြောင်းဖူးပြုတ်ဘဲလွေးနေတယ်...ရှမ်းပြောင်းဖူးလိုရော ကောင်းရဲ့လားဗျ ထိုင်ဝမ်ပြောင်းတော့ တယ်မကြိုက်လှဘူး ရှမ်းပြောင်းက အခုရာသီမှဘဲ စားရတယ် (ပြန်ကြွားတာ ဟုတ်ဘူးနော)
ခင်မင်စွာဖြင့်
seesein
ဒေါ်လေးစည်းစိမ်ရေ ... (ကြီးမေ ခေါ်လို့ ဒေါ်လေး ပြန်ခေါ်ပြီနော် .. ဟဲဟဲ)
ဒီမှာတော့ ပြောင်းဖူး ၄ ဖူးတပေါင်က ပေါတယ်ဆိုရမလား မသိဘူး။ စူပါမားကတ်တွေမှာဆို ၂ ချိုးလောက်ကို ၁ ပေါင် ကျော်လောက် ပေးရတတ်တာ။ အခုက ပြောင်းဖူးပေါ်တဲ့ ရာသီမို့ အဲလောက်နဲ့ရတာ။ ရှေ့လျှောက်တော့ ဒီထက် ဈေးဆက်ကျမယ် ထင်တာပဲ။
ဒီက ပြောင်းဖူးက ချိုတော့ အချိုသားပဲ။ သကြားပြောင်း ဆိုတာမျိုးလားတော့ မသိဘူး။ ဗမာပြည်မှာစားဖူးတဲ့ ခပ်ညိုညို ခပ်စေးစေး(ပလို့ပြောင်းထင်တယ်)ဟာမျိုးတော့ ဒီမှာမတွေ့ဘူး။ ရှမ်းပြောင်းဖူးဆိုတာ ဘယ်ဟာကို ပြောတာလဲဟင် .. သိဘူးတော့ .. ဟိဟိ ဒေါ်လေးစည်းစိမ်လုပ်တာနဲ့ ကြီးမေ ဗဟုသုတနည်းတာတော့ ပေါ်ကုန်ပါပြီ။ :P
ပြောင်းဖူးဆို အဝါရောင် အချိုတွေထက် ငချိတ်တွေကို ပိုကြိုက်တယ်ဗျာ။ စီးစီးပိုင်ပိုင် ရှိလို့.။ စားရတာ အရမ်းကောင်းတယ်။
Post a Comment