အခန်း (၈) အဆက် (၃)
တန်းစီးနေကြသော အကျဉ်းသားများအား တစ်ဦးချင်း သံဇလုံထဲသို့ စွပ်ပြုတ်ယောက် ချိုဇွန်းကြီး နှင့် တစ်ဇွန်းစီ ထည့်ပေးပြီး အပေါ်မှ ဟင်းသီးဟင်းရွက် ပြုတ်ကြော် အနည်းငယ်စီ ထည့်ပေးသည် ကိုမြင်ရ လေသည်။
"အသားဟင်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ်ကျွေးတယ်။ ဆေးလိပ်ကိုလည်း တစ်ပတ်တစ်ကြိမ် ပဲပေးတယ်။ တကယ် လို့ ကောင်းကောင်းမွန်မွန် မနေဘဲ စည်းကမ်းဖောက်ဖျက်ရင်တော့ အသားဟင်းနဲ့ ဆေးလိပ်ကို မပေးဘဲ ပိတ်ပစ်လိုက်နိုင်တယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ဆက်ရှင်းပြနေစဉ် ခရိတ်သည် အကျဉ်းသားများကို အကဲခတ် ကြည့်လေ သည်။ လူတွေက လုံးလုံးအစာမငတ်သော်လည်း အာဟာရဓာတ် ကြွယ်ဝသော အစားအစားများ မစားရသဖြင့် ပိန်ချုံးကြုံလှီနေသည်ကို မြင်ရလေသည်။ ယင်းသို့ ကြည့်နေရင်း လူတစ်ယောက် ကိုသတိပြုမိသဖြင့် ခရိတ် က…..
"ဟိုလူတစ်ယောက် ဒဏ်ရာရနေပါကလားဗျ"ဟု ပြောရင်းထိုလူအား ညွှန်ပြလိုက်သည်။
ထိုအခါ ဗိုလ်ချုပ်ဖွန်ဂါဘီရာက "အဲဒီလူကို ခင်ဗျားစကားပြောကြည့်နိုင် ပါတယ်"ဟု ခွင့်ပြုလိုက်သ ဖြင့် ခရိတ် လည်း ကျောကုန်းဒဏ်ရာရနေသူ တိုင်းရင်းသား လူမည်းအနီးသို့ ချဉ်းကပ်သွားပြီး မာတာဘယ်လီ တိုင်းရင်း ဘာသာ စကားဖြင့် ပြောကြည့်ရာ ထိုလူက ချက်ချင်းပင် ပြန်ဖြေလေ သည်။
"ခင်ဗျား ကျောကုန်းက ဒဏ်ရာက ဘယ်လို ဖြစ်တာလဲ"
"ကျွန်တော် အရိုက်နှက်ခံရလို့ပါ"
"ဘာကြောင့် ရိုက်ခံရတာလဲ"
"တခြား လူတစ်ယောက်နဲ့ ရန်ဖြစ်ပြီး ထိုးကြိတ်ကြလို့ပဲ"
ထိုအချိန်၌ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အစောင့်နှစ်ဦး အားခေါ်၍ ရှိနာတိုင်းရင်းသား ဘာသာဖြင့် တစ်စုံ တစ်ခု ပြောဆိုမေးမြန်း ပြီးနောက်ခရိတ်အား အင်္ဂလိပ်လို ပြန်ရှင်းပြလေသည်။
"ဒီလူ က နောက်တစ်ယောက်နဲ့ ရန်ဖြစ်ပြီး သံဆူးကြိုးတစ်ချောင်းကို ဓားလိုချွန်ထက်အောင် သွေးပြီး ထိုးခဲ့တယ်။ ဒီအဖြစ်ကြောင့် သူဟာအသားဟင်းနဲ့ ဆေးလိပ်နှစ်လတိတိ မပေးဘဲ ဖြတ်ထားခံရတဲ့ အပြင် ကြိမ်ဒဏ် ဆယ့်ငါးချက် အရိုက်ခံခဲ့ရတယ်။ ခိုက်ရန်ဖြစ်တဲ့ လူတွေဆိုရင် ဒီလိုပဲအပြစ်ပေးရတယ်"
ခေတ္တမျှ ဆက်ကြည့်ပြီးနောက် အားလုံးပြန်ထွက်လာကြရာ ဖွန်ဂါဘီရာက ဆက်၍ "နက်ဖြန်ဆို ရင် ခင်ဗျား တို့ ဒီစခန်းအတွင်းမှာ လှည့်လည် လေ့လာနိုင်တယ်။ ဘန်ဘက်ခါမနက် စောစောကျ တော့ကျုပ်တို့ ပြန်ထွက်ကြမယ်"ဟု ပြောလေသည်။
ခရိတ် တို့သည် အစားအသောက်ကို အရာရှိရိပ်သာတွင် ရှိနာလူမျိုး အရာရှိများနှင့်အတူ စား သောက်ကြ ရလေသည်။ အစားအသောက်ကတော့ သင်တန်းသား ခေါ် အကျဉ်းသားများအား ကျွေးသည့် အစားအစာ များနှင့် မထူးလှဘဲ အရသာ မရှိသော အသားဟင်းတစ်ခွက်သာ အပိုပါလေ သည်။
စားသောက်ပြီးကြသည်နှင့် ဗိုလ်ချုပ်ဖွန်ဂါဘီရာက ကိစ္စရှိသေးသည်ဟုဆိုကာ စခန်းမှအရာရှိများ နှင့်အတူ ထွက်သွား သဖြင့် ခရိတ်နှင့် ဆယ်လီတို့နှစ်ဦးတည်းသာ ကျန်ရစ်လေသည်။
ခရိတ် က မည်သို့ စကားစပြောရမှန်း မသိ၍ စဉ်းစားနေချိုန်မှာပင် ဆယ်လီသည် ရုတ်တရက်ထ၍ လျှောက်ထွက် သွားလေသည်။ ခရိတ်သည် သူ့အား စကားမပြောချင်၍ ထွက်သွားခြင်း ဖြစ်ရမည်ဟူ ၍ ယူဆလျက် ဆယ်လီအပေါ် ဒေါသထွက်လေသည်။
ခဏမျှကြာသောအခါ ခရိတ်သည် ထလိုက်သွားရာ ဆယ်လီကို သဲအိတ်များဖြင့် မြေကတုတ် လုပ်ထားသော နေရာ အနီးတွင် တွေ့ရသည်။
သူမသည် သဲအိတ်ပေါ်တွင် ထိုင်၍စခန်း၏ ရှုခင်းများကို ငေးကြည့်နေလေသည်။ ထိုအချိန်၌ ကောင်းကင်မှ လရောင် ထွက်လာနေပြီဖြစ်သည်။ ဆယ်လီသည်ညဥ့်ယံ၏ လေအေးကြောင့် ချမ်းနေဟန်ဖြင့် လက်နှစ်ဖက် ကို ဒူးဆစ်အကြားတွင် ထည့်ထားပြီး ခရိတ်ချဉ်းကပ်လာသည်ကို သိသော်လည်း လှည့်မကြည့် ဘဲ နေလေသည်။
နီးနီးကပ်ကပ် မြင်လိုက်ရသောအခါ ခရိတ်သည် စောစောက သူမအား ဒေါသထွက်မိသလောက် ယခုတော့ ချက်ချင်း ပင် စိတ်ပြေင်းသွားလေသည်။
''စောစောပိုင်းက ကျုပ်က မင်းအပေါ် ဆက်ဆံခဲ့ပုံက အလွန်ရိုင်းရာကျသွားပါတယ်။ အဲဒါ့ ကျုပ်ရဲ့ အမှားပဲ''
ခရိတ်သည် စကားစပြောလိုက်ရာ ဆယ်လီက ဘာမှပြန်မပြောဘဲ နေသဖြင့် ဆက်ပြောသည်။
''အမှန်က မင်းနဲ့စတွေ့ခဲ့တဲ့ အချိန်တုန်းက ကျုပ်ဟာအလွန်စိတ်ညစ်နေခဲ့တယ်။ အသေးစိတ် အကြောင်း အချက် အလက်တွေကိုတော့ မပြောတော့ပါဘူး။ အတိုချုပ်က ကျုပ်ရေးလက်စဖြစ် နေတဲ့စာအုပ်တစ်အုပ် ရေးနေတုန်း အနှောင့်အယှက် ဖြစ်ပြီးဆက်မရေးနိုင်တဲ့ အခြေအနေ ဖြစ်နေခဲ့ တယ်။ အဲဒါကြောင့် ကျုပ်က ကိုယ့်ဘာသာကိုယ် စိတ်ပျက်စိတ်တိုနေတာကို ဘာမှမဆိုင်တဲ့ မင်းနဲကတွေ့ဆုံချိန်မှာ ဘုကျကျ ဆက်ဆံ မိခဲ့တာပါပဲ။
ခရိတ်က ဆက်ပြောလိုက်သော်လည်း ဆယ်လီသည် လုံးဝမကြားသလို ဆိတ်ဆိတ်ပင် နေလေ သည်။
''အဲဒါ တောခွေးရိုင်းတွေ အသံပဲ''
ခရိတ် က ပြောလိုက်လျှင် ဆယ်လီစိုးရိမ် တုန်လှုပ်သွားဟန်ဖြင့် ထိုင်ရာမှထရန် ပြင်ဆင်လိုက် သည်။
ဤတွင် ခရိတ်သည် စိတ်အားထက်သန်စွာဖြင့် "ခဏလေးနေပါဦး။ ကျုပ်ကမင်းကို တောင်ပန်ချင်လို့ အခွင့်အရေး စောင့်နေခဲ့ပါတယ်။ တကယ် တောင်းပန်ချင် ပါတယ်"ဟပြောလိုက်သည်။
"တောင်းပန် ဖို့ မလိုပါဘူးရှင်၊ ကျွန်မကိုယ်က မှားသွားခဲ့ပါတယ်။ ကျွန်မလုပ်ကိုင်နေတဲ့ တောရိုင်း တိရစ္ဆာန် တွေ မျိုးဆက်မပြုတ်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို အာဖရိကတိုက်ဇာ တိစာရေးဆရာ တစ်ဦး ဖြစ်တဲ့ ရှင်ကစိတ်ဝင်စားလိမ့်မယ်လို့ တထစ်ချ ထွက်လိုက်မိတယ်။ အဲဒါကိုက ကျွန်မရဲ့ အမှားပါပဲ"
ဆယ်လီ က မျက်နှာထားတည်တည်ဖြင့် ပြန်ပြောလိုက်သည်။
"ဒီလိုရှိပါတယ်။ မင်းရဲ့ လုပ်ငန်းနဲတကွ မင်းရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေမြင်ရတော့ ကျုပ်စိတ်ထဲ တုန်လှုပ် ချောက်ချား သွားမိတယ်။ ဒါအမှန်အတိုင်း ပြောတာပါ။ အဲဒီလို တုန်လှုပ်ချောက်ချား သွားမိတာဟာ ကလေးဆန်တယ် လို့လည်း ဆိုနိုင်ပါတယ်"
"ဟင်၊ ရှင်က စိတ်ထဲ တုန်လှုပ်ချောက်ချား သွားမိတယ်လား"
ဆယ်လီက အံ့အားသင့်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်တယ်၊ တကယ်ပဲ တန်လှုပ်ချောက်ချားသွားမိတယ်။ အဲဒီအချိန်တုန်းက ကျုပ်ဟာ အလုပ်လုပ်လို့ မရဘဲ အလွန်စိတ်ညစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ရေးလက်စ စာအုပ်ကို ဆက်ရေး ဖို့အရည်အချင်းတွေ မရှိ တော့ဘူး။ ကုန်ခန်းနေပြီလို့လည်း ထင်မိတယ်။ ဒါနဲ့ကျုပ်ဟာ စိတ်ညစ်ရာက အရက်တွေ ဖိသောက် နေခဲ့မိတယ်။ ကျုပ်အနေနဲ့ အလိုလို စိတ်ဓာတ်ကျပြီး သိမ်ငယ်နေတဲ့ အချိန်မှာ ရုတ်တရက် မင်းနဲ တွေ့ဆုံ ရတယ်။ မင်းကလည်း အကောင်းဆုံး ရိုက်ကူးထားတဲ့ အာဖရိကတိုက် တော်တွင်းရှုခင်း ဓာတ်ပုံတွေပြတော့ ကျုပ် စိတ်ထဲ သိပ်ပြီးထိခိုက်သွားမိတယ်။ မင်းက အဲဒီဓာတ်ပုံတွေ ပြလိုက်တာကိုက ကျူပ်ကို စိန်ခေါ် သလိုလည်း ဖြစ်လို့ပိုပြီး တုန်လှုပ်မိ တယ်"
ဆယ်လီက ယင်းသို့မရည်ရွယ်ကြောင်း ငြင်းဟန်ဖြင့် ခေါင်းခါပြသော်လည်း ခရိတ်က သူ၏စကား ကိုသာ ဆက်ပြောလေသည်။
"မင်းစိတ်ထဲက ဘယ်လိုပဲရှိပေမယ့် အာဖရိကတိုက်က တောတွင်းရှုခင်း ဓာတ်ပုံတွေ ပြလိုက်တာ ဟာ ကျုပ်ကို စိန်ခေါ်သလို သဘောမျိုး ဖြစ်သွားတယ်။ အဲဒီစိန်ခေါ်ချက်ကိုလည်း လက်ခံယှဉ်ပြိုင် နိုင်တဲ့ သတ္တိမရှိဘူး။ ဒါနဲ့ကျုပ်က ကိုယ့်ဘာသာကိုယ် သိမ်ငယ်နေတာကို ဖုံးကွယ်တဲ့အနေနဲ့ မင်းကိုဘုကျကျ ဆက်ဆံလိုက်မိတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ကျုပ်ဘာသာကျုပ် အကြီးအ ကျယ်နောင်တရနေ မိတယ်"
"ဒါဖြင့် ရှင်က ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံတွေကို သဘောကျလို့လား"
"သဘောကျလွန်းလို့ ခက်တာပေါ့။ မင်းရဲ့ဓာတ်ပုံတွေက အာဖရိက်တိုက်ရဲ့ သဘာဝရှုခင်းတွေ ကို ပကတိ အတိုင်း ပီပီပြင်ပြင် ထင်ထင်ရှားရှားကြီး ပေါ်လွင်နေတာမို့ ကျုပ်အဖို့ အကြီးအကျယ် စိတ်လှုပ်ရှားမှုတွေ ခံစားရတယ်။ ကျုပ်ရဲ့ ဇာတိရပ်မြေဖြစ်တဲ့ အာဖရိက်တိုက်ကိုအောက်မေ့ သတိရတမ်းတစိတ်တွေလည်း ဖြစ်လာ ရတယ်။ အဲဒီအချိန်က ကျုပ်ဟာဘာနဲ့ သဏ္ဌာန်တူသလဲ ဆိုရင် ကလေးငယ်တစ်ယောက် ပထမဆုံး အကြိမ် ဝေးလံတဲ့ စာသင်ကျောင်းတစ်ကျောင်းမှာ ဘော်ဒါသွားနေရခါစ မိမိရဲ့အိမ်ကို ပြန်လွမ်း လို့ စိတ်အားငယ်နေရတာနဲ့ တူတယ်။ ရှင်းရှင်း ၀န်ခံရမယ်ဆိုရင် မင်းရဲ့ဓာတ်ပုံတွေကို မြင်လိုက် ရတဲ့ အတွက် ကျူပ်ဟာ ဒီအာဖရိကတိုက်ကို ပြန်လာဖြစ်တာပါပဲ"
"ဟုတ်လား၊ ကျွန်မဖြင့် ကောင်းကောင်း သဘောမပေါက်ဘူးရှင့်"
ဆယ်လီက ပြန်ပြောလိုက်ပြီးနောက် နှစ်ယောက်စလုံး ဘာမှဆက်မပြောဘဲ ငြိမ်နေကြလေသည်။ ခရိတ်သည် တကယ်ပင် စိတ်ထဲလှုပ်ရှား ထိခိုက်နေသဖြင့် နောက်ထပ် ဆက်စကားပြောလျှင် ငိုသံ ပါနေတော့မည် ဟု သူ့ကိုယ်သူ သိနေလေသည်။
ထိုအခိုက် ခပ်လှမ်းလှမ်း ရှိ စခန်းဘက်ဆီမှ တစ်စုံတစ်ယောက် သီချင်းဆိုသံကို ကြားရလေသည်။
သီချင်းက မာတာဘယ်လီ တိုင်းရင်းသား သာဘာဖြင့် သီဆိုသည့် သီချင်းတစ်ပုဒ် ဖြစ်၍ ခရိတ်သည် သီချင်း စာသား နှင့် အဓိပ္ပာယ်ကို ကောင်းစွာနားလည် လေသည်။
သီချင်း၏ အဓိပ္ပာယ်မှာ မာတယ်ဘယ်လီ တိုင်းရင်းသားတို့ ကံဆိုးမိုးမှောင် ကျချိန်တွင် ဆင်းရဲဒုက္ခ မျိုးမျိုး ရင်ဆိုင်ကြုံတွေ့ နေရပုံကို ရင်နင့်ဖွယ် ဖွဲဆိုသီကျူးထားသည့် တေးပင်ဖြစ်ရာ ခရိတ်သည် နားထောင်ရင်း စခန်း တွင်းရှိ မာတာဘယ်လီ တိုင်းရင်းသာ လူငယ်အားလုံး ထိုသီချင်းသံကို ကြားပြီးမည်မျှ စိတ်လှုပ်ရှား ထိခိုက် နေကြမည်နည်းဟု စဉ်းစားမိလေသည်။
မာတာဘယ်လီ ဘာသာစကား မတတ်ကျွမ်းသူများအဖို့မှာမူ ထိုသီချင်းစာသားများ၏ အဓိပ္ပာယ်ကို လုံးဝ နားလည် ကြမည် မဟုတ်ချေ။
ဆယ်လီသည် ခရိတ်၏ လက်မောင်းတစ်ဖက်ကို အသာကိုင်လိုက်ပြီး……….
"အခုလို ကျွန်မလို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင်"ဟု ပြောလေ သည်။
ထိုသို့ ဆယ်လီက ရင်းနှီးစွာ သူ၏လက်မောင်းကို အသာကိုင်လိုက်သည့် အတွက်ခရိတ်သည် ရင်ထဲမှ ဖိုလှိုက်ကာ ထူးခြားစွာ စိတ်လှုပ်ရှားမှု တစ်မျိုးခံစားမိလေသည်။
ထိုနောက် ဆယ်လီ သည် သူမ၏တဲရှိရာသို့ လျှောက်ထွက်သွားလေသည်။
ခရိတ်လည်း အတန်ကြာကြာ ရပ်ကြည့်နေပြီးမှ ပြန်ထွက်လာခဲ့လေသည်။
သူမအဖို့ စိတ်လှုပ်ရှားနေသဖြင့် အိပ်ရာဝင်လျှင် အိပ်ပျော်မည် မဟုတ်ဟုတွက်လျက် ခရိတ်သည် တဲ၏ အပြင်ဘက် လရောင်အောက်တွင် အတန်ကြာကြာ ထိုင်နေလေသည်။
အာဖရိကတိုက် ၏ ညရှု့ခင်းနှင့် ကောင်းကင်မှ လရောင်တို့က သူ၏စိတ်ကို ထူးခြားစွာ ဆွဲဆောင် နေသည် ဟု ထင်ရလေသည်။ တဖြည်းဖြည်းနှင့် ၀မ်းနည်းခြင်း၊ စိတ်မတည်မငြိမ် လှုပ်ရှားနေခြင်း တို့သည် ပပျောက် သွားလေသည်။
ခရိတ်သည် တည်းခိုရာ တဲအတွင်းသို့ဝင်၍ ဖယောင်းတိုင်တစ်တိုင် မီးထွန်းညှိပြီး သူ၏မှတ်စုစာအုပ် နှင့် ဘောလ်ပင်ကိုယူချက် စတင်ရေးသားလေသည်။ စိတ်ကြည်လင် ပေါ့ပါးနေသဖြင့် သူ၏ လက်က အလွန် သွက်ကာ စာလုံးတွေ အလိုအလျောက် ဖြစ်ပေါ်လာသကဲ့သို့ လျင်မြန်စွာ ဆက် တိုက်ရေးနိုင်လေသည်။
အထူးစိတ်ပါဝင်စားနေသဖြင့် အဆက်မပြတ် ရေးသွားရာ ဖယောင်းတိုင်ကုန်၍ နောက်ထပ် ဖယောင်းတိုင် တစ်တိုင်ပြီး တစ်တိုင်း ထွန်းညှိချိန်တွင်သာ ခေတ္တရပ်ကာ ဆက်တိုက်ရေးသွား လေသည်။
နံနက်မိုးလင်း သောအခါ တစ်ညလုံး မအိပ်ရသဖြင့် ခရိတ်၏ မျက်လုံးနီကျင်ကျင် ဖြစ်ကာ ကျိန်းစပ် နေလေသည်။ လူတစ်ကိုယ်လုံးမှာ နုံးချည့်နွမ်းနယ်နေတော့သည်။ သို့ရာတွင် သူ၏မှတ်စုစာအုပ် တွင် လေးပုံ သုံးပုံခန့် ရေးသားပြီးစီနေသည်ကို ကြည့်၍ စိတ်ကျေနပ်မိလေသည်။
ခရိတ်အဖို့ စိတ်ကျေနပ်မိရာမှ ပို၍ကြည့်နူးပီတိဖြစ်စရာ တွေ့ရသည်မှာ နံနက်လင်းသောအခါ ဆယ်လီက သူ့ အပေါ်ဆက်ဆံပုံ တစ်မျိုး ပြောင်းလဲလာခြင်း ပင်ဖြစ်သည်။
သူမသည် မူလအချိုးအတိုင်း ခပ်တည်တည် ဣနြေ္ဒနှင့်နေသော်လည်း ခရိတ်စကားပြောသည့်အခါ စိတ်ပါဝင်စားစွာဖြင့် ဂရုစိုက် နားထောင်လာသည်။ တစ်ခါတစ်ရံ ဆယ်လီက ပြုံးသည်ကိုလည်း ခရိတ် သတိ ပြုမိသည်။
ထို့ကြောင့် ဆယ်လီက စကားပြောသောအခါ ခရိတ်ကလည်း ဂရုစိုက်၍ နားထောင်နေလိုက် သည်။ အထူး သဖြင့် သူမက တောရိုင်း တိရစ္ဆာန်များအား တရားမ၀င် ခိုးသတ်ဖြတ်သူများ နှိမ်နင်း ရေးကိစ္စကို အလေး အနက် ထား၍ ပြောလေသည်။
"ဒီလူမျိုးတွေကို သာမန်ပြစ်မှု ကျူးလွန်သူတွေအဖြစ် သဘောထားလို့ မဖြစ်ဘူးရှင့်။ တိရစ္ဆာန်တွေ ခိုးသတ်ဖြတ် တဲ့ ဂိုဏ်းခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှ ဖြစ်မယ်။ သူတို့ရဲ့ အဖွဲ့သားတွေ စည်းရုံး ခေါ်ယူပုံကို လည်း ကြည့်ဦး၊ ကျောင်းတွေမှာ စာသင်နေတဲ့ ဆယ်ကျော် သက်ရွယ် လူငယ် ကလေး တွေကို ပြန်ပေးဆွဲသလို အတင်းဖမ်းခေါ်သွားပြီး တောထဲက ပြောက်ကျားစခန်းတွေမှာ သေနတ်ပစ်လေ့ကျင့် သင်ကြားပေးတယ်"
ဤသို့ပြောရင်း ဆယ်လီသည် စခန်းမှ အကျဉ်းသားလူငယ် တစ်ဦးအား ညွှန်ပြလျက် "အဲဒီ သူငယ်ကို ရှင် မေးကြည့် စမ်းပါ။ သူ့အသက် ဘယ်လောက်ရှိပြီလဲလို့"ဟု ပြောလိုက်သည်။
ခရိတ်လည်း ထိုသူငယ်အား မာတာဘယ်လီ ဘာသာစကားဖြင့် မေးမြန်းကြည့်ပြီးနောက် ဆယ်လီ နားလည်အောင် အင်္ဂလိပ်လို ဘာသာပြန်ပြောပြလေသည်။
"သူ့အသက် ကို သူကိုယ်တိုင် မသိဘူးတဲ့။ သူဘယ်တုန်းက မွေးတယ်ဆိုတာ လည်းမသိဘူး။ ပြီးတော့ သူ့မိဘတွေ အခုဘယ်မှာ ရှိတယ်ဆိုတာလည်း မသိဘူးလို့ ပြောတယ်"
"ဟင်၊ ဟုတ်လား ဒါဖြင့် သူ့ခမျာ မွေးရာပါ အခွင့်အရေးဆိုလို့ ဘာတစ်ခုမှ မရှိဘူးပေါ့"
ဆယ်လီက တအံ့တသြ ပြောလိုက်ရာ ခရိတ်သည် သူမ၏သဘောထားကို လေးစားသွားမိလေ သည်။
"ဒီနေ့ ကမ္ဘာကြီးရဲ့ ဆင်းရဲကျပ်တည်းသူတွေနဲ့ ချမ်းသာကြွယ်ဝသူတွေရဲ့ ကွာဟမှုဟာ သိပ်များ လွန်းတယ်။ အဲဒိကွာဟမှုကြောင့်ပဲ တစ်နေ့ကျရင် ကမ္ဘာကြီးပျက်စီးရတော့မယ် ထင်တယ်"ဟု ပြောပြီးနောက် သူမ၏ ကင်မရာဖြင့် စခန်းရှိ အကျဉ်းသားလူငယ်များအား ဓာတ်ပုံရိုက်၍ မှတ်တမ်း တင်နေလေသည်။ ဓာတ်ပုံရိုက်ကူးရင်း အလွန်စိတ်ပျက်နေပုံရသော အကျဉ်းသားတစ်ဦးကို ဆယ်လီ က ညွှန်ပြလျက် "သူ့ကို မေးကြည့်စမ်းပါ၊ ဒီစခန်းမှာ သူနေထိုင်ရတာ အခြေအနေ ဘယလိုရှိပါသလဲလို့ မေးလိုက် စမ်းပါ"ဟု ပြောပြန်သည်။
ခရိတ်လည်း ထိုသူအား မာတာဘယ်လီ တိုင်းရင်း ဘာသာဖြင့် မေးမြန်းကြည့်ရာ ဘာမှပြန်မပြော ဘဲခရိတ်ကိုသာ ငေးစိုက်ကြည့်နေလေသည်။ သူ၏ဟန်အမှုအရာက လုံးဝအဓိပ္ပာယ်မရှိသော မေးခွန်းဖြစ်၍ မဖြေလိုသည့် ဟန်မျိုး ဖြစ်နေလေသည်။
ခရိတ် သည် စောစောက စိတ်ကြည်လင်ကြည်နူးခဲ့မိသလောက် ယခုစိတ်ဓာတ်ကျသွား ပြန်သည်။
အကာမရှိဘဲ အမိုးသာရှိသော တဲကြီးတစ်ခုတွင် သင်တန်းသားများအား နိုင်ငံရေး သဘောတရား သင်တန်း ပို့ချပေးကြေင်း သိရလေသည်။ အထူးသဖြင့် နိုင်ငံသားတို့ ထားရှိအပ်သော ကျင့်ဝတ် သိက္ခာ၊ ၀တ္တရား စသည် တို့ အကြောင်းပို့ချပေးသည်ဟု ဆိုသည်။
ထိုတဲကြီးအတွင်း၌ စာသင်ကျောင်းမှာကဲ့သို့ ကျောက်သင်ပုန်းကြီးများ ရှိပြီးကျောက် သင်ပုန်းပေါ် တွင်နိုင်ငံအုပ်ချုပ်ရေး စနစ်၌စီမံခန့်ခွဲရေးအပိုင်း၊ တရားစီရင်ရေး အပိုင်းနှင့် ဥပဒေပြုလွှတ်တော် (ပါလီမန်) တို့ ဆက်စပ်ပုံ၊ ဆက်သွယ်ပုံ စသည်တို့ကို ဇယားများ ရေးဆွဲပြထား လေသည်။
စခန်းအတွင်း လှည့်လည် လေ့လာကြည့်ရှု့ပြီးနောက် သူတို့သည် တည်းခိုဆောင်ဘက် သို့ ပြန်လျှောက် လာကြစဉ် ခရိတ်သည် တစ်စုံတစ်ခုကို သတိရမိသဖြင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာအား မေးခွန်း ထုတ် လေသည်။
"ဒီစခန်းက လူတွေအားလုံးဟာ မာတာဘယ်လီ တိုင်းရင်းသားတွေချည်းပဲ မဟုတ်လား"
"ဟုတ်တယ်၊ ကျုပ်တို့သဘောက တိုင်းရင်းသား လူမျိုးစု တစ်မျိုးတည်း အတူစုထားခြင်း အားဖြင့် လူမျိုးစု အုပ်စု အချင်းချင်း ပဋိပက္ခဖြစ်တာမျိုးတွေ နည်းပါးလိမ့်မယ်လို့ ယူဆတယ်"
"ရှိုနာလူမျိုး ထဲက အခုလို အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတာကော ရှိသလား" ခရိတ်က သူသိလို သော အဓိကအချက် ကို မေးလိုက်သည်။
"ဟာ ရှိတာပေါ့၊ ရှိုနာ တိုင်းရင်းသာတွေရဲ့ စခန်းတွေက အရှေ့ဘက် တောင်တန်းဒေသ မှာရှိတယ်။ ဒီပုံစံ မျိုးပါပဲ"
ဖွန်ဂါဘီရာက ပြောလိုက်ပုံမှာ သူတို့အာဏာလက်ရှိ ရှိုနာလူမျိုးတို့၏ အစိုးရက တိုင်းရင်းသား ပြည်သူများ အပေါ် ကျောသားရင်သား မခွဲခြားဘဲ တန်းတူဆက်ဆံ အုပ်ချုပ်လျက်ရှိ ကြောင်းကို ပေါ်လွင်စေရန် ပြောပုံ မျိုး ဖြစ်လေသည်။
ထိုနေ့ ညနေဘက် မိုးချုပ်စပြုချိန်တွင် အင်ဂျင်စက်နှိုးသံ ကြားရလေသည်။ ရေဒီယို ဆက်သွယ် ရေး အတွက် အင်ဂျင်စက် နှိုးလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။
ခရိတ်သည် သူ၏တဲအတွင်း သူယမန်နေ့ညက ရေးသားခဲ့သော စာမူများကို ပြန်လည်ဖတ်ကြည့် ပြီး ပြင်ဆင် စရာ ရှိသည် တို့ကို ပြင်ဆင်နေစဉ် ဗိုလ်ချုပ် ဖွန်ဂါဘီရာ ရောက်လာလေသည်။
"ခင်ဗျား အတွက် သတင်းဆက်သွယ်ပို့ချက်တစ်ခု ရောက်လာတယ်။ အမေရိကန်သံရုံး က မစ္စတာ မော်ဂင် က တစ်ဆင့် ပို့လိုက်တာပဲ"
ခရိတ်သည် ၀မ်းသာအားရ ထိုင်ရာမှ ထလိုက်သည်။ သူသည် ကမ္ဘာဘဏ် ဒုဥက္ကဋ္ဌ ဟင်နရီထံမှ အကြောင်းပြန်ချက် ကို မျှော်ခင့်နေခဲ့ရာ ယခုလာခြင်း ဖြစ်ရမည်ဟု တထစ်ချ တွက်လျက် ၀မ်သာ သွားမိခြင်း ဖြစ်သည်။
ရေဒီယိုဖြင့် ပေးပို့လိုက်သော အကြောင်းပြန်ချက်ကို ဗိုလ်ချုပ် ဖွန်ဂါဘီရာက စာရွက်တစ်ရွက်ဖြင့် ရေးမှတ် ထားရာ ခရိတ်သည် ထိုစာရွက်ကို သွက်လက်စွာ လှမ်းယူ၍ ဖတ်ကြည့်လိုက်သည်။
သူ ထင်သည့် အတိုင်း ဟင်နရီထံမှ အကြောင်းကြားချက်ပင် ဖြစ်ပြီး အောက်ပါအတိုင်း ဖြစ်လေသည်။
ခင်ဗျား ရည်ရွယ်သော စီမံကိန်းကို ကျွန်ုပ်အထူးသဘောကျ၍ အပြည့်အ၀ ထောက်ခံသည်။ သို့သော် အခြားလူ များကတော့ စိတ်မ၀င်စားကြ။ ခင်ဗျားရဲ့ကိုယ်စားလှယ် (ဧဂျင်း) အက်ရှီက ခင်ဗျားလိုနေသော ငွေကို ကြိုတင်ထုတ်ပေးရန် ငြင်းသည်။ အာမခံ၍ ချေးယူရန်လည်း ငြင်းသည်။ ကမ္ဘာ့ဘဏ်ငွေချေး ကော်မတီ က နောက်ထပ် ခိုင်လုံသော အကြောင်းပြချက်များ တင်ပြရန် လိုသည်ဟု ဆိုသည်။ ကျွန်ုပ် အနေ ဖြင့် ၀မ်းနည်း ပါသည်။
ရွှင်လန်းပါစေ
ဟင်နရီ

ခရိတ်သည် စာရွက်ကို တစ်ခေါက်ဖတ်ပြီးမှ နောက်ထပ်တစ်ခေါက် သေချာစွာ ဖတ်ကြည့်လေ သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခရိတ်အား အကဲခတ်ကြည့်နေရာမှ
"ကျုပ်နဲကတော့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမဲ့ဒီစာ ကြည့်ရတာ ခင်ဗျားလုပ်ဖို့ ရည်ရွယ်တဲ့ ဇမ်ဘေဇီ မြစ်ရေ စီမံကိန်း နဲ့ ပတ်သတ်တယ်လို့ ထင်မိတယ်"ဟု ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ သို့သော်လည်း ကျုပ်ကြံစည်ထားတဲ့ ရည်မှန်းချက်တွေ အားလုံးခဲလေသမျှ သဲရေကျ ဖြစ်ကုန်ပါပြီ" ခရိတ် က စိတ်ပျက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါထက် ဟင်နရီဆိုတာ ဘယ်သူများလဲ"
"ကျုပ်ရဲ့ မိတ်တွေတစ်ဦးပါပဲ။ သူက ဘဏ်တိုက်အရာရှိဆိုတော့ သူ့ကိုကျူပ်က သိပ်ပြီး အားကိုး မိတယ်။ အဲဒါကြောင့် ခက်သွားတာ"
"အင်း ဟုတ်မှာပေါ့"
ဖွန်ဂါဘီရာက တစ်စုံတစ်ခုကို စဉ်းစားဟန်ဖြင့် ပြောလိုက်ပြီးနောက် စကားပြတ်သွားကြသည်။
ထိုနေ့ညတွင်လည်း ခရိတ်သည် ယမန်နေ့ညက လုံးဝမအိပ်ခဲ့ရလင့်ကစား အိပ်၍မပျော်ဘဲ ဖြစ်နေ ပြန်သည်။ အရေးထဲအိပ်ရသည့် ဖျာကလည်း အလွန်မာကျော တောင့်တင်းနေသဖြင့် လှဲအိပ်ရ သည်မှာ သက်သောင့် သက်သာ မရှိချေ။
နောက်တစ်နေ့ နံနက်တွင် ပြန်လည်ထူထောင်ရေး စခန်းမှ တူတီသာသနာပြုမစ်ရှင် အနီးရှိ လေဆိပ်သို့ မော်တော်ကားဖြင့် ပြန်ထွက်ခဲ့ကြလေသည်။
ခရိတ် သည် ယာဉ်မောင်းသူ၏ဘေးမှ ထိုင်လိုက်လာပြီး လမ်းခရီးတစ်လျှောက် ဖွန်ဂါဘီရာနှင့် ဆယ်လီတို့ စကားပြော နေကြသည်ကို လုံးဝစိတ်မ၀င်စားသလို ဘာမှဝင်မပြောဘဲ ငုတ်တုတ်ထိုင် လိုက်လာ လေသည်။
သူ၏စိတ်ထဲတွင်ကား ဇင်ဘာဘွေနိုင်ငံတွင် မျှော်လင့်ခြင်းကြီးစွာဖြင့် လုပ်ကိုင်ရန် ရည်ရွယ် ထားသော လုပ်ငန်း သည် ငွေကြေးမပြည့်စုံမှုကြောင့် ပျက်ပြယ်သွားရတော့မည်ပါ တကားဟု တွေးပြီး စိတ်ဓာတ်ကျ နေမိသည်။
သူ၏ ကိုယ်စားလှယ် (ဧဂျင်း) အက်ရှီဆိုသူကိုလည်း ဤကိစ္စတွင် ထောက်ခံအားပေးမှု မပြုသည်ကို ဒေါသ ထွက်မိ လေသည်။ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဟင်နရီကိုလည်း မိမိ၏လုပ်ငန်း အောင်မြင်ရေး အတွက် အင်တိုက် အားတိုက် ကူညီရန်မကြိုးစားရ ကောင်းလား ဟု မကျေမနပ် ဖြစ်မိလေသည်။
သာသနာပြုမစ်ရှင်သို့ ရောက်သောအခါ ဆယ်လီသည် အလာတုန်းက တွေ့ဆုံသိကျွမ်းခဲ့သူ မာတာဘယ်လီ တိုင်ရင်းသူ ဆရာမကလေး ဆာရာနှင့်တွေ့လိုသေးသည်ဟု ဆိုသဖြင့် မင်ရှင်စာ သင်ကျောင်း သို့ ၀င်ကြရပြန်လေသည်။
သည်တစ်ခါတော့ ဆရာမဆာရာသည် သူတို့ပြန်လာမည်ဟု မျှော်လင့်ထားပြီး အသင့်ပြင်ထားကာ ဧည့်သည် များအား လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံလေသည်။
ခရိတ်သည် အများနှင့်စကား ၀င်မပြောလိုသဖြင့် စာသင်ကျောင်း၏ ၀ရန်တာ တစ်နေရာတွင် တစ်ယောက်တည်း ထိုင်ကာ သူလိုအပ်သော ငွေပင်ငွေရင်းကို မရရအောင် ကမ္ဘာ့ဘဏ် ဒုဥက္တဋ္ဌ ဟင်နရီ အား မည်သို့ မည်ပုံ ဆက်လက်ကြံစည်ရပါမည်နည်းဟု စဉ်းစားအကြံထုတ်နေလေသည်။
သို့သော် ဆရာမဆာရာ က ခရိတ်ရှိရာသို့လာပြီး လက်ဖက်ရည် လာပေးလေသည်။
လက်ဖက်ရည်ခွက်ကို လှမ်းပေးချိန်တွင် ဆာရာသည် ဗိုလ်ချုပ်ဖွန်ဂါဘီရာဘက်သို့ ကျောပေးထား သဖြင့် သူမ၏ မျက်နှာကို ဗိုလ်ချုပ်က မမြင်နိုင်သည်ကို ချက်ကောင်းယူကာ ခရိတ်အား မာတာ ဘယ်လီ ဘာသာ ဖြင့် အရေးတကြီး တီးတိုးစကားပြောလေသည်။
"မိကျောင်းမင်းဟာ သူ့ကိုသတ်ဖို့ လိုက်ရှာနေတဲ့ မုဆိုးအန္တရာယ် နီးလာမှန်းသိရင် ရေနက်ထဲ ဆင်းပြီး ရေအောက် က ရွှံ့တွေကြားမှာ ၀င်ပုန်းနေတတ်တယ်"
ဆာရာက စကားဝှက်ဆန်ဆန် ပြောလိုက်သဖြင့် ခရိတ်သည် အံ့အားသင့်လျက် သူ၏မျက်နှာကို လှမ်းကြည့် လိုက်မိသည်။ သူမ၏ မျက်လုံးများသည် စူးရှတောက်ပြောင်လျက် ဇာတိမာန် တက်ကြွ ခြင်း၊ ဒေါသ ထွက်ခြင်း စသည့် စိတ်လှုပ်ရှားမှုများပေါ်သည့်အသွင် ဆောင်နေလေသည်။
ဆာရာက ဆက်လက်၍ ပြောပြန်သည်။
"ဖွန်ဂါဘီရာ နဲ့ နောက်လိုက်ခွေးတွေဟာ အလွန်ဆူညံစွာ ဟောင်နေကြပြီဖြစ်တယ်။ ရှင်ရှိနေတုန်း မှာ သူတို့ဟာ အစာမစားရလို့ ဆာလောင်မွတ်သိပ်ပြီး ဟောင်နေတာရှင့်။ အဲဒီနောက်လိုက် ခွေး တွေရဲ့ ဟောင်သံ ကို ရှင် မကြားဘူးလားဟင်။ ရှင် ကြားမှာပါပဲ ကူဖီလာရယ်"
ခရိတ် သည် ပို၍ပင် အံ့အားသင့်သွားမိတော့သည်။ မိမိအား ကူဖီလာ ဟူသော နာမည်ဖြင့် ခေါ် လိုက်ခြင်း မှာ အလွန် အံ့သြဖွယ် ကောင်းနေပေသည်။ မိမိအား မာတာဘယ်လီ တိုင်းရင်းသား ပြောက်ကျား လွတ်ကောက် ဆိုသူ က ခေါ်လိုက်သော နာမည်ဖြစ်နေပေသည်။
ထိုနာမည် ကို ဆာရာ က မည်သို့ သိနေလေသနည်း။
ဖွန်ဂါဘီရာ ၏ နောက်လိုက်ခွေးများ ဟု ဆာရာက ပြောလိုက်ခြင်းသည် ဘာကို ဆိုလိုသနည်း။
အခန်း (၈) အဆက် (၄) ဆက်ရန်
.
2 comments:
ဆရာမ က မြဝတီက ဇာတ်ကားများလို စိတ်ဝင်စားစရာ ကောင်းခန်းရောက် မှ နောက်အပိုင်း မျှော် ဆိုတာမျိုးဖြစ်နေပြီနော်..
...
ဟဲဟဲ...
အလုပ်ကို တကယ် မအားလို့ kztk ရေ တရက်စာ မနဲ အချိန်မှီအောင် ရိုက်နေရတယ် ပိုသွားရင်လည်း နောက်နေစာ ချန်ရသေးတယ်
တနေ့လုပ်တနေ့စား ဖြစ်နေတော့ ဟဲ..ဟဲ ခွင့်လွှတ်ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Post a Comment