Friday, August 27, 2010

ကြယ်နီ အပိုင်း (၄၆)

ဘုန်းကြီးကျောင်းသား

(၁)

အသက် ၁၀နှစ်ခန့်ရှိ "တောင်ကျော်" သည် အင်းတဲပေါ်တွင် ထိုင်ကာ တဲရှေ့မြေကွက်လပ်တွင် မြေကြီးကို ယက်၍ ကောက်စားနေသည့် သူ့မိခင်၏ ကြက်မကြီးကိုသာ အငေးသား ကြည့်နေ၏။
ကြက်မကြီးသည် ရရှိသောအစာကို စားမျိုခြင်း မပြုဘဲ မြေကြီးပေါ် ပြန်ချလိုက်၊ နှုတ်သီးဖြင့် ပြန် ကောက်လိုက် လုပ်နေပြီးနောက် "တော့ … တော့ … တော့" ဟူသော အသံမျိုးဖြင့် သူ့ရင်သွေး ကြက် ကလေး များကို ခေါ်နေ၏။ ချက်ချင်းပင် ကြက်ကလေးများသည် အပြေးအလွှား ရောက်လာကာ ကြက်မကြီး၏ နှုတ်သီးမှအစာကို ၀ိုင်းလုကြ၏။ ကြက်မကြီးအား သူ မစားရက်သော အစာကို မြေပြင် သို့ ပြန်ချပေးလိုက်ရာ၊ သွက်လက်သော ကြက်ကလေးတစ်ကောင်က "ဆတ်"ခနဲ ကောက်ယူပြီး ထွက်ပြေး တော့ရာ၊ အခြား ကြက်ကလေးများက နောက်မှ ၀ိုင်းလိုက်ကြ၏။

တောင်ကျော်သည် ကြက်မကြီးများနှင့် ကြက်ကလေးများကို ကြည့်ရင်း အကြံတစ်ခု ရလာ၏။ သူသည် ကြက်မကြီးက သူ ရရှိသော အစာကို မစားရက်ဘဲ သူ့ရင်သွေး ကြက်ကလေးများကိုသာ ကျွေးမွေး လိုက်ခြင်း ကို ကြည့်၍ မိခင်မေတ္တာ၏ မွန်မြတ်လှပုံကို တွေးတောဆင်ခြင်နေသည်တော့ မဟုတ်ပါ။ သူသည် တစ်စုံတစ်ခုကို ပြုလုပ်ရန် အကြံထုတ်ရင်း သည်ကြက်မကြီးကို ငေးစိုက်ကြည့်နေရာမှ ရုတ်တရက် ကြက်မကြီးကို ရိုက်သတ်လိုက်ရန် အကြံတစ်ခု ရလာခြင်းပင် ဖြစ်ပါ၏။

ဤကြက်မကြီးကား သူ့မိခင် အလွန်ချစ်သော ကြက်မကြီး ဖြစ်ပါသည်။ အခြားကြက်များကို အချိန်တန် အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် ကြက်ထမ်းကုလားလက် ၀ ကွက် အပ်လိုက်လေ့ ရှိသော်လည်း ဤကြက်မကြီး ကိုမူကား ချစ်မြတ်နိုးစွာဖြင့် လက်သပ်မွေးထားပါသည်။ အကြောင်းမူကား ဤကြက်မ ကြီးသည် သားပေါက်ကောင်း၍ သားဆက် နီးလှသောကြောင့် ဖြစ်သည်။
ဘာကို သားပေါက်ကောင်းတယ်လို့ ခေါ်တာလဲဟု နားမရှင်းသော သူများက မေးနိုင်သည်။ ကြက်ဥ အလုံး နှစ်ဆယ်ဥလျှင် အဖိတ်အစဉ် မရှိသော ကြက်အကောင်နှစ်ဆယ် ပေါက်ဖွားပေးနိုင်ခြင်းကို သား ပေါက်ကောင်း သည်ဟု ခေါ်ပါသည်။

သားဆက်နီးသည်ဆိုတာကော ဘာကို ဆိုလိုတာလဲဟု ဆက်မေးပါ။ တစ်သားနဲ့တစ်သား နီးကပ်စွာ ဖြင့် အဆက်မပြတ် ပေါက်ဖွားနိုင်ခြင်းကို ဆိုလိုပါသည်။
ယခု ဤကြက်မကြီးမှာလည်း ကြက်ဥ အလုံးနှစ်ဆယ်ဥလျှင် တစ်ဆယ့်ရှစ်ကောင်ထက် မနည်း ပေါက်ဖွားပေးနိုင်၍ ဤတစ်သား မခွဲမီမှာပင် နောက်ထပ် ကြက်ထီးနှင့် မိတ်လိုက်၍ ကြက်ဥများ ဥပေး နေပြန်ရာ သားဆက်ကလည်း နီးလှပါသည်။

ဤနည်းအားဖြင့် တစ်နေ့လျှင် ရွှေဥတစ်လုံးစီ ဥပေးနေသော ဒဏ္ဍာရီထဲက ၀မ်းဘဲလောက် နီးနီး တွက်ကိန်းမိနေသည်ဖြစ်၍ တောင်ကျော်၏ မိခင်မှာ လက်မလွှတ်နိုင်ဘဲ ချစ်ခင်မြတ်နိုးစွာ လက်သပ် မွေးထားခြင်း ဖြစ်သည်။
ဤမျှလောက် အဖိုးတန်လှသော ကြက်မကြီးအား တောင်ကျော်က ဘဇာကြောင့် သတ်ပစ်ရန် ကြံစည် နေရပါသနည်း။
သူ့မိခင် ချစ်မြတ်နိုးသော ကြက်မကြီး ဖြစ်ပါလျက် သူ့မိခင်၏ ဒေါသကိုမှ ကြောက်ရွံ့ခြင်း မရှိဘဲ ဘာအကြောင်းကြောင့် သတ်ပစ်လိုပါသနည်း။

အဖြေသည် ရှိပါ၏။ အကြောင်းကား လုံလောက်ပါ၏။ သူသည် သူ့မိခင် စိတ်ဆိုးခြင်းကို အလိုရှိသော ကြောင့် ဤ ကြက်မကြီးကို သတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။ စိတ်ဆိုးပုံမှာလည်း သာမန် စိတ်ဆိုးပုံမျိုး မဟုတ်ဘဲ၊ မခံမရပ်နိုင်အောင် စိတ်ဆိုးနေပုံမျိုး ဖြစ်စေလိုသောကြောင့်၊ သူ့မိခင် အမြတ် တနိုး မွေးမြူထားသော ကြက်မကြီးကိုမှ သတ်ပစ်ရန် ကြံစည်ရခြင်း ဖြစ်သည်။
အဘယ့်ကြောင့် သူ့အပေါ်တွင် သူ့မိခင်၏ ပြင်းထန်စွာ စိတ်ဆိုးခြင်းကို သူက အလိုရှိနေရပါသနည်း။ တမြန်နေ့က သူသည် အင်းတဲ၌ ဆွဲထားသော နတ်အုန်းသီးကို ခိုး၍ တိတ်တဆိတ် ခွဲစားနေစဉ်၊ သူ့ မိခင် ဖမ်းမိ တွေ့မြင်သွားသဖြင့် သူ့အား ရိုက်နှက် ကန်ကျောက်ပြီးနော်

"နင် ငါ့ကို ကြပ်ကြပ်စိတ်ဆိုးအောင် လုပ်နော်။ ငါ စိတ်ဆိုးလွန်းမက ဆိုးလာရင် နင့်ကို ဘုန်းကြီးကျောင်း ပို့ပစ်လိုက်မယ်" ဟု ခြောက်လှန်ခဲ့၏။ သဘောကတော့ ဘုန်းတော်ကြီးသည် အရိုက်အနှက်တွင် တစ်ဖက်ကမ်း ခပ်အောင် ကြမ်းလွန်းသည်ဟု နာမည်ကြီးနေသောကြောင့် ဘုန်းကြီးကျောင်းပို့ပစ်လိုက်မယ်ဟုဆိုလျှင် ကြောက်များ သွားမလားဟု မျှော်လင့်ကာ ခြောက်လှန့် လိုက်ခြင်းသာဖြစ်ပါသည်။
သို့သော် ဤခြောက်လုံး လှန့်လုံးကြောင့် တောင်ကျော်က ကြောက်မသွားသည့်အပြင် ပို၍ပင် ၀မ်းသာသွားသေသည်။ သူသည် ဘုန်းကြီးအရိုက်ခံရမည်ကို ကြောက်သည်ထက် ဘုန်းကြီးကျောင်းတွင် အခြားကျောင်းသားများနှင့် လွတ်လပ်စွာ ဆော့ကစားရမည်ကိုသာ မျှော်မှန်း သူဖြစ်၍ အတော်ပင် ၀မ်းသာသွားလေသည်။ အရိုက်ခံရတကတော့ သူ့အဖို့ မဆန်းပါ။ အိမ်မှာ နေရင်လည်း အရိုက်ခံနေရတာပဲ မဟုတ်လား။ တကယ်ဆိုတော့ သူ့မိခင်၏ လက်သံမှာ အတော်ပြင်းသည်ဖြစ်၍ ဘုန်းတော်ကြီး၏ လက်သံထက်တော့ ညံ့လိမ့်မည် မဟုတ်ပါ။ သူ့မိခင်၏ လက်သံကိုပင် အပျော့ထားနိုင်သည်ဖြစ်၍ ဘုန်းတော်ကြီး၏ လက်သံကိုလည်း ရယ်တာပေါ့ဟု ဆိုကာ ကော့ခံနိုင်လိမ့်မည်ဟု သူက ယုံကြည်ထားပါသည်။

ဤသို့ ဘုန်းကြီးကျောင်းကို ပို့မည်ဟု ဆိုခြင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်သွားပုံကိုတော့ အပြင် အမူအရာအားဖြင့် ထုတ်ဖော်မပြ၀ံ့ပါ။ ဤသို့ အမူအရာအားဖြင့် ထုတ်ဖော်ပြမိလျှင် သူ့ကို အလွန်ချစ်သော သူ့ဖခင်က သူ့ဘက်က လို၍ ဘုန်းကြီးကျောင်းပို့ရန် ပြောကြားမည်ဖြစ်ရာ၊ ဤအခါတွင် သူ့ဖခင် ပြောဆိုပြုမူ လုပ်ကိုင်သမျှ အမြဲတမ်း ဆန့်ကျင်ဘက်ပြုရမှ ကျေနပ်လေ့ရှိသော သူ့မိခင်သည် သူ့အား ဘယ်တော့မှ ဘုန်းကြီးကျောင်းကို ပို့မည်မဟုတ်ကြောင်း သေချာစွာ သိရှိထားသည့်အတွက်၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အမူအရာအစား ကြောက်ရွံ့သွားသည့်ပုံဖြင့် ခပ်ကုပ်ကုပ်ကလေး နေထိုင်ခဲ့ရပါသည်။ ဒါကို တကယ်ပင် မှတ်သွားသော သူ့မိခင်က -

' ကောင်လေးတော့ ဘုန်းကြီကျောင်း ပို့မယ်ဆိုလို့ လန့်နေပြီ' ဟု သူ့ဖခင်ကို ၀မ်းသာအားရ ပြန်ပြောဆိုနေသံကိုပင် သူ ကြားရ၏။
တစ်နေ့တော့ သူမိခင်၏ စိတ်ကို ပြန်ဆွရပေမည်။ ဘုန်းကြီးကျောင်းပို့မည်ဆို၍ သူ ကြောက်နေသည်ဟု သူ့မိခင်က အယူရှိနေပြီဖြစ်ရာ၊ သည်တစ်ကြိမ် စိတ်ဆိုးအောင် လုပ်လိုက်လျှင် တော့ ဒေါသထွက်ထွကနှင့် သူ ကြောက်နေသည်ဟု အယူရှိထားသော ဘုန်းကြီးကျောင်းသို့အရောက် ပို့ဆောင်ပေလိမ့်မည်။ ဘယ်လောက် ဟန်ကျလိုက်ပါသလဲဗျာတို့။ အကြံပိုင်တဲ့ တောင်ကျော်ဆိုတာ ဤဖေကိုယ်ပေါ့ ... ။

အကြံတစ်ခုရလျှင် ထိုအကြံအတိုင်း မဆိုင်းမတွ ချက်ချင်းကောက်လုပ်တတ်သော တောင်ကျော်သည် ဆန်အိုးထဲမှ ဆန်လက်တစ်ခုပ် နှိုက်ယူပြီးနောက် ထမင်းဟင်း ချက်ပြုတ်နေသော သူ့ မိခင်နှင့် ကြိုးကျစ်နေသော သူက ဖခင်ရှိရာသို့ တစ်ချက်မျှ စောင်းငံ့ကြည့်ရှု လိုက်ကာ အင်းတဲရှေ့ မြေပြန့်သို့ ဆင်းလာခဲ့၏။
' တီ ... တီ ... တီ ... တီ' ဟု အသံခပ်တိုးတိုးဖြင့် သူ့လက်ခုပ်တွင်မူ ဆန်ကိုပြ၍ ကြက်မကြီးကို ခေါ်၏။

ကံဆိုးသော ကြက်မကြီးကား အားလုံး ချစ်မြတ်နိုးခြင်းကို ခံယူထားရသော ကြက်မပီပီ၊ လူယဉ်နေပြီ ဖြစ်၍ တစ်စုံတစ်ရာ ကြောက်လန့်ခြင်းမရှိဘဲ တောင်ကျော်အနီးသို့ ကပ်လာကာ တောင်ကျော်၏ လက်ခုပ်တွင်းမှ ဆန်များကို ကောက်စားနေ၏။
သန္နိဋ္ဌာန်ချမိလျှင် ရှေ့နောက် မမြော်၊ သနားကရုဏာလညိး ပေါ်ရိုးထုံးစံမရှိသော တောင်ကျော်သည် ကြက်မကြီး၏ ခြေနှစ်ချောင်းကို ရုတ်တရက် သိမ်းကျုံးဆုပိုင်လိုက်ကာ၊ လက်ကို အရှိန်နှင့် တအားလွှဲလိုက်ပြီးနောက် အနီးရှိ 'မဒမ' တိုင်နှင့် ကိုင်ရိုက်တော့၏။

ကြက်မကြီးကား ' ကီး ... ကီး ... ကီး'ဟု နာကျင်စွာ အော်ရင်း အကူအညီခေါ်နေ၏။ အနီးရှိ ကြက်ဖ၊ ကြက်မများကလည်း ' ကတော် ... ကတော်' ဟု အသံကုန် ၀ိုင်းအော်ပေးနေ၏။
ကြက်ဖကြီး တစ်ကောင်ကမူ တောင်ကျော်အနီးသို့ လျင်မြန်သော အဟုန်ဖြင့် ပြေးလာပြီးနောက် တောင်ကျော်အား ခုန်၍ ခွပ်လိုက်၏။ တောင်ကျော်က ထိုကြက်ဖကြီးကို တအားပိတ်ကန်လိုက်ပြီးနောက် သူ့လက်တွင်းမှ ကြက်မကြီးကို သာ မသေမချင်း ကိုင်ရိုနေ၏။
ပတ်ဝန်းကျင်ကား ကမ္ဘာပျက်သလို ဆူညံနေပေပြီ .... ။

(၂)

ကမ္ဘာပျက်သလို ဆူညံနေသော အသံများက တောင်ကျော်၏ မိခင်နှင့်ဖခင်အား အင်းတဲရှေ့သို့ ခေးဆောင်လိုက်၏။ ကြက်မကြီးကို ရိုက်သတ်နေသော တောင်ကျော်အား မြင်လိုက်ရသောအခါ တောင်ကျော်၏ မိခင်သည် ရင်ဘတ်စည်တီးပျာယီးပျာယာ ဟန်မူရာဖြင့် အသံကုန် ဟစ်အော်တော့၏။
' ဟဲ့ ... ဟဲ့ ... ကြည့်စမ်း ... ကြည့်စမ်း၊ ဘာဖြစ်လို့ ဒီကြက်မကြီးကို ရိုက်သတ်နေရတာလဲ ... ဟင်'
သူ၏ အသံကား ဒေါသကြောင့် တုန်နေ၏။ စကားလုံးးများမှာလည်း ဒေါသကြောင့် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။ သို့သော် သူကား နောက်ကျခဲ့လေပြီ။
သူ လှမ်းပြောလိုက်သည့် အချိန်၌ ကြက်မကြီးမှာ စင်းစင်းသေပြီဖြစ်၍၊ တောင်ကျော်က မြေကြီးပေါ်သို့ လွှတ်ချလိုက်သည့်အချိန် ဖြစ်နေ၏။

' ကျွန်တော်က စေတနာနဲ့ အစာကျွေးတာကို ကောင်းကောင်းမစားဘဲ ကျွန်တော့်လက်ကို လိုက်ဆိတ်တယ်။ ဒါကြောင့်မို့ ရိုက်သတ်ပစ်လိုက်တယ်'
တောင်ကျော်ကမူ မှုန်ကုပ်ကုပ် မျက်နှာထားနှင့် မုသားပြောကြားလိုက်၏။ သူ မျှော်လင့်ထားသည့် အတိုင်း သူ့မိခင် ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်နေသည်ကို မြင်ရ၍လည်း သူ့ဝမ်းထဲ၌ ကျေနပ်နေ၏။ သူ ကျူးလွန်ထားသော ပြစ်မှုအတွက် ကြောက်ရွံ့နေသည့် အရိပ်အယောင်ကလေးများကိုတော့ အနည်းငယ်မျှ ဖော်မပြပါ။ ဒါမှသာ သူ့မိခင်သည် ပို၍ ပို၍ စိတ်ဆိုးလာပြီး တိုးလို့ တိုးလို့သာ ဒေါသကြီးလာပေမည်။

' သေမင်းငင်လေး မြန်မြန်လာခဲ့၊ နင့်အသားကို ဒီနေ့တော့ ၀ါးစားမယ်'
သူက အင်္ကျီလက်ကို မာန်ပါပါ ပင့်တင်ရင်း အံကြိတ်၍ ပြောလိုက်၏။ တောင်ကျော်ကလည်း ပမာမခန့် အမူအရာဖြင့် သူ့မိခင်အနီးသို့ ဣနြေ္ဒရရ ချဉ်းကပ်သွား၏။ လက်လှမ်းမီသည်နှင့်တစ်ပြိုင် နက် သူသည် တောင်ကျော်လက်ကို ဆောင့်ဆွဲလိုက်ပြီးနောက် ငယ်ထိပ်ကို တဒေါင်ဒေါင်ပင် တီး ချောက်တော့၏။

ခေါင်းခေါက်ရုံဖြင့် အားမရ၍ တောင်ကျော်၏ ကျောပြင်ကို သူကလက်နှစ်ဖက်ဖြင့် စုံထုရင်း -
' သေမင်းငင်လေး' 'ဖုံး ... ဖုံး ... ' 'ကာနာလေး ' 'ဖုန်း ... ဖုန်း ... ' 'သေမင်း လက်မခံလေး' 'ဖုန်း... ဖုန်း... ' စသည်ဖြင့် ဆဲသံနှင့် ထုသံများမှာ အတိုင်အဖောက်ညီစွာ သံစုံထွက်ပေါ်လာ၏။
တောင်ကျော်ကား သူ့မိခင် ပို၍ ဒေါသထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် တစ်ချက်မျှ မအော်မဟစ် မငိုမကြွေးဘဲ တောင့်၍ ခံ၏။
သူ့ဖခင်ကပင် သူ့အား သနားလာဟန်ဖြင့် 'မင်းကလဲကွာ၊ ကလေးကို ဒါလောက်ရိုက်ရတော်ရောပေါ့၊ မင်းကြက်မကြီးမျိုးကို ငါ အစားပြန်ရှာပေးပါ့မယ်'ဟု ၀င်ပြောလိုက်၏။
သို့သော် သူ့ဖခင် ၀င်ပြောသည့်အခါမှ ပို၍ဆိုးလာသည်မှာ သူ့မိခင်၏ ၀ါသနာဖြစ်ပါသည်။

သူသည် ကျားဟိန်းသလို အသံမျိုးဖြင့် ' တော် တစ်ခွန်းမှ ၀င်မပြောနဲ့'ဟု ဟိန်းလိုက်ပြီးနောက် စောစောကထက် ပြင်းထန်စွာ ထုနှက်နေသည်။
သူသည် မောသွား၍ လက်များ နာကျင်လာမှ ရပ်နားလိုက်၏။ သို့သော် တောင်ကျော်က မဖြုံသလို ဣနြေ္ဒမပျက် ရှိနေ၏။ အကယ်၍ တောင်ကျော်သာငိုလျှင် သူမ၏စိတ်သည် ပြေသွားမည်ဖြစ်၏။ ယခုတော့ ငိုလည်းမငို၊ အော်လည်း မအော်။ ဒါကို သူက အခဲမကျေသလို စေ့ထားသော သွားကြား ထဲမှ အတင်းတိုးထွက်လာရသော လေသံမျိုးဖြင့် -

' ကာလနာလေး ... ရိုက်တဲ့လူက လက်နာလို့ ရပ်ထားလိုက်ရတယ်။ သူကတော့ ဖြုံတောင် မဖြုံဘူး။ ဒီလောက် မာတဲ့ အသားမျိုးကို တစ်ခမှ တွေ့ဖူးပေါင်တော်။ အံ့ရော ... အံ့ရော ... '
သူသည် နှုတ်ခမ်းကို မဲ့ရွဲ့၍ ပြောနေရာမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသလို မျက်နှာအမူအရာ ပြောင်း သွားပြီးနောက် ' ဟင် ... ဒီ မသေခင်ကတည်းက သရဲဖြစ်နေတဲ့ မသာကလေးကို အိမ်မှာ ထားလို့တော့ မဖြစ်ပါဘူး၊ ဘုန်းကြီးကျောင်း ပို့လိုက်တာပဲ အေးပါတယ်။ အိမ်မှာ ထားရင်တော့ ရှိသမျှ ပစ္စည်းကုန်မှာပဲ။ ဟို တမြန်နေ့ကလည်း နတ်ကိုးထားတဲ့ အုန်းသီးကို ခိုးစားတယတဲ့ တော်။ ဒီလို ကလေးမျိုး မြန်မာနိုင်ငံတော်မှာ တွေ့ဖူးကြသေးရဲ့လား' ဟု လေရှည်ကြီးဆွဲ၍ မြည်တွန်နေ၏။

စောစောက မျက်နှာထား မှုန်ကုပ်ကုပ်ဖြင့် မတုန်မလှုပ်ရှိနေသော တောင်ကျော်သည် မျက်ရည်များ အဟုတ်တကယ် စီးကျလာအောင်ပင် ရှိုက်ကြီးတငင် ငိုကြွေးရင်း ' ဟင့်အင်းဗျ.. ကျွန်တော် ဘုန်းကြီးကျောင်း မနေချင်ဘူးဗျ၊ ဘုန်းကြီးကို ကြောက်တယ်ဗျ' ဟု ငိုရှိုက်သံမျိုးဖြင့် တစ်လုံးချင်း ပြောလိုက်၏။ သူကား မျက်ရည်ကို မထုတ်လိုသော အခါ၌ မည်သူ မည်မျှ နှိပ်စက်စေကာမူ တစ်ပေါက်မျှ ကျမလာအောင် တတ်စွမ်းနိုင်၍၊ သူ အလိုရှိသည့်အခါ၌မူ အခက်အခဲ မရှိဘဲ အလွယ်တကူ ထွက်လာအောင် ထုတ်ယူနိုင်သူဖြစ်၏။

' ဟုတ်သားပဲကွာ၊ ကောင်လေး မနေချင်တဲ့ ကျောင်းကို ပို့မနေပါနဲ့။ ကောင်လေးကို ကျောင်းအပ်ဖို့ ကအသက်ငယ်ပါသေးတယ် '
သူ့ဖခင်က ကြားမှ ၀င်ပြောလိုက်၏။ သည်လို သူ့ဖခင်ကြားမှ ၀င်ပြောအောငလည်း တောင်ကျော်က မငိုချင်ဘဲနှင့် သဏ္ဍာန်လုပ် သရုပ်နှင့်တူအောင် အဟုတ်တကယ် ငိုပြနေရခြင်းဖြစ် ၏။ ဒါမှလည်း သူ့ကိုမုန်း၍၊ သူ့ဖခင်၏ အလိုကို အမြဲတမ်း ဆန့်ကျင်ဘက်ပြုရမှ ကျေနပ်လေ့ရှိသော သူ့မခင်သည် သူတို့နှစ်ဦး၏ အလိုကို ဆန့်ကျင်၍ ဘုန်းကြီးကျောင်းသို့ သူ့အား အရောက်ပို့ပေမည်မဟုတ်လား။
ဟော ... သူ့မိခင်၏ မျက်နှာကို ကြည့်လိုက်ပါဦး။ ယခုမှ နိုင်ပေါက်တွေ့သည်ဟူသော သဘောမျိုး ဖြင့် ခပ်ပြုံးပြုံး ဖြစ်လာပြီးနောက်၊ တစ်ထစ်ချ ဆုံးဖြတ်ထားသော မျက်နှာထာျးိုးဖြင့် အမိန့်ချမှတ် လိုက်၏။

' ဟန်ကျတာပဲ၊ အခုမှ နိုင်ပေါက်တွေ့တယ်။ စာတတ်တာ မတတ်တာ အပထားပြီး၊ နားအေးအောင် ဘုန်းကြီးကျောင်း ပို့ပစ်ရမယ်။ ဒါကြောင့် နက်ဖြန်ကို ဘုန်းကြီးကျောင်း သွားဖို့သာ ပြင်ထားပေတော့ '
တောင်ကျော်ကား စိတ်ထဲ၌ ထခုန်ချင်လောက်အောင်ပင် ၀မ်းမြောက်သွားသော်လည်း အပြင်သို့ အစွန်းအစကလေးမျှ ထွက်ပေါ်မလာရအောင် ကြိုးစား၍ ဖုံးဖိထားလိုက်ရကာ၊ မည်သို့မျှ မတတ် နိုင်သလို ညူးငယ်သော မျက်နှာသေကလေးဖြင့်သာ လူကွယ်ရာသို့ထလာခဲ့၏။ လူကွယ်ရာသို့ ရောက်သောခါတွင်မူကား မျိုသိပ်ချုပ်တည်းထားရသော ၀မ်းသာလုံးကို ဖွင့်ထုတ်လိုက်ကာ၊ မြေကြီး ပေါ်သို့ လှဲချလိုက်ပြီးနောက် လူးလှိမ့်ရင်း အားရပါးရ ရယ်မောနေတော့၏။

' တိတ်ပါ လူလေးရယ်၊ လူကလေး မနေချင်တဲ့ ကျောင်းကို မနေရအောင် အဖေ အစွမ်းကုန် ကြိုးစားပေးပါ့မယ်'
သည်အသံကို သူ့နောက်နားဆီမှ ကြားလိုက်ရ၍ သူ လှည့်ကြည့်လိုက်ရာ၊ သူ့အား ကြင်နာစွာ ကြည့်နေသော သူ့အဖေကို တွေ့ရသဖြင့် ပို၍ပင် ရယ်ချင်လာသောကြောင့် ထပ်လောင်း၍ ရယ်မိ ပြန်၏။
' ဟာ ... ငါ့လခွေး၊ လက်စသတ်တော့ မင်းက ရယ်နေတာကိုး၊ ငါက စိတ်ညစ်ပြီး ငိုများ နေမလားလို့။ အနို့ဘာဖြစ်လို့ ရယ်နေရတာလဲကွ'
' ၀မ်းသာလွန်းလို့ ရယ်နေတာပေါ့ အဖေရ၊ ဘုန်းကြီးကျောင်းကို ပို့မယ်ဆိုလို့ ၀မ်းသာလွန်းလို့ပေါ့။ ဘုန်းကြီးကျောင်းမှာဆိုရင် ကျောင်းသားအဖော်နဲ့ ကစားရမှာဗျ၊ သိပ်ပျော်ဖို့ ကောင်းမှာပဲ '
' ဟင် ... အခုနတော့ မင်းက ဘုန်းကြီးကျောင်း မနေချင်ဘူးဆို '

' ဟာ ... ဒါကတော့ အစ်မအကြောင်း အဖေလည်း သိသားနဲ့။ ကျွန်တော်တို့က တောင်ဆိုရင် သူက မြောက်၊ ကျွန်တော်တို့က ဟုတ်တယ်ဆိုရင် သူက မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ကျောင်းမနေဘူးဆိုရင် သူက ကျောင်းကို ပို့ဖြစ်အောင် ပို့မှာမို့ ပြောင်းပြန် ပြန်ပြီး ပြောရတာပါ'
' ဟေ ... အတော်လာတဲ့ ငါ့သားပါလား၊ ငါ့ထက်တောင် လာဦးမယ့် လူပဲ။ အေးလေ ... မင်း နေချင် လို့ဆိုလည်း ကောင်းတာပေါ့ကွာ။ ဒီနှစ် အင်းက ရှုံးလိမ့်မယ်ကွ၊ မင်း ဘုန်းကြီးကျောင်းသွား နေလို့ စားတဲ့ ပါးစပ်ပေါက် တစ်ပေါက် လျော့သွားတယ်ဆိုရင် နည်း မှတ်လို့လား '

ဤသို့ဖြင့် တောင်ကျော် ဘုန်းကြီးကျောင်းနေဖို့ကား သေချာသွားပေပြီ။ သို့သော် စာတတ် ပေတတ် ဖြစ်အောင် ဟူသော ရည်ရွယ်ချက်ဖြင့် မဟုတ်ကြ။ တောင်ကျော်၏ မိခင်က နားအေး အောင် ဘုန်းကြီးကျောင်း ပို့ချင်သည်။ တောင်ကျော်ကမူ ကစားဖော်များနှင့် ဆော့လို၍ ဘုန်းကြီးကျောင်း နေချင်သည်။ တောင်ကျော်၏ ဖခင်ကတော့ အင်းရှုံးမှာမို့ စားမည့်ပါးစပ်တစ်ပေါက် လျော့သွားစေရန် ဘုန်းကြီးကျောင်း သွားနေစေချင်သည်။ မည်သို့ပင်ဖြစ်စေ နက်ဖြန်ဆိုလျှင် ဘုန်းကြီးကျောင်း သွားနေစေချင်သည်။ မည်သို့ပင်ဖြစ်စေ နက်ဖြန်ဆိုလျှင် သူသည် ဘုန်းကြီးကျောင်းသားတစ်ယောက် ဖြစ်ရတော့မှာပါတကား။

(၃)

နောက်တစ်နေ့ နံနက်တွင် တောင်ကျော်အား ကျောင်းအပ်ရန် တောင်ကျော်၏ မိခင် မအေးတင်က ကျောင်းသို့ လိုက်ပို့၏။ သူ၏ ခေါင်းပေါ်တွင် လင်ပန်း တစ်ချပ်ကို ရွက်လာ၍ ထိုလင်ပန်းထဲတွင် ဆန်တစ်စိတ်၊ ကွမ်းသီး အစိတ်သား၊ လက်ဖက်ခြောက် အစိတ်သား၊ ငါးခြောက်ကောင်းကောင်း အကောင်ကြီး ဆားပေါ့ ငါးရံ့ခြောက် တပိဿာခန့် ပါလာ၏။ ထိုပစ္စည်းစုများကား ကျောင်းအပ်မည့် တောင်ကျော်အတွက် ဘုန်းကြီးအား ကန်တော့ရန်၊ သို့မဟုတ် လှူဒါန်းရန် ယူဆောင်လာသော ပစ္စည်းဝတ္ထုများ ဖြစ်သည်။

တောင်ကျော်ကတော့ သူ၏ ခေါင်းအုံးကလေး၊ စောင်ကလေးနှင့် လုံချည်အင်္ကျီကလေးများကို ထည့်လိပ်ထားသော ဖျာလိပ်ကိုထမ်း၍ သူ့မိခင်၏ နောက်ပါးမှ လျှောက်လိုက်နေသည်။ ဤသို့ အိပ်ရာလိပ် နှင့် လုံချည်အင်္ကျီကလေးများပါ ယူဆောင်လာရခြင်းမှာ သူ့အား ကျောင်းအိပ် ကျောင်းစားအဖြစ် တစ်ခါတည်း အပ်နှံထားခဲ့မည့်အတွက်ဖြစ်သည်။ သူတို့အင်းတဲနှင့် ရာတဲနှင့်ရွာမှာ တစ်မိုင်ခန့် ဝေး၍ ဘုန်းကြီးကျောင်းနှင့်လည်း တစ်မိုင်ခန့်ပင် ဝေးသဖြင့် ကျောင်းအိပ် ကျောင်းစား အပ်နှံ ထားရခြင်းဖြစ်သည်။

တောင်ကျော်ကား သူနေချင်လှသော ဘုန်းကြီးကျောင်း၌ နေရတော့မည်ဖြစ်သဖြင့် ၀မ်းသာရွှင်မြူး၍ နေသော်လည်း၊ သူ့အဖေ ကိုသာခင်နှင့် ခွဲခွာခဲ့ရသည့် အတွက်မူ ၀မ်းနည်းနေ၏။
သူ့အဖေ ကိုသာခင်မှာ သူ့ကို အတော်ချစ်၏။ မိန်းကလေးတစ်ဦးမျှ မပါသော ရင်သွေးငါးဦး ရှိသည့် အနက် အကြီးဆုံးဖြစ်သော သူ့ကိုသာ ပိုချစ်၏။ သွားရာကို ခေါ်၏။ အရက်ဆိုင်သွားလည်း သူ ပါ၏။ ကြက်တိုက်ပွဲသွားလည်း သူ့ကိုခေါ်သွား၏။ နွားမောင်းပွဲသွားလည်း သူ့ကို ခေါ်သွား၏။ အပြန် သူ့မိခင်၏ အဆူအပူကို ခံရသည့်အခါ၌လည်း သူတို့နှစ်ဦးစလုံး အတူတူ အဆူခံရ၏။

ထို့ကြောင့်ပင် သူတို့နှစ်ဦးမှာ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ကာ သူငယ်ချင်း သားအဖ ဖြစ်နေ တော့သည်။ ယခု ဤဖခင်နှင့် သူ ခွဲခွာခဲ့ရလေပြီ။ သို့သော် ဤအတွက် ကိစ္စမရှိပါ။ ဘုန်းကြီးကျောင်းမှာ အဖိတ်နေ့တွင် နေ့တစ်ဝက် ပိတ်၍ ဥပုသ်နေ့တွင် တစ်နေ့လုံး ပိတ်သည် မဟုတ်လား။ ဤရက်အား နေ့များတွင် သူသည် သူ့ဖခင်ထံသို့ အလည်အပတ် သွားရောက်နိုင်ပေ မည်။
' ဟဲ့ ကောင်လေး၊ ကျောင်းမှာ သေသေ၀ပ်ဝပ်နေ နော်၊ အိမ်မှာလို မကမြင်းနဲ့။ မဟုတ်ရင် ဘုန်းကြီးက နင့်ကို အသေရိုက်သတ်မှာ။ နင် မကြောက်ဘူးလား '

သူ့မိခင်က သူ့အတွက် စိတ်မချသလို သတိပေး သွန်သင်လိုက်ပြီးနောက် မေးခွန်းကိုပါ အပိုထုတ် လိုက်၏။ သူကလည်း သေသေ၀ပ်ဝပ် နေပါ့မည်၊ ဘုန်းကြီးကိုလည်း ကြောက်ပါသည်ဟူသော သဘော မျိုးဖြင့် ခေါင်းညိတ် အဖြေပေးလိုက်၏။ အမှန်စင်စစ်ကတော့ သေသေ၀ပ်ဝပ် နေမည် မဟုတ်ပါ။ နင်းကန်ပြီး ဆော့ပစ်လိုက်ပါမည်။ ဘုန်းကြီး အရိုက်ခံရမာကိုလည်း သူ မကြောက်ပါ။ လူ့ဘ၀သို့ ရောက်ရှိ လာသည့် အချိန်ကစ၍ အထုအရိုက် အဆဲအဆိုများ ကြား၌သာ ကြီးပြင်းလာခဲ့ ရသော သူက အရိုက်ခံရခြင်းကို ကြောက်စရာကောင်းသည်ဟု မထင်မှတ်နိုင်ပါ။
' နောက်ပြီး ကျောင်းသားတွေနဲ့ အတူ ထမင်းဝိုင်းစားတဲ့အခါမှာ လက်နှေးမနေနဲ့နော်၊ လက်နှေးရင် နင် ငတ်နေလိမ့်မယ်။ ဘုန်းကြီးကျောင်းသားဆိုတာ ဘာမဆို လက်မြန် ခြေမြန် ရှိရတယ် '
' အို ... အဲဒီအတွက်တော့ အစ်မ ဘာမှမပူနဲ့၊ ကျွန်တော့်အကြောင်းကိုလည်း အစ်မ သိသားမဟုတ် လား၊ ကျွန်တော် လက်မြန်တဲ့နေရာမှာ လေယာသ်ပျံကတောင် အဖေခေါ်ရတဲ့ လူဗျ။ လက်မြန်လွန်း အားကြီးလို့ ခက်နေသေးတယ်'

တောင်ကျော်က သူ့ကိုယ်သူ ယုံကြည်စိတ်ချစွာ ပြောဆိုလိုက်၏။ မှန်သည်။ သူကား လက်မြန်ရာ၌ ၀ီခေါ်နေအောင် မြန်သည်။ သစ်ပင်ပေါ်တွင် နားနေသော ငှက်ကလေးများအား ထ ၍ မပျံနိုင်မီ အတွင်း သားရေခွနှင့် ထိမှန်အောင် ပစ်ခတ်နိုင်သည်အထိ သူ့လက်သည် မြန်သည်။ သူတို့ အင်း ချောင်းထဲ ရှိအောင် ပစ်ခတ်နိုင်သည်အထိ သူ့လက်သည် မြန်သည်။ သူတို့ အင်းချောင်းထဲရှိ ရေမျက်နှာပြင်ပေါ်တွင် စင်းနေသော ငါးရံ့ကြီးများအား သူ့အရိပ်ကို မြင်၍ ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွယ် မသွားနိုင်မီ အတွင်း မှိန်းတစ်လက်နှင့် ထိအောင် မိအောင် ထိုးနိုင်သည်အထိ သူ့လက် မြန်သည်။ ကလေးအချင်းချင်း ရန်ဖြစ်ရာ၌လည်း သူကသာ အလျင်ဦးအောင် တစ်ဖက်သား၏ ခေါင်းကို ရိုက်ခွဲနိုင်သည်အထိ သူ့လက်သည် မြန်သည်။ ဤသို့ အစစအရာရာ၌ လက်မြန် ခြေမြန် ရှိလှသော သူ့အား ဘာမဟုတ်သည့် ဘုန်းကြီးကျောင်း ထမင်းဝိုင်းကျခါမှ လက်နှေးမနေရန် သွန်သင်ဖို့ လိုအပ်ပါသလော၊ တောင်ကျော်က မလိုအပ်ဟု ထင်သည်။

တဖြည်းဖြည်းနှင့် သူတို့ သားအမိသည် သူတို့အင်းတဲနှင့် တစ်မိုင်ခန့်ဝေးသော ရွာတွင်းသို့ ၀င်ရောက်လာပေပြီ။ ရွာသူ ရွာသားများက သူတို့သားအမိ၏ ထူးခြားသော ဟန်အမူအရာကို စူးစမ်း ကြည့်ရှုကြပြီးနောက် -
' တောင် ကျော်ကို ကျောင်းအပ်တော့မလို့လား' ဟု သူ့မိခင်ကို ၀ိုင်းမေးကြ၏။
သူ့မိခင်က ဟုတ်ကြောင်း အဖြေပေးလိုက်သည်နှင့် တစ်ပြိုင်နက် ' ကောင်းတယ် .. ကောင်းတယ်၊ ဒါမှ ဒီကောင်လေး ခြေငြိမ်မယ်' ဟူ၍လည်းကောင်း၊ 'တောင်ကျော်နဲ့ ဘုန်းကြီးနဲ့တော့ တွေ့ကြ တော့မှာပဲဟေ့' ဟူ၍လည်းကောင်း ထင်မြင်ချက် အမျိုးမျိုး ၀ိုင်းမေးနေကြကာ၊ အချို့ကလည်း ' အင်း ... တောင်ကျော် ရွာထဲ ပြန်ရောက်လာရင်ဖြင့် တို့ စိုက်ပျိုးထားတဲ့ သီးပင်တွေက အသီးအနှံ တွေ အစပျောက်တာ မြင်ကြရဦးမှာပဲ 'ဟု ကြိုတင်တွေးခေါ် ပူပန်ကာ ညည်းညူနေလိုက်ကြ၏။

သူတို့ ညည်းညူမည် ဆိုလျှင်လည်း ညည်းညူစရာပင် ဖြစ်ကြောင်း တောင်ကျော်က ၀န်ခံပါ၏။ သူတို့ စိုက်ပျိုးထားသော သီးပင်များထက်မှ အသီးအနှံများကို ပိုင်ရှင်များ မဆွတ်ခူးမီပင် တောင်ကျော်က အလျင်ဦးအောင် အစပျောက် ဆွတ်ခူးလိုက်တတ်သည်ဖြစ်၍၊ တောင်ကျော်ဤရွာမှ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာခြင်းသည် သူတို့အဖို့ မကောင်းသော နိမိတ် ဖြစ်နေတော့သည်။
အကယ်၍ သူတို့သည် သူတို့၏ သီးပင်ထက်မှ အသီးအနှံများကို ညဥ့်သုံယံတွင် တစ်ယံမှ မအိပ်စက်ဘဲ စောင့်ရှောက်နိုင်မည် မှန်သော်လည်း၊ အနည်းငယ်ကလေးမျှ အိပ်စက်မိသည်နှင့် တစ်ပြိုင်နက် တောင်ကျော်ကလည်း အစပျောက်ဆွတ်ခူးသွားတတ်ပါသည်။ ဒါကြောင့်မို့ပင် တစ်ရွာလုံး တောင်ုကျော် တောင်ကျော်နှင့် ဟိုးလေးတကျော်ဖြစ်နေသည်မဟုတ်လား။

ရွာလမ်းအတိုင်း လျှောက်ခဲ့၍ ရွာဆုံးသောအခါ ရွာထိပ်ရှိ ဘုန်းကြီးကျောင်း ပရိဝုဧ်အတွင်းသို့ ၀င်ရောက်စ ပြုတော့၏။ ဘုန်းကြီးကျောင်း ပရိဝုဏ်ကား လွန်စွာပင် ကျယ်ဝန်းပြန့်ပြူးလှပါ၏။ ပရိဝုဏ်အတွင်း အုတ်တိုက်ကျောင်းနှစ်ကျောင်းနှင့် သစ်ကျောင်းတစ်ဆောင်သည် တန်းလျက် တည်ရှိနေ၏။ ထိုကျောင်းသုံးကျောင်းရှေ့ မနီးမဝေးတွင်လည်း မြေစိုက်စေတီ သုံးဆူသည် ယှဉ်လျှက်ပင် တည်ရှိနေ၏။ ထိုစေတီ သုံးဆူရှေ့ကမှ ဇရပ်သုံးဆောင်ကို ချောင်းနှင့် ကပ်၍ ဆောက်လုပ်ထားသည်။ ထိုမျှမက ဓမ္မာရုံတစ်ဆောင်နှင့် တန်ဆောင်းတစ်ဆောင်ကလည်း ဤ ကျောင်းပရိဝုဏ်အတွင်း၌ပင် ရှိနေသေးသည်။ သရက်၊ မရမ်း၊ သြဇာ၊ မာလကာ၊ ပိန္နဲ စသော သီးပင်များနှင့်သော်က၊ စံပယ်၊ ဇလပ်၊ ဆောင်တော်ကူး စသော ပန်းပင်များကလည်း ပေါများလှ သည်။ ကျောင်းနောက်တွင် တစ်ရွာလုံး သုံးသော ရေကန်တစ်ကန်လည်း ရှိနေသေးသည်။ ခြုံ၍ ကြည့်လျှင် အတော်ပင် သာယာခမ်းနား၍ နေချင်စဖွယ် ရှိလှသော ကျောင်းတော် ၀ိဟာရပင် ဖြစ် ပေသည်တကား။

တောင်ကျော်က သူ နေရမည့် ကျောင်းကို သူ ကျေနပ်နေ၏။ ဤကျောင်းမှာသာနေရလျှင် တစ်သက်လုံးနေရလည်း သူ နေနိုင်မည်ဟု ယုံကြည်ထား၏။
ကြည့်စမ်းပါလေ၊ ဟောဒီ ဇရပ်ပေါ်ကနေပြီး ဇရပ်နောက်က ချောင်းရေထဲကို ဒိုင်ဗင် ထိုးချရရင် ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲ။ ပြီးတော့လည်း ဟောဟို ဓမ္မာရုံခေါင်မိုးမှာ အသိုက်လုပ် ပြီး ဥနေတဲ့ စာဥကလေးတွေကို တက်ပြီး နှိုက်စားလိုက်ရရင်တော့ ဇိမ်ပဲပေါ့။ သြဇာ၊ မာလကာသီး များကို ဘုန်းကြီးအလစ်မှာ ခိုးစားရရင်ဖြင့် အကြောပေါင်းတစ်ထောင်ကို စိမ့်သွားမှာ။ ဟောဟို ရေမြောင်းထဲက စားဖားကြီးတွေကို ဘုန်းကြီးမသိအောင် ညဘက်မှာ မီးအုပ်နဲ့ ထွက်ရိုက်ပြီး ချက်စားလိုက်ရရင် လောကကြီးကို အမေ့ပေါ့။ သရက်ပင်တွေပေါ်မှာ အသိုက်လုပ်ပြီး နေကြတဲ့ ဗျိုင်းတွေကိုသာ လေးခွနဲ့ တိတ်တိတ်ခိုးပစ်လိုက်ရရင်ကော ပျော်စရာမကောင်းလား။
တောင်ကျော်အဖို့ မြင်မြင်သမျှ အရာသည် ပျော်စရာချည်း ဖြစ်နေသည်။ သူ့မိခင်၏ နောက်ပါးမှ ဟိုကြည့်သည်ကြည့်နှင့် လျှောက်လိုက်သွားရင်းပင် ကျောင်းဆောင်ကြီးပေါ်သို့ ရောက်ရှိသွားကြ တော့၏။

(၄)

ဘုန်းတော်ကြီးကား သင်ဖျာတစ်ချပ်ပေါ်တွင် ရင်ဘက်အောက်မှ ခေါင်းအုံးတ်လုံးခံ၍ အလျားမှောက် စာကြည့်နေ၏။ တောင်ကျော်တို့ သားအမိက ဘုန်းတော်ကြီးရှေ့တွင် ကျုံ့ကျုံ့ယုံ့ယုံ့ ကလေးထိုင်ကာ ကန်တော့ကြသည့်အခါတွင်မှ ဘုန်းတော်ကြီးသည် တောင်ကျော် တို့သားအမိကို မော်ကြည့်လိုက်၏။ နောက် ကြည့်လက်စ စာအုပ်ကို ပိတ်လိုက်၍ အလျားမှောက် နေရာမှ ထထိုင်လိုက်ပြီးနောက် မသေမသပ်ဖြစ်နေသော 'ဟကသီ'ခေါ် ကိုယ်ရုံကိုပြင်၍ ၀တ်ရုံလိုက်၏။ မိခင် မအေးတင်အား လှမ်းကြည့်လိုက်ပြန်ကား ' တောင်ကျော်ကို ကျောင်းအပ်တော့မလို့လား'ဟု မေးလိုက်၏။
မအေးတင်ကား ခေါင်းကို အောက်သို့ငုံ့၍ ခစားနေရာမှ ဘုန်းတော်ကြီးအား မ၀ံ့မရဲ မော်ဖူးလိုက်ကာ ' မှန်ပါ့ဘုရား'ဟု အဖြေပေးလိုက်၏။

' ဒီကောင် အသက်မငယ်တော့ပါကလားဟ၊ ကျောင်းအပ်တာက တယ်နောက်ကျသကိုး၊ ဟကောင် ... နင့်အသက် ဘယ်လောက်ရှိပြီလဲ '
တောင်ကျော်သည် မှန်ဗီရိုအတွင်း၌ သပ်ရပ်စွာ စီတန်းထားသော ဣနြေ္ဒကြီး၍ သိက္ခာရင့်လှသည့် ရွှေစာလုံးနှိပ် သားရေဖုံး စာအုပ်ကြီးများကို စိတ်နှလုံးချောက်ချားစွာဖြင့် တအံ့တသြ ကြည့်ရှု နေခိုက်၊ ဘုန်းတော်ကြီး၏ မေးခွန်းကို ကြားလိုက်ရသဖြင့် 'မသိဘူး' ဟု အဖြေပေးလိုက်၏။

' ဘာမသိဘူးလဲ၊ မသိလို့ရှိရင် 'မလျှောက်တတ်ဘူး ဘုရား ' လို့ ပြန်ဖြေရတယ်။ ပြန်ပြောစမ်း'
ဘုန်းတော်ကြီး၏ အသံမှာ ဒေါသသံ ပါသွားသဖြင့် မအေးတင်မှာ ဘုန်းတော်ကြီး စိတ်ဆိုးသွားပြီ ကောဟု တွေးတောစိုးရိမ်ကာ၊ တောင်ကျော်အား 'မလျှောက်တတ်ဘူး ဘုရား'ဟု ခပ်မြန်မြန် အဖြေ ပေးလိုက်ရန် တိုက်တွန်းပေး၏။
' ကျွန်တော် လျှောက်တတ်သားပဲဗျ၊ လျှောက်တင်ရုံမကဘူး၊ ဒုန်းတောင် ပြေးနိုင်သေးတယ် '
တောင်ုကျော်က အဓိပ္ပာယ် တလွဲတွေးကာ လွဲမှားစွာ အဖြေပေးနေပါသဖြင့် ဘုန်းတော်ကြီးက စိတ် မရှည်နိုင်တော့သည့်အလား -

' တယ် ဒီကောင်၊ ငါ ထရိုက်ရ ကော့နေပြန်တော့မယ်၊ ဒီနေရာမှာ 'လျှောက်' ဆိုတာ လမ်းလျှောက်တဲ့ လျှောက်ကို ဆိုတာ မဟုတ်ဘူးဟ၊ စာရေးတဲ့ အခါမှာ 'လျှောက်ထားသည့်'လို့ ရေးရတဲ့ ကြိယာကို အသံထွက်ပြီး ဖတ်လိုက်တော့ 'လျှောက်ထားသည့်'လို့ ဖတ်ရတဲ့ လျှောက်ကို ဆိုလိုတာဟ။ နားလည်ရဲ့လား 'ဟု ခပ်ကြိမ်းကြိမ်း ပြောလိုက်၏။
သို့သော် တောင်ကျော်ကား ဘုန်းတော်ကြီး၏ လျှောက်ထားသည်တွေ၊ ကြိယာတွေကို တစ်ခုမျှ နားမလည်ပါ။ သူ့မိခင် မအေးတင်အား ဘုန်းတော်ကြီး ဘာကို ဆိုလိုတာလဲဟု မေးမြန်းလိုသော မျက်နှာထားမျိုးဖြင့် မော်ကြည့်နေ၏။ ဤတွင် မအေးတင်က ကြားဝင်၍ လျှောက်ထားရ၏။

' တောင်ကျော်က ဘုန်းကြီးများနဲ့ တစ်ခါမှ စကားပြောဖူးတာ မဟုတ်လို့ အမှားအယွင်းများပါရင် သည်းခံပါ ဘုရား။ အရှင်ဘုရား သိလိုတဲ့ တောင်ကျော်ရဲ့ အသက်ကို တပည့်တော်မလည်း အမှတ် မထားမိလို့ မသိပါဘုရား '
' အေး ... ကောင်းကြရောပေါ့ကွာ၊ ကိုယ့်ားသမီးရဲ့ အသက်ကိုတောင် ကိုယ် မသိဘူးရယ်လို့။ ဟုတ်လဲ ဟုတ်တဲ့ လူတွေပဲ '
ဘုန်းတော်ကြီးက အပြစ်တင်လိုသော အသံဖြင့် ပြောဆိုလိုက်၏။ တစ်ဆက်တည်းပင် တောင်ကျော်အား စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ကာ -
' ဒီအနားကို တိုး ... ' ဟု အမိန့် ထုတ်ဆင့်လိုက်သဖြင့် တောင်ကျော်မှာ ဘုန်းတော်ကြီး အနားသို့ တိုးကပ် သွားရ၏။

' တောင်ကျော် ... တောင်ကျော်နဲ့ တယ်ပြီး နာမည်ကြီးနေပါကလားကွဟင်၊ မင်းကို ဘာဖြစ်လို့ တောင်ကျော်လို့ ခေါ်ကြတာလဲ '
သူ့ကို ဘာကြောင့် တောင်ကျော်ဟု မှည့်ခေါ်ကြမှန်း မသိသော တောင်ကျော်သည် ဘုန်းကြီး၏ အမေးကို မဖြေတတ်ဘဲ ငိုင်နေမိ၏။
မှန်ပါသည်။ 'ဧ၀ရက်' တောင်နှင့် 'ဟိမ၀န္တာ' တောင်အထိ ကျော်ကြားသောကြောင့် သူ့အား တောင် ကျော်ဟု မှည့်ခေါ်ကြခြင်း ဖြစ်သလားဆိုတာ တောင်ကျော်က စိတ်ချလက်ချ မပြောနိုင်ပါ။ ထို့ကြောင့် သူက 'မသိဘူးဘုရား'ဟု ပြန်ကြားလိုက်ပြီးမှ စကားမှားသွားကြောင်း သိလိုက်ရ၍ 'မလျှောက်တတ် ဘူးဘုရား 'ဟု ရုတ်တရက် ပြန်အုပ်လိုက်ရ၏။

' ရွာထဲမှာ တောင်ကျော် တောင်ကျော်နဲ့ ဟိုလေးတကျော်ကျော် ဖြစ်နေတာကို ထောက်လိုက်ရင် အင်မတန် ဆိုးသွမ်းလွန်းလို့သာ တောင်ကျော်လို့ မှည့်ခေါ်ကြတာလို့ ငါ ထင်တယ်။ တောင်ကျော် ဆိုတဲ့ အမည်ကြောင့် မင်းဆိုးသွမ်းရတာ မဟုတ်ဘဲ မင်းရဲ့ ဆိုးသွမ်းတဲ့ အမူအကျင့်တွေကြောင့် သာတောင်ကျော်ဆိုတဲ့ နာမည်ကို ရရှိလာခြင်းဖြစ်တယ်လို့ ဆိုလိုတယ်။ ဒီတော့ ရွာထဲမှာ မင်း ဘယ်လောက် ဆိုးလာခဲ့ပေမဲ့ ဒီကျောင်း ရောက်တာနဲ့ တစ်ပြိုင်နက် မင်းရဲ့ ဆိုးသွမ်းတဲ့ အမူအကျင့်တွေကိုတော့ အစပျောက် ပယ်ဖျောက်ရလိမ့်မကွ။ ဟောဒီမှာကြည့်စမ်း ... ဒါ ဘာခေါ်သလဲ'
ဘုန်းတော်ကြီးသည် သူ၏ အနီး၌ အသင့်ရှိနေသော ကြိမ်လုံး သုံးချောင်းကို ကိုင်တွယ်ပြရင်း မေး လိုက်၏။ ကြိမ်လုံးတစ်ချောင်းမှာ နွားရိုက်သော ကြိမ်လုံးမျိုးဖြစ်၍၊ တစ်ချောင်းကား ထားဝယ်ကြိမ် သုံးချောင်းပူး ဖွတ်မြီးထိုးထားသော ကြိမ်ပင်ဖြစ်ကာ၊ ကျန်အခြားတစ်ချောင်းမှာ ရိုးရိုး ထားဝယ် ကြိမ်ပင်ဖြစ်သည်။

တောင်ကျော်သည် ကြိမ်လုံးများကို မထူးဆန်းသလို တစ်ချက်မျှ ကြည့်ပြီးနောက် 'ကြိမ်လုံးလို့ ခေါ်ပါ တယ်ဘုရား'ဟု အဖြေပေးလိုက်၏။
ဤတွင် ဘုန်းတော်ကြီးသည် နွားရိုက်သော ကြိမ်လုံးတစ်ချောင်းတည်းကိုသာ သီးခြားထုတ်ပြလိုက် ပြီးနောက် -
' ဟောဒီ ကြိမ်လုံးကိုတော့ 'သေမင်းငင်' လို့ အမည်ပေးထားသကွ။ ဘယ့်နှယ်လဲ၊ မကြောက်ဘူးလား ဟေ့'
သို့သော် တောင်ုကျော်က အနည်းငယ်မျှ မကြောက်မိပါ။ နွားရိုက်သော ကြိမ်လုံးမှာ သူ့အမြင်တွင် ရိုးနေပြီဖြစ်၍၊ 'သေမင်းငင်' ဟူသော အမည်မှာလည်း သူ့မိခင်၏ ကောင်းမှုတော်ကြောင့် နားရည်ဝပြီး ဖြစ်နေပါသည်။ ထိုကြောင့်ပင် သူက အနည်းငယ်ကလေးမျှ မကြောက်မိပါ။ သို့သော် သူသည် လိမ္မာပါးနပ်စွာ နှင့်ပင် ' ကြောက်ပါတယ်ဘုရား'ဟု လိမ်၍ ပြောလိုက်၏။
ထို့နောက် ဘုန်းတော်ကြီးသည် ထားဝယ်ကြိမ် သုံးချောင်းပူး ဖွတ်မြီးထိုးထားသော ကြိမ်လုံးကို ယူပြလိုက်ပြန်ကာ 'ဟောဒီ ကြိမ်လုံးကိုတော့ သင်္ချိုင်းမျက်စောင်းထိုး 'လို့ခေါ်သကွ။ ကြောက်စရာ မကောင်းလားဟေ့'

တောင်ကျော်က ရှေးနည်းအတူ မကြောက်မိသော်လည်း 'ကြောက်စရာကောင်းပါတယ်ဘုရား' ဟုသာ အလိုက်သင့် လိမ်၍ ပြောလိုက်၏။
ဘုန်းတော်ကြီးသည် နောက်ဆုံးကျန်နေသော ထားဝယ်ကြိမ်လုံးကလေးကို ယူကာ '၀ှီး'ကနဲ အသံထွက်သွားအောင် လေထဲတွင် ဝှေ့ယမ်းရိုက်ခတ်ပြလိုက်ပြီးနောက် -
' အဲဒီ ကြိမ်လုံးကတော့ 'လူသားစား' လို့ ခေါ်သကွ၊ အမြင်သေးပေမဲ့ အားတကယ်ကောင်းတာမို့ ရိုက်လိုက်ရင် အသားထဲကို မြှုပ်ဝင်သွားနိုင်တာပေါ့ကွာ။ အဲဒီတော့ ရွာထဲက မင်းရဲ့ ဆိုးသွမ်းတဲ့ အမူအကျင့် တွေကို ဒီကျောင်းရောက်ပြီးတဲ့နောက်မှ မဖျောက်နိုင်သေးလို့ရှိရင် ငါက ဟောဒီ ကြိမ်လုံး တွေကို ရေလဲနဲ့ သုံးပြီး ဖျောက်ပေးရမှာပေါ့ကွာ။ ကြားရဲ့လား တောင်ကျော် '
' ကြားပါတယ်ဘုရား 'ဟု တောင်ကျော်က မြန်မြန်ပြီးအောင် ပြီးစလွယ် အဖြေပေးလိုက်မှ ဘုန်းတော်ကြီး မှာ ကျေနပ်သွားသလို၊ ထိုစကားကို ထပ်မဆက်တော့ဘဲ ကပ္ပိယကိုသာ လှမ်းခေါ် လိုက်ကာ မအေးတင် ၏ ကန်တော့ပွဲကို သိမ်းဆည်းသွားစေ၏။

ဤတွင် တောင်ကျော်အား ကျောင်းအပ်သော အခမ်းအနား ပြီးဆုံးပြီ ဖြစ်၍ မအေးတင်လည်း တောင် ကျော်အား ကောင်းကောင်းနေရစ်ရန် မှာကြားပြီး ပြန်သွားတော့ရာ၊ တောင်ကျော်သည် ကျေနပ်ဝမ်းမြောက်စွာပင် ကျန်ရစ်ခဲ့၏။

ဆက်ရန်
.

6 comments:

ကိုဇော် said...

ဖတ်စ်...........ပြီးစ်.....

( မျောက်လုံးတွေ ပြန်အခြေအနေ ဆိုးနေဒယ်ဂျာ။ ဆေးခန်းသွားပြီးတော့ အခု နားထားရဒယ် ၊ ညဆိုင်းဆင်းရတာ နားအေးတာကလွဲလို့ မကောင်းစ် )

ယု said...

အခုလိုတင်ပေးလို့ကျေးဇူးပာရှင်။ :-)

:P said...

ကောင်းမှာ သေချာတယ်.. နောက်အပိုင်းတွေ မျှော့နေတယ် အစ်မ

MDW said...

တောင်ကျော်နဲ့ ဘုန်းကြီး ပြောခန်းတွေ ရယ်ရတယ်။
တကယ့်တောင်ကျော်ပဲ။
တွမ်ဆော်ယာတို့ ဇ၀နရဲ့ ဆိုးပေတို့ကို သတိရမိသား။
ကိုယ်ကဆိုးတော့ အဲလို ခပ်ဆိုးဆိုးကလေးတွေဆို သဘောကျတာ။ :P

မြစ်ကျိုးအင်း said...

နောက်အပိုင်းတော့ သေသေချာချာကို မျှော်ရပြီ အစ်မရေ။ စာတွေ ရိုက်တင်ပေးတာ ကျေးဇူးပါဗျာ

Anonymous said...

ကြက်မကြီးက ကြက်ကလေးတွေကို အစာကျွေးနေတာ ဖတ်ရတော့ မိခင်မေတ္တာဘွဲ့များ ဖွဲ့တော့မယ် မှတ်နေတာ.. ရိုက်သတ်ပလိုက်တယ်.. တော်တော်ရေးတတ်တဲ့လူနော်.. တရုတ်ဖြစ်ပြီး ဗမာတွေကို စာပြန်ချမယ့်လူ.. ငယ်ငယ်ကဖတ်ဖူးပေမယ့် ခုပြန်ဖတ်တော့လည်း ရိုးဘူး.. ကျေးဇူးပဲ..