တွန်ဂါတာက မိမိအား စေတနာမှန်၍ အန္တရာယ်ကို သတိပေးခြင်းပေလော။ သို့တည်းမဟုတ် ခြိမ်း ခြောက်လိုက်ခြင်း ဖြစ်လေသလော။
တွန်ဂါတာ၏ မျက်နှာကို လှမ်း၍ အကဲခတ်ကြည့်လိုက်သောအခါ ခပ်တည်တည် ဣနြေ္ဒကြီးနှင့် ဖြစ် နေသောကြောင့် စဉ်းစားရခက်နေလေသည်။
ဤတွင် ခရိတ်သည် စိတ်ကူးရသဖြင့် သူကိုယ်တိုင် တွန်ဂါတာအား အချက်ပြလိုက်လေသည်။ ခရိတ်က အချက်ပြလိုက်သည့် အဓိပ္ပာယ်ကား-
"ကျွန်ုပ် နားမလည်ပါ"ဟူ၍ပင် ဖြစ်သည်။
သို့သော် တွန်ဂါတာသည် ခရိတ်က အချက်ပြ မေးလိုက်သည်ကို ပြန်မဖြေဘဲ လျစ်လျူရှုနေလိုက် သဖြင့် ခက်နေတော့သည်။
ခရိတ်သည် တွန်ဂါတာကို ငေးကြည့်နေသဖြင့် အစိုးရရှေ့နေကြီးက စတင်မေးလိုက်သော မေးခွန်း ကိုပင် ကောင်းစွာ မကြားမိလိုက်ချေ။
"ရှေ့နေကြီး ခင်ဗျား၊ ကျွန်တော် တောင်းပန်ပါတယ်။ မေးခွန်းကို နောက်တစ်ခေါက် ပြန်မေးစေလို ပါတယ်"
ခရိတ်က ဤသို့ပြောလိုက်မှ အစိုးရရှေ့နေကြီး ခိုရီသည် မေးခွန်းကို ပြန်မေးလေသည်။
"မာစီးဒီးကား ချဉ်းကပ်လာချိန်မှာ ကုန်တင်(ထရပ်)ကားမောင်းသူက တစ်စုံတစ်ခု အချက်ပြတာကို ခင်ဗျား မြင်လိုက်မိပါသလား"
"ဟုတ်ကဲ့ မြင်လိုက်ပါတယ်။ ကုန်တင်ကားမောင်းသူက မီးကို ဖွင့်လိုက် ပိတ်လိုက်လုပ်ပြီး အချက် ပေးပါတယ်"
"ဒီတော့ ဘာဖြစ်သလဲ"
"မာစီးဒီးကားက ရပ်လိုက်ပြီး ကားပေါ်က လူနှစ်ယောက် ဆင်းလာပါတယ်။ ပြီးတော့ သူတို့ဟာ ကုန်တင်ကားကြီးနောက်ကို လျှောက်သွားပြီး ဒရိုင်ဘာနဲ့ စကားပြောပါတယ်"
"ခင်ဗျား ထင်မြင်ချက်အရဆိုရင် ဒါဟာ ကြိုတင်စီစဉ် ညှိနှိုင်းထားတဲ့ အချက်ပြနည်း ဖြစ်တယ်လို့ ထင်ပါသလား"
"ကန့်ကွက်ပါတယ်၊ ဒီမေးခွန်းကို သက်သေက မဖြေနိုင်ပါဘူး"
တရားခံရှေ့နေကြီးက ထ၍ ကန့်ကွက်သဖြင့် တရားရုံးနာယကကြီးကလည်း-
"ကန့်ကွက်ချက်ကို လက်ခံတယ်။ သက်သေအနေနဲ့ ဒီမေးခွန်းကို ဖြေစရာမလိုဘူး"ဟု ပြောလိုက် သည်။
အစိုးရရှေ့နေကြီးသည် မတတ်သာဘဲ နောက်မေးခွန်းတစ်မျိုး ပြောင်းမေးရလေသည်။
"ကောင်းပါပြီ။ အခု ကျုပ်ဆက်မေးမှာက မစ္စဆယ်လီဆိုတဲ့ အမျိုးသမီးကို ယုတ်မာရက်စက်တဲ့ တရားခံလက်က လွတ်မြောက်အောင် စွန့်စားကယ်ယူခဲ့ရတဲ့အကြောင်း ဆက်မေးပါမယ်"
"ကန့်ကွက်ပါတယ်။ ယုတ်မာရက်စက်တယ်ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ပါတယ်"
တရားခံရှေ့နေကြီးက ကန့်ကွက်သည်ကို တရားဝန်ကြီးကလည်း လက်ခံလေသည်။
"ကန့်ကွက်ချက်ကို လက်ခံပါတယ်။ ယုတ်မာရက်စက်တယ်ဆိုတဲ့ စကားလုံး ဆက်မသုံးပါနဲ့"
"ကောင်းပါပြီ နာယကကြီးခင်ဗျား"
အစိုးရရှေ့နေကြီးသည် အောင့်သက်သက်နှင့် ပြောလိုက်ရသည်။
တွန်ဂါတာသည် ခရိတ်အား လက်သီးတစ်ဖက်ဆုပ်၍ အချက်ပြလိုက်ပြီးသည့် နောက်ပိုင်း၌ တရား ခံ ထိုင်ခုံတွင် မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေလေသည်။ သူ၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာမှ မဖော်ပြဘဲ ခပ်တည်တည်ပင်နေသည်။
သို့ရာတွင် သူ၏ မျက်လုံးများကတော့ ခရိတ်ကိုသာ တောက်လျှောက်ကြည့်နေလေသည်။
တရားခံရှေ့နေကြီး ပီတယ်လ်သည် ပြန်လှန်မေးခွန်းထုတ်ရန် ထိုင်ရာထလိုက်သည်။ ထိုအခါ တွန်ဂါထာသည် ရှေ့သို့တိုးပြီး ရှေ့နေကြီးနှင့် တစ်စုံတစ်ခုတီးတိုးပြောလေသည်။ ရှေ့နေကြီးက သဘောမတူဟန်ဖြင့် ကန့်ကွက်အရေးဆိုပုံရသည်။ သို့သော် တွန်ဂါတာ အလျှော့ပေးပုံမရ။ သူလိုချင်တာကို ဇွတ်အတင်းဝင်ထပ်မေးသည်။
နောက်ဆုံးတွင် တရားခံ ရှေ့နေကြီး ပီတယ်လ်သည် သူ၏အမှုသည် တွန်ဂါတာ၏ အလိုသို့လိုက် ရန် ဆုံးဖြတ်ဟန်ဖြင့် တရားခွင်ပေါ်သို့ လှမ်းကြည့်ပြီး "နာယကကြီးခင်ဗျာ ကျွန်တော့်အနေနဲ့ ဒီသက်သေကို ပြန်လှန်မေးခွန်းထုတ်စရာ မရှိပါဘူး"ဟု ပြောလိုက်လေသည်။
ခရိတ်လည်း သက်သေထွက်ဆိုသည့်နေရာမှ ထွက်ခွာခွင့် ရလေသည်။
တရားလိုဘက်မှ တင်ပြသည့် သက်သေများအနက် နောက်ဆုံးသက်သေမှာ ဆယ်လီပင်ဖြစ်သည်။ သူမ၏ ထွက်ဆိုချက်သည် (ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ ထွက်ဆိုချက်ပြီးလျှင် အချက်အလက် အပြည့် အစုံဆုံး ဖြစ်နေပေသည်။)
ဆယ်လီသည် ခြေချင်းဝတ်တွင် နာကျင်လျက် ရှိသေးသဖြင့် သက်သေများထိုင်သည့်နေရာသို့ သွားရာတွင် ခြေတစ်ဖက်ထော့နင်းလျက် သွားရလေရာ အစိုးရရှေ့နေကြီး ခိုရီက ထလာပြီး ဆယ်လီအား ကူညီတွဲခေါ်လျက် သက်သေပြသည့်နေရာသို့ပို့ပေးလေသည်။
သူမသည် လည်ပင်းမှ ဒဏ်ရာသည်လည်း သက်သာလာပြီ ဖြစ်လင့်ကစား ညိုမည်းလျက်ပင် ရှိသေးသည်။
ဆယ်လီသည် တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရာ၌ တွန့်ဆုတ်နှောင့်နှေးခြင်းမရှိဘဲ သူမ၏ ကြည်လင်ပြတ်သားသောအသံဖြင့် သွက်လက်စွာမေးခွန်းများ၏ ဖြေကြားထွက်ဆိုသွားလေသည်။
"တရားခံက မစ္စဆယ်လီကို ဖမ်းလိုက်တုန်းက ခင်ဗျားစိတ်ထဲ ဘယ်လိုခံစားရပါသလဲ"
"ကျွန်မ အသက်သေရတော့မှာပဲဆိုပြီး စိုးရိမ် တုန်လှုပ်နေမိပါတယ်"
"ရဲအရာရှိတွေကို ခင်ဗျားပြောစဉ်က တရားခံဟာ ခင်ဗျားကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ပါ တယ်လို့ ထွက်ဆိုခဲ့တယ်။ တရားခံက ခင်ဗျားရဲ့ ခန္ဓာကိုယ်ဘယ်နေရာကို ရိုက်နှက်တိုက်ခိုက်ပါ သလဲ"
"ကျွန်မရဲ့ လည်ပင်းကို လက်ဝါးစောင်းနဲ့ ခုတ်ရိုက်ပါတယ်။ အခုတောင် ဟောဒီမှာ ဒဏ်ရာရှိပါ တယ်"
ဆယ်လီကပြောရင်း လည်ပင်းမှ ညိုမည်းနေသော ဒဏ်ရာကိုပြသည်။
"တခြား ဒဏ်ရာရတာများ ရှိပါသေးသလား"
"ကျွန်မရဲ့ နံရိုးလေးချောင်း အက်ကွဲသွားပြီး ခြေထောက်မှာလည်း ခြေပွတ်တိုင် လည်သွားပါတယ်"
ယင်းအချက်များကို အစိုးရရှေ့နေကြီးက ဖော်ထုတ်မေးနေခြင်းမှာ လှပကြော့ရှင်းသော မိန်းကလေး သက်သေတစ်ဦးအား ရုံးတော်မှ ကရုဏာသက်လာပြီး မိမိတို့ဘက်မှ (တရားလိုဘက်) သို့ လိုက်လျော အဆုံးအဖြတ်ပေးချင်လာအောင် တမင်အကွက်ဆင်သည့် နည်းပရိယာယ်သဘော ပင်ဖြစ်လေသည်။
တရားခံရှေ့နေကြီး ပီတယ်လ်သည် သက်သေဆယ်လီကိုလည်း ခရိတ်ကဲ့သို့ပင် ပြန်လှန်မေးခွန်း ထုတ်စရာ မရှိပါဟု လျှောက်ထားလေသည်။
သို့နှင့် အမှုစတင်စစ်ဆေး၍ တတိယမြောက်နေ့ ညနေဘက်တွင် တရားလိုဘက်မှ လျှောက်လဲ တင်ပြချက် ပြီးဆုံးသွားလေသည်။
ခရိတ်အဖို့မှာမူ အမှုသွား အမှုလာကို လေ့လာပြီး စိတ်ထဲမကောင်းဖြစ်နေသည်။
ထိုနေ့ညနေဘက် သူနှင့် ဆယ်လီတို့သည် စားနေကျ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာအတူ စားကြရာ ယမကာအဖြစ် တောင်အာဖရိကနိုင်ငံသုံး အကောင်းဆုံးဝိုင်အရက်တစ်ပုလင်း မှာသောက်ပါသော်လည်း ခရိတ်အဖို့ စိတ်ဓာတ်တက်မလာဘဲ ငိုင်တိုင်တိုင်ဖြစ်နေလေသည်။
"ကုန်တင်ကား ဒရိုင်ဘာက တွန်ဂါတာကို အရင်မတွေ့ဖူးခဲ့ဘူးဆိုတာရယ်၊ ဒီလူ့ကို အကျဉ်းက လွတ်ပေးစဉ်က ကုန်တင်ကား မောင်းပေးပါ့မယ်လို့ ကတိတောင်းယူခဲ့တယ်ဆိုတာရယ်"
ခရိတ်က ပြော၍ စကားမဆုံးမီ ဆယ်လီက ကြားဖြတ်လျက်-
"ဘာလဲ ရှင်က အဲဒီအချက်တွေကို မယုံကြည်ဘူးလား။ တရားစီရင်ရေးအဖွဲ့ နာယကကြီး ကိုယ်တိုင်ကတောင် လက်ခံပုံရတယ်ရှင့်" ဟု ပြောလေသည်။
ညစာစားသောက်ပြီးသောက်အခါ ခရိတ်သည် ဆယ်လီအား သူမ၏ တိုက်ခန်းသို့ ပြန်ပို့ပေးပြီး နောက် တစ်ယောက်တည်း လမ်းလျှောက်ခဲ့လေသည်။
သူ၏ စိတ်ကတော့ ကြည်လင်ခြင်းမရှိ၊ နောက်ကျိလျက် ရှိနေလေသည်။
တရားခံရှေ့နေကြီးမစ္စတာပီတယ်လ်သည် ပထမဆုံး တရားခံသက်သေအဖြစ်ဝန်ကြီး တွန်ဂါတာ၏ ယာဉ်မောင်းအား ခေါ်လေသည်။
ထိုလူ (ဒရိုင်ဘာ)သည် ဗလကောင်းကောင်း၊ ထောင်ထောင်မောင်းမောင် မာတာဘယ်လီ တိုင်းရင်းသားတစ်ဦးဖြစ်သည်။ သာမန်အားဖြင့် ပြုံးရွှင်စွာနေတတ်သော်လည်း ယခုတော့မူ သူ၏ မျက်နှာထားက ခပ်တည်တည်ဖြစ်နေသည်။ တရားခံရှေ့နေကြီး၏ မေးခွန်းများကို ဖြေကြားစဉ် ထိုလူသည် တရားခံဝန်ကြီး တွန်ဂါတာဘက်သို့ လုံးဝမကြည့်ဘဲ ဖြေဆိုသွားလေသည်။
"ခင်ဗျားကို သက်ဆိုင်ရာက ဖမ်းဆီလိုက်တဲ့ညက ၀န်ကြီးတွန်ဂါတာက ခင်ဗျားကို ဘယ်လိုများ အမိန့်ပေးခဲ့သလဲ"
တရားခံ ရှေ့နေကြီးက စတင်မေးလိုက်သည်။
"ဘယ်လိုမှ အမိန့်မပေးခဲ့ပါဘူး။ ဘာမှမပြောခဲ့ပါဘူး"
သက်သေက ဤသို့ဖြေကြားလိုက်လျှင် ရှေ့နေကြီးပီတယ်လ်သည် စဉ်းစားရခက်သွားပြီးနောက် သူ၏ မှတ်စုစာရွက်များကို ပြန်ကြည့်ပြီးမှ ဆက်မေးလေသည်။
"၀န်ကြီးက ခင်ဗျားကို ဘယ်နေရာ ဘယ်အရပ်ကို မောင်းပါလို့ မပြောခဲ့ဘူးလား၊ ခင်ဗျားကိုယ်တိုင် ဘယ်အရပ်ဘက် ဦးတည်မောင်းသွားတယ်ဆိုတာ မသိဘူးလား"
"၀န်ကြီးက ကျွန်တော့်ကို တည့်တည့်မောင်း၊ ဘယ်ဘက်ကွေ့လိုက် ညာဘက်ချိုးလိုက်စမ်း၊ အဲဒီလိုပဲ ပြောပါတယ်။ တကယ်တော့ ကျွန်တော့်အနေနဲ့ ဘယ်အရပ်ကို ဦးတည်မောင်းနေတယ် ဆိုတာ မသိပါဘူး"
"၀န်ကြီးက ခင်ဗျားကို တူတီသာသနာပြု မစ်ရှင်ကျောင်းဘက် မောင်းသွားဖို့မပြောဘူးလား"
"ဒီမေးခွန်းကို ကန့်ကွက်ပါတယ်"
အစိုးရရှေ့နေကြီးက ထကန့်ကွက်ရာ တရားရုံးနာယကြီးကလည်း လက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
"တရားခံ ရှေ့နေကြီးက သက်သေကို နိမိတ်ပြ မေးခွန်းတွေ မမေးပါဘူး"
တရားခံ ရှေ့နေကြီးသည် ခေတ္တစဉ်းစားနေရာမှ တရားခံဝန်ကြီး တွန်ဂါတာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ တွန်ဂါတာသည် ဣနြေ္ဒကြီးစွာဖြင့် ခပ်တည်တည်ပင် မလှုပ်မယှက် ထိုင်နေသည်ကို တွေ့ရပြီးနောက် တရားခံရှေ့နေကြီးက မေးခွန်းကို တစ်မျိုးလှည့်မေးပြန်သည်။
"ခင်ဗျားကို ဖမ်းလိုက်တဲ့နောက်ပိုင်း ခင်ဗျား ဘယ်မှာရှိနေသလဲ"
"အကျဉ်းထောင်ထဲမှာပဲ ရှိနေပါတယ်"
"အဲဒီတုန်းက ခင်ဗျားကို ထောင်ဝင်စာ လာတွေ့သူ ဧည့်သည်များ ရှိသလား"
"ကျွန်တော့်ဇနီး လာတွေ့ပါတယ်"
"တခြားဘယ်သူမှ လာမတွေ့ဘူးလား"
"မလာပါဘူး"
ယာဉ်မောင်းက ရန်သူအား ခံစစ်ဖြင့် တိုက်နေသူတစ်ယောက်၏ ဟန်မျိုးဖြင့် ဖြေလိုက်သည်။
"ခင်ဗျားရဲ့ ဦးခေါင်းမှာ ဒဏ်ရာတချို့ တွေ့ရတယ်။ ခင်ဗျား ရိုက်နှက်တာ ခံရလို့လား"
ရှေ့နေကြီးက မေးလိုက်တော့မှ ခရိတ်လည်း သက်သေဒရိုင်ဘာအား သေချာကြည့်လိုက်မိရာ ဦးခေါင်းတွင် ဖူးရောင်နေသော် ဒဏ်ရာအချို့ကို သတိပြုမိလေသည်။
"နာယကကြီးခင်ဗျား ဒီမေးခွန်းကို ကန့်ကွက်ပါတယ်"
အစိုးရရှေ့နေကြီးက ထ၍ကန့်ကွက်ရာ တရားရုံး နာယကကြီးသည် တရားခံရှေ့နေဘက်သို့ လှမ်းကြည့်လိုက်ပြီး-
"မစ္စတာပီတယ်လ်က ဒီမေးခွန်းကို မေးတာဟာ ဘယ်လို ရည်ရွယ်ချက်နဲ့ မေးတာလဲ"ဟု မေးလေ သည်။
"ဒီလိုပါ နာယကကြီးခင်ဗျား ဒီသက်သေရဲ့ ဖြေကြားချက်တွေဟာ စောစောက ရဲတပ်ဖွဲ့မှာ အစစ်ခံ ထွက်ဆိုခဲ့တာနဲ့ ကွဲလွဲနေတာမို့ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ ပေါ်လွင်အောင် မေးရခြင်းဖြစ် ပါတယ်။ နောက်ထပ် မေးခွန်းမေးစရာလည်း မရှိတော့ပါဘူး"
မစ္စတာပီတယ်လ်က ဤသို့ ဖြေလိုက်ပြီးနောက် အစိုးရရှေ့နေကြီး ခိုရီသည် ပြန်လှန်မေးခွန်းထုတ် ရန် ထိုင်နေရာမှ ထလိုက်သည်။ သူ၏ မျက်နှာထားကလည်း ကျေနပ်အားရဟန်ဖြင့် ပြုံးနေသည်။
"ကုန်တင် (ထရပ်)ကားက မင်းကို မီးပိတ်လိုက် ဖွင့်လိုက်လုပ်ပြီး အချက်ပြတယ်ဆိုတာ ဟုတ်သ လား"
"ဟုတ်ပါတယ်"
"ဒီတော့ ဘာဖြစ်သလဲ"
"ဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော် နားမလည်ဘူး"
"ကုန်တင် (ထရပ်)ကားကြီးကိုမြင်တော့ မာစီးဒီးကားပေါ်က တစ်ယောက်ယောက်က တစ်စုံတစ်ခု ပြောသလား။ ဒါမှမဟုတ် တစ်ခုခုလုပ်သလား"
"နာယကကြီးခင်ဗျား"
တရားခံရှေ့နေကြီး ပီတယ်လ်က ကန့်ကွက်ရန် စလိုက်ရာ တရုံးရုံး နာယကကြီးက လက်မခံဘဲ-
"ဒါက မေးထိုက်တဲ့ မေးခွန်းပဲ။ သက်သေက မေးခွန်းကို ဖြေပါ"ဟု ပြောလိုက်သည်။
ဤတွင် သက်သေ(ယာဉ်မောင်း)သည် စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ်နေပြီးမှ ပြန်ဖြေလေ သည်။
"တရားခံက မင်းကို ကားကို လမ်းဘေးထိုးရပ်လို့ ပြောသလား"
"ဟုတ်ကဲ့ ဒီအတိုင်းပြောပါတယ်"
"ကောင်းပါပြီ၊ နောက်ထပ် မေးစရာ မရှိတော့ပါဘူး"
အခန်း (၁၇) ဆက်ရန်
.

2 comments:
Thanks.
Ray
ဆရာမရေ...
ဒီနေ့တော့ စာအကြွေးတွေ အကုန်ဖတ်သွားပြီဗျ...
နောက်အပိုင်းတွေကိုလည်း မျှော်နေပါတယ်... :)
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment