Tuesday, August 3, 2010

ကြယ်နီ အပိုင်း (၂၂)

မြစ်တွေး ကွန်သံ လန့်တည့်လေး

(၁)

နေသည် အနောက်ဘက်သို့ ရွှေ့စောင်းကာ ကျဆင်းနေလေပြီ။ "နေမွန်းတိမ်း" "နေစောင်း" "နေကျ" "နေစွယ်ကျိုး" "နေအေး" "နေတောင်တင်" "နေ၀င်ရီတရော" "နေ၀င်ဆည်းဆာ" "နေ၀င်ဖျိုးဖျ"စသဖြင့် နေမင်း အနောက်ဘက်သို့ ရွေ့စောင်းသည်မှ အစပြု၍ တရွေ့ရွေ့ ကျဆင်းကာ စုံးစုံးနစ်မြုပ် ပျောက်ကွယ် သွားသည် အထိ အဆင့်ဆင့် သတ်မှတ်ပိုင်းခြား၍ အမှတ်အသား ထားရှိကြသည်ဖြစ်ရာ ယခုမူကား "နေကျ" ဟူသော အဆင့်သို့ ရောက်ရှိနေပေပြီ။

    ဘုန်းကြီး ကျောင်းသား ကလေး တစ်ဦးသည် နေကို မော်ကြည့်လိုက်ပြီးနောက် ကျောင်းရှေ့ရှိ အရိပ် အာဝါသ ကင်းလွတ်သော မြေပြင်တွင် စိုက်ထူ ပြုလုပ်ထားသော "နေနာရီ"ကို အပြေးကလေးသွားကြည့်၏။ မလွဲ မသွေပင် နေနာရီ၌ အိမ်မြှောင်သဖွယ် တပ်ဆင်ထားသော "ဖဲထီး"သံချောင်းရှည်ကလေး၏ အရိပ် သည် (၃) ဂဏန်း အလယ်တည့်တည့်ပေါ်သို့ ကျရောက်နေလေပြီ။
    ဘုန်းကြီးကျောင်းသားကလေးသည် အခြားကျောင်းသားငယ်တစ်ဦးကို အဖော်ခေါ် ပြီးနောက် ကျောင်းပေါ်သို့ အပြေးတက်သွားကြ၏။ တစ်ဦးက "ကျောက်စည်"ကို ထု၍ တစ်ဦးက "သားရေစည်"ကြီးကို ရိုက်ခတ် လိုက်၏။ "နောင် .... ဒိုင်း ..." "နောင် ... ဒိုင်း..." "နောင်... ဒိုင်း..." ညနေ ၃ နာရီ အချိန်ပါ။

    ဗျင်းဘွဲရွာကလေးကား စည်တော်သံ မြည်ဟည်းလိုက်သည်နှင့်အမျှ လှုပ်လှုပ်ရှာရှား ဖြစ်သွားကြ၏။ ထဘီများ ကပိုကရိုဖြင့် သန်းတုပ်ရင်း သူတစ်ပါး အတင်းပြောနေကြသော မိန်းမများမှာလည်း သန်းတုပ်၍ အတင်း ပြောခြင်းကို တစ်ခန်း ရပ်လိုက်ရကာ ညစာ ချက်ပြုတ်ရန် ပြင်ဆင်ကြ၏။ ဆန်ဆေးသူက ဆေး၏။ ထမင်းအိုး တည်သူက တည်။ ငါးဟင်းစား အရှာထါက်သူက ထွက်၏ ဗျင်းဘွဲရွာကလေးရဲ့ ညနေခင်း သရုပ်ပန်းချီ ကားချပ်လေ...။

    ကိုဒေါင်းစိန်ကား သူ့အိမ်ကလေးပေါ်မှ ခုန်ဆင်းလိုက်ကာ ကိုလေးဖိုးကွန့်တို့ အိမ်ရော၊ ကိုလူမောင် တို့အိမ်ကိုပါ တစ်ဆက်တည်း သိမ်းကျုံးကြည့်ရှုလိုက်ပြီးနောက် 'ဗျို့... ကိုလေးဖိုးကွန့်တို့၊ ကိုလူမောင် တို့ ကွန်ပစ်သွားဖို့ အချိန်တော်နေပြီ၊ အားလုံး အသင့်ဖြစ်ပြီလား'ဟု လှမ်းမေးလိုက်၏။

    ကိုလေးဖိုးကွန့်တို့အိမ်မှ 'အေးဟေ့ အားလုံး အသင့်ဖြစ်နေပြီ၊ သွားကြစို့'ဟူသော ကိုလေးဖိုးကွန့်၏အသံ ထွက်ပေါ်လာသော်လည်း ကိုလူမောင်တို့ အိမ်မှမူကား စကားပြန်မရပါ။ အတော်ကလေးကြာမှ 'ခဏစောင့်ပါဦးကွာ၊ ထမင်းမနပ်တတ်သေးလို့'ဟူသော ကိုလူမောင်၏ ထိုင်းမှိုင်း လေလံသော အသံထွက်ပေါ်လာသည်။

    ကိုဒေါင်းစိန်ကား ထမင်းချက် နောက်ကျနေသော ကိုလူမောင်၏ မိန်းမမဖွားသက်အား စိတ်ပျက်သွား၏။ သူ့မိန်းမ မယ်စိန်နှင့်ကား ကွာပါဘိခြင်း။ သူတို့သည် ခရီးဝေးသို့ ကွန်ပစ်သါားရမည်ဖြစ်၍ ညစာ ထမင်းဟင်း ကို ချက်ပြုတ်ယူသွားရသည်ဖြစ်ရာ၊ မယ်စိန်သည် ညနေ ၃ နာ၇ီ မထိုးမီပင် ချက်ပြုတ် ပြီးနှင့် လေပြီ။ ချက်ပြုတ်ပြီးလျှင်ပင် သူ့အား ကွန်ပစ်သွားဖို့ အချိန်တော်ပြီဖြစ်ကြောင်း တတွတ်တွတ် သတိပေးနေသဖြင့်၊ အလုပ်ပျင်းသော သူကပင် ကိုလေးဖိုးကွန့်နှင့် ကိုလူမောင်ကို ဆော်သြလိုက်ရ၏။ ဒါပေမဲ့ ကိုလူမောင်က ထမင်းမနပ်တတ်သေးလို့ စောင့်ပါဦးတဲ့။

    မဖွားသက်ကား စိတ်သဘောကောင်း၍ စိတ်နှလုံး နူးညံ့သလောက် အလုပ်လုပ်ရာ၌ လေးကန်လှ၏။ ပျင်းရိတတ်၏။ မယ်စိန်ကား ဤသို့မဟုတ်။ စိတ်ကြမ်းကိုယ်ကြမ်းနှင့် စိတ်မြန် လက်မြန် ရှိသလောက် အလုပ် လုပ်ရာတွင်လည်း ဖျတ်ဖျတ်လတ်လတ်နှင့် ဆိုးဆိုးဆတ်ဆတ် ပြုလုပ်တတ်သည်ဖြစ်ရာ မြန် လည်းမြန်၏။ အလုပ်လည်း တွင်ကျယ်၏။ တစ်ခုပြီး တစ်ခု ဇယ်ဆက်သလို ဆက်ကာ ဆက်ကာ ပြုလုပ် သွားတတ်၏။ မဖွားသက်နဲ့ မကွာလား။

    ကိုဒေါင်းစိန်ကား ကိုလူမောင်ကို စောင့်ရင်းပင် သူ့လှေကလေးကို ပြင်ဆင်နေ၏။ "ကွန်တိုင်"ကို တပ်ဆင်၏။ ပိုက်ကွန်ကို လှေပေါ်၌ သေသပ်စွာ နေရာချထား၏။ ထမင်းပွဲကိုလည်း သယ်ယူကာ လှေပေါ် သို့ အသင့်တင်ထား၏။ မီးဖိုနဲ့ လက်ဖက်ရည်ကြမ်းအိုးလည်း ပါရမှာပေါ့။

    ကိုဖိုးကွန့်လည်း သူ့နည်းတူပင် အသင့်ပြင်ဆင်ပြီးလေပြီ။ သူတို့နှင့်အတူ ကွန်ပစ်သွားကြမည့် အခြားကွန်လှေ ခုနှစ်စင်းခန့်လည်း ရောက်ရှိလာကာ သူတို့နှင့် လာပေါင်း၍ ကိုလူမောင်ကို စောင့်ဆိုင်း နေကြ၏။ အတန်ကြာလျှင် ကိုလူမောင်လည်း ထမင်းပွဲများ၊ ပိုက်ကွန်များနှင့် ရောက်ရှိလာပြီဖြစ်၍ သူတို့ ထွက်ဖို့ အသင့်ဖြစ်နေလေပြီ။
    ကိုဒေါင်းစိန်သည် သူ့သား ဒီလုံးကို ပဲ့ကိုင်အဖြစ် ခေါ်၍ လှေကို ဦးစွာ လှော်ထွက်ခဲ့ရာ အခြား ကွန်လှေများ လည်း တပျော်တပါး လှော်လိုက်လာကြ၏။ ကိုလေးဖိုးကွန့်က သူ့သား ဖိုးလှကို ပဲ့ကိုင်အဖြစ် ခေါ်လာ သလို၊ ကိုလူမောင်ကလည်း သူ့တူကလေးကို ခေါ်လာသည်။

    မကျဉ်းမကျယ် ချောင်းရိုးကလေးထဲတွင်ကား ကွန်လှေများဖြင့် ပြည့်ကျပ်သွား တော့၏။ သို့သော် သူတို့သည် ယခု အသွားထဲက ကွန်ပစ်သွားကြမည် မဟုတ်ဘဲ အပြန်ကျမှသာ ပစ်ဆင်းလာကြမည်ဖြစ်ရာ၊ ယခု သူတို့ သွားရောက်မည့် ငှက်ပျောတောရွာကလေးသို့ အမြန်ရောက်အောင်သာ လှေကို အလုအယက် လှော်ယက် ရင်း ငါးအုပ် ရှိတတ်သော နေရာကို သိရှိထားရန် ချောင်းရေကိုလည်း အကဲခတ်သွားကြ၏။

    နေကား အတော်ပင် ကျဆင်းသွားပြီဖြစ်ရာ အပူရှိန်လည်း လျော့လာသည်။ နေစွယ်မှာ ကျိုးသွားပြီဖြစ်၍ လေးနာရီခန် ရှိပြီဖြစ်ကြောင်း သူတို့ ခန့်မှန်းမိကြသည်။ သည်အချိန်မှာ ဗျင်းဘွဲရွာနှင့် မဝေးလှသော ကညင် ကုန်းရွာကလေးကို သူတို့ လွန်လာပြီးနောက် ထွန်းချက်ရွာကလေးသို့ပင် ရောက်ရှိနေလေပြီ။ ရှေ့တစ်ဆင့်ဆိုလျှင် သူတို့ သွားရောက်မည့် ငှက်ပျောတောရွာကလေးပေါ့။
    သူတို့ကား နီးပြီဖြစ်၍ တအားတက်လာကာ ခပ်သွက်သွက်ကလေး လှော်ခတ်ကြ၏။ ကိုဒေါင်းစိန်သည် လှေဦးမှနေ၍ လှော်ယက်ရင်း အနံ့တစ်စုံ တစ်ရာကို ရမိသလို နှာခေါင်းကို ရှုံချည်ပွချည် ပြုလုပ်ရင်း အနံ့ ခံနေ၏။ မှန်သည်။ စူးရှလှသော သူ့နှာခေါင်းဝယ် အနံ့တစ်စုံတစ်ရာကို ရှူရှိုက်မိနေသည်။

    'ဗျို့ ကိုလူမောင်၊ ဒီနေရာက ငါးကြင်း ငါးသိုင်းနံ့လိုလို အနံ့ရတယ်ဗျ၊ ဒီနေရာမှာ ငါးကြင်း ငါးသိုင်း ရှိလိမ့်မယ် ထင်တယ်'
    သူသည် သူ့လှေဘေးမှ လှော်လိုက်လာသော ကိုလူမောင်ကို လှမ်းပြောလိုက်၍မှ ပါးစပ်မပိတ်သေးမီ သူ့လှေ ရှေ့နားလောက်ဆီမှ ငါးတစ်ကောင်က ထ ပွက်လိုက်၏။ ထိုငါး ထပွက်လိုက်သော အရှိကြောင့် ရေစက် ရေပန်း ကလေးများမှာ လွင့်စင်ဖြာထွက်သွားကာ တစ်လံခန့် မြင့်တက်သွား၏။ ဤပွက်နည်း မျိုးပွက်သည့် ငါးကား ငါးမြစ်ချင်း၊ ငါးကြင်းမှ တစ်ပါး အခြားငါး မဖြစ်နိုင်။
    ဤငါးပွက်ကို မြင်သောအခါ ကိုလူမောင်က ကိုဒေါင်းစိန်သို့ လှမ်း၍ 'ဟေ့ ... မင်း တယ်အနံ့ခံ ကောင်းပါလားကွ' ဟု ဆိုကာ ကိုဒေါင်းစိန်၏ ထင်မြင်ချက်ကို ထောက်ခံလိုက်၏။

    'ဒီငါးကြင်း ငါးသိုင်းတွေဟာ မြစ်ငါးခင်ဗျ၊ ၀ါဆိုဝါခေါင် မြစ်ရေထောက်လာတဲ့အခါမှာ ဖြစ်ရေနဲ့အတူ ပါလာပြီး တော်သလင်း၊ သီတင်းကျွတ်ရောက်လို့ မြစ်ရေပြန်ဆုတ်တဲ့အခါကျတော့ မြစ်ရေနဲ့အတူ မြစ်ထဲကို ပြန်ပါသါားတတ်တယ်၊ အခု ဒီငါးတွေကတော့ မြစ်ရေနဲ့အတူ ပါမသွားဘဲ ခိုကပ်ကျန်ရစ်တဲ့ ငါးတွေဗျ'
    ကိုလူမောင်က ချီးမွမ်းလိုက်သောကြောင့် သူ ဘ၀င်မြင့်သွားကာ သူ့လိုပင် ကိုလူမောင် သိထားပြီး ဖြစ်နေသည့် အချက်အလက်များကိုပင် အဆန်းလုပ်ပြီး သူက ထပ်မံရှင်းပြရင်း အသားယူလိုက်သေး၏။

(၂)

နေကား အနောက်သို့ နိမ့်သည်ထက် နိမ့်ဆင်းလာပြီဖြစ်ရာ နေရောင်ခြည်မှာလည်း နေ့လယ်တုန်းကလို ပူးပြင်းခြင်း မရှိဘဲ နွေးနွေးထွေးထွေးကငလေးသာ ရှိနေသည်။ ဆောင်းတွင်းဖြစ်၍လည်း နေကလေး ချို လျှင်ပင် အအေးဓာတ် လွှမ်းစပြုလာပြီး နှင်းကလေး  တဝေ့ဝေ့နှင့်ပင် ရှိသည်။ ဆောင်းလေအေးမှာလည်း ကဗျာဆန်ဆန် ညင်းညင်း ညံ့ညံ့ တိုက်ခတ်လာသည်။ ရေမျက်နှာပြင်ပေါ်တွင်ကား ပိုးဖဲတွန့်ကလေးများလို လှိုင်းတွန့် ကလေး များမှာ လွန့်လူးယှက်ဖြာသွားသည်။

    သည်အချိန်တွင် ကိုဒေါင်းစိန်တို့ ကွန်လှေအုပ်ကြီးမှာ ငှက်ပျောတော ရွာထိပ်၌ စီရရီ ဆိုက်ကပ်နားမိကြ၏။ ထမင်းပွဲနှင့် လက်ဖက်ရည်ကြမ်းအိုးကို ကမ်းထိပ်မြေပြန့်သို့ သယ်တင်ကာ ထမင်းစားရန် ပြင်ဆင်ကြ၏။ နီးစပ်ရာလူချင်း ၀ိုင်းဖွဲ့၍ ဟင်းခွက်များကို စုပေါင်းကာ တပျော်တပါး စားသောက်ကြ၏။

    ထမင်းစားပြီးသောအခါ လက်ဖက်ရည်ကြမ်းအိုးကို ရေဖြည့်၍ မီးဖိုကလေး ကိုယ်စီဖြင့် တည်ကြပြန်၏။ ဆူလျှင် လက်ဖက်ခြောက်ခတ်၍ မီးဖိုပေါ်၌ အတန်ကြာ နှပ်ထားပြီးနောက်မှ လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့ ကြ၏။

    ထိုအချိန်တွင် သူတို့ ကွန်သမားများထဲမှ ချစ်ထွန်းအမည်ရှိသော လူငယ်တစ်ယောက်သည် သူ့ခါးကြား ထဲသို့ ထိုးထားသော ပလွေတိုကို ယူထုတ်၍ သူတို့နှင့် ခပ်လှမ်းလှမ်း နေရာသို့သွားကာ မှုတ်နေ၏။ သူကား အတီးအမှုတ်တွင် ၀ါသနာကြီးသော လူငယ်တစ်ဦးဖြစ်၏။ ရွာပွဲနှင့် ရွာဆိုင်းများတွင် သူ အမြဲပါ၏။ သီးချင်းကြီး များ နိုင်နင်း၍ ကာလပေါ် သီချင်းများကိုတော့ မတောက်တခေါက်သာရသည်။ ဘယ် ကာလသားက ဘယ်အပျိုကို ကြူချင်လျှင် ချစ်ထွန်းကို ခေါ်ရသည်။ ချစ်ထွန်း၏ ချို့နွဲ့သော ပလွေသံသည် တောသူ အပျိုကလေးများ၏ စိတ်ကို ယိမ်းယိုင်လာအောင် ဆွဲဆောင်နိုင်စွမ်းရှိသည်ဟု ကာလသားများက ယူဆ ကြသည်။

    ပြာသော ကောင်းကင်းကို နောက်ခံပြုကာ ဖြူသော ဗျိုင်းအုပ်များသည် အိပ်တန်းတက်ရန် ပျံသန်း လာကြပေပြီ။ ဟိုတစ်ဖက် ကမ်းစပ်မှာတော့ ဗျိုင်းအောက်ကလေး တစ်ကောင်သည် အိပ်တန်းတက်ရန် သတိမရ သေးဟန်ဖြင့် ကမ်းစပ်တစ်လျှောက် ငါးလိုက်ချောင်းနေသည်။ ဗျိုင်းအောက်နှင့် မနီးမဝေး ကမ်းစပ်၌မူ "ရေညှောင့်ကောင်"ငှက်ကလေးတစ်ကောင်သည်။ တစ်ခဏကလေးမျှ အငြိမ်မနေဘဲ အမြီးကလေး အောက်သို့ ညိတ်ခနဲ ညိတ်ခနဲနေအောင် လှုပ်ရှားကာ ရေညှောင့်နေသည်။

    ချစ်ထွန်း၏ ချိုနွဲ့သော ပလွေသံကလေးသည် အတောကလေးတွေ၊ အလှိမ့်ကလေးတွေ၊ အလှည့် ကလေးတွေဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး မင်းမူနေသည်။ 'ရွှေဘုန်းတော် တိုးပါလို့... ငွေမိုးတွေ ရွာ၊ နိုင်ငံတော် ပြည်အရေးငယ်... သာလှတယ်လေ...'ချစ်ထွန်း ရွှေမိုး ငွေမိုးတွေရွာပြီး နိုင်ငံတော် ပြည်အရေး သာယာ ငြိမ်းချမ်းဖို့ မျှော်လင့်နေရှာ ထင့်။

    ကိုဒေါင်းစိန်တို့ ကွန်သမားတစ်စုကား ချစ်ထွန်း၏ ပလွေသံ ညှို့ဓာတ်ဝယ် မိနေကြဟန်ဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ဖက်ရည်ကြမ်းကိုသာ ဆိတ်ငြိမ်စွာ သောက်နေကြ၏။ ချစ်ထွန်းကလည်း သီချင်းကို တစ်ပုဒ်ပြီး တစ်ပုဒ်ပြောင်းကာ မနားတမ်း မှုတ်နေ၏။ တစ်ခါတစ်ရံ အဆိုရော အမှုတ်ပါ တွဲလာသေး၏။ ပထမ သူ့ဟာသူ သီချင်းသားကို ကောက်ဆိုလိုက်၍ နောက်မှ သူ့ဘာသာပင် ပလွေကလေးဖြင့် လိုက်မှုတ်၏။

    'လွမ်းမပြေ မန်းမြေက တ မိပါတော့၊ ကမ်းခြေမှာ စမ်းရေကျတယ်နှင့်၊ အိုကွယ်... ဖျန်းလေက တသုန်သုန်။ တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လိုရော့သထင်၊ ကရင်အို ယာပြင်ကြီးမှာကွယ် ... မီးထည့်လို့လှုံ။ မပူပေါင် နောက်ဆီက ချမ်းရော့သထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့ လှမ်းတယ်လို့ လွှားကာခြုံ၊ ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။   ။ ဘေးအိတ်မှာလျှို၊ ဆေးလိပ်တို နားမှာ ထိုးပါလို့၊ တောင်ရိုးမှာ ဘာသာ သူတို့၊ ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့၊ အမိုးခေါ် ဖိုးစော်ကဲတို့ရယ်၊ အိုကွယ်... တဲပျက်စခန်း'

    ချစ်ထွန်းကား အဆိုလည်းပိုင်၍ အတီးအမှုတ်လည်း နိုင်၏။ သူသည် သူ၏ အဆိုကို သူ၏ ပလွေဖြင့် လိုက်မှုတ်နေစဉ် ကိုဒေါင်းစိန်တို့၏ မျက်စိထဲ၌ ကွမ်းကို ပါးစောင်တါင် ငုံကာ ဆေးလိပ်တို နားမှာထိုး၍ အဖြူ စောင်ခေါက်ထည်ကြမ်းကို လွှမ်းခြုံပြီး မီးလှုံနေသော ကရင်အိုကြီး၏ ရုပ်ပုံလွှာသည် အထင်းသား ပေါ်လာ နေသည်။ သူတို့အနိးရှိ ငှက်ပျော်တော ရွာကလေးမှာလည်း လယ်သများရွာကလေးဖြစ်၍ သီးချင်းသား တွင်ပါသော ကရင်အိုကြီး၏ ရုပ်ပုံလွှာမျိုးကို ကရင်အမျိုးသား လယ်သမားကြီးများကို တွေ့မြင် နိုင်သည်။

    'အင်း၊ ချစ်ထွန်းရဲ့ ပလွေသံကလေးကို ကြားရတာ ငါဖြင့် မြေလျှိုးချင်သလိုလို၊ မိုးပျံချင်သလိုလို ဖြစ်သွားတာပဲကွ'ဟု ကိုလေးဖိုးကွန့်က လက်ဖက်ရည်ကြမ်း ပန်းကန်ကို ယူသောက်ရင် ခပ်လေးလေး ကြီး ပြောလိုက်၏။

    ထိုအခါ အခြား လက်ဖက်ရည်ကြမ်းဝိုင်းမှ ကွန်သမားတစ်ဦးက 'အို ... ကိုချစ်ထွန်းက ဘာဟုတ်သေးလဲဗျ၊ ကျုပ်တို့အပိုငးက "ဥာဏ်ကြီး"ကမှ ဟန်ကျတာဗျ။ ညနေ အပုပ်ချိန်ဆိုရင် အရက်ကလေးမူးမူးနဲ့ ပလွေ ကလေး ကို မှုတ်လိုက်တာများ ဗေလုဝ နတ်စောင်းသံလား အောက်မေ့ရတယ်၊ သူ့သီချင်းကလည်း တေး မထပ်ဘူးဗျ၊ "မောင်ပြန်ချိန် နီးပြီမို့ ဆိးကြိုလှည့်ပါ... ပျိုတို့မောင်ပါဝါနဲ့ လာပါပေါ့ကွယ်။ မရှက်ဘူးကွယ်၊ အရက် မူးတယ်၊ ယိုင်တိုင်တိုင် လမ်းကို လျှောက်တယ်"တစ်ခါလာလည်း အဲဒီသီချင်း၊ နောက်တစ်ခါ လာလည်း အဲဒီသီချင်း၊ ဒီသီချင်းကကို မတက်တော့ဘူးဗျ'

    စကားအဆုံးတွင် သူ့ပြက်လုံးသူ သဘောကျသွားသလို ဟားတိုက်၍ ရယ်လိုက်သဖြင့် အခြား သူများ ကလည်း လိုက်ရယ်ကြ၏။ စကားဖြစ်သွားကြပြီမို့လည်း မူလ ဆိတ်ငြိမ်နေရာမှ တစ်ယောက်တစ်ခွန်းဖြင့် စကားသံ များ ညံလာကြ၏။

    'ကိုလေးဖိုးကွန့်တို့ကတော့ ဟန်ကျပါတယ်ဗျာ၊ အိမ်ကမယား မပြားကြီးက လိမ္မာရေးခြား ရှိတော့ ကိုလေးဖိုးကွန့်တို့ အင်မတန် သက်သာတာကလား၊ ကိုယ်က သားငါးကို ရှာပေးရုံပဲ ရှိတယ်၊ အိမ်ရောက်တာ နဲ့ တစ်ချက်တည်း ဘာ တစ်ခုမှ ပြန်မကြည့်ရတော့ဘူး။ ငါးခြောက်တန် ငါးခြောက်၊ ငါးပိတန် ငါးပိနဲ့ မပြားကြီးပဲ စီးစီးနင်းနင်း လုပ်သွားတာပဲ။ ရောင်းချိန်ကျပြန်တော့လည်း ဈေးမကျန် အောင်ရောင်းလို့၊ တယ်ပြီး မျက်နှာလွှဲရတာကလား။ ကျုပ်တို့အိမ်က ဟာနဲ့များတော့ ကွာပါ့ဗျာ'

    အခြား လက်ဖက်ရည်ဝိုင်းမှ ကွန်သမားတစ်ဦးက ကိုလေးဖိုးကွန့်ကို လှမ်းပြောလိုက်၏။ သူပြောတာ လည်း ဟုတ်လှသည်။ မပြားကြီးမှာ အစစအရာရာ၌ မျက်နှာလွှဲရသူဖြစ်သည်။ သို့သော် ကိုလေးဖိုးကွန့်က သူ့အား ချီးကျူးလိုက်သည်ကိုပင် မနှစ်မြို့သော မျက်နှာပေးဖြင့်-

    'အေး မင်းက ဒါပဲသိတာကို၊ အဲဒီလို အစစအရာရာမျက်နှာလွှဲရလို့ သူကလည်း ငါ့အပေါ် အစစအရာရာ သြဇာလိုက် ပေးနေတာကိုတော့ မင်းမှ မသိဘဲကိုးကွ။ ငါက တစ်ခါတလေ အကြံကောင်းကလေးရလို့ ဒီလို ဒီလို လုပ်ပါလားလို့ အကြံပေးမိရင်ပဲ အို... တော်က ဘာသိလို့လဲ၊ ဟိုဟာက ဟိုလိုရှိပေမဲ့ ဒီဟာက ဒီလို ရှိသေးတာကလား၊ အိုကွာ ... ဘယ်သို့ ဘယ်ညာ ဘယ်ချမ်းသာနဲ့သာ စာသံ ပေသံ တရားသံကလေးတွပါ ရောစွက်ပြီး ကရားရေလွှတ် တတွတ်တွတ် ပြောလိုက်တာ ငါ့ဖြင့် ခွေးအကြီးလို ငိုင်နေရတာပဲ။ အမြဲတမ်း ဒီလို ချည်းမို့ တစ်ခါတစ်လေ ငါက စိတ်ပေါက်ပေါက်နဲ့ ဖေနဲ့ ကိုင်တုတ်လိုက်မှ ငြိမ်ကျသွားတယ်'

    သူ့စကားကို သဘောကျသွားသလို ကွန်သမားအားလုံး ဟားတိုက် ရယ်လိုက်ကြ၏။ ကိုလေးဖိုးကွန့် ကလည်း သူ့စကားမှာ မဆုံးသေးဘဲ ဆက်ရန် ရှိသေးသလို သူတို့အငြိမ်တွင် သူ့စကားကို ပြန်ဆက်၏။

    'ငါကလည်း စကားပြောတဲ့အခါမှာ ရိုးရိုးတန်းတန်းမပြောဘဲ ကိုယ့်ကိုယ်ကိုယ် စကားတတ်ကြီးလုပ်ပြီး စာသံ ပေသံ တရားသံကလေးနဲ့ ပြောတာကို အမုန်းဆုံးပဲကွာ။ သူလည်း အစက ဒီလိုမဟုတ်ပါဘူးကွာ၊ ရွာ ထဲက အဘိဓမ္မာဆရာကြီး ဦးဖောင်နဲ့ ပေါင်းသင်းမိရာက သူ ဒီအကျင့် စွဲလာတာပဲကွ။ တစ်ခါတုန်းကလည်း ဦးဖောင် က သူ့ကို ဘာတွေ ဟောလိုက်တယ် မသိပါဘူးကွာ၊ ညအိပ်ရာဝင်တော့ ကိုဖိုးကွန့်ရယ် ... တော်တို့ ကျုပ်တို့ဟာ ဒီကာမဂုဏ်တရားတွေကိုသာ ငမ်းငမ်းတက် လိုက်စားနေမယ်ဆိုရင် နောင်ပွင့်မယ့် အယိန်မဒေးယ ဆိုလား ဘာလားကွာ၊ အဲဒီဘုရားကို ဖူးတွေ့နိုင်ပါဦးမလားတဲ့၊ ဒီခန္ဓာကိုယ်ကြီး ဟာ သွေး၊ သလိပ် အတိပြီးတဲ့ ရွံစရာ့အပုပ်ကောင်းကြီးမို့ တဏှာရာဂသဘောနဲ့ တပ်မက်ခြင်း မပြုဘဲ မောင်ရင်းနှမ လို သဘောထား၊ တကွဲတပြား အိပ်ကြပါစို့နော်...တဲ့။

ငါက ဘာရမလဲဟေ့၊ ကာမဂုဏ်တွေ၊ အပုပ်ကောင်တွေနဲ့ ရှုပ်မနေနဲ့၊ လင်မယားမို့ လင်မယားလို သဘောထားပြီး လင်မယားလိုပဲ နေနိုင်မယ်ကွလိုဆို့တော့ သြော်... ဒါကြောင့်မို့လည်း တော်တို့ ကျုပ် တို့ဟာ ဒီသံသရာကြီးထဲမှာ တ၀ဲလယ်လယ်ဖြစ်နေရတာပဲ ထင်ပါရဲ့နော်လို့ လုပ်လိုက်သေးတယ်။ သံပရာသီး သော ရှောက်သီးသော နားမလည်ဘူးကွဆိုပြီး အတင်း နသားပါးယားပစ်လိုက်တယ်၊ အေးရော။ လင်မယား ကြားထဲမှာတောင် တကွဲတပြားဖြစ်ကုန်အောင် လိုက်ရှုပ်တဲ့ တရားကိုတော့ ငါက ရှင်းရှင်းပဲဟေ့၊ မလို ချင်ဘူး'
    ကိုလေးဖိုးကွန့်၏ အပြောမှာ ဒေါပါလှသည်ဖြစ်၍ ကွန်သမားများမှာ တဟားဟားဖြစ်နေကြရ၏။ ဤသို့ တစ်ယောက်တစ်ပေါက် ပြောဆိုနေစဉ်မှာပင် နေလည်း ၀င်ခဲ့လေပြီ။

(၃)

နေ၀င်သွားပြီဖြစ်၍ အမှောင်ရိပ်က သမ်းလာသည်။ ကွင်းထဲမှ ပုရစ်အော်သံ ကလေးများကိုလည်း အဆက်မပြတ် ကြားနေရသည်။ ညဥ့်ငှက်ဖြစ်သော လင်းဝက်ငှက်၏ အော်သံများကိုပင် ကြားနေရပေပြီ။ သူတို့ ကွန်ပစ်ဆင်းဖို့ အချိန်ကား ရောက်ခဲ့ပါပြီ။

    အသီးသီးပင် မီးအုပ်ကလေးများကို ထွန်းညှိကြ၏။ ရေနံဆီမီးခွက်ကို ညှိထွန်း၍ မုန့်သေတ္တာထဲတွင် ထည့်ကာ မီးအုပ်ပြုလုပ်ထားခြင်း ဖြစ်သည်။
    ကိုဒေါင်းစိန်ကား ဒီလုံးကိုခေါ်၍ ပဲ့ကိုင်စေကာ လှေဦးတွင် မီးအုပ်ကို နေရာချပြီး လှော်ထွက်စေ၏ အခြားသူများလည်း အသီးသီး လှော်ထွက်လာကြ၏။ အမှောင်သမ်းလျက်ရှိသော ရေမျက်နှာပြင်ပေါ်ဝယ် မီးအုပ်ထဲမှ ထိုးထွက်လာသော မီးခွက်၏ အလင်းရောင်ကလေးများသာ ယှက်သန်းလျက်ရှိသည်။

    ကိုဒေါင်းစိန်သည် ကွန်ကို လက်နှစ်ဖက်ဖြင့် အသင့်ကိုငထားကာ မီးရောင်ထိုးနေသော ရေမျက်နှာပြင်ကို စိတ်ဝင်စားစွာ စူးစမ်းရင်း လိုက်ပါလာ၏။ ဒီလုံးကလည်း လှေကို ခပ်ဖြည်းဖြည်း လှော်ပေးနေရာ လှေကလေး မှာ ညင်သာစွာ ရွေ့လျားနေ၏။

    တစ်နေရာတွင် ငါးဘဲကလေးများမှာ ပွစိပွစိဖြင့် ရေမျက်နှာပြင်ပေါ်၌ ထပွက်နေသည်ကို မြင်၍၊ သူ ကွန်ဖြင့် ပစ်ကြဲလိုက်ရန် ကြံရွယ်စဉ်မှာပင် ငါးဘဲကလေးများမှာ ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွယ် သွား၏။ သူသည် မကျေမနပ်ဖြစ်သွားကာ ဆက်လက်၍ စူးစိုက်ကြည့်ရှုနေစဉ်မှာပင် အခြားနေရာ၌ ငါးဘဲ ကလေး များ တစ်ကောင်နှစ်ကောင် လာပွက်နေသည်ကို မြင်လိုက်လျှင် မြင်လိုက်ချင်း၊ ဤနေရာ၌ ငါးအုပ် လာရ တော့မည် သေချာ၍ သူ့လက်ထဲမှ ပိုက်ကွန်ကို ဟန်ပါပါလွှဲကာ တအားကုန် ပစ်ကြဲလိုက်၏။ လက်ဝဲဘက်မှ လက်ယာ ဘက် သို့ သိမ်း၍ ပစ်ကြဲလိုက်လိုက်၏။ 

လက်ဝဲဘက်မှ လက်ယာဘက်သို့ သိမ်း၍ ပစ်ကြဲလိုက်ခြင်းဖြစ်ရာ လူမှာလည်း ကိန္နရာငှက်ကလေးများ ၀ဲသလို ၀ဲကာ လှေဦးတွင် မတ်တတ်မှ ထိုင်လျက်ကလေးအထိ ညင်သာစွာ ကျလာ၏။ ပစ်ကြဲလိုက်သော ကွန်နှင့်ရေတို့ ထိတွေ့သွားသော အခါ၌ ရှဲခနဲ မြည်သွားသောအသံ ထွက်ပေါ်လာရော "ရေကြောင်းပြ"ဟု သူတို့ အသိအမှတ်ပြုထားသော မြစ်တွေးငှက်မလေးမှာ ထိုကွန်သံကို လန့်၍ ပျံသန်းသွားသည်။

    'သောင်ကမ်း... သောင်ကမ်း မော်တည့် အဖော်မပါ၊ မ ကိုရှာ ... ဟင်္သာမြစ်တွေး၊ ပင်လယ်ငယ်ဝယ်မှာ ကျူးရင့်ကြွေး... မြစ်တွေး ကွန်သံ လန့်တည့်လေး...'
    ချစ်ထွန်း၏ အသံဝါကြီးသည် ဆိတ်ငြိမ်သော ညနှင့် ကွန်သံများကို ဖောက်ထွင်းကာ ထွက်ပေါ်လာသည်။ သူကား အဆိုပိုင်သူဖြစ်၍ နားထောင်ကောင်းလှသည့်အပြင် သီချင်းစာသားနှင့် မျက်မြင်ရှုခင်းမှာ ဟပ်မိ သွားသော ကြောင့်လည်း ကိုဒေါင်းစိန်၏ ရင်တွင်း၌ ကြည်နူးနေသည်။ ကိုဒေါင်းစိန်သည် "ကွန်စောင်းကြိုး" ကို ကိုင်၍ ပြန့်သွားသော ကွန်ကို ရေအောက်၌ တဖြည်းဖြည်း လာစုမည့် အချိန်ကို စောင့်ဆိုင်းရင်း နားစွင့် ထား၏။

    'တူစုံမပါ ... နေလှည့်ရာ ... ငတုံးတာ တံငါမုဆိုး၊ ပင်လယ်ဝငယ်ကို ဖြုတ်ချင်းသွား... မယ်ဘွား ကွန်သံ လန့်ချည့်လေး'
    ချစ်ထွန်းသည် အဆိုသာ မဟုတ်ဘဲ သက်ဆိုင်ရာ အတောကလေးများကိုလည်း ပါးစပ်ဖြင့် လိုက်တောပေးနေသည်ဖြစ်ရာ နားထောင်၍ပင် ကောင်းသေးတော့သည်။
    'တက်ကြီး ရိုးရှည် ... တက်ကြီး ရိုးစောက်၊ ကင်းတည့် တင်းခမောက်ကယ်နှင့်... ရုပ်ဖျောက်ကယ်လာ၊ ငတုံး တာလော၊ တံငါလော...။ လှေငယ်ဦးစောက်၊ ကင်းခမောက်ကယ်နှင့်၊ ရုပ်ဖျောက်ကယ် လာပါသည်။ ငတုံးတာ... တံငါ ဟုတ်ကဲ့ဟုတ်ကဲ့လေး'

    ချစ်ထွန်းက စိတ်ပါလက်ပါ သီးဆိုနေသည်။ အင့်ဟင် သူ့သီးချင်းက ဘယ်လိုပါလိမ့် ကိုဒေါင်းစိန် တွေးနေမိသော်လည်း တံငါ၊ ကွန်သံ၊ လှေငယ်၊ တက်ကြီးရိုးရှည်၊ ကင်းခမောက် စသော သူတို့လက်သုံး ကိရိယာ တန်ဆာပလာများ သီးချင်းစာသားထဲ၌ ပါဝင်နေသည့်အတွက် စိတ်ဝင်စားနေသည်။
    'ပုဆိုးမည်းစင်း ငါးစိမ်းခြင်းငယ်နှင့်... အပြင်းဈေးမီ လှော်စွလေး...။ ပက္ကလာတွင်... တောင်းငယ်တင်၊ ခုံမင်ဖောက်သည် လာစွလေး..။ ဖောက်သည်လည်းလာ... ဆန်မပါ၊ တံငါ ငတ်စွ ငတ်စွလေး'

    'ဟာ ဒီခွေးမသားလေးဟာ နိမိမရှိတာတွေ လျှောက်ဆိုနေတယ်။ ဖောက်သည်လာလို့ ဆန်မပါတာနဲ့ တံငါငတ်ရမလား။ ဈေးဆိုင်ဝယ်စားမှာပေါ့'
    ကိုလူမောင်က ကွန်တိုင်တွင် ပိုက်ကွန်ကို ချိတ်နေရာမှ ရေရွတ်လိုက်၏။ ကိုဒေါင်းစိန်ကမူ ပိုက်ကွန်ကို တဖြည်းဖြည်း ဆွဲဖော်ရင်း 'အို သူတို့က ပင်လယ်တံငါတွေဆိုတော့ ဈေးဆိုင်နဲ့မနီးလို့ ဖြစ်မှာပေါ့ဗျ။ ကျွန်တော် တော့ သူ့သီချင်းလေးတွေကို ကြိုက်တယ်ဗျ။ "ပုဆိုးမည်းစင်း ငါးစိမ်းခြင်းငယ်နှင့် အပြင်းဈေးမီ လှော်စွလေး"ဆိုတဲ့ နေရာမှာ ကျွန်တော့်မျက်စိထဲမှာဖြင့် ငါးစိမ်း ခြင်းတောင်းကို လျေပေါ်မှာတင်ပြီး ဓနုဖြူ ဈေးအမီ အပြင်းလှာ်သွားတဲ့ ငါးစိမ်းသည်မကြီး မမယ်ရင်ကို ကွက်ခနဲ သွားမြင်တယ်ဗျ'ဟု ပြန်ကြားလိုက်၏။

    သူသည် ကွန်ကို တဖြည်းဖြည်းဆွဲဖော်လာရာမှ ခဲသီးများ တပ်ထားသော ကွန်အာက်ခြေ အရောက်တွင်မူ ရွံ့နွံများ၊ အမှိုက်သရိုက်များ စင်ကြယ်သွားစေရန်အတွက် ရေထဲတွင် အတန်ကြာအောင် လှုပ်ကာလှုပ်ကာ ဆေးကြော ပြီးနောက်မှ လှေပေးသို့ ဆွဲတင်ကာ ကွနတိုင်တွင် ချိတ်လိုက်၏။ ကွန်တိုင် တွင် ပိုက်ကွန် ချိတ်မိသည် နှင့် တစ်ပြိုင်နက် ဒီလုံးက လှေကို ကမ်းစပ်သိုက လှော်ပို့လိုက်၏။

    သူသည် ကွန်ကို တစ်လွှာပြီးတစ်လွှာ ရှင်းရင်း ငါးများကို ဖြုတ်နေ၏။ ကွန်ထဲ၌ ရောထွေးပြီး ပါလာသော "ဖက်သွပ်"ဟုခေါ်သည့် အမှိုက်သရိုက်များကို ရှင်းလင်းပစ်၏။ သည်တစ်လွှာပြီးမှ နောက်တစ်လွှာသို့ ကူး၏။ ကွန်ထဲတွင် မိနေသော ငါးများကား စောစောက သူမြင်လိုက်သော ငါးဘဲများနှင့် ငါးမြွေထိုး၊ ငါးစင်စပ် များဖြစ်သည်။
    'ချီးထဲမှပဲ၊ ကွန်ချက်ကို တွေ့ပြီဟေ့လို့ အားရပါးရ ပစ်ကြဲလိုက်တာ ငါးနည်းနည်းလေးမိပြီး "ဖက်သွပ်" တွေချည့် ဖြစ်နေတာပဲ'
    သူနဲ့ မနီးမဝေးနေရာမှ ကိုလေးဖိုးကွန့်၏ ညည်းညူလိုက်သော အသံဖြစ်သည်။ ကိုဒေါင်းစိန်ကတော့ သူခန့်မှန်း သော ကွန်ချက်ကို တည့်တည့်ကြီး မိခဲ့သည်ဖြစ်၍ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ ကျေနပ်သော အပြုံး ဖြင့်သာ တုံ့ပြန်လိုက်သည်။

    'ကျုပ်လည်း ဒီတစ်ချီ ရှော်သွားတယ်ဗျ၊ ဒါပေမဲ့ ငါး အတော်အသင့်ကလေး မိလိုက်လို့ ခင်ဗျား လောက်တော့ မဆိုးဘူးပေါ့ဗျာ။ ကိုဒေါင်းစိန်တစ်ယောက် ငြိမ်နေပုံကို ထောက်လိုက်ရင် ဒေါင်းစိန် တော့ အချက်ကောင်း တိုးမိသွားပြီထင်တယ်'

    ကိုလူမောင်၏ အသံပင်ဖြစ်သည်။ ထိုအခါ ကိုဒေါင်းစိန်သည် မြုံမနေနိုင်တော့ဘဲ 'ဒါပေါ့ဗျ၊ အချက်ကောင်း ကို တိုးမိသွားလို့ စကားမပြောနိုင်အောင် ၀မ်းသာလုံး ဆို့နေတာပေါ့'ဟု ပြန်ကြားလိုက်၏။

    အခြားနေရာများမှလည်း စကားပြောသံ၊ ကွန်ပစ်သံ၊ ရေသံ၊ တက်ခတ်သံ များကို အဆက်မပြတ် ကြားနေရ၏။ ကွန်ပစ်ပြီး လှေကို ကမ်းဘက်သို့ က်ပလာသည့် လှေက ကပ်လာ၍၊ ကွန်မှ ငါးကိုဖြုတ်ပြီး နောက်တစ်ကြိမ် ပစ်ရန် ရေလယ်ဘက်ဆီသို့ လှော်ထွက်သွားခြင်းဖြင့် ချောင်းရိုးထဲ၌ ရှုပ်ယှက်ခတ် ဖြစ် နေသည်။

    ကိုဒေါင်းစိန်လည်း ကွန်မှ ငါးများကို ဖြုတ်ပြီးရုံမျှမက ကွန်ကိုလည်း ရှင်းလင်းပြီးဖြစ်၍၊ နောက်တစ်ကြိမ် ပစ်ရန် ဒီလုံး အား လှေကို ကမ်းစပ်မှခွာပြီး ရေလယ်ဘက်ဆီသို့ လှော်ရန် အမိန့်ပေးလိုက်သည်။

အခန်း (၄) ဆက်ရန်
.

No comments: