အခန်း (၅)
ပတ်ဝန်းကျင် တစ်ခုလုံးမှာ စိတ်ကြည်နူးသာယာဖွယ် ကောင်းလှသော သဘာဝရှုခင်းများဖြင့် အတိ ပြီးနေသည် ဟု ဆိုရပေမည်။ သဘာဝမိခင်၏ ဖန်တီးထားခြင်းကို လူတို့၏ လက်ဖြင့်ပြုပြင်စီရင်ခြင်း (တစ်နည်းအားဖြင့်) ဖျက်ဆီးထားခြင်းအလျှင်းမရှိသေးဘဲ ပကတိ သဘာဝအလှအပတို့ မပျက်မယွင်းဘဲ ရှိနေ ပေသည်။
လူတို့ လာရောက်အခြေစိုက်ခြင်း အမှတ်အသားဖြစ်သော ခြံစည်းရိုးများ ကာရံထားခြင်း၊ အဆောက် အအုံ များ ဆောက်လုပ်ထားခြင်း စသည်တို့ လုံးဝမရှိချေ။ ထိုဒေသသို့ ကျွဲနွား တိရစ္ဆာန်များနှင့် စိုက်ပျိုး ရေးသမား လယ်သမား များ မလာရောက်နိုင်အောင်လည်း သဘာဝ အဟန့်အတားတစ်ခုက ရှိနေသော ကြောင့်လည်း ဖြစ် တန်ရာသည်။
ယင်း အဟန့်အတားကား ဇမ်ဘေဇီမြစ်ဝှမ်းတစ်လျှောက် မြောက်မြားစွာရှိနေသော ဆက်ဆီး ခေါ် ပိုးမွှား တိရစ္ဆာန် တစ်မျိုး၏ အန္တရာယ်ပင်ဖြစ်သည်။ ထို့ကြောင့် လူသူများ ခပ်ဝေးဝေးက ရှောင်နေခဲ့ခြင်းပင် ဖြစ် လေသည်။
ဤဒေသ ၏ တစ်ဖက်တွင် ချီဇာရီအမည်ရှိ တောရိုင်းတိရစ္ဆာန်များ မျိုးဆက်မပြုန်းရေးအတွက် ဘေးမဲ့ လွှတ် ထားသော သီးသန့်တိရစ္ဆာန် ဥယျာဉ်ကြီးရှိပြီး တစ်ဖက်တွင်မူ မာဇိုလို သစ်တောကြိုးဝိုင်းကြီးရှိ သည်။ ယင်း နေရာ နှစ်ခုလုံးတွင် တောရိုင်းတိရစ္ဆာန် အမြောက်အမြား ရှိလေသည်။
၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီးဆိုက်ချိန်က ခရိတ် ၏ ဘိုးအေ ဘာဝူခေါ် မစ္စတာ ဂျွန်နာသန်သည် ထိုနေရာ ဒေသ အနေအထားကို သဘောကျသဖြင့် တစ်ဧကလျှင် အင်္ဂလိပ်ငွေ ခြောက်ပယ်နီနှုန်းဖြင့် ၀ယ်ယူ ထားခဲ့ရာ စတာလင်ပေါင် နှစ်ထောင့်ငါးရာနှင့် မြေရိုင်းဧကပေါင်း တစ်သိန်း ရရှိခဲ့ပေသည်။
' ဒီနေရာ မှာက မွေးမြူရေးလုပ်ငန်း လုပ်လို့တော့ ရမှာမဟုတ်ဘူးကွဲ့ '
ဤသို့လျှင် တစ်ခါက ဘိုးအေကြီးကိုယ်တိုင်က ခရိတ်အား ပြောခဲ့ဖူးလေသည်။ ထိုစဉ်က မြေးအဘိုး နှစ်ယောက် သား ချီဇာရီမြစ်အနီး သစ်ပင်တစ်ပင်အောက်တွင် စခန်းချ ညအိပ်ရင်း အဘိုးကြီးက ပြောခဲ့ခြင်း ဖြစ်သည်။
' ဒီနေရာမှာက တိရစ္ဆာန်တွေ စားကျက်ဖြစ်ဖို့ရာ မြက်ပင်တွေကလည်း မကောင်းတဲ့အပြင် ဆက်ဆီး ပိုးကောင်တွေ ကိုက်တာနဲ့ အားလုံးသေကုန်မှာပဲ။ ဒါကြောင့် ဒီနေရာဟာ အာဖရိကတိုက်ရဲ့ သဘာဝ ရှုခင်း အလှတွေ မပျက်မစီးဘဲ အမြဲရှိနေလိမ့်မယ် ' ဤသို့လည်း အဘိုးကြီး ဘာဝူက ပြောခဲ့သေးသည်။
အဘိုးကြီး ကိုယ်တိုင်က အာဖရိကတိုက်၏ တောတောင်သဘာဝ ရှုခင်းတွေကို အလွန်နှစ်သက်မြတ်နိုး လေသည်။ ရံဖန်ရံခါ သူသည် ဤဒေသသို့ တောလိုက်အမဲပစ်ထွက်၍ ဆင်၊ ကြံ့၊ ခြင်္သေ့သတ္တ၀ါများ ပစ်ခတ် လေ့ရှိသည်။ သူသည် လွန်အန္တရာယ်များလှသော တောလိုက်ခြင်းကိုမှ နှစ်သက်သူဖြစ်သည်။ သို့ရာတွင် အခြားလူ များ ဤနေရာသို့ လာရောက် အမဲပစ်ခြင်းကိုမူ လုံးဝ ပိတ်ပင်တားဆီးထားခဲ့သည်။ သူ၏ သားများ မြေးများ ပင်လျှင် ထိုနေရာ၌ တောလိုက် အမဲပစ်ခွင့် မရှိချေ။
' ဒီမယ် လူကလေး၊ ဒီနေရာက ငါ့ရဲ့ လောကနိဗ္ဗာန်ကလေးတစ်ခုလိုပါပဲ။ ဒါကြောင့် ငါက ဒီနေရာကို မူလ သဘာဝ အတိုင်း မပျက်မယွင်းအောင် ကြိုးစားပြီး ထားခဲ့တာပဲ '
အဘိုးကြီးက ဤသို့ပြောခဲ့ဖူးသည်ကိုလည်း ခရိတ်က သတိရ ကြားယောင်မိလေသည်။
ခရိတ် သည် ငယ်စဉ်က အကြိမ်ကြိမ် ရောက်ခဲ့ဖူးသော ဤနေရာသို့ ယခု တစ်ဖန် ပြန်ရောက်လာသော အခါ စိတ်လှုပ်ရှားမှုတစ်မျိုး ခံစားမိလေသည်။ သူနှင့် သူ့အဘိုး ဤဒေသသို့ နောက်ဆုံးရောက်ခဲ့သည် မှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က ဖြစ်သည်။
ယခုတော့ ချုံနွယ်ပိတ်ပေါင်းများ အလွန်ထူထပ်စွာ ပေါက်နေပြီဖြစ်သည်။
သူသည် ဗောက်ဝက်ဂွန်းကားကလေးဖြင့် မောင်းနှင်လာခဲ့ရာ လမ်းဟူ၍ ပီပီပြင်ပြင် မရှိသဖြင့် မြေရိုင်း ပေါ်တွင်သာ ကြိုးစားမောင်းနှင်ခဲ့ရသည်။ ယခင်က ရှိခဲ့သော လူသွားလမ်း သို့မဟုတ် လှည်းလမ်းများ လည်း ပျောက်နေပြီဖြစ်၍ ခဲခဲယဉ်းယဉ်း မောင်းရလေသည်။
သူ သွားချင်သောနေရာသို့ ရောက်လုနီးသောအခါ မည်သို့မျှ ဆက်မောင်း၍ မရတော့သဖြင့် မော်တော် ကားကို ရပ်ထားလိုက်ပြီး ခြေကျင် ဆက်လျှောက်သွားရလေသည်။ နောက်ဆုံးတွင် သူ သွားချင်သည့် ရေအိုင် များ ရှိရာ ဒေသသို့ ရောက်သွားသောအခါ ညနေစောင်း၍ နေ၀င်လုပြီဖြစ်သည်။
ခရိတ်သည် ထိုနေရာတွင်ပင် စခန်းချကာ မြို့မှ ယူဆောင်လသော စောင်များခင်း၍ အိပ်လိုက်ရာ နှစ်နှစ် ခြိုက်ခြိုက် ပင် အိပ်ပျော်သွားလေသည်။ တစ်ရေးမှမနိုး၊ အိပ်မက်လည်း မမက်ဘဲ တောက်လျှောက် အိပ်ပျော် သွားရာ နံနက်လင်းမှပင် နိုးလာလေသည်။ ထိုအခါ သူ၏ ကျောပိုးအိတ်တွင် ပါလာသော စည်သွတ်ဘူး စားစရာများနှင့် ကော်ဖီကျို၍ စားသောက်လေသည်။
စားသောက် ပြီးသော ကျောပိုးအိတ်နှင့် စောင်များကို သူစခန်းချရ ၀က်သစ်ချပင်အောက်မှာပင် ထားခဲ့၍ မြစ်ကမ်း ဆီသို့ လျှောက်သွားလေသည်။
ခြေကျင်လျှောက်ရသဖြင့် ခရိတ်သည် ဧက တစ်သိန်းကျော်ရှိသော မြေကွက်ကြီးတွင် နေရာနှံ့အောင် သွားကြည့်ရန် မဖြစ်နိုင်သော်လည်း ချီဇာရီ မြစ်က ယင်းမြေကွက် အလယ်ဗဟို သွေးကြောသဖွယ် ဖြစ်နေ ပေသည်။ ထို့ကြောင့် သူသည် မြစ်ကမ်း နားဆီသို့ လျှောက်ကြည့်ခြင်းဖြစ်လေသည်။ ဤမြစ်ကမ်း နေရာတစ်ဝိုက်ရှိ အခြေအနေကို အကဲခတ် ကြည့်ခြင်းအားဖြင့် မြေကွက်ကြီးတစ်ခုလုံး၏ အခြေအနေကို ခန့်မှန်း သိရှိနိုင်မည်ဖြစ်ပေသည်။
မြစ်အနီးသို့ ရောက်သွားလျှင် ဤနေရာ၌ တောရိုင်းတိရစ္ဆာန်တွေ အတော်များများ ရှိနေသည်ကို ချက်ချင်း သတိပြု မိလေသည်။ အထူးသဖြင့် မျိုးဆက်ပြုတ်လုမတတ် ရှးပါးလှသော တိရစ္ဆာန်များပါ ကျန်ရှိ နေသေးကြောင်း တွေ့ရသည်။ ရေစပ်နားတွင် ယမန်နေ့ညက ရေလာသောက်သွားသော ကျားသစ် ခြေရာ များ ထင်ရှားစွာ တွေ့ရသည်။
မြစ်ကမ်းတစ်နေရာတွင်လည်း အလွန်ရှားပါးသော သမင်တစ်မျိုးစင်စွန့်သွားခြင်းကို မြင်ရသဖြင့် ဤမြေ ကွက်ဒေသသည် မူလသဘာဝအခြေအနေအတိုင်း ရှိသေးသဖြင့် တောရိုင်းတိရစ္ဆာန်များ သွားလာ ကျက်စား နေကြသေးကြောင်း တထစ်ချတွက်မိလေသည်။
ခရိတ်သည် နေ့လယ်စာအဖြစ် သူ မြို့မှ သယ်ဆောင်လာသော ၀က်အူချောင်းစသော စားစရာများကို စားသောက် လိုက်သည်။ ထို့နောက် မြစ်ကမ်းမှ သစ်ပင်တောအုပ်များရှိရာသို့ လျှောက်သွားကြည့်ပြန် လေသည်။
ချုံနွယ်ပိတ်ပေါင်း ထူထပ်သော မြေရိုင်းဖြစ်သော်လည်း တစ်ချိန်က အမဲပစ်ရန် သွားသည့် လူသွားလမ်း များ ၏ အစအနရှိနေသေးသဖြင့် ခရိတ်သည် ထိုလူသွားလမ်းဟောင်းများကို ရှာဖွေရင်း ဖြည်းဖြည်းချင်း လျှောက်သွား လေသည်။ ကိုယ်တစ်ရာမျှ လမ်းဟောင်းများကို ရှာဖွေရင်း ဖြည်းဖြည်းချင်း လျှောက်သွား လေသည်။ ကိုက်တစ်ရာမျှ သွားမိသော် တောအုပ်များအကြား မြေကွက်လပ်ငယ်တစ်ခု တွေ့ရလေ သည်။
တောထဲ၌ ယခုလို မြေကွက်လပ် တွေ့ရခြင်းအားဖြင့် လူတို့ခုတ်ထွင် ရှင်းလင်းထားသော မြေကွက် လပ် ဖြစ်ကြောင်း ထင်ရှားပေသည်။ သေချာစွာ လေ့လာကြည့်ရှုသောအခါ မွေးမြူရေး နွားများထားရှိ ခဲ့သည့် အမှတ်အသား လက္ခဏာများလည်း တွေ့ရပြန်သည်။ ကွက်လပ်၏ တစ်နေရာတွင်ကား အလွန် ရှားပါးပြီး မျိုးပြုန်း လုမတက်ဖြစ်နေသော ကြံ့နက်သတ္တ၀ါများ ကျက်စားသည့် အရိပ်အယောင်များကို တွေ့ရ လေသည်။
ကြံ့နက်သတ္တ၀ါများမှာ ကြံ့ဖြူဟုခေါ်သော ကြံ့မျိုးနှင့် မတူချေ။ အလွန်ရှားပါးပြီး မကြာမီ မျိုးဆက်ပြုတ် တော့မည့် အန္တရာယ်ရှိနေပြီဟု သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပါရဂူများက ဆိုကြသည်။ ထို့ကြောင့် ခရိတ်အနေဖြင့် ဤဒေသတွင် ကြံ့နက်များရှိနေသေးကြောင်း သိရသောအခါ အလွန် အံ့သြမိသလောက် ၀မ်းသာအားရ ဖြစ်မိလေသည်။
ကြံ့နက် များသည် အစာစားရာ၌ပင် သာမန်ကြံ့ဖြူများနှင့် မတူချေ။ ကြံ့ဖြူက မြက်ပင်များ စားသော်လည်း ကြံ့နက် သည် သစ်ပင်များ၏ အောက်ခြေနားရှိ သစ်ကိုင်းသစ်ရွက်များ၊ ချုံနွယ်များကို စားတတ်သည်။
သဘာဝအားဖြင့် စိတ်တိုလာပြီး တိုက်ခိုက်တတ်သည်။ စိတ်တိုလာလျှင် တွေ့သမျှကို တရကြမ်း တိုက် ခိုက်လေ့ ရှိသည်။ တွေ့သမျှဆိုရာ၌ လူနှင့်တိရစ္ဆာန်များ သာမက ကုန်တင်လော်လီကားများ၊ မီးရထား စက်ခေါင်း များကိုပင် အတင်းဝင်တိုက်ခိုက်တတ်လေသည်။
ဇင်ဘာဘွေနိုင်ငံ ပြည်တွင်းစစ် မဖြစ်မီ တစ်ချိန်က ဇမ်ဘေဇီမြစ်ဝှမ်းတွင် အလွန်သောင်းကျန်းသော ကြံ့နက်ကြီး တစ်ကောင် ရှိခဲ့ဖူးသည်။ သူသွားလာကျက်စားရာ နေရာအနီး မီးရထားလမ်းနှင့် မော်တော် ကားလမ်းများ ဖော်လုပ်လျက်ရှိရာ ကြံ့နက်ကြီးသည် လူတို့၏ ယာဉ်များကို မျက်စိ နောက်လာသဖြင့် အတင်း ၀င် တိုက်ခိုက်ခဲ့လေသည်။
ကုန်တင်လော်လီကားများကို ရှေ့တည့်တည့်မှ ဦးချိုကြီးဖြင့် အတင်းဝင်တိုက်ခိုက်သဖြင့် လော်လီ ကား၏ ရေတိုင်ကီ များပင် ပေါက်ကွဲ ပျက်စီးသွားခဲ့လေသည်။ ယင်းသို့ မော်တော်ကားများကို တိုက်ခိုက် ဖျက်ဆီးပစ်ပြီးနောက် ကြံ့ကြီးလည်း ကျေနပ်အားရသွားဟန်ဖြင့် တောထဲသို့ ပြန်ဝင်သွားခဲ့လေသည်။
နောက် များမကြာမ ၀ိတိုရိယရေတံခွန်စခန်းသို့ ခုတ်မောင်းသွားလာသည့် အမြန်မီးရထားကြီးကို ၀င် တိုက်ခိုက် ပြန်လေသည်။
သည်တစ်ခါတော့ မီးရထားစက်ခေါင်းက ထုထည်ကြီးမားပြီး တစ်နာရီမိုင် နှစ်ဆယ်နှုန်းဖြင့် ခုတ်မောင်း လာရာ ကြံ့ကြီးကလည်း သူ၏ ကိုယ်အလေးချိန်နှစ်တန်ခန့်ရှိသည့် ခွန်အားကို အပြည့်သုံးလျက် ရထား စက်ခေါင်း ကို ၀င်တိုက်ခိုက်သောကြောင့် ရထားရပ်သွားပြီး ကြံ့ကြီးလည်း ဒဏ်ရာပြင်းစွာရကာ သေဆုံး သွားလေ တော့သည်။
ခရိတ်သည် ကြံ့နက်စွန့်သွားသော မစင်များကို ကြည့်ပြီး ခန့်မှန်းတွက်ကြည့်ရာ လွန်ခဲ့သော ဆယ်နာရီ အတွင်း ဤနေရာသို့ ကြံ့ကြီး လာသွားကြောင်းသိရသဖြင့် ၀မ်းမြောက်ကျေနပ် သွားမိလေသည်။ ခြေရာ များကို ကြည့်ခြင်းအားဖြင့် ကြံ့တစ်ကောင်သာမဟုတ်။ ကြံ့ထီးတစ်ကောင်၊ ကြံ့မတစ်ကောင်နှင့် သားငယ်ကြံ့ကလေး တစ်ကောင်ပါ သုံးကောင်လာသွားကြောင်း သိရလေသည်။
ကြံ့နက်သည် အလွန်ရှားပါးသော သတ္တ၀ါဖြစ်၍ တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ကြံ့နက်ကောင်ရေ တစ်ထောင် မျှပင် မကျန်တော့ဟု ဆိုကြလေသည်။ ထို့ကြောင့် ခရိတ်က ယခု ဤနေရာဒေသတွင် ကြံ့နက်အချို့ ကျန်ရှိ သေးကြောင်း သိရသည်တွင် သူစိတ်ကူးထားသော အကြံအစည်အတွက် ၀မ်း မြောက်အားတက်ဖွယ်ရာ ဖြစ်နေ ၍ ကျေနပ်အားရမိခြင်းဖြစ်လေသည်။
ခရိတ်သည် ဆက်လက်လျှောက်သွားကြည့်ရာ အခြားတောရိုင်းတိရစ္ဆာန်များ၊ ကျေးငှက်များကိုလည်း တွေ့ရ လေသည်။ တစ်နေရာတွင် ကျေးငှက်များ အုပ်လိုက်ပျံသွားသည်ကို မြင်ရလေရာ သားရဲတိရစ္ဆာန် တစ်ကောင် ကောင်ရှိ၍ ဖြစ်ရမည်ဟု တွက်မိလျက် အထူးသတိထား ကြည့်နေလေသည်။
သူကြည့်နေစဉ်မှာပင် ရှေ့ကိုက်သုံးဆယ်မျှသာ ကွာဝေးသော ချုံပုတ်အတွင်းမှ အလွန်ထွားကျိုင်းသော ကြံ့ကြီးတစ်ကောင် ထွက်လာလေသည်။ ခရိတ် အံ့အားသင့် တုန်လှုပ်သွားမိသော်လည်း မလှုပ်မယှက် ရပ်နေ လိုက်သည်။ အကယ်၍ ကြံ့ကြီးက သူရှိရာသို့ ပြေးဝင် တိုက်ခိုက်ပါက သူ၏ ကိုယ်ကို တစ်ဖက်သို့ ပစ်လှဲ တိမ်းရှောင်ရန်လည်း အသင့် ပြင်ထားလိုက်သည်။
ကြံ့ကြီး သည် ခြေလှမ်းဆယ့်ငါးလှမ်းခန့်အကွာမှ ရပ်ပြီး ခရိတ်အား စိုက်ကြည့်နေလေသည်။ သူ၏ ခန္ဓာ ကိုယ် ကြီးလည်း ၀ဲယာနှစ်ဖက်သို့ ယိမ်း၍ လှုပ်ရှးနေရာ ခရိတ်သည် သင့်ပါလာသော ဓားမြှောင်ကို လက်တစ်ဖက် ဖြင့် ဆုပ်ကိုင် လိုက်သည်။
ကြံ့ကြီးသည် အနည်းငယ် ရှေ့သို့ တိုးလာပြန်သည်။ ကြံ့သတ္တ၀ါတို့သည် မျက်လုံးအားမကောင်းဘဲ အဝေးသို့ ကောင်းစွာ မမြင်နိုင်ကြချေ။ သို့သော် ယခုကဲ့သို့ နီးကပ်လာလျှင်ကား လှုပ်ရှားမှု မှန်သမျှကို မြင်နိုင် လေသည်။ ထို့ကြောင့် ခရိတ်သည် အန္တရာယ် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ရိပ်မိလေသည်။
ဤတွင် အကြံတစ်ခုရလာသဖြင့် ခရိတ်သည် သူ၏ ဓားမြှောင်ကို ကြံ့ကြီးကိုယ်ပေါ်မှကျော်၍ နောက် ဘက်ရှိ ချုံဖုတ်များရှိရာသို့ တအား လွှဲပစ်လိုက်သည်။ ဓားသည် ချုံဖုတ်ပေါ်သို့ကျရောက်ချိန်၌ အသံ မြည်သွား လေရာ ကြံ့ကြီးသည် အလွန်လျင်မြန်စွာ နောက်သို့ ပြန်လှည့်၍ အသံကြားရာ နေရာဆီသို့ (ရန်သူ ရှိသည် ထင်မှတ်လျက်) တအား ပြေးလွှားကာ ဦးချိုကြီးနှင့် အတင်းတိုက်ခိုက်လေတော့သည်။
ကြံ့ကြီး၏ ပြေးလွှားတိုက်ခိုက်ပုံမှာ စစ်မြေပြင်တွင် သံချပ်ကာ (တင့်ကား)ကြီးတစ်စီး တရကြမ်းမောင်း ၀င် တိုက်ခိုက်ပုံ နှင့် တူလှပေသည်။
ချုံပုတ်အတွင်း၌ ဘာမှမရှိဘဲ အတင်းဝင်ဝှေ့တိုက်ခြင်းသာဖြစ်ရာ ကြံ့ကြီးသည် ချုံပုတ်ကို ထွင်းဖောက် ကျော် သွားပြီးနောက် တစ်ဖက်သို့ ရောက်သွားသော်လည်း ရန်သူကို ရှာဟိုဟန်ဖြင့် ဆက်လက်ပြီး ပြေးသွား လေသည်။
သည်တော့မှ ခရိတ်လည်း သက်ပြင်းချနိုင်တော့လျက် မြေကြီးပေါ်တွင် ခေတ္တထိုင်၍ အပန်းဖြေ နေ လိုက်သည်။
ခရိတ်၏ အကြံမှာ ဤမြေကွက်ကြီးပတ်ဝန်းကျင် သဘာဝအနေအထားကို ကမ္ဘာလှည့်ခရီးသွား ဧည့်သည် (တိုးရစ္စ) များ စိတ်ဝင်စားလိမ့်မည်ဟု ယူဆလျက် ' တောရိုင်းတိရစ္ဆာန်များ လွတ်လပ်စွာ နေကြပုံကို လေ့လာ ကြည့်ရှုနိုင်သည့် စခန်းတစ်ခု' အဖြစ် ဖန်တီးကာ စီးပွားရေးလုပ်ရန်ပင်ဖြစ်သည်။
ထို့ကြောင့် ယခု သူသည် မြေယာဒေသ အခြေအနေကို လေ့လာကြည့်ရှုနေခြင်းဖြစ်လေသည်။ တိုးရစ္စ စခန်း ဖြစ်လာအောင် မည်သို့မည်ပုံ ပြုပြင်ဖန်တီးရမည်ကိုလည်း သူသည် စိတ်ကူးထားပြီးဖြစ်သည်။
ဥပမာ တောရိုင်းတိရစ္ဆာန်များ ရေလာသောက်ချင်စဖွယ် ရေအိုင်များ ဖန်တီးထားခြင်းအားဖြင့် လာရောက် ကြည့်ရှုသူ တိုးရစ္စများသည် တိရစ္ဆာန်များအား ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နိုင် မည်ဖြစ် ပေသည်။
ဤနေရာသို့ သွားလာရေးကလည်း လွယ်ကူနေသည်။ ကမ္ဘာလှည့် တိုးရစ္စခရီးသည် အများဆုံး လာရောက် လေ့ရှိသော နာမည်ကျော် ၀ိတိုရိယရေတံခွန်စခန်းမှဆိုလျှင် လေယာဉ်ခရီးနှင့် တစ်နာရီခန့် လာလျှင် ရောက်နိုင် ပေသည်။
ကမ္ဘာ့ တိုးရစ္စခရီးသွားလာရေးလုပ်ငန်း အေဂျင်စီ ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး ၀ိတိုရိယ ရေတံခွန်ကြီး သို့ လာရောက် ကြည့်သူများ ဤနေရာသို့ ဆက်လာအောင် စီစဉ်နိုင်ပေသည်။
အထူး သဖြင့် တောရိုင်းတိရစ္ဆာန်များ သဘာဝအလျောက် လွတ်လပ်စွာ နေကြသည်ကို လေ့လာကြည့်ရှု နိုင်ခြင်းကြေင့် တိုးရစ္စခရီးသည်များသည် ဤနေရာသို့လာရန် စိတ်ဝင်စားကြမည်မှာ သေချာပေသည်။
ခရိတ်သည် ဤနေရာတွင် ခရီးသည်များ တည်းခိုနေထိုင်ရေး၊ စားရေးသောက်ရေးမှစ၍ အစစ အဆင်ပြေ အောင် တိုးရစ္စစခန်းများကျနစွာ ဖန်တီးဆောက်လုပ်ထားရန်လည်း စိတ်ကူးထားပြီးဖြစ်သည်။
အစားအသောက်ဆိုလျှင်လည်း ဥရောပတိုက်သား မျက်နှာဖြူ လူမျိုးတို့ အကြိုက်ရှန်ပိန်အရက် အပါအ၀င် ယမကာ မျိုးစုံ၊ အနောက်တိုင်း အစားအသောက်မျိုးစုံ ၀ယ်ယူစားသောက်နိုင်အောင်လည်း စီစဉ် ထားမည် ဖြစ်သည်။
တိုးရစ္စခရီးသည်များကို ဒေသအခြေအနေအကြောင်း ရှင်းလင်းပြောပြရင်း လိုက်ပြသည့် တိုရစ္စဂိုက်ခေါ် လမ်းပြရွှေကြိုများလည်း အဆင်သင့်ရှိအောင် ရွေးချယ်ခန့်ထားမည်ဖြစ်သည်။
နေ့ဘက်တွင် တိုးရစ္စခရီးသည်များအား ခြေကျင်သွား၍ တစ်မျိုး၊ လင်းရိုဗာကားများဖြင့် တစ်ဖုံ၊ တော ရိုင်းတိရစ္ဆာန် များ ကျက်စားရာနေရာများကို သွားရောက်ကြည့်ရှုလေ့လာစေပြီး၊ ညနေဘက် မောမော ပန်းပန်း နှင့် စခန်းသို့ပြန်သောအခါ တည်းခိုဆောင်များတွင် အဲယားကွန်ဒီးရှင်း လေအေးစက် တပ်ဆင် ထား သည့် အခန်းများ၌ သက်သောင့်သက်သာ အနားယူနိုင်အောင် စီစဉ်ထားမည့်အပြင်၊ ဧည့်သည် များအား ပြုစုရန် အတွက် ချောမောလှပသော မိန်းကလေးများကို (လေယာဉ်မယ်များလို) ဧည့်ခံရေး တာဝန် ပေးထားမည် ဖြစ်သည်။
ထို့ပြင် အချို့ညများတွင် တောရိုင်းတိရစ္ဆာန်များအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်ကားများပြခြင်း၊ တောရိုင်း တိရစ္ဆာန်များ အကြောင်း ကျွမ်းကျင်သူ ပါရဂူများက ဗဟုသုတဖြစ်ဖွယ် ဟောပြော ပို့ချခြင်း တို့ ကိုလည်း စီစဉ်ပေးရန် ခရိတ် က ရည်ရွယ်လေသည်။
ညနေစောင်း ၍ နေ၀င်လုချိန်ကျမှပင် ခရိတ်သည် သူစခန်းချရာ ၀က်သစ်ချပင်ရှိရာသို့ ပြန်လျှောက် လာခဲ့ လေသည်။ အတော်ဝေးဝေး လျှောက်ကြည့်ခဲ့ခြင်းကြောင့်ခြေအတု တပ်ဆင်ထားသည့် သူ၏ခြေတစ်ဖက်မှာ နာကျင် ကျိန်းစပ်နေသည့်ပြင် တစ်နေကုန် နေပူထဲသွားခဲ့ရသဖြင့် အသားများ နေလောင်ပြီး အထူးပင် ပင်ပန်း နွမ်းနယ်နေလေရာ ညနေစာ စားချင်စိတ်ပင် မရှိသလောက်ဖြစ်နေတော့သည်။
ခရိတ်သည် သူ၏ ခြေတုကို ခေတ္တဖြုတ်ထားလိုက်ပြီးနောက် အသင့်ပါလာသော ၀ီစကီပုလင်းမှ တစ်ခွက်ငှဲ့သောက်လိုက်သည်။ ထို့နောက် သစ်ပင်ရင်းတွင် စောင်များဖြန့်၍ လှဲအိပ်ချလိုက်ရာ ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။
ညဥ့်သန်းခေါင်ယံတွင် ခေတ္တနိုးလာပြီး ထ၍အပေါ့သွားစဉ် ခပ်လှမ်းလှမ်းမှ ခြင်္သေ့ကြီးများ၏ ဟိန်းဟောက် သံများ ကိုပင် ကြားရလေသည်။ သို့သော် ခရိတ်သည် အိပ်ချင်နေသဖြင့် ပြန်၍ အိပ်လိုက်ရာ နှစ်ခြိုက်စွာပင် အိပ်ပျော် သွားလေသည်။
နံနက်မိုးလင်းသည်နှင့် သစ်ပင်ထက်မှ ခိုရိုင်းငှက်များ၏ ဆူညံစွာ မြည်သံကြောင့် အိပ်ရာမှ နိုးလာလေ သည်။ ထိုအချိန်၌ ခရိတ်သည် (ညက ဘာမှ မစားခဲ့ခြင်းကြောင့်) အလွန်ဆာလောင်မွတ်သိပ်လျက် ရှိနေပြီ ဖြစ်သည်။ သူ၏ စိတ်သည်လည်း (အမေရိကန်ပြည် နယူးယောက်မြို့မှာ နေစဉ်ကလို မဟုတ်တော့ဘဲ) အထူး ကြည်လင် လန်းဆန်းလျက်ရှိလေသည်။
ပါလာသော စားစရာများကို နံနက်စာအဖြစ် စားသောက်ပြီးနောက် ခရိတ်သည် အာဖရိကထုတ် စိုက်ပျိုး မွေးမြူရေး ဂျာနယ်စာအုပ်တစ်အုပ်ကိုယူ၍ ရေစပ်နားသွားကာ သဲသောင်ပြင် တစ်နေရာတွင် ဂျာနယ် စာအုပ် ကို ထိုင်ဖတ်နေလေသည်။
ယင်း ဂျာနယ်တွင် စိုက်ပျိုးမွေးဖြူရေးသမားများအတက် မြေယာကွက်များ၊ ဥယျာဉ်ခြံမြေများ၊ မွေးမြူ ရေးတိရစ္ဆာန် များ ရောင်းချရန်ရှိကြောင်း ကြော်ငြာများပါသဖြင့် ခရိတ်သည် ကြော်ငြာများကို လေ့လာ ကြည့်ရင်း သူ၏အကြံအစည်အတွက် ကုန်ကျမည့် စရိတ်စကများကို စိတ်တွက် တွက်ကြည့်မိလေသည်။
ကင်းလင်း အမည်ရှိ ခြံမြေအပါအ၀င် သူ၏ဘိုးအေကြီး ပိုင်ဆိုင်ခဲ့သော မြေကွက်တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ပြန်လည်ထူထောင်ပါက ကုန်ကျမည့်စရိတ်ကို တွက်မိသောအခါ အဆမတန် များပြားနေသဖြင့် ခရိတ် သည် အားလျော့သွားမိပြန်သည်။
ယင်းမြေကွက်ကို ၀ယ်ယူခဲ့သော နိုင်ငံခြားကုမ္ပဏီက မူလကရှိခဲ့သောမွေးမြူရေးတိရစ္ဆာန်များကို ဒေါ်လာ ငွေဆယ့်ငါးသိန်း ဖြင့် ရောင်းချခဲ့သော်လည်း ယခုဆိုလျှင် ဈေးနှုန်းတွေက အဆမတန် တက်နေပြီဖြစ်သည်။
အကယ်၍ ယခု သူသည် မွေးမြူရေးလုပ်ငန်း လုပ်မည်ဆိုပါက သားစပ်နွားသိုးကောင်များ၊ မျိုးကောင်း နို့စားနွား များကို စတင်ဝယ်ယူပြီး တဖြည်းဖြည်း တိုးချဲ့သွားရမည်ဖြစ်သည်။
ဤသို့ အနည်းအကျဉ်းမျှဖြင့် လုပ်ငန်းစတင်မည်ဆိုလျှင်ပင် ကုန်ကျစရိတ်က အတော်များမည်ဖြစ်သည်။ မွေးမြူရေးခြံ ကို အစက ပြန်လည် ထူထောင်ရမည်ဖြစ်ရာ လိုအပ်သော ပစ္စည်းကိရိယာများ ၀ယ်ယူခြင်း၊ ခြံကို အသစ် ပြန်လည်တည်ဆောက်ရခြင်းတို့ကြေင့် ငွေကုန်ကြေးကျ အလွန်များမည်ဖြစ်သည်။
ထို့ပြင် သူ စိတ်ကူးယဉ်မိသော၊ လုပ်ချင်နေသော ကမ္ဘာလှည့်ခရီးသည်စခန်းလုပ်ရမည့် စရိတ်စက သည်လည်း အမြောက်မြား ကုန်ကျမည်ဖြစ်ပေသည်။ ထို့ပြင် မြေကွက်တွင်း၌ လောလောဆယ် ရှိနေသော ကျူးကျော် တဲအိမ်များနှင့် ဆိတ်အုပ်များကိုပါ ဖယ်ရှားပစ်ရန် လိုအပ်ပေ သည်။
ခရိတ် သည် သူ၏ အဘိုးအေကြီး ဘာဝူတစ်ခါက ပြောခဲ့ဖူးသော စကားကို ပြန်လည် သတိရမိသည်။
' ဟေ့ ... မင်း အလုပ်တစ်ခုလုပ်ဖို့ ကုန်ကျစရိတ်တွက်တဲ့အခါ တွက်လို့ရတဲ့ ငွေပမာဏကို နှစ်ဆတိုးပြီးမှ စ လုပ်ကွ၊ ဒါမှ တော်ရုံကျမယ် '
ဤသို့လျှင် သူ၏အဘိုး ဘာဝူက ပြောခဲ့ဖူးလေသည်။
ခရိတ်သည် မွေးမြူရေးဂျာနယ် စာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး သဲသောင်ပြင်ပေါ်တွင် ပက်လက်လှန် အိပ်နေရင်း ဆက်လက် စဉ်းစားကြည့်လေသည်။
သူသည် အမေရိကန်တွင် နေစဉ်က သူ၏ ကိုယ်ပိုင်သင်္ဘောပေါ်တွင်သာ နေခဲ့ပြီး အခြားနာမည်ကြီး စာရေးဆရာ များလို အသုံးအဖြုန်းမကြီးဘဲ ခြိုးခြံချွေတာ၍ နေခဲ့သည်။
ခရိတ် ၏ စာအုပ်ကလည်း ကမ္ဘာပေါ်တွင် အရောင်းရ တွင်ကျယ်ဆုံး 'ဘတ်စ်ဆယ်လာ' စာရင်းဝင်ဖြစ်ပြီး အုပ်ရေ အမြောက်အများ ရောင်းရသဖြင့် ၀င်ငွေအထူးကောင်းခဲ့သည်။ နိုင်ငံခြားဘာသာ လေးဘာသာသို့ ဘာသာပြန် ထုတ်ဝေရခြင်း၊ ရုပ်မြင်သံကြးမှ ဇာတ်လမ်းအဖြစ် ဖန်တီးတင်ပြခြင်း၊ ရီးဒါး ဒိုင်ဂျက် မဂ္ဂဇင်းကြီး ထဲ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းတို့မှလည်း နောက်ထပ် ၀င်ငွေများ ရရှိခဲ့သည်။
ရရှိသော ၀င်ငွေများဖြင့် ခရိတ်သည် ရွှေနှင့်ငွေများ ၀ယ်ယူပြီး ရောင်းဝယ်ခြင်း၊ ကုမ္ပဏီ အစုရှယ်ယာများ ၀ယ်ရောင်းခြင်း လုပ်ခဲ့ရာတွင်လည်း ကံကောင်း၍ အမြတ်အစွန်းရရှိခဲ့သည်။ ယခုသူ၏ ၀င်ငွေ အားလုံး နီးပါး ကို ဆွစ်ဇာလန်နိုင်ငံသုံးငွေအဖြစ် လဲလှယ်ပြောင်းရွှေ့ထားပြီးဖြစ်သည်။
လိုအပ်လျှင် သူ၏သင်္ဘောကိုလည်း ရောင်းချနိုင်ပေသည်။ ဘာဝူဟူ၍ ဘိုးအေကြီး၏နာမည် ပေးထားသော သူ၏ သင်္ဘောကို လွန်ခဲ့သော တစ်လကပင် ဒေါ်လာတစ်သိန်းခွဲနှင့် ၀ယ်ယူလိုကြောင်း စကား ကမ်းလှမ်း လာခဲ့သေးသည်။ သို့သော် ထိုအချိန်က ခရိတ်သည် သင်္ဘောကို သံယောဇဉ်ဖြစ်မိ၍ မရောင်း ခဲ့ချေ။
နောက်တစ်နည်းက ငွေလိုအပ်လျှင် သူ၏ကိုယ်စားလှယ် (ဧဂျင်း)အက်ရှီအား စာအုပ်ထုတ်ဝေသူများထံမှ စာအုပ် သစ် တစ်အုပ်အတွက် စာမူခငွေ ကြိုတင်တောင်းလျှင်လည်း ဖြစ်သည်။
ဤသို့လျှင် ရှုထောင့်စုံမှ လေ့လာသုံးသပ်ကြည့်ပြီးနောက် ခရိတ်သည် စုစုပေါင်း ဒေါ်လာငွေတစ်သန်းခွဲ (ဆယ့်ငါးသိန်း) ခန့်ရှာ၍ ရနိုင်လိမ့်မည်ဟု ယုံကြည်မိသည်။
သူ့အနေဖြင့် ရရှိနိုင်သည့် အထက်ပါ အလားအလာများကို အကြောင်းပြု၍ ကမ္ဘာ့ဘဏ်ဒုတိယဥက္ကဌ မစ္စတာ ဟင်နရီ အား ချဉ်းသပ်အကူအညီတောင်းလိုက်လျှင် ဒေါ်လာငွေ တစ်သန်းခွဲချေးယူရရှိရန် ကောင်းစွာ ဖြစ်နိုင် ပေသည်။
ခရိတ်သည် ကြည်လင်အေးမြသော မြစ်ရေကို ငုံ့သောက်လိုက်သည်။ ဤချီဇာရီမြစ်သည် ဇမ်ဘေဇီ မြစ်ကြီး ၏ မြစ်လက်တက် တစ်ခုပင် ဖြစ်လေသည်။
မြစ်ရေ ကို သောက်ရင်း သူ စိတ်ကူးထားသော တိုးရစ္စကမ္ဘာလှည့် ခရီးသည်စခန်းကို နာမည်ပေးရန် စိတ်ကူး ရမိလေသည်။
စခန်း အမည်ကို ဇမ်ဘေဇီမြစ်ရေများဟုပင် အမည်ပေးလိုက်လျှင် မကောင်းပါလော။
ဤနာမည်မျိုး ဆိုလျှင် နိုင်ငံခြားသားအနေဖြင့် စိတ်ဝင်စားကြမည်မှာ သေချာပေသည်။
' ဇမ်ဘေဇီမြစ်ရေများ၊ ဇမ်ဘေဇီမြစ်ရေများ၊ ဟုတ်ပြီ ဒီနာမည်ပဲ ကောင်းတယ်၊ ဒီအတိုင်းပဲ နာမည်ပေးမယ် '
ခရိတ် သည် စိတ်ကူးယဉ်နေရာမှ စိတ်အားထက်သန်လာသဖြင့် ပါးစပ်ကပါ ရေရွတ်အော်ပြောလိုက်မိ သည်။
ထိုအခိုက် သူလဲလျောင်းနေရာအနီးမှ စကားပြောသံတစ်ခု ကြားလိုက်ရသဖြင့် အံ့အားသင့်သွားမိလေ သည်။
မာတာဘယ်လီ တိုင်းရင်းသားတို့ ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး -
' ဒီလူက ရှုးနေတာဖြစ်ရမယ်။ သူဟာ ဒီလိုနေရာမျိုးကို လက်နက်မပါဘဲ တစ်ယောက်တည်းလာတယ်။ ပြီးတော့ မိကျောင်းရှိတဲ့ မြစ်ကမ်းစပ်ကိုလာပြီး တစ်ယောက်တည်း သစ်ပင်တွေနဲ့စကားပြောနေတယ် '
ဟု ပြောလိုက်ခြင်း ဖြစ်လေရာ ခရိတ်မှာ မာတာဘယ်လီတိုင်းရင်းသားတို့ ဘာသာစကား တတ်ကျွမ်း သဖြင့် ကောင်းစွာ နားလည်လေသည်။
သူသည် ကပျာကယာထ၍ အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူနှင့် ခြေလှမ်းဆယ်လှမ်း အကွာ တွင် ရပ်ကြည့်နေသော တိုင်းရင်းသား လူမည်းသုံးဦးကို မြင်ရလေသည်။
သုံးယောက်စလုံးမှာ ဇင်ဘာဘွေ ပြည်တွင်းစစ်ကာလအတွင်းက တိုင်းရင်းသား ပြောက်ကျားများ ၀တ်ဆင်လေ့ ရှိသော ယူနီဖောင်းအဟောင်းများ ၀တ်ဆင်ထားပြီး အေကေ ၄၇ မောင်းပြန် ကိုင်ဆောင် သော လက်နက်ကို မြင်ရုံနှင့် ခရိတ်သည် ထိုလူများသည် မည်သူတွေဖြစ်ကြောင်း ရိပ်မိလေသည်။
ယခု လွတ်လပ်သော ဇင်ဘာဘွေနိုင်ငံ၏ တရားဝင် စစ်တပ်များသည် ဗြိတိသျှစစ်တပ်သုံးကာကီစိမ်း ယူနီဖောင်းဝတ်ဆင်ပြီးကိုင်သည့် လက်နက်များကလည်း နေတိုးမဟာမိတ်အဖွဲ့တပ်များ အသုံးပြုသည့် ခေတ်မီ လက်နက်များ ဖြစ်ကြသည်။
ယခု လူသုံးယောက်၏ ၀တ်ဆင်ထားပုံနှင့် အေကေ ၄၇ ရိုင်ဖယ်သေနတ်တို့ကိုကြည့်ခြင်းအားဖြင့် သူတို့ သည် (တစ်ချိန်က မျက်နှာဖြူ အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ပြီး ယခု ဖျက်သိမ်းထားသော) ဇင်ဘာဘွေ ပြည်သူ့တော်လှန်ရေးတပ်မှ တပ်သားဟောင်းများဖြစ်ကြောင်း ထင်ရှားနေပေသည်။
ယင်းတော်လှန်ရေးတပ်မှ လူအချို့သည် သူတို့တပ်ဖျက်သိမ်းချိန်တွင် လက်နက်များပြန်မအပ်ဘဲ နိုင်ငံရေး သူပုန်များ အဖြစ် တောခိုကာ ဆက်လက်လှုပ်ရှားနေကြကြောင်းကိုလည်း ခရိတ်က သိထား ပေသည်။ တစ်နည်း အားဖြင့် ထိုလူများသည် လက်ရှိတရားဝင် ဇင်ဘာဘွေ (လူမည်း) အစိုးရအား ဆန့်ကျင် နေကြသူများ ဖြစ်လေသည်။
အထက်ပါအချက်များကို ခရိတ်က ကြိုတင်သိထားသော်လည်း ယခု ပြေက်ကျားသူပုန်သုံးဦးနှင့် ထိပ် တိုက် ရင်ဆိုင် တွေ့လိုက်ရသောအခါ အံ့အားသင့်တုန်လှုပ်မိလေသည်။
တိုင်းရင်းသား လူမည်းသုံးဦးသည် အချင်းချင်း စကားပြေနေကြပြန်သည်။
' ဒီလူကို အရှင်ဖမ်းစရာမလိုဘူး။ ပစ်သတ်ပြီး တစ်နေရာမှာ တိတ်တိတ်မြှုပ်ထားလိုက်ရင်ပြီးတာပဲ။ ဒီနည်းက ပြန်ပေး ဓားစားခံဆွဲတာနဲ့ သဘောတရားအတူတူပဲ ဟုတ်လား '
ပြောက်ကျားသုံးဦးအနက် အငယ်ဆုံးလူက ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ အသက်က နှစ်ဆယ့် ငါးနှစ်ခန့် သာ ရှိသော်လည်း လူအတော်များများ သတ်ခဲ့ဖူးသည့် အတွေ့အကြုံရှိရမည်ဟု ခရိတ်က ခန့်မှန်း မိလေသည်။
ဒုတိယပြောက်ကျား (ပထမလူထက် အနည်းငယ်သာ အသက်ကြီးပုံရသူ)က ပြောပြန်သည်။
' ၀ိတိုရိယရေတံခွန်စခန်းသွားတဲ့လမ်းမှာ ကျုပ်တို့ ပြန်ပေးဆွဲခဲ့တဲ့ ဓားစာခံခြောက်ယောက်က အများကြီး ဒုက္ခ ပေးခဲ့တယ်။ နောက်ဆုံးကျတော့ သူတို့ကို ပစ်သတ်လိုက်ရတာပဲမဟုတ်လား '
ဤသို့ပြောရင်း လူငယ်နှစ်ဦးစလုံးက တတိယမြောက်လူကို လှမ်းကြည့်လိုက်ကြသည်။ ခရိတ်သည် ဒုတိယ ပြောက်ကျား ပြောလိုက်သော ပြန်ပေးဆွဲမှုအကြောင်း မှတ်မိလေသည်။
ဝိတိုရိယ ရေတံခွန်ကြီးသို့ သွားသည့်လမ်းတွင် တိုးရစ္စခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီးကို ပြောက်ကျား သူပုန်များက လမ်းမှ ရပ်တန့်စေပြီး လူခြောက်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။ ထိုလူခြောက်ဦးမှာအမေရိကန်နှင့်ကနေဒါနိုင်ငံသားများဖြစ်ပြီး ဗြိတိန် နိုင်ငံသား တစ်ဦး ပါဝင်သည်။
ယင်းသို့ ပြန်ပေးဆွဲခြင်းအတွက် သူပုန်တို့၏ တောင်းဆိုချက်က ဇင်ဘာဘွေနိုင်ငံရှိ နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရမည်ဟု ဆိုလေသည်။ ဇင်ဘာဘွေအစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် တရားဝင် စစ်တပ်တို့ က အစွမ်းကုန် ကြိုးစား၍ ရှာဖွေခဲ့သော်လည်း ဓားစာခံများကို လုံးဝရှာမတွေ့ခဲ့ချေ။
အထက်ပါဖြစ်ရပ် ကို ခရိတ် မှတ်မိလေသည်။
ပြောက်ကျားသုံးဦးအနက် ခေါင်းဆောင်နှင့်တူသော တတိယလူသည် ခရိတ်အား အတန်ကြာကြာ စိုက် ကြည့်နေပြီးနောက် သူ၏ အေကေ ၄၇ ရိုင်ဖယ်သေနတ်၏ မောင်းပြန် (အော်တိုမက်တစ်) ခလုတ်ကို ဆွဲတင် လိုက်သည်။
တကယ်ပစ်ခတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်၍ ခရိတ်လည်း တစ်ခုခုလုပ်မှဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက် သည်။
' မာတာ ဘယ်လီ တိုင်းရင်းသား အစစ်အမှန်ဆိုတာ ကိုယ့်လူမျိုး အုပ်စုရဲ့ သွေးချင်းညီအစ်ကို တစ်ယောက် ကို ဘယ်တော့မှ မသတ်ဘူး '
ခရိတ် က မာတာဘယ်လီ တိုင်းရင်းသား ဘာသာစကားဖြင့် ပြောလိုက်လေသည်။ သူသည် ယင်း ဘာသာ စကား ကို အထူးကျွမ်းကျင်စွာ တတ်မြောက်သဖြင့် ပြောလိုက်ပုံက တကယ့် တိုင်းရင်းသား လူမည်း မာတာဘယ်လီ အမျိုးသားတစ်ယောက်၏ လေသံအတိုင်း ဖြစ်နေရာ ပြောက်ကျား ခေါင်းဆောင် သည် အကြီး အကျယ် အံ့အားသင့်သွားမိတော့သည်။
' အလို ခင်ဗျား စကားပြောတာ တကယ့်ယောက်ျားပီသတဲ့ လူတစ်ယောက်ပြောသလိုပါပဲလား။ ဒါပေမဲ့ ခင်ဗျား က ကျုပ်တို့နဲ့ သွေးချင်းညီအစ်ကို တော်တယ်လို့ ဆိုရအောင် ခင်ဗျားနဲ့ ညီအစ်ကိုရင်းလို ခင်မင်တဲ့ မာတာဘယ်လီ အမျိုးသား ရှိလို့လား အဲဒီလူက ဘယ်သူလဲ '
ပြောက်ကျား ခေါင်းဆောင်က တိုင်းရင်းသား ဘာသာစကားဖြင့် မေးလိုက်လျှင် ခရိတ်ကလည်း သူတို့ ဘာသာ စကားဖြင့် သွက်လက်စွာ ပြန်ဖြေလိုက်သည်။
' ကျုပ်နဲ့ သွေးချင်း ညီအစ်ကိုဟာ တခြားလူ မဟုတ်ဘူး။ ရဲဘော်ဝန်ကြီး တွန်ဂါတာ ပဲဖြစ်တယ် '
( မှတ်ချက်။ ။ တွန်ဂါတာဆိုသူမှာ ခရိတ်နှင့် တကယ့်ညီအစ်ကိုရင်းကဲ့သို့ ခင်မင်ရင်းနှီးခဲ့သူ မာတာ ဘယ်လီ အမျိုးသား တစ်ဦးဖြစ်သည်။ ယခု လွတ်လပ်သော ဇင်ဘာဘွေနိုင်ငံတွင် ရှိုနာ တိုင်းရင်းသား လူမျိုး အုပ်စုက အများစုအဖြစ် အာဏာရနေသော်လည်း မာတာဘယ်လီ လူမျိုးအုပ်စုကိုလည်း အထိုက် အလျောက် အာဏာခွဲပေးရန်လိုသဖြင့် တွန်ဂါတာက ၀န်ကြီးတစ်နေရာ ရရှိထားပေသည်။ )
ဝန်ကြီးတွန်ဂါတာ ၏ နာမည်ကို ခရိတ်က ပြောလိုက်သည်နှင့် ပြောက်ကျားသုံးဦးစလုံးသည် အကြီး အကျယ် အံ့အားသင့် တုန်လှုပ်သွားကြလေသည်။ စောစောက ခရိတ်အားပစ်သတ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုတော့ ဘာလုပ်ရမှန်းမသိတော့သလို ဖြစ်သွားကြသည်။ သို့ရာတွင် ခေါင်း ဆောင်လုပ်သူ၏ မောင်းပြန် ရိုင်ဖယ် သေနတ် က ခရိတ်အား ချိန်ရွယ်ထားလျက်ပင် ရှိနေသေးသည်။
ခေတ္တမျှ အားလုံးငြိမ်သက်နေကြပြီးနောက် အသက်အငယ်ဆုံး ပြောက်ကျားက သူ၏သဘောထားကို ထုတ်ဖော် ပြောလေသည်။
' ဘာမဟုတ်တဲ့ မျောက်တစ်ကောင်ဟာ ခြင်္သေ့မင်းရဲ့နာမည်ကို ပြောပြီး အကာအကွယ် ယူတာမျိုးလည်း ရှိတတ်တယ်။ တကယ်တော့ ခြင်္သေ့မင်းဟာ အဲဒီမျောက်ကို သိချင်မှတောင် သိမယ်။ ဒါကြောင့် ကျွန်တော့် သဘောက ဒီလူကို သတ်ပစ်လိုက်ရင် ပြီးတာပဲလို့ ပြောချင်တယ် '
ပြောက်ကျားလူငယ်က ခပ်ထန်ထန် ပြောလိုက်သော်လည်း ခေါင်းဆောင်လုပ်သူကမူ တည်ငြိမ်အေး ဆေးစွာ နှင့်ပင် ...
' ဒီလူ စကားပြောတာဟာ ငါတို့ သားချင်းတွေ ပြောပုံမျိုးဖြစ်နေတယ်၊ နောက်တစ်ခုက ရဲဘော်တွန်ဂါတာ ဆိုတာ စိတ်ငြိုငြင်ရင် အလွန်ကြောက်စရာကောင်းတယ် ' ဟု ပြောလိုက်သည်။
ခရိတ် သည် ရင်တမမနှင့်ပင် သူ၏အသက်အန္တရာယ် စိတ်မချရသေးကြောင်း တွေးမိလေသည်။ တိုင်း ရင်းသား ပြောက်ကျားတို့၏ စိတ်မြန်လက်မြန် သဘာဝအကြောင်းကိုလည်း သူသည် ကောင်းစွာ သိထား ပေသည်။
ဤတွင် ရုတ်တရက် အကြံတစ်ခုရလာသဖြင့် ...
' ဒီမယ်၊ ခင်ဗျားတို့ ယုံကြည်အောင် ကျုပ်အထောက်အထားပြပါမယ်။ ကျုပ်ရဲ့ ကျောပိုးအိတ် ထားတဲ့ နေရာ ကို ပြန်သွားခွင့်ပြုပါ' ဟု တိုင်းရင်းသားဘာသာဖြင့် ပြောလိုက်သည်။
ပြောက်ကျားခေါင်းဆောင်က ချက်ချင်း ခွင့်မပြုဘဲ စဉ်းစားနေရာ၊ ခရိတ်ကပင် ဆက်၍ ' ဒီမယ်၊ ကျုပ်မှာ ဘာလက်နက်မှ မရှိဘူး။ ဓားတစ်လက်တောင် မပါဘူး၊ ခင်ဗျားတို့က သုံးယောက်စလုံး သေနတ် ကိုယ်စီနဲ့၊ ကျုပ် ကို ဘာစိုးရိမ်စရာရှိသလဲ' ဟု ပြောလိုက်သည်။
သည်တော့ မှ ပြောက်ကျားခေါင်းဆောင်က သဘောတူလေတော့သည်။
' ကောင်းပြီ၊ ခင်ဗျား သွားနိုင်တယ်။ ဒါပေမဲ့ သတိထားပြီးသွားပါ။ ကျုပ်က လူ မသတ်တာ အတော် ကြာသွားပြီ မို့ သတ်ဖို့ အကြောင်းရှိလာတာနဲ့ လက်ယားနေတတ်တယ် '
ခရိတ်သည် သတိထား၍ ဖြည်းညင်းစွာ ထလိုက်ရာ သူ၏ ခြေတစ်ဖက်၌ ခြေတုတပ်ထားသည်ကို လူမည်းသုံးဦး က သတိပြုမိပြီး ၀ိုင်းကြည့်နေကြလေသည်။ သို့ရာတွင် ခရိတ် ခြေတစ်ဖက်အကောင်းကို အားပြုပြီး ကောင်းစွာ လျှောက်သွားနိုင်ပုံကို မြင်ရသောအခါ ထိုလူများသည် အံ့သြကာ ခရိတ်အား ချီးကျူးဟန် ဖြင့် ဆက်ကြည့်နေကြလေသည်။
ခရိတ်သည် ယခုလိုအဖြစ်မျိုး ကြုံတွေ့နိုင်ကြောင်း ကြိုတင်တွက်ထားမိသဖြင့် အသင့်ပြင်ဆင်လာခဲ့ လေသည်။ သူ၏ ကျောပိုးအိတ် ရှိရာသို့ရောက်လျှင် ပိုက်ဆံထည့်သည့် သားရေအိတ်အတွင်းမှ မာတာ တယ်လီ ပြောက်ကျားခေါင်းဆောင် (ယခု ၀န်ကြီးဖြစ်နေသူ) တွန်ဂါတာ၏ ဓာတ်ပုံတစ်ပုံကို ထုတ်ယူ လိုက်သည်။
ဓာတ်ပုံ မှာ ဆေးရောင်စုံ ဓာတ်ပုံဖြစ်ပြီး တွန်ဂါတာနှင့် ခရီတ်တို့ နှစ်ယောက်သား ပြုံးရွှင်စွာဖြင့် လည်ပင်းဖက် ကာ လင်းရိုဗာကား၏ စက်ဖုံးပေါ်တွင် ထိုင်နေကြပုံဖြစ်လေသည်။
သူတို့ နှစ်ယောက်စလုံး ဘီယာ စည်သွတ်ဘူး တစ်ဘူးစီ ကိုင်ထားကြသည်။ လူချင်း အလွန် ခင်မင်ရင်းနှီး ကြောင်း ထင်ရှား နေသည့်ပုံပင်ဖြစ်သည်။
ခရိတ်က ထိုဓာတ်ပုံကို ပြလိုက်ရာ ပြောက်ကျားခေါင်းဆောင်သည် အတန်ကြာကြာ ကြည့်ရှုနေပြီး နောက်
' ဒီပုံထဲက လူက ငါတို့ရဲဘော်ကြီး တွန်ဂါတာ အမှန်ပဲ ' ဟု ပြောရင်း ကျန်လူနှစ်ဦးကြည့်ရန် လှမ်းပေး လိုက်သည်။ အသက်အငယ်ဆုံး ပြောက်ကျားကမူ လက်ခံချင်ပုံမရချေ။
' ဟုတ်ချင် ဟုတ်မယ်။ ဒါပေမဲ့ ဒီဓာတ်ပုံရိုက်ထားတာ အလွန်ကြာလှပြီဖြစ်ရမယ်။ ကျွန်တော်ကတော့ ဒီလူကို သုတ်သင် လိုက်ရင် ကောင်းမယ်လို့ ထင်ပါတယ် '
ထိုအခါ ပြောက်ကျားခေါင်းဆောင်က ' မင်း ဒီလိုလုပ်ရင် ရဲဘော်တွန်ဂါတာ က မင်းကို အစိမ်းလိုက် ၀ါးစား ပစ်မှာကွ၊ နားလည်လား' ဟု ဝေဖန်သလို ပြောလိုက်ပြီးနောက် သူ၏ ရိုင်ဖယ်သေနတ်ကို ပခုံးတွင် ပြန်လွယ် ထားလိုက်သည်။
ခရိတ်သည် သူ၏ခြေတုတစ်ဖက်ကို သေချာစွာ ပြန်လည်တပ်ဆင်ရာ ပြောက်ကျားလူမည်းသုံးဦးစလုံးက စိတ်ဝင်စား စွာဖြင့် ၀ိုင်းကြည့်နေကြလေသည်။ သူတို့သည် စောစောကလို ခရိတ်အား ရန်သူသဖွယ် သဘော မထားတော့ကြောင်း ထင်ရှားလာပြီဖြစ်သည်။
အာဖရိကတိုက်မှ တိုင်းရင်းသား လူမည်းများသည် ရယ်စရာ ဟာသကို အလွန်သဘောကျတတ် ကြောင်း ခရိတ် က သိထားလေရာ ပြောက်ကျားသုံးဦးအား ဖျော်ဖြေသည့်အနေဖြင့် ရယ်စရာပြက်လုံး ဆန်ဆန် လှုပ်ရှားမှု များ လုပ်ပြလေသည်။
သူ၏ ခြေထောက်အကောင်းတစ်ဖက်ကို အားပြု၍ ခုန်ပေါက်ကစားသလိုကပြခြင်း စသည်ဖြင့် အမျိုး မျိုး လုပ်ပြပြီး နောက် အသက်အငယ်ဆုံး ပြောက်ကျားလူငယ်၏ ဦးထုပ်ကို ဆွဲယူကာ လုံးထွေး၍ မြေကြီးပေါ် ချလိုက် သည်။ ဦးထုပ်ကို ဘောလုံးသဖွယ်ထားပြီး ခရိတ်က သူ၏သစ်သားခြေတုဖြင့် တအား ကန်ပြ လိုက်သည်။
ပြောက်ကျားသုံးဦးတို့သည် အလွန်သဘောကျကာ အားပါးတရာ ရယ်မောကြလေရာ မျက်ရည်ထွက် သည့် အထိ ပင် ဖြစ်သွားလေသည်။
ထိုလူသုံးယောက်စလုံးမှာ စောစောကလို ရန်ပြုမူမည့်ဟန် လုံးဝမရှိတော့သဖြင့် ခရိတ်က ပိုမို ရင်းနှီး လာစေရန် သူ၏ ၀ီစကီပုလင်းကိုထုတ်၍ မတ်ခွက်ဖြင့် တစ်ခွက်ထည့်ကာ ပြောက်ကျားခေါင်း ဆောင်အား လှမ်းပေး လိုက်သည်။
ပြောက်ကျားခေါင်းဆောင်လည်း သူ၏ ရိုင်ဖယ်သေနတ်ကို သစ်ပင်ရင်းတွင် ထောင်ထားလိုက်ပြီးနောက် မတ်ခွက် ကို လှမ်းယူ၍ မော့သောက်ချလိုက်သည်။ ၀ီစကီအရက် အရသာ ကိုလည်း အလွန် သဘောကျ သွားပုံ ရလေသည်။
ကျန်ပြောက်ကျားနှစ်ဦးတို့သည် မတ်ခွက်ဖြင့် ၀ီစကီအရက် တစ်လှည့်စီသောက်ကြလေသည်။ သုံးယောက် စလုံး သည် ၀ီစကီယမကာအရသာကို အလွန်နှစ်ခြိုက်သဘောကျပုံရလေသည်။
ခရိတ် သည် ၀ီစကီပုလင်းကို ရှေ့တွင်ချ၍ သူ၏ကျောပိုးအိတ်ကိုခင်းပြီး ထိုင်ချလိုက်သောအခါ ပြောက် ကျားသုံးဦး ကလည်း ခရိတ်၏ရှေ့တွင် ထိုင်ကြလေသည်။ ထိုအချိန်၌ သူတို့၏ လက်နက်များကို ကိုင် မထား တော့ဘဲ ဘေးနားတွင် ချထားလိုက်ကြသည်။
' ကျုပ်နာမည်က ခရိတ်လို့ ခေါ်ပါတယ် '
ခရိတ် က မာတာဘယ်လီ လူမျိုးတို့၏ တိုင်းရင်းဘာသာဖြင့် သူ့ကိုယ်သူ မိတ်ဆက်သလို ပြောလိုက် သည်။
' ကျုပ်တို့ကတော့ ခင်ဗျားကို ကူဖီလာလို့ခေါ်မယ်။ အဲဒါ ကျုပ်တို့ တိုင်းရင်းသား ဘာသာစကားဖြစ်ပြီး ခင်ဗျား နဲ့ ကိုက်ညီတယ်။ အဓိပ္ပာယ်ဟာ ခင်ဗျားရဲ့ ခြေတုတစ်ဖက်ဟာ သူ့အလိုလို လမ်းလျှောက်နိုင် စွမ်း ရှိတယ် ဆိုတဲ့ သဘောပဲ '
ပြောက်ကျားခေါင်းဆောင်က ပြောလိုက်ရာ ကျန်လူနှစ်ဦးကပါ ထောက်ခံသည့်အနေဖြင့် လက်ခုပ်တီး သြဘာပေးကြလေသည်။ ခရိတ်က လိုက်လျောလက်ခံကာ သူ့အတွက် နာမည်သစ်ပေးခြင်း အထိမ်း အမှတ် သဘောဖြင့် လူမည်းသုံးဦးစလုံးအား ၀ီစကီတစ်ခွက်စီ ငှဲ့တိုက်လိုက်လေသည်။
ထို့နောက် ပြောက်ကျားအကြီးအကဲက သူ့ကိုယ်သူ မိတ်ဆက်လေသည်။
' ကျုပ်နံမည်က ရဲဘော်လွတ်ကောက် ဖြစ်ပါတယ် '
ဤကား သူ၏နာမည်ရင်း မဟုတ်ဘဲ ပြောက်ကျားအများစုသည် နာမည်ဝှက်ယူလေ့ ရှိသည့်အတိုင်း ယခု လွတ်ကောက်ဆိုသည်မှာလည်း နာမည်ဝှက်ဖြစ်ကြောင်း ခရိတ်က သဘောပေါက်လေသည်။
' ဟောဒါကတော့ ရဲဘော်ပီကင်း ဖြစ်ပါတယ် '
ဇင်ဘာဘွေနိုင်ငံ၌ တော်လှန်ရေးစစ်ပွဲအတွင်းက တိုင်းရင်းသားပြောက်ကျားများအား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ နည်းပြဆရာများ လာရောက်ကူညီ၍ လျှို့ဝှက်စွာ စစ်သင်တန်းများပေးခဲ့သည်ကို အမှတ် တရ ဂုဏ်ပြုသည့် အနေဖြင့် ရဲဘော်ပီကင်းဟူသော နာမည်ဝှက် ယူထားခြင်းဖြစ်ဟန်တူပေသည်။
' ဟောဒါ ကတော့ ရဲဘော် ဒေါ်လာလို့ ခေါ်ပါတယ် '
ပြောက်ကျား ခေါင်းဆောင်က အသက်အငယ်ဆုံးလူအား ညွှန်ပြရင်း မိတ်ဆက်ပေးလေသည်။
ခရိတ်သည် ပြောက်ကျားခေါင်းဆောင်၏ မျက်နှာမှ အမာရွက်ကိုကြည့်ပြီး
' ရဘော် လွတ်ကောက် ခင်ဗျား၊ ခင်ဗျားရဲ့ မျက်နှာက အမာရွတ်က ကန်ကာတွေရဲ့ လက်ချက်နဲ့ တူတယ်' ဟု ပြောလိုက်သည်။
ကန်ကာ ဆိုသည်မှာ ဇင်ဘာဘွေ တိုင်းရင်းဘာသာ မာတာဘယ်လီစကားဖြစ်ပြီး အဓိပ္ပာယ်ကတောခွေး ဟူ၍ ဖြစ်သည်။ သို့သော် တောခွေးအစစ်ကို ဆိုလိုခြင်းမဟုတ်။ လက်ရှိ အာဏာရ အစိုးရ၏ စစ်တပ် များကို ဆိုလို သည်။
ရဲဘော် လွတ်ကောက်ဆိုသူသည် သူ၏ပါးမှ အမာရွတ်ကြီးကို လက်တစ်ဖက်ဖြင့် အသာစမ်းရင်း ခေါင်းညိတ်ပြလေသည်။
' ဟုတ်တယ်၊ ဒါက လှံစွပ်နဲ့ ထိုးခံရတဲ့ ဒဏ်ရာပါ။ ကျုပ်ကို သူတို့က လှံစွပ်နဲ့ ထိုးပြီးတော့ သေပြီမှတ်လို့ ပစ်ထား ခဲ့ကြတယ် '
' ခင်ဗျား ရဲ့ ခြေထောက်တစ်ဖက်ကကော ပြည်တွင်းစစ်အတွင်းက ဖြစ်ခဲ့တာပဲလား '
ရဲဘော်ဒေါ်လာ ဆိုသူက မေးလိုက်ရာ ခရိတ်သည် ချက်ချင်းမဖြေဘဲ ခေတ္တစဉ်းစားနေမိသည်။ အကယ်၍ ပြည်တွင်းစစ်အတွင်းက ခြေတစ်ဖက် ဖြတ်ခဲ့ရတာပါဟု ပြောလိုက်လျှင် သူသည် မျက်နှာဖြူ အစိုးရ တပ်များ ဘက်မှ တိုင်းရင်းသားပြောက်ကျားတို့အား တိုက်ခဲ့သည်ဟု တထစ်ချ မှတ်ယူကြလိမ့် မည်။ ဤသို့ စဉ်းစားမိ ပြီးနောက် ခရိတ်က ခေါင်းညိတ်လျက်
' ဟုတ်တယ်၊ စစ်အတွင်းကပဲ ဆိုပါတော့။ ကျုပ်က ကျုပ်တို့ရဲ့ မိုင်းဗုံးတစ်ခုပေါ် တက်နင်းမိခဲ့လို့ပါပဲ ' ဟု ပြောလိုက် သည်။
ဤတွင် ရဲဘော်လွတ်ကောက် ရယ်စရာဟာသ တစ်ခုကဲ့သို့ သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။
' ဟုတ်လား၊ ခင်ဗျားက ကိုယ့်မိုင်းဗုံးကို ကိုယ့်ဘာသာကိုယ် ပြန်တက်နင်းမိတယ်လား၊ ဟား ... ဟား ... ဟား '
ရဲဘော် ပီကင်းဆိုသူက ' ဘယ်နေရာမှာ ဖြစ်တာလဲ 'ဟု မေးပြန်သည်။
' ၀ိတိုရိယ ရေတံခွန်နဲ့ ကာဇွန်ဝူလာအရပ်ကြားက မြစ်ကမ်းတစ်နေရာမှာပါ '
ခရိတ် က ပြောလိုက်လျှင် ပြောက်ကျားသုံးဦးသည် သဘောပေါက်ဟန်ဖြင့် တစ်ဦးကိုတစ်ဦး ခေါင်းညိတ် လေသည်။
' ဟုတ်လား၊ အဲဒီနေရာက တော်တော်ဆိုးတယ်။ ကျုပ်တို့လည်း ဒီနေရာက တစ်ဆင့် မြစ်ကို ဖြတ်ကူး လေ့ ရှိတယ်။ အဲဒီမှပဲ ကျုပ်တို့ဟာ ကင်းထောက်စစ်တပ်နဲ့ တိုက်ခိုက်ခဲ့ကြတယ် '
( မှတ်ချက်။ ကင်းထောက်စစ်တပ်ဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံတွင် မျက်နှာဖြူ အစိုးရလက်ထက်က အထူး တပ်ဖွဲ့ (ကွန်မန်ဒိုအဖွဲ့)ဖြစ်ပြီး ခရိတ်ကိုယ်တိုင် ယင်းတပ်တွင် စစ်လက်နက်ပစ္စည်းတာဝန်ခံအဖြစ် အမှုထမ်း ခဲ့ဖူးလေသည် )
' ကျုပ် မိုင်းဗုံး တက်နင်းမိတဲ့နေ့က ကင်းထောက်စစ်တပ်က ခင်ဗျားတို့ ပြောက်ကျားတွေကို မြစ်တစ်ဖက်ကမ်းထိအောင် လိုက်တိုက်ခဲ့ကြတဲ့နေ့ပဲ ဖြစ်တယ်။ မြစ်တစ်ဖက်ကမ်း ဇင်ဘီယာနိုင်ငံ နယ်စပ် မှာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီး ကင်းထောက်တပ် တစ်တပ်လုံး တစ်ယောက်မကျန် ပြုတ်အောင် အရေး နိမ့်ခဲ့ကြတယ် '
ခရိတ် က ပြောလိုက်ရာ ပြောက်ကျားသုံးဦးသည် အလွန်သဘောကျဟန်ဖြင့် ရယ်မောကြလေသည်။
' အဲဒီ နေ့က အစိုးရ ကင်းထောက်တပ် အားလုံးပြုတ်ခဲ့တာအမှန်ပဲ။ တိုက်ပွဲမှာ ကျုပ်တို့က ရဲဘော်တွန် ဂါတာ နဲ့ အတူတိုက်ခဲ့ကြတယ် '
' ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်တို့က သူတို့တပ်တွေကို ထောက်ချောက်ထဲဝင်အောင် မျှားခေါ်သွားပြီးမှ ရေရေ လည်လည် ချေမှုန်းပစ်လိုက်တာပဲ '
ရဲဘော်ဒေါ်လာဆိုသူက အားရပါးရ ပြောပြန်သည်။
ခရိတ် ကိုယ်တိုင်လည်း ထိုတိုက်ပွဲကို ကောင်းစွာ မှတ်မိနေသဖြင့် အလွန်ရင်နာမိလေသည်။ ထိုစဉ်က ကင်းထောက်တပ် ကို ဦးစီးသူမှာ သူနှင့် ညီအစ်ကိုဝမ်းကွဲတော်သော ရိုလင် ဆိုသူ ဖြစ်လေသည်။
ထိုနေ့က ခရိတ် မိုင်းဗုံးတက်နင်းမိပြီး ပြင်းစွာ ဒဏ်ရာရလျက် လဲကျနေစဉ် ရိုလင်ဦးဆောင်သော ကင်း တပ် အထူးတပ်ဖွဲ့သည် မိုင်အနည်းငယ်မျှ အကွာတွင် တိုင်းရင်းသား လူမည်းပြောက်ကျားများနှင့် အင်အားချင်း မမျှဘဲ ရင်ဆိုင်တိုက်ရသဖြင့် အားလုံး အသက်ဆုံးရှုံးခဲ့ရလေသည်။ မျက်နှာဖြူ အစိုးရတပ် တခုလုံး ပြုတ်ကျဆုံးခဲ့ရသည့် တိုက်ပွဲပင်ဖြစ်သည်။
ယခု ပြောက်ကျားသုံးဦးတို့က ယင်းတိုက်ပွဲအကြောင်းကို ဘောလုံးပွဲတစ်ခုအကြောင်း စားမြုံ့ပြန်သလို ပျော်ရွှင် အားရစွာ ပြောနေကြသဖြင့် ခရိတ်က စိတ်မကောင်းဖြစ်မိလေသည်။
သို့သော် ဣနြေ္ဒမပျက် ဟန်ဆောင်လျက် လူမည်းသုံးဦး တို့အား ၀ီစကီအရက် နောက်ထပ်ငှဲ့ပေးလိုက် သည်။ တစ်ချိန်က ရန်သူဖြစ်ခဲ့သော လူမည်းပြောက်ကျားများနှင့် မိမိက လက်ရည်တစ်ပြင်တည်း အတူ ထိုင်သောက် နေပုံကို ကြည့်ရင်း ဒုတိယကမ္ဘာစစ်ကြီဖြစ်ပြီးခါစက ဗြိတိသျှလေတပ်မှ လေသူရဲ များနှင့် ဂျာမန်လေတပ်မှ လေယာဉ်မှူးများအတူ တွေ့ဆုံကာ ရင်းနှီးစွာ စားသောက်ခဲ့ကြပုံကိုပါ သတိ ရမိ လေသည်။
စစ်ဖြစ်နေချိန်က မျက်နှာချင်းဆိုင် တိုက်ခဲ့သူများသည် စစ်ပြီးသွားသောအခါ ခင်မင်ရင်းနှီးသော ရဲဘော် ရဲဘက် များ ဖြစ်လာနိုင်သည်ပါတကားဟုလည်း ဆင်ခြင်သုံးသပ်မိလေသည်။
' ဟာရာရေမြို့မှာ ရေနံနဲ့ ဓာတ်ဆီလှောင်တဲ့ တိုင်ကီတွေကို ဒုံးကျည်နဲ့ပစ်ခတ်ပြီး ကျုပ်တို့က လောင်စာဆီ တွေအားလုံး မီးရှို့ပစ်ခဲ့တုန်းကကော ခင်ဗျား ဘယ်မှာရှိနေသလဲ' ပြောက်ကျားသုံးဦးက ခရိတ် အား မေးပြန် သည်။
( မှတ်ချက်။ ဟာရာရေမြို့မှာ ဇင်ဘာဘွေနိုင်ငံ၏ မြို့တော်ပင်ဖြစ်သည်။ မျက်နှာဖြူအစိုးရ လက်ထက်က ထိုမြို့၏ မူလအမည်မှာ ဆော်လ်စ်ဘာရီဖြစ်သည်။ မြန်မာပြန်သူ )
တစ်ဖန် ရဲဘော်ပီကင်းက ပြည်တွင်းစစ်အတွင်းက ဖြစ်ရပ်တစ်ခုအကြောင်းပြောပြသည်။
' ကျုပ်တို့ရဲ့ မိုလင်ဝူရှီစခန်းကို ကင်းထောက်စစ်တပ်တွေက ကောင်းကင်က လေထီးနဲ့ ခုန်ဆင်းပြီး တိုက်ခဲ့ တာကိုကော ခင်ဗျား မမှတ်မိဘူးလား။ အဲဒီနေ့တစ်နေ့တည်းမှာ သူတို့က ကျုပ်တို့ တိုင်းရင်းသား ရှစ်ရာကျော် ကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်ကိုတော့ သူတို့ မမိလိုက်ဘူး ']
အခန်း (၅) ဆက်ရန်
.
2 comments:
အစ်မရေ..
ဖတ်ပြီးစ်
ကျေးဇူးတင်ပါတယ်..
လသာည
ဆရာမရေ.. အပိုင်း(၅)ကိုလည်း ဖတ်သွားပါပြီခင်ဗျ..
စစ်ဖြစ်နေချိန်မှာ မျက်နှာချင်းဆိုင် တိုက်ခဲ့နေရပေမယ့်လည်း စစ်ပြီးဆုံးသွားတဲ့အခါမှာတော့ ခင်မင်ရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်သွားနိုင်ပါတယ် ဆိုတာလေးကို .. မှတ်သားသွားပါတယ်..ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment