(မှားဖျက်မိလို့ ပြန်တင်လိုက်ပါတယ် ဒီပိုစ့် ထဲမှာ ကောမန့် ရေးထားသူများ အား တောင်းပန် ပါတယ်ဗျာ)
ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ
စာရေးသူ - ဆရာချိန် (ပဲခူး)
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်ကျရောက်နေချိန် (၁၉၃၆) ခုနှစ် ဒီဇင်ဘာလက အင်္ဂလိပ်နန်းတော်တွင် ဘေးကျပ် နံကျပ်ကိစ္စပေါ်ပေါက်ခဲ့ရသည်။ ထိုကိစ္စကား အိမ်ရှေ့မင်းသား 'အက်ဒွပ်၈' သည် အမေရိကန်သူ တစ်ခုလပ် 'မစ္စင်ပဆင်'ကို လက်ထပ်လို၍ နန်းစွန့်ခဲ့သည့် ကိစ္စ ပင်ဖြစ်သည်။ ဤသတင်းကို အဂ်လိပ်အစိုးရက အမှောင်ချထားချိန်တွင် မြန်မာ့အလင်း သတင်းစာ၏ တာဝန်ခံ အယ်ဒီတာက စာလုံးမည်းကြီးများနှင့် မျက်နှာဖုံးတွင် သတ္တိရှိရှိ ဖော်ပြ လိုက်လေ သည်။
"အက်ဒွပ်မင်းသားနန်းစွန့်ပြီ"ဟူသော ခေါင်းစဉ်ကြောင့် အင်္ဂလိပ်အစိုးရမှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့ရသည်။ အင်္ဂလိပ် အတွင်းဝန်ချုပ်က သတင်းစာတာဝန်ခံ အယ်ဒီတာကို အတွင်းဝန်ရုံးတွင် ချက်ချင်း ခေါ်ယူတွေ့ဆုံးခဲ့လေသည်။ 'သူကြီးဂေဇက်ဦးခင်မောင်'နှင့်အတူ တာဝန်ခံအယ်ဒီတာသည် ချည်
လုံချည် ကိုဝတ်လျက် ခုံဖိနပ်သံ တဒေါက်ဒေါက်ဖြင့် 'မစ္စတာကရော'၏ အခန်းထဲသို့ အိနြေ္ဒရရ ၀င်လာခဲ့ပြီး အတွင်းဝန်ချုပ်စားပွဲရှေ့မှ ကုလားထိုင်ကို ဆွဲယူ၍ ခပ်တည်တည်ထိုင်ချလိုက်သည်။
"မင်းဘယ်သူလည်း"
"မြန်မာ့အလင်းသတင်းစာ တာဝန်ခံ အယ်ဒီတာပါ"
"နန်းစွန့်သတင်းကို ဘယ်ကရလို့ထည့်တာလဲ"
"ခင်ဗျားဆီကို နန်းစွန့်သတင်းဘယ်ကရလို့ထည့်တာပါဆိုပြီး အစစ်ဆေးခံဖို့ လာခဲ့တာ မဟုတ်ဘူး"
'မစ္စတာကရော'သည် စားပွဲကို လက်သီးနှင့်ထုပြီး "ဒီသတင်းက အခုမမှန်သေးဘူး။ မနက်ဖြန် သတင်းစာမှာ အတည်မဟုတ်သေးဘူးဆိုတာ မင်းပြန်ပြင်ပြီးထည့်ပါ။ မထည့်ရင်မင်းကို တရားစွဲရလိမ့်မယ်။ အချိန်မီ အမြန်ဆုံး ထည့်ပါ"ဟု ဒေါသတကြီးပြောလေသည်။
"ဒီမှာအတွင်းဝန်ချုပ်ကြီးခင်ဗျား၊ ဒီသငတ်းကို ပြန်ပြင်ရအောင် ကျုပ်ဟာ ခင်ဗျားတို့အစိုးရတစ်ဖွဲ့လုံးရဲ့ တာဝန်ခံမဟုတ်ဘူး ကျုပ်ဟာ မြန်မာ့အလင်းသတင်းစာရဲ့ တာဝန်ခံပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ခင်ဗျားတို့ သိဖို့ ကောင်းပါတယ်။ ခင်ဗျားတို့အစိုးရ သတင်းရနောက်ကျတာကို ကျုပ်က တိုင်းသူပြည်သား တစ်ယောက်အနေနဲ့ အများကြီးဝမ်းနည်းပါတယ်။ အချိန်မကြာတော့ပါဘူး။ ဘိလပ်က ဒီသတင်း နဲ့ ပက်သက်ပြီး ခင်ဗျားတို့ဆီအမြန်ရောက်လာတော့မှာမို့ ခင်ဗျားတို့ အစိုးရအဖွဲ့ကြီး မကြာခင် လိမ္မာ လာပါ လိမ့်မယ်" ဟု တုံ့ပြန်ပြောဆိုပြီး အခန်းထဲမှ ပြန်ထွက်သွားရာ အတွင်းဝန်ချုပ်ဖြစ်သူ မစ္စတာ ကရော ဆတ်ဆတ်ခါ နာပြီး ကျန်ရစ်ခဲ့ပါတော့သည်။ အင်္ဂလိပ်လို 'wiser'ဆိုပြီး သုံးသွားသောကြောင့် ဖြစ်ပါသည်။ သူကြီးဂေဇက်ဦးခင်မောင် ပြန်ပြောပြတာသိပြီး လွှတ်တော်အမတ် 'ဂန်ဂါဆင်ကြီး'က တာဝန်ခံ အယ်ဒီတာ ကို မွှေ့ယမ်းပွေ့ဖက်၍ ဂုဏ်ပြုခဲ့လေသည်။
"သတင်းစာသည် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း" မြန်မာ့အလင်းသတင်းစာ တာဝန်ခံက ဤဖြစ်ရပ်လေး နှင့် သမိုင်းတွင် သက်သေပြသွားခဲ့သည်။ သတင်းစာပညာကို အသုံးချရာတွင် အထူးချွန်ဆု့း အထက် မြက်ဆုံး သတ္တအရှိဆုံးဖြစ်သော တာဝန်ခံသတင်းစာအယ်ဒီတာသည် နိုင်ငံရေးဆောင်းပါးများကို "ရွှေလင်းယုန်" ကလောင်နာမည်ဖြင့် ရေးသားခဲ့သူနိုင်ငံကျော် သတင်းစာဆရာကြီး "ဂျာနယ်ကျော် ဦးချစ်မောင်" ပင် ဖြစ်ပါတော့သည်။
ဂျာနယ်ကျော်ဦးချစ်မောင်သည် သူတတ်ကျွမ်းသော သတင်းစာပညာနှင့် နယ်ချဲကကိုလိုနီအစိုးရကို ရင်ကော့ပြီ; ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဒါကြောင့်လည်း ဦးချစ်မောင်က "သတင်းစာ အလုပ် ဟာ အသိဥာဏ်ကြီးရုံနဲ့တင် မပြီးသေးဘူး သတ္တိလည်းရှိရတယ်" ဟု ပြောခဲ့ခြင်းပင်ဖြစ်သည်။ စာရေးသူ "ဂျာနယ်ကျော်မမလေး"သည် သူ့ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော် ဦးချစ်မောင်၏ ရုပ်ပုံလွှာကို "သူလိုလူ" စာအုပ်နှင့် ဖန်တီး ထုဆစ်သွားခဲ့၍ ဦးချစ်မောင်အကြောင်း ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ သိခဲ့ရခြင်း ပင် ဖြစ်သည်။
ဂျာနယ်ကျော်ဦးချစ်မောင်သည် 'ဈေးနှုန်းသတင်းစာ'နှင့် 'မြန်မာ့အလင်းသတင်းစာ'တို့၏ တာဝန်ခံ အယ်ဒီတာ ဖြစ်သည်။ 'ဆာဟာဗေးအဒမ်ဆင်'သဘောင်္ကြီးလမ်းခရီးမှာ ပေါက်ကွဲနစ်မြှုပ်ခဲ့ သည့် သတင်း ကြောင့် ဖြေရှင်းချက်တောင်းခြင်းကို ခံခဲ့ရသည့်အတွက် ဖြေရှင်းချက် မပေးဘဲ မြန်မာ့ အလင်းသတင်းစာ အယ်ဒီတာ ရာထူးမှ နုတ်ထွက်ခဲ့သည်။ ပြီးမှ ဂျာနယ်ကျော်ကို ထုတ်ဝေ ခဲ့သည်။
' ဂျာနယ်ကျော်'တွင် နိုင်ငံရေး၊ စစ်ရေးတို့ကို ဦးချစ်မောင်က ပြတ်ပြတ်သားသား ဝေဖန်ရေးသားခဲ့၍ ဂျာနယ်ကျော် မှာ လူကြိုက်များသော စာစောင်ဖြစ်လာခဲ့ရသည်။ ဦးချစ်မောင်သည် ဆိုရှယ်လစ်ဝါဒကို သဘောကျ နှစ်ခြိုက်သူဖြစ်သည်။ 'ရှာရှာဖွေဖွေ'၊ 'မှိုင်းမှုန်မှုန်'၊ 'သူ'နှင့် 'ကမ္ဘာကြီး ပျက်စီးလုနီးပြီလော' စာအုပ် တို့ကို ရေးသားခဲ့သည်။ ဂျပန်ခေတ်တွင် မြေအောက်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက် ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီး၍ ဗြိတိသျှစစ်တပ်များ ပြန်ဝင်လာသောအခါ ဦးချစ်မောင်မှာ နိုင်ငံရေးကြောင့် အဖမ်းခံခဲ့ရသည်။ ဖဆပလ၏ ပထမဆုံး ကြေညာချက်စာတမ်း (Anti Fascist people's freedom league statement) ကိုလည်း ရေးသားပေးခဲ့သည်။ မြန်မာနိုင်ငံတော်စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက် ခဲ့သည်။ လူတော်လူကောင်းတစ်ယောက်အဖြစ် တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း ကို နိုင်ငံရေးကန့်လန့်ကာနောက်ကွယ်မှ အကူ အညီပေးခဲ့သည်။
အသက် ၃၄ နှစ်အရွယ်၊ ၁၉၄၆ခု ဧပြီလ (၃)နေ့တွင် နိုင်ငံအကျိုးကို ဆောင်ရွက်နေစဉ် ပင်ပန်းသည့် ဒဏ်ကြောင့် ဦးချစ်မောင် ကွယ်လွန်သွားခဲ့သည်။ ဦးချစ်မောင်ကို ဖဆပလအဖွဲ့ချုပ်ကြီးမှူး၍ ကြံတော သုဿန် တွင် သင်္ဂြိုလ်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး အဖွဲ့အစည်း ပေါင်းစုံနှင့် လူထုပရိတ်သတ်ထောင် ပေါင်းများစွာက လိုက်လံပို့ဆောင်ခဲ့ကြသည်။ အသုဘ အခမ်းအနား တင် 'ဗိုလ်ချုပ်အောင်ဆန်း'က 'ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ တိုင်းပြည်အတွက် ဆောင်ရွက် ပေးခဲ့ တာတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူများနိုင်ငံတွေလို မလွတ်လပ်လို့ ဆေးဘက်မှာ အဆင့်အတန်း မမီလို့ ဦး ချစ်မောင်သေရတာ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေအတွက် များစွာဆုံးရှုံးနစ်နာခဲ့ရပါတယ်' ဟု မချိတင်ကဲ မိန့်ခွန်းပြောကြားသွားခဲ့သည်။
အတ္ထုပ္ပတ္တိစာပေ
အတ္ထုပ္ပတ္တိ စာပေဟူသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဘ၀နှင့် စရိုက်ကို ဖော်ပြသည့် စာပေကို ခေါ်ဆိုခြင်းပင်ဖြစ်ပါသည်။ ပစ္စုပ္ပန်၏ အတ္ထုပ္ပတ္တိသည် အနာဂတ်ရဲ့ သမိုင်းဖြစ်သလို လူ့ဘောင်သစ်၏ အစိတ်အပိုင်း လည်းဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသည် သမိုင်းကြောင်းကို အထောက်အပံ့ပြုသည့် ဂန္တ၀င်မြောက်အတ္ထုပ္ပတ္တိပေါင်းများစွာကို မွေးထုတ်ပေး သွားနိုင်ခဲ့သည်။ ထို့ကြောင့် စစ်ပြီးခေတ်တွင် အတ္တုပ္ပတ္တိစာပေ ထွန်းကားလာရခြင်းပင်ဖြစ်သည်။
စစ်ပြီးခေတ်တွင် ရေးသားသည့် အတ္ထုပ္ပတ္တိများအနက် အောင်မြင်ကျော်ကြား၍ လူကြိုက်များသော အတ္ထုပ္ပတ္တိစာအုပ်ပင်ဖြစ်ပါသည်။ 'သူလိုလူ'သည် ၀တ္ထုသဘောပါသော အတ္ထုပ္ပတ္တိရေးနည်းဖြင့် ဖော် ကျူးရေးဖွဲ့ထားသော စာအုပ်ပင်ဖြစ်ပါသည်။ စာရေးသူဂျာနယ်ကျော် မမလေးက သူ့ခင်ပွန်း ဖြစ်သူ ဂျာနယ်ကျော် ဦးချစ်မောင်၏ သတင်းစာဆရာဘ၀၊ စာရေးဆရာဘ၀၊ နိုင်ငံရေးသမားဘ၀နှင့် အိမ်ထောင် သည် ဘ၀တို့ကို စိတ်ဝင်စားအောင် ဖွဲ့နွဲ့ရေးသားသွားနိုင်ခဲ့သည်။
'သူလိုလူ'တွင် အတ္ထုပ္ပတ္တိရေးနည်းအတတ်ပညာကို စာရေးသူဂျာနယ်ကျော်မမလေးက အပြည့်အ၀ အသုံးချ သွားသည်ကို တွေ့ရပါသည်။ ဂျာနယ်ကျော်မမလေးသည် 'သူလိုလူ'ကို ရိုးရိုးစင်းစင်းကြီး မရေးဘဲ စိတ်ကူး နှင့် ခံစားချက်ထည့်သွင်း၍ ရေးသားထား၍ ရေးဟန်ဆန်းသစ်မှုရှိသော အတ္ထုပ္ပတ္တိ စာအုပ်ဖြစ်လာ ခဲ့ရခြင်းပင်ဖြစ်သည်။ ဤစာအုပ်တွင် စာရေးသူ၏ ခင်ပွန်းသည်အပေါ်ထားရှိသော သန့်စင်သည့် အချစ်နှင့် ရိုးဖြောင့် သော ချစ်ခြင်းမေတ္တာကို အဓိကထားဖော်ကျူးထား၍ ပြောစမှတ် ပြုကျန်ခဲ့ရသော အတ္ထုပ္ပတ္တိ စာအုပ်ကောင်း တစ်အုပ်ဖြစ်လာခဲ့ရပါသည်။
စာရေးသူ သည် သူ၏ စိတ်ခံစားမှုကို မြားပမာလေးကိုင်းမှာတင်၍ စာဖတ်သူတို့၏ နှလုံးသားကို မှန် အောင်ပစ် သွားနိုင်ခဲ့သည်။ 'သူလိုလူ'သည် အရှိန်အဟုန်ပြင်းသည့် မြားတစ်စင်းပင်ဖြစ်သည်ဟု ကျွန်တော် တင်စား လိုပါသည်။
'သူလိုလူ'သည် အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်သော အကြောင်းအရာ အချက်အလက် တိကျ မှန်ကန်ရေး ကို ဇောင်းပေးထား၍ ဒုတိယကမ္ဘာစစ်မဖြစ်မီနှင့် စစ်ပြီးခေတ်၏ မြင်ကွင်းကျယ်ကို အရောင် လွင်လွင်နှင့် ဆေးသားတင်ပေးသွားနိုင်ခဲ့သည်။ အတ္ထုပ္ပတ္တိတွင်ပါသော အချက်အလက် မတိကျ မမှန်ကန်မှု သည် သမိုင်းအတွက် အမှားအယွင်းဖြစ် လာနိုင်ပါသည်။ ဦးချစ်မောင်သည် သတင်းစာဆရာတစ်ဦးဖြစ်၍ အရေးပါ သော နိုင်ငံ ခေါင်းဆောင် များ သမိုင်းအဖြစ်အပျက်များနှင့် နိုင်ငံရေးဖြစ်စဉ်တိုက်ပွဲများကိုလည်း မလွတ်တမ်း ဖော်ပြပေးသွား နိုင်ခဲ့သည်။ ဂျပန်ခေတ်ပြကွက်များသည် စာရေးကောင်းသော စကားပြေ ရေးဟန်ကြောင့် ရင်ထဲစွဲ ကျန်ရစ်ခဲ့သည်။
ခင်ပွန်းသည်၏ စရိုက်ကိုလည်း စာရေးသူက အသေးစိတ် ပုံဖော်ပေးသွားနိုင်ခဲ့သည်။ ဦးချစ်မောင်၏ ရိုးသားမှု အရှက်အကြောက်ကြီးမှု၊ စိတ်ကောင်းရှိမှု၊ လူတစ်ဖက်သားအပေါ် အားနာတတ်မှု၊ အလိုက်မသိ တတ်မှု သူယုံကြည်ရာကို တဇွတ်ထိုးမကြောက်မရွံ့ လုပ်ဆောင်တတ်မှု အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံတတ်မှု အခွင့်အရေးကို မမျှော်ကိုးဘဲ တိုင်းပြည်အတွက် စေတနာသန့်သန့်နှင့် လုပ်ဆောင် ပေးခဲ့မှု စသည့် အကျင့်စရိုက်နှင့် စိတ်ထားပ်ါလွင်အောင် ရေးဖွဲ့ပြသွားနိုင်ခဲ့သည်ဟု ကောက်ချက်ချ ရမှာဖြစ်သည်။ ဦးချစ်မောင်၏ ရုပ်ပုံကားချပ်သည် အသက်ဝင်လှုပ်ရှားလာကာ လူ့ဘ၀ဖြစ်ရပ်မှန်ကို ကျွန်တော် တို့အား ပြောပြသွား နိုင်ခဲ့သည်။
ဂျာနယ်ကျော်မမလေး၏ အမည်ရင်းမှာ ဒေါ်တင်လှိုင်ဖြစ်သည်။ ဂျာနယ်ကျော်မမလေးကို ဖျာပုံခရိုင် ဘိုကလေး မြို့နယ်၊ ကမာကလူကျေးရွာ၌ (၁၉၁၇)ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ် ကပင် မြန်မာစာပေကို လေ့လာလိုက်စားရန် ၀ါသနာထုံခဲ့ပြီး မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါး များ ရေးသား ခဲ့သည်။ ဂျာနယ်ကျော်မမလေးသည် ဘိုကလေးမြို့နယ် တို့ဗမာ အစည်းအရုံး၌ ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ ဦးချစ်မောင်နှင့် လက်ထပ်ခဲ့သည်။
ဦးချစ်မောင် သည် မြန်မာ့အလင်းမှထွက်၍ 'ဂျာနယ်ကျော်'ကို ထုတ်ဝေသောအခါ ခင်ပွန်းသည်နှင့် အတူ ဂျာနယ် ကို တည်းဖြတ်ခြင်း၊ ဆောင်းပါးနှင့် ၀တ္ထုတိုများ ရေးသားခြင်းတို့ကို ပြုလုပ်ခဲ့သည်။ 'ဂျာနယ်ကျော် ဦးချစ်မောင်၊ ဂျာနယ်ကျော်မမလေးဟူ၍ ဖြစ်လာခဲ့ရသည်။ ၁၉၄၆ ခုနှစ်တွင် ခင်ပွန်း ဖြစ်သူ ဦးချစ်မောင် ကွယ်လွန် သွားသောအခါ ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော်ကို ဆက်လက် ထုတ်ဝေခဲ့သည်။
ဂျပန်ခေတ်တွင် ပထမဆုံး ၀တ္ထုရှည်အဖြစ် 'သူမ' ၀တ္ထုကို ရေးသားထုတ်ဝေခဲ့သည်။ ဂျာနယ်ကျော် မမလေး ၏ နာမည်ကျော်ကြား လူကြိုက်များသော ၀တ္ထုများမှာ 'အဖြူ'၊ 'သူလိုလူ'၊ 'မုန်း၍မဟူ'၊ 'စိတ်'၊ 'ကမ္ဘာမြေ၀ယ်'၊ 'ရင်နင့်အောင်မွှေး'၊ 'သူလိုမိန်းမ' နှင့် 'ရင်ဝယ်တရှိုက်' ၀တ္ထုတို့ပင်ဖြစ်ပါသည်။
'ရှုမငြီး' နှင့် 'တွေးတစိမ့်စိမ့်'သည် ဂျာနယ်ကျော်မမလေး၏၀တ္ထုတိုပေါင်းချုပ်စာအုပ်များပင်ဖြစ် သည်။ 'မုန်း၍မဟူ' သည် ၁၉၅၅ ခုနှစ်က စာပေဗိမာန်ဆုရရှိခဲ့သလို 'တွေးတစိမ့်စိမ့်'သည် ၁၉၆၃ ခုနှစ် အနုပညာ စာပေ၀တ္ထုတို ပေါင်းချုပ်တတိယဆုကို ရရှိခဲ့သည်။
ဂျာနယ်ကျော်မမလေးသည် မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် ဥက္ကဋ္ဌ(၁၉၄၈) မြန်မာ နိုင်ငံစာရေး ဆရာ စာပေကလပ် တွင် အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်တွင် ရှေ့တန်း ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် သုံးနှစ်တာမျှ အထိန်းသိမ်း ခံခဲ့ရသည်။ အထိန်းသိမ်း ခံနေရစဉ်အတွင်း ရုပ်ရှင်ရိုက်ရန် ' ရင်နင့်အောင်မေး'၀တ္ထုရှည်ကို အချိန်ယူ ရေးသား သွားခဲ့သည်။
'သူလိုလူ'တွင် စာရေးသူ၏ အနုပညာစွမ်းအားကြောင့် ခံစားမှုရသသည် ဤစာအုပ်၏ အသက် ၀ိညာဉ် ဖြစ်လာခဲ့ရသည်။ 'သူလိုလူ' သည် စိတ်ကူးစိတ်သန်းနှင့် အတ္ထုပ္ပတ္တိ၏ ဖြစ်ရပ်မှန်ကို ချိန်ဆ ရောမွှေ ထားသော အတ္ထုပ္ပတ္တိစာအုပ်ကောင်းတစ်အုပ်ဟုလည်း ဆိုနိုင်ပါသည်။ ဂျာနယ်ကျော် ဦးချစ်မောင်၏ ဘ၀ကို အမှောင်ပိုင်း အလင်းပိုင်းနှစ်မျိုးလုံးကို ဖော်ပြထား၍ အတ္ထုပ္ပတ္တိပီသသော အတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ် ဖြစ်လာရခြင်း ပင်ဖြစ်သည်။
ဦးချစ်မောင်၏ သတင်းစာဆရာ စာရေးဆရာအဖြစ် ဘ၀ကို အောင်မြင်လိုက် ကျဆုံးလိုက် အားတင်း ရုန်းကန် ရပုံကို ပီပြင်အောင် သရုပ်ဖော်ထားသည်။ ဦးချစ်မောင်၏ ထူးခြားသော ပင်ကို စရိုက်လက္ခဏာ များကိုလည်း ပြတ်ပြတ်ထင်ထင် မလွတ်တမ်းဖော်ပြသွားနိုင်ခဲ့သည်။ ခင်ပွန်း ဖြစ်သူ ဦးချစ်မောင်၏ ဘ၀ အတက်အကျ ကို လောကဓမ္မနှင့် ယှဉ်၍ စာရေးသူကရေးဖွဲ့သွားသည်။
ဂျာနယ်ကျော် မမလေး၏ အနုပညာနှင့် အတတ်ပညာကြောင့် အဆင့်အတန်းရှိသော အတ္ထုပ္ပတ္တိ စာအုပ် အဖြစ် ကမ္မည်းထိုးခံခဲ့ရခြင်းပင်ဖြစ်သည်။ ခင်ပွန်းဖြစ်သူ၏ ဘ၀ဖြစ်စဉ်က ဒိဋ္ဌဓမ္မအဖွဲ့ဖြင့် ရိုးရိုးသားသား ဖွဲ့ဆိုတင်ပြ သွားသည်ကိုလည်း တွေ့ရပါသည်။ သူလိုလူသည် အများစံထားလောက်အောင် အရေးအသား ညက်ညော သော အတ္ထုပ္ပတ္တိတစ်အုပ်ပင်ဖြစ်ပါသည်။
စာရေးသူဂျာနယ်ကျော်မမလေးသည် ဂျာနယ်ကျော်ဦးချစ်မောင်၏ ချစ်ဇနီးဖြစ်နေလို့လားတော့ မသိ။ ဦးချစ်မောင်၏ ဇနီးမယားအဖြစ် စတင်ပေါင်းသင်းချိန်မှ သေဆုံးချိန်အထိ အတူနေခဲ့၍ ဦးချစ်မောင်၏ အကြောင်း မျိုးစုံကို တစ်ကွက်မကျန် သိထားသူရေးသားထားသော စာအုပ်မို့ ဂျာနယ်ကျော် ဦးချစ်မောင် နှင့်အပြင်မှာ တကယ်တွေ့နေရသလိုမျိုးခံစားရပါသည်။ ဦးချစ်မောင်၏ ရုပ်ပုံမှာ စာရေးသူ၏ စာပန်းချီ ကြောင့် ရုန်းကြွတောက်ပနေသည်ဟု အမှတ်ပေးရမှာ ဖြစ်သည်။ ကိုယ်တွေ့ ကိုယ်သိ မျက်မြင်ဒိဋ္ဌအဖြစ် အပျက် များသည် အတ္ထုပ္ပတ္တိကောင်းဖြစ်ရန်အတွက် အထောက်အပံ့ကောင်းတစ်ခုများဖြစ်နေမလားဟု ကျွန်တော် တွေးနေမိသည်။ ဤနေရာတွင် နာမည်ကျော် 'သူလိုလူ' စာအုပ်နှင့် ပတ်သက်သော စာရေးဆရာ များ၏ အမြင်ကို တင်ပြလိုပါသည်။
ဆရာ 'ပါရဂူ'က ' မြန်မာ့အတ္ထုပ္ပတ္တိသမိုင်း ' စာတမ်းတွင် 'သူလိုလူသည် ၀တ္ထုကောင်းတစ်ပုဒ်ကဲ့သို့ စိတ်ဝင်စားစရာ ကောင်းသော အတ္ထုပ္ပတ္တိတစ်ခုဖြစ်လေသည်' ဟု ကောက်ချက်ချထားပါသည်။
ဆရာကြီး 'ဒဂုန်တာရာ' က 'တာရာမဂ္ဂဇင်းနှင့်သူလိုလူ'ဆောင်းပါးတွင် 'စာဂျပိုး၊ ဂွကျကျ ဘုန်းကြီး လူထွက် ဦးချစ်မောင် မှာ ဂျာနယ်ကျော် ဦးချစ်မောင်အပြစ် တသီးပုဂ္ဂလထင်ရှားလာရခြင်းမှာ ဇနီး သည်မမလေး၏ ရှေ့ဆောင်ချက် ကြောင့်ဟူ၍ သူလိုလူကို ဖတ်ပြီး၍ အောက်မေ့စေသည်။ သို့မ ဟုတ်လျှင် စာနယ်ဇင်း လောက တွင် ဦးချစ်မောင်သည် အမည်မပေါ်ဘဲ လှိုင်းတံပိုးထဲတွင် မြုပ်ချေ ပေါ်ချေနှင့် နေပေလိမ့်မည်။
သူလိုလူသည် ရွှေလင်းယုန်နှင့် ဦးချစ်မောင်၏ 'တပ်မက်သော လူနည်းစု ပရိသတ်၏ အစာသာမဟုတ်သေး။ အောင်မြင်စွာ ပေါင်းသင်းလိုသော ဇနီးမောင်နှံတို့ မှတ်သားသင့်သော အိမ်ထောင်ရေး လမ်းပြလည်း ဖြစ်သည့် နှစ်ဘက်သွားစာအုပ်တစ်အုပ်ဖြစ်ပေသည်' ဟု အကဲဖြတ်ဝေဖန်သွားသည်။
ဂျာနယ်ကျော်တွင် အယ်ဒီတာချုပ် လုပ်ခဲ့ဖူးသူ ဆရာ 'ဂုဏ်ရောင်'က 'သူလိုလူဝတ္ထုကြီးကားရိုး၏။ သို့သော် ဆန်း၏။ ဤ၀တ္ထုသည် ဆန်းလွန်းသော လူရိုးတစ်ယောက်၏ အကြောင်းဖြစ်ပြီး ရိုးလွန်းသော လူဆန်းကြီး တစ်ဦး ၏ အကြောင်းလည်းဖြစ်၏။ သို့ဖြစ်၍ ဤ၀တ္ထုသည် ဆန်းဆန်းနှင့် ရိုး၍ ၅ရိုးရိုးနှင့်ပင်ဆန်းနေ၏။ လူလည်း ဆန်း၏။ စာအုပ်လည်းဆန်း၏။
ထို့ထက် စာရေးဆရာမမလေး၏ ဤပုံတိုင်းပြည်သို့ ဖွင့်၍ ပြ၀ံ့သော သတ္တိအရာမှာ အဆန်းဆုံးဖြစ် ပေတော့ သတည်း' ဟု သူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်းတင်ပြသွားလေသည်။
ဆရာ 'မောင်ဝံသ' က 'ကျွန်တော်၏ စံနမူနာ ပုဂ္ဂိုလ်' ဆောင်းပါးတွင် ' ကျွန်တော်တို့ သတင်းစာသမား ဖြစ်လာရခြင်း ၏ အဓိက စေ့ဆော်အားတစ်ခုသည် ဆရာမကြီး ဂျာနယ်ကျော် မမလေးရေးသားခဲ့သော 'သူလိုလူ' စာအုပ်ဖြစ်သည်။
ကျွန်တော်တို့ သူလိုလူကို ဘယ်လောက်ထိ စွဲခဲ့သနည်းဆိုလျှင် ရန်ကုန်တက္ကသိုလ်တက်နေစဉ်က ကျွန်တော် နေသော အဆောင်ခန်းအိပ်ရာ ကုတင်ဘေး၊ စာကြည့်စားပွဲပေါ်တွင် လက်လှမ်းတမီ အမြဲထား ရှိသည်။ တခြားဘာမှ လုပ်စရာမရှိလျှင် 'သူလိုလူ'ကို ဖမ်းဆွဲကာ လှန်လိုက်၍ ကျရာ စာမျက်နှာကို ဖတ်နေလေ့ ရှိသည်။
အသက် ၁၆ နှစ်၊ ၁၇ နှစ်၊ ၁၈ နှစ် အရွယ်များတွင် 'သူလိုလူ'ကို ကျေညက်နေအောင် ဖတ်ပြီးဖြစ်၍ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်သည် ကျွန်တော်၏ စံနမူနာပုဂ္ဂိုလ်ဖြစ်လာသည်' ဟု ဖွင့်ဟ ၀န်ခံသွားသည်။
ဆရာ 'ထွန်းဝင်းငြိမ်း'က 'ဂျာနယ်ကျော်ဦးချစ်မောင်နှင့်၁၃၀၀ပြည့်အရေးတော်ပုံ' ဆောင်းပါးတွင် 'သတင်းစာ ဆရာ အယ်ဒီတာအလုပ်ဟာ ဦးချစ်မောင်ဘ၀အတွက် အဓိကမျှော်မှန်းချက်ဖြစ်တယ် ဆိုတာကို သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်လှိုင် (ဂျာနယ်ကျော်မမလေး)ရေးတဲ့ 'သူလိုလူ' စာအုပ်ထဲမှာ ဖော်ပြထားတာကို တွေ့ရ ပါတယ်' ဟု သုံးသပ်ဝေဖန်ထားသည်။
စာရေးဆရာမ 'ခင်နှင်းဦး'က 'လေးစားဂုဏ်ပြုအပ်သောသူ' ဆောင်းပါးတွင်
' ခင်ပွန်းသည် ဦးချစ်မောင်အား လေးစားချစ်မြတ်နိုးကြည်ညိုစွာ ပေါင်းသင်းခဲ့သည့် ဂျာနယ်ကျော် မမလေး သည် သူတို့ဇနီးမောင်နှံ၏ အချစ်သစ္စာ၊ ဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးကြမ်းကြီး တွေ့ကြုံ ခဲ့ရသည့် အကျဉ်းအကျပ် အခက်အခဲ များ ဦးချစ်မောင်၏ တန်ဖိုး ဦးချစ်မောင်၏ တိုင်းပြည်နှင့် လူမျိုး အပေါ် ပေးဆပ်ခဲ့ပုံ များကို 'သူလိုလူ' ၀တ္ထုပုံစံအတ္ထုပ္ပတ္တိစာအုပ်ထူကြီးတွင် အသေးစိတ် ခြယ်မှုန်းအန်ချခဲ့ပါသည်။ 'သူလိုလူ' သည် အကြိမ်ကြိမ် ရိုက်နှိက်ခဲ့ရပြီး ဘယ်အခါ ဖတ် ဖတ် မရိုး နိုင်သည့် စာအုပ်ဖြစ်ပါသည်။' ဟု ချီးကျူး ထားလေသည်။
စာရေးသူ 'ဂျာနယ်ကျော် မမလေး'က စာအုပ်အမှာစာတွင် 'ဟစ်တိုင်သတင်းစာအလုပ်ပြီးစီးချိန် ည ၁၁ နာရီ၊ ၁၂ နာရီမှ စတင်၍ နံနက် ၅ နာရီ ၆ နာရီအထိ 'သူလိုလူ' ကို ထိုင်ရေးပေးကာ ရိုက်နှိပ် ထုတ်ဝေ ခဲ့ရသည်။ အနားတွင် ရေဇလုံနှင့် မျက်နှာသုတ်ပ၀ါထားကာ အိပ်ချင်ရင် မျက်နှာသစ်ရင်း စာအုပ်မပြီးမချင်း ညတိုင်း ဆက်တိုက် ရေးသားရသည့် စာအုပ်ဟု မှတ်တမ်းတင်ခဲ့မိသည်။ 'သူလိုလူ' ကို ပထမတွဲ၊ ဒုတိယတွဲ၊ နှစ်တွဲ ခွဲကာ ထုတ်ဝေခဲ့လေသည်' ဟု ဖွင့်ဟ၀န်ခံသွားသည်။
'သူလိုလူ' စာအုပ်သည် ' ဂျာနယ်ကျော်မမလေး' ရေးခဲ့သမျှ စာအုပ်များထဲတွင် အကောင်းဆုံးစာအုပ်အဖြစ် ကမ္မည်းတင်ကျန်ရစ်ခဲ့သော စာအုပ်ပင်ဖြစ်သည်။ ဂျာနယ်ကျော် မမလေး အကြောင်းပြောတော့မည်ဆိုလျှင် 'သူလိုလူ'ကို ချန်ထား၍မရ။ 'သူလိုလူ' စာအုပ်အကြောင်း ပြောတော့မည်ဆိုလျှင် ဂျာနယ်ကျော် မမလေးကို မေ့ထား၍မရ။ သူလိုလူနှင့် ဂျာနယ်ကျော်မမလေး ဂျာနယ်ကျော်မမလေးနှင့် သူလိုလူ ခွဲမရ။ 'သူလိုလူ' စာအုပ်သည် ဤမျှအထိ အရှိန်အ၀ါကြီးမားသော စာအုပ်ပင်ဖြစ်ပါသည်။
ဤနေရာတွင် ' သူလိုလူ' စာအုပ်မှသိသင့်သိထိုက်သော အချက်များနှင့် ကျွန်တော် သဘောကျ သည့် အကြောင်းအရာများကို ကောက်နုတ်တင်ပြလိုပါသည်။

စာရေးသူသည် သူနှင့် သူ့ခင်ပွန်း (ဦးချစ်မောင်) တွေ့ဆုံပုံကို ၀တ္ထုလေးတစ်ပုဒ်ကို လွမ်းလွမ်းဆွတ်ဆွတ် လေးရေးပြသွားသည်။ စာရေးသူဂျာနယ်ကျော်မမလေးသည် ဘိုကလေးမြို့မှ ရန်ကုန်ဆင်းလာမှ ဦးချစ်မောင်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။ သူမြင်တွေ့ခဲ့ရသော ဦးချစ်မောင်၏ ရုပ်ပုံကို
'ခြုံးကျ ဟောက်ပက်နေသည့် မျက်နှာပေါ်မှ မျက်မှန်ထူထူကြီးတပ်ထားပြီး ရုပ်မာ ကမ္မဋ္ဌာန်းရုပ် ပေါက်နေ သည်။ ဆင်ယင်ဝတ်စားပုံတွေမှာ သူနှင့် ဂိုက်မကျဆိုက်မကျနှင့် ကိုးရိုးကားယားရှိသော် လည်း သပ်သပ် ရပ်ရပ် ၀တ်ထားသည်။
အ၀တ်အထည်များကား ပင်နီကြမ်းတပတ်နွမ်း၊ ပိုးလုံချည် အဆင်မရှိအထည်နှင့်ဖြစ်၍ ကိုယ့်ကိုယ်ကို ပစ်စလက်ခတ်ထားသူ၊ ကြွားကြားဝင့်ဝင့်မရှိသူ တစ်ယောက်မှန်းသိရသည်။ အ၀တ်အထည်ကို ကြည့်၍ လူတစ်ယောက် ကို ဆုံးဖြတ်ကြစတမ်းဆိုခဲ့လျှင် အိတ်ထဲတွင် ၅ ကျပ်မျိုး၊ ၁၀ ကျပ်မျိုးမှ ထည့်နိုင်မည့် လူစားမျိုး မဟုတ်သကဲ့သို့ တွေ့ရသည်။
သူ့လက်ထဲတွင် အိမ်တော်ရာ ပုသိမ်ထီးကြီးညှပ်၍ ခြေထောက်တွင် ဘုန်းကြီးစီးဖိနပ်ကြီးစွပ်ထား ခြင်းကြောင့် ခေတ်ပညာတတ်လူတစ်ယောက်ပါဟု ဘုရားစူး ကျမ်းစူး ကျိတ်တွယ်ပြောရတော့မလောက် ဘုန်းကြီးလူထွက်ကြီးနှင့် အလွန်တရာတူလှသည်' ဟူသော အရေးအသားနှင့် မျက်စိထဲမြင်အောင် ပုံဖော် သွားနိုင်ခဲ့သည်။ ကောင်းပေ့ ညွန့်ပေ့ဆိုသည့် အ၀တ် အစားမျိုးကိုမှ ၀တ်တတ်သူ၊ လျင်မြန် ဖျတ်လတ် သွက်လက်သူ၊ စိတ်မြန်သူ၊ စိတ်ကြီးသူ၊ စိတ်ထက်သူ၊ ဗိုလ်ဆန်သူဖြစ်သည့် စာရေးသူနှင့် ဘုန်းကြီးလူထွက် နှင့်တူသူ ဦးချစ်မောင်တို့ ဆုံတွေ့ပုံ ဖူးစာကံမှာ ဆန်းကြယ်လှသည်။ ဤကဲ့သို့သော လူမျိုးကို စာရေးသူ လက်ထပ် ခဲ့ခြင်းသည် အံ့သြစရာပင်ဖြစ်သည်။ မယုံနိုင်စရာပင်ဖြစ်သည်။ ဤသည်ကို 'ဖူးစာကံ'ဟု ဆိုလေ မလား။ ဒါမှမဟုတ် 'အချစ်' ဟုခေါ်လေမလားဟု ကျွန်တော် တွေးနေမိသည်။
ဂျာနယ်ကျော် ဦးချစ်မောင်သည် လူတစ်ဖက်သားကို အလွန်သနားတတ်သူဖြစ်သည်။ ဦးချစ်မောင် သည် သဒ္ဓါတရားနှင့် ပတ်သက်၍ မည်မျှရက်ရောသလဲဆိုလျှင်
မိုးတွေ သဲသဲမဲမဲရွာနေသော နေ့တစ်နေ့တွင် ဦးချစ်မောင်သည် အိမ်တော်ရာထီးဆောင်း၍ နှင်းပန်းလမ်းမှ သူအိမ်ရှိရာ သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ မိုးတွေသဲနေ၍ စုတ်စုတ်ပြတ်ပြတ်နှင့် လူတစ်ယောက် သူ့ထီးအောက် သို့ ၀င်ခိုလာ၍ ထီးကို ထိုသူဘက်သို့ ညွတ်၍ မိုးပေးလိုက်သည်။ ထိုသူ မိုးစိုမှာစိုး၍ ဖြစ်သည်။ မိုးကသဲလွန်းမက သဲလာ၍ ဆက်သွား၍ မဖြစ်တော့သည့်အတွက် ရန်ကုန် ဂေဇက် သတင်းစာတိုက် အောက်သို့ မိုးဝင်ခိုလိုက်ကြသည်။
ထိုအချိန်တွင် သူ့ထီးရိပ်အောက် ၀င်လာသူက သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ကို မသိမသာတဖြည်းဖြည်း ဆွဲထုတ်ယူနေကြောင်း ဦးချစ်မောင်သိလိုက်ရသည်။ ထိုသူကို သနား၍ သိသည်ကို မသိဟန်ဆောင်၍ တစ်ဖက်သို့ လှည့်ပေးပြီး ပိုက်ဆံအိတ်ကို အနှိုက်ခံလိုက်သည့် အတွက် ပိုက်ဆံ ၁ ကျပ်နှင့် ၅ ပဲပါသွားခဲ့ သည်။
စာရေးသူ ဂျာနယ်ကျော်မမလေးသည် 'သူ' မနက်စာရော ညစာပါငတ်ခဲ့ရသော နေ့ကို စာဖတ်သူ စိတ်ထဲစွဲသွားအောင် ရေးဖွဲ့ပြသွားသည်။ သူတို့လင်မယား ညမနက်စားဖို့ ကြက်သားဟင်းတစ်ခွက်၊ ပဲဟင်းတစ်ခွက် ချက်ပြီးချိန်တွင် သူ့လက်ထဲတွင် ပိုက်ဆံတစ်မတ်သာ ကျန်တော့သည်။ နေ့လည်တွင် ဦးချစ်မောင်နှင့်အတူ သူ့မိတ်ဆွေ ဦးရွှေကြူး ဦးစိန်နှင့် ဦးဘိုကြီး တို့ပါ လိုက်လာကြသည်။ ဧည့်သည်များကို ထမင်းကျွေး ရသည်။ ဧည့်သည်များ ထမင်းစားနေစဉ် စာရေးသူမှာ သေချင်လောက်အောင် စိတ်ညစ်ညူး နေသည်။
ထမင်းနှင့် ဟင်းထပ်များယူလိုလျှင် ဒုက္ခ။ ဟင်းကုန်သွားလျှင် လိုက်စရာဟင်းမရှိ။ ထမင်းကုန်သွားလျှင် လိုက်စရာထမင်းမရှိ။ ဒီကြားထဲ စာရေးသူ၏ ဖခင်ကြီးမနက်ဖြန်လာမည်ဆို၍ ပို၍ စိတ်ညစ်နွမ်း သွားခဲ့ရသည်။ ထိုနေ့နေ့လည် စာရေသူ ထမင်းတစ်နပ်ငတ်သွားသည်။ ညနေစာ စားစရာဘာမှမရှိ၍ နေမကောင်းဟန်ဆောင်၍ ခင်ပွန်းကို ထမင်းသုတ်ဆိုင်ခေါ်သွားပြီး လက်သုတ်တစ်မတ်ဖိုး ၀ယ်ကျွေး လိုက်သည်။ စာရေးသူကတော့ ဘာမှမစား။ စား၍လည်း မရ။ ဦးချစ်မောင်ကတော့ အိမ်မှာ စားစရာ မရှိသည်ကို သူ့ဇနီးတွင် ပိုက်ဆံမရှိသည်ကို မသိခဲ့ရှာပေ။ မှတ်မှတ်ရရ ထိုနေ့ည ညစာကိုလည်း စာရေးသူ ငတ်ခဲ့လေသည်။
ဂျာနယ်ကျော် ဦးချစ်မောင်သည် သတင်းစာတိုက်အပေါ်တွင်လည်းကောင်း၊ အလုပ်အပေါ်တွင် လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သက်၍လည်းကောင်း စိတ်နှလုံးနူးညံ့၍ ကိုယ့်ကိုယ်ကို နှိမ့်ချ တတ်သော်လည်း အင်္ဂလိပ်လူမျိုးနှင့် အစိုးရအပေါ်မှာတော့ အလွန်တင်းမာ ခက်ထန်သူဖြစ်သည်။ အတွင်းဝန်ရုံး တွင် သတင်းစာအစည်းအဝေးရှိ၍ အတွင်းဝန်ဦးကျော်ဝင်း (အိုင်စီအက်)က တယ်လီဖုန်းနှင့် အကြောင်းကြား လိုက်သည်။
ဦးချစ်မောင်က
' အခု စကားပြောနေတာ ဘယ်သူလဲ ' ဟု ခက်ထန်သည့် အသံနှင့် ပြန်မေးလိုက်သည်။
' ကျော်မင်း အိုင်စီအက် အတွင်းဝန် '
' စာနဲ့ဖိတ်ပါ။ ပါးစပ်နဲ့ဖိတ်တာနဲ့ ကျုပ်တို့မလာနိုင်ဘူး' စာရေးသူက သူ့ခင်ပွန်းကို ပြုံးကြည့်ပြီး
'ထန်လှချည်လား'
'အယ်ဒီတာတွေကို ဘာထင်တယ်မသိဘူး' ဟုပြောပြီး ဦးချစ်မောင် မကျေမနပ်ဖြစ်နေသည်။ စာရေးသူနှင့်ခင်သော စတီးဘရားသားကုမ္ပဏီက မျက်နှာဖြူများက 'မင်းယောက်ျားသာ နိုင်ငံရေး အာဏာ ရရင် ဒို့လူမျိုးတွေကို မောင်းထုတ်မှာတော့ အသေအချာပဲ' ဟု ပြောလိုက်လေသည်။ ဦးချစ်မောင်သည် နိုင်ငံချစ်စိတ်ပြင်းထန်သော တိုင်းပြည်အတွက် ရှာမှရှား သည့် သတင်းစာအယ်ဒီတာတစ်ဦးပင်ဖြစ်သည်။
ဂျပန်ခေတ်တစ်လျှောက်လုံး လူမသိအောင် သတင်းထောက်လှမ်းရေး သူလျှိုလုပ်ငန်းကြီးကို ဦးချစ်မောင် လုပ်ကိုင် ခဲ့သည်။ ဂျပန်တွေ ဆုတ်သွားပြီး အင်္ဂလိပ်စစ်တပ်တွေ ပြန်ရောက်လာတေ့ အင်္ဂလိပ်စစ် ပုလိပ် များက ဦးချစ်မောင်ကို ရုံးသို့ခေါ်ယူစစ်ဆေးသည်။ စက္ကူဖြူစာတမ်းကို မကြိုက်ဘူးဟုဆိုခဲ့၍ ဂျော့ဘုရင် မင်းမြတ် ၏ အထူးထောင်သား ဧည့်သည်တော်အဖြစ် ရန်ကုန်ထောင်ကြီးတွင် တစ်ညအိပ်ခဲ့ရပြီး အကျယ်ချုပ် နှင့် ပြန်လွတ်လာခဲ့သည်။
ဖဆပလအဖွဲ့ကြီးဖွဲ့တော့ 'သခင်စိုး' က ဂျာနယ်ကျော် ဦးချစ်မောင်ကို အဖွဲ့ထဲမထည့်ဖို့ ထကန့် ကွက်သည်။
'ဒီလူဟာ တိုင်းပြည်ကိစ္စဆိုရင် ဘာမှ ထိထိရောက်ရောက် ကူဖော်မရဘူး။ အနစ်နာခံတော့ ကျုပ်တို့က၊ အဖွဲ့ ဖွဲ့တော့ သူကပါမယ်ဆိုတော့ မဖြစ်နိုင်ဘူး'
သခင်စိုးလိုပင် အခြားနိုင်ငံရေးသမားများကလည်း ထကန့်ကွက်ကြသည်။ ထိုအခါ ဗိုလ်လက်ျာက သခင်စိုး ကို
' ခင်ဗျား နေ့တိုင်းဖတ်နေရတဲ့ သတင်းတွေ ဘယ်ကရတယ်ထင်သလဲ'
' ဒါတော့ မသိဘူး '
' အဲဒါ ဦးချစ်မောင် ရဲ့ သတင်းထောက်လှမ်းရေးသူလျှိုလုပ်ငန်းက လာတဲ့သတင်းတွေပဲ'
' ဟာ ဒါသိပ်အဖိုးတန်တဲ့ အလုပ်ကြီးပဲ ဦးချစ်မောင်ကို ဘာမှ ကန့်ကွက်စရာမရှိတေ့ပါဘူး'ဟု ပြောပြီး ငြိမ်ကုပ်သွားလေသည်။ ဗိုလ်လက်ျာကောင်း၍ ဦးချစ်မောင် ဖဆပလအဖွဲ့ထဲပါရခြင်းပင်ဖြစ် သည်။ ဗိုလ်လက်ျာ သာ ဖော်ကောင်မလုပ်ခဲ့လျှင် 'ဖဆပလအဖွဲ့ကြီး၏ သဘောထားကြေညာစာတမ်း'ကို အင်္ဂလိပ် လို ဦးချစ်မောင်ရေးဖြစ်ခဲ့မည် မဟုတ်ပေ။
'သူလိုလူ' သည် စာရေးသူ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ခေတ်ကာလနှင့် လိုက်ဖက်ညီသော အတ္ထုပ္ပတ္တိ စာအုပ် ပင်ဖြစ်သည်။ 'သူလိုလူ'ကို ဖတ်ကြည့်မှ ဦးချစ်မောင် မည်မျှတော်ကြောင်း တတ်ကြောင်း၊ မည်မျှရိုးသားပြီး စံနမူနာ ယူထိုက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကျွန်တော် သိရှိခဲ့ရခြင်း ဖြစ်၍ စာရေးသူကို ကျေးဇူး တင်နေ မိသည်။
စာရေးသူသည် 'သူလိုလူ' စာအုပ်တွင် ဦးချစ်မောင်နှင့် ဆက်စပ်နေသော ခေတ်၊ စနစ်နှင့် လူမှု ပတ်ဝန်းကျင် အခြေအနေ ကိုလည်း မလွတ်တမ်းဖော်ပြထားသည်ကို တွေ့ရသည်။ အတ္ထုပ္ပတ္တိ တစ်အုပ်လုံး ကို ခြုံကြည့်လျှင် ရှေ့နှင့်နေက် အလေးအပေါ့ညီအောင် ရေးသားထားသည့် အချက်ကို လည်းကျွန်တော် သတိပြု လိုက်မိသည်။ သူလိုလူတွင် ဦးချစ်မောင်၏ အယူအဆ ၀ါဒနှင့် စိတ်နေ သဘောထားတို့ကိုလည်း အထင်းသားတွေ့မြင်ခဲ့ရပါသည်။
စာရေးသူသည် ခင်ပွန်းသည်အကြောင်း ဟုတ်တိုင်းမှန်ရာကို ပွင့်လင်းတိကျစွာ ဒိုးဒိုးဒေါက်ဒေါက် ရေးသွားနိုင်ခဲ့၍ 'သူလိုလူ' စာအုပ်သည် လူကြိုက်များသော စာအုပ်ဖြစ်လာရခြင်းပင်ဖြစ်သည်။ ဦးချစ်မောင် သည် စာရေးသူ၏ ရေးသားဖော်ကျူးချက်အရ ပွင့်လင်းရိုးသားသူ လူတစ်ဖက်သားအပေါ် အလွန်အမင်းအားနာတတ်သူ၊ သူတစ်ပါးအကျိုးစီးပွားထိခိုက်မည့်အလုပ်ကို ဘယ်တော့မှ မလုပ်ခဲ့သူ၊ လူယဉ်ကျေးဆိုသူများကဲ့သို့ ဟန်မဆောင်တတ်သူပင်ဖြစ်သည်ဟု ကျွန်တော်တို့သိခဲ့ရသည်။
သူလို လူသည် မြန်မာနိုင်ငံရေးသမိုင်းနှင့် ဒွန်တွဲဆက်စပ်နေသော အတ္ထုပ္ပတ္တိဖြစ်၍ နောင်လာ နောက်သားတို့အတွက် အရေးပါသော သမိုင်းမှတ်တမ်းတစ်စောင်ဟု ကျွန်တော် တန်ဖိုးသတ်မှတ် ကြည့်နေ မိသည်။ အဘယ်ကြောင့်ဆိုသော် သူလိုလူတွင် ဂျာနယ်ကျော် ဦးချစ်မောင်၏ ကိုယ်ရေး ကိုယ်တာ ကိစ္စများ သာမက ထိုခေတ်ထိုအချိန်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်များကိုပါ တိကျသေချာစွာ စာရေးသူ က ဖော်ပြပေးထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
စာရေးသူသည် သူ့အတွေ့အာရုံတွင် စွဲမြဲနေသော 'သူ' သေသေချာချာ ကျေကျေညက်ညက်သိထားသော သူ့ခင်ပွန်းသည်၏ အကြောင်းအရာကို ရေးသားထားသော စာအုပ်ဖြစ်၍ ထူးချွန်ပြောင်မြောက်သော လက်ညိုးထိုး ပြစရာ အတ္ထုပ္ပတ္တိ စာအုပ်ကောင်းအဖြစ် မြန်မာ့စာပေသမိုင်းတွင် နေရာယူ နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
စာရေးသူသည် ခင်ပွန်းနှင့် ပတ်သက်၍ သူ၏ခံစားရချက် မကျေနပ်ချက်များကို ထုတ်ဖော်ရေးသား သွားနိုင်ခဲ့ခြင်းသည် ခြားအတ္ထုပ္ပတ္တိစာအုပ်များနှင့် မတူသော ဤစာအုပ်၏ ရိုးရိုးတုံးတုံးကြီး မရေးဘဲ ခေတ်လည်း ပါအောင်၊ ၀တ္ထု၏ ဂုဏ်ရည်လက္ခဏာများနှင့်လည်း ညီညွတ်အောင် ရေးသားထား၍ အများ စိတ်ဝင်စား သော အတ္ထုပ္ပတ္တိစာအုပ်ဖြစ်လာရခြင်းပင်ဖြစ်သည်။ 'သူလိုလူ' အတ္ထုပ္ပတ္တိ အောင်မြင်ရခြင်းမှာ စာရေးသူ စိတ်အ၀င်စားဆုံး အကြောင်းအရာ ဖြစ်နေသောကြောင့်ပင်ဖြစ်ပါ သည်။ စာရေးသူအဖို့ သူခင်ပွန်း (ဦးချစ်မောင်) လောက်စိတ်ဝင်စားစရာကောင်းသော အကြောင်း အရာ ဤကမ္ဘာတင် ရှိတော့မည် မဟုတ်ဟု ကျွန်တော်ထင်သည်။ဤအချက်သည် 'သူလိုလူ' စာအုပ်၏ အားသာချက ပင်ဖြစ်သည်။
စာရေးသူသည် မှန်ကန်သော အချက်အလက်ပေါ်ရပ်၍ စိတ်ကူးကွန့်မြူးချက်များနှင့် သူလိုလူကို ရေးဖွဲ့ခဲ့ဟန်တူသည်။ သူလိုလူကို အများဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးသားနိုင်ခဲ့၍ စံထားရည့် အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်လာရခြင်းပင်ဖြစ်သည်။ သူလိုလူကို ဦးချစ်မောင်၏ ဘ၀အဖြစ်အပျက်နှင့် ဆိုင်သော ဘောင် အတွင်း မှ နေ၍ စာပန်းချီဖွဲ့နွဲ့သွားသည်ကို တွေ့ရပါသည်။
စာရေးသူသည် သူ၏ အနုပညာစိတ်ကူးကို သူ့ခင်ပွန်း (ဦးချစ်မောင်)၏ အမူအကျင့်စရိုက်နှင့် မဆန့်ကျင် မိအောင် သတိထား၍ ပေါင်းစပ်သွားနိုင်ခဲ့ခြင်းသည် စာရေးသူ၏ တုနှိုင်းမမီသည့် အနုပညာပင်ဖြစ်သည်။ စာရေးသူ ၏ အနုပညာမာယာသည် သူလိုလူကို အောင်မြင်မှု တစ်ဖက်ကမ်းသို့ ရောက်အောင် ပို့ပေး သွားနိုင် ခဲ့သည်။ သူလိုလူတွင် ကာလဒေသရွေးချယ်မှု၊ လူမှုပတ်ဝန်းကျင်ဖွဲ့နွဲ့မှုနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ စရိုက် သဘာဝ သရုပ်ဖ်ာမှုတို့ကို ဟန်ချက်ညီညီ ပေါင်း စပ်တင်ပြထားပါသည်။ ဤစာအုပ်သည် ဂျာနယ်ကျော် ဦးချစ်မောင် ၏ ဘ၀ဖြစ်စသ်တစ်စိတ်တစ် ဒေသကို ဖော်ပြသော အတ္ထုပ္ပတ္တိစာအုပ်ပင်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည်။
သူလိုလူတွင် ခင်ပွန်းသည်အား စနစ်တကျ နေထိုင်စားသောက်တတ်အောင် ကြိုးစားခဲ့ရာ ဦးချစ်မောင်ရော စာရေးသူ ပါ စိတ်ညစ်ရပုံကို သရုပ်ဖော်ရေးသားထားသည်မှာ အသက်ပါလှသည်။ ဖခင်ကြီးက သမီး (စာရေးသူ) အပေါ်ထားသည့် သံယောဇဉ်ကိုလည်း အကောင်းဆုံးရေးဖွဲ့ပြသွားနိုင်ခဲ့သည်ဟု ချီးကျူး ရမှာဖြစ်သည်။ ထောင်နခမ်းနင်းနေသော သတင်းစာသမားဘ၀နှင့် သတင်းစာအုပ်ငန်းကိုလည်း စိတ်ဝင် စားဖွယ် ကောင်းအောင် တင်ပြသွားနိုင်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ဦးချစ်မောင်၏ အူကြောင်ကြောင်နိုင်ပုံ၊ အလိုက်မသိ ပုံတို့ကို ပုံဖော်ရာတွင် သရုပ်ပါလှသည်။ စာရေသူ ထမင်းနှစ်နပ်ငတ်ခဲ့သောနေ့ကို ဖော်ကျူး ရာတွင် စိတ်မကောင်းစရာပင် ဖြစ်သည်။
'သူလိုလူ' စာအုပ်တွင် ကျွန်တော် အကြိုက်ဆုံးမှာ ဂျာနယ်ကျော် ဦးချစ်မောင်၏ ထူးခြားသော စရိုက်နှင့် ခံစားချက် ပေါ်အောင် ရေးပြနိုင်စွမ်းသော အရေးအသားပင်ဖြစ်သည်။ အရေးအသား ကောင်း၍ အကြောင်းအရာ မှာ ထင်သည်ထက် ပိုကြွတက်လာကာ ၀တ္ထုဇာတ်အိမ်ကြီးတစ်ခုလုံးကို အားကောင်း မောင်းသန် သယ်ဆောင်သွားပါတော့သည်။ ရင်ထဲမှာ နှစ်ပေါင်းများစွာ သိုဝှက်ထားသော ခင်ပွန်းဖြစ်သူ၏ ရုပ်ပုံလွှာ ကို တောက်ပရုန်းကြွလာအောင် ဖော်ကျူးသွားနိုင်ခဲ့ သည်ဟု ဆိုချင်ပါသည်။
ဝတ္ထုအရေးကောင်းသော စာရေးသူသည် သူပိုင်နိုင်သော အကြောင်းအရာကို ညက်ညောသော အရေးအသားနှင့် သူ့ခင်ပွန်းဖြစ်သူ၏ ရုပ်ပုံလာကို အကောင်းဆုံးပုံဖော်ထုဆစ်သွားနိုင်ခဲ့သည်ဟု ချီးကျူး ရမှာဖြစ်သည်။ စာရေးသူ၏ အရေးအသားထူးချွန်ပြောင်မြောက်မှုကြောင့် 'သူလိုလူ' သည် ကြေကွဲ လွမ်းမော ဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူလိုလူ စာအုပ်ထဲ မှ ကျွန်တော်တို့ထံ ရောက်လာသော သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ကို ကျွန်တော် တို့ မမေ့နိုင်တော့ပါ။
သူလိုလူတွင် ဦးချစ်မောင်၏ မြန်မာ့အလင်းအသင်းစာတိုက် အပေါ်ထားသည့် သံယောဇဉ်နှင့် တိုင်း ပြည် အပေါ် ထားသည့် စေတနာသည် ဤစာအုပ်၏ အသက်ပင်ဖြစ်သည်။ စာရေးသူသည် သူလိုလူကို ရပ်တည်မှု မှန်ကန်သည့် သတင်းစာဆရာတစ်ဦးအဖြစ် ပုံဖော်လိုဟန်တူသည်။ မွန်မြတ်သော လမ်းစဉ်ကို ကျင့် သုံးသည့် ခွန်အားအရှိဆုံးသော လူတစ်ယောက်အဖြစ် ထင်ရှားစေ လိုဟန်တူသည်။ 'ဂျာနယ်ကျော်' မွေးဖွားပုံ၊ ဂျာနယ်ကျော် ရှင်သန်အောင် ကြိုးစားပုံတို့ကိုလည်း စာရေးသူက စိတ်ဝင်စားအောင် ရေးပြ သွားခဲ့သည်။
စာရေးသူသည် သူကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် နောက်ခံသမိုင်းခေတ်မှာ 'တို့ဗမာအစည်းအရုံး၊ 'ကုလား-ဗမာရိုက်ပွဲ'၊ '၁၃၀၀ပြည့် အရေးတော်ပုံမှ ကျောင်းသားအရေးအခင်းများ'၊ 'အင်္ဂလိပ်အထွက် ဂျပန်အ၀င် ရန်ကုန်မြို့ပျက်ကြီး'တို့နှင့် သူ၏ စာအုပ်ကို မဆလာထည့်ထားသည်။ တာမွေမြင်းပြိုင်ကွင်းနားက စာရေးသူ တို့ မိသားစုနေသော အိမ်ကို ဂျပန်စစ်ဗိုလ်လာဖယ်ခိုင်း၍ စာရေးသူနှင့် အတိုက်အခံဖြစ်ရသော ဇာတ်ဝင်ခန်း မှာ ဤစာအုပ်၏ အကောင်းဆုံးအခန်းပင်ဖြစ်သည်။ ဂျပန်စစ်ဗိုလ်ကို ပြန်ခံအော်ရဲသော စာရေးသူ၏ သတ္တိကိုတော့ ချီးကျူးရမှာဖြစ်သည်။
ဂျာနယ်ကျော် ဦးချစ်မောင်နေ၀င်ချိန်ကို ဖတ်နေရသည်မှာ ကြေကွဲစရာကောင်းလှသည်။ သူ့ခင်ပွန်း ၏ နောက်ဆုံး အချိန် ကို စာရေးသူက အကောင်းဆုံးစာပန်းချီရေးဖွဲ့သွားနိုင်ခဲ့သည်။
စာရေးသူ သည် 'သူလိုလူ' စာအုပ်ကို ၀တ္ထုဟန်အတ္ထုပ္ပတ္တိရေးနည်းပုံစံနှင့် ရေးဖွဲ့ထား၍ ရုပ်ရှင်ကား တစ်ကား
ကို ကြည့်နေရသလို မျိုး ခံစားရသည်ကိုတော့ ၀န်ခံရမှာဖြစ်သည်။ စာရေးသူ၏ ခင်ပွန်းသည် အပေါ် ထားရှိသော ချစ်ခင်ကြင်နာစိတ်ကြောင့် သူလိုလူကို ရှေ့တန်းတင်လွန်းခြင်း၊ အမွှမ်းတင်လွန်းခြင်းသည် ဤစာအုပ် ၏ အဒိကအားနည်းချက် များ ဖြစ်နေမလားဟု ကျွန်တော် မရဲတရဲ တွေးကြည့်နေမိသည်။
စာရေးသူသည် 'သူလိုလူ'၏ နိဂုံးကို ပစ်စလက်ခတ် မလုပ်ပစ်ဘဲ ဂျာနယ်ကျော် ဦးချစ်မောင်၏ ကဗျာလေး နှင့် သေသေသပ်သပ်လေး နိဂုံးချုပ်သွားသည်ကို ကျွန်တော်တို့ ကျေးဇူးတင်နေမိသည်။ မည်သို့ပင်ဖြစ်စေ ဂျာနယ်ကျော် မမလေးရေးခဲ့သော စာအုပ်များထဲတွင် သူလိုလူ' သည် အကောင်းဆုံးစာအုပ်ဖြစ်သလို ကျွန်တော် အကြိုက်ဆုံး စာအုပ်လည်း ဖြစ်ပါသည်။
- သူလိုလူ
သူလိုလူသည် စိတ်ရင်းစေတနာကောင်းသူ၊ စိတ်ထားနူးညံ့သိမ်မွေ့သူ၊
လူတစ်ဖက်သားအပေါ် အလွန်အမင်းအားနာတတ်သူ၊ သူတစ်ပါးထိခိုက်နာကျင်အောင် ဘယ်တော့မှ မလုပ်ခဲ့သူပင်ဖြစ်သည်။ လူကို မဆိုထားနှင့် ခွေးတစ်ကောင်ကိုပင် သူ့ခြေနှင့်သူ့တစ်သက်တွင် ကန်ဖူးသွားသူမဟုတ်ပေ။
သူလိုလူသည် စီးပွားရေးသမားမဟုတ်။ အခွင့်အရေးသမားမဟုတ်။ နိုင်ငံရေးလှေကြုံစီးသူမဟုတ်။ သူလိုလူသည် တိုးတက်ရေးကို 'သူ' စိတ်မ၀င်စား။ ကြီးပွားရေးကို 'သူ' နားမလည်။ ချမ်းသာမည့် အရေး ကိုလည်း 'သူ' မမက်မော။
သူလိုလူ
သူသည် သတင်းစာဆရာဖြစ်၏။ ခံယူချက်အပြည့်နှင့် စာရေးဆရာဖြစ်၏။
ကန့်လန့်ကာနောက်ကွယ်မှ နိုင်ငံရေးသမားဖြစ်၏။ နိုင်ငံနှင့် လူမျိုးအပေါ် ဘယ်တော့မှ 'သူ' သစ္စာမဖောက်။ နယ်ချဲ့မျက်နှာဖြူတွေရှေ့မှာလည်း ဘယ်တော့မှ 'သူ' ဒူးမထောက်။
သူလိုလူ
သူလိုလူသည်
တိုင်းပြည်ကောင်းစားမယ်ဆိုလျှင် အသက်ကိုပင်ပေးရန် ၀န်မလေးသူပင်ဖြစ်သည်။ နယ်ချဲ့အန္တရာယ် ရန်စွယ်ကို ရိုက်ချိုးတော်လှန်နေသော သံမဏိသတင်းစာဆရာတစ်ဦးပင်ဖြစ်သည်။
သူလိုလူက
'လူမသိဘဲ တိုင်းပြည်အကျိုးရှိအောင် လုပ်ချင်တယ်' တဲ့။
------------------------

.
No comments:
Post a Comment