Thursday, August 26, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁၆)

အခန်း (၁၆)

ဆယ်လီခမျာ ဒဏ်ရာပြင်းထန်သဖြင့် အလူးအလဲ ဝေဒနာ ခံစားနေရရှာသည်။ နံရိုး      လေးချောင်းကျိုး သွားသည့်ပြင် ညာဘက် ခြေချင်းဝတ်နေရာ၌ အကြောထုံးကာ အလွန် နာကျင် လျက်ရှိလေသည်။ တွန်ဂါတာ က လက်ဝါးစောင်းဖြင့် ခုတ်လိုက်ခြင်း ခံရသည့်ဒဏ်ကြောင့် လည်ပင်းမှာလည်း ဖူးရောင်ကာ နာကျင် ကိုက်ခဲလျက်ရှိသည်။
သို့သော် ဦးခေါင်းခွံတွင် သွေးထွက်လောက်အောင် ရရှိသည့် ဒဏ်ရာက မပြောပ လောက်ဘဲ သေးငယ် သဖြင့် တော်သေးသည်ဟုဆိုရပေမည်။ ဓာတ်မှန် ရိုက်ကြည့်တော့လည်း ဦးခွံအတွင်း ဘာမျှ ကြီးကြီး ကျယ်ကျယ် ထိခိုက်ခြင်းမရှိကြောင်း သိရသည်။

သို့ဖြစ်လင့်ကစကား ဗိုလ်ချုပ် ဖွန်ဂါဘီရာက အတင်းတိုက်တွန်းသဖြင့် ဆယ်လီသည် ပြည်သူ့ ဆေးရုံကြီး၏ သီးသန့်ခန်းတွင် တက်ရောက်အနားယူနေရလေသည်။
ယင်းအခန်းတွင် ရှိနေစဉ်မှာပင် အစိုးရရှေ့နေကြီး ခိုရီဆိုသူက ဆယ်လီအား လာရောက် တွေ့ဆုံ လေသည်။ ခိုရီသည် ၀န်ကြီး တွန်ဂါတာ၏အမှုကို တရားစွဲဆိုတင်ပို့ရာတွင် အစိုးရဘက်မှ တာဝန် ယူလျှောက်လဲရမည့် ရှေ့နေကြီးပင်ဖြစ်သည်။ သူသည် အင်္ဂလန်နိုင်ငံမှ ၀တ်လုံတော်ရဘွဲ့ ရရှိခဲ့သူ ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်သည်။

"မစ္စဆယ်လီခင်ဗျား၊ ကျုပ်အနေနဲ့ အခုလာတွေ့ရတာက ခင်ဗျားက စောစောပိုင်းက ရဲတပ်ဖွဲ့ အရာရှိတွေကို ပြောပြခဲ့တဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး ပိုပြီးရှင်းရှင်းလင်းလင်း သိချင်တဲ့အတွက် လာရောက်တွေ့ဆုံရခြင်းပဲဖြစ်ပါတယ်။ နောက်တစ်ခုက ခင်ဗျားဟာ ဒီအမှုမှာ အလွန်အရေးပါတဲ့ သက်သေ တစ်ဦးဖြစ်နေလေတော့ ကျုပ်က အစိုးရရှေ့နေအနေနဲ့ ခင်ဗျား ထွက်ဆိုမှာကို တစ်မျိုး တစ်ဖုံဖြစ်အောင် သြဇာအသုံးပြုခြင်း၊ စည်းရုံးသွေးဆောင်ခြင်းတို့ လုံးဝ လုပ်မှာမဟုတ်ကြောင်း ကြိုတင် ပြောပြ ထားချင်ပါတယ်"

ရှေ့နေကြီး ခိုရီက ဤသို့ ရှင်းလင်းပြောပြပြီးနောက် ဆယ်လီနှင့် ခရိတ်တို့အား အစီရင်ခံ စာအချို့ကို ထုတ်ပြလေသည်။ အစီရင်ခံစာများမှာ တွန်ဂါတာအား ဖမ်းဆီချုပ်နှောင်ထားခြင်းမှ ချက်ချင်း လွှတ်ပေးရန် မာတာဘယ်လီ တိုင်းရင်းသားတို့က အရေးဆို ဆန္ဒပြခြင်းများနှင့် ပတ်သက်သည့် အစီရင်ခံစာ များဖြစ်လေ သည်။
ယင်းဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့နှင့်လက်ရွေးစင် တတိယ တပ်မဟာစစ်တပ်များက ဖြိုခွဲခဲ့ပုံ များကိုလည်း အစီရင်ခံစာများတွင် ဖော်ပြထားလေသည်။
ရှိုနာလူမျိုးတစ်ဦးဖြစ်သူ ဟယ်ရယ်လ် သတင်းစာအယ်ဒီတာဖြစ်သူက အထက်ပါ သတင်းများကို သတင်းစာ၏ အလယ်စာမျက်နှာတွင် တမင်သက်သက် ထည့်သွင်းဖော်ပြထား သည့် သတင်းစာ ဖြတ်ပိုင်း များလည်း ဖိုင်တွဲ၍ ပူးတွဲပြထားလေသည်။

"ကျုပ်တို့အနေနဲ့ သတိထားဖို့က ဒီလူဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်သူအဖြစ် အရေးယူခံရ ခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီလို ပြစ်မှုဆိုင်ရာ ဥပဒေ ကျူးလွန်သူ တစ်ယောက်ကို နိုင်ငံရေး အာဇာနည် တစ်ဦးဖြစ်အောင် ဖန်တီးတာကို ကျုပ်တို့ဘယ်နည်းနဲ့မှ လက်ခံလို့မဖြစ်ဘူး။ ရာဇ၀တ်မှု ပြစ်မှုတခုဟာ နိုင်ငံရေး လှုပ်ရှားမှုအသွင်ဖြစ်လာရင် ဘယ်လောက် အန္တရာယ်ကြီးမားတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါ လိမ့်မယ်။ ဒါကြောင့် ဒီအမှု အမြန်ပြီးပြတ်လေ ကောင်းလေပဲခင်ဗျ"

ရှေ့နေကြီး ခိုရီက ဆက်ပြောရာ ဆယ်လီနှင့် ခရိတ်တို့သည် ဘာမှမပြောဘဲ ဆိတ်ဆိတ် နေလိုက် ကြသည်။ သူတို့၏စိတ်ထဲတွင်ကား တွန်ဂါတာ၏အမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ ကိုင်တွယ်ပုံကို အံ့သြ နေမိကြသည်။ ဇင်ဘာဘွေအစိုးရသည် တွန်ဂါတာ၏အမှုကို အမြန်ဆုံး ကြားနာစီရင်ချင်သည့်ဆန္ဒ ရှိပုံရလေသည်။
သာမန်အားဖြင့် တရားရုံး၌ အမှုများ ကြားနာစစ်ဆေးခြင်းသည် အလွန်ကြာတတ်သည်။ အမှုတစ်ခု စစ်ဆေးမည့်ရက်ချိန်းကို ခုနှစ်လခန့်ကြို၍ ချိန်းလေ့ရှိသည်။ သို့သော် ယခု တွန်ဂါတာ၏ အမှုကို တရားရုံးချုပ်၌ ဆယ်ရက်အတွင်း စစ်ဆေးရန် သတ်မှတ်လိုက်သဖြင့် အံ့သြမိကြခြင်း ဖြစ်လေသည်။

ထိုကိစ္စကို အစိုးရရှေ့နေကြီးကပင် ရှင်းပြလေသည်။
"ကျုပ်တို့ အနေနဲ့ တွန်ဂါတာလို ပုဂ္ဂိုလ်မျိုးကို အချုပ်တရားခံအဖြစ် ခုနစ်လကြာအောင် ထားလို့မဖြစ်ဘူး။ နောက်ပြီး သူ့ကို အချုပ်နဲ့မထားဘဲ အာမခံပေးပြီး လွှတ်ထားပြန်ရင်လည်း သူ့ရဲ နောက်လိုက် မာတာဘယ်လီ လူမျိုးတွေအပေါ် သြဇာလွမ်းမိုးနိုင်တာမို့ အကြီးအကျယ် ပြဿနာ ဖြစ်လာနိုင်တယ်"
စရိတ်နှင့်ဆယ်လီတို့အဖို့ တွန်ဂါတာ၏ အမှုအပြင် အခြားစဉ်းစားစရာ လုပ်ကိုင်ဆောင် ရွက်စရာ အလုပ်တွေ အများပင်ရှိနေလေသည်။
ဆယ်လီ၏ စက်ဆနာလေယာဉ်ကို လေကြောင်းပျံသန်းရေး ဥပဒေအရ နာရီတစ်ထောင် ပျံသန်းပြီးလျှင် ပြန်လည် စစ်ဆေးခံပြီး လိုင်စင်အသစ်လဲလှယ်ရန်လည်းရှိသည်။ ယင်းသို့ လေယာဉ်ကိုစစ်ဆေးခံရန် စစ်ဆေးရေး အရာရှိရုံး ဇင်ဘာဘွေတွင် မရှိသဖြင့် တောင်အာဖရိကနိုင်ငံ ဂျိုဟာနစ္စဘတ်မြို့ သို့ သွားရောက် စစ်ဆေးခံရမည်ဖြစ်လေသည်။

လိုင်စင်လဲရန် အချိန်ရောက်နေပြီဖြစ်ရာ ဆယ်လီကိုယ်တိုင် မသွားနိုင်သဖြင့် မိတ်ဆွေ လေယာဉ်မှူးတစ်ယောက်အား ဆယ်လီ၏ လေယာဉ်ကို တောင်အာဖရိကသို့မောင်းယူသွားစေပြီး စစ်ဆေး ခံရန် စီစဉ်လိုက်ရလေသည်။
''ကျွန်မဖြင့် လေယာဉ် မရှိဘူးဆိုရင် တောင်ပံကျိုးနေတဲ့ ငှက်တစ်ကောင်လို ခံစားရမှာပဲ ရှင့်"
ဆယ်လီက ညည်းညူသလို ပြောရာ ခရိတ်ကလည်း-
"အေးပါ ငါနားလည်ပါတယ်" ဟု ပြန်ပြောလိုက်ရသည်။
ထိုအချိန်၌ ခရိတ်သည် ဆယ်လီအတွက် စိတ်မကောင်းဖြစ်မိလျက် သူ၏  ချိုင်းထောက် ကြီးကို ကြမ်းပြင် ပေါ်သို့ ဆောင့်ပစ်ချလိုက်မိလေသည်။
"ရှင် အခုလို စိတ်မကောင်းဖြစ်ရတာကို ကျွန်မ၀မ်းနည်းပါတယ်"

"ငါ့ခြေတုတစ်ဖက် ပျက်စီးသွားရတဲ့အကြောင်း စကားမစပ်မပြောချင်တော့ပါဘူး။ အထူး သဖြင့် ဒီအကြောင်းကို မင်းနဲ့ မဆွေးနွေးချင်ဘူး"
"ဒါပေမဲ့ ကျွန်မကတော့ ပြောရမှာပဲ။ ရှင့်ခြေထောက်တုကို ပြုပြင်ဖို့ စီစဉ်ထားတယ် မဟုတ်လား။ ဘယ်တော့ လောက် ပြီးမှာလဲ"
"သံရုံးက မော်ဂင်ကသံတမန်စာအိတ်ကြီးထဲ ထည့်ပြီး အမေရိကန်ကို ပို့ထားလိုက်ပြီ။ နယူးယောက်မြို့ရောက်တော့ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌဟင်နရီက ကင်အထူးကုဆေးရုံက ကျွမ်းကျင်သူ ပညာရှင် တွေကို တာဝန်ပေး လုပ်ခိုင်းလိုက်တယ်။ မကြာခင် ပြန်ရောက်လာမှာပါ"

"အမှု စတင်စစ်ဆေးချိန်အမီ ပြန်ရောက်လာမယ် ထင်တာပဲ"
အမှုဆိုသည်မှာ ၀န်ကြီးတွန်ဂါတာ၏ အမှုကို ဆိုလိုက်ခြင်းဖြစ်ပြီး ယင်းအမှုမှာ အရေးကြီး ဆုံးအမှု တစ်ခုဖြစ်နေသည့်အပြင်  လူတိုင်းက စိတ်ဝင်စားနေကြလေသည်။
ခရိတ်အဖို့မှာလည်း ကင်းလင်း မွေးမြူရေးလုပ်ငန်းကြီး စတင်လည်ပတ်ရေးနှင့်  ဇမ်ဘေဇီ မြစ်ရေများခေါ် တိုးရစ္စ ခရီးသည်စခန်း စတင်ဖွင့်လှစ်ရေး စသည့် ကိစ္စတွေများပြားနေလင့်ကစား ဆယ်လီရှိရာ ဆေးရုံသို့ နေ့စဉ် သွားရောက် ကြည့်ရှုအားပေးနေရသဖြင့် အလုပ်တွေကို လှည့် မကြည့်နိုင်အောင် ဖြစ်နေ လေသည်။

သူ့အဖို့တစ်ခု ကံကောင်းသည်မှာ စိတ်ချရသော ဂရိုနီဝေါလ်ဆိုသူတစ်ယောက်ရှိနေခြင်း၊ ဆယ်လီ ကိုယ်တိုင် ရွေးချယ်ခေါ်ယူထားသော ကင်ညာနိုင်ငံသား ပီကေဆိုသူ မန်နေဂျာတစ်ဦး ရှိနေခြင်း တို့ကြောင့် ခရိတ်၏ လုပ်ငန်းတွေ အဆက်မပြတ် လည်ပတ်နိုင်လေသည်။
ခရိတ်သည် နေ့စဉ်လိုလို ထိုလူနှစ်ဦးနှင့် တယ်လီဖုန်း ဆက်သွယ်စကားပြောလေ့ရှိသည်။ ခရိတ် ကိုယ်တိုင်ကမူ ဆယ်လီနှင့်နေ့စဉ် တွေ့နိုင်ရန် ဟာရာရေမြို့တွင်ပင် ဆက်လက်နေထိုင်လေ သည်။
ဆယ်လီ ဆေးရုံမှ မဆင်းမီ ခရိတ်၏ ခြေတုအသစ် ရောက်ရှိလာလေသည်။

နောက်တစ်နေ့ ဆေးရုံသို့ သွားသောအခါ ခရိတ်က သူ၏ ဘောင်းဘီတစ်ဖက်ကိုလှန်í ဆယ်လီအား ခြေတုအသစ်ကို ပြလေသည်။
"အခုဆိုရင် ငါက နဂို ပကတိအတိုင်း ပြန်ဖြစ်သွားပြီ။ ပုံမှန် လှုပ်ရှားသော သွားလာလို့ ရပြီ ကွဲ့။ ဒါထက် မင်းရဲ့ ဦးခေါင်းအခြေအနေ ဘယ်လိုနေသေးသလဲ"
ခရိတ် က ဆယ်လီ၏ ကျန်းမာရေး အခြေအနေကို မေးလိုက်သည်။

"ရှင့်ခြေတုအတိုင်းပါပဲ။ သိပ်မဆိုးလှပါဘူး။ ဆရာဝန်တွေကတော့ ကျွန်မကို နောက် သုံးလေးပတ် လောက်အထိ လုံးဝ အနားယူဖို့ပြောကြတယ်။ ကျွန်မက အနားမယူချင်ဘူးရှင့်"
ဆယ်လီက ရယ်မော၍ ပြန်ပြောလေသည်။
နောက်တစ်နေ့မနက် သူမသည် ဆေးရုံမှ ဆင်းခွင့်ရလေရာ ဆယ်လီသည် ကြိမ်လုံးတစ် ချောင်းကို လက်ကိုင်တုတ်အဖြစ် အသုံးပြုလျက်လျှောက်လေသည်။ ခြေချင်းဝတ်က နာကျင်လျက် ရှိသေးသောကြောင့် သူမသည် ရှုံ့မဲ့လျက်ရှိလေသည်။

"မင်းရဲ့ နံရိုးကျိုးခဲ့တဲ့ နေရာမှာကော နာကျင်တုန်းပဲလား"
ခရိတ်က ဆယ်လီ၏ အ၀တ်အစားအိတ်ကို လင်းရိုဗာကားပေါ် တင်ရင်း မေးလိုက်သည်။
"သက်သာလာပါပြီ။ ကျွန်မကို ဘယ်သူကမှအတင်းဖျစ်ညှစ်တာတို့ မလုပ်သမျှ နေသာ ထိုင်သာရှိပါတယ်"
"'ဒါဖြင့် မင်းဘယ်သူမှ မဖျစ်ညှစ်ရဘူးဆိုတဲ့ စည်းကမ်း ဥပဒေ သတ်မှတ်ထားတယ် ဆိုပါတော့။ ဟဲ…ဟဲ…"
ခရိတ်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်ရှင့်၊ ဒါပေမဲ့ စည်းကမ်း ဥပဒေဆိုတာ လူတွေက ချိုးဖောက်လေ့ရှိကြတာချည်း ပဲ မဟုတ်လား"
ဆယ်လီက ဤသို့ပြောလိုက်သဖြင့် ခရိတ်သည် သဘောကျ သွားမိလေသည်။

ဇင်ဘာဘွေနိုင်ငံ တရားရုံးချုပ်၏ အမှတ် (၂)တရားရုံးတော်သည် တစ်ချိန်က ရှိခဲ့သော ဗြိတိသျှ တရားစီရင်ရေးစနစ်၏ အငွေ့အသက်များ ကျန်ရှိလျက်ပင်ရှိသေးသည်။
တရားသူကြီး၏ ထိုင်ခုံနောက်တည့်တည့် နံရံအပေါ်နားတွင် ဇင်ဘာဘွေနိုင်ငံတော် တံဆိပ်ကြီး ချိတ်ဆွဲထားပုံက ထည်ဝါခံ့ညားလှပေသည်။ သက်သေ အစစ်ဖြစ်သည့်နေရာ၊ တရားခံ နေရသည့် နေရာတို့ကလည်း ဗြိတိသျှလက်ထက် တရားရုံးများပုံစံအတိုင်းပင်ဖြစ်သည်။

တရားသူကြီး၏ ရှေ့တည့်တည့်  မျက်နှာချင်းဆိုင်တွင်ကား လူအများထိုင်ရန် သစ်သား ခုံတန်းရှည်များ ချထားလေသည်။
အစိုးရရှေ့နေကြီးနှင့် သူ၏ လက်ထောက်များ၊ တရားခံရှေ့နေများသည် အင်္ဂလိပ် လက်ထက်က ကဲ့သို့ပင် ၀တ်ရုံနက်ကြီးများ ၀တ်ဆင်ထားကြသည်။
တရားသူကြီးကမူ အနီရင့်ရောင့် ၀တ်ရုံကြီး လွှမ်းခြုံထားလျက် အလွန်ခံ့ညာထည်ဝါလှပေ သည်။

ဗြိတိသျှ လက်ထက်ကနှင့် မတူသော ခြားနားချက်တစ်ခုမှာ လူတွေ၏ အသားရောင်ပင် ဖြစ်သည်။ မျက်နှာဖြူလူမျိုးဟူ၍ လုံးဝမပါဘဲ တိုင်းရင်းသား လူမည်းများသာ ရုံးခန်းအတွင်း၌ ရှိနေ ကြလေသည်။
ဝခ်စ်ခေါ် ဦးခေါင်းပေါ်၌ ဆံပင်တု ဆောင်းထားပုံကအစ ဗြိတိသျှ အစိုးရလက်ထက် တရားရုံးတော်များတွင် မြင်ရလေ့ရှိသည့်အတိုင်း ဖြစ်နေပေသည်။
ထိုနေ့က တရားရုံးတော်အတွင်း လူသူပရိသတ် အထူးပင် စည်ကားပြည့်ကျပ်နေရာ ထိုင်ခုံအလွတ်ဟူ၍ မရှိသလောက်ဖြစ်နေပေသည်။ သို့သော် လာရောက်နားထောင်သူ ပရိသတ် သည်  အထူးစည်းကမ်းရှိစွာထိုင်နေကြသည်။

ပရိသတ်အားလုံးလိုလို မာတာဘယ်လီ တိုင်းရင်းသားများဖြစ်ကြပြီး သူတို့သည် မိမိတို့နေထိုင်ရာ ဒေသ (မာတာဘယ်လီနယ်မြေ)မှ မိုင်ပေါင်းများစွာ ခရီးရှည်ကြီးကို တပင်တပန်း ဘက်စ်ကားစီး၍ လာရောက်နားထောင်ကြခြင်း ဖြစ်လေသည်။
ပရိသတ်အတော်များများက (ယခု အတိုက်အခံပါတီ) ဖြစ်နေသော ဇာပူ နိုင်ငံရေးပါတီ၏ ရင်ထိုး တံဆိပ်များ တပ်ဆင်လာကြသည်။
ပရိသတ်အားလုံး ငြိမ်သက်စွာထိုင်နေကြရာ တရားခံ တွန်ဂါတာအား အစောင့်အရှောက်များက ခေါ်ထုတ်လာတော့မှသာ ပရိသတ်အချို့ လှုပ်လှုပ်ရှားရှားဖြစ်ကာ တီးတိုးစကားပြောသံများ မသိ မသာ ကြားရ လေသည်။

ထိုအခိုက် တရားရုံး၏ နောက်နားမှ ဇာပူပါတီဝတ်စုံ ၀တ်ထားသူ လူမည်း အမျိုးသမီးသည် ထ၍-
"ဘာယေတီ၊ နီကိုဆီ၊ နီကူလူ"ဟု မာတာဘယ်လီဘာသာဖြင့် ကြွေးကြောသံကို ဟစ်အော်ရင်း ဇာပူပါတီဝင် တို့၏ ဓလေ့အတိုင်း လက်သီးဆုပ်ကာ အလေးပြုလိုက်လေသည်။
ဤတွင် လက်နက်ကိုင် အစောင့်အရှောက်များ ချက်ချင်း ရောက်ရှိလာပြီး လူမည်းအမျိုးသမီးအား ရုံးခန်းတွင်း မှ ခေါ်ထုတ်သွားလေသည်။
ထိုအချိန်၌ တွန်ဂါတာသည် တရားခံများထားရာနေရာ ၀က်ခြံအတွင်း၌ မတ်တပ်ရပ်နေပြီး အမျိုး သမီး၏ ဆန္ဒပြ လိုက်ပုံကို မြင်လိုက်ရသော်လည်း မျက်နှာက မည်သို့မျှ စိတ်လှုပ်ရှားမှု ရှိပုံမရဘဲ ခပ်တည် တည်ပင် ရပ်ကြည့်နေလေသည်။

အင်္ဂါရုပ်အားဖြင့် ခံ့ညားတည်ကြည်သလောက် ကိုယ်လုံးကိုယ်ဟန်ကလည်း ထွားကျိုင်းသန်မာသူ ဖြစ်လေရာ တွန်ဂါတာ သည် ရုံးခန်းအတွင်းရှိ လူအားလုံးအပေါ် သြဇာလွှမ်းမိုးနိုင်သူ တစ်ယောက် ၏ အသွင် ဆောင်နေလေသည်။
အမှုကို ကြားနာစစ်ဆေးမည့် တရားသူကြီးမှာ တရားရုံးချုပ် တရားဝန်ကြီး ဒိုမာရှာဝါဆိုသူ ဖြစ်လေ သည်။ ရှိုနာလူမျိုး တစ်ဦးဖြစ်ပြီး အရပ်မြင့်မြင့်၊ နှာခေါင်းကောက်ကောက်နှင့် စူးရှသော မျက်လုံးများ ရှိသူ ဖြစ်သည်။ တရားခံများအား အပြစ်ဒဏ်ပေးရာတွင် မညှာမတာပေးတတ်သူဟုလည်း နာမည် ကြီး သူဖြစ်လေရာ အစိုးရရှေ့နေကြီး ခိုရီသည် ထိုတရားဝန်ကြီးက အမှုစစ်ဆေးရန် တာဝန်ကျ သည်ကို ကျေနပ် အားရမိလေသည်။

"တရားမျှတမှုတော့ ရှိမှာပါဗျာ"
ဤသို့လည်း ရှေ့နေကြီးက ခရိတ်တို့အား ပြောခဲ့လေသည်။
ဇင်ဘာတွေ သည် မျက်နှာဖြူ အစိုးရလက်ထက်က ရိုဒီးရှားနိုင်ငံဟု အမည်တွင်ခဲ့ရာ ထိုအချိန်ကပင် ဗြိတိသျှ သမားရိုးကျ တရားစီရင်ရေးစနစ်မှ ဂျူရီလူကြီးများ ဖွဲ့စည်းခန့်အပ်၍ အကြံဉာဏ်တောင်း ခြင်းစနစ် ကို ပယ်ဖျက်ခဲ့လေသည်။

ထို့ကြောင့် ယခု အမှုတွင်လည်း ဂျူရီလူကြီးများအဖွဲ့ မရှိချေ။
တာဝန်ကျ တရားသူကြီး (ယခုအမှုတွင် တရားရေးဝန်ကြီး ဒိုမာရှာဝါ)သည် သူနှင့်အတူ တရားခွင် ပေါ်တွင် ၀ဲယာ ညှပ်ထိုင်ရသူ အဖွဲ့ဝင်နှစ်ဦး၏ အကူအညီဖြင့် အမှုကို စီရင်ဆုံးဖြတ်မည် ဖြစ်သည်။
ယင်း တရားစီရင်ရေး အဖွဲ့ဝင်နှစ်ဦးတို့သည်လည်း ရှိုနာ အမျိုးသားတို့ပင် ဖြစ်သည်။ ပထမတစ်ဦး က တောရိုင်း တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း ကျွမ်းကျင်သူဖြစ်ပြီး ကျန်တစ်ဦးက ၀ါရင့် ခရိုင် တရားသူကြီးဟောင်းတစ်ဦး ဖြစ်လေသည်။

အဖွဲ့၏ နာယကဖြစ်သူ တရားဝန်ကြီးသည် ထိုလူနှစ်ဦးထံမှ (လိုအပ်လျှင်) အကြံဉာဏ်တောင်း မည် ဖြစ်သည်။ သို့သော် အပြီးသတ် စီရင်ဆုံးဖြတ်ချက်ကို နာယက တရားဝန်ကြီးကပင် ချမှတ် မည်ဖြစ်သည်။
တရားဝန်ကြီး ဒိုမာရှာဝါသည် သူ၏ စူးရှသော မျက်လုံးများဖြင့် တွန်ဂါတာအား စေ့စေ့ကြည့်ရင်း အစိုးရ (တရားလို)ဘက်မှ တင်သွင်းထားသော စွဲချက်ကို အင်္ဂလိပ်ဘာသာဖြင့် စတင်ဖတ်ကြား လေသည်။
တရားလိုဘက်မှတင်သည့် စွဲချက်တွင် အချက်ပေါင်း ရှစ်ချက်ပါရှိလေသည်။ ယင်းတို့မှာ ကန့် သတ်တားမြစ်ထားသော တောရိုင်းတိရစ္ဆာန်ပစ္စည်းများ (ဆင်စွယ်၊ ကြံ့ချို စသည်တို့)ကို ပြည်ပ သို့ တရားမ၀င် ခိုးထုတ်ရောင်းချခြင်း၊ လူတစ်ယောက်အား ခြိမ်းခြောက်ပြန်ပေးဆွဲသလို ဖမ်းကာ ဓားစာခံအဖြစ် ဖမ်းထားခြင်း၊ လက်နက်ဖြင့် တိုက်ခိုက်ရန် ကြံစည်ခြင်း၊ ထိခိုက်နာကျင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခြင်း၊ လူသတ်မှုကျူးလွန်ရန် ကြံစည်ခြင်း၊ ဥပဒေအရ ဖမ်းဆီးခြင်းကို ငြင်းဆန်ခုခံခြင်း၊ အစိုးရ(စစ်တပ်သုံး)မော်တော်ယာဉ်တစ်စီးကို ခိုးယူမောင်းပြေးခြင်း၊ နိုင်ငံပိုင် ပစ္စည်းများ ပျက်စီးစေခြင်း စသည်ဖြင့် အသေးစိတ် ဖော်ပြထားလေသည်။

"ဘုရား၊ ဘုရား၊ သူတို့က တွန်ဂါတာကို ရှိရှိသမျှ ပုဒ်မတွေအားလုံးနဲ့ စွဲချက်တင်နေတာပါကလား"
ခရိတ်က အနီးရှိ ဆယ်လီအား ခပ်တိုးတို ပြောလိုက်သည်။

သို့သော် ဆယ်လီသည် ခရိတ်ကဲ့သို့ပင် တွန်ဂါတာ၏ အပေါ် ကရုဏာစိတ်၊ စာနာထောက်ထား သည့်စိတ် လုံးဝ ဖြစ်ပေါ်ပုံမရချေ။
"ကောင်းတာပေါ့ရှင်၊ ဒါမှ တရားခံ အပြစ်ဒဏ်ရဖို့ သေချာမှာ။ ကျွန်မဖြင့် ဒီလူယုတ်မာ တရားခံ သေဒဏ် ပေးခံရတာကို မြင်ချင်တယ်"
ဆယ်လီက သူမ အလွန်မြတ်နိုးသော တောရိုင်းတိရစ္ဆာန်များအား ရက်စက်စွာ သတ်ဖြတ်သူ မှောင်ခိုဂိုဏ်း ၏ အကြီးအကဲ တွန်ဂါတာအား မုန်းတီးစက်ဆုပ်ဟန်ဖြင့် ပြောလိုက်သည်။
ခရိတ်သ ည် စိတ်ထဲမကောင်း ဖြစ်သွားမိသော်လည်း ဟန်ဆောင်လျက် ဆယ်လီအား ရှင်းပြလေ သည်။

"သေဒဏ်ပေးတာကတော့ မင်းမမြင်ရဘူး ထင်တယ်။ အခု တရားလိုဘက်က တင်သွင်းထားတဲ့ စွဲ ချက်တွေထဲမှာ သေဒဏ်အပြစ်ပေးလို့ရတဲ့ ပုဒ်မတစ်ခုမှ မပါဘူးကွဲ့"
မကြာမီ တရားရုံး ထုံးတမ်းစဉ်လာအတိုင်း တရားလိုဘက်မှ အဖွင့်လျှောက်လဲချက် စတင်မေးလေ သည်။
ခရိတ်သည် နားထောင်နေရင်း ရှေးခေတ်ဟောင်းက ခေါမ(ဂရိတ်)ဒဏ္ဍာရီပုံပြင်တစ်ခုကို သတိရမိ လေသည်။ ထိုပုံပြင်တွင် အဓိက ဇာတ်ကွက် (ဇာတ်လိုက်သူရဲကောင်း)အား သူ့ထက်ယုတ်ညံ့ အဆင့်အတန်း နိမ့်သူတို့က ၀ိုင်းဝန်းတိုက်ခိုက်ကြရာတွင် ဇာတ်လိုက်မင်းသား အညံ့ခံလိုက်ရပုံ ဒဏ္ဍာရီ ပုံပြင်တစ်ခုပင် ဖြစ်သည်။

အစိုးရရှေ့နေကြီး ခိုရီသည် ဥပဒေပညာကျွမ်းကျင်သူ ဘိလပ်ပြန် ၀တ်လုံးတော်ရကြီးတစ်ဦးပီပီ အမှုကို ကိုင်တွင်ရာ၌ ရေပက်မ၀င်အောင် အထူး ပိရိသေသပ်စွာဖြင့် တရားရုံးတော်သို့ တင်ပြနိုင် လေသည်။ ဤအချက်ကို ခရိတ်က ကောင်းစွာ သတိပြုမိသည်။
ပထမဆုံး ရုံးတော်ရှေ့မှောက်၌ ထွက်ဆိုရန်တင်ပြသည့် တရားလိုပြ သက်သေမှာ ၀န်ကြီး ဗိုလ်ချုပ် ဖွန်ဂါဘီရာ ပင် ဖြစ်သည်။
ဖွန်ဂါဘီရာသည် စစ်ဝတ်စုံယူနီဖောင်း အပြည့်အစုံဖြင့် ခံ့ညားသေသပ်စွာ ၀တ်ဆင်ထားလျက် တရား ရုံးတော် ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရားလိုပြ သက်သေအဖြစ် စတင် ထွက်ဆို လေသည်။

ထွက်ဆိုချက်ကလည်း အလွန်တိကျ ပြည့်စုံသဖြင့် တရားစီရင်ရေးအဖွဲ့ နာယက တရားဝန်ကြီး သည် ကျေနပ်သဘောကျဟန်ဖြင့် မကြာခဏခေါင်းညိတ်ပြီး ရံဖန်ရံခါ အချက်အလက်အချို့ကို စာ ဖြင့် ရေးမှတ် နေလေသည်။
တရားခံဘက် မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေကလည်း ခေသူမဟုတ်ပေ။ မာတာဘယ်လီ တိုင်း ရင်းသား တို့၏ ဇာပူပါတီ ဗဟိုကော်မတီ၏ စီစဉ်ချက်ဖြင့် လန်ဒန်မြို့မှ လာရောက်သော ၀တ်လုံ တော်ရ မစ္စတာ ပီတယ်လ်ဆိုသူဖြစ်သည်။

ဥပဒေ အထူးကျွမ်းကျင်သော ပုဂ္ဂိုလ်ကြီးပင် ဖြစ်လင့်ကစား ဗိုလ်ချုပ်ဖွန်ဂါဘီရာအား ပြန်လှန် မေး ခွန်းထုတ်ပြီး ထွက်ချက်ကို ဖျက်ရန် ကြိုးစားရာ၌ မအောင်မြင်ဘဲ ဖြစ်နေလေသည်။
ဒုတိယမြောက် တရားလိုပြ သက်သေမှာ မှောင်ခိုဆင်စွယ်များ သယ်ဆောင်လာသည့် ကုန်တင် ထရပ်ကား၏ ယာဉ်မောင်းပင် ဖြစ်သည်။
ထိုလူသည် မျက်နှာဖြူအစိုးရအား တော်လှန်တိုက်ခိုက်ခဲ့စဉ် ပြည်တွင်းစစ်ကာလက ဇီပရာ ပြောက် ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးလေသည်။ စစ်ပြီး၍ လွတ်လပ်ရေးရပြီးနောက် ထိုလူသည် ပြန်လည် ထူထောင်ရေး စခန်းတစ်ခုတွင် အကျဉ်းကျနေရာ မကြာသေးမီကမှ လွတ်မြောက်လာခဲ့ သူ ဖြစ်သည်။

"အဖမ်းခံရတဲ့ည မတိုင်မီ မင်းဟာ တရားခံ မစ္စတာတွန်ဂါတာနဲ့ တွေ့ဖူးသလား"
အစိုးရရှေ့နေကြီး ခိုရီက စတင် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်ကဲ့ တွေ့ဖူးပါတယ်။ ကျွန်တော်ဟာ တော်လှန်ရေး စစ်ပွဲအတွင်းက သူနဲ့အတူ ရှိနေခဲ့ပါ တယ်"
"စစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ မင်းဟာ သူနဲ့ တွေ့ခဲ့သေးသလား"

"တွေ့ခဲ့ပါတယ်"
"ဘယ်တုန်းက တွေ့ခဲ့သလဲ"
"မနှစ်က နွေရာသီမှာ တွေ့ခဲ့ပါတယ်"
"အဲဒါက ပြန်လည်ထူထောင်ရေးစခန်းကို မင်းမရောက်ခင်ကပေါ့၊ ဟုတ်လား"
"ဟုတ်ပါတယ်၊ အဲဒီ မတိုင်မီကပါ"
"၀န်ကြီး မစ္စတာ တွန်ဂါတာနဲ့မင်း ဘယ်နေရာမှာ တွေ့ဆုံခဲ့သလဲ"
"မြစ်ကြီးအနီးက တောင်ကြားဒေသမှာပါ"

"အဲဒီတုန်းက တွေ့ဆုံခဲ့ပုံကို ရုံးတော်ကို ပြောပြစမ်းပါ"
"အဲဒီတုန်းက ကျွန်တော်တို့ဟာ ဆင်စွယ်ရရှိရေးအတွက် တောဆင်ရိုင်းတွေကို လိုက်ပစ်နေ ခတ် နေကြပါတယ်"
"ဘယ်ပုံဘယ်နည်း လိုက်ပစ်ကြတာလဲ"
"ဆင်တွေကို လိုက်ပစ်ရာမှာ ကျွန်တော်က ဒေသခံ ဘာတွန်ကာ တိုင်းရင်းသားလူမျိုးတွေကို ငှား ရမ်း အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ရဟတ်ယာဉ်တစ်စင်းလည်း အသုံးပြုပါတယ်။ ရဟတ်ယာဉ်နဲ့ ဆင်ရိုင်းအုပ်ကြီးကို တောခြောက်ပြီး မိုင်းဗုံးတွေရှိရာ မြေကွက်လပ်ထဲ မောင်းသွင်းခဲ့ပါတယ်"

"တရားဝန်ကြီးခင်ဗျား အခုလို မေးခွန်းထုတ်တာကို ကန့်ကွက်ပါတယ်။ မေးခွန်းတွေက တရားခံ အပေါ် စွဲချက်တင်ထားတဲ့ အချက်တွေနဲ့ ဘာမှ မသက်ဆိုင်တဲ့အတွက် ကန့်ကွက်ပါတယ်"
တရားခံရှေ့နေကြီး မစ္စတာ ပီတယ်လ်က ထ၍ ကန့်ကွက်လိုက်သည်။
သို့သော် တရားစီရင်ရေးအဖွဲ့ နာယကကြီးက လက်မခံဘဲ-
"ကန့်ကွက်ချက်ကို ရုံးတော်အနေနဲ့ ပယ်ပါတယ်။ ကိုင်း အစိုးရရှေ့နေကြီး ဆက်မေးပါ"ဟု ဆုံးဖြတ်ပေးလိုက်သည်။

အစိုးရရှေ့နေကြီး ခိုရီကလည်း ဆက်လက် မေးခွန်းထုတ်လေသည်။
"မင်းတို့ ဆင်ဘယ်နှကောင် သတ်ခဲ့သလဲ"
"သတ်တာကတော့ အများကြီးပါပဲ"
"ဘယ်နှကောင်ဆိုတာ ခန့်မှန်းပြီး မပြောနိုင်ဘူးလား"

"သိပ်တော့ မသေချာဘူး။ ဆင်ကောင်ရေ နှစ်ရာလောက်တော့ ရှိမယ်ထင်ပါတယ်"
"အဲဒီအချိန်က ၀န်ကြီး တွန်ဂါတာဟာ ရှိနေတယ်လို့ မင်းဆိုလိုသလား"
"ဟုတ်ကဲ့၊ သူက ဆင်တွေသတ်ပြီးတဲ့နောက်ပိုင်း ရောက်လာပါတယ်။ ပြီးတော့ ဆင်စွယ်တွေကို ရေတွက်ပြီး ရဟတ်ယာဉ်နဲ့ သယ်ဆောင်သွားပါတယ်"
"ဘယ်က ရဟတ်ယာဉ်လဲ"
"အစိုးရပိုင် ရဟတ်ယာဉ်တစ်စင်းပါပဲ"

"ဒီမေးခွန်းကို ကျွန်တော် ကန့်ကွက်ပါတယ်။ အမှုနဲ့ ဘာမှမဆိုင်တဲ့ မေးခွန်းဖြစ်ပါတယ်"
တရားခံရှေ့နေကြီးက ကန့်ကွက်ပြန်ပါသော်လည်း တရားဝန်ကြီးက လက်မခံချေ။
"ကန့်ကွက်ချက်ကို ရုံးတော်က ပယ်ပါတယ်"

ထို့နောက် တရားခံရှေ့နေက ပြန်လှန်မေးခွန်း ထုတ်ရလေသည်။ ရှေ့နေကြီး မစ္စတာပီတယ်လီ သည် ချက်ချင်းပင် တရားလိုပြ သက်သေထွက်ချက်ကို ဖျက်ရန် ကြိုးစားလေသည်။
"မင်းဟာ ၀န်ကြီး မစ္စတာ တွန်ဂါတာရဲ့ တော်လှန်ရေး ပြောက်ကျားတပ်ထဲမှာ ဘယ်တုန်းကမှ မပါ ၀င်ခဲ့ဖူးသူ ဖြစ်တယ်လို့ဆိုရင် မင်းငြ်းမလား။ ပြီးတော့ မင်းဟာ ၀န်ကြီး တွန်ဂါတာနဲ့ အရင်က တစ်ခါမှ မတွေ့ဆုံခဲ့ဖူးဘူး။ မဟုတ်ဘူးလား"
ဤတွင် အစိုးရရှေ့နေကြီး ခိုရီက ထကန့်ကွက်လေသည်။

"နာယကကြီးခင်ဗျား၊ ကျွန်တော် ကန့်ကွက်ပါတယ်။ တရားခံအကျိုးဆောင်ကြီးက တရားလိုပြ သက်သေရဲ့ထွက်ချက်ကို ဖျက်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။ ဇင်ဘာတွေ တော်လှန်ရေး စစ် ပွဲအတွင်း က မျိုးချစ်ပြောက်ကျားတပ်တွေမှာ ပါဝင်ခဲ့သူ တပ်သားများရဲ့ စာရင်းအတိအကျ ပြုစု ထားတဲ့ မှတ်တမ်း တွေ မရှိခဲ့တာကို အခွင့်ကောင်းယူပြီး သက်သေရဲ့ ထွက်ချက်ကို ဖျက်နေပါ တယ်။ ကျွန်တော်တို့ သက်သေအနေနဲ့ တော်လှန်ရေး ပြောက်ကျားတပ်မှာ ပါဝင်ခဲ့ဖူးကြောင်း သက်သေ အထောက် အထား မပြနိုင်တာကိုဘဲ အမြတ်ထုတ်ဖို့ ကြိုးစားနေတာမို့ ကန့်ကွက်ပါ တယ်"
"ကန့်ကွက်ချက်ကို လက်ခံပါတယ်။ တရားခံရှေ့နေကြီး ပီတယ်လ်က အမှုနဲ့ တိုက်ရိုက်သက်ဆိုင် တာတွေ ကိုသာ မေးပါ။ တရားလိုပြ သက်သေ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် မေးခွန်းတွေကို မမေးပါနဲ့"

နာယကတရားဝန်ကြီးက အဆုံးအဖြတ်ပေးလိုက်ရာ တရားခံရှေ့နေ ပီတယ်လ်လည်း စိတ်ပျက် သွား မိလျက် တရားလိုပြ သက်သေကို ဆက်မေးရလေသည်။
"မင်းဟာ ပြန်လည်ထူထောင်ရေးစခန်း (အကျဉ်းစခန်း)က ဘယ်တုန်းက လွတ်မြောက်လာခဲ့ပါ သလဲ"
"မမှတ်မိတော့ဘူး၊ ကျွန်တော် မေ့သွားပါပြီ"
"လွတ်ခဲ့တာ ကြာပြီလား။ မင်း အဖမ်းမခံရခင် အချိန် ဘယ်လောက်ကြာကြာတုန်းက လွတ်ခဲ့တာ လဲ။ ဒါမှမဟုတ် လွတ်လာပြီး မကြာခင် အဖမ်းခံရတာလား"
"သိပ်မကြာသေးပါဘူး"

တရားလိုပြသက်သေက ဤသို့ ဖြေလိုက်စဉ် သူ၏ မျက်နှာအမူအရာက စိတ်ဓာတ်ကျသလို ဖြစ် နေလေ သည်။
"မင်းကို အကျဉ်းစခန်းက လွတ်ပေးလိုက်တာဟာ စည်းကမ်းချက်တစ်ခုနဲ့ မဟုတ်လား။ ဟိုနေ့ည က ဆင်စွယ်တွေ သယ်ဆောင်လာတဲ့ ကုန်တင်ကားကြီးကို မင်းက မောင်းပေးရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ပေး လိုက်တာ မဟုတ်လား"

"နာယကကြီး ခင်ဗျာ"
အစိုးရရှေ့နေကြီး ခိုရီက ကန့်ကွက်ရန် စကားစလိုက်စဉ် နာယက တရားဝန်ကြီး ကိုယ်တိုင်က တရားခံ ရှေ့နေအား ဟန့်တားလေသည်။
"မစ္စတာ ပီတယ်လ်၊ ခင်ဗျားအနေနဲ့ နိုင်ငံတော် ပြန်လည်ထူးထောင်ရေး စခန်းတွေကို သိက္ခာကျ စေတဲ့သဘောနဲ့ အကျဉ်းစခန်းလို့ မပြောပါနဲ့"
"ကောင်းပါပြီ နာယကကြီး ခင်ဗျာ"

ရှေ့နေကြီး မီတယ်လ်သည် ရုံးတော်သို့ ပြောလိုက်ပြီးမှ တရားလိုသက်သေအား ဆက်လက်မေး လေသည်။
"မင်းကို ပြန်လည်ထူးထောင်ရေး စခန်းက လွှတ်ပေးလိုက်တော့ ကတိပေးခဲ့တာများ ရှိသလား"
"မရှိပါဘူး"
ဤသို့ ပြန်ဖြေလိုက်သော်လည်း သက်သေ၏ မျက်နှာမှာ စိတ်နှလုံးမသက်မသာ ဖြစ်နေပုံ ရလေသည်။
"မင်းကို လွှတ်မပေးခင် နှစ်ရက်လောက်အလိုမှာ တတိယ တပ်မဟာက ဗိုလ်ကြီး (ကပ်ပတိန်) နီဘေဘီဆိုတဲ့လူက မင်းနဲ့လာတွေ့ဆုံခဲ့တယ် မဟုတ်လား"
"မဟုတ်ပါဘူး"

"မင်းကို ပြန်လည်ထူးထောင်ရေးစခန်းမှာ ရှိနေတုန်းက မင်းကိုလာတွေ့တဲ့ ဧည့်သည်များ ရှိသလား"
"မရှိပါဘူး"
"သေချာရဲ့လား၊ ဧည့်သည် တစ်ယောက်မှ လာမတွေ့ဘူးလား"
တရားခံရှေ့နေကြီးက ဤသို့မေးလိုက်ရာ နာယက တရားဝန်ကြီးက ဟန့်တားပြန်လေသည်။
"ရှေ့နေကြီးရဲ့ မေးခွန်းကို သက်သေက ဖြေကြားသွားပြီပဲ"
တရားခံရှေ့နေကြီး ပီတယ်လ်သည် စိတ်ဓာတ်ကျသွားဟန်ဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက် သည်။

"နောက်ထပ် တင်ပြစရာ သက်သေရှိသေးသလား"ဟု မေးလိုက်သည်။
ခရိတ်သည် စိတ်ဝင်စားစွာဖြင့် နားထောင်ရင်း တရားလိုဘက်မှ ဆက်လက်တင်ပြမည့် သက်သေ သည် ကက်ပတိန် နီဘေဘီပင် ဖြစ်ရမည်ဟု တထစ်ချတွက်လိုက်မိသည်။
သို့ရာတွင် တရားလိုရှေ့နေကြီး ခိုရီသည် ထိုလူအား လုံးဝမခေါ်ဘဲ လင်းရိုဗာကာဖြင့် တိုက်ခြင်းခံ ခဲ့ရသူ တတိယ တပ်မဟာမှ စစ်သားအား တရားလိုပြသက်သေအဖြစ် ခေါ်ယူလိုက်လေသည်။
ယင်းသို့ အစိုးရရှေ့နေက နည်းဗျူဟာပြောင်းလိုက်သည်ကို ခရိတ်က စိုးရိမ်သွားမိလေသည်။ အကြောင်းတစ်ခုခု ရှိရမည်ဟုလည်း တွက်မိသည်။

အစိုးရရှေ့နေကြီးအနေဖြင့် ကက်ပတိန်နီဘေဘီအား တရားခံဘက်မှ ပြန်လှန်၍ မေးခွန်းထုတ်ခြင်း မခံရ အောင် ကြိုတင်ကာကွယ်လိုက်သည့် သဘောပေလော။
ကက်ပတိန်နီဘေဘီက အချင်းမဖြစ်မီက ပြန်လည်ထူထောင်ရေးစခန်းသို့သွား၍ ယာဉ်မောင်း ရဲဘော်နှင့် တွေ့ဆုံခြင်းနှင့်ပတ်သက်ပြီး တရားခံရှေ့နေကြီးက ဖော်ထုတ်ကာ မေးခွန်းမေးမည်ကို မမေးစေ ချင်၍ပေလော။

ဤသို့ ဖြစ်ပါမူ-
ခရိတ်သည် ဆက်လက်မစဉ်းစားတော့ဘဲ သူ၏ စိတ်ထဲ ဖြစ်ပေါ်လာမိသော သံသယများကို ကြိုး စား၍ ပယ်ဖျောက်ပစ်လိုက်လေသည်။
မေးခွန်းများနှင့် အဖြေများကို တိုင်းရင်းသားဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရသည့်အတွက် အလွန် အချိန်ကုန်လှပေသည်။
ထို့ကြောင့် အမှုစတင်စစ်ဆေး၍ သုံးရက်မြောက်သောနေ့မှပင် ခရိတ်အား သက်သေအဖြစ် ထွက် ဆိုရန် ခေါ်ယူခြင်း ခံရလေသည်။

ခရိတ်သည် သက်သေများအတွက် သီးသန့်ထားသော နေရာသို့ လျှောက်သွားပြီးနောက် (အစိုးရ ရှေ့နေကြီး ခိုရီက စတင်မေးခွန်းမထုတ်မီ) တရားခံရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်မိ သည်။
တွန်ဂါတာကလည်း ခရိတ်အား စူးစိုက်ကြည့်နေလေသည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံမိချိန်တွင် တွန်ဂါတာသည် သူ၏ လက်ယာဘက်လက်ဖြင့် တစ်စုံတစ်ခု အချက်ပြလိုက်သည်။ ဤသည်ကို ခရိတ်က လွဲ၍ မည်သူကမှ သတိမပြုမိလိုက်ကြချေ။

အတိတ်ကာလအချိန်က (ဇင်ဘာဘွေနိုင်ငံသည် မျက်နှာဖြူ အစိုးရလက်အောက် ရိုဒီရှားနိုင်ငံ ဖြစ် ခဲ့စဉ်)က ခရိတ်သည် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် အလုပ်လုပ်ခဲ့ဖူး ရာ ထိုစဉ် က တွန်ဂါတာသည်လည်း ခရိတ်၏ လက်ထောက်အဖြစ် အတူ အလုပ်ဝင်လုပ်ခဲ့ဖူးလေ သည်။

သူတို့၏ တာဝန်မှာ တောရိုင်းတိရစ္ဆာန်များ သဘာဝအလျောက် တောထဲနေကြသည်ကို ကြည့်ရှု စောင့်ရှောက်ရန် ဖြစ်သည်။ တိရစ္ဆာန်များ၏ ဦးရေကိုလည်း (လိုအပ်လျှင်) ကန့်သတ်နိုင်ရေးအ တွက် လိုအပ်သလို ဆောင်ရွက်ကြရလေသည်။

သဘာဝ တိရစ္ဆာန်ဥယျာဉ်အဖြစ် အစိုးရက ပိုင်းခြားသတ်မှတ်ထားသော တောများတွင် တိရစ္ဆာန် ကောင်ရေနှင့် အစာအာဟာရမျှတအောင်လည်း တစ်ခါတစ်ရံ အလွန်အကျွံများလာသော
တိရစ္ဆာန်အချို့ကို သုတ်သင်ဖျောက်ဖျက်ပစ်ရလေသည်။
ယင်း အလုပ်လုပ်ရာတွင် အသက်ဘေးအန္တရာယ်နှင့် အလွန်နီးကပ်သဖြင့် ခရိတ်နှင့် တွန်ဂါတာ သည် တောထဲ တွင် အထူးသတိထား၍ သွားလာလှုပ်ရှားခဲ့ရသည်။

ထိုအခါများတွင် ခရိတ်နှင့် တွန်ဂါတာတို့သည် လူချင်းခွဲ၍ တိရစ္ဆာန်အုပ်များ၏ နောက်သို့ ခြေရာ ခံလိုက်ရတတ်သည်။ ဥပမာ ခြင်္သေ့ရိုင်း တစ်အုပ်နောက်သို့လိုက်သည့်အခါမျိုးတွင် သူတို့သည် လုံးဝ အသံမပြုဘဲ တိတ်ဆိတ်စွာဖြင့် သွားလာလှုပ်ရှားကြရသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်သည့်အခါ စကားမပြောဘဲ လက်ဟန်ခြေဟန်နှင့်သာ ဆက်သွယ်ကြရ သည်။ သူတို့နှစ်ယောက် ညှိနှိုင်းတီထွင်ထားသော လက်ဟန်ခြေဟန်နှင့် အချက်ပြခြင်းအားဖြင့် မိမိတို့လိုသောစကားကို ပြောလေ့ရှိကြသည်။

ယခု တရားခံဖြစ်နေသူ ၀န်ကြီး တွန်ဂါတာက လက်သီးဆုပ်၍ အချက်ပြလိုက်သောအခါ ခရိတ် သည် ချက်ချင်း အဓိပ္ပာယ်ကိုနားလည်လိုက်ပြီ ဖြစ်သည်။ တွန်ဂါတာက အချက်ပြလိုက်သည့် အဓိပ္ပာယ် ကတော့-
"အထူးသတိထား၊ အလွန် အန္တရာယ်ကြီးမားနေပြီ"ဟူ၍ပင် ဖြစ်လေသည်။
ခရိတ်သည် အတိတ်ကိုလည်း ပြန်လည် သတိရမိလေသည်။

အထူးသဖြင့် အလားတူ အချက်ပြနည်းမျိုး တွန်ဂါတာက လက်သီးဆုပ်၍ ပြခဲ့ခြင်းကို ပြန်၍ သတိရ မိသည်။
တစ်နေ့ ခရိတ်သည် တွန်ဂါတာနှင့်အတူ လူချင်း ခပ်ခွာခွာခွဲ၍ တောထဲလျှောက်သွားစဉ် မျက်နှာ ချင်းဆိုင်ဘက်မှ တွန်ဂါတာက လက်သီးဆုပ်၍ လျင်မြန်စွာ အချက်ပြလိုက်သည်။
ခရိတ်လည်း အန္တရာယ်နီးကပ်နေပြီဟု သိသဖြင့် လှည့်ကြည့်လိုက်ရာ ဒဏ်ရာရသော ခြင်္သေ့မ ကြီးတစ်ကောင် သည် ခရိတ်အား ခုန်အုပ်ရန် ပြေးလာသည်ကို မြင်ရလေသည်။ ခရိတ်အနေဖြင့် စက္ကန့်ပိုင်း အတွင်း ခြင်္သေ့အစာ ဖြစ်ရတော့မည့်ဆဲဆဲ အခြေအနေ ဖြစ်လေသည်။

ခရိတ်သည် တွန်ဂါတာ၏ အချက်ပြ သတိပေးမှုကြောင့် လျှပ်တစ်ပြက် လျင်မြန်စွာ လှည့်ပြီး သူ၏ ပွိုင့် ၄၅၈သေနတ်ဖြင့် ခြင်္သေ့မကြီးအား ပစ်လိုက်ရလေသည်။ ကျည်ဆန်က ခြင်္သေ့မကြီး၏ ရင်ဘတ်တည့်တည့် ချက်ကောင်ကို ထိမှန်သွားလင့်ကစား ပြေးလွှားခုန်အုပ်လိုက်သော အရှိန်က မသေ သေးဘဲ ခြင်္သေ့မကြီး၏ ဧရာမ ခန္ဓာကိုယ်က ခရိတ်အား အရှိန်ပြင်းစွာ ၀င်တိုက်မိသဖြင့် တစ် ကိုယ်လုံး လွင့်စဉ်မြှောက်တက်သွားလေသည်။

သို့သော် အသက်ဘေးမှ ချမ်းသာရာ ရခဲ့သည်။
ယခု တရားရုံးခန်းအတွင်း၌ တွန်ဂါတာက အလားတူ လက်သီးဆုပ်၍ အချက်ပြလိုက်သည်ကို မြင် ရသောအခါ ခရိတ် ရုတ်တရက် ရင်ထဲမှ ထိတ်ခနဲ ဖြစ်သွားကာ ကျောချမ်းသွားမိလေသည်။
အလွန် အန္တရာယ်ကြီးနေပြီဟု တွန်ဂါတာက မိမိတို့ချင်းသာ နားလည်သော လျှို့ဝှက်အချက်ပြ လိုက်ခြင်းမှာ ဘာကြောင့်နည်း။ မည်သို့ ဆိုလိုလေသနည်း။

အခန်း (၁၆) ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

Anonymous said...

စိတ်ဝင်းစားလို့ ဆက်ဖတ်သွားပါတယ် ဆရာမ
ခင်မင်စွာဖြင့်
ဇော်သိင်္ခ