အကွီအင်းမှ ရှုခင်း
ဟောဟို ရှေ့နားက ရွာဟာ အကွီရွာပေါ့။ အိမ်ခြေတစ်ရာလောက်ရှိတဲ့ ရွာသိမ်ရွာငယ် ကလေးပါပဲ။ အကီ်ွရွာကို အစွဲပြုပြီး အင်းကို အကွီအင်းလို့ ခေါ်သလား ၊ ဒါမဟုတ် အကွီအင်းကို အစွဲပြုပြီး ရွာကို အကီင်္ွရွာ လို့ ခေါ်သလား ဆိုတာကိုတော့ ကျွန်တော်လည်း အတပ်မပြောနိုင်ဘူး။အခုဆိုရင် ကျွန်တော် တို့ လှေဟာ ကွင်းနဲ့ချောင်းရိုးကို ဆက်သွယ်ထားတဲ့ ရိုးကလေးအတိုင်း ကွင်းထဲမှ ချောင်းရိုး ကို ကူးထွက် လာပြီလေ။
ကွင်းလမ်းကမို့ ဒါလောက် မြန်တာပေါ့ခင်ဗျာ။ ချောင်းရိုးအတိုင်းသာ လာရရင် ကောက်ကွေ့တဲ့ ချောင်းရိုး တစ်လျှောက် ကွေ့ပတ်ပြီး လာရမှာမို့ ဒီအချိန်နဲ့ ဘယ်ရောက်နိုင်မလဲ။ ဒါပေမဲ့ ကြာချင်ကြာပါစေ။ အပြန် ကျရင်တော့ ချောင်းရိုးလမ်းကပဲ လှည့်ပြန်မယ်လေ။ စာဖတ်သူကို ထူးထွေတည့် အံ့ရာသော်လို့ လက်ဖျားခါ ရမယ့် ချောင်းရိုးနဲ့ သက်ဆိုင်တဲ့ ရေလားကို ပြလိုပါသေးတယ်။
ဟောဗျာ----အကွီရွာ တစ်ဖက်ကမ်းက အကွီအင်းတဲကိုတောင် ကပ်လာပါပကော။ အင်းတဲသာ ဆိုရင် ဗိုလ်ဆန်ဆန် ဆောက်လုပ်ထားတဲ့ တစ်ထပ်အိမ် မြင့်မြင့်ကလေးပါပဲ။ ဟောဟိုမှာ ယင်းများနဲ့ ဆည်းတား ထားတဲ့ အကွီအင်း ဆည်ဝကို ကြည့်လိုက်ပါဦး။ ငါးကျတဲ့ရက်မို့ အင်းသားတွေဟာ လှေကြီးတစ်စင်းနဲ့ ဆည်ဝ မှာ တပ်ဆင်ထားတဲ့"ဗုံလုံ"ထဲက ငါးတွေကို လှေထဲ လောင်းထည့်နေကြတယ်လေ။ "ဗုံလုံ" ဆိုတာ ကတော့ ကွင်းထဲမှ ချောင်းရိုးသို့ ထွက်လာတဲ့ ငါးတွေကို ထွက်လမ်းပေးထားတဲ့ ဆည်ဝက အသင့်ထောင် ဖမ်းတဲ့ မြှုံးသဘောမျိုး လက်နက်ကိရိယာပါပဲ။ အသံထွက်ပြီးခေါ်တော့ "ဗလုံ"လို့ ခေါ်ကြတယ်။ စာရေးတဲ့အခါ "ဗုံလုံ"လို့သာ ရေးရမယ်လို့ အင်းသားကြီး တစ်ဦးထံမှ မှတ်သားရဖူးသည့်အတွက် "ဗုံလုံ" လို့ ရေးလိုက်ရတာပဲ။ ဒါဟာ အမှန်ပဲလို့ ကျွန်တော်လည်း အခိုင်အမာ မပြောနိုင်ဘူး။
"ဗုံလုံ" ထဲက ငါးတွေကို လှေထဲ လောင်းချလိုက်တဲ့အခါတိုင်း အင်းသားများထံမှ"ဝေးဟေးဟေး"လို့ အားရ ပါးရ ကြွေးကြော်လိုက်တဲ့ အသံကြီးဟာ ဖြင့် ပတ်ဝန်းကျင်ကို ဟိန်းထွက်လာတာပဲ။
အားရမှာပေါ့ခင်ဗျာ၊ "ဗုံလုံ" ပြည့်ကျပ်နေအောင် ငါးတွေ မိနေတာကိုး။ သူတို့ရဲ့ လှေကြီးထဲကို ကြည့်လိုက် ပါဦး။ ငါးဖယ်အောင်း၊ ငါးခုံးမမီးနီ၊ ငါးမြစ်ချင်း၊ ကုန်သည်အခေါ် ဒိုး၊ချောမီးနီ၊ ခေါင်းဖြတ်ငါးများဟာ တဖျတ်ဖျတ် ခုန်နေကြတယ်။ ငါးခုံးမ၊ ကုန်သည်အခေါ်ဘူး ငါးများလည်း ပါပါရဲ့။ ငါးရံ့ကြီးများကတော့ လှေနံကို ကျော်ပြီး ရေထဲ ကျလုမတတ် ထခုန်နေကြလို့ ၀ါးရင်းတုတ်နဲ့ ၀ုန်း ခနဲ့ ၊ခွပ်ခနဲ ရိုက်သံဟာ လည်း ညံလို့ပေါ့။ သည်ကြားထဲ အသည်းယားစရာ မြွေကြီးတွေကလည်း ပါလာလိုက်သေးတယ်။ ငါးပူတင်းတွေကတော့ ကိုယ်ဝန်ဆောင်နဲ့တူတဲ့ သူတို့ရဲ့ဝမ်းဗိုက်တွေကို ဖောင်းပြီး"ကွိ---ကွ--ကွိ--ကွ"နဲ့ ကျိန်ဆဲနေကြတယ်။
စာဖတ်သူရဲ့ ဦးခေါင်းကို တစ်ဆိတ်ကလေး အပေါ်မော့ပြီး ကြည့်ရှုလိုက်စမ်းပါ။ စူးရှတဲ့ အသံတစ်မျိုးနဲ့ အော်ပြီး ပျံဝဲနေကြတဲ့ "စင်ရော်ငှက်"တွေကို တွေ့တယ် မဟုတ်လား။တစ်ခါတစ်ရံ ရေပေါ်မှာ မျောပါ နေတဲ့ ငါးသေကလေးများကို ထိုးသုတ်ကိုက်ချီ သွားတာကိုလည်း တွေ့နိုင်ပါတယ်။ ဟိုမြင့်မြင့် ကောင်းကင်မှာပေါ့ စွန်ကြီးတွေ ပျံဝဲနေကြတယ်။ အမြင့်ကြီးမှာပေမဲ့ သူတို့မျက်စိဟာ အတော်လျင်တယ်ခင်ဗျ။ ရေပေါ်မှာ မျောပါသွားတဲ့ ငါးပုပ်အသေး ကလေးကို တောင် သူတို့ မြင်နိုင်တယ်။
ဟော---စွန်တစ်ကောင်ဟာ ဖြန့်ကားထားတဲ့ အတောင်နှစ်ဖက်ကို စုပြီး စွေခနဲ ထိုးဆင်းလာပြီလေ။ သူ ဘာကိုများ ထိုးသုတ်မလို့ ပါလိမ့်။ အလို---ရေထဲကို မဟုတ်ဘဲ ကမ်းစပ် ကုန်းဘက်ကို ထိုးဆင်းလာတာလဲ။ဟောဗျ--- ကြက်ပေါက်စကလေးတစ်ကောင် သန်မာတဲ့ သူ့ခြေကြားထဲ ပါသွားပါပကော။ "ကျစ်---ကျစ်---ကျစ်"နဲ့ အော်သွားလိုက်တာ ဆူလို့ ညံလို့။ မိခင်ကြက်မကြီး ကတော့ ပြေးလာ ပါသေးရဲ့ မမီလိုက်တော့ဘူး။ကြက်မကြီးဟာ မိုးပေါ်ကိုမျှော်ပြီး "ကတော်---ကတော် လို့ အော်နေ တယ်။ တစ်ခါတစ်ရံ အားမလို အားမရ မချင့်မရဲ ဖြစ်နေဟန်နဲ့ ထခုန်လိုက်တယ်။ သားငယ်ကို စွန်ချီခံရတဲ့ မယ်ဋာရဲ့ ဖြစ်ပုံမျိုးလည်း ဒီလိုပဲနေမှာ ထင်ရဲ့ ။ကျန်ရှိနေတဲ့ ကြက်သားပေါက် ကလေး တွေလည်း အပြေးရောက်လာ ပြီး မိခင်ရဲ့ အတောင်အောက်ကို ကြောက်ကြောက်နဲ့ ၀င်ရောက် ခိုလှုံ နေကြပြီလေ။
"ဆည်တိုင်ပေါ်မှာတော့ ဗျိုင်းဖြူတွေနဲ့ ဗျိုင်းအောက်တွေ ငုတ်တုတ်ကလေးနားပြီး ငါးချောင်း နေကြတယ်။"ရေကြောင်းပြ" လို့ခေါ်တဲ့ ငှက်ကလေးတွေ ဟာလည်း နိမ့်စွာ ပျံဝဲပြီး မလစ်သော မျက်စိနဲ့ သားငါး များ ရှာဖွေလို့ပေါ့။ အင်းမှာ ငါးကျတဲ့ ရက်မို့လည်း ငှက်သံ၊ လူသံ တညံညံနဲ့ အင်မတန် စည်ကား နေတာ ပါပဲ။
ဟောဟိုရေထဲက တိုင်ငုတ်ပေါ်ကို ကြည့်လိုက်ပါဦး။ ကတ္တရားစေးရောင်တောက်နေတဲ့ "တင်ကျီး" တစ်ကောင်ဟာ အဲဒိတိုင်ငုတ်ပေါ်မှာ နားပြီး ရေစိုနေတဲ့ အတောင်နှစ်ဖက်ကို ဖြန့်ကားကာ နေပူ လှန်း နေတယ်။ သူကတော့ ဘအစာဝနေမှကိုး။ သူလိုအစာမ၀သေးတဲ့" အော်ယော" တွေ၊ "တင်ကျီး" တွေ ကတော့ ချောင်းရိုးထဲမှာ ရေငုပ်ပြီး ငါးများရှာဖွေဖမ်းဆီး စားသောက်နေကြသည်။ အင်မတန် ရေငုပ် သန်ပြီး ငါးဖမ်းကျင်လည်တဲ့ ငုက်မျိုးပေါ့ ခင်ဗျာ။တစ်ခါငုတ်ရင် သူတို့ရဲ့ နှုတ်သီးဖျားမှာ တွန့်လိမ်နေတဲ့ ငါးရှင် တစ်ကောင် ပါလာ တယ်။ နှုတ်သီးကလည်း မြဲပါပေရဲ့ အင်မတန် လျှောလှတဲ့ ငါးမြွေထိုး တွေကိုတောင် အမိဖမ်းပြီး နှုတ်သီးမှာ မလွတ်အောင် စွဲစွဲမြဲမြဲ ကိုက်ချီထားနိုင်တယ်။
ဟောဟိုမှာ "တင်ကျီး" တစ်ကောင် ရေထဲမှာ နောက်ကျွမ်းထိုးပြီးတော့ ငုပ်သွားပြီးလေ စောင့်လိုသာ ကြည့်နေပါ။ ပြန်ပေါ်လာရင် ငါးတစ်ကောင်ပါလာမှာ သေချာပါတယ်။ မယုံ ရင် အလောင်းအစား လုပ်မှာ လားလေ ဟောကြည့် ... ပြန်ပေါ်လာတဲ့ သူ့နှုတ်သီးမှာ တွဲလောင်းကလေး ပါလာတဲ ငါးမြွေထိုး တစ်ကောင် ကို မြင်တဲ့မဟုတ်လား။ ဒါကြောင့်မို့ ကျွန်တော်က ရဲရဲကြီး ပြောတာပေါ့။ သူဟာ အလိုဆန္ဒ ပြည့်ဝ သွားသလို ရေကိုရှပ်ပြီး နိမ့်စွာ ပျံသွားပြီးလေ အတောင်တွေ ရေစိုနေလို့ ဝေးဝေးတော့ မပျံနိုင် ပါဘူး။ မနီးမဝေးက ကမ်းစပ်မှာ သူသွားနားတယ်။ အခုဆိုရင် သူဖမ်းရမိလာတဲ့ ငါးမြွေထိုးကို ခေါင်းက စပြီး မျိုချ နေပါပကော။
ကဲ အကွီအင်းရဲ့ ပတ်ဝန်းကျင်ရှုခင်းကို ဒါလောက်ကြည့်ရင် တော်ရောပေါ့နော်။အခု လှေကို ကမ်းကပ်တော့မယ်။ ကမ်းစပ်မှာ ငါးခုတ်ဖို့ ရေစင်ဆောက် လုပ်ထားမှာမို့ အဲဒီရေစင်မှာ လှေကို ကပ်ရ မှာပါပဲ။ ရေစင်မှာ ငါးခုတ်နေတဲ့ မိန်းကလေးတွေလည်း ရှိနေပါတယ်။ အနီးရောက်မှ သေသေချာချာ လေ့လာ ကြည့်ရှုပေတော့။
ရေစင်မှာ လှေကိုကပ်ပြီး ဦးကြိုးပဲ့ကြိုးပါ အသေအချာ ချည်နှောင်ပြီးပြီ မို့ စာဖတ်သူဟာ ရေစင်ပေါ် တက်ပြီး ငါးခုတ်နေကြတဲ့ မိန်းကလေးတွေကို လေ့လာကြည့်ရှုနိုင်ပါပြီ။ အပျိုပေါက်၊ အပျိုစင်၊ အပျိုကြီး၊ အပျိုဟိုင်း၊ တစ်ခုလပ်၊ မုဆိုးမပါ မကျန် ၁၅ယာက်ခန့်ရှိတဲ့ မိန်းမ တွေဟာ စဉ်းတီးတုံးကလေးတွေ ရှေ့မှာ ကိုယ်စီချပြီး ဆောင့်ကြောင့်ထိုင်ကာ ငါးခုတ်နေကြတယ်။ ငါးခုံးမ၊ ငါးဘဲ စတဲ့ ငါးကလေးတွေကို ဘယ်လက်နဲ့ ဆက်ခနဲ ဆွဲယူပြီး ညာလက်က ဓားမနဲ့ ငါးခေါင်းကို ဒေါက်ခနဲ ခုတ်ဖြတ်လိုက်တယ်။ တစ်ချိန်တည်း ဘယ်လက်နဲ့ ငါးဝမ်းထဲမှ အဆီကို ညှစ်ထုတ်လိုက်ပြီး နောက်တစ်ကောင် ဆွဲယူ၊ ဒေါက်ခနဲ ခုတ်၊ ပြစ်ခနဲ အဆီညှစ်နဲ့ အဆက်မပြတ် သွက်သွက်လက်လက် ခုတ်နေကြတယ်။ သူတို့ ငါးခုတ်ပုံဟာ လျင်မြန်လွန်းလို့ မမြင်ဖူးတဲ့ လူဆို ရင် လက်ကိုများ ဓားထိသွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အသက်ရှူ မှားလောက်ပါတယ်။ စဉ်းတီးတုံး နဲ့ ဓားနဲ့ ထိတဲ့အခါမှာ ကြားရလေ့ရှိတဲ့ "တောက် … တောက် … တောက်" အသံဟာ အဆက် မပြတ်ဘဲ ဆူညံလို့ပေါ့။
သူတို့ဟာ အဲဒီငါးတွေကို ခုတ်ပေးရတဲ့အတွက် အခစားနား မရကြရှာပါဘူး။ ဒါဖြင့်ရင် ဘာပြုလို့ အလုအယက် လာခုတ်ပေးနေကြရတာလဲလို့ မေးနိုင်ပါတယ်။ အဖြေကတော့ ငါးဝမ်းထဲမှ ငါးဆီကို ရလိုမှုအတွက် မေတ္တာရိ လာခုတ်ပေးကြရတာပဲ။ ဒါပေမဲ့ "ငါးဖယ်အောင်း"လို အဆီများတဲ့ ငါးမျိုး ကိုတော့ သူ့ခမျာများ ထိတောင် မထိကြရရှာပါဘူး။ ငါးဆီထဲမှာ အဲဒီငါးဆယ်အာင်းဆီဟာ အကောင်းဆုံးဖြစ်ပြီး "၀မ်းဖောက်ဆီ"ဆိုတဲ့ အမည်နဲ့ အင်းသားလောကမှာ ထင်ပေါ်ကျော်ကြား ပါတယ်။ ဒါကြောင့်လည်း အင်းသားကြီးကတော် ကိုယ်တိုင် ကြီးကြပ် အဲဒီ "ငါးဆယ်အောင်း"ကို ဘယ်သူမှ မထိစေဘဲ သူ့လူများကိုသာ သီးသန့်ခုတ်ခိုင်းပြီး သိမ်းပိုက်တော့တာပါပဲ။ ငါးခုံးမ၊ ငါးဘဲ စတဲ့ အဆီပါးရှားပြီး ခုတ်ရတာ လက်ဝင်တဲ့ ငါးကလေးတွေကိုမှ သူ့ခမျာမျာ မေတ္တာရိ လာခုတ်ပေး ရပြီး ငါးဆီကို ကတ်ကတ်သတ်သတ် ထုတ်ယူကြရရှာတယ်လေ။ လုပ်အားနဲ့ လုပ်ခကတော့ မမျှ လိုက်လေဗျာ။
ဟော … ပြောရင်း ဆိုရင်းနဲပ အင်းသားကြီးတောင် ပြန်တောင်ပါပကော။ အရာင်းအ၀ယ် စကား ပြောဖို့ အချိန် ရောက်လာပြီလေ။ အင်းသားကြီးက အင်းတဲပေါ်ကို တက်ဖို့ ကျွန်တော်တို့ကို ဖိတ် ခေါ်နေတယ်။ လာဗျို့ စာဖတ်သူ … အင်းသားကြီးနဲ့အတူ အင်းတဲပေါ်ကို တက်လိုက်သွားကြရ အောင်။
အင်းတဲကလေးကတော့ နေချင့်စဖွယ် အင်းတဲကလေးပါပဲ။ အိပ်ခန်းတွေ ဘာတွေနဲ့ အကျအန ဆောက်လုပ်ထားတာပေါ့။ သူ ညွှန်ပြတဲ့ စားပွဲဝိုင်းက ကုလားထိုင်မှာပဲ ကျွန်တော်တို့ ထိုင်ကြပါစို့ နော်။ အိပ်ခန်း တွေ၊ စားပွဲဝိုင်းတွေ၊ ကုလားထိုင်တွေနဲ့ဆိုတော့ အင်းသားကြီးထဲမှာဖြင့် ဒီအင်းသား ကြီး အမောက်ဆုံး ပေါ့ဗျာ။ မောက်ပေမပေါ့ … သူက ရွာသူကြီးတစ်ဦးလည်း ဖြစ်နေသေးသကိုးဗျ။
စာဖတ်သူ ကို တိုးတိုးကလေး သတိပေးထားပါရစေ။
သူနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ရိုသေ ကိုင်းရှိုင်းတဲ့ အမူအရာမျိုးနဲ့ အောက်တန်းကနေပြီး ပြောဆို ဆက်ဆံ ရင် မှားသွားလိမ့်မယ်။ သူလို့ ရွာသူကြီး၊ အင်းသားကြီး တစ်ဦးကို မမှုလောက်တဲ့ အမူအရာမျိုးနဲ့ ဂိုက်ကောင်း ဆိုက်ကောင်း ဟန်ကောင်းကောင်းထားပြီး အထက်တန်းကျတဲ့ လေသံမျိုးနဲ့ တော်ရုံ တန်ရုံ လူတွေ နားမလည်တဲ့ စကားကြီး စကားကျယ်တွေကို များများ သုံးပေးနိုင်မှ သူရဲ့ အထင်ကြီးမှုနဲ့ လိုက်လျောမှု ကို ခံယူရ ရှိနိုင်မယ်။
တတ်နိုင်ရင် အင်္ဂလိပ်လို "ရွှတ်ရှက် … ဒွတ် … ဒက်"တွေ ခပ်များများ လုပ်ပေးပေါ့ဗျာ။ သဒ္ဒါနည်းကျကျ ၀ါကျ ကောင်းကောင်း နဲ့ စကားလုံး အထားအသို မှန်ကန်ဖို့ မလိုပါဘူး။ အင်္ဂလိပ် အစစ်ရဲ့ လေသံနဲ့ တူအောင် တွေ့ကရာ ပေါက်ကရတွေကို လျှောက်ရွတ်နိုင်ရင် လုံလောက်ပါပြီ။ နောက်ပြီး ဘယ်အရေးပိုင် နဲ့ စာဖတ်သူဟာ ဘယ်ကောလိပ်မှ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြလို့ မနိုင်ရင်ကာ လူ တွေဖြစ်ကြတဲ့ အကြောင်း၊ ဘယ်ဝန်ထောက်နဲ့ စာဖတ်သူဟာ အမြဲတမ်း ပုလင်းထောင်ဖက်တွေ ဖြစ်တဲ့ အကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေကို လျှောက်ပြောပေး ပေါ့ဗျာ။ ရာထူးကြီးတဲ့ အရာရှိကြီးများနဲ့ ဆွေမျိုး စပ်ပြနိုင်ရင်သာ ကောင်းမယ်။ အဲဒီလိုဆိုရင် စာဖတ်သူ လိုချင်တာကို ပြော၊ ကောင်းကင်ကြယ် ကိုပင် အလွယ်တကူနဲ့ သူ ဆွတ်ခုးပေးလိမ့်မယ်။
ဟော … သူက သူ့ကုန်များထားတဲ့ ဂိုဒေါင်ကို သွားဖို့ ကျွန်တော်တို့ကို ခေါ်နေပြန်ပြီလေ။ ကုန်ကြည့်ပြီး အရောင်းအ၀ယ်စကား ပြောရအောင်တဲ့၊ လိုက်သွားကြဦးစို့ဗျာ။ ဂိုဒေါင်ထဲမှာ ဆားကူးထားတဲ့ ချောမီးနီ ငါးပိကောင် ကျွန်တော် လိုချင်သလောက် အချိန်နှစ်ထောင်ခန့်လောက်ပဲ ရှိနေတယ်။ သူက မီးဖြူဆိုလို့ တစ်ကောင်မှ မပါဘဲ အားလုံး မီးနီချည်းပဲ ဖြစ်တဲ့အပြင် အကောင် ကလည်း ကြီးလို့ တစ်ရာဈေးမှ ရောင်းနိုင်မယ်တဲ့။ ဒီတော့ ကျွန်တော်က မီနီချည်းပဲဖြစ်ပြီး အကောင်ကြီးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကုန်က အသား မသေသေးဘဲ ပုပ်တုန်း ပွတုန်းမို့ ကျွန်တော့်လက်ထဲမှာ အလျော့တွက် အတော်များ ဦးမှာလို့ အပြစ်ပြပြီး ကိုးဆယ်ဈေး ဆစ်တယ်။ နောက်ဆုံး ငါးကျပ်တိုး ငါးကျပ်ဆုတ်ပြီး ကိုးဆယ့်ငါးကျပ် နဲပ တည့်ရောပေါ့ဗျာ။ ကျွန်တော်က စရန် ငွေ ပေးပြီး နက်ဖြန်မှ လာချိန်မယ်လို့ ရက်ချိန်းပေးလိုက်တယ်။
ကဲ … အခုဆိုရင် ကျွန်တော့်ကိစ္စ လုံးဝပြီးပြီမို့ ပြန်ရုံသာ ရှိတော့တာပေါ့ ခင်ဗျာ။ ချောင်းရိုးလမ်းက လှည့်ပြန် မယ်လေ၊ ကမ်းနားကို ဆင်းပေတော့။ လှေပေါ်ကို တက်၊ ဖြည်းဖြည်းဗျ… ဖြည်းဖြည်း၊ လေမှောက် သွားလိမ့်မနော်။ အဲ … ဟုတ်ပြီ၊ လှေကြိုးကိုဖြေ၊ လှေထွက်ပေတော့။ ကိုင်းဟေ့ လှေတော်သား များ … ယီးလေလေ့ … ယီးလေလေး။
ချောင်းရိုးကလေးကတော့ မကျဉ်းမကျယ် ချောင်းရိုးကလေးပါပဲ။ ချောင်းရိုးရဲ့ ဘေးတစ်ဖက် တစ်ချက် ကမ်းရိုးတန်းပေါ်မှာ ကုက္ကိုပင်တွေရယ်၊ ချုံပုတ်ကလေးတွေရယ်၊ စိမ်းလွင်ညိုညို ၀ါးပင်ပျို ကလေး များရယ်၊ အဆက်မပြတ် ဆိုသလိုပဲ တွေ့မြင်နိုင်ပါတယ်။ သရက်ပင်၊ လက်ပံပင်နဲ့ မန်ကျည်းပင် အိုကြီးများကိုလည်း တစ်ခါတစ်ရံ တွေ့နိုင်ပါရဲ့။ ဆူးရစ်ချုံနွယ်များ ပတ်ရစ်ထားတဲ့ ဘုရား ငုတ်တိုများကိုလည်း တွေ့မြင်ရတတ်ပါသေးတယ်။ ရိပ်ငြိမ်သာယာတဲ့ မြေပြန့်ကမ်းနဖူး မှာဆိုရင် ထုံးဖြူဖွေးတေဲ့ ကိုးတောင်ပြည့် စေတီကလေးများကိုလည်း ဖူးမြင်နိုင်ပါတယ်။ လေကလေးအသုတ်မှာ တချွင်ချွင် ထွက်ပေါ်လာတေဲ့ ဆည်းလေး သံကလေးဟာလည်း သာတောင့်သာယာ ရှိလှပါဘိ။ ငြိမ်သက်သော ဣနြေ္ဒဖြင့် ချောင်းရေကို ကသိုဏ်းရှုနေတဲ့ စေတီ ကလေးရဲ့ ကိုယ်စား ဓမ္မတေးသံကို ကျူးရင့် ကာ အ၀ိဇ္ဇာမှောင်အတွင်းမှာ နစ်မြုပ်နေကြတဲ့ လူ အပေါင်းအား တရားပြနေ သယောင်ယောင်။
စေတီကလေးရဲ့ ငှက်မြတ်နားပေါ်မှာ ပုစဉ်းထိုးငှက်ကလေး တစ်ကောင် နားနေတယ်။ တစ်ခါ တစ်ရံ နားနေရာ မှ ထပြန်သွားပြီး လေဟာပြင်ထဲမှာ ၀ဲကာဝဲကာနဲ့ အတန်ကြာအောင် လှပစွာ ပျံဝဲ နေတတ်ပြီး၊ နောက် မှ မူလနေရာဟောင်း ငှက်မြတ်နားပေါ်ကို ပြန်နားလိုက်တယ်။ ဘာသာဘာဝ မြူးထူးနေရှာတာပေါ့ ခင်ဗျာ။
ဟော … အထူးအဆန်း တစ်ခုတို့ဖြင့် တွေ့ရပြန်ပေါ့။ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ စာဖတ်သူ တို့ သေသေချာချာ ပြချင်ပါတယ်။ လှေကို ကမ်းကပ်ပြီး တအောင့်တနား ရပ်ထားလိုက်ကြပါ။ အဲ … ဟုတ်ပြီ၊ ငြိမ်ငြိမ်ကလေး နေကြနော်။ ဆူဆူညံညံ အသံတစ်စုံတစ်ရာကို မပြုကြပါနဲ့။
ရေလယ်မှာ တရွေ့ရွေ့ မျောနေတဲ့ ဗေဒါဖောင်ကြီးကို ကြည့်စမ်းပါ။ ဗေဒါဖောင်ကြီးပေါ်မှာ အော်ယောငှက်တစ်ကောင် နားနေတယ်။ ဒါလား၊ အထူးအဆန်းလို့ အလျင်စလို ပြန်မေးမနေပါနဲ့။ စူးစိုက်လို့သာ ကြည့်နေပါ။ ပျံ့လွင့်တဲ့ အကြည့်မျိုးနဲ့ ဆိုရင်တော့ အကြောင်းမထူးလှပါဘူး။ စူးစမ်း တဲ့ အကြည့်မျိုးနဲ့ ဆိုရင်တော့ အထူးအဆန်းကို ရှာတွေ့နိုင်ပါလိမ့်မယ်။
ဗေဒါဖောင်ကြီးကတော့ သူ့ပင်ကိုသဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဗေဒါဖောင်ကြီး မဟုတ်ဘဲ တစ်စုံ တစ်ယောက်သော သူက ပြုပြင်ထားတဲ့ ဗေဒါဖောင်ကြီးဖြစ်ကြောင်း မြင်နေကျ လူဆိုရင် သိနိုင်ပါ တယ်။ အခက်အလက် အရွက်တွေ ဝေေ၀ဆာဆာနဲ့ ဘေးပတ်ဝန်းကျင်ကို ပြန့်ပွားဖွဲ့စည်းထားတဲ့ ဗေဒါဖောင်ဆိုရင် သူ့ပင်ကို သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ဗေဒါဖောင်လို့ ဆိုရပါမယ်။ အခုမြင်ရ တဲ့ ဗေဒါဖောင်ကတော့ တကွဲတပြား ဖြစ်နေတဲ့ ဗေဒါပင်ကလေးများကို စုပုံထပ်ဆင့်ပြီး ဖွဲ့စည်း ထားတဲ့အတွက် တစ်စုံတစ်ယောက်သောသူက ပြုပြင်ထားတဲ့ ဗေဒါဖောင်ကြီးဖြစ်ကြောင်း ထင်ရှား နေပါတယ်။ ဗေဒါဖောင်ရဲ့ နောက်ဘက် ခပ်ကျကျမှာ ကိုင်းပင်ကလေးများကို ပုံပန်းကျကျ မိုးကာ ထားတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ အဲဒီကိုင်းပင် အမိုးအကာရဲ့ အောက်မှာတော့ ဘာမှ မရှိဘဲ ကွက်လပ်ပေါ့ဗျာ။ တကယ်လို့ လူတစ်စုံတစ်ယောက်ဟာ ရေထဲက ငုပ်လျှိုးသွားပြီး အဲဒီကိုင်းပင် အမိုးအကာအောက်တွင် ကွက်လပ်ထဲကို ၀င်နေခဲ့ရင် ဘယ်သူမှ သူ့ကို မမြင်နိုင်တော့ဘူး။
ဟုတ်ကဲ့ … အဲဒီ ဗေဒါဖောင်က ကိုင်းပင် အမိုးအကာရဲ့အောက် ကွက်လပ်မှာလည်း လူ တစ်ယောက် ရှိနေပါတယ်လို့ ကျွန်တော် ပြောလိုက်ရင် စာဖတ်သူ အံ့သြသွားမလား၊ ကက်သီး ကတ်သတ် ဘာဝင်လုပ်နေတာလဲလို့ကော မေးဦးမလား။ မမေးနဲ့လေ၊ စောင့်ကြည့် … အကြောင်း သိလိမ့်မယ်။
စာဖတ်သူဟာ မျက်စိ ခပ်စူးစူးနဲ့ ခပ်စိပ်စိပ်ကလေး ကြည့်နိုင်မယ်ဆိုရင် ကိုင်းပင် အမိုးအကာရဲ့ ရှေ့ဗေဒါဖောင်ပေါ်မှာ ဗေဒါပင်ကလေးများနဲ့ ဖုံးအုပ်ထားတဲ့ ၀ါးပြောင်းတံရဲ့ ပြောင်းဝကို ခပ်ရေး ရေးကလေး မြင်နိုင်ပါလိမ့်မယ်။ အဲဒီ ၀ါးပြောင်းတံထဲမှာ နောက်မြီးက ငှက်မွေး၊ ကြက်မွေးများ တပ်ချည်ထားတဲ့ မြားတစ်စင်း ရှိနေတယ်လေ။ ပြောင်းဝကို ပါးစပ်ထဲသွင်းပြီး လေပြင်းပြင်းနဲ့ တအား မှုတ်ထုတ်လိုက်မယ်ဆိုရင် မြားတံဟာ တစ်ဟုန်ထိုး ထွက်သွားမှာပေါ့။ ဗေဒါဖောင်နဲ့ ကိုင်းပင် အမိုးအကာအောက်က ကွက်လပ်မှာ ၀င်နေတဲ့ လူဟာ ဘာအကြံနဲ့ ၀င်နေတယ်ဆိုတာ ရိပ်မိလောက်ရောပေါ့နော်။
အနို့ … ဗေဒါဖောင်ပေါ်မှာ ကာလကြာမြင့်စွာက နားနေတဲ့ အော်ယောငှက်ကို ဘာကြောင့် အခု အချိန်အထိ မြားစာမကျွေးဘဲ ချမ်းသာခွင့် ပေးထားပါသလဲလို့ စာဖတ်သူက မေးချင်တယ် မဟုတ် လား။ ဟိုး … ဆရာ … ဟိုး၊ တစ်ဆိတ်ကလေး သည်းခံစမ်းပါဦး စာဖတ်သူရယ်၊ ဒါလောက်တောင် မလောစမ်းပါနဲ့။ တကယ်ဆိုတော့ အဲဒီ အော်ယောငှက်ကလေး ဟာလေ … တခြား အော်ယောနဲ့ တင်ကျီးငှက်တွေကို အယုံသွင်းပြီး သွေးဆောင်ဖြားယောင်ရန်အတွက် သူ တပင်တပန်း လက်သပ် မွေးထားရတဲ့ သူ့လက်စွဲတော် အော်ယောငှက် အလိမ္မာကလေးပါ ခင်ဗျား။ ဟဲ … ဟဲ ဒါကြောင့်မို့ လည်း အခုအချိန်အထိ ကျန်းမာပကတိ ချမ်းသာစွာ ရှိနေတာပေါ့။
အလိုလေး ကံဆိုးရှာတဲ့ အော်ယောငှက်တစ်ကောင်ဟာ ရေထဲမှ ထပျံလာပြီး အော်ယောငှက်လိမ္မာ ရဲ့နံဘေး ဗေဒါဖောင်ပေါ်မှ လာနားနေပါပကော။ မိုက်လိုက်တဲ့ အော်ယောကလေးရယ်၊ မင်း သေနေ့ဖြင့် စေ့ပြီထင့်။ မင်းနဲ့ မျိုးတူ အော်ယောငှက်လိမ္မာကို ယုံစားပြီး လာနားတာလား၊ မင်းရဲ့ မရှုမလှ ဇာတ်သိမ်းခန်း ကို ငါ ဘယ်လို ရှုရက်ပါ့။ ဘုရား … ဘုရား … ပြောင်းတံကို ဖုံးအုပ်ထားတဲ့ ဗေဒါပင် ကလေးများဖြင့် မသိမသာ လှုပ်ရှားနေချေပြီ။ မင်းရဲ့ ဇီဝိန်ကို ဖြုတ်ချွေရန် ပြင်ဆင်နေ တယ်ဆိုတာ မင်းကလေး ဘာမှ မသိပါကလား။
ကြည့်လိုက်တော့ စာဖတ်သူရေ့၊ နောက်တစ်ကြိမ် ပြောင်းတံအလှုပ်မှာ အော်ယောငှက်ကလေးကို မြားခရှာပြီကော။ အနီးကပ် မှုတ်ရလို့ ချက်ကောင်းကို ထိဟန်တူရဲ့၊ လန့်ဖျပ်ပြီး သွေးရူးသွေးတန်း ထ ပျံတာတောင် မပျံနိုင်ရှာဘဲ ချက်ချင်းပြန်ကျပြီး ငြိမ်သက်သွားရှာပြီလေ။ သြော် … အနိစ္စ … အနိစ္စ … အနိစ္စ။
ကဲ … သည်နေရာက ခွာကြပါစို့။ လှေကို ရှေ့ဆက်ပြီး လှော်ခတ်ကြပါ။ အဲ … ဟုတ်ပြီ၊ တရိပ်ရိပ် ပြေးနေတဲ့ ကျွန်တော်တို့ လှေရဲ့ ၀ဲယာနှစ်ဖက်မှ တံငါလှေကလေးတွေကို ကြည့်စမ်းပါဦး။ ဟောဟို တံငါလှေကလေးကတော့ ငါးရံမျှားနေတဲ့ တံငါလှေပေါ့။ လှေကလေးရဲက ပဲ့မှာ ပဲ့ကိုင်သူ မပါဘဲ တက်မကိုသာ အသေ တပ်ဆင်ထားတယ်လေ။ ကိုတံငါကတော့ လှေဦးက နေပြီး ဘယ်လက်နဲ့ လှော်တက်ကို ကိုင်ကာ လှော်ယက်ရင်း၊ ညာလက်ကလည်း ငါးမျှားတံကို ကိုင်မြှောက်ကာ ငါးပွက် ရာ ငါးစာ လိုက်ချနေတယ်လေ။ သူ့ငါးမျှားမှာ ငါးစာလုပ်ပြီး တပ်ထားတာကတော့ ငါးခုံးမအရှင် ကလေးပေါ့၊ ငါးရံ့ကြီး တွေ ဟပ်လေ့ ရှိတယ်။
ဟောဒီ တံငါလှေကတော့ ကွန်ပစ်တဲ့ တံငါလှေပေါ့။ အဲဒီလှေမှာတော့ လိုရာကို ပဲ့ပေးရန် ပဲ့ကိုင် သူ ပါလာတယ်။ လှေဦးက ကိုတံငါကြီးကတော့ မတ်တတ်ရပ်ကာ ပိုက်ကွန်ကို လက်နှစ်ဖက်နဲ့ ကိုင် တွယ်ပြီး "ကွန်ချက်"ကို တွေ့တာနဲ့ တစ်ပြိုင်နက် အလိုက်သင့် ပစ်ကြဲနိုင်ရန် ဟန်ပြင်ထားတယ်။ "တံငါကွန်ချက် မပြနဲ့" ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူ ကြားဖူးတယ် မဟုတ်လား။ "လူချင်းခင်ရင် ငါးဟင်းစား ပေးလိုက်၊ ကွန်ချက်ကိုတော့ မပြနဲ့"လို့ သူတို့ကလည်း ပြောလေ့ရှိကြတယ်။ ချောင်းရိုး ထဲ တွေ့ကရာ လျှောက်ပစ်လို့ ငါးမိတာ မဟုတ်ဘူး။ ငါးအုပ်များ စုဝေးနေတတ်တဲ့ ကွန်ချက်ကို သိလို့ ရွေးချယ်ပြီး ပစ်ကြဲနိုင်မှ ပင်ပန်းကျိုးနပ်ပြီး ငါးမိတာ။
ဟော … အခု သူဟာ ကွန်ချက်ကို တွေ့သွားပြီထင့်။ လက်ထဲမှ ပိုက်ကွန်ကို ဟန်ပါပါလွှဲပြီး ကိန္နရာ ငှက်ကလေးများ ၀ဲသလို ၀ဲကာ တအားကုန်ပစ်ကြဲလိုက်ပြီလေ။ ပိုက်ကွန်ရဲ့ စက်ကွင်းထဲ ရောက် နေတဲ့ ငါးတွေတော့ ပြေးရှောင်လို့ မလွတ်နိုင်ဘူးပေါ့။ တအောင့်လောက်ကြာတော့ သူဟာ ပိုက်ကွန်ကို တဖြည်းဖြည်း ဆွဲဖော်ပြီး လှေပေါ်မှ "ကွန်တိုင်"တွင် ပိုက်ကွန်ကို ချိတ်ကာမိတဲ့ ငါးတွေ ကို ဖြတ်နေပြီလေ။
ဟောဒီ တံငါလှေကတော့ အဆန်းပါလား။ ဦး တစ်ယောက်၊ ပဲ့ တစ်ယောက် လူနှစ်ယောက်က အပြင်း လှော်ခတ်လို့။
လှေလယ်မှ လူတစ်ယောက်ကတော့ ရေနှစ်မြှုပ်ထားတဲ့ အရာဝတ္ထု တစ်စုံ တစ်ခုမှ လက်ကိုင်ရိုးဝါးလုံးကို တအား ထိန်းကိုင်ရင်း လိုက်လာတယ်။ သူ ရေထဲ နှစ်မြှုပ်ထားတဲ့ အရာဝတ္ထုက လှေအရှိန်ကို တန့်စေလို့ လှော်ခေတ်ရတဲ့ လူနှစ်ယောက်ခမျာ မသက်သာလှပါဘူး။ အတော်ကလေးကြာတော့ လှေလယ်က လူဟာ ရေထဲ နစ်မြှုပ်ထားတဲ့ အရာဝတ္ထုကို ဆွဲဖော်လိုက် တယ်။ သြ … လက်စသတ်တော့ ပိုက်ဇောကွက် ကို ၀ါးအနားကွပ်ပြီး လက်ကိုင်ရိုး တပ်ထားတဲ့ "ဒိုင်းဝန်း" ပေကိုး။ အဲဒီ ဒိုင်းဝန်းထဲ မိနေ တာကတော့ အတော်ကလေးများတဲ့ ငါးစင်စပ်တွေပေါ့။
အလို ဟိုကမ်းစပ်က ဆူဆူညံညံနဲ့ ဘာလုပ်နေကြတာတုံး။ လူစုလူဝေးကလည်း တယ်အားကြီးပါ ကလား။ သြ … ဒါလား… ချုံဆို့နေကြတာလေ။ သစ်ပင်အကိုင်းအခက်နဲ့ သစ်တုံးကြီးတွေကို ကမ်းစပ် ရေထဲချထားပြီး အပေါ်က ဗေဒါပင်များနဲ့ ဖုံးအုပ်ထားကာ ရက်ကလေး အတော်ရလာလို့ ငါးတွေ ၀င်ရောက်ခိုအောင်းနေတဲ့အခါမှ ဂုန်နီပိုက်နဲပ ပိတ်ဆို့ဝန်းဝိုင်းပြိး ဖမ်းယူကြတာပေါ့။ အင်း … ငါးဖမ်းနည်းကဖြင့် စုံပါပေရဲ့။
ဒါထက် ဆန်းကြယ်တဲ့ တံငါလုပ်ငန်းရပ်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စာဖတ်သူကို ကျွန်တော် ခေါ်လာတာဟာ တန်ဆောင်မုန်းလရာသီဖြစ်တယ် ဆိုတာကိုတော့ မျက်ခြည်ပြတ်လို့ မဖြစ်ပေဘူး။ တန်ဆောင်မုန်းလမှာ တန်ဆောင်မုန်းလနဲ့ သက်ဆိုင်တဲ့ တံငါလုပ်ငန်းရပ်တွေကိုသာ ပြနိုင်တော့မပေါ့။ တပို့တွဲ၊ တပေါင်းမှ မြင်ရလေ့ရှိတဲ့ တံငါလုပ်ငန်းရပ်တွေကိုပါ ရောထွေးပြီး ပြနေ မယ်ဆိုရင် သဘာဝနဲ့ ကင်းလွတ်ပြီး လူရယ်စရာကြီး ဖြစ်သွားလိမ့်မယ်။
ခွဲကြစို့
"စာပေသည် စားပွဲခုံပေါ်ရှိ ရှုမျော်ခင်းဖြစ်၍ ရှုမျော်ခင်းများကား သဘာဝလောကပေါ်ရှိ စာပေ ဖြစ်လေသည်"လို့ ကမ္ဘာကျော် တရုတ်စာရေးဆရာကြီး "လင်ယူတန်"က ဆိုတယ်။ ဟုတ်တယ် …။ အခု ကျွန်တော်ဟာ စာဖတ် သူကို သဘာဝလောကပေါ်ရှိ စာပေကို လက်ဆောင် ပါးပြီးခဲ့ပြီနော်။ ကျွန်တော် လက်ဆောင်ပါး လိုက်တဲ့ သဘာဝ လောကပေါ်ရှိ စာပေကို စာဖတ်သူဟာ စားပွဲခုံပေါ်ရှိ ရှုမျှော်ခင်း အဖြစ်နဲ့လည်း လေ့လာကြည့်ရှုနိုင်ပါလိမ့်မယ်။
ပြီးတော့ "လင်ယူတန်"က ထပ်ပြီး ဆိုလိုက်သေးတယ်။ "စာဖတ်သူ သဘောတရားကို တကယ် နားလည်သောသူ အတွက်ဆိုလျှင် သူ သွားလေရာရာ အရာရာတိုင်းလည်း စာအုပ်များ ဖြစ်နေလေ သည်။ တော တောင် မြစ် ချောင်းများသည် စာအုပ်များ ဖြစ်နေသကဲ့သို့၊ အရက်ခွက်နှင့် စစ်တုရင် ခုံများလည်း စာအုပ်များ ဖြစ်နေပေသည်။ လနှင့် ပန်းပွင့်ကလေးများသည်လည်း သူ့အတွက် စာအုပ်များ ဖြစ်ကြလေသည်"တဲ့။ ဒါကြောင့်မို့ စာဖတ်သူနဲ့ ကျွန်တော် လှေလောင်းနဲ့ ရေကြောင်း ကို စုန်ဆန်ခဲ့ရာမှာ လမ်းတစ်လျှောက် တွေ့မြင်ခဲ့သမျှ ရှုမျှော်ခင်းတွေ၊ အရာဝတ္ထုတွေဟာ စာအုပ် တွေသာဖြစ်ကြောင်း၊ သဘာဝလောကပေါ်ရှိ စာပေသာလျှင်ဖြစ်ကြောင်း ယုံမှားစရာ မရှိပါဘူးနော်။ ယုံမှားသံသယ ရှိနေတယ်ဆိုရင်လည်း အစကနေ ပြန်ကြည့်လေ။ ဘာတွေကို တွေ့ရသလဲ၊ အက္ခရာ စာလုံးကလေးတွေကိုသာ တွေ့ရတယ် မဟုတ်လား။ ဟဲ … ဟဲ … ဒါကြောင့် ကျွန်တော် ပြောခဲ့တဲ့ သဘာဝလောကပေါ်ရှိ စာပေပါဆိုတာ စာဖတ်သူ လက်ခံရလိမ့်မယ်။ ဒါပေမဲ့ စာဖတ်သူ ဟာ ဒီအက္ခရာ စာလုံးကလေးတွေကို ဖောက်ထွင်းပြီး၊ အဲဒီအက္ခရာ စာလုံးကလေးတွေနဲ့ တည်ဆောက် ပြသထားတဲ့ ရှုမျှော်ခင်းတွေကိုသာ မြင်နေရမှာမို့ စားပွဲခုံပေါ်ရှိ ရှုမျှော်ခင်းအဖြစ်နဲ့ လည်း လေ့လာကြည့်ရှုနိုင်ပါတယ်လို့ ဆိုစကားဟာလည်း မမှားနိုင်ပါဘူးနာ်။
ကဲ … အခုဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ မျှော်မှန်းသတ်မှတ်ထားတဲ့ ခရီးလမ်းအဆုံးကို ရောက်ပြီမို့ လမ်းခွဲကြစို့နော်။ ခွဲကြဦးစို့ဗျာ … နောက် … တွေ့ကြသေးတာပေါ့။
ဆက်ရန်
.
2 comments:
မနက်က သေချာမဖတ်ရသေးလို့ မမန့်ခဲ့တာ။ ခုအိပ်ခါနီးမှ သေချာဖတ်ဖြစ်တယ်။
ရေးထားတာ တကယ်ကို မျက်စိထဲ မြင်ယောင်လာတယ်။ သူနဲ့အတူ လိုက်ပါသွားသလိုပဲ။
မြင်ရုံတွင်မကဘူး မြည်သံစွဲလေးတွေ ထည့်ထားတော့ နားထဲပါ ကြားယောင်မိတယ်။
ဗုံလုံဆိုတာလဲ ခုမှသိတော့တယ်။
ဗုံလုံတလှည့် ငါးပျံတလှည့် စကားပုံထဲက ဗုံလုံ ဖြစ်မလား မသိဘူးနော်။
အစတုန်းက ဗုံလုံသီးလို့ ထင်ထားတာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Post a Comment