ဘသိန်း အရက်သောက်နေစဉ်မှာလည်း မောင်အောင်လွင်သည် အရက်ငှဲ့ထည့်ပေးခြင်း၊ ရေခဲ ဆိုဒါများ အနေတော် ထည့်ပေးခြင်းဖြင့် လိမ္မာသော မယားတစ်ယောက်ကဲ့သို့ ကျိုးနွံစွာ ပြုလုပ်ပေး ရကား ဘသိန်းသည် မောင်အောင်လွင်အား များစွာနှစ်ခြိုက် ခင်မင်သွားလေတော့၏။
''ဦးလေးကို ကျွန်တော် တစ်ခုတော့ တောင်းပန်ထာပါရစေနော်''
မောင်အောင်လွင်က ရိုရိုသေသေ တောင်းပန်လိုက်၏။
''အံမာလေးကွာ ဒို့တူ အရီးချင်းများ တောငးပန်နေရသေးလား၊ ပြောစရာရှိ ရဲရဲသာပြောကွ''
ရေချိန်ကိုက်နေပြီဖြစ်သော ဘသိန်းက ခွင့်ပြုလိုက်၏။
''ရိုစလင်းတို့ သားအမိနဲ့ ဦးသန်းမောင်ရှေ့မှာတော့ အခုလို ဦးလေးနဲ့ ရင်းရင်းနှီးနှီး မနေ၀ံ့ဘူးခင်ဗျ၊ သူတို့ကို အရေးမလုပ်ဘဲ သူ့ဦးလေးးသာ သူအရေုးလုပ်တယ်လို့ မျက်နေကြဦးမယ်.... ''
''မင်းသဘော.....ငါ့တူ မင်းသဘော''
လူမိုက်ကို အကြိုက်ကျွေးပြီး ပေါင်းရသည်မှာ လွယ်ကူလှချေသည်တကားဟု မောင်အောင်လွင် များစွာနှင့် သိမ့်မိလေတော့သည်။
ဤနည်းဖြင့် မောင်အောင်လွင်သည် ရသောလခကို မိဘများအားပေးသင့် သလောက်ပေးပြီး ကျန်ငွေကို မသုံးရက် မစားရက် ခြိုးခြံ၍ ဘသိန်းသည်းခြေကြိုက် အစာကို ရန်ကုန်မှ သူငယ်ချင်းနှင့် ကပ်ပြီး မပြတ်စေရအောင် အခွန်ဆက်နေခဲ့သည်။ ဒေါ်ခင်အေးတို့ သားအမိနှင့် ဦးသန်းမောင် လစ်လျှင် ဘသိန်း အား ၀တ္တရားကျေပွန်စွာ ခြေဆုပ်လက်နယ်ပြုစုပေးခြင်းဖြင့် ဘသိန်းသည် မောင် အောင်လွင်၏ စကားများ နားဝင်စပြုလာလေသည်။
''ဒေါ်ခင်အေးက သိပ်ချောတာပဲနော်ဦးလေး၊ ပြင်ဆင်ဝတ်စားထားတဲ့ အခါများ ရိုစလင်းနဲ့ ညီအစ်မလို့ တောင် အောက်မေ့ရတယ်''
မော်ငအောင်လွင်က အရက်ငှဲ့ထည့်ပေးရင် ပြောလိုက်၏။
''အေးကွ အတော်ချောတယ်၊ အသက်ကတော့ ငါနဲ့ မတိမ်းမယိမ်းလောက် ရှိနေပြီ၊ သူက သိပ်အရွယ် တင်တဲ့ မိန်းမပဲ..... ''
ဘသိန်းက အမှတ်မထင် ပြောလိုက်၏။
''ဦးသန်းမောင်ကြီးကို ဘာသဘောနဲ့ တွဲနေပါလိမ့်၊ ကျွန်တော်တော့ လုံးလုံးမကျေနပ်ဘူးဗျ''
''ဟဲ-ဟဲ-ဟဲ.....မင်းက စုက္ကတေးမိထွေး တောင်ညာတင်လို့ ဆိုတဲ့ထုံးများ နှလုံးပိုက်နေပြီလားကွ''
ဘသိန်း က ခပ်လှောင်လှောင်မေးလုက်၏။
''မဟုတ်ပါဘူး ဦးလေး၊ ကျွန်တော် စိတ်နဲ့တောင် မပြစ်မှားပါဘူး၊ ဦးလေးအတွက် မခံချိလို့ ပြောတာပါ''
''အို....ဘယ်လို မခံချိတာလဲကွ''
မောင်အောင်လွင်က ရုတ်တရက် ပြန်မဖြေသေးဘဲ ကြက်သားကြော် ရင်အုပ်ပိုင်းတစ်ခုကို ဓားနှင့် အနေတော်လှီးပြီး ခက်ရင်းနှင့်ထိုးကာ ဘသိန်းအား လှမ်းပေးလိုက်၏။ ဘသိန်းသည် မောင်အောင်လွင် လှမ်းပေးသော ကြက်သားကြော်ကို ပလုပ်ပလောင်းဝါးရင်း.....
''ဘယ်လို မခံချိတာလဲ မောင်အောင်လွင်ရ ... '' ဟု ထပ်မေးလိုက်၏။
''ဦးလေးက ကျွန်တော့်ထက် အတွေ့အကြုံလဲများ၊ စဉ်းစားဥာဏ်လဲ ရင့်သန်ပြီးသားပုဂ္ဂိုလ်တစ်ယောက် မို့ ပြီးကျွန်တော်က ကလေးစိတ်နဲ့ တွေးမိတွေးရာ တွေးပြောတာကို ဦးလေးစိတ်ဆိုးမှာ ကြောက်တယ်''
မောင်အောင်လွင်က တကယ့်ကလေးငယ်ကဲ့သို့ ပြောရင်း ဘသိန်းဝါးပြီးသား ကြက်ရိုးတွေချရန် အတွက် ကပျာကသီ ထွေးခံကိုယူပြီး ခံလိုက်၏။ ဘသိန်းက ကြက်ရိုးကို ထွေးချလိုက်ပြီး ''အောင် မယ်လေးဟ၊ မောင်အောင်လွင်လေး ပြောစမ်းပါကွာ ....ဦးလေး စိတ်မဆိုးပါဘူး'' ဟု ကြည်ကြည်ဖြူဖြူ ခွင့်ပြု လိုက်သည်။
''ဟို ဦးသန်းမောင်ကြီးက ရုပ်လဲမချောဘူး၊ မယားကြီးတန်းလန်းနဲ့ဟာ အသိသားနဲ့ ဒေါ်ခင်အေးက ဘာများ သဘေားကျနေသလဲ မသိဘူး၊ တကယ်ဆိုရင် သားမယားလဲ မရှိ၊ ယောက်ျားပီပီ ခန့်ခန့်ညား ညား ရုပ်ရည်ရှိတဲ့ ဦးလေးနဲ့သာတွဲရင် ဘယ်လောက် ကြည့်ကောင်းလိုက်မလဲလို့ ကျွန်တော် စိတ်ကူး မိတာပါ''
''မင်းက ငါ့ ကို ဒေါ်ခင်အေးနဲ့ ညားစေချင်လို့လားကွ'' ဘသိန်းက ပြုံးဖြီးဖြီးမျက်နှာဖြင့် မေးလိုက်၏။
''ညားစေချင်တယ်လို့တော့ ကျွန်တော် မပြောရဲပါဘူး၊ လမ်းမှန်အတိုင်း တွေးမိတာပါ။ ဦးလေး စဉ်းစား ကြည့်ပေါ့၊ သူတို့သားအမိကို ဦးလေး ညအိပ်ညနေ စောင့်ရှောက်နေတယ်၊ သူတို့သားအမိ အကျိုးရှိရာ ရှိကြောင်း ဦးလေး ဘယ်လောက်ဆောင်ရွက်ပေးတယ်ဆိုတာတွေ ကျွန်တော်သိရတော့ ဒေါ်ခင်အေး စိတ်ကူးလွဲတယ်လို့ ကျွန်တော် ထင်တယ်၊ သူ့အဖို့ အားကိုးရမယ့် အဖော်ဟာ ဦးလေးအပြင် ဘယ်သူက ဖြစ်မလဲ၊ အခုတော့ ဦးလေးကို သက်တော်စောင့် လက်ကိုင်တုတ်လေက်သာ သဘောထား ပြီး သူ့ အခန်းထဲ ကို ဦးသန်းမောင်သာ ၀င်ခွင့်ပြုတော့ ကျွန်တော် ဦးလေးအတွက် မခံချင်ဘူးဗျ''
မောင်အောင်လွင်က စဉ်းစဉ်းစားစား အမူအရာမျိုးပြောပြီး ဘသိန်းကို အကဲခတ်လိုက်၏။ ဘသိန်း အရင်ဖန်ခွက် ကို ကိုင်ရင်း အနည်းငယ် ငိုင်နေသည်။ မောင်အောင်လွင် တအားတက်လာ၏။
''ဒီ ဦးသန်းမောင်ကို ဦးလေးထက်ပိုပြီး ဂုဏ်အဆင့်အတန်းရှ်ိတယ်၊ အားကိုးရတယ်၊ အရည်အချင်းသာ တယ်လို့ ယူဆပြီး မြှေက်စားနေတာထင်တယ်''
မ၀ံ့မရဲ စမ်းလာခဲ့ရသော မောင်အောင်လွင်၏ မြားချက်သည် ဤစကားတစ်ခွန်းဖြင့် ဘသိန်း၏နှလုံးကို တည့်တည့်ပင်မှန်လေတော့၏။ ဘသိန်းက ဖန်ခွက်ထဲရှိ အရက်ကို တစ်ရှိန်တည်းမော့ချလိုက်ပြီး-
''အေး...မင်းပြောမှ မခင်အေး ငါ့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ ပြန်စဉ်းစားမိတယ်'' ဟု ဘသိန်းက ဖန်ခွက် ကို ဆောင့်ချရင်းပြောလိုက်၏။ မောင်အောင်လွင်က ဘသိန်း ချလိုက်သော ဖန်ခွက်ထဲသို့ အရက်ငှဲ့ ထည့်ကာ ဆိုဒါရေခဲများ အနေတော်စပ်ရင်း..
''နောက်ပြီး ခေါ်ပုံကလဲ ဟိုတော့ ကိုသန်းမောင်တဲ့၊ ဦးလေးကိုတော့ ဘသိန်းတဲ့၊ နှိမ်လွန်းအားကြီး တယ်'' ဟု ပြောပြီး အရက်ဖန်ခွက်ကို လှမ်းပေးလိုက်၏။
''ဟုတ်တယ်ကွ မောင်အောင်လွင်၊ ငါနဲ့သန်းမောင်က ရွယ်တူလောက်ရှိတာ တန်းတူထားပြီးမဆက်ဆံ ဘူး၊ ငါ့ကိုနှိမ့်ပြီး ဆက်ဆံတယ်၊ ကိုသန်းမောင်တဲ့-ဘသိန်းတဲ့''
ဘသိန်း က အရက်ဖန်ခွက်ကိုကိုင်ရင်း အံကြိတ်ပြီးပြောလိုက်၏ ။
''ဦးလေးအတွက်ကတော့ မခံချင်စရာချည်းပါပဲ ဦးလေးရယ်၊ တကယ်ဆိုရင် ဒေါ်ခင်အေးက ဦးလေးကို မချစ်ဘဲ ဦးသန်းမောင်ကိုသာ ချစ်နေတယ်ဆို ထားပါတော့၊ သူ့အတွက် ဒါလောက်ကာကွယ် စောင့်ရှောက် ကျေးဇူးပြုနေတဲ့ ဦးလေးကို ကျေနပ်မှုရှိအောင် သူ့သမီး နြဲ့ ဖစ်ဖြစ် လက်ဆက်ပေးဖို့ မကောင်း ဘူးလား၊ အခုတော့ ဦးလေးက ပညာမတတ်၊သူတို့ အခိုင်းခံ အစေခံသက်သက်လို သဘော ထားပြီး မတန်ဘူးထင်လို့ သူ့သမီးကို ပညာတတ်နဲ့မှ တန်တယ် လို့ ယူဆတယ်၊ ဒါကြောင့် ကျွန်တော် ပညာတတ်ပေမယ့် ဘာတန်ဖိုးရှိလဲ၊ အစစအရာရာ ဦးလေးကိုပဲ အားကိုး နေရတယ် မဟုတ်လား... ''
''ဟုတ်တယ် မောငအောင်လွင်၊ မင်းပြောတာတွေ လမ်းမှန်တယ်''
ဘသိန်းက အရက်ခွက်ကို မော့ရင်း ထောက်ခံလိုက်၏ ။
''ဒါတွေ စဉ်းစားမိလို့ ကျွန်တော ရိုစလင်းကို လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူး၊ ရိုစလင်းလို မိန်းကလေး မျိုး ကျွန်တော်နဲ့ မတန်ဘူး၊ ယောက်ျားပီပီ မားမားမတ်မတ် ကာကွယ်စောင့်ရှောက်နိုင်တဲ့ ဦးလေးနဲ့သာ တန်တယ်လို့ ကျွန်တော် ယူဆခဲ့တာ ကြာပါပြီ၊ ကျွန်တော်ကျေးဇူးရှင် ဦးလေးနှင့်သာ ထိုက်တန်တဲ့ မိန်းကလေးမို့ ကျွန်တော် အခုထက်ထိ သစ္စာစောင့်ပြီး ကင်းကင်းနေခဲ့တာပါ ဦးလေး''
လူမိုက်တို့မည်သည် သစ္စာမဲ့သည်။ အချော့အမြှောက် ကြိုက်သည်။ သူတို့အား ဆရာတင်ပြီး တပည့်ခံ ပေါင်းလျှင် သဘောကျသည်။ သည်းခြေကြိုက်အစာကို ကျွေးပြီး နားသွင်းလျှင်ရသည်
ဤအချက် များကို ကောင်းကောင်းကြီးသိနေသော မောငအောင်လွင်က အောက်ကျခံပေါင်းပြီး ဘသိန်း အား မသိအသာ နားသွင်းလာရာမှ ယခု သိသိသာသာပင် သွေးထိုးပေးလိုက်၏။
''မင်းစိတ်သဘော မြင့်မြတ်ပါပေတယ် ငါ့တူ၊ ကိုယ့်မယားရယ်လို့ ပိုင်နိုင်နေတဲ့ မိန်းမတစ်ယောက် ဦးလေးအတွက်ငဲ့ပြီး သစ္စာစောင့်တာ ချီးကျူးလို့မဆုံးဘူး၊ မင်းသစ္စာရှိသလောက်၊ ကျေးဇူးသိတတ် သလောက် ဟိုသတ္တ၀ါသုံးကောင်က ကျေးဇူးမသိဘူး၊ ဟင်း...ဘသိန်းအကြောင်းသိစေ့မယ်ကွနော်''
ဘသိန်း က မောင်အောင်လွင်အား ကျေနပ်စွာချီးကျူးပြီး ဒေါ်ခင်အေးတို့လူစုအား ကြိမ်းလိုက်၏ ။
''ကဲ ...ဦးလေး ဒီနေ့အဖို့ ထပ်မသောက်နဲ့တော်နော်၊ ဦးလေးကျန်းမာရေး ထိခိုက်သွားမှာစိုးတယ်၊ ဦးလေးတစ်ခုခုဖြစ်သွားရင် ကျွန်တော်ဒုက္ခရောက်မှာ ဦးလေး''
''အေး အေး...တော်ပြီ၊ ဦးလေး ရှိနေသရွေ့ ငါ့တူကို ဘယ်သူမှလက်ဖျားနဲ့ မထိစေရဘူး.. ''
ဒေါ်ခင်အေးတို့သားအမိ ပြန်လာချိန်နီးပြီဖြစ်၍ မော်အောင်လွင်က အချိုသပ်လိုက်သည်ကို အဟုတ် ထင်ပြီး ဘသိန်းက လိုက်လျောလိုက်သည်။
''အာမက်ရေ ..လာသိမ်းလှည့်ဟေ့''
မောင်အောင်လွင်က စီးကရက်တစ်လိပ်ကို မီးညှိကာ ဘသိန်းအား ရိုသေစွာလှမ်းပေးရင်း အာမက်အား အရက်စားပွဲကို သိမ်းခိုင်းလိုက်၏။
...............................................................................................................
''ကိုယ့်ကိုမိအောင်ဖမ်းလေ...မိရင် မင်းသဘောအတိုင်း.. ''
ချုံကွယ်၏ တစ်ဘက်ရှိ ရိုစလင်းက ကိုက်စားဝါးမျိုရန် အာသာဆန္ဒ ပြင်းပြနေသော ရစ်ချက်အား ပြုံးစိစိမျက်နှာပေးဖြင့် ပြောလိုက်၏ ။
ထိုနေ့ကား တနင်္ဂနွေနေ့ဖြစ်၍ ပဲခူးမြို့အနောက်ဘကတောကြီးရှိတန်ခိုးကြီး ဘုရားများဖြစ်သော မဟာစေတီ၊ ရွှေသာလျောင်း၊ ရွှေဂူလေး၊ကိုသိန်းကိုးသန်း ဘုရားများသို့ ပဲခူးမြို့ပေါ်နှင့် ရန်ကုန်မှ လာကြ သော ဘုရားဖူးများ အဆက်မပြတ် သွားလာနေကြသည်။
လူသွားလမ်းနှင့်ဝေးသော ရွှေဂူလေးဘုရားနှင့် အတော်ကွာလှမ်းသည့် တောတန်းချုံကွယ်တွင်ကား ရိုစလင်းနှင့် ရစ်ချက်တို့ ချစ်ကမ္ဘာဆီသို့ချီတက်ရန် ဟန်ပြင်နေကြသည်။ ရိုစလင်းသ်ည ရန်ကုန်သို့ အလည်သွားရင်း ကျွန်းသာယာပြပွဲမှာ တွေ့ကြုံသိကျွမ်းလာသည့် ကပြားအမျိုးသား ရစ်ချက်အား ပြည့်ဝသော ချစ်မေတ္တာဖြင့် ပဲခူးသို့ လာရန်ဖိတ်ခေါ်ခဲသည်ဖြစ်၍ ရစ်ချက်သည် သူမန်နေဂျာအဖြစ် လုပ်ကိုင် နေရသော ကုမ္ပဏီပိတ်ရက် တနင်္ဂနွေနေ့မှာ ပဲခူးရှိ ရိုစလင်းထံ ရောက်လာခဲ့ခြင်းဖြစ်သည်။ မောင်အောင်လွင် အား အရုပ်လို သဘောထားကာ ပြောင်ပြောင်ကြီး ကြိုဆိုဧည့်ခံခဲ့သော ရိုစလင်းသည် ကြည်နူးသာယာ ဆိတ်ငြိမ်စွာသော နေရာတွင် ရစ်ချက်နှင့် ချစ်မေတ္တာခြင်း ဖလှယ်လိုသဖြင့် ဤနေရာ ကို ရွေးချယ်ပြီး ရစ်ချက်နှင့် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ရစ်ချက်ကား လူပျိုဖြစ်သည့် ကပြားပီပီ ကိုယ်ဟန်တောင့်တင်း ချောမောသည်။ အဓိကရကုမ္ပဏီကြီးမှ မန်နေဂျာကြီး ဖြစ်သည်။ ရစ်ချက်က တကယ်စွဲလမ်းသည်ဆိုပါလျှင် သစ်မရခင် ပေါင်းကွပ်ထားရသည့် ၀ါးဖြစ်သော မင်းစေသား ပါမွှား အောင်လွင် ကို ဒေါ်ခင်အေးက စာချူပ်ပါစည်းကမ်း အတိုင်း ရိုစလင်းအား ပစ်ပယ်ခွင့်ပြုပြီး အိမ်ပေါ်မှ မောင်းချမည် ဖြစ်၏။
''ရိုစလင်းရာ ကိုယ်က ချစ်မှန်းသိလို့ မင်းကလေး နွဲ့ဆိုးဆိုးတာပေါ့လေ၊ ကိုယ့်အလို လိုက်မယ့်အတူတူ လာစမ်းပါကွ''
ရစ်ချက်က တစ်ဘကချုံကွယ်မှ မချင့်မရဲ ခေါ်လိုက၏ ။
''ဟင့်အင်း-ဟင့်အင်း..လွယ်လွယ်နဲ့ မလာနိုင်ဘူး၊ မိအောင်ဖမ်းမှ''
ရိုစလင်းက ကနွဲ့ကရချစ်စဖွယ်ပြောရင်း ''အိုက်လိုက်တာ'' ဟု ပြောပြောဆိုဆို သူဝတ်ထားသော ယောက်ျားဝတ် ဟာဝေယံရှပ်ဆန်ဆန် ချုပ်ထားသော အင်္ကျီရှေ့ကြယ်သီးများကို ဖြုတ်လိုက်သည်။ ရစ်ချက်သည် ငြိမ်သက်စွာ ရပ်တည်နိုင်စွမ်း မရှိတော့ချေ။ ကျားအုပ်သလို လွှားခနဲ့ ခုန်အုပ်ကာ ဖမ်းလိုက် ၏ ။
''ကဲ..မိပြီလေ ဘာတတ်နိုင်သေးလဲ ပြေးဦး ပြေးဦး.. ''
ရစ်ချက်က ရိုစလင်းအား ရင်ခွင်ထဲမှာ ပိုက်ဖက်ထားရင် ပါးစပ်ကလည်းပြော နှာခေါင်းကလည်း အနား မပေးဘဲ အသုံးပြုလိုက်သည်။ ရိုစလင်း ဘယ်လိုမိန်းမစားဆိုသည်ကို ကပြားလူလည် ရစ်ချက်က ကောင်းကောင်းကြီး အကဲခတ်မိပြီ ဖြစ်နေသည်။
ငွေတိမ်လှိုင်းကို တငြိမ့်ငြိမ့်စီးကာ ချစ်ကမ္ဘာဆီသို့ ချီတက်နေသော ရစ်ချက်နှင့် ရိုစလင်းသည် သူတို့ နောက်ကျောနှင့် လက်မောင်းများမှာ သံချွန်နှင့် ထိုးလိုက်သလို စူးရှနာကျင်သော ဝေဒနာကို ခံစားရးသည့် အချိန်နှင့် တစ်ပြိုင်နက်...
''ဟား..ဟား..ဟား..တယ်ဟုတ်ပါလားဟေ့၊ အနာား လူလာတာတောင် မမြင်နိုင်အောင် အချစ်မှောင် ကျနေကြ တာကိုး''
ဟု ပြောင်လှောင်ရယ်မောသံကို ကြားလိုက်ကြရ၏
ထိတ်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
''မလှုပ်နဲ့ မအော်နဲ့၊ သေသွားမယ် ငြိမ်ငြိမ်နေ''
ငှက်ကြီးတောင်ဓားရှည်ကိုယ်စီ၊ ဓားမြှောင်ကိုယ်စီဖြင့် ၀ိုင်းရံထားသော လူဆိုးလေးယောက်အနက် တစ်ယောက် က ပြောလိုက်သည်။ နှစ်ယောက်သောလူဆိုးက ရစ်ချက်နှင့် ရိုစလင်းအား ဓားဦးဖြင့် ခပ်ဖိဖိ ထောက်ထားည်။ ဘုရားဖူးလာသူများအား အလစ်မှာ ချက်ကောင်းမိလျှင် တိုက်ခိုက်လုယက်ရန် ချောင်းမြောင်းစောင့်စားနေသော လူဆိုးများ၏ အလယ်တွင် ချစ်ကမ္ဘာဆီသို့ ချီတက်ဆဲ မောင်မယ် နှစ်ယောက် မှာ တုတ်တုတ်မျှ မလှုပ်ဝံ့အောင် ဖြစ်နေ၏ ဖရိုဖရဲဖြစ်နေသော အင်္ကျီိလုံချည်၊ နီရဲသော မျက်နှာဖြင့် ခေါင်းအောက်စိုက်နေသော ရိုစလင်း၏ ရူပါရုံကို စေ့စေ့သုံးသပ်မိသော လူဆိုး လေးယောက် ၏ မျက်လုံးများမှ ဂနာမငြိမ်ဖြစ်နေကြသည်ကို ရစ်ချက် သတိထားမိ၏ ။
''မင်းတို့ နှစ်ယောက်က ဘာလဲ၊ သမီးရည်းစားလား၊ လင်မယားလား''
လူဆိုးခေါင်းဆောင်က မေးလိုက်ပြီး......
''ဟေ့ သူတို့ကိုယ်မှာရှာစမ်း၊ တွေ့သမျှ အကုန်ယူလိုက်'' ဟု တပည့်တစ်ယောက်အား အမိန့်ပေး လိုက်သည်။ ထိုနေ့မှာ ရိုစလင်းသည် ရစ်ချက်နှင့် လွတ်လွတ်လပ်လပ်ပြီး ပျော်မည်ဟု ခဲထားသဖြင့် ပျောက်ရှ ပျက်စီးရန် စိုးရိမ်ရသော ၀တ်နေကျ စိန်ထည်လက်ဝက်လက်စားများကို အားလုံးချွတ်ထားခဲ့ သည် ဖြစ်ရာ နားမှာပန်ထားသော ပုလဲနားကပ်နှင့် လက်ပတ်နာရီတစ်လုံးသာ ၀တ်လာခဲ့သည်။
''ဟိုကောင်မဆီက ပုလဲနားကပ်နဲ့ သားရေကြိုး လက်ပတ်နာရီပဲရတယ် ဆရာ၊ ဒီအကေင်ဆီက လက်ပတ်နာရီ တစ်လုံး၊ ဖောင်တိန်တစ်ချောင်းနဲ့ ငွေသုံးဆယ့်နှစ်ကျပ်ပဲ တွေ့တယ်''
ပစ္စည်း များကို သန်းရှာသလို ရှာပြီးယူသော လူဆိုးက သူ့ဆရာအား အစီရင်ခံလိုက်၏ ။
''သောက်သုံးမကျလိုက်တာကွာ ဖွတ်ချီးပဲ၊ ငါက မြတ်မြတ်ကလေးရမလား ထင်နေတာ၊ ဟေ့-မင်းတို့ မိဘတွေ ဘယ်သူလဲ၊ ပဲခူးကလား ရန်ကုန်ကလား... ''
ရိုစလင်းကားဘာဖြေရမည် မသိ၊ ရစ်ချက်၏မျက်နှာကို အားကိုးစွာ လှမ်းကြည့်လိုက်သည်။ ပစ္စည်း ကျေနပ်အောင်ရေ၍ ပြန်ပေးဆွဲရန် မေးနေကြောင်းကို လူလည်ကပြား ရစ်ချက်က ရိပ်မိသည်။ မလုံမခြုံ ဖြစ်နေသော ရိုစလင်းကို မျက်လုံးဝဲနေကြသော လူဆိုးများ၏ အမည်မှာ ရိုစလင်း၏အမည်နှင့် တွဲလျက်သား သတင်းစာထဲတွင် ဟိုးလေးတကျော်ပါတော့မည်။ ဤလိုမိန်းမစားမျိုးနှင့် မကင်းကြောင်း တိုင်းပြည် က သိသွားမည်ကို ရစ်ချက်သည် သူ့အား လူဆိုးများ ထောက်ထားသော ဓားနှစ်လက်ထက် ပိုပြီး ကြောက်ရွံ့၏ ။
''ကျွန်တော် မှန်တဲ့အတိုင်း ပြောပါမယ်၊ ကျွန်တော်လဲ လူကြီးလူကောင်း မဟုတ်ပါဘူး၊ ခင်ဗျားတို့လို အမှောင်ထဲက လူပါပဲ၊ ဒါပေမဲ့ လုပ်ငန်းက တစ်မျိုးစီဖြစ်နေပါတယ်.... ''
လူလည် ရစ်ချက်က မှင်သေသေဖြင့် ဖြီးလိုက်၏ ။
''မင်းက ဘာလုပ်တာလဲ.... '' လူဆိုးခေါင်းဆောင်က မေးလိုက်၏ ။
''ကျွန်တော် ရန်ကုန်က ဇိမ်ခေါင်းပါပဲ၊ ကျွန်တော့်လုပ်ငန်း အတွက်ဲခူးဘက်မှာ အသစ်လာရှားတာ''
ရစ်ချက်က မျက်နှာမပျက် ခပ်တည်တည်ပြောလိုက်၏ ရိုစလင်းကား ယခုအချိန်တိုင်အောင် တစ်ခွန်းမှ မပြော၊ ပြောလည်း မပြောတတ်။ ရစ်ချကဘာရည်ရွယ် ပြောနေသည်ကိုလည်း နားမလည်။ သူတို့ နှစ်ယောက် လွတ်မြောက်ရေးအတွက် လူဆိုးများအား လှိမ့်နေသည်ဟုသာ စိတ်တွင်းကမှတ်ယူပြီး ဖရိုဖရဲ ဖြစ်နေသော သူ့အင်္ကျီ လုံချည်များကို မသိမသာ ပြုပြင်နေလေသည်။
''ဒီကောင်မကရော ဇိမ်မယ်လား.... ''
''ဇိမ်မယ်တော့ မဟုတ်သေးဘူးခင်ဗျ၊ အရပ်ထဲမှာ နာမည်ပျက်နေတဲ့ မိန်းမမို့ ကျွန်တော်က ဇာတ်သွင်း နေတာ''
ထိုသို့ပြောပြီး ရစ်ချက်သည် အချိန်ကို မှန်းဆကြည့်လိုက်သည်။ အချိန်မှာ ညနေစောင်း နေ၀င်လုနေပြီကို မှန်းဆမိ၏ ရစ်ချကအဖို့ အချိန်ကုန်ခံ၍ မဖြစ်တော့ချေ။
''ကဲဗျာ....နှစ်ဦးနှစ်ဘက် ကျေနပ်မှုရှိအောင် ကျွန်တော်ထုတ်လာတဲ့ ဟောဒီဟာမကို ခင်ဗျားတို့ ကျေနပ်အောင် သုံးပါ၊ ကျွန်တော့်ကို သွားခွင့်ပြုပါဗျာ၊ အမှောင်ထဲက လူချင်းပဲ၊ ခင်ဗျားတို့ကို ကျွန်တော် ဘယ်အခါမှ ရန်မပြုပါဘူး''
ရိုစလင်းသည် ကြီးစွာသော ထိတ်လန့်အံ့သြခြင်းဖြင့် ရစ်ချက်၏ မျက်နှာကို မော့ကြည်လိုက်သည်။ ရစ်ချက်ကား သူ့အား လှည့်၍ပင် မကြည့်တော့ချေ။ ရိုစလင်း တစ်စုံတစ်ရာမှ မပြောလိုက်နိုင်မီ တဏှာ ဘီလူး ပူးကပ်နေပြီဖြစ်သော လူဆိုးလေးယောက်က ခွင့်ပြုသည့် အထိမ်းအမှတ်ဖြင့် ထောက်ထား သော ဓားများကို ရုတ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လေ၏လျင်ခြင်းမျိုးဖြင့် ပြေးထွက်ပျောက်ကွယ် သွားသည်ဖြစ်ရာ အပွဲပွဲနွှဲခဲ့သမျှ ဒီတစ်ပွဲကျမှ နှပ်ပစ်ခံရသော ရိုစလင်းသည် ကာမဘီလူးလေးယောက် ၏လက်ဝယ် ခွေးရူးသံလယ်ဖြစ်ပြီး ကျန်ခဲလေတော့၏ ။
အချိန်မှာ ညနေခြောက်နာရီခွဲပြီးဖြစ်ရာ မှောင်စပြုနေပြီဖြစ်သော ဤအချိန်မှာမူ ရိုစလင်းတစ်ယောက် ချစ်ရိပ်သာစံအိမ်ကြီးသို့ နွမ်းနယ်စွာပြန်လည် ရောက်ရှိလာလေသည်။ ဘာမှမဖြစ်သည့် အမူအရာမျိုး ဖြင့်တတ်နိုင်သရွေ့ ဟန်ဆောင်ကာ အိမ်ထဲဝင်ခဲ့သည်။ ကံအားလျော်စွာ အောက်ထပ်တွင် တစ် ယောကမျှမရှိပေ။ မီးဖိုထဲတွင် ရှိနေသော အာမက်တို့ လူစုကိုကား အရေးစိုက်ရန် မလိုသည့် အလျောက် ရိုစလင်းသည် အိမ်ပေါ်ထပ်သို့ အပြေးကလေး တက်သွားလေသည်။ အိပ်ခန်းထဲရောက် သည်နှင့် တစ်ပြိုင်နက် ခုတင်ပေါ် ပစ်လှဲချကာ ချူပ်တည်းထားခဲ့ရသမျှ ရှက်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ခံပြင်းခြင်းတို့သည် မျက်ရည်များအဖြစ် သွန်ထွက်လာကြလေသည်။ မျက်ရည်သာ တသွင်သွင်ထွက် သည်။ အိမ်ပြန်ရောက်အောင် အနည်းအားခဲ့လာရသည်။ ကိုယ်ခန္ဓာကား အသွေးအသား အင်အားတွေ ဆုတ်ယုတ်ကုန်ခန်းဘိသည့် အလား မလှုပ်ရှားနိုင်တော့ပေ။ မျက်ရည် အဆက်မပြတ် စိမ့်ထွက်နေ သော ရီဝေသည့် မျက်လုံးများမှာ အမည်ခံ လင်ယောက်ျား မောင်အောင်လွင်အား ထင်မြင်လာ လေသည်။
မောင်အောင်လွင်အား လုံးဝအရေးမစိုက်ဘဲ အရုပ်လို သဘောထားနေလင့် ကစား ဤအဖြစ်များကို သိသွားမှာ ရိုစလင်းများစွာ စိုးရိမ်မိသည်။ မောင်အောင်လွင် တစ်ယောက်ကို သာလျှင်မဟုတ်၊ ဤအိမ် ရှိလူများ၊ ဤပတ်ဝန်းကျင်ရှိလူးများ၊ ဤမြို့ရှိလူများ သိသွားလျှင်-
ရိုစလင်းသည် ရှေ့ဆက်ပြီး မတွေးရဲတော့ချေ။ အနောက်တိုင်းဆန် ဆိုရှယ်ကျပြီးလုကြီးလူကောင်း အမည်ခံသူများနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည်က အထက်တန်းကျကျ ဂုဏ်ရှိသော အဖြစ်၊ ယခုရစ်ချတ် ၏ပြုမူစီရင်ချက် ချသွားပုံနှင့် အမှောင်လောကမှ လူဆိုးကြီး လေးယောက်က မညှာမတာ ခက်ထန်ကြမ်းတမ်းစွာ သူ့အဆီအသားစုပ်မျိုလိုက်ပုံမှာ လူသိပင်မခံဝံ့သော အဖြစ်ပေတကား.....
မာမီ ဒေါ်ခင်အေး၏ ၀မ်းကြာတိုက်မှ ထွက်ခဲ့၍ လူဖြစ်လာသော ဘ၀ခရီးတစ်လျှောက်ဝယ် ဤအသက်အရွယ် ရောက်လာသည့်တိုင်အောင် အချိန်အတွင်း၌ ဤနေ့ ဤအတွေ့ အကြုံအားဖြင့် ရှက်သည်၊ နောင်တရသည် ဟူသော အသိတရားကို ဤအကြိမ်သည် ရိုစလင်း ပထမဦးဆုံးခံစားရခြင်း ဖြစ်တော့ သည်။ ယူကျုံးမရလှစွသော စိတ်ဖြင့် ဖြစ်ခဲသမျှကို ပြည်ဖုံးကားချကာ မောင်အောင်လွင်အား လင်မှတ်မှတ် သားမှတ်မှတ် အိမ်ဦးနတ်ကဲ့သို့ ဆည်းကပ်ကိုးကွယ်ကာ သိက္ခာရှိရှိ နေပါတော့မည်ဟု စိတ်ဆုံးဖြတ် လိုက်၇ှာသည်။
မောင်လွင်ကား အိမ်မှာမရှိ။ လဆန်းပြီဖြစ်၍ ထုတ်လာခဲ့သော လခငွေအချို့ကို သူဌေးရူး မိဘများအား သွားပေးရင်း တဲအိမ်ငယ် ကလေးမှာပင် ရှိနေသေးသည်။
''သမီး.....ရိုစလင်း ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား''
ထိုအသံကြားပြီး တစ်စုံတစ်ယောက်က သူ့နဖူးလာကိုင်မှ ရိုစလင်းသည် လွင့်နေသောစိတ်ကို ပြန်ချုပ် လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ ခုတင်ပေါ်မှာထိုင်ရင်း သူ့နဖူးကို ယုယစွာစမ်းသပ် နေသော ဒေါ်ခင်အေးကို တွေ့ရသည်။ ရိုစလင်းသည် ဘာပြန်ပြောရမှန်း မသိ၊ ဒေါ်ခင်အေးအား ကြောင်တက်တက် ကြည့်နေသည်။
''မာမီလဲ အခုပဲ ပြန်ရောက်လာတယ်၊ အာမတ်က သမီး ပြန်လာပြီ မျက်နှာမကောင်းဘူးပြော လို့ မာမီ လာကြည့်တာ၊ ဘာဖြစ်လဲ သမီး''
သို့တစေလည်း ရိုစလင်းက မဖြေသေး။
ရစ်ချက်ပြန်သွား၍ ရိုစလင်း လွမ်းနေကျနေသည်အထင်ဖြင့် ဒေါ်ခင်အေးက မေးလိုက်သည်။
''တော် မာမီ တော်… ဒီခွေးတိရ စ္ဆာန် လူယုတ်မာအကြောင်းကို ရိုစလင်းရှေ့မှာ ဘယ်တော့မှ မပြောပါ နဲ့ မာမီ''
ရိုစလင်းကပြောရင်း ရှိုက်ကြီးတငင် ငိုလိုက်၏။
မြွေပွေး ပိုးထိလာပြီးဖြစ်ကြောင်းကို လည်ပတ်ပါးနပ်သော မိန်းမပီပီ ဒေါ်ခင်အေးက ရိပ်မိလိုက်၏။ သမီဖြစ်သူအား ထိုအကြောင်းကို ဆက်မမေးတော့ချေ။
''ခေါင်းရှုပ်စရာ ခေါင်းပူစရာတွေကို ဘာမှမစဉ်းစားပါနဲ့ သမီးရယ်၊ ကဲ-ထ လန်းဆန်းသွားအောင် ရေချိုးလိုက်၊ အ၀တ်သစ်လဲပြီး အောက်ထပ်လာခဲ့၊ ထမင်းစားဖို့ မာမီ စောင့်နေမယ်နော်''
ဒေါ်ခင်အေးက သမီးနဖူးကို တယုတယ မွှေးမွှေးပေးပြီး အောက်ထပ်ဆင်းသွားလေသည်။ ရိုစလင်း ကား ဟန်မပျက်အောင်သာ ဖြီးလိမ်းပြင်ဆင်ပြီး အောက်ထပ်ဆင်းခဲ့ရသည်။ မိခင် ဒေါ်ခင်အေးမှလွဲ၍ ဦးသန်းမောင်၊ ဘသိန်း ယုတ်စွအဆုံး အာမက်တို့ မျက်နှာကိုပင် စေ့စေ့ပင် မကြည့်ဝံ့တော့ချေ။ သူ့အဖြစ် ကို စိတ်မလုံနိုင်အောင်ဖြစ်ရကား… ထမင်းကို မနည်းကြိတ်မှိတ်မျိုပါသော်လည်း နည်းနည်း သာ ၀င်လေ၏။
နာရီလက်တံသည် တရွေ့တရွေ့သွားနေသည်။ နံနက် ၂- နာရီခွဲရန် ငါးမိနစ်မျှသာ လိုတော့၏။ တစ်အိမ်လုံးမှာ ဆိတ်ငြိမ်လွန်းလှသည်။ စိတ်ပန်းကိုယ်နွမ်းဖြင့် အိပ်ပျော်သွားသော ရိုစလင်းသည် ဖျတ်ခနဲ နိုးလာ၏။ ခေါင်းရင်းခန်းမှာ ဒေါ်ခင်အေးနှင့် ဦးသန်းမောင်တို့၏ အသက်ရှူသံ အိမ်ရှေ့ခန်းမှ ဘသိန်း၏ ဟောက်သံတို့မှာ ချစ်ရိပ်သာစံအိမ်ကြီး၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းနေသည်။ အိစက်ညက် ညောသော ဖဲမွေ့ရာပေါ်မှာ တစ်ကိုယ်တော်ဘ၀ဖြင့် မှေးစက်နေရသော ရိုစလင်းမှာ မျက်လုံးတွေ ကြောင်လာသည်။ အားငယ်သလို ငြီးငွေ့သလိုလိုဖြင့် ရင်တွင်းဝယ်ခံရခက်သော ဝေဒနာကို ခံစားမိလေသည်။ ရိုစလင်း၏ လက်ယာဘက်တွင် နှစ်လုံးဆင့်ထားသော ခေါင်းအုံးအိအိကြီးများကား မည်သည့်အခါကမျှ အသုံးပြုခြင်း မခံခဲ့ရသည့်အလျောက်၊ နေရာမပျက် ဖောင်းဖောင်းကြွကြွပင်ရှိနေ ကြသည်။ ရိုစလင်းသည် သခင်နှင့် ဝေးကွာနေရှာသော ခေါင်းအုံးနှစ်လုံးကို လက်ဖြင့် ညင်သာစွာပွတ်သပ်ရင်း ယခင့် ယခင်အခါများက ဘယ်မှာစားပြီး ဘယ်မှာအိပ်သည်ကို အလျဉ်းစိတ်မ ၀င်စားခဲ့သော မောင်အောင်လွင်အား တမ်းတမိသည်။ ဘယ်နေရာမှာ အိပ်သည်ကို သိလိုစိတ်ပေါ်လာ သဖြင့် ခုတင်ပေါ်မှ ညင်သာစွာဆင်းလာပြီး ရှာမိသည်။
မိမိတို့အိပ်ခန်းတွင်းရှိ ခရမ်းရောင် မီးမှိုင်းမှိုင်းအောက်မှာလည်းမတွေ့၊ ရိုစလင်း အိမ်ရှေ့ခန်းသို့ ကူး လာခဲ့သည်။ မြရည်ဖျန်းနေသည့် အိမ်ရှေ့ခန်းမှာလည်း မရှိ၊ ရောက်ခြည်တော်ခြောက်သွယ်ကို ရည်ရွယ်ကာ ရောင်စုံမီးလုံးကလေးများ ပူဇော်ထားသည့် ဘုရားခန်းထဲသို့ အမှတ်မထင် ၀င်ကြည့်လိုက်သည်။ ရိုစလင်း၏ တစ်သက်တာမှာ ဤတစ်ကြိမ်သည် ဘုရားဆောင်အတွင်းသို့ မှတ်မှတ်ရရ ၀င်မိခြင်း ဖြစ်သည်။ ဖော်ပြခြင်းငှာ မစွမ်းနိုင်သော ၀မ်းနည်းမှု၊ ကြည်နှုးမှုသည် ရင်တွင်း ၀ယ် ပြင်ထန်စွာ ရိုက်ခတ်ခြင်းကို ခံစားလိုက်မိ၏။ ၀င်းအိနေသော ရွှေသင်္ကန်းဖြင့် မျက်လွှာချနေတော် မူသော ဒက္ခိဏသာခါ ရုပ်ပွားတော်သည် ရောင်စုံမီးလုံးများအရောင်းဝယ် ကြည်ညိုဖွာကောင်းလှပါဘိ တောင်း။
''သြော်… ငါ ရတနာသုံးပါးမေ့ပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာတွေဖြစ်ခဲ့တာကို မရှုတော်မူလိုဟန်ဖြင့် ရုပ်ပွားတော် မျက်လွှာချနေတော်မူ ရော့သလား''
ရိုစလင်းသည် အရူးလို ထင်မိထင်ရာတွေးရင်း မလုပ်ဘူးသောအလုပ်ဖြစ်သည့် ဘုရားကိုယ်တော်စား ရုပ်ပွားတော်အား ကြည်ညိုရိုသေစွာ ထိုင်ပြီးဦးချကန်တော့လိုက်သည်။ ထိုအခါမှ ဘုရားခန်းတစ်ဘက် ထောင့်တွင် ဖျာတစ်ချပ်ပေါ်ဝယ် ခေါင်းအုံးတစ်လုံး ချည်ကြမ်းစောင်တစ်ထည်ဖြင့် ဖြစ်ကတတ်ဆန်း အိပ်ပျော်နေသော မောင်အောင်လွင်အား မြင်လေသည်။ အပြစ်ကင်းစင်၍ ကြည်လင်းဝင်းပသော မောင်အောင်လွင်၏ မျက်နှာကား ဘုရားပူဇော်ထားသော မီးရောင်တွင် ထင်ထင်ရှားရှားမြင်နေရသော ရိုစလင်းအဖို့ ရင်ထဲမှာ လှိုင်းထသကဲ့သို့ ဖြစ်နေသည်။ အနားသို့ ညင်သာစွာသွားကာ ဖရိုဖရဲဖြစ်နေ သော စောင်ကို ဖြည်းညင်းစွာဖြင့် ခြုံပေးလိုက်သည်။
''နှိုးလိုက်ရင် သူ အိပ်ပျက်သွားဦးမယ်လေ၊ နက်ဖြန်ညမှ သူ့အိပ်ရာပြောင်းအောင် ငါ တောင်ပန်ပါ တော့မယ်''ဟုတွေးပြီး ရိုစလင်း ဘုရားခန်းမှ ပြန်ထွက်လာခဲ့သည်။ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ် သောအဖြစ် ကြုံခဲ့ရပြီး ညနေစာကလည်း ဟုတ်ဟုတ်ငြားငြား မ၀င်ခဲ့သဖြင့် ရင်ထဲမှာပူပြီး ဆာသလိုလို ဖြစ်လာသည်။ ထမင်းစားခန်းတွင် စားစရာမပြတ်ရှိတတ်သည်ကို သိပြီးဖြစ်၍ ရိုစလင်းသည် လှေကားလက်ရန်းကို အားပြိုမှီတွယ်ကာ လှေကားမှ တစ်ထစ်ချင်း ဖြည်းညင်းစွာ ဆင်းလာခဲ့လေ သည်။
အောက်ထပ် လှေကားရင်းသို့ရောက်လျှင် ဧည့်ခန်းမှ ပြာလဲ့လဲ့မီချောင်းရောင် မှေးမှိန်စွာလင်းနေသော ဆောင်ကူလမ်းသို့ အသာအယာ လျှောက်သွားလေသည်။ အာမက်တို့ လင်မယားကို မနှိုးပေ။ ရိုစလင်းအဖို့ ဤအိမ်ရှိလူများနှင့် မျက်နှာချင်းဆိုင်လိုသောစိတ် မရှိတော့ပေ။ သူ့ကိုကြည့်သော မျက်လုံးများသည် သူ့အဖြစ်ကို သရော်နေကြသည်ဟု စိတ်မလုံတိုင်းထင်နေမိသော ရိုစလင်းသည် ခြေသံမကြားအောင် ထမင်းစားခန်းသို့ သွားနေရာမှ ဆောင်ကူးလမ်းအလည်ရှိ နံရံကပ်ဗီရိုကြီးနား ရောက်သောအခါ ခြေလှမ်းသည် တုံ့ခနဲရပ်သွားပြီင်္း ဗီရိုကြီး၏ တံခါးရွက် တဖြည်းဖြည်း ပွင့်လာသည်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေမိလေသည်။
ဗီရိုကြီး၏ တံခါးရွက် ပွင့်လာသည်။ ဗီရိုအတွင်းမှ အတင်(၀ါ) တင်တင်ခိုင်၏ ရုပ်သဏ္ဍာန် ပေါ်လာ သည်။ တင်တင်ခိုင်သည် ဗီရိုအပြင်ထွက်ရန် ခြေတစ်လှမ်း အပြင်ရောက်ပြီးမှ ရိုစလင်းကို မြင်ဟန်ဖြင့် ဗီရိုတံခါးရွက်ကိုကိုင်ပြီး ရီုစလင်းအား မျက်တောင်မခတ် စိုက်ကြည့်နေ၏။ထို့နောက် လျင်မြန်စွာ ဗီရိုထဲ ပြန်ဝင်သွားသည်။ ဗီရိုတံခါးရွက်များမှာ အသံမမြည်ဘဲ နေရာမပျက် ပြန်ပိတ်သွားသည်။ လျှပ်ပြက်သကဲ့သို့ မြန်လွန်းလှ၏။
''အမယ်လေး…မာမီရေ''
စူးစူးဝါးဝါးအော်လိုက်သော ရိုစလင်၏ အသံကြောင့် အပေါ်ထပ်၊ အောက်ထပ်ရှိ လူများအားလုံ နိုးကြ လေပြီ။ ဒေါ်ခင်အေး၊ ဦးသန်းမောင်၊ ဘသိန်းတို့ ၀ုန်းဝုန်းဒိုင်းဒိုင်းဖြင့် အောင်ထပ်သို့ အပြေးဆင်းသွား ကြသည်။ မောင်အောင်လွင်သည် အိပ်ရာမှ မထဘဲ ဘာဖြစ်နေသည်ကိုသာ နားစွင့်နေ၏။ ဗလုံးဗထွေး ဖြင့် တစ်ယောက်တစ်ခွန်း စိုရိမ်ကြီးစွာ မေးမြန်းနေကြသော အသံများအကြားမှ-
''မိတင် တစ္ဆေ…မိတင် တစ္ဆေ.. ဟောဟို ဗီရိုကြီးထဲမှာ''
တုန်တုန်ရင်ရင်ပြောနေသော ရိုစလင်း၏အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့ကျော အပ်နှင့် ထိုးလိုက်သလို၊ အိပ်ရာမှ မြောက်ခနဲ ထလိုက်မိ၏။
လှေကားမှ ဒရောသောပါး ဆင်းလာသော မောင်အောင်လွင်အား ဆောင်ကူးလမ်းအ၀မှ လူများက လှမ်းကြည့်နေကြသည်။ ရိုစလင်းသည် တုန်ရင်သော ကိုယ်ခန္ဓာ၊ ကြောက်လန့်သောစိတ်ဖြင့် ဒေါ်ခင်အေးအား မှီတွယ်အားပြုနေရာမှ မောင်အောင်လွင်အား သနားစဖွယ် မျက်နှာငယ်ကလေးဖြင့် မျှော်လင့်ခြင်းကြီးစွာဖြင့် လှမ်းကြည့်နေရှာသည်။ အားလုံးသော သူများ၏စိတ်မှာ မောင်အောင်လွင် သည် ဇနီးသည် ရိုစလင်းရှိရာ အပြေးအလွှားလာပြီး ယုယပိုက်ထွေး အားပေး ဖြေသိမ့်လိမ့်မည်ဟု တသဘောတည်း ယူဆနေကြ၏။ သို့သော် အထင်နှင့် အမြင်ကား ကွာချေသည်။ မောင်အောင်လွင်သည် ဆောင်ကူးလမ်းအ၀မှာ စုရုံးစုရုံးဖြစ်နေသော လူသိုက်အား လှည့်၍မျှမကြည့် ဘဲ ဗီရိုကြီးရှိရာ တန်းတန်းမတ်မတ်သွားပြီး ဗီရိုတံခါးကို ဖွင့်ကြည့်လိုက်၏။ ထိုအချိန်မှာ အာမက်က ထမင်းစားခန်းနှင့် ဆောင်ကူလမ်းရှိ မီများကို ဖွင့်ထားပြီးဖြစ်၍ ဗီရိုအတွင်းမှာ ဟာလာဟင်းလင်း ပြောင်ရှင်းပြီး ဘာမှမတွေ့ရချေ။
''ဘာတွေ့လဲဟေ့ မောင်အောင်လွင်'' ဟု ဘသိန်းက လှမ်းမေးလိုက်၏။
''ဘာမှမတွေ့ပါဘူး ဦးလေးရယ်…''
မောင်အောင်လွင်က စိတ်မကောင်းသောအသံဖြင့် ပြန်ဖြေရင်း ဗီရိုကြီးအတွင်းသို့သာ စူးစူးစိုက်စိုက် ကြည့်နေသည်။
''ရိုစလင်း သိပ်လန့်နေပြီ မောင်အောင်လွင်၊ မင်း ပွေ့ပြီး အိမ်ပေါ်တင်သွား''
ဒေါ်ခင်အေးက အမိန့်ပေးလိုက်သော်ငြားလည်း မောင်အောင်လွင်သည် တုတ်တုတ်ပင် မလှုပ်၊ ဗီရိုအ တွင်းသို့ ကြည့်မြဲကြည့်နေသည်။
''ဟေ့ မောင်အောင်လွင် ငါပြောတာ မကြားဘူးလား.. ''
ဒေါ်ခင်အေးက ခပ်ငေါက်ငေါက် ပြောလိုက်၏။ ဗီရိုတွင်းသို့ကြည့်နေသော မောင်အောင်လွင်က မျက်နှာမလှည့်ဘဲ ပြန်ဖြေလိုက်၏။
''ကျွန်တော် မပွေ့ချင်ဘူး၊ ဦးလေးဘသိန်း ပွေ့တင်သွားပါ''
ရိုစလင်းမှာ အကြီးအကျယ် စိတ်ထိခိုက်သွားရှာသည်။ ဤမျှလောက် စိုးရိမ်ဖွယ် အခြေအနေမှာပင် မိမိအား လက်ဖျားနှင့် မထိချင်အောင်ရွံ့ရှာနေသည်မှာ မောင်အောင်လွင်၏ အပြစ်မဟုတ်၊ မိမိ အနေအထိုင် မဟုတ်ခဲ့ခြင်းကြောင့်ပေတကားဟု စဉ်းစားကာ ယူကျုံမရရှိလှသဖြင့် ဒေါ်ခင်အေး၏ ရင်ခွင်မှာ မျက်နှာအပ်ကာ ချုံးချငိုကြွေးလိုက်လေသည်။ ဤသည်ကို မင်းစေသားက လူပါးဝ၍ သမီးချော အရှက်ရပြီး ငိုသည်ဟု ဒေါ်ခင်အေးက ယူဆကာ အကြီးအကျယ် ဒေါပွလေတော့သည်။ ဘသိန်းက ရိုစလင်းအား ပွေ့ရန်ဟန်ပြင်လိုက်၏။ မိမိကိုယ်က ပိုးထိုးလောက်ကိုက် အတွင်းကလှိုက်ပြီး ခြစားနေလင့်ကစား ဘသိန်းလို အခိုင်းအစေခံ လက်အောက် လူတစ်ယောက်၏ အပွေ့အပိုက်ကိုကား ရိုစလင်း မခံယူလိုပေ။
''ဟင့်အင်း…ဟင့်အင်း…ဦးဘသိန်း မပွေ့နဲ့ မပွေ့နဲ့…''
ရိုစလင်းက ငိုရင်း ရှိုက်ရင်းက ဘသိန်းအား ငြင်းဆန်လိုက်၏။ ဘသိန်း ရှက်အမ်းအမ်း ဖြစ်သွားလေသည်။
''မင်းမခေါ်နဲက နေပေစေ ဘသိန်း၊ ကဲ-ကိုသန်းမောင်ပဲ ခေါ်တင်သွားပါ''
ဒေါ်ခင်အေးက မောင်အောင်လွင်အား မီးထွက်မတတ် မျက်လုံးများဖြင့် လှမ်းကြည့်ရင်း အမိန့်ပေး လိုက်သည်။ ယခုတလော ဘသိန်းနှင့် စကားပြော အဆင်မပြေ၊ အမြဲလိုလို ဘသိန်းက ဘူပြောနေသဖြင့် စိတ်တွင်းက ချဉ်စူးစူးဖြစ်နေသော ဦးသန်းမောင်က အနိုင်ရသောမျက်နှာဖြင့် ဘသိန်းအား မခံချင်အောင် တစ်ချက်လှမ်းကြည့်ပြီး ရိုစလင်းကို ပွေ့ယူလိုက်သည်။ ရိုစလင်းက ငြင်းဆန်ခြင်းမပြု၊ ကလေးသဖွယ် ဦးသန်းမောင်၏ ရင်ခွင်ကို မှီတွယ်လိုက်၏။
ဆောင်ကူးလမ်းအ၀တွင် ဒေါ်ခင်အေးနှင့် ဘသိန်းတို့ ဒေါသမာန် ကိုယ်စီဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေကြသည်။ သူတို့နှစ်ယောက်၏ ဒေါသလမ်းကား တစ်လမ်းစီ ဖြစ်ကြသည်။
ဘသိန်း၏ ဒေါသကား ဦးသန်းမောင်၊ ရိုစလင်းနှင့် ဒေါ်ခင်အေးသို့ ရှေးရှုလျက်-
ဒေါ်ခင်အေး၏ ဒေါသကား ယခုထက်တိုငိ အရုပ်တစ်ရုပ်ကို ထောင်ထားသလို မတုန်မလှုပ် ဗီရိုကို စူးစိုက်ကြည့်နေသော မောင်အောင်လွင်သို့ မျက်နှာမူလျက်-
မျက်နှာထား မဆင်မပြေကြသော အိမ်ကြီးရှင်သခင်များအား အကဲခတ်မိသော အာမက်တို့ လင်မယားသည် ၎င်းတို့အနားတွင် ကြာရှည်မနေ၀ံ့ကြတော့ချေ။ လေးနာရီ ထိုးသံကြားသည်တွင် မိုးလင်းလုနီးပြီဖြစ်၍ မီးဖိုဆောင်လုပ်ငန်းခွင်ဝင်ရန် ခပ်ကုပ်ကုပ် ထွက်လာခဲ့ကြသည်။
''ဘသိန်းရေ…လာစမ်းဟေ့''
ဒေါ်ခင်အေးက အာဏာသံ ခပ်ပါပါဖြင့် လှမ်းခေါ်လိုက်သည်။ အချိန်မှာ နံနက် ဆယ်နာရီထိုးပြီဖြစ်၏။ မောင်အောင်လွင်မှာ ကျောင်းတက်သွားပြီဖြစ်၍ အိမ်မှာမရှိတော့ချေ။ အိမ်ပေါ်ထပ်တွင် ဘသိန်းသည် သူ့အိပ်ရာခုတင်ပေါ်မှာ နဖူးလက်တင် စဉ်းစားခန်းဝင်နေ၏။ အောက်ထပ်ဧည့်ခန်းတွင်ကား ဒေါ်ခင်အေးနှင့် ရိုစလင်းတို့ ဆိုဖာရှည်ကြီးပေါ်တွင် ဦးသန်းမောင်ကို အလယ်ထားပြီး ထိုင်နေကြ သည်။ ရိုစလင်း၏ မျက်နှာကား ညှိုးလျော် ခြောက်သွေ့နေသည်။
''ဒီအကောင်ကလေး လူပါးဝတာ စိတ်ထဲ အရေးလုပ် စဉ်းစားမနေပါနဲ့ သမီးရယ်၊ ဒင်းလောက်တော့ ဘသိန်း တစ်ချက်နှိပ်ရှိပါတယ်၊ သမီးကို ဒူးထောက်ပြီး ယုယပြုစုစေရမှာပေါ့''
ဒေါ်ခင်အေးက ပျော်ရွှင်မှု အရိပ်အရောင် ကင်းစင်နေသော သမီးအား ကြင်နာစွာ အားပေးလိုက်၏။ ရိုစလင်းကား ဒေါ်ခင်အေး၏ အဆိုကို နှစ်ခြိုက်ပုံလည်း မပြု၊ အားတက်သည့် လက္ခဏာလည်း မရှိ၊ လှေကားမှ တည်ငြိမ်စွာသော မျက်နှာထားဖြင့် ဆင်းလားသော ဘသိန်းအား အဓိပ္ပါယ် မရှိ ငေးကြည့်  နေသည်။
လက်ဝဲစံ၊ လက်ယာစံတွေနဲ့ သန်းမောင်တို့ တယ်ဟုတ်လိုက်ပါကလားဟု ဘသိန်း စိတ်တွင်းက ခံပြင်းစွားတွေးပြီး ဒေါ်ခင်းအေးတို့ ရှေ့တည့်တည့်မှာ မတ်မတ်ရပ်လိုက်သည်။
''ကျုပ်ကိုခေါ်တာ ဘာကိစ္စလဲ မခင်အေး''
ဘသိန်း က အေးစက်စက်လေသံဖြင့် မေးလိုက်၏။
ဆက်ရန်
.

3 comments:
ကျေးဇူး မရွှေစင်.. စီဘောက်စ်မှာ လာနားပူတာ စိတ်မရှိပါနဲ့နော်
sdl
တင်တင်ခိုင်ကို တွေ့သွားမှာ စိုးလိုက်တာ။
သူကလဲ ခဏခဏ လူရိပ်ပြနေတော့တာပဲ။
ဖတ်ရတာ အသဲယားလာတယ်။
Post a Comment