အဟောသုခံ
(၁)
ယနေ့လည်း ကိုဒေါင်းစိန် အစောကြီး နိုးသည်။ သိုကသော် ခါတိုင်းလို ထိုင်းမှိုင်းပျင်းရိစွာဖြင့် အပျင်း ဆန့်မနေတော့ ဖျတ်လတ်ပေါ့ပါးစွာသာ သူ ထ လိုက်သည်။ ယနေ့ သူ့၌ လုပ်စရာတွေ အများကြီး ရှိသည်။ သူ့တွင် သာလော၊ မဟုတ်။ မယ်စိန်လည်း တစ်နေ့လုံး လက်မချရအောင် လုပ်ရဦးမည်။ သူ့သား ဒီလုံး လည်း အအားနေရမည် မဟုတ်။
သူ့ချုံသုံချုံလုံးကို အားလုံး ပိတ်ဆို့ကာ ငါးများကို ဖမ်းယူပြီးပြီဖြစ်ရာ ငါးပတ်ခေါင်းဖြတ်နှင့် ဒိုး စသော ကုန်ငါးများကို ကုန်သည်များသို့ လည်းကောင်း၊ ငါးဖယ်များကို ဖောက်သည်ငါးအဖြစ် ငါးစိမ်းသည်မကြီး မမယ်ရင်သို့လည်းကောင်း ချိန်ရောင်းခဲ့၏။ သို့သော် ကောင်သေးငါးများနှင့် ငါးကျည်း၊ ငါးရံ့များကိုမူ ငါးစိမ်း အဖြစ်နှင့် မရောင်းဟုဆိုတာ မယ်စိန်က ချန်ထားခဲ့သည်။ မှန်သည် ငါးရံ့ကို ငါးစိမ်းရာင်းတာထက် ငါးရံ့ခြောက်လုပ်ပြီး ရောင်းက ငွေပိုရမည်။ ထိုနည်းတူ ကောင်သေး ငါးများကိုလည်း ငါးစိမ်း ရောင်းတာထက် ငါးပိလုပ်ပြီး လယ်သမားများထံမှ စပါးနှင့် သွား၍ ဖလှယ်လျှင် မိုးတွင်းအတွက် စားဖို့ ၀မ်းစာစပါး အလုံအလောက် ရနိုင်သည်။ ငါးစိမ်းအဖြစ် ရောင်းတာထက် ကုန်လုပ်ပြီး လယ်သမားများထံမှ စပါး နှင့်သွား၍ ဖလှယ်လျှင် မိုးတွင်းအတွက် စားဖို့ ၀မ်းစာစပါး အလုံအလောက်ရနိုင်သည်။ ငါးစိမ်းအဖြစ် ရောင်း တာထက် ကုန်လုပ်ပြီး ရောင်းတာက လူပို၍ ပင်ပန်းတာတော့မှန်သည်။ သို့သော် ပို၍ အကျိုး ရှိမည် ဆိုက ပို၍ ပင်ပန်းသည်ကို သူတို့ ဂရုမစိုက်ပါ။
သူ့ချုံသုံးချုံမှ ငါးအတော်များများ တက်လိုက်သည်ဖြစ်ရာ ထိုငါးများကို ကုန်လုပ်ရန်အတွက် သူတို့တစ်တွေ တစ်နေ့လုံး မအားအောင် လုပ်ကြရမည်။ သူ့အဖို့ဆိုလျှင် မိုးလင်းသည်နှင့် တစ်ပြိုင်နက် မယ်စိန် ငါးကျည်းကျပ်တိုက်ရန်အတွက် ငါးကျည်းကျပ်စင် ဆောက်ပေးရမည်။ ထင်းများ ပေါက်ပေးရမည်။ ငါးပိစင် ဆောက်ရမည်။ ငါးပိ နင်းရမည်။ ငါးပိ ဆားကူးရမည်။ မယ်စိန်ဆိုလျှင်လည်း ညတုန်းက ခွဲထားသော ငါးရံ့များကို နေထုတ်လှန်းရမည်။ လှောင်ထားသော ငါးကျည်းအရှင်များကို နေထုတ်လှန်းပြီး ကျပ်တိုက်ရမည်။ ပြောရာမှာ စကားလုံး နည်းလှသော်လည်း လုပ်ရာမှာ လက်ဝင်လှသည်မို့ ဒီလုံးကိုပင် အအား မထားနိုင်ဘဲ တောက်တိုမည်ရ ကူညီလုပ်ခိုင်းရမည်။
ဤသို့ တစ်နေ့လုံး မအားအောင် လုပ်ရမည်ဖြစ်သော်လည်း ထိုလုပ်ရမည့် အလုပ်များအတွက် သူ့စိတ်ထဲ၌ ၀န်လေးပင်ပန်းခြင်းတော့ မဖြစ်မိ။ သူ့လုပ်ငန်းမှ ထိုက်သင့်သော အကျိုးအမြတ်ရဖို့မှာ သေချာနေပြီဖြစ်ရာ မျှော်လင့်ချက်ကလေးနှင့် စိတ်အားပင် တက်ကြွနေမိသေးသည်။ သူ့စိတ်မှာ ရွှင်မြူး နေ၍ သူ့တစ်ကိုယ်လုံးမှာ ဖျတ်လတ်ပေါ့ပါးနေသည်။
သူသည် မီးခွက်ကို ထွန်းညှိလိုက်ပြီးနောက် လက်ဖက်ရည်အိုးကို ဆွဲကာ ရေသွားဖြည့်၏။ နောက် ဖိုပေါ်တါင် တည်ထားလိုက်ကာ မျက်နှာသွားသစ်၏။ မျက်နှာသစ်ရာတွင် ဖြည်းဖြည်းလေးလေး အေးအေးဆေးဆေးနှင့် ဇိမ်ဆွဲ၍ သစ်ခဲ့သောကြောင့် မျက်နှာသစ်ပြီး၍ လက်ဖက်ရည်အိုးကို သွားကြည့် သောအခါတွင် ဆူပွက်နေပေပြီ။ သူသည် လက်ဖက်ခြောက် ခတ်ကာ ဖိုပေါ်တွင်ပင် နှပ်ထားလိုက်၏။
နောက် သူသည် မယ်စိန်နှင့် ဒီလုံးကိုပါ သွားနှိုး၏။ သူတို့သည် နိုးထလာကာ မျက်နှာသစ်ပြီး နောက်တွင် ကား သားအမိ သားအဖ သုံးယောက်သား လက်ဖက်ရည်ကြမ်း ၀ိုင်းဖွဲ့ကြ၏။
မယ်စိန်ကား လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်သော်လည်း စွဲစွဲလမ်းလမ်း သောက်တတ်သူ မဟုတ်။ တစ်ခွက်ကောင်း နှစ်ခွက်ကောင်းလောက်သောက်ပြီးလျှင် ကျေနပ်သွားတတ်သည်။ ကိုဒေါင်းစိန်ကတော့ တစ်အိုးလုံး ကို တစ်ယောက်တည်းကုန်အောင် သောက်နိုင်သည်သာမက တစ်နေ့လုံး တည်ပေးလျှင် တစ်နေ့လုံး ထိုင်သောက်နိုင်သူဖြစ်သည်။ ဒီလုံးမှာလည်း လက်ဖက်ရည်ကြမ်း သောက်ရာတွင် ဖခင်၏ ခြေရာ ကို နင်းလိုက်မည့်သူပင်။
မယ်စိန်သည် လက်ဖက်ရည်ကြမ်း နှစ်ခွက်ကို တစ်ခွက်ပြီးတစ်ခွက် ခပ်သွက်သွက် သောက်ချလိုက်ပြီးနောက် ဆေးပေါ့လိပ်တိုကလေးကို မီးသွားညှိကာ ဇိမ်နှင့် သောက်ရှူနေ၏။ သူမက လက်ဖက်ရည်ကြမ်း ကို စွဲစွဲလမ်းလမ်း မဟုတ်သော်လည်း ဆေးပေါ့လိပ်ကိုတော့ မသောက်ရ မနေနိုင်အောင် စွဲလမ်းနေသူဖြစ်၏။ "ထမင်းကိုသာ အငတ်ခံနိုင်မည်၊ ဆေးပေါ့လိပ်ကလေးသာ သောက်နေ ရမယ် ဆိုရင် ထမင်းကိုတောင် မေ့ပါရဲ့"ဟူ၍ လည်းကောင်း သူမက ပြောလေ့ရှိသည်။
ကိုဒေါင်းစိန်နှင့် ဒီလုံးတို့ကတော့ လက်ဖက်ရည်ကြမ်းကို တစ်ခွက်ပြီးတစ်ခွက် ဇိမ်ဆွဲ၍ သောက်နေကြ၏။ ပထမတွင် လက်ဖက်ရည်ကြမ်းကို မက်မက်မောမော လောဘဇောဖြင့် ကုန်း၍ ကျုံး၍ သောက်နေ ရသောကြောင့် စကားမပြောနိုင် အားသေး။ သုံးခွက်လောက် ဆင့်သောက်ပြီး၍ အရှိန်ကလေး ရသွား မှ စကားပြောလိုစိတ်ဖြင့် မယ်စိန်အား မော်ကြည့်လိုက်ကာ-
'မယ်စိန်ရေ့၊ တို့တစ်တွေကိုတော့ ကုသိုလ်ကံကလေး ထောက်မလာပြန်ပြီကွယ့်၊ ခုအတိုင်းဆိုရင်တော့ ကံတရားဟာ တို့အပေါ်မှာ တယ်ပြီး မရိုင်းလှပါဘူးကွယ်၊ တစ်နှစ်မှာ ဆယ့်နှစ်လရှိတဲ့အနက် ဆယ့်တစ်လ မှာ ဒုက္ခနဲ့ချည်း ကြုံခဲ့ရပေမဲ့ တစ်လလောက် အချိန်ကလေးမှာ အသက်ရှူသာခွင့်ကလေး ရရုံလောက် ချမ်းသာသုခကို ပြန်ပေးဖော်ရသေးလို့ တော်ပါသေးရဲ့၊ ငါတော့ တစိမ့်စိမ့်တွေးပြီး ပျော်နေတယ်လေ'
ကိုဒါင်းစိန်၏ အသံမှာ ပျော်ရွှင်စွာဖြင့် လွင်နေ၏။ ကိုဒေါင်းစိန်၏ မျက်လုံးမှာလည်း ပျော်ရွှင်ခြင်း ကြောင့် အရောင်တောက်နေသည်။ ပျော်ရွာပေမည်။ ဆင်းရဲဒုက္ခဟူ၍ လုံးဝ မတွေ့ကြုံဖူးဘဲ ချမ်းသာသုခ၏ အလယ်မှာ အစဉ်အမြဲ စမ္ပာယ်နေရသူများအဖို့မူ တော်ရုံတန်ရုံ သုခကလေးလောက်နှင့် တုန်လှုပ် ချောက်ချားမည် မဟုတ်သော်လည်း၊ ဆုံလည်နွားပမာ ဒုက္ခသံ သရာဝဲဂယက် အတွင်းဝယ် တ၀ဲလည်လည် နှင့် နေရသူများ အဖို့မူ တစ်ကြိမ်တစ်ခါ ကြုံကြိုက်လာ သော ဘာမဟုတ်သည့် အဆင်ပြေမှု သုခကလေး ကိုပင် အဟုတ်ကြီးထင်ကာ ငမ်းငမ်းတက် ရွှင် မြူးလာရခြင်းမှာ သဘာဝကျသည်။
' တစ်နှစ်လုံးလုံးမှာ ဆိုမှ ဒီလိုအချက်ကောင်းမျိုး တစ်ကြိမ်လောက်မကြုံရင်လည်း ဒေါင်းစိန်ရယ် သေ သေရချည်ရဲ့။ အင်းလေ မပြားကြီးလည်း ပြောဖူးသားကပဲ၊ ဒီလူ့ဘုံကြီးဟာ ဒုက္ခဘုံကြီးပါပဲတဲ့၊ သူ ပြောတာ လည်း ဟုတ်မှာပါပဲ။ ကျုပ်တို့ကို ကြည့်ပါလား၊ တွေ့လိုက်ရတဲ့ ဒုက္ခတွေ၊ ဒုက္ခတွေဆိုတာ ပြောမဆုံးပေါင် တော သုံးတောင်ဆိုသလို ကျနေတာပဲ၊ ဒုက္ခဘုံကြီးထဲ လူလာ ဖြစ်ကြရလို့ ဒီဒုက္ခတွေကို ဒါလောက်များများ တွေ့နေကြရတယ် ထင်ပါရဲ့တော် '
မယ်စိန်ကလည်း မခေလှပါ။ ကိုဒေါင်းစိန်၏ စကားကို သူ ကြားဖူးနားဝရှိသမျှ တရားဘောကလေးနှင့် ပြန်ကြား၍ ပြောနိုင်ခဲ့သည်။ သို့သော် သူ့တရားသံ ကလေးထဲ၌ ညည်းညူသံ ကလေး အနည်းငယ် ပါသွားသည်ကို သတိပြုမိသော ကိုဒေါင်းစိန်က မယ်စိန်အား နှစ်သိမ့်သောအားဖြင့် ' အေးဟဲ့၊ ဒါပေမဲ့ တို့အဖို့ သုခ ဘက် တစ်ကြိမ်ပြန်လည်လာပြီမို့ အားငယ်စရာ မရှိတော့ပါဘူးကွယ် ' ဟု အားပေးလိုက်၏။
ကိုဒေါင်းစိန်သည် ပုဆိန်ကိုဆွဲ၍ အိမ်ပေါ်မှ ခုန်ဆင်းလိုက်ကာ ချုံဆို့ပြီး၍ သူ့ချုံမှ သယ်ယူလာသော မန်ကျည်းတုံးများကို ခွမ်းခနဲ ခွမ်းခနဲ ပေါက်ခွဲနေ၏။ မယ်စိန်ကလည်း အအားမနေဘဲ ညတုန်းက ခွဲထားသော ငါးရံ့များကို ရေဆင်းဆေးကာ နေထုတ်လှန်းနေသည်။ ဒီလုံးကမူ ထမင်းဟင်းချက်ပြုတ်ဖို့ တာဝန် ကျနေသည်။
နှစ်နာရီလောက် အရ်အနားမရှိဘဲ ထင်းတုံးများကို ပေါက်ခွဲလိုက်သောအခါ ထင်းခြမ်းအတော်များများ ထွက်လာ၏။ မယ်စိန် ငါးကျည်းကျပ်တိုက် နိုင်လောက်သည်အထိ ထင်းခြမ်းများလုံလောက်စွာ ရပြီဖြစ်သဖြင့်လည်း ထင်းပေါက်ခြင်းကို သူ တစ်ခန်းရပ်နားလိုက်၏။
ချမ်းအေးလှသည့် ဆောင်းကာလ၏ နံနက်ခင်းပင် ဖြစ်သော်လည်း အလုပ်ကြမ်း၏ အကျိုးသက် ရောက်မှုကြောင့် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးနေ၏ သို့သော် သူသည် မောပန်းနွမ်းလျခြင်းမရှိ။ တစ်ခုပြီး ၍ တစ်ခုကို ဆက်လုပ်ရန်သာ စိတ်ထက်သန်နေ၏။ ဘာကို လုပ်ရမလဲ။
သူ့ကိုယ်သူ ပြန်မေး၏ မယ်စိန် ငါးကျည်းကျပ်တိုက်ဖို့ ကျပ်စင်ဆောက်ရမည်ဟု အဖြေထွက်လာ၏။ ချက်ချင်း ပင် လက်ထဲမှ ပုဆိန်ကို လွှတ်ချလိုက်ကာ ပေါက်တူးကို ကောက်ကိုင်၏။ သူ့လုပ်ငန်းမှ ထိုက်သင့် သော အကျိုးအမြတ်ရရှိဖို့ သေချာနေပြီ ဖြစ်သောကြောင့် မျှော်လင့်ချက်နှင့် စ်တ်တက်ကြွ လျက်ရှီသဖြင့် ကိုယ်လက် တို့မှာ ပေါ့ပါးနေ၏။ အလုပ်ကို စိတ်ဝင်စားစွာ၊ စိတ်အား ထက်သန်စွာ ပြုလုပ်ခြင်း ဖြစ်သော ကြောင့်လည်း အလုပ်မှာ တွင်ကျယ်၏။
သူသည် မယ်စိန် ငါးကျည်းကျပ်တိုက်ဖို့ ကျပ်စင်ဆောက်ရန်အတွက် သူ့အိမ် နောက်ဘက်ရှိ ရှင်း လင်းထားသော မြေပြန့်တွင် ပေါက်တူးကို မြှောက်ကာ မြှောက်ကာ မြေကြီးကို ပေါက်ဆွနေ၏။ အနံ နှစ်ပေ၊ အလျား လေးပေခန့်ရှိသော မြေနေရာကွက်တွင် တစ်ထွာခန့် အစောက်ရှိသော ချိုင့်ဝှမ်းအဖြစ်သို့ ရောက်အောင် မြေကြီးကို ပေါက်ထုတ်မိမှ သူ ရပ်နား၏။
တစ်ဆက်တည်းပင် ၀ါးလုံးတိုင်တို လေးတိုင်ကိုယူကာ မြေချိုင့်ဝှမ်း၏ ထောင့်လေးထောင့်တွင် တစ်တိုင်စီ လိုက်စိုက်၏။ ပြီးလျှင် ၀ါးလုံးတန်းများဖြင့် တစ်တိုင်နှင့်တစ်တိုင်ကို တန်းပစ်ဆက်သွယ် ကာအပေါ်မှနေ၍ ယင်းခင်းပြီး နှီးချက်များဖြင့် အခိုင်အမာ ချည်နှောင်လိုက်ခြင်းအားဖြင့် ငါးကျည်း ကျပ်စင်မှာ တစ်နာရီ အတွင်း ပြီးစီးသွားရ၏။
ဘုန်းကြီးကျောင်းမှ စည်ကြီးမှာ ကိုးချက်တီးနေပေပြီ။ သို့သော် သူအနားမယူလိုသေး၊ လုပ်စရာ တွေကား များပြားလှသေးသည်။ တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို ဆက်ကာ ဆက်ကာ လုပ်နိုင်မှ တန်ကာကျမည်။ ကိုင်း ဒါဖြင့် လုပ်စရာ ဘာများ ကျန်သေးသလဲ။ သြော် ... ငါးပိစင် ဆောက်ရဦး မည်။
ဟုတ်သည်။ ငါးပိစင်ကိုတော့ ဆောက်မှ ဖြစ်မည်။ သူ့ချုံသုံးချုံမှ ရထားသော ကောင်သေးငါးများမှာ အတော် များသည်ဖြစ်ရာ ထိုငါးများကို ငါးပိလုပ်ရန်အတွက် ငါးပိစင်ကို ဆောက်မှ ဖြစ်မည်။ ဤမျှ များပြားသော ငါးများကို ငါးပိစင် မဆောက်ဘဲ ပြီးစလွယ် ငါးပိလုပ်လျှင် ငံပြာရည်များ လေကုန်ကာ မရလိုက်ဘဲရှိမည်။ ပြီးတော့လည်း ငါးပိစင်ကြီးနဲ့ ဟိန်းလို့ဆိုတော့ ဒေါင်းစိန်တို့မှာ ငါးပိတွေ ရောင်းဖို့ ရှိတယ်ဟေ့ ဆိုတာ မကြေညာရဘဲနှင့် လူသိနိုင်သည်။ ဂုဏ်သိက္ခလည်း ရှိသမို့ ကြွားလည်း ကြွားနိုင်သည်။ ဟော ကျုပ် ငါးပိစင် မှာ ငါးပိ လေးငါးရာလောက် ရှိတာမို့ ၀ယ်သူများရှိရင် ညွှန်လိုက်စမ်းပါလို့ လူတွေ့တိုင်း အသားယူပြီး ပြောလိုက် ရလျှင် ဘယ်လောက် အရသာထူးလိုက်မလဲ။ ဒါကြောင့် ငါးပိစင်တော့ ဆောက်ဖြစ်အောင် ဆောက်မှ ... ဆောက်ဖြစ်အောင် ဆောက်မှ။
အတွေးနောက် အလုပ်က ပါလာသည်။ ကိုယ်လက်များမှာ စက်တပ်ထားသလို သွက်လက်စွာ လှုပ်ရှား နေသည်။ ထမင်းဟင်း ချက်ပြုတ်ပြီးပြီဖြစ်သော ဒီလုံးကလည်း သူ့အလုပ်ကို လာရောက် ကူညီပြီး လုပ်ကိုင် နေသဖြင့် သူ့အလုပ်မှာ ပို၍ တွင်ကျယ်လာသည်။
ငါးကျည်းကျပ်စင်နှင့် မနီးမဝေး နေရာတွင်ပင် နှစ်ယောက်သား တိုင်စိုက်ရန် တူးရွင်းငန်းပြားများဖြင့် တွင်းတူးကြ၏။ ထိုတွင်းများပေါ်တွင် ၀ါးတိုင်များကို စိုက်ထူလိုက်ကြ၏။ တစ်တိုင်နှင့်တစ်တိုင် ဆက်ကာ ဆက်ကာ ၀ါးလုံးတန်းများဖြင့် တန်းပစ်ဆယ်သွယ်ပြီး ငါးပိပုံရန် အတွက် အပေါ်မှ ယင်းခင်းလိုက်၏။ ငါးပိမှ ကျလာသော ငံပြာရည်ကို အောက်မှနေပြီး ခံယူရန် အတွက် ငါးပိစင်အောက်တွင် သက်ငယ်များကို တစ်ဖက်တစ်ချက် နိမ့်လျှောခင်းပြီး ထိုသက်ငယ်နှစ်ဖက် အစပ်ဆုံရာ အောက်ကမှ ၀ါးပိုးခြမ်းကို ပြုလုပ် ထားသော ရေတံလျှောက်ကို တပ်ဆင်ထားလိုက်သည်။
ငါးပိစင် ဆောက်လုပ်ပြီးသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြရာမှာ မကြာသော်လည်း လုပ်ရာတွင်မူ သုံးနာရီတောင် ကြာသွားသည်။ ဒါတောင် ၀ါး၊ သက်ငယ်၊ နှီး စသော ပစ္စည်းဝတ္ထုများ အဆင်သင့်ရှိ၍ တစ်ကြောင်း၊ သူကိုယ်တိုင်မှာ စိတ်ဝင်စားစွာ စိတ်အားထက်သန်စွာ ပြုလုပ်သဖြင့် အလုပ် တွင်ကျယ်၍ တစ်ကြောင်း၊ ဒီလုံး၏ အကူအညီကို ရရှိ၍တစ်ကြောင်း၊ ဤသုံးနာရီ အချိန်ခန့်နှင့် ပြီးစီး သွားခြင်းဖြစ်သည်။ နို့မဟုတ်လျှင် သည်အချိန်ကလေးလောက်နှင့် ဘယ်ပြီး နိုင်မလဲ။
ဟိန်းနေအောင် ဆောက်လုပ်ပြီးသော ငါးပိစင်ကြီးကို ကြည့်ရင်း ကြည့်ရင်း ထိုငါးပိစင်ကြီးပေါ်တွင် မြင်းမိုရ်တောင်လောက် ပမာဏရှိသော ငါးပိပုံကြီးကို ထင်မြင်လာသည်။ ဟင်္သာတ အနီးရှိ နတ်မှော်ရွာမှ နှုတ်ခမ်းမွေး ကားကားနှင့် ငါးပိကုန်သည်ကြီး ဦးဘညွန့်ကိုလည်း သူ့မျက်စိထဲတွင် မြင်ယောင်လာသည်။ ဟိုတုန်း ဟိုတုန်းကဆိုလျှင် ဒီလူကြီးမှာ သူတို့လို ငါးပိအနည်းငယ်မျှသာ ရောင်းနိုင်သူများကို အဖက်ပင် မလုပ်။ အဖက်လုပ်ပြီး ၀ယ်ပြန်တော့လည်း မဖြစ်စလောက်ကလေးမို့ ဆိုကာ ဈေးနှိမ့်ချပြီး ၀ယ်တတ်သည်။ ငါးပိ များများ ထားနိုင်သည့် အင်းသားကြီးများ ဆိုလျှင်တော့ သူက အောက်ကျို့ရသည်။
အင်းသားကြီးများဆိုသမျှဈေးနှင့် သူ ၀ယ်ရသည်။ ဒီတစ်ခါ ဒေါင်းစိန်မှာ ငါးပိများများရှိတယ်ကြားလျှင် သူ ဒိုင်းခနဲ ရောက်လာပြီး သူ့အား မျက်နှာချိုသွေးပေလိမ့်မည်။ ဒါပေမဲ့ ဘာရမလဲ သာဝရာ၊ ဒေါင်းစိန်တို့ကတော့ ခံခဲ့ရလွန်းလို့ပါးနေပါပြီ။ ကျုပ် ငါးပိဟာ ရောင်းဖို့မဟုတ်ဘူးဗျ၊ ကုန်းတက်ပြီး လယ်သမားတွေဆီမှာ ငါးပိနဲ့ စပါး လျှောက်ဖလှယ်မယ်၊ ပြီးတော့မှ စပါးကို ပြန်ရောင်းရင် ကျုပ်တို့ နှစ်ထပ်ကွမ်း မြတ်မှာ ဗျလို့ ပြန်ပြောလိုက်မှာပေါ့။ ဒီစားပေါက်ကို ဒေါင်းစိန်တို့လည်း သိထားပြီးပါဆိုတာ သူ သိသွားအောင်လေ။
အိုး... အတွေးနဲ့စိတ်ကူးယဉ်နေလို့ မဖြစ်သေးပါ။ လုပ်စရာတွေ များလှသေးသည်။ ဘာကိုဆက်ပြီး လုပ်ရပါ့မယ်။ သို့သော် အလိုမွန်းတည့် ၁၂နာရီ စည်ကြီးတောင် မြည်ဟည်းနေပါပေကော။
ဒီတော့ မှ ၀မ်းကဟာ၍ ထမင်းစားနေစဉ်မှာပင် စိတ်က ထမင်းပွဲမှာ မရှိဘဲအလုပ်ဆီသာ ရောက်နေသဖြင့် ဘာဟင်း နဲ့စားနေသည်ကိုပင် သူမသိလိုက်။ ထမင်းဝခါနီး ငါးရိုးက စူးလိုက်သေးသဖြင့် မျက်လုံးမျက်ဆန် ပြူးနေသည်။ သူ့အကြောင်း အတွင်းသိ အစင်းသိ ဖြစ်နေသော မယ်စိန်က သူ့အဖြစ်ကိုကြည့်၍ 'ကာလနာ ကတော့ သည်းမိရင် သူများနဲ့ကို မတူဘူး' ဟု ကောင်းကြီးသြဘာ ပေးလိုက်လေသည်။ ထမင်းဝခဲ့ပြီး။ ငါးရိုးစူးသည့်အတွက် ကိုလေးဖိုးကွန့်ထံမှ ရေမန်းကိုလည်းတောင်းသောက်ပြီးပါပြီ။ ရေမန်း၏ အစွမ်းကြောင့်ပဲလား၊ ဒါမှမဟုတ် ငါးရိုးကပဲ သူ့အလိုလို ကျချင်နေ၍လား မသိ၊ လည်ချောင်းတွင်း၌ စူးဝင် နေသော ငါးရိုးမှာ ရေမန်းကို သောက်ပြီးသည်၏ အခြားမဲ့၍ ၀မ်းတွင်းသို့ ကျဆင်းသွားပါပြီ။
ထမင်းစားအပြီး လက်ဖက်ရည်ကြမ်းကလေး တစ်အိုးလောက် သောက်လိုက်ချင်သေးသော်လည်း၊ အချိန် ကုန်ပြီး အလုပ်မပြီးမည်ကို စိုးရွံ့သောကြောင့် လက်ဖက်ရည်ကြမ်း သောက်လိုသော အာသာဆန္ဒကို မျိုသိပ် ချုပ်တည်းထားရရှာသည်။ နေနှင့်ဦးပေါ့လေ။ အလုပ်အားလုံး ပြီးစီးခါမှ သားမယားစုံညီစွာနှင့် လက်ဖက်ရည် ကြမ်းဝိုင်းဖွဲ့ပြီး ပျော်လိုက်ရဦးမှာပေါ့။
မယ်စိန်ကား ဒီလုံး၏ အကူအညီနှင့် ရေထဲ၌ လှောင်ထားသော ငါးကျည်းအရှင်းများကို ခြင်းတောင်းနှင့် ထည့်ကာ ကုန်းပေါ်သို့ သယ်တင်ပြီး မြေကြီးပေါ်တွင် ခင်းထားသော ယင်းတစ်ချပ်ပေါ်သို့ လောင်းချကာ နေလှန်းနေသည်။ ငါးကျည်းများကား နေပူရှိန်ကြောင့် မခံမရပ်နိုင်ဖြစ်ကာ တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ရင်း ခုန်ပျံနေကြသည်။ ငါးများကိုကျီးထိုးသုတ်မည် စိုးသည့်အတွက် ဒီလုံးအောက် သူငယ် ကလေးတစ်ဦးကို သားရေခွတစ်လက်နှင့် ကျီးခြောက်ရန် ထိုင်စောင့်ခိုင်းထားရသည်။ ထိုသူငယ်ကလေး၏ အနီးတွင် ကျန်ရှိသည့် သားငယ်သမီးငယ်များက ၀န်းရံကာ တုတ်တစ်ချောင်းဖြင့် ငါးကျည်းများကို ထိုးဆွရင်း ဆော့နေကြသည်။
ကလေးငယ်တစ်ယောက်ကား ငါးကျည်းများကို တုတ်ဖြင့် ထိုးဆွကာ ဆော့နေရာမှ ယင်းအပြင်ဘက် မြေပြင်သို့ ခုန်ထွက်လာသော ငါးကျည်းတစ်ကောင်ကို ဖမ်းယူရန် သူ့လက်ကလေးဖြင့် သွားကိုင်လိုက်၏။ ချက်ချင်းပင်ထိုငါးကျည်းက ဆူးတောက်ကို ကားထောင်လိုက်ကာ ကိုယ်ကို တွန့်လိမ်ခုန်ပျံပြီး ခတ်လိုက်ရာ ထိုကလေး၏ လက်ကိုငါးကျည်း ဆူးတောင်ဖြင့် ခေတ်မိသွား၏။ ထိုကလေးငယ်ကား နာကျင်လွန်းလှ၍ စူးရှစွာ အော်ဟစ်ငို ကြွေးတော့၏။
မယ်စိန်ကား ငါးကျည်းအရှက်များကို တစ်ကောင်ပြီးတစ်ကောင် သယ်တင်နေရာမှ ထိုအဖြစ်ကို မြင်လိုက်ရ၏။ တစ်နေ့လုံး လက်မချရအောင် လုပ်နေရသည့်အတွက် မောမောနှင့် စိတ်တိုနေစဉ်မို့ ငါးကျည်းစူးမိသော ကလေးငယ်ကို သနားကြင်နာရမည့်အစား ဒေါသကလေးပင် ထွက်လာမိ၏။ 'ဟဲ့ ကာလနာလေးရဲ့၊ ငါးကျည်းကို သွားကိုင်ရင်စူးတတ်တယ်ဆိုတာ မသိဘူးလား။ ငို....ငို...သေအောင်ငို' ကြမ်းတမ်းစွာ ရေရွက်လိုက်၏။
ကိုဒေါင်းစန်ကား ရှေ့ရေးအတွက် တွေးတော အားတက်ပြီး မင်္ဂလာယူနေချိန်မို့ ဤအမင်္ဂလာ အသံကို မကြားလိုပေ။ သူသည်ရန်ပြေမာန်ပြော သဘောမျိုးဖြင့် ငါးကျည်းစူးထားသော ကလေးငယ်၏ လက်ကလေး ကို သူ့ပါးစပ်တွင်းသို့ သွတ်သွင်းကာ ကြင်နာယုယစွာ စုပ်ပေးလိုက်ရာ ကလေးငယ်မှာ အငိုတိတ် သွားတော့၏။
သည်တော့မှ သူ့အလုပ်ကို ဆက်ရန်ပြင်ဆင်ရ၏။ လုပ်စရာဘာများ ကျန်နေသေးပါလိမ့်။ အင်း... ငါးပိ နင်းရဦးမှာပါကလား။
သွေးအေးသွားပြီဖြစ်၍ အလုပ်ကိုပြင်ဆင်ရမှာ လေးကန်တွန့်ဆုတ်နေမိသော်လည်း စိတ်ကို ဆောင်ကာ အားကိုတင်းလိုက်၏။ ကမ်းစပ်တွင် ၀ါးလုံးတိုင်တစ်တိုင်စိုက်ကာ ထိုတိုင်နှင့် ကပ်၍ စည်ပိုင်းတစ်လုံးကို နေရာချထားလိုက်၏။ ထိုစည်ပိုင်းထဲသို့ ပုပ်နေပြီဖြစ်သော ကောင်သေး ငါးများကို လောင်းထည့်၏။ ထိုနောက်သူ့ခြေထောက် နှစ်ဖက်တွင် စစ်သားများ ခြေပတ်ပတ်သကဲ့သို့ ဂုန်နီစုတ်ဖြင့် ခြေဖ၀ါးမှ ဒူးဆစ်အထိ ပတ်စည်းပြီး အပေါ်မှ အုန်းဆံကြိုးနှင့် သေချာခိုင်မြဲစွာ စည်းနှောင်လိုက်၏။ စည်းပိုင်းထဲမှ ငါးပုတ်များကို သူ့ခြေထောက် နှစ်ဖတ်ဖြင့် နင်းကာနင်းကာ မွှေနှောက်သည့်အခါတွင် ငါးရိုးများ၊ ဆူးတောင်များ မစူးနိုင်ရန် အတွက် သူ့ခြေထောက်ကို နှစ်ဖကိုဂုန်နီစုတ်ဖြင့် ကာကွယ်ထားရခြင်း ဖြစ်သည်။
သူသည်စည်ပိုင်းဘေးမှ ၀ါးလုံးတိုင်ကို ထိန်းကိုင်ထားကာ စည်ပိုင်းတွင်းသို့ ၀င်လိုက်၏။ စည်ပိုင်းထဲရှိ ငါးပုပ်များကြားထဲသို့ သူ့ခြေထောက် နှစ်ဖက်စလုံး ဒူးဆစ်နားအထိ ရောက်အောင်''စွပ်'' ခနဲ ''စွပ်'' ခနဲ နင်းကာ နင်းကာ မွှေနှောက်နေ၏။ ဤကဲ့သို့ နင်းကာ နင်းကာ မွှေနှောက်လိုက်သော အခါဝယ် ငါးပုပ်များမှ အပုပ်နံ များမှာ ထောင်းခနဲ ထွက်လာသည်။
ဤငါးပိနင်းရသည်မှာ ဒူးဆစ်အထိ မြုပ်နေသော ရွှံ့နွံများအကြားဝယ် တစ်လှမ်းပြီးတစ်လှမ်း အားခဲပြီး လှမ်းနေရသလို ရှိသည်မို့ ဒူးဆစ်ချောင်ပြီး အားကုန်လှသည်။ အပုပ်နံ့များမှာလည်း သူ့နှာခေါးထဲသို့ စူးရှစွာ တိုးဝင် လာနေသည်မို့ ခေါင်းထဲကပင် ကိုက်ချင်လာသည်။ ချွေးများမှာလည်း တစ်ကိုယ်လုံး စိုရွှဲ လာသည်အထိ ထွက်လာကြသည်။ သို့သော် ထုသားပေသား ရနေပြီမို့ ဒီဒဏ်ချက်တွေကို မတုန်မလှုပ် ခံယူသည်။
ငါးပိကို အတော်ကလေး ကြာကြာ နှင်းလိုက်၍ အရှိန်ရပြီး သွေးပူလာသောအခါ သူ့အလုပ်လုပ်ဟန်မှာ သွက်လက်လာ၏။ မာန်ပါလာ၏။ သူ့မျက်နှာမှာလည်း စိတ်အားထက်သန်သော အရိပ်အယောင်ကလေးများ ယှက်သန်း လာသည်။ ဘာလဲဟဲ့ ယျောကျာ်းဘသား....အရိုးကြေကြေ အရေခန်းခန်း မရှောင်တမ်း လုပ်ပစ် လိုက်မယ်။ မတ်တတ်က လဲပြီးသေပွဲဝင်ချင် ၀င်သွားပေစေ။
တစ်ချက်ပြီးတစ်ချက် ခပ်မှန်မှန်နင်းနေသော ခြေထောက်များမှာ ဒေါမာန်ပါးပြီး စည်းချက်မှန်လသည်။ တက်ကြွ လာသော စိတ်ဓာတ်ကြောင့် ရင်ထဲမှာမြူးပြီး ကြွှရရွကလေး ဖြစ်လာသည်။ ရင်ထဲမှာ ဖြစ်ပေါ် နေသော တက်ကြွရွှင်မြူးသည့် စိတ်ဓာတ်ကို ပါးစပ်မှတစ်ဆင့် အပြင်သို့ ဖွင့်ထုတ်ချင်စိတ်မှာ ထိန်းမနိုင် သိမ်းမရ ရှိလာသည်။ တယ်လေ... လူကြီးတန်မဲ့နဲ့ သီချင်းကို ဟစ်ပြီးဆိုလိုက်ရ မကောင်းဘဲရှိရော့မယ်။
ပြောလို့သာ ပြောရ၊ ဘယ်သီချင်းကိုမှ သူကဟုတ်တိပတ်တိမရ၊ ဒါကြောင့်မယ်စိန်ရှိရာသို့သာ လှမ်းကြည့် လိုက်သည်။ မယ်စိန်မှာ ငါးကျည်းကျပ်တိုက်ရန်အတွက် ငါးကျည်းကျပ်စင်အောက်တွင် မီးမွှေး နေလေပြီ။ သူလည်းသူ့အလုပ်နှင့် သူမို့ တကုပ်ကုပ်ဖြင့် မအားရအောင် ရှိနေရှာသည်။ သြော်... မယ်စိန်...မယ်စိန်။
၁၀ မိနစ်ခန့် နင်းပြီးသောအခါ သူသည် စည်ပိုင်းအပြင်သို့ ပြန်ထွက်ကာ ဒလုံးအား ဟစ်ခေါ်လိုက်၏။ ဒီလုံးကလည်း ခြင်းတောင်းတစ်လုံးကို လက်တွင်ကိုင်ဆွဲကာ အပြေးရောက်လာပြီးနောက် စည်ပိုင်းထဲတွင် နင်းချေထားသော ငါးပုပ်များကို ခြင်းတောင်းဖြင့် ခပ်ယူကာ ရေထဲဆင်းပြီး လှုပ်ခါ၍ ဆေးနေ၏။ ငါးကြေးခွံများနှင့် အညှီအဟောက် အညစ်အကြေးများလည်း ခြင်းကြားမှ ထွက်ခွာသွားပြီး သန့်စင်ဖြူဖွေး နေသော ငါးအပုပ် အပိုင်းအဟ အကျိုးအကြေများသာ ခြင်းတောင်းထဲတွင် ကျန်ရစ်ခဲ့သည်။
ထိုအခါ ဒီလုံးသည် ခြင်းထောင်းကို ထမ်းကာ ငါးပိစင်ပေါ်တွင် သွားပုံ၏။ ရေစင်သွားမှ ဤငါးပိစင်ပေါ်တွင် ဆား ကူးကာ ပုံထားရမည်။ ဒီတော့မှ လည်းငါးပိအဖြစ်သို့ ရောက်မည်။
စည်ပိုင်း ထဲမှ ငါးပုပ်များအားလုံး ဆေးကြောကာ စင်ပေါ်သို့ ပုံပြီးသော အခါ နောက်ထပ်နင်းချေခြင်း မပြု သေးသော ငါးပုပ်များကို စည်ပိုင်းထဲထပ်ဖြည့်ကာ နင်းချေရပြန်သည်။
နေ၀င်သွားလေပြီ။
အပုပ်ခဲ ထားသော ကောင်သေးငါးများကို တစ်နေ့ခင်းလုံး စည်ပိုင်းထဲတွင် နင်းချေကာ ဆေးကြောသန့်စင် ပြီးလေပြီ။ ဆေးကြောသန့်စင်ပြီးသော ငါးပုပ်အပိုင်းအစ အကျိုးအကြေများအားလုံး ငါးပိစင်ပေါ်တွင် ပုံပြီး ရေစစ်ထားရာ ယခုရေစင်သွားလေပြီ။ ဆားကူးလိုက်လျှင် ငါးပိအဖြစ်သို့ ရောက်တော့မည်။
သို့သော် ကိုဒေါင်းစိန်ကား အပြင်းအထန် လုပ်ကိုင်ခဲ့သည့် ဒဏ်ချက်ကြောင့် ဒူးမခိုင်ဘဲ ယိုင်နေ၏။ ခြေလက် များမှာ အားမရှိသလို နုံးချည့်နေ၏။ မျှော်လင့်ချက်ကလေးများနှင့် အားတက်သောစိတ်က ဆောင်နေ၍သာ လှုပ်ရှား သွားလာနိုင်သေးသည်။
ဆက်ရန်
.
1 comment:
ဖတ်ရင်း မအားတော့လို့ နောက်မှ ဆက်ဖတ်မယ် အစ်မရေ။
Post a Comment