Thursday, August 5, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၆)

အခန်း (၆)

' ကျုပ်က ခင်ဗျားကို ပြန်မှ တွေ့ရပါတော့မလားလို့ ထင်နေမိတယ်။ ဘယ်လိုလဲ၊ ခင်ဗျားက ချီဇာရီ နယ်ကို တကယ်ရောက်ခဲ့ရဲ့လား။ ဒါမှတဟုတ် ပြန်စဉ်းစားပြီးတော့ မသွားဘဲ နေလိုက်သလား '
မြို့သို့ ပြန်ရောက်ရောက်ချင်း လေလံတင် ရောင်းချရေး ကုမ္ပဏီမှ ဒင်နီရယ်က ခရိတ်အား လှမ်းနှုတ် ဆက်လေ သည်။
သို့သော် ခရိတ်က မေးခွန်းကို မဖြေဘဲ ' ကျုပ်အခု အသက်ရှင်ပြီး ပြန်လာတယ် မဟုတ်လား ' ဟု ပြန် ပြော လိုက် သည်။

' ခင်ဗျားဟိုကို မသွားတာဘဲ ကောင်းပါတယ်ဗျာ။ မာတာဘယ်လီ လူမျိုးတွေက ဓားပြလူဆိုး တောပုန်းတွေပဲ '
ဤတွင်လည်း ခရိတ်က ထိုအကြောင်းကို မပြောဘဲ၊
' ခင်ဗျား ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က လူတွေကို ဆက်သွယ်လို့ ရသလား ' ဟု ပြန်မေးလိုက်ရာ ဒင်နီ ရယ် က ခေါင်းခါပြလေသည်။
' ကျုပ်က ဒီနေ့မနက် ကိုးနာရီကမှ တဲလ်လက်စ် ကြေးနန်းရိုက်လိုက်တယ်။ သူတို့ဆီက ဒေသစံတော် ချိန်က ဒီထက် တစ်နာရီနောက်ကျတဲ့အတွက် အခုအချိန်အထိ ဘာမှအကြောင်းပြန်ချက် မရသေးဘူး'
' ဟုတ်လား၊ ဒါထက် ခင်ဗျားရဲ့ တယ်လီဖုန်း ခဏသုံးပါရစေ။ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဆက်စရာ ရှိလို့ပါ'

' တယ်လီဖုန်းဆက်ရင် ဒီမြို့တွင်းပဲ ဆက်မှာလား။ တော်တော်ကြာ ခင်ဗျားက နယူးယောက်မြို့လို ပြည်ပကို ဆက် နေရင် ကျုပ် တယ်လီဖုန်းဆက်ခတွေ အများကြီး ပေးနေရဦးမယ် '
' ဟုတ်ပါပြီ၊ ကျုပ်က မြို့တွင်းပဲ ဆက်မှာပါ '
' ကောင်းပြီ၊ ကျုပ်စားပွဲမှာ ထိုင်ဆက်ပေတော့ '
ခရိတ် သည် ဒင်နီရယ်၏ စားပွဲတွင် ထိုင်ပြီး ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဟင်နရီ၏ ဖိုင်ထဲမှ သူ ကူးယူမှတ်သား ခဲ့သော မှတ်စုများ ခေတ္တပြန်ကြည့်လေသည်။
ပထမဆုံး တယ်လီဖုန်း ဆက်လိုက်သည်မှာ ဟာရာရေမြို့တော်ရှိ ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ အမေရိကန် သံရုံး သို့ ဖြစ်လေသည်။

( မှတ်ချက်။    ။ ဟာရာရေမြို့တော်သည် ယခု သူ ရောက်ရှိနေသော ဘူလာဝေယိုမြို့မှ မြောက်ဘက် မိုင်သုံးရာခန့်အကွာတွင် တည်ရှိသည်။ )
အမေရိကန်သံရုံးမှ တယ်လီဖုန်းအော်ပရေတာ၏ အသံကို ကြားရသည်နှင့် ခရိတ်က -
' သံရုံး က ယဉ်ကျေးမှုသံမှူး မစ္စတာမော်ဂင်နဲ့ စကားပြောချင်လို့ပါ ' ဟု ပြန်ပြောလိုက်သည်။
ချက်ချင်း လိုပင် တစ်ဖက်မှ မော်ဂင်၏ အသံကို ကြားရလေသည်။

' ဟဲလို၊ မော်ဂင်စကားပြောနေတယ် '
' ဟဲလို မစ္စတာမော်ဂင် ကျွန်တော့်နာမည် ခရိတ်ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်မင်တဲ့ မိတ်တွေတစ်ဦးက ကျွန်တော် ဒီရောက်ရင် ခင်ဗျားကို နှုတ်ဆက်ဖို့ မှာလိုက်လို့ပါ '
ခရိတ် က ပြောလိုက်သည်နှင့် တစ်ဖက်မှ မော်ဂင်ဆိုသူက သွက်လက်စွာ ပြန်ပြောလေသည်။
' ဟဲလို ခရိတ် ခင်ဗျားလာမယ်ဆိုတာ ကျုပ်က ကြိုသိနေလို့ မျှော်နေပါတယ်။ ခင်ဗျားအားရင် အချိန် မရွေး ကျုပ် ဆီကို ခဏလာတွေ့ပါလား '
' ဟုတ်ကဲ့၊ ကောင်းပါပြီ။ ကျွန်တော်ကလည်း လာချင်နေပါတယ် '
ထိုမျှ နှင့် ခရိတ်က စကားဖြတ်လိုက်သည်။

ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ဟင်နရီသည် ခရိတ်အား ပြောလိုက်သည့်အတိုင်း အစီအစဉ်များ ပြုလုပ်ထားရှိ ကြောင်း ထင်ရှားနေပြီဖြစ်သည်။ အကယ်၍ မိမိက ဟင်နရီထံသို့ ဆက်သွယ်လိုလျှင် အမေရိကန် သံရုံးမှ မော်ဂင် မှ တစ်ဆင့် ဆက်သွယ်နိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်။ မိမိက စာရေးပြီး မော်ဂင်ထံ ပေးလိုက် ပါက သံရုံး၏ တမန်စာအိတ်ဖြင့် အမေရိကန်သို့ သွားမည်ဖြစ်ပြီး ဆယ့်နှစ်နာရီအတွင်း ဟင်နရီထံသို့ ရောက် သွား မည်ဖြစ်သည်။

အမေရိကန်သံရုံးသို့ ဆက်ပြီးနောက် ခရိတ်သည် ဆက်လက်၍ ဇင်ဘာဘွေ အစိုးရ ပြန်ကြားရေးနှင့် ခရီး သွားလာရေးဌာန ၀န်ကြီးထံသို့ တယ်လီဖုန်း ဆက်ပြန်လေသည်။ ထုံးစံအတိုင်း ၀န်ကြီးနှင့် တိုက်ရိုက် ဆက် ၍ မရဘဲ ၀န်ကြီး၏ အတွင်းရေးမှူး (အမျိုးသမီး)နှင့်သာ စကားပြောခွင့် ရလေသည်။

ခရိတ် က မာတာဘယ်လီ တိုင်းရင်းသားတို့၏ ဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်သောအခါ အတွင်းရေးမှူး အမျိုးသမီးသည် ချက်ချင်းပင် မော်ရွေစွာ စကားပြောလေသည်။
' ၀န်ကြီးက ပါလီမန်လွှတ်တော်မှာ ရောက်နေတယ်ရှင့် '
ဤသို့ ပြောပြီး သူမက ခရိတ်အား ၀န်ကြီး၏ သီးသန့်တယ်လီဖုန်း နံပါတ်ကို ပေးလိုက်သည်။
ထိုနံပါတ် အတိုင်း ဆက်လိုက်ပြန်သောအခါ ပါလီမန်အတွင်း (အမျိုးသမီး) တစ်ဦးက ပြန်ဖြေ လေသည်။

ထိုအမျိုးသမီး မှာ မာတာဘယ်လီလူမျိုး မဟုတ်ဘဲ ရှိုနာ တိုင်းရင်းသားတစ်ဦးဖြစ်လေရာ (သူတို့၏ လူမျိုး သည် ပညာတတ်ဖြစ်ကြောင်း ကြွားလိုဟန်ဖြင့်) အင်္ဂလိပ်လို စကားပြောလေသည်။
' လူကြီးမင်း က ၀န်ကြီးနဲ့တွေ့ရင် ဘာအကြောင်းကိစ္စ ဆွေးနွေးမယ်ဆိုတာ ကြိုတင်ပြောပါရှင့် '
' ဆွေးနွေးစရာရယ်လို့ ကိုယ်ရေးကိုယ်တာကိစ္စပဲ ဆိုပါတော့။ ကျုပ်က ၀န်ကြီးနဲ့ သိကျွမ်းသူ မိတ်ဆွေ တစ်ဦး ဖြစ်ပါတယ် '
' ကောင်းပါပြီ၊ ကျွန်မက ၀န်ကြီးရဲ့ ဒိုင်ယာရီမှတ်တမ်းစာအုပ်ထဲ ချိန်းထားတာတွေကို လေ့လာကြည့်ရ ပါဦးမယ်။ လူကြီးမင်းက နောက်ထပ် တယ်လီဖုန်း ဆက်စေချင်ပါတယ် '
ပါလီမန် အတွင်းဝန် အမျိုးသမီးက ပြောပြီး စကားဖြတ်လိုက်သည်။

ခရိတ်သည် သူ တယ်လီဖုန်းဆက်ရန် ကြိုတင် ရေးမှတ်ထားသော စာရင်းကို ပြန်ကြည့်ပြီးနောက် ဇင်ဘာဘွေ အစိုးရ ကုမ္ပဏီများ မှတ်ပုံတင်ရုံးသို့ တယ်လီဖုန်း ဆက်လိုက်သည်။
သည်တစ်ခါ တော့ ကံကေင်းသည်ဟု ဆိုရလောက်အောင် အဆင်ပြေသွားပြီးသူ သိချင်သော အချက် အလက် များကို ပြောပြနိုင်သူ စာရေးကြီးတစ်ဦးနှင့် ပြောခွင့်ရလေသည်။
 ' ကျုပ် သိချင်တာက အရင်တုန်းက ရိုဒီးရှား မြေယာနှင့် သတ္ထုတွင်း ကုမ္ပဏီလီမိတက်လို့ ခေါ်ပြီး အခုတော့ ရိုလင်လီမိတက် လို့ခေါ်တဲ့ ကုမ္ပဏီအကြောင်းပါပဲ။ အဲဒီကုမ္ပဏီ အစုရှယ်ယာပိုင်ရှင်များ စာရင်းရယ်၊ ကုမ္ပဏီ ရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွေ အကြောင်းရယ် သိချင်ပါတယ် ' ခရိတ်က ပြောလိုက်ရာ တစ်ဖက်မှ စာရေးကြီး က
' ကောင်းပါပြီ၊ ခင်ဗျား လိုချင်တာတွေကို ကျုပ်မိတ္တူကူးပြီး လေးနာရီအချိန်မှာ ပြီးနေအောင် လုပ်ထား ပါမယ်။ အခုလို မှတ်တမ်းတွေ ပြန်ရှာဖွေပြီး ကူးပေးရတဲ့ ကျသင့်ငွေက ဆယ့်ငါးဒေါ်လာ ဖြစ် ပါတယ် ' ဟု ပြန်ပြော လေသည်။
ခရိတ်လည်း သဘောတူကြောင်း ပြော၍ စကားဖြတ်လိုက်လေသည်။
ထို့နောက် ခရိတ်သည် ဇင်ဘာဘွေ အစိုးရ မြေတိုင်းဦးစီးဌာနသို့ တယ်လီဖုန်းဆက်၍ သူ၏အဘိုးပိုင် ကုမ္ပဏီ နယ်မြေရှိ ကင်းလင်းအမည်ရှိ စိုက်ပျိုးမွေးမြူရေးခြံနေရာနှင့် ပတ်သက်သော ပိုင်ဆိုင်မှုဆိုင်ရာ စာရွက် စာတမ်း စာချုပ် စသည်တို့ကို မိတ္တူကူးယူရန် အစီအစဉ် ပြုလုပ်လိုက်လေသည်။
တယ်လီဖုန်းဆက်ရန် မှတ်ထားသော စာရင်းတွင် နောက်ထပ်လူဆယ့်လေးဦး၏ အမည် ကျန်နေသေး ရာ ထိုလူ အားလုံး မှာ ခရိတ်ထွက်သွားခဲ့စဉ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်နေသူများချည်း ဖြစ်ကြ သည်။ သူ၏ အဘိုးဘာဝူနှင့် ခင်မင်ပြီး ယုံကြည်စိတ်ချရသူ အိမ်နီးချင်းများ၊ မိသားစု၏ မိတ်ဆွေများ လည်း ဖြစ်ကြ၏။

သို့ရာတွင် ယခု တယ်လီဖုန်း ဆက်ကြည့်သောအခါ ထိုလူ ဆယ့်လေးဦးအနက် လေးဦးကိုသာ ဆက် သွယ်၍ ရလေသည်။ ကျန်လူများက မိမိတို့၏ ခြံမြေများကို ထုခွဲရောင်းချပြီး တောင်အာဖရိကနိုင်ငံသို့ ပြောင်းရွှေ့ သွားကြကြောင်း သိရသည်။ ကျန်ရှိသူ လေးဦးတို့၏ မိသားစုများကတော့ ခရိတ် ပြန်ေ၇ာက် လာကြောင်း သိရသည်တွင် အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြလေသည်။
' ဟဲလို ခရိတ်၊ မင်းပြန်ရောက်လာတာ သိပ် ၀မ်းသာပါတယ်။ ဇင်ဘာဘွေ နိုင်ငံက မင်းကို လှိုက်လှိုက် လှဲလှဲ ကြိုဆို နေပါတယ်ကွဲ့။ တို့တွေ အားလုံးက မင်းရေးတဲ့ စာအုပ်ကို ဖတ်ပြီးကြပြီ။ ရုပ်မြင်သံကြား ဇာတ်လမ်း အဖြစ် ပြတော့လည်း ကြည့်ကြရတယ် '
ဤသို့ အားလုံး ၀မ်းသာအားရ နှုတ်ဆက်ကြရလေသည်။

သို့ရာတွင် ခရိတ်က သူသိချင်သော မေးခွန်းများကို စတင် မေးမြန်းသောအခါ ထိုလူများသည် ပြန်ဖြေ ချင်ပုံ မရချေ။
လူတစ်ယောက်ကဆိုလျှင်
' တယ်လီဖုန်းနဲ့ ပြောရတာ မကောင်းပါဘူးကွာ။ ဒီမယ် ခရိတ်၊ ကျုပ်တို့ မွေးမြူရေးခြံကို လာခဲ့ပြီး ညစာ စားရင်း တစ်ညတလေ အိပ်ပါလား။ မောင်ရင် လာမယ်ဆိုရင် အိပ်ရာနေရာကအစ အားလုံး တာဝန်ယူ ပါ့မယ်။ မောင်ရင်တို့လို လူဟောင်းတွေ မတွေ့ရတာကြာလို့ လူချင်းလည်း တွေ့ချင်လို့ပါ ' ဟု ပြော လေသည်။
ထူးဆန်း သည်ကား ဇင်ဘာဘွေနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ခရိတ် မေးမြန်းသည်ကို ထိုလူများ က ပြန်မဖြေချင်ကြခြင်းပင် ဖြစ်လေသည်။

ညနေစောင်းသော် ဒင်နီရယ်ဆိုသူ ပြန်ရောက်လာလေသည်။
' ဘယ်လိုလဲဗျ၊ အခုအချိန်အထိ တယ်လီဖုန်း ဆက်နေတုန်းပဲလား။ ဒါထက် ကိုယ့်လူ နောက်ထပ် ဟိတ်ဝီစကီ တစ်လုံးလောက် သောက်ရရင် ကောင်းမှာပဲ။ ဟဲ ... ဟဲ ... ဟဲ '
ခရိတ်လည်း လိုက်လျောသည့်အနေဖြင့် ၀ီစကီ တစ်ပုလင်း ၀ယ်ပေးလိုက်ရာ ဒင်နီရယ်သည် သဘောကျ သွားလေသည်။
ငါးနာရီထိုးရန် ဆယ်မိနစ်အလိုတွင် ခရိတ်သည် ဇင်ဘာဘွေ ပြန်ကြားရေးဝန်ကြီး၏ ပါလီမန်ရုံးသို့ တယ်လီဖုန်း ဆက်လိုက်သည်။
ပါလီမန် အတွင်းဝန် အမျိုးသမီး က ချက်ချင်းပင် ပြန်ဖြေလေသည်။

' ၀န်ကြီး မစ္စတာတွန်ဂါတာက လူကြီးမင်းကို သောကြာနေ့မနက် ဆယ်နာရီအချိန်မှာ လက်ခံတွေ့ဆုံ ဖို့ သဘောတူ လိုက်ပါပြီ။ သူ့အနေနဲ့ လူကြီးမင်းကို မိနစ် နှစ်ဆယ်လောက် အချိန်ပေးနိုင်မယ်လို့ ဆိုပါတယ် '
' ဟုတ်ကဲ့၊ ကောင်းပါပြီ။ ၀န်ကြီးကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောလိုက်ပါ '
ခရိတ် က ပြန်ပြောလိုက်သည်။
ဤအတိုင်းဆိုလျှင် ၀န်ကြီးနှင့်တွေ့ရန် နောက်ထပ် သုံးရက်လိုသေးသည်။ ၀န်ကြီးရှိရာ ဟာရာရေမြို့ တော်သို့ မိုင်သုံးရာခရီးကိုလည်း မော်တော်ကားဖြင့် အတော် ပင်ပန်းစွာ သွားရမည် ဖြစ်သည်။
' ဒါထက် ဇူးရစ်မြို့က ဘာမှ အကြောင်းကြားချက် မရသေးဘူးလားဗျ '
ခရိတ် က ဒင်နီရယ်အား မေးလိုက်သည်။

' ခင်ဗျားက ပေးတဲ့ဈေးနှုန်းမျိုးနဲ့ ကျုပ်တောင် သူတို့နေရာမှာဆိုရင် အရေးစိုက်ပြီး အကြောင်းပြန်မှာ မဟုတ်ဘူး '
ဒင်နီရယ် က သူ၏ ဖန်ခွက်ထဲသို့ ၀ီစကီအရက် ထပ်ငှဲ့ရင်း ပြန်ပြောလိုက်သည်။
နောက်ရက် များတွင် ခရိတ်သည် သူ၏ဘိုးအေကြီး ဘာဝူ၏ မိတ်ဆွေဟောင်းများထံသို့ သွားရောက် လည်ပတ် ခဲ့ရာ အားလုံးက သူ့အား လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံကြလေသည်။
' အရင်တုန်းကလိုတော့ ဇိမ်ခံပစ္စည်းတွေ လိုချင်သလောက် ၀ယ်လို့ မရဘူးပေါ့ကွယ်။ ဒါပေမဲ့ နေရတာ တော့ တယ်ပြီး မဆိုးလှပါဘူး '
အိမ်ရှင်မ တစ်ဦးက ခရိတ်အား စားသောက်ဖွယ်ရာများနှင့် တည်ခင်း ဧည့်ခံရင်း ပြောလေသည်။

' မာတာဘယ်လီ တိုင်းရင်းသားတွေနေတဲ့ ဒီဒေသနရဲ့ ထူးခြားချက်က မွေးမြူရေး လုပ်ငန်းအတွက် စားကျက် တွေက အလွန်ကောင်းတယ်။ ဒီဒေသက မွေးမြူရေး ခြံတွေက ထုတ်လုပ်တဲ့ အမဲသားဆိုရင် လည်း အကောင်းဆုံး အမျိုးအစား အမဲသားဖြစ်တယ်။ ရောင်းချဖို့ ဈေးကွက်ကတော့ တောင်အာဖရိက နိုင်ငံ မှာရှိလို့ ဟိုကိုပို့ရတာပဲ နည်းနည်းပင်ပန်းတယ်။ သို့သော်လည်း ရတဲ့ဈေးနှုန်းက သိပ်ကောင်းတဲ့ အတွက်ပင်ပန်းရကျိုးနပ်ပါတယ်။ သြော် ဒါထက် မောင်ရင်တို့ ကျုပ်တို့ရဲ့ မိတ်ဆွေကြီး ဆင်းဒါး တစ် ယောက်ဆီက စာရတယ်။ သူက နယူးဇီလန်နိုင်ငံကို ပြောင်းရွှေ့သွားပြီး ဟိုက မွေးမြူရေးခြံမှာ ၀င် အလုပ် လုပ်နေတယ် လို့ သိရတယ် '
ဤသို့လည်း နောက်တစ်ဦးက ခရိတ်အား ပြောပြလေသည်။

စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးကမူ အခက်အခဲအချို့ရှိကြောင်း ပြောပြပြန်သည်။
' ပြဿနာ လုံးလုံးမရှိဘူးတော့ မဟုတ်ဘူးပေါ့ကွာ။ နိုင်ငံခြားသုံးငွေရဖို့က အလွန်ခက်ခဲတယ်။ ဒါကြောင့် ငါတို့ မှ လယ်ထွန်စက် ယန္တရားအပိုပစ္စည်းတွေ ရဖို့ ခက်နေတာပေါ့။ ဒါပေမဲ့လည်း အခုတော့ ၀န်ကြီးချုပ် မူဂါဘီ အစိုးရအနေနဲ့ တဖြည်းဖြည်း အမြင်ကျယ်စပြုလာပါပြီ။ စားကုန်ထုတ်လုပ်သူတွေကို အရေးတကြီး လိုအပ်တဲ့ပစ္စည်းတွေ နိုင်ငံခြားက ၀ယ်နိုင်အောင် သွင်းကုန်ပါပစ်တွေ ထုတ်ပေးနေပြီ။ နောက် ပြောစရာက ဇင်ဘာဘွေနိုင်ငံမှာ တယ်လီဖုန်းလိုင်းတွေက မကောင်းလို့ မကြာခဏ တယ်လီဖုန်း ဆက်မရဘဲ ဖြစ်တယ်။ မီးရထားတွေဆိုရင်လည်း အချိန်မမှန်ဘူး ငွေကြေး ဖောင်းပွမှု ကလည်း ရှိတယ်။ အစိုးရက စာသင်ကျောင်း တွေ ဖွင့်ထားပေမယ့် ငါတို့ကတော့ ကလေးတွေကို တောင်အာဖရိကကို ပို့ပြီး စာသင်စေတယ် ' ' နိုင်ငံရေး အခြေအနေကကော ဘယ်လိုရှိပါသလဲ ' ခရိတ် က မေးလိုက်သည်။

' နိုင်ငံရေးအကြောင်း ပြောရရင်တော့ လူမည်း အချင်းချင်း ပဋိပက္ခအကြောင်းပြောရမှာပဲ။ မာတာဘယ်လီ တိုင်းရင်းသားတွေနဲ့ ရှိုနာအမျိုးသားတွေဟာ ကပ္ပလီလူမည်း အချင်းချင်း ဖြစ်ပေမယ့် မသင့်တင့်ကြဘူး။ တစ်ဖက်နဲ့ တစ်ဖက် မုန်းတီးကြတယ်။ အဲဒီ ပဋိပက္ခထဲမှာ မျက်နှာဖြူလူမျိုးတွေ ၀င်မပါတာ တော်သေး တာပေါ့။ တိုင်းရင်းသား လူမည်းအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့ လုပ်ချင်သလို လုပ်ကြပါစေ။ ကျုပ်တို့ကတော့ လုံးဝ ၀င်ပြီး မပတ်သက် အောင် ခပ်ဝေးဝေးက ရှောင် နေလိုက်တာပဲ။ ဒါကြောင့် အခု ဒီမှာနေထိုင်ရတဲ့ ဘ၀အခြေအနေက မဆိုးလှဘူးလို့ ပြောတာပေါ့။ အရင် ခေတ်ဟောင်းတုန်းကလိုတော့ ဘယ်ဟုတ်မလဲ။ ဒါလည်း ဘယ် တတ်နိုင်ပါ့မလဲ။ အရင်ခေတ်က အခြေအနေ မျိုးတော့ ဘယ်နည်းနဲ့မှ ပြန်မရောက်နိုင်တော့ဘူး မဟုတ် လား '

' ခင်ဗျားတို့ အနေနဲ့ နောက်ထပ် မြေယာတွေ မ၀ယ်ဘူးလား '
ခရိတ်က မေးလိုက်ရာ လုပ်ငန်းရှင်တစ်ဦးက -
' ၀ယ်စရာငွေ မရှိဘူး မောင်ရင်ရဲ့ ' ဟု ပြန်ပြောလေသည်။
' တကယ်လို့ ၀ယ်စရာငွေရှိရင်ကော '
' အင်း ၀ယ်မယ်ဆိုရင်တော့ ၀ယ်နိုင်တာပေါ့။ အဲဒီလို ရင်းနှီးမြှုပ်နှံထားလိုက်ခြင်းအားဖြင့် ဒီတိုင်းပြည် အခြေအနေ တည်ငြိမ်တိုးတက်လာရင် အကျိုးရှိနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တိုင်းပြည်အခြေအနေ မကောင်း ရင်တော့ ရင်းနှီးထားတဲ့ ငွေတွေ ဆုံးရှုံးသွားနိုင်တယ် '

' ဒါတော့ စီးပွားရေးဆိုတာ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုအပေါ် မူတည်တယ်ဆိုတဲ့ သဘောပါပဲ။ ဘာပဲ ဖြစ်ဖြစ် အခု ခင်ဗျားတို့ ဒီမှာနေရတဲ့ အခြေအနေက မဆိုးလှဘူး မဟုတ်လား '
' ဟုတ်တယ် မဆိုးပါဘူး။ ကျုပ်ဆိုရင် ဒီတိုင်းပြည် ဇမ်ဘေဇီမြစ်ရေသောက်ပြီး လူလားမြောက်လာတာ ပဲ။ အခုကျ မှ ကျုပ်က အင်္ဂလန်ပြည် လန်ဒန်မြို့က မော်တော်ကား မီးခိုးတွေ ထူတဲ့လေကို အသက်ရှူ လို့ဝမှာ မဟုတ်ဘူး။ သြစကြေလျလို နိုင်ငံကို သွားလို့လည်း ပျော်ပိုက်မှာ မဟုတ်ဘူး '

*

ကြာသပတေးနံနက်တွင် ခရိတ်သည် သူတည်းခိုရာ ဟိုတယ်သို့ ပြန်လာခဲ့ပြီးနောက် ကျသင့်ငွေကို ရှင်းပေး ကာ ဟိုတယ်မှ ထွက်လာခဲ့လေသည်။
ထို့နောက် လေလံတင်ရောင်းချရေး ကုမ္ပဏီသို့ဝင်၍ ဒင်နီရယ်အား သတင်းမေးလေသည်။
' ဘယ်လို လဲဗျ။ ဇူးရစ်မြို့က ဘာမှ သတင်းမရဘူးလား '
'  လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ တဲလ်တက်စ်ကြေးနန်းရောက်လာတယ်။ ဟောဒိမှာ ရော့ '
ပြောပြောဆိုဆို ဒင်နီရယ်က ကြေးနန်းစာကို လှမ်းပေးသဖြင့် ခရိတ်လည်း ယူ၍ ဖတ်ကြည့်ရာ အောက်ပါ အတိုင်းရေးထားသည်ကို တွေ့ရလေသည်။

    "ရိုလင် ကုမ္ပဏီ၏ အစုရှယ်ယာအားလုံးကို ဒေါ်လာငွေ ငါးသိန်းဖြင့် ရောင်းမည်။ ငွေကို ဇူးရစ်မြို့တွင် ပေးချေ ရမည်။ ဤကမ်းလှမ်းချက်သည် ရက်ပေါင်း သုံးဆယ်အတွင်းသာ အတည်ဖြစ်သည်။ ထိုရက် ကျော်လွန် လျှင် တာဝန်မခံနိုင်၊ ထိုဈေးနှုန်းထက်လည်း မလျှော့နိုင်"
    ဒင်နီရယ်သည် ခရိတ်၏ မျက်နှာကို အကခြတ်ကြည့်နေရာမှ -
    "ဘယ်နှယ့်လဲ ကိုယ့်လူ၊ ဒေါ်လာငွေ ငါးသိန်း ရှာနိုင်ပါ့မလား"ဟု မေးလိုက်သည်။

    "ဒါတော့ ကြံဖန် ကြိုးစားရမှာပေါ့။ ဒါပေမယ့် ကျုပ်အဖို့ ရက်ပေါင်းသုံးတယ် အချိန်ရသေးတယ် မဟုတ်လား။ အဲဒီအချိန်မတိုင်မီ ကျုပ်တစ်ခေါက် ထပ်လာဦးမယ်"
    "ဆက်သွယ် ချင်ရင် ခင်ဗျားကို ဘယ်မှာ ဆက်သွယ်ရမလဲ"
    "ခင်ဗျားက ဆက်သွယ်ဖို့ မကြိုးစားနဲ့၊ ကျုပ်က ခင်ဗျားကို ဆက်သွယ်ပါ့မယ်"
    ဤသို့ပြောပြီး ခရိတ်သည် ဒင်နီရယ်ထံမှ နောက်ထပ် ဓာတ်ဆီတောင်း၍ ဗောက်ဝက်ဂွန်ကားတွင် တိုင်ကီ အပြည့် ထည့်လိုက်သည်။ ထို့နောက် အရျေ့မြောက်စူးစူးရှိ ဟာရောရေမြို့ဆီသို့ မောင်းထွက် ခဲ့လေသည်။

    မြို့ပြင်ထွက်၍ ဆယ်မိုင်ခန့် သွားမိသောအခါ စစ်ဆေးရေး ဂိတ်တစ်ခု တွေ့ရလေသည်။ လုံခြုံရေး အတွက် မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေ စစ်ဆေးသည့် ဂိတ်ပင်ဖြစ်သည။်
    ခရတ်သည်လည်း သူ၏ ဗောက်ဝက်ဂွန်းကားကို ရပ်ပေးလိုက်ရာ ကပ္ပလီ(လူမည်း) စစ်သားနှစ်ဦးတို့ မော်တော်ကားအတွင်း လက်နက်ခဲယမ်း တစ်စုံတစ်ရာ ရှိမရှိ သေချာ စေ့စပ်စွာ ရှာဖွေကြလေသည်။ ထိုအချိန် မှာပင် ဇင်ဘာဘွေ တတိယတပ်မဟာ အမှတ်တံဆိပ်ပါ ဦးထုပ်ဆောင်းထားသူ အရာရှိ (လက်ဖတင်နင်) တစ်ဦးက ခရိတ်၏ ပတ်စ်ပို့ကို တောင်းယူပြီး စစ်ဆေးကြည့်ရှုလေသည်။

    (တတိယမြောက် တပ်မဟာသည် လွတ်လပ်သော ဇင်ဘာဘွေနိုင်ငံ၏ စစ်တပ်တွင် နာမည်ကြီး တပ်တတပ်ဖြစ်ပြီး ယင်းတပ်မှ စစ်သည်များအား နိုင်ငံခြားနည်းပြရာများက လေ့ကျင့် သင်ကြား ပေးခဲ့ သည်ဟု သိရသည်။)
    ခရိတ်= ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)မှာ ဗြိတိသျှပတ်စ်ပို့ဖြစ်ရာ ယခုအချိန်အထိ ထိုပတ်စ်ပို့များကို ဇင်ဘာဘွေနိုင်ငံတွင် လေးစားလျက်ရှိကြသေးသဖြင့် နာမည်ကြီး "တတိယတပ်မဟာ"မှ အရာရှိသည်လည်း ခရိတ်၏ ပတ်စ်ပို့ကြောင့် ရည်မွန်စွာ ဆက်ဆံလေသည်။
    ညနေစောင်းသော် ခရိတ်သည် ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် ဟာရောရေမြို့သို့ ရောက်ရှိသွားလေသည်။
    [မှတ်ချက်။     ။ ဟာရောရေမြို့၏ မူလနာမည်မှာ ဆောလ်စ်ဘာရီမြို့သည် ဗြိတိသျှ အင်ပါယာကြီး ဘုန်းမီး ထွန်းလင်း တောက်ပစဉ်က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး လောဒ်ဆော်လ်စ်ဘာရီအား ဂုဏ်ပြု သည့် အနေဖြင့် သူ၏ နာမည်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

    ရိုဒီးရှားနိုင်ငံ လွတ်လပ်ရေးရပြီး ဇင်ဘာဘွေနိုင်ငံ ဖြစ်လာသောအခါ မြို့တော်၏ အမည်ကိုလည်း ဟာရောရေ ဟု ပြောင်းလိုက်ခြင်းဖြစ်သည်။ ဟာရောရေဆိုသည်မှာ ဒေသခံ တိုင်းရင်းသား ရှိုနာလူမျိုး၏ အကြီးအကဲ (စော်ဘွားကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး)၏ နာမည်ကို ယူထားခြင်း ဖြစ်သည်။
    ခရိတ်သည် မြို့တွင်းသို့ရောက်လျှင် အခြေအနေကို အကဲခတ် ကြည့်လေသည်။

    အမှတ်တမဲ့ကြည့်လိုက်သော် ဟာရောရေမြို့မှာ ဖွံ့ဖြိုးတိုးတက်နေသည့်ပုံမျိုး ဖြစ်နေပြီ လမ်းများ တွင်လည်း အထူးစည်ကားနေသည်ကို တွေ့ရသည်။ ဆယ့်ခြောက်ထပ်ရှိသော မိုနိုမာတာပါ ဟိုတယ်ကြီး ကလည်း အလွန်ခေတ်မီပြီး ခမ်းနားသပ်ရပ်လှပေသည်။ ထို ဟိုတယ်၌ ဘာသာစကားမျိုးစုံလည်း ကြားနေ ရသည်။
    တိုးရစ္စ ကမ္ဘာလှည့်ခရီးသည်များအပြင် နိုင်ငံခြားမှ လာရောက်သည့် စီးပွားရေးကုန်သွယ် ရေးဆိုင်ရာ ပုဂ္ဂိုလ် များ၊ ဘဏ်တိုက်သူဌေးကြီးများ၊ နိုင်ငံခြားမှ ထိပ်သီးနိုင်ငံရေးခေါင်းဆောင် များကံသို့သော အထူး ဧည့်သည် တော်များ ယင်းဟိုတယ်၌ တည်းခိုကြသောကြောင့် ဘာသာစကားမျိုးစုံ ကြားနရခြင်းပင် ဖြစ်သည်။ ဇင်ဘာဘွေစစ်တပ်အား လေ့ကျင့်သင်ကြားပေးသူ နိုင်ငံခြားမှ စစ်ဘက်အကြံပေး ပုဂ္ဂိုလ် များ လည်း ရှိပေသည်။

    ခရိတ်သည် ထိုဟိုတယ်ကြီး၌ပင် တည်းခိုရန် စိတ်ကူးပြီး သွားရောက်သောအခါ တာဝန်ကျ ဟိုတယ် စာရေး က အခန်းလွတ်မရှိဟု ပြောလေသည်။ သို့သော် ခရိတ်က လက်မလျှော့ဘဲ လက်ထောက် မန်နေဂျာ ထံသို့ သွားရောက်ပြောကြည့်လေသည်။
    ကံအားလျော်စွာ ထိုလူမှာ ခရိတ်၏ စာအုပ်ကို ဖတ်ဖူးသည့်ပြင်၊ ရုပ်မြင်သံကြားဇာတ်လမ်း အဖြစ် ထုတ်လွှင့်သည်ကိုလည်း ကြည့်ရသဖြင့် အဆင်ပြေသွားကာ ခရိတ်အား ဟိုတယ်ဆယ့်ငါးထပ်ရှိ အခန်း တစ်ခန်း ရရှိအောင် စီစဉ်ပေးလေသည်။

    ခရိတ်လည်း ထိုအခန်းကို လက်ခံယူပြီးနောက် ရေမိုးချိုး ကိုယ်လက်သန့်စင်နေစဉ် ဟိုတယ် ၀န်ထမ်း များက သူ့အတွက် ပန်းစည်းများ၊ သစ်သိးများနှင့် တောင်အာဖရိကနိုင်ငံလုပ် ရှန်ပိန်အရက်တစ်ပုလင်းပါး လာပို့ ပေးသည်။ ဟိုတယ်မန်နေဂျာက ခရီတ်အား မိတ်ဆက်လက်ဆောင်အဖြစ် ပို့ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။
    ခရိတ်သည် ထိုနေ့အဖို့ ပြင်ဘက်မထွက်တော့ဘဲ ဟိုတယ်အခန်းတွင်းမှာပင် နေပြီး ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဟင်နရီထံ သို့ အစီရင်ခံစာ ထိုင်ရေးရာ ညသန်းခေါင်အချိန်ကျမှပင် ပြီးသွားလေသည်။
    နောက်တစ်နေ့နံနက် ကိုးနာရီခွဲတိတိတွင် သူသည် ဇင်ဘာဘွေဝန်ကြီးတွန်ဂါတာနှင့် တွေ့ဆုံရန် ပါလီမန် လွှတ်တော် အဆောက်အအုံသို့ သွားလေသည်။ သို့ရာတွင် ၀န်ကြီး၏ အတွင်းရေးမှူးက ခရိတ် အား လေးဆယ့်ငါးမိနစ်တိတိ စောင့်ခိုင်းပြီးမှ ၀န်ကြီး၏ ရုံးခန်းသို့ ခေါ်သွားလေသည်။

    ဇင်ဘာဘွေဝန်ကြီး တွန်ဂါတာ သည် ခရိတ်ကို မြင်မြင်ချင်း သူ့၏ စားပွဲတွင် ထိုင်နေရာမှ မတ်တပ် ထလိုက် သည်။
    ခရိတ်သည် တစ်ချိန်က ရင်းနှီးစွာ သိကျွမ်းခင်မင်ခဲ့သူ မာတာဘယ်လီအမျိုးသား တွန်ဂါတာအား အကဲခတ် ကြည့်လိုက်လျှင် ယခင်က ထက်စာလျှင် ထူးထူးခြားခြား တည်ငြိမ်ရင့်ကျက်ကာ သြဇာ ညောင်းသည့် ခေါင်းဆောင်တစ်ဦးအသွင် ဆောင်လျက်ရှိကြောင်း သတိပြုမိလေသည်။

    တစ်ချိန်တည်းမှာပင် ခရိတ်သည် အတိတ်က ဖြစ်ရပ်အချို့ကို သတိရမိသည်။
    တစ်ချိန်က တွန်ဂါတာသည် ခရိတ်၏ တပည့်ဖြစ်ခဲ့ဖူးသည်။ တောနက်များသို့ သွားသည့်အခါ တွန်ဂါတာ က ခရိတ်၏ သေနတ်ကို ထမ်းလိုက်ရလေသည်။ ဤကား ယခင် မျက်နှာဖြူ အစိုးရလက်ထက်၊ ခရိတ်သည် အစိုးရ ၏ တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက် ရေးဌာနတွင် အရာရှိအဖြစ် အမှုထမ်းခဲ့စဉ်က ဖြစ်သည်။ 
    တစ်ခုတော့ရှိသည်။ တွနဂါတာသည် သာမန်တိုင်းရင်းသား လူမည်းတစ်ဦး မဟုတ်။ မာတာဘလီ တိုင်းရင်းသားတို့တွင် ရှေးအခါက ဘုရင်ရှိခဲ့ရာ တွန်ဂါတာသည် မာတာဘယ်လီ ဘုရင်များ၏ မျိုးရိုးနွယ်မှ ဆင်းသက် ပေါက်ဖွား လာခဲ့သူ ဖြစသည်။

    သူ၏အဘိုး၏ ဘခင် ဘာဇိုသည် ၁၈၉၆ ခုနှစ်က မျက်နှာဖြူ ဗြိတိသျှ အစိုးရအား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင် ဖြစ်ခဲ့သည်။ သို့သော် တော်လှန်ရေး  မအောငမြင်ဘဲ အရေးနိမ့်သွားသဖြင့် ဘာလီ သည် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရသည်။
    တစ်ဖန် သူ၏ အဘိုး၏ အဘိုး ဂန်ဒန်ဆိုသူမှာ မာတာဘယ်လီ လူမျိုးတို့၏ နောက်ဆုံး ဘုရင် လိုတင်ဂူလာနှင့် ဖအေတူ မအေကွဲ ညီအစ်ကို တော်စပ်လေသည်။ ယခု ဘူလာဝေယိုမြို့သည် မာတာဘယ်လီဘုရင်နှင့်တကွ ခေါင်းဆောင်အားလုံးကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။

    ယခု ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသား လူမည်းတို့၏ မျက်နှာဖြူ အစိုးရအား တိုက်ခိုက် တော်လှနခဲ့သော တော်လှန်ရေးစစ်ပွဲတွင် တွန်ဂါတာသည် အလွန်ထူးချွန် ထက်မြက်သော ပြောက်ကျား စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည။
    ခရိတ်သည် ယခုတစ်ဖန် မိတ်ဆွေဟောင်း တွန်ဂါတာအား နှုတ်ဆက်လိုက်ရာ တွန်ဂါတာကလညး ယင်းဘာသာဖြင့်ပင် ပြနပြောလေသည်။ သို့သော် သူ၏ ဟန်အမူအရာက ခရိတ်အားတွေ့ဆုံရသည်ကို ၀မ်းသာသည့်ဟန် မဟုတဘဲ မျက်နှာထားခပ်တင်းတင်းဖြစ်နေသည်။

    "တစ်ချိနတုန်းက ကျုပက ခင်ဗျားကို ဒီနိုင်ငံက ထွက်သွားဖို့ တိုက်တွန်းခဲ့တယ်။ ခင်ဗျားနဲ့ ကျုပ်၊ တစ်ယောက် ပေါ်တစ်ယောက် ကျေးဇူးရှိခဲ့တာတွေလည်း စာရင်းရှင်းခဲ့ပြီးတော့ ကျုပ်က ခင်ဗျားကို ထွက်သွားခိုင်း တယ်မဟုတ်လား"
    "ခင်ဗျား ကျုပ်အတွက် ဆောင်ရွက်ပေးခဲ့တာတွကိုလည်း ကျေးဇူးအထူးတင်ပါတယ်"
    ခရိတ် ကလည်း မပြုံးမရယ်ဘဲ ခပ်တည်တည် ပြန်ပြောလိုက်သည်။

    ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းမှ ပစ္စည်းများ ပြည်ပသို့ ထုတ်ယူ သွားခြင်းကို ကျပ်တည်းစွာ တားမြစ်ထားရာ ခရိတ်၏ ကိုယ်ပိုင်သင်္ဘော ဘာဝူကို နိုင်ငံခြား ထုတ်ယူခွင့် ထုတ်ကုန်ပါမစ် ရရှိအောင် ၀န်ကြီး တွန်ဂါတာက ကူညီဆောင်ရွက်ပေးခဲ့သဖြင့် ခရိတ်က ကျေးဇူးတင်ကြောင်း ပြော လိုက်ခြင်း ဖြစ်သည်။
    "ကျုပ်က ခင်ဗျား ကျေးဇူးတင်တာကို မလိုချင်ဘူး"
    "အခု ကျုပ်က ခင်ဗျားကို မိတ်ဆွေအဖြစ်နဲ့ လာပြီး ဆက်ဆံတာကိုကော လက်မခံချင်ဘူးလား"
    ခရိတ် က အကဲစမ်းသည့် သဘောဖြင့်မေးလိုက်သည်။

    "မိတ်ဆွေအဖြစ် ဆက်ဆံရေးဟာ တော်လှန်ရေးတိုက်ပွဲ စစ်မြေပြင်မှာ ကျန်ရစ်ခဲ့ပြီ။ ခင်ဗျားဟာ ဒီနိုင်ငံက ခင်ဗျားရဲ့ဆန္ဒအလျောက် ထွက်ခွာသွားခဲ့တယ်။ အခု ဘာကြောင့် ပြန်လာတာလဲ"
    "ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံကို ကျုပ်ရဲ့ မြေယာလို သဘောထားတဲ့ အတွက်ပဲ"
    ခရိတ် ပြောလိုက်လျှင် တွန်ဂါတာသည် ဒေါသထွက်သည့်ဟန်မျိုး ဖြစ်လာသည်။

    "သြော် ဒီနိုင်ငံက မြေယာတွေဟာ ခင်ဗျားရဲ့မြေယာလို့ ပြောလိုက်တာလား၊ ခင်ဗျားပြောလိုက်ပုံက မျက်နှာဖြူ နယ်ချဲ့သမားတစ်ယောက် ပြောသလို လေသံမျိုး ဖြစ်နေပါကလား"
    "ကျုပ်က အဲဒီသဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး"
    "ဒီနိုင်ငံမြေယာတွေကို ခင်ဗျားတို့ မျက်နှာဖြူလူမျိုးတွေ သေနတ်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မယူခဲ့တယ်။ နောက်ပိုင်းကျတော့ ကျုပ်တို့ တိုင်းရင်းသားတွေက သေနတ်နဲ့ ပြန်ခြိမ်းခြောက် ယူတော့မှပဲ မြေယာတွေကို ပြန်စွန့်လွှတ်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ မြေယာဆိုတဲ့ စကားမျိုး မပြောပါနဲ့"

    "ခင်ဗျားက စစ်တိုက်တဲ့နေရာမှာ ပြင်းထန်သလောက် မုန်းတီးတဲ့နေရာမှာလည်း ပြင်းထန်နေတာကိုး။ ကျုပ်ကတော့ ဒီနိုင်ငံကို ပြန်လာတာဟာ မုန်းတီးတဲ့စိတ်မွေးဖို့ လာခဲ့တာ မဟုတ်ဘူး။ ပြန်လာရတဲ့ အကြောင်းက ကျုပ်ရဲ့ နှလုံးသားအတွင်းက ဆွဲဆောင်မှုကြောင့် ပြန်လာတာပဲ။ ပြည်တွင်းစစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဒီနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ ကျုပ်က တစ်ဖက်တစ်လမ်း ကူညီနိုင်လိမ့်မယ် ထင်လို့ လည်း လာခဲ့တာပဲ"
    ခရိတ် ၏ စကားအဆုံးတွင် တွန်ဂါတာသည် ရုတ်တရက် ဘာမှ ပြန်မပြောသေးဘဲ တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေဟန်ဖြင့် ဆိတ်ဆိတ်နေလေသည်။
    ခဏကြာ မှ စကားဆက်ပြောလေသည်။

    "ခင်ဗျားဟာ ကင်းလင်းစိုက်ပျိုးမွေးမြူရေခြံရှိရာကို သွားခဲ့တယ်။ ပြီးတော့ အဲဒီကတစဆင့် မြောက်ဘက် ချီဇာရီနယ် ကို သွားခဲ့တယ်"
    တွန်ဂါတာ ဤသို့ ပြောလိုက်လျှင် ခရိတ်သည် အံ့သြသွားမိသည်။
    "ခင်ဗျားရဲ့ မျက်လုံးတွေက အလွန်စူးရှပြီး အမြင်လညး သိပ်သန်ပါကလား။ ခင်ဗျားက ကျုပ်ရဲ့ လှုပ်ရှားမှု အားလုံး ကို မြင်တာပဲကိုး"
    ခရိတ်က ၀န်ခံသည့်အနေဖြင့် ပြန်ပြောလိုက်သည်။

    "နောက်ပြီး ခင်ဗျားဟာ အဲဒီမြေတွေရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို မိတ္တူကုးယူဖို့ စီစဉ်ခဲ့တယ်။ မြေယာ ၀ယ်ယူဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်။ ခင်ဗျားနားလည်ထားဖို့က ဇင်ဘာဘွေနိုင်ငံမှာ မြေယာ အရောင်းအ၀ယ် လုပ်ရင် အစိုးရရဲ့ သဘောတူ ခွင့်ပြုချက်ရမှသာ လုပ်နိုင်တယ်ဆိုတာ နားလည်တယ် မဟုတ်လား မြေယာဝယ်ယူမယ်ဆိုရင် အဲဒီမြေကို ဘယ်ပုံဘယ်နည်း အသုံးချတယ်ဆိုတာရယ်၊ လုပ်ငန်း လုပ်ဖို့ ရင်းနှီးမြှပ်နှံငွေ ဘယ်လောက်ရှိတယ် ဆိုတာကိုပါ အစိုးရကို တင်ပြဖို့လိုတယ်"

    "ကျုပ် ဒါတွေ နားလညပါတယ်"
    "ဒါနဲ့များ ခင်ဗျားက မိတ်ဆွေအဖြစ် ဆက်ဆံလိုပါတယ်ဆိုပြီး ကျုပ်ဆီကိုလာခဲ့တယ်။ မိတ်ဆွေဟောင်း အဖြစ် ခင်ဗျား က ကျုပ်ဆီက အကူအညီတောင်မလို့မဟုတ်လား"
    ခရိတ်သည် စိတ်ပျက်ဟန်ဖြင့် ဆိတ်ဆိတ်နေလိုက်ရာ တွန်ဂါတာက ဆက်လက်၍ "မျက်နှာဖြူ လုပ်ငန်းရှင် တစ်ဦးက မာတာဘယ်လီ မိသားစု ငါးဆယ်ကို စားဝတ်နေရေး ပြေလည်အောင် ဖန်တီး ပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီမျက်နှာဖြူ လုပ်ငန်းရှင်တစ်ဦးက အကြီးအကျယ် တိုးတက်ကြီးပွား ချမ်းသာနိုင် သလောက် တိုင်းရင်းသား အလုပ်သမား ဆင်းရဲသားတွေကတော့ မသေရုံတမည် မ၀တ၀စားရပြီး အ၀တ် အစား တောင် ကောင်းကောင်း မ၀တ်နိုင်ကြဘူး မဟုတ်လား"ဟု သရော်သလို ပြောလိုက်သည်။

    ထိုအခါ ခရိတ်သည် စိတထဲမှ ထောင်းခနဲ ဒေါသထွက်မိလေသည်။
    "ဒီမယ ကျုပ်ပြောပါဦးမယ်။ မျက်နှာဖြူလူမျိုး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက အလုပ်လုပ်ဖို့အတွက် ဒီနိုင်ငံအတွင်းကို ဒေါ်လာငွေ သန်းချီပြီး ရင်းနှီးမြှုပ်နှံငွေတွေ သွင်းယူလာရတတယ်။ မာတာဘယ်လီ တိုင်းရင်းသား အမြောက်အမြားကို အလုပ်အကိုင် ပေးတဲ့အပြင် သူတို့ရဲ့ စားဝတ် နေရေး သာမက သားသမီးတွေ ပညာသင်ကြားရေးပါ အဆင်ပြေအောင် ဖန်တီးပေးတယ်။ မျက်နှာဖြူလူမျိုးတွေက အကျိုးပြုနိုင် ခဲ့တာတွေကိုတော့ ထည့်မစဉ်းစားတော့ဘူးလား"
    ခရိတ် က မခံချင်သဖြင့် ပြောလိုက်သော်လည်း တွန်ဂါတာက လက်မခံချေ။

    "ခင်ဗျားအဖို့ ဒီနိုင်ငံမှာ ဘာမှ လုပ်စရာမလိုဘူး။ ခင်ဗျားရဲ့ ဇိမ်ခံသင်္ဘောကို ပြန်သွားရင် ကောင်း လိမ့်မယ်။ ခင်ဗျားနာမည်ကျော်ကြားတဲ့ နေရာကိုပဲ ပြန်သွားလိုက်ပါ။ ကျုပ်တို့နိုင်ငံမှာ ခင်ဗျားရဲ့ ခြေတစ်ဖက် ပြတ်ခဲ့ရတာလောက်နဲ့ တော်လောက်ပြီလို့ ယူဆပါ။ ကြာရင် ခင်ဗျားရဲ့ ခေါင်းပါ ပြုတ်သွား နိုင်တဲ့ အခြေအနေမျိုး ရောက်သွားလိမ့်မယ်။ ကျုပ်ခင်ဗျားကို ဆက်ပြောစရာ ဘာမှ မရှိတော့ဘူး"
    ပြောရင်း နှင့် တွန်ဂါတာသည် ထိုင်ရာမှ ထလိုက်သည်။

    သို့ရာတွင် သူ၏ မျက်လုံးများက တစ်စုံတစ်ခုကို ဖုံးကွယ်လျက်ပင် ရှိနေသည်ဟု ခရိတ်က ထင်မိလေသည်။ ဘာကို ဖုံးကွယ်ထားသည်ဟူ၍ကား ခန့်မှန်း၍မရချေ။ ခရိတ်သည် တစ်စုံတစ်ခုကို သတိရ သဖြင့် တွန်ဂါတာအနီးသို့ ချည်းကပ်သွားပြီး ခပ်တိုးတိုးပြောလေသည်။
    "ကျုပ် ချီဇာရီ အရပ်ကို သွားတော့ လူသုံးယောက်နဲ့တွေ့ခဲ့တယ် သူတို့နာမည်တွေက လွတ်ကောက်၊ ပီကင်းနဲ့ ဒေါ်လာဖြစ်တယ်။ သူတို့က ခင်ဗျားကို မှာလိုက်တယ်"
    ခရိတ်စကားမဆုံးမီ တွန်ဂါတာသည် အကြီးအကျယ် ဒေါသထွက်လာဟန်ဖြင့် ခပ်ထန်ထန် ပြောလေသည်။

    "ခင်ဗျား ဆက်မပြောပါနဲ့။ တိတ်တိတ်နေလိုက်ပါ။ ခင်ဗျားဟာ ကိုယ်နားမလည်တဲ့ ကိစ္စတွေ မှာ ၀င်စွက် ဖက်တယ်။ ခင်ဗျားနဲ့လည်း ဘာမှ မဆိုင်ဘူး၊ ဒါကြောင့် ခင်ဗျား ဒီတိုင်းပြည်က အမြန်ဆုံး ထွက်သွားရင် ကောင်းမယ် '
ခရိတ် သည်လည်း စိတ်တိုလာသဖြင့်
' ကောင်းပြီ၊ ကျုပ် ဒီတိုင်းပြည်က ထွက်သွားပါမယ်။ ဒါပေမဲ့ ကျုပ်က ဒီမှာမြေယာဝယ်ဖို့ လျှောက်လွှာ တင်တာကို အစိုးရက တရားဝင် ပယ်ချလိုက်မှပဲ သွားနိုင်မယ် ' ဟု ပြန်ပြောလိုက်သည်။
' ဒါဖြင့် ခင်ဗျား အမြန်ဆုံးထွက်သွားစေရမယ်၊ အဲဒါတော့ ကျုပ် အာမခံတယ် '

ဝန်ကြီးတွန်ဂါတာသည် တစ်ချိန်က ခရိတ်နှင့် အလွန်ခင်မင်ရင်းနီးခဲ့သူဖြစ်ပါလျက် ယခု တင်းမာစွာ ဆက်ဆံ နေခြင်းမှာ ထူးဆန်းနေပေသည်။ ခရိတ်အနေဖြင့် ယင်းသို့ ဆက်ဆံလိုက်ခြင်းကို အောင့် သက်သက် ဖြစ်မိ လေသည်။ သူ၏ သွားလာလှုပ်ရှားမှုအားလုံးကို တွန်ဂါတာက သိနေခြင်းမှာ ဇင်ဘာဘွေ အစိုးရ ထောက်လှမ်းရေး မှ သူ၏ နောက်မှ မျက်ခြည်မပြတ် လိုက်ကြည့်နေခြင်းကြောင့်ဖြစ်ရပေ မည်။

ခရိတ်သည် ၀န်ကြီးထံမှ ပြန်ထွက်လာပြီး သူ၏ မော်တော်ကားပေါ်သို့ ပြန်တက်ထိုင်ကာ ချက်ချင်း စက်မနှိုးသေးဘဲ တွန်ဂါတာ၏ ဆက်ဆံလိုက်ပုံကို ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်လေသည်။
မိမိ၏ ဇင်ဘာဘွေနိုင်ငံတွင် မြေ၀ယ်ယူရန် စီစဉ်သည်ကို တွန်ဂါတာက မလိုလားဘဲ ဆန့်ကျင်သည့် စကား တွေချည်း ပြောခဲ့သည်။ သူ၏ အကြောင်းပြချက်များကလည်း ခိုင်လုံခြင်းမရှိ။
ခရိတ်အနေဖြင့် တွန်ဂါတာကို ကောင်းစွာ သိခဲ့လေရာ သူသည် ယခင်က မည်သည့်အခါမှ အကြောင်း ပြချက် မခိုင်လုံသော စကားမျိုး ပြောလေ့မရှိချေ။ သူ ပြောလိုက်ပုံကို အကဲခတ်ကြည့်ရသည်မှာ စိတ်ထဲမှ ယုံကြည်ချက်မရှိဘဲ မပြောမဖြစ်၍ ဇွတ်အတင်း မိမိအား ဆန့်ကျင်သည့် စကားတွေ ပြောနေ ရသည့် ဟန်မျိုး ဖြစ်နေသည်။

တစ်ဖန် ချီဇာရီဒေသတွင် မိမိနှင့် တွေ့ဆုံခဲ့သော မာတာဘယ်လီ တိုင်းရင်းသားပြောက်ကျား သုံးဦး အကြောင်း စတင်ပြောလိုက်ချိန်တွင် တွန်ဂါတာက စိတ်ဆိုးဟန်ဖြင့် ဆက်မပြောရန် ဟန့်တားလိုက် ခြင်း ကလည်း စဉ်းစားဖွယ်ရာ ဖြစ်နေသည်။
မိမိက လွတ်ကောက်၊ ပီကင်း၊ ဒေါ်လာစသော ပြောက်ကျားတို့၏ နာမည်ဝှက်များကို ပြောလိုက်စဉ် တွန်ဂါတာသည် ထိုနာမည်များကို ကောင်းစွာ သိနေပုံရသော်လည်း စိတ်ဆိုးမာန်ဆိုးနှင့် မိမိအား ဆက်မပြော ရန် တားမြစ်ခြင်းမှာ သဘာဝမကျချေ။

ဇင်ဘာဘွေနိုင်ငံနှင့် ပတ်သက်၍ မိမိမသိသေးသော လျှို့ဝှက်ကိစ္စများအတွင်းရေးများ အတော်များများ ရှိနေ၍ သာ ဖြစ်ရမည်ဟုလည်း ဆင်ခြင်သုံးသပ်မိသည်။
ခရိတ်သည် သူ၏ ဗောကစ်ဝက်ဂွန် မော်တော်ကားဖြင့် မောင်းထွက်လာရာ တည်းခိုသည့် ဟိုတယ်သို့ ရောက်သောအခါ မွန်းတည့်လုပြီဖြစ်သည်။
သူ၏ အခန်းတွင်းသို့ရောက်လျှင် အရက်သောက်ရန် ဂျင်ပုလင်းကို ကိုင်လိုက်ပြီးမှ စိတ်တစ်မျိုး ပြောင်း လာ သဖြင့် ဟိုတယ်အောက်ထပ်သို့ တယ်လီဖုန်းဆက်၍ ကော်ဖီမှာယူလိုက်သည်။
သူသည် အမေရိကန်ပြည် နယူးယောက်မြို့တွင် ရှိစဉ်က နေ့လယ်နေ့ခင်းမှာပင် အရက်သောက်သော အလေ့ အကျင့်ဖြစ်ခဲ့သည်။ သို့သော် ယခု ဇင်ဘာဘွေနိုင်ငံသို့ ပြန်ရောက်လာချိန်၌ ထိုအလေ့အကျင့် ကို ဖျောက်ပစ် မှ သင့်မည်ဟု ဆုံးဖြတ်လျက် အရက်မသောက်ဘဲ နေလိုက်ခြင်းဖြစ်သည်။

ကော်ဖီသောက်ပြီးနောက် စားပွဲတွင် ထိုင်ကာ ကမ္ဘာ့ဘဏ်ဒုဥက္ကဋ္ဌ ဟင်နရီထံသို့ ပေးပို့မည့် သူ၏ စီရင်ခံစာကို ပြန်၍ ထပ်မံ ဖြည့်စွက်ရေးသားလေသည်။ ၀န်ကြီးတွန်ဂါတာနှင့် မာတာဘယ်လီ တိုင်းရင်း သား ပြောက်ကျားတော်လှန်ရေးသမားများတို့ပတ်သက်နေပုံအကြောင်း၊ မိမိက မြေ၀ယ်ယူရန် စီစဉ် ခြင်းကို တွန်ဂါတာ က ဆန့်ကျင်နေကြောင်း စသည်တို့ကိုလည်း အစီရင်ခံစာတွင် ထည့်သွင်းရေးသား လိုက်သည်။

ထို့နောက် သူ ရည်ရွယ်ထားသော ကင်းလင်းမြေယာကွက်ကို ၀ယ်ယူပြီး တိုးရစ္စခရီးသွား ဧည့်သည် များအတွက် စခန်းတစ်ခု တည်ဆောက်ရန် အစီအစဉ်များကို ကုန်ကျမည့် ရင်းနှီးမြှုပ်နှံငွေ ပမဏနှင့် တကွ သူ၏ သုံးသပ်ချက်များအကောင်း အပြည့်အစုံ စာတမ်းတစ်ခု ရေးလေသည်။
အထူးသဖြင့် ဇမ်ဘဇီမြစ်ဘေး၌ တိုးရစ္စခရီးသည်စခန်း ဖန်တီးပါက မည်မျှ အောင်မြင်အကျိုးရှိနိုင်ပုံကို အကျယ် တ၀င့် ရေးသားလိုက်သည်။

ခရိတ်သည် ယင်းစာတမ်းနှင့်တကွ သူ၏ အစီရင်ခံစာတို့ကို စာအိတ်နှစ်လုံးဖြင့် ခွဲထည့်ပြီးနောက် သူ၏ မော်တော်ကားဖြင့် အမေရိကန်သံရုံးသို့ မောင်းထွက်ခဲ့လေသည်။
သံရုံးမှ ယဉ်ကျေးမှုအရာရှမှာ အသက်သုံးဆယ်ကျော်အရွယ် လူငယ်တစ်ဦးဖြစ်နေ၍ ခရိတ်သည် အံ့ သြမိ လေသည်။

ထိုလူသည် ခရိတ်အား ခရီးဦးကြိုပြုပြီး ရုံးခန်းတစ်ခန်းသို့ ခေါ်သွားလေသည်။ ခရိတ်ကပေးသော စာအိတ် နှစ်အိတ်ကို လက်ခံယူပြီးနောက် ထိုလူက
' ခင်ဗျား နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ညွှန်ကြားထားတာ ရှိပါတယ်။ ညနေဘက် ပြင်သစ်သံအမတ် ကြီး နေအိမ် မှာ ဧည့်ခံပွဲတစ်ခုရှိတယ်။ အဲဒီပွဲကို ခင်ဗျား လာလိုက်ရင် လူတွေနဲ့ မိတ်ဆက်ဖို့ရာ အဆင် ပြေလိမ့်မယ်။ ဧည့်ခံပွဲက ညနေခြောက်နာရီလောက်ဖြစ်တယ်။ ခင်ဗျား လာနိုင်ရင် ကောင်းမှာပဲ' ဟု ပြောလေ သည်။

ခရိတ်ကလည်း လိုက်လျောသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
' ကျုပ်လည်း ဧည့်ခံပွဲကို လာချင်ပါတယ် '
' ခင်ဗျားက အခု ဘယ်ဟိုတယ်မှာ တည်းနေပါသလဲ '

' မိုနိုမာတာပါ ဟိုတယ်မှာပါ '
' ဒါဖြင့် ကျွန်တော်ကိုယ်တိုင် ခြောက်နာရီမထိုးမီ ခင်ဗျားကို လာခေါ်ပါ့မယ် '
သံရုံးမှ ပြန်ထွက်လာသောအခါ ခရိတ်သည် ယဉ်ကျေးမှု အရာရှိဆိုသူအကြောင်း စဉ်းစားနေမိလေ သည်။
ထိုလူသည် သံရုံးတွင် ယဉ်ကျေးမှုအရာရှိ အမည်ခံထားသော်လည်း စင်စစ်အားဖြင့် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုခုမှ လျှို့ဝှက်တာဝန်ဖြင့် ဇင်ဘာဘွေနိုင်ငံသို့ လာရောက်နေခြင်းပေလော။
------------------
အခန်း (၇) ဆက်ရန်
.

2 comments:

Anonymous said...

ဖတ်ခဲ့ပြီ အစ်မရေ..။
ကျေးဇူးတင်ပါတယ်

လသာည

ဇော်သိင်္ခ said...

အခန်း (၆) ကို ဖတ်သွားပြီ ဆရာမရေ... အခန်း (၇)ကိုလည်း ဆက်လက် စောင့်မျှော်နေပါတယ်..