Saturday, August 21, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အပိုင်း (၃) ဇာတ်သိမ်း

"ဒီဒုတ် ကွ၊ ဒီဒုတ်"
"ဟုတ်တယ်၊ ဒီဒုတ်က ဒီးဒီး ဒီးဒီးနဲ့ မြည်ပြီးမှ ဒုတ်ဆိုပြီး အဆုံးသတ်တော့၊ လူမမာညည်းသံလိုလို"
"ဩော် ဒါထက် လူလေး"
ကိုကျန်ကြီး သည် ထမင်းသုံးလေးလုတ်ကို ဟင်းမပါဘဲ နွားငတ်ရေကျ မျိုချပြီးမှ အိမ်အကြောင်း မေး၏။

"အိမ်ရှေ့က ကောက်လှိုင်းတွေ တစ်ဝက်ကျိုးပြီလား"
"အမေလေ ကောက်လှိုင်း တွေကို အဖေတို့ အစ်ကိုတို့ လုပ်သလို မပြန့်ဘူးဗျာ၊ ရိုင်ပတ်ကာပြီး အလယ်မှာ လှည်းဘီးကြီး ချပြီး ကောက်လှိုင်းတွေနဲ့ ရိုက်သဗျား"
"ဒါလည်း ကောင်းတာပဲ။ နို့ငါမေးတာ ဖြေဦးလေ"
"ကောက်လှိုင်း တွေ တစ်ဝက်ကျသွားပြီဗျ။ တစ်နေ့ပုတ်လို့ရတာ တစ်နေ့သိမ်းတာ ငါးတင်း လောက် ရပြီတဲ့"
ငထွန်းကား ဆက်ခနဲ ဖြစ်သွားသည်။

"နည်းတယ်၊ မဖြစ်နိုင်ဘူး" ဟု ပြောသည်။
"သည်ဟာ မှာတော့ အဖေတို့က စိုက်ပြီးကတည်းက ပြန်စောင့်မှ မကြည့်တာဘဲ။ ရေယူမိုးယူ တောင်မင့် အမေ ကလေးတစ်ဖက်နဲ့ လုပ်ရတာဆိုတော့ စာမစောင့်နိုင်ဘူးကွ"
ငထွန်းကား၏ ခက်ထန်မျက်နှာ ပြေကျသွားငြား၊ ကိုကျန်ကြီးက ထမင်းလုပ်ကို မခွံ့သေး။

"သည့်ပြင်လယ် တွေမှာ စာနှင့်တဲ့လူရှိတယ်။ ငါတို့လယ်မှာ အစောင့်မရှိဘူး။ စာတွေ အကြိုက်ကျ သွားတာ ပေါ့ကွာ။ ဒါကြောင့် ၁၅-၂၀ မှန်းထားတဲ့ လယ်က ၁၀-၁၅ ဖြစ်သွားဟန်တူပါရဲ့ကွာ"
ကိုကျန်ကြီး သည် ထမင်းလုတ်ကို လင်းတမျို မျိုချပြီးနောက် "အရသာခံမနေနဲ့၊ မျိုချ။ ဒီကနေ့ပြီးအောင် တင်ကြစို့ကွာ" ဟု ဆိုရာက ဆေးရိုးကို တစ်ဆက်တည်းပြောသည်။
"လူလေးက သိမ်းဆည်းပြီးရင် ထမင်းထုပ်ကို ချမထားနဲ့၊ ကျင်ကောင်တွေ ပေါက ပေါသနဲ့၊ တဲအမိုးမှာ ဆွဲ ထား။ တစ်အောင့်တစ်နား နေပြီးရင် ထန်းရွက်တစ်ချပ်ကို မီးညှိပြီး ယူသွား။ သုံးလေးချပ်လည်း အပိုယူ သွား။ အောက်ကို သေသေချာချာ ငုံ့ကြည့်"

"ကြည့်ပြီး ကျုပ်က ဘာလုပ်ရမှာတုံး"
"အထက်ဆုံး လယ်ကွက်က ထိပ်ကန်သင်းကို သွားကြည့်နေ။ လယ်ကွက်ထဲမှာ မင်းလက်နဲ့ လက်ငါးသစ်ရှိ အောင် ရေများလာပြီဆိုရင် မီးတုတ်ကို အ၀ိုင်းကြီးဖြစ်အောင် လုပ်ပြလိုက်"
"သည်လိုလား အဖေ"
ညမှောင်မှောင်တွင် ဆေးရိုးတို့သည် မီးစများနှင့် ဆော့ကစားကြ၏။ မှောင်မည်းမည်းတွင် နီရဲနေသော ထင်းစ ကို ဝှေ့ယမ်းကစားရလျှင် ပျော်စရာကောင်း၏။ ထင်းစကို ယမ်းလျက် နီရဲသော မျဉ်းဖြောင့် မျဉ်းကွေး များ ပေါ်လာသည်။ လျင်မြန်စွာ ယမ်းပါက စက်ဝိုင်းနီကြီး ပေါ်လာ၏။ သို့ကြောင့် ဆေးရိုးက လက်ကို လျင် မြန်စွာ ဝှေ့ပြရာ ငထွန်းကား ၏နဖူးကို လက်ခုံဖြင့် ရိုက်မိလေ၏။

ဆွမ်းခံပြန်ချိန် ရောက်ပြီ။
မယ်ကြွယ်စိုးသည် ရိုင်ပတ်တွင်း ပြေးဝင်လိုက်၊ လမ်းသို့ထွက်ပြီး ရွာတံခါးဘက်သို့ မျှော်လိုက် ဂနာမငြိမ် ဖြစ်နေသည်။ သားငယ် ဆေးရိုးသည် ကျွဲလော လူလော မသဲကွဲသောကိုယ်ဖြင့် ထမင်းထုပ်ကြီးရွက်လျက် ရောက်လာ နေကျ။ ယခုမရောက်သေး။ လမ်းတွင် နမော်နမဲ့သွားသဖြင့် မြွေကို တက်နင်းမိသလော။ ဆွမ်းခံ ပြန်ကလေး တွေနှင့် ရန်ဖြစ်နေသလော။
အိုးပုတ်သုံးလေးလုံးဖြင့် အလုပ်ရှုပ်နေသော ကလေးဘေးသို့ ရောက်သွားလိုက်၊ လမ်းသို့ထွက်လိုက် ဗျာ များနေသည့် မယ်ကြွယ်စိုးအား 'ဘာဖြစ်နေသတုံး' မေးမည့်သူ မရှိ။ တစ်ရွာလုံး တလင်းသိုက်ထဲသို့ ရောက်နေ ကြသည်။

နေသည် မြင့်သည်ထက် မြင့်လာပြီ။ မယ်ကြွယ်စိုးသည် 'မီးဖိုကျင်း'ထဲသို့ ဆင်းလာသည်။ ထမင်းအိုး ဟင်းအိုး တွေကို 'ခံတောင်း'ထဲသို့ ထည့်သည်။ အိမ်တံခါးကို ဆူးခက် သုံးခက်နှင့် ၀ါးနှင့်ကပ်ချ ထားသော ဆူးတံခါးဖြင့် ဆို့သည်။ သမီးမယ်မျှင်ကို လက်ဆွဲပြီး ထွက်လာသော်ငြား မသွားနိုင်သေး။ အလက် မဖြတ် ရသေးသော ထန်းရွက်လေး ငါး ခြောက်ရွက်ဖြင့် ကာရံရသေးသည်။ သည်မျှဖြင့်လည်း မယ်ကြွယ်စိုး၏ ပလိ ဗောဓက မကုန်တွင်သေး။ စပါးမှုန် ထောင်းထောင်းထလျက် 'ကောက်ပေါက်'နေသော တလင်းစပ်သို့ သွားရပ် ရသေး၏။
"ရွှေအိမ် ရေ၊ အိမ်ကို နားထောင်လိုက်ပါဦး"

မရွှေအိမ်သည် ရင်ရှားကြီးဖြင့် အမှော်ကြေးခြစ်နေရာက ထပြီးရပ်သည်။
"ခါတိုင်း ဆွမ်းခံဝင်ချိန်ဆိုရင် ဆေးရိုး ထမင်းယူဖို့ လာနေကျအေ့။ အခု ဆွမ်းခံပြန်ပြီး ရောက်မလာပုံ ထောက်တော့ လိုက်ချေဦးမှ"
"လမ်း မှာ တစ်ခုခုဖြစ်နေရင် လယ်ပြင်ကလူလည်း မသိ၊ ညည်းလည်း မသိ ဖြစ်နေမယ်"
"ညည်းပြော သလိုလည်း တွေးပူရတာပဲအေ့။ လယ်ပြင်မှာပဲ သားအဖသုံးယောက်လုံး"
"ကောင်မ ပါးစပ်ပုပ်ကြီးနဲ့"

"ဒွေးလေး လယ်ပြင်သွားမလို့လား၊ ကျုပ်လည်း လိုက်မယ်
ကောက်လှိုင်းဆိုင် ပေါ်မှ လျှောဆင်းလာသော ကျီးဒန်က ပြေးကပ်လာ၏။
"ဟဲ့ သမီး မလိုက်နဲ့"
"လိုက်ချင်တယ် အမေရဲ့"
"အပျော် သွားတာ မဟုတ်ဘူးဟဲ့။ မယ်မျှင် နေခဲ့၊ သည်မှာ အစ်မနဲ့ အရိပ်ထဲမှာ ကစားရအောင်"
မယ်မျှင် သည် မရွှေအိမ်ခေါ်ခါမှ အမေ့ခြေကို ဖက်ထား၏။
"ရွှေချုံဒီးဂျုတ် စားမို့"

လယ်ပြင်အရောက်တွင် ရွှေဖရုံသီးအပြုတ်စားမည်ဟု ပြောခြင်းဖြစ်သည်။
မယ်မျှင် သည် လယ်သစ်သို့ သုံးလေးခေါက် ရောက်ဖူးပြီ။ တောထနေအောင် ကောင်းသော ကျောက်ဖရုံ သီးခင်း၊ ရွှေဖရုံခင်း ထဲမှ အဖေ ခူးဆွတ်ပြီး ပြုတ်ပေးသော ရွှေဖရုံသီးပြုတ်ကို လျှာလည်နေပြီ။
မြေသစ် မို့ စိုက်သမျှအပင် ဖြစ်ထွန်းသော်ငြား၊ မြေအသစ် မို့ မယ်ကြွယ်စိုး စိတ်ထင့်နေသည်။ ကျက် စသော နာနာဘာဝများသည် ဤကဲ့သို့သော နေရာမျိုး၌ နေလေ့ရှိသည်ဟု ကြားဖူး၏။ သို့ကြောင့် တထိတ် ထိတ်ဖြင့် လာခဲ့ရသည်။ အရိတ်နောက်ကျသော လယ်ပွဲတစ်ပွဲတလေမှ အပ လယ်ပြင်ကြီး တစ်ခုလုံး ဆိတ်ငြိမ်နေသည်။ ရိုးပြတ် ငေါငေါသည် ကြည့်လေရာ၌ မင်းမူနေပုံမှာ ချောက်ချားစရာ ကောင်းသည်။ လေပွေတစ်ချက် မွှေ့လာချိန်တွင်ကား လယ်ပြင်ကြီးသည် တဝေါဝေါဖြင့် အသက်ဝင်လာ၏။

မယ်မျှင် ကား လေပွေကို ကြည့်ပြီး ပျော်နေ၏။ ဆီကန်တော့ကြီး တစ်လုံးကို ထောင်ပြီး လှည့်သကဲ့သို့ လည်နေသော လေပွေသည် ကျယ်လောင်သော အသံပေးလျက် ကြုံသမျှ အားလုံးကို စုပ်ယူ၏။ မယ်ကြွယ်စိုး မှာမူ သမီးကလေးကို လေပွေဆွဲယူသွားမည် စိုးသဖြင့်နီးရာ သစ်ပင်ကို ပြေးကပ်နေရ၏။ တစ်ခွင် တစ်ပြင်လုံး ခြောက်သယောင် နေငြား၊ မြောင်းဖျား တောရှေက်များမှာ အစိမ်းပြယ်သေး။ ရှောက်တော ၏ သည်ဘက်ရှိ စပါးခင်းကြီးကို မြင်ရသောအခါ မယ်ကြွယ်စိုး အားတက်၏။

ထိပ်ဆုံးလယ်ကွက်၌ ရေပြည့်နေသည်။ မီးကျွမ်းထန်းရွက် ငါးချပ်ကို တွေ့ရသည်။ သားအဖတစ်တွေ ရေယးပြီးသွားတန်ရာ၏ဟု မယ်ကြွယစိုး ခန့်မှန်း၏ သို့ရာတွင် လူရိပ်လူယောင် မမြင်ရ။ ကောက်ပင် များကို လေတိုးသောအသံကသာ မယ်ကြွယ်စိုးသားအမိ၏ အဖော် ဖြစ်နေသည်။

သစ်ရွက်မိုး တဲကလေးကို မြင်ရချိန်ဝယ် မယ်ကြွယ်စိုး ခြေလှမ်းသွက်လာသည်။ တဲရှေ့မီးဖိုကို လှမ်းကြည့် သည်။ ခြေလှမ်းတုံ့သွားသည်။ ရင်ကိုလက်ဖြင့် ဖိမိသည်။ မိးဖိုတွင် မီးမပြတ်သော သစ်တုံးကြီးတစ်တုံး ရှိသည်။ ထိုသစ်တုံးကြီးကို ရံဝန်းလျက် သစ်တုံး သုံးလုံး။ သို့တစေ သစ်တုံးများတွင် ခြေလက်နှင့် ဦးပေါင်း ပါသောကြောင့် သာ ငါ့လင်နှင့် ငါ့သားတွေပါတကားဟု သိသော်ငြား ပကတိသစ်တုံး။ ရွှံ့မရှိသော နေရာမှာ ပြေကျ နေသော 'တဘက်'တွင်းရှိ သျှောင်ထုံးဖြစ်သည်။ ရွှံ့စိုခြောက်များ ပိန်းပိတ်အောင် လုံးလျက် အိပ်မော ကျနေသူများမှာ အိပ်၍ကောင်းဆဲ။
မယ်ကြွယ်စိုး သည် ခံတောင်းကို သမီးအကူအညီဖြင့် ချထားပြီးနောက် မိးဖိုကို မီးထည့်သည်။ မီးတောက်ကြီး ဟုန်းခနဲ ထသောအခါ ငထွန်းကားက လှိမ့်သွား၏။ ဆေးရိုးက ထထိုင်ပြီးမှ ငထွန်းကား၏ ခါး ကို ခေါင်းအုံးပြိး အိပ်သဖြင့် မအေက ဆွဲထူ၏။

"ဘယ်အချိန် ရှိပတုံး"
"ဟင် အမေ"
ဆေးရိုးမှ တအံ့တသြဖြစ်လျက် မိခင်အား အထူးအဆန်းလုပ်ပြီး ကြည့်နေ၏။
"ညတုန်း က ဘယ်အချိန်မှ အိပ်ကြတုံး"
"တုံးကြီးခေါက်ပြီ အမေရ"
အရုဏ်တက်မှလည်း အိပ်ရ၊ ပင်လည်းပင်ပန်းရကား သည်အချိန်အထိ အိပ်ခြင်းကိုမလွန်ဟု မယ်ကြွယ်စိုး သဘောပေါက်သည်။
"နင့်ကိုယ်ကို ပြန်ကြည့်စမ်း"
အမေ ခိုင်းသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဆေးရိုးငုံ့ကြည့်၏။

"ဘာပြုလို့တုံး အမေရ"
"နင်က ရေထဲလည်းမဆင်းရဘူး၊ ခူလည်းမနင်းရဘဲနဲ့ မျက်နှာပါမကျန် တစ်ကိုယ်လုံး ရွှံ့တွေပေနေတာ ဘာသဘောလဲ။ ငါမွေးထားတာက မင်းသား၊ အခုတော့သရဲ"
"ထိပ်ဆုံးလယ်မှာ ထိုင်ပြီး ရေစောင့်တာ အမေရ။ ဖြုတ်ကိုက်၊ ခြင်ကိုက် သက်သာအောင် ရွှံ့သုတ်ထားတာ"
"ဖြစ်ရလေ သားရယ်။ ကဲ သွားသွား၊ ရေချိုးချင် ချိုး၊ မချိုးချင်လဲ ခြေလက် မျက်နှာ ဆေးချေ"
ဆေးရိုး ၏ အော်ကျယ်အော်ကျယ် အသံကြောင့် ဦးစွာ ထထိုင်သူမှာ သားကြီးငထွန်းကား၊ သူလည်း အမေ ကို မြင်ရသဖြင့် ၀မ်းသာအံ့သြနေ၏။

"အမေ လိုက်လာတယ်"
"လာရတာပေါ့ သားရယ်။ မင့်ညီမက ခါတိုင်းဆို ဆွမ်းခံဝင်ဆို ရောက်နေကျဟဲ့။ အခု ဆွမ်းခံပြန် တာတောင် ရောက်မလာတော့ စိတ်ပူတာပေါ့ သားရဲ့"
အမေသည် သားကို စေ့စေ့ကြည့်ရင်း မျက်ရည်ဝဲ၏။
"အရွယ်နဲ့မလိုက်အောင် ပင်ပန်းလိုက်တာ သားရယ်"
"ဟေ့ ဟေ့ ဆင်းရဲသားဟာ ပင်ပန်းမှာပဲ"
ပြောပြောဆိုဆို ထထိုင်သူမှာ ကိုကျန်ကြီး။

"အဖေရေ ချုံဒီး ချွတ်ပေးပါ"
မယ်မျှင်သည် ပုစွန်လုံးတစ်ကောင်ကို စိတ်ဝင်တစား ဖမ်းနေရာက အော်ဟစ်လျက် ပြေးလာ၏။ ပြေးလာသော်ငြား ဖအေကိုမြင်သောအခါ မအေကို ပြေးဖက်၏။
"တယ်ဂျီး"
"သရဲမဟုတ်ပါဘူး သမီးရဲ့၊ အဖေပါ"
ကိုကျန်ကြီးအတွက် မင်္ဂလာနံနက်ခင်းပါပေ။ သူသည် တဟားဟား ရယ်မောလျက် သူ့ကိုယ်မှ ရွံ့တွေကို ခွာပြီး သမီးနဖူး တွင် ကပ်၏။
"သားအဖတွေ ဆာကြမှာပဲဆိုပြီး ထမင်းအိုးတွေ ဟင်းအိုးတွေပါ သယ်လာခဲ့တယ်"

"ညည်းဟာ အလွန်တော်တဲ့ မိန်းမမြတ်ပဲ"
"ထမင်းစား ရအောင် ရေချိုးချေစမ်းပါတော်။ ဒါလောက် မြှောက်ပြောရုံနဲ့ အမောပြေသွားပါပြီ"
"ဘတို့ရဲ့ အဖေများမှာ စပါးတစ်စေ့ရအောင် အဲဒါလောက် အပင်ပန်းခံခဲ့ကြရတာ လူလေးရေ"
ဘဆေးရိုးသည် သူ့အဖေ ဦးကျန်ကြီး သာဒွန်းဝမြောင်းဖျား၌ လယ်တည်ခဲ့ပုံကို နိဂုံးချုပ်၏။
"ကျုပ်နဲ့ဆို အဘေးတော်မှာပေါ့နော် ဘ"

မောင်ကိုကြီးက ဘဆေးရိုး၏ အကြမ်းပန်းကန်ထဲသို့ ရေနွေးထပ်ဖြည့်အပြီး၌၊ အမေကြီး ကျီးဒန်ထံ တစ်ပန်းကန် လှမ်းပေးသည်။
"မြောင်းဖျား လယ်သစ်က ဆန်ကို ထမင်းချက်ပြီး ဆွမ်းလောင်းတဲ့နေ့တုန်းက မင်း မြင်စေ့ချင် တယ်"
ဘဆေးရိုး ၏ အပြောဖြင့်ပင် ရင်ဆို့နေခဲ့သော မောင်ကိုကြီးသည် လွန်စွာကြားချင်သွား၏။

"ကြုံချင်တော့ အဲသည်နေ့က ဆရာတော်ကိုယ်တိုင် ဆွမ်းခံကြွတဲ့နေ့နဲ့ ကြုံနေတာကိုး။ ဆွမ်းပန်း ကန်ကို သပိတ်ထဲစောင်းပြီး ဆွမ်းလောင်းတဲ့ အဖေ့လက်ဟာ တုန်နေတယ်။ ဒါဟာ တပည့်တော် တို့ သားအဖ တစ်တွေ ရဲ့ သွေးတွေ ချွေးတွေပါ ဘုရားတဲ့"
"ဘေးက ဘနဲ့ တူလားဟင် ဘ"
မြေးကြီး၏ အမေးကို ရီးကျီးဒန်က "သူ့အစ်ကိုနဲ့ မှ လေသံရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ မျက်နှာ ပါ တူတာဟဲ့" ဟု ၀င်ပြောပြီးမှ နောက်ဆက်စကား ထည့်သေးသည်။
"သောက်လိုက် တဲ့ အရက်ကလည်း လွန်ပါရော"
"ဟုတ်လား ဘ"
ရီးဆေးရိုး ခေါင်းမညိတ်ချင်ပေ။ သို့သော် လေးပင်စွာဖြင့် ခေါင်းညိတ်မိသည်။

"ဘကြီးက ဘာပြုလို့ သောက်တာတုံးဘ"
"သောက်ချင် လို့ သောက်တာပေါ့ကွာ"
ရီးဆေးရိုးသည် ကသောကမျော ဖြေအပြီးတွင် တဟားဟား ရယ်မောပစ်၏။ ပွပြန့်နေသော ထန်း ပင်မြစ် အခွံများကို တုတ်ချောင်းဖြင့် ခြစ်ပြီးနေ၏။ စင်စစ် သူသည် အစ်ကို ငထွန်းကားအား မေ့ထား ခဲ့သည်မှာ ကြာပြီ။ မုန်းသောကြောင့် နာကြည်းသောကြောင့် မဟုတ်။ သနားသောကြောင့် ဖြစ် သည်။ စပါးတစ်စေ့၏ တန်ဖိုး၊ ပဲတစ်စေ့၏ တန်ဖိုးနှင့် စပ်လျဉ်းလာသည့်အခါကျမှသာ ငထွန်းကား သည် မပါလျှင် မဖြစ်၍ ပါလာ ရသည်။ ဖြစ်နိုင်လျှင် ချန်ပစ်ခဲ့ချင်သည်။

ငထွန်းကား အရက်သမား ဖြစ်သွားရာတွင် အဖေ၏ပယောဂသော်မျှ ပါလေသလားဟု ရီးဆေးရိုး မရဲတရဲတွေးသည်။ မရဲတရဲ တွေးရခြင်းမှာ အဖေ့ကို မရိုမသေရာသို့ ကျရောက်မည်ကို စိုးရိမ် သဖြင့် ဖြစ်ပေသည်။ ငထွန်းကားသည် မိသားစုလုပ်ငန်းကို 'ကျွန်ကြီးငနွား'လုပ်သည်။ 'ညီလေး တော့ မခိုင်းဘူး။ ဒါလောက်တော့ အမေ့သမီးလည်း လုပ်နိုင်တာပဲ'စသော တွက်ကတ်စကား မည် သည့်အခါမျှ မဆို။ ပျင်းရိခြင်း၊ ဖင့်နွှဲ့ခြင်းမရှိ။ လုပ်စရာရှိသမျှ ကုန်းရုန်းပြီးလုပ်သည်။

ဧရာဝတီမြစ်ကြောင်း ပြောင်းလွဲသွားသောအခါ ကိုကျန်ကြီး၏ ရှောက်တောစပ်က 'မုရင်း’လယ်မှာ စပါးစိုက်လယ်ဖြစ်လာ၏။ ရေမြုပ်ဒေသ မဟုတ်တော့မူ၍ သာဒွန်းဝမြောင်းသောက် ဖြစ်လာချေ၏။ ထိုအခါ တွင် သာဒွန်းမြောင်းကျိုး၍ မြောင်းဦးတက်လျှင် ကိုကျန်ကြီး ပါရတော့သည်။ ဆည်ဦးတက် လျှင်လည်း ဆင့်ဆိုခံရသည်။ သည်အခါများ၌ အဖေ့ကိုယ်စား ငထွန်းကား လိုက်သည်။ အရက် သောက်သောအတတ်ကို ဤနေရာမှ ငထွန်းကား တတ်မြောက်လာသည်။

ကိုကျန်ကြီး မျိုးရိုးတွင်လည်းကောင်း၊ မယ်ကြွယ်စိုးမျိုးရိုးတွင်လည်းကောင်း အရက်သမား၊ ထန်း ရည်သမား မပါရှိချေ။ ငထွန်းကားသာလျှင် နှစ်ပိပေါက်၌ ထွန်းသော တစ်ယောက်။
အဖေသည် သားကြီးအား မဆိုရက်ပေ။ အမေကလည်း မတားရက်ပေ။ သနားသောကြောင့်ဖြစ် သည်။ စတင် တည်စဉ်က ဆယ်ဧကမဲ့မဲ့ လယ်သည် ငထွန်းကား၏ လုံ့လ၀ီရိယကြောင့် ၁၅ဧက ကျော် လယ်ကြီး ဖြစ်လာ ရသည်။ သို့ကြောင့် အဖေသည် အရက်သမားအား သွယ်ဝိုက်ပြီးသာ ဆုံး မခဲ့သည်။

"သူများ သားသမီး သူများ သားမယားကို မပြစ်မှားနဲ့၊ ကိုယ့်ကြောင့် သူတစ်ထူး မျက်ရည်ပေါက် ကြီးငယ် မကျစေနဲ့"
ငထွန်းကားသည် အိမ်တိုင်ကို ကျောမှီပြီး တစ်စုံတစ်ရာ စဉ်းစားတွေးတောပြီး ဘ၀င်ကျဟန်ဖြင့် "အင်း အင်း" မြည်၏။ ထိုအခါတွင် ငထွန်းကား များစွာ မူးလာပြီ။ သို့သော် ငထွန်းကားသည် အရက်ဖိုး အကြွေးထူ လာလျှင် တလင်းထဲမှ စပါးကို ကျုံးပြီး အကြွေးဆပ်၏။ တလင်းချိန်ကုန်လျှင် 'စည့်'ထဲမှ ကျုံးယူသည်။

ဆေးရိုးနှင့် မယ်မျှင်ကလည်း အစ်ကိုကြီးအား ချစ်၏။ ချစ်သောကြောင့် အစ်ကိုကြီး ငထွန်းကားလုပ်သော မတော်တရော်အမှုများကို မသိယောင်ဆောင်နေကြ၏။ အဖေက မေးလာသောအခါ သူတို့ အဖြေရခက်၏။ ကိုကျန်ကြီးသည် ကောက်ပြန့်အောက်ရှိ စပါးထုကို ခြေ ဖြင့်နင်းကာ နှဲ့ကာ တစ်နေ့ တစ်ကြိမ် ခန့်မှန်း သည်။ ထိုတစ်နေရာရာက ပါးသွားလျှင် ချက်ချင်းသိ သည်။ ခန့်မှန်းသည်။ ထိုတစ်နေရာရာက ပါးသွားလျှင် ချက်ချင်း သိသည်။

"စပါးလျော့တယ်ဟေ့"
ဆေးရိုး မကြားဟန်ပြုနေ၏။
"ဟေ့ အလတ်ကောင်၊ ငါမေးနေတယ်ကွ"
"အဖေ ထင်လို့ဖြစ်ပါလိမ့်မယ်ဗျာ"
"ဘာထင်ရမှာလဲ နှစ်တင်းလောက် လျှော့နေတယ်။ ပြောစမ်း ဘယ်သူခိုးတုံး"
သည်မျှ မေးရုံဖြင့် သူခိုးမပေါ်။ နှင်တံကိုဆွဲပြီး ရိုက်ဟန် ပုတ်ဟန် လုပ်မှသာ ပေါ်သည်။
"အစ်ကိုကြီးမှ သိမှာပေါ့ အဖေရာ၊ ကျုပ် တကယ်မသိတာပါ"
ပြီးပြီ။ ကိုကျန်ကြီး ဆက်မမေးတော့ပါ။ ကာယကံရှင် ငထွန်းကားကိုပင် မမေးတော့ပါ။

"သူ့လုပ်စာ သူသုံးတာ ဒါလောက်လေးများ ပြောမနေပါနဲ့"ဟူ၍လည်း အမေက ကာဆီးလေ့ရှိရာ ဆက်ပြီးစစ်ဆေးနေလျှင် လင်မယား စကားများကိန်း ဆိုက်နိုင်သည်။
"ဘရဲ့ အဲ့သည်အစ်ကိုကြီး အခုရှိသေးသလား"
ရီးဆေးရိုး စကားအပြတ်တွင် မောင်ကိုကြီးက ၀င်မေး၏။
"ငါ့ထက် ငါးနှစ်ကြီးတာဆိုတော့ သေချားသေပြီလား မသိပါဘူးကွာ၊ အင်း ရှိချင်လည်း ရှိနိုင်သေး ရဲ့"

"ဘယ်မှာနေကြတာတုံး ဘရ"
"ပထမ မန်ကျည်းပင်ပုကွ၊ နောက် လက်မဲကွ။ တစ်နှစ်ဟာ ငါ့အစ်ကိုကြီး မတွေ့ရတာ ကြာပြီဆိုပြီး လိုက်သွားတာ လက်မဲက ပြောင်းသွားကြပြီတဲ့။ ဘယ်ကိုပြောင်းသွားလဲ စုံစမ်းတော့ မရေမရာကွ။ ဒါနဲ့ စိတ်လျှော့ပြီး ပြန်လာလို့ နှစ်နှစ်အကြာမှာ သားနှစ်ယောက် မောင်ကျော်နဲ့ မောင်သော် ခေါ် ပြီး ရောက်လာ သေးတယ်။ ရေနံချောင်းကို ရောက်နေတယ်တဲ့။ အဲသည်နောက် ဇာတ်မြှုပ်သွား တော့တာ ပါပဲကွာ"

"ဦးကျော်တို့ ဦးသော်တို့ကော မလာဘူးလားဘ"
"သူတို့ မလာလို့ပေါ့ကွာ။ သူတို့လာရင် ဆွေခန်းမျိုးခန်း အခုလို ဘယ်မှာပြတ်လိမ့်မတုံး"
ထန်းပင်မြစ် ၁၅ချောင်းနှင့် ငချိပ်ပေါင်း တစ်ဇလုံစားအပြီးတွင် မြစ်တွေ ကျွက်စီ ကျွက်စီဖြင့် ထကြ သည်။ ရီးဆေးရိုး သည် ဘာဘူစောင်ကြီးကို လုံးထွေးပြီး မန်ကျည်းပင် ခွကြားတွင် ညှပ်သည်။
"မင်းတို့ ခေတ်မှာ လယ်လုပ်ရတာ လွယ်လွယ်လေးကွ။ ခိုင်ခံ့တဲ့ ဆည်ကြီးတွေ၊ ဖြောင့်တန်းတဲ့ မြောင်းကြီးတွေနဲ့ လုပ်ကြရတာ။ အဖေတို့ ခေတ်တုန်းက ရေကလေးတစ်ပေါက်ရမယ့်အရေး အသက်ထွက် မတတ် လုပ်ရတာ"

"အဲသည်တုန်းက 'ခနွှဲ'မသုံးဘူးလား ဘ"
"မရှိသေးလို့ ခူမောင်းကြီးကို ပင်ပင်ပန်းပန်း နင်းကြရတာပေါ့ကွာ။ တို့သာ မဟုတ်ဘူး၊ သည့်ပြင် လယ်တွေလည်း မြောင်းကျိုးပြီး ရေပြတ်ရင် သည်လိုပဲ ခူနဲ့ ရေယူကြရတာပဲ။ သည်တော့ စပါး တစ်စေ့ ပဲတစ်စေ့ဟာ စားရက်စရာမရှိဘူး။ ဒါကြောင့် အဖိုးတန်မှန်းသိအောင် တစ်စေ့မျှမကျန် အောင် အစားခိုင်းပြီး အောက် ကို ကျသွားရင်လဲ ကောက်ပြီး အစားခိုင်းတာဟေ့"

ပြီးပါပြီ
.

2 comments:

ကိုဇော် said...

အဆုံးလေးကို တမန်းကတန်းတော့ ဖတ်သွားသဗျ အစ်မရေ။

:P said...

အဆုံးထိ ဖတ်ပြီးပါပြီ။